အခန်း (၁၄၃)
Vol. 10 Ch. 143
"ဆရာကျန်း....ဘာဖြစ်လို့လဲ....ဒီထိုးထွင်းသိမြင်မှုတွေမှာ ပြဿနာရှိလို့လား...."
ကျန်းရွှမ်သည် အခန်းအတွင်းသို့ ဝင်သွားပြီးနောက် စာအုပ်များကို လှန်လှောမကြည့်ဘဲ သူ၏လက်ဖြင့် အဆက်မပြတ် ပွတ်ဆွဲနေသည်ကို မြင်တွေ့ချိန်၌ လုမင်ရုန်သည် နားမလည်နိုင်သောအကြည့်ဖြင့် သူ၏အနီးသို့ ချဉ်းကပ်လာသည်။
"ဘာမှမဟုတ်ပါဘူး..."
ကျန်းရွှမ်က ရှင်းမပြဘဲ ရာနှင့်ချီသောစာအုပ်များကို နောက်တစ်ကြိမ် ပွတ်ဆွဲလိုက်ရာ ယခင်ကကဲ့သို့ပင် အသုံးဝင်သော ထိုးထွင်းသိမြင်မှု တစ်စုံတစ်ရာကိုမျှ မရရှိခဲ့ချေ။
သူသည် ဤကဲ့သို့ ဆက်လုပ်နေလျှင် အထောက်အကူ မဖြစ်မည်ကို သိသောကြောင့် အခန်းအတွင်းမှ ထွက်လာပြီး ကျောက်ပြားထံသို့ ပြန်သွားလိုက်သည်။
ကျောက်ပြားသည် ခန့်ညားထည်ဝါစွာ မားမားမတ်မတ်တည်ရှိနေပြီး ထိုအရာ၏စာလုံးများသည် သူ၏အမြင်အာရုံအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာပုံရသည်။ ဤတစ်ကြိမ်တွင်မူ ကျောက်ပြားသည် သူ့ကို မတူညီသော ခံစားမှုတစ်ခုအား ပေးစွမ်းနိုင်ပေ၏။
သို့ရာတွင် ဤခံစားချက်သည် ယခင်နှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေသည်။
အစောပိုင်းက ရွှေနဂါးငယ်များသည် ကုန်းမြေကြီးကိုးခုကိုဖြတ်သန်း၍ ပျံဝဲနေသကဲ့သို့ ပြိုင်ဘက်ကင်းအရှိန်အဝါကို ခံစားခဲ့ရလျှင် ယခုချိန်တွင်မူ သူသည် နွေဦးမိုးစက်များကဲ့သို့ နွေးထွေးပြီး ဖုန်မှုန့်ကဲ့သို့ နူးညံ့သော အငွေ့အသက်ကို ခံစားမိသည်။
မတူညီသော ခံစားမှုများအားလုံးသည် တူညီသော ကျောက်ပြားတစ်ခုတည်းမှ ထွက်ပေါ်လာသည်။ ကမ္ဘာတစ်ခု၏အရှင်သခင်တစ်ပါးဖြစ်သော သူ့အနေဖြင့် မရေမတွက်နိုင်သော နည်းစနစ်များနှင့် လက်စွဲကျမ်းစာများကို မြင်တွေ့ခဲ့ဖူးသော်လည်း ဤသည်မှာ သူ၏နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်ဟု သူ ခံစားလိုက်ရသည်။
"သခင်လေး... ဒီကျောက်ပြားက နည်းနည်းတော့ ထူးဆန်းသလိုပဲ...ကျွန်တော် အစောက ကြည့်တုန်းက ဒီနည်းစနစ်က သစ်ရွက်လေးရွက် လက်ဝါးနည်းစနစ်လိုမျိုး ပြင်းထန်ပြီး အားကောင်းတယ်လို့ ထင်ခဲ့တယ်...ဒါပေမဲ့ အခုတော့ စိတ်ဝိညာဉ်မြွေလက်သီးနည်းစနစ်လိုမျိုး မယုံနိုင်လောက်အောင် ပျော့ပြောင်းနေသလိုမျိုး ခံစားရတယ်"
စွန်းချန်က မျက်မှောင်ကြုတ်လိုက်သည်။
"မင်းလည်း အဲ့ဒီလိုပဲ ခံစားရတာလား .."
ကျန်းရွှမ် အံ့အားသင့်သွားသည်။
သစ်ရွက်လေးရွက်လက်ဝါးနည်းစနစ်နှင့် စိတ်ဝိညာဉ်မြွေလက်သီးနည်းစနစ်တို့သည် ပါမောက္ခကုန်းမြေမှ သိုင်းပညာနည်းစနစ်များပင်။ ထိုနည်းစနစ်နှစ်ခုသည် သဘာဝအားဖြင့် လုံးလုံးလျားလျားကွဲပြားခြားနားကာ တပြိုင်နက်တည်း လေ့ကျင့်၍မရချေ။
"ဒီနည်းစနစ်က ဒီလိုပဲ...လေ့လာတိုင်းမှာ ထိုးထွင်းသိမြင်မှုအသစ်တွေ ရရှိလိမ့်မယ်....ဒီအကြောင်းကြောင့် မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေက ဒီနေရာမှာ စုဝေးနေကြီးတော့ ဒီနည်းစနစ်ကို ဖြည့်စွက်ဖို့အတွက် စိတ်အားထက်သန်နေကြတာပဲ"
လုမင်ရုန်က ပြောဆိုသည်။
"ဒါကိုလေ့လာတိုင်း ထိုးထွင်းသိမြင်မှုအသစ်တွေ ရတာလား"
ကျန်းရွှမ်က မျက်ခုံးပင့်လိုက်သည်။
ဤသည်မှာ ချို့ယွင်းနေသော သိုင်းပညာနည်းစနစ်တစ်ခုဖြစ်သဖြင့် လူတစ်ဦးချင်းစီ၏ နားလည်မှုပေါ် မူတည်ပြီး ပြောင်းလဲသွားလျှင်ပင် ရှိရင်းစွဲအခြေခံအုတ်မြစ်ပေါ်တွင်သာ အခြေခံ၍ တည်ဆောက်သွားပေမည်။ ယခုကဲ့သို့ ဆန့်ကျင်ဘက်အဓိပ္ပာယ်ဆောင်သော ကောက်ချက်ချမှုများကို ဖြစ်ပေါ်စေမည် မဟုတ်ချေ။
'တစ်ခုခုတော့ မှားနေပြီ....'
'ဒါက ထိုးထွင်းသိမြင်မှုမျက်လုံး လိုအပ်တယ်...' ကျန်းရွှမ်သည် စဥ်းစားတွေးတောလိုက်ပြီး သူ၏သာမာန်မျက်လုံးသက်သက်ဖြင့် ပြဿနာကို တွေ့မြင်နိုင်ရန်ခက်ခဲကြောင်း နားလည်သဘောပေါက်သွားသည်။ ထို့ကြောင့် ကျန်းရွှမ်သည် သူ၏စိတ်အာရုံကို စုစည်းပြီး တီးတိုးရေရွတ်လိုက်၏။
ကောင်းကင်ဘုံစာကြည့်တိုက်အတွင်းတွင် ပြင်းထန်သော တုန်ခါသံတစ်သံ ရုတ်တရက် ပွင့်အံ့ထွက်လာပြီးနောက် လေထုအတွင်းတွင် မျောလွင့်နေသော စာအုပ်များအားလုံးမှ ခပ်ဖျော့ဖျော့အလင်းတန်းများကို ထုတ်လွှတ်ကာ အလယ်ဗဟိုသို့ တိုးဝင်သွားကြသည်။
အသက်တစ်ရှိုက်ရှုချိန်စာတစ်ဝက်ခန့် အချိန်အတောအတွင်း၌ ထိုအရာများအားလုံး ပေါင်းစည်းသွားပြီး စာအုပ်တစ်အုပ်တည်းအဖြစ် ဖွဲ့စည်းသွားသည်။
"ဘာလို့ ကုန်ကျစရိတ်က ဒီလောက်ထိ ကြီးမားရတာလဲ...."
ကျန်းရွှမ်၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
ဤစာအုပ်ကို ဖန်တီးရန်အတွက် သူသည် ကျောင်းအုပ်ကြီးလုထံမှ ယခုလေးတင် ချေးငှားခဲ့သော ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းတစ်သောင်းကျော် လုံးလုံးလျားလျား ကုန်ခမ်းသွားခဲ့သည်။
ကျောက်စိမ်းအရိုးနယ်ပယ် ကျင့်ကြံနည်းစနစ်တစ်ခုကို ဖွဲ့စည်းရန်အတွက် စွမ်းအင်တန်းတစ်ထောင်ခန့်သာ လိုအပ်ခဲ့သည်။ သို့ရာတွင် ကျောက်ပြားကို လေ့လာကြည့်ရုံမျှဖြင့် စွမ်းအင်တန်းများ ဤမျှထိ ကုန်ကျသွားပေ၏။
'ဒါက ဘယ်လိုတောင် အရှုံးပေါ်မှုမျိုးလဲ'
သူသည် စာကြည့်တိုက်၏အကူအညီဖြင့် ဤသိုင်းပညာနည်းစနစ်ကို ဖြည့်စွက်နိုင်မည်ဟု တွေးထင်ခဲ့သည်။ ကောင်းကင်ကံကြမ္မာစွမ်းအင်များ ကုန်ကျလျှင်ပင် အနည်းငယ်ပိုလျှံလိမ့်မည်ဟု သူ ယူဆခဲ့သည်။ ဤအခြေအနေမျိုးဖြစ်လာမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားမိချေ။
သို့ရာတွင် ယခုချိန်၌ သူ နောင်တရရန် နောက်ကျသွားလေပြီ။
သူ၏လက်ယာဘက်လက်ကို ဆန့်တန်းလိုက်ရာ အသစ်ဖွဲ့စည်းထားသော စာအုပ်သည် သူ၏လက်ဝါးအတွင်းသို့ ညင်သာစွာ ကျရောက်လာသည်။ သူ ဖွင့်ကြည့်လိုက်ရာ ဤတစ်ကြိမ်တွင် ဗလာမဟုတ်ဘဲ အကြောင်းအရာများဖြင့် ပြည့်နှက်နေသည်။
'အဖြူရောင်ကျောက်တုံးမြို့၏ ဆဋ္ဌမမြောက်ကျောင်းအုပ်ကြီး ကျောက်ယွင်ချင်းက ဟွိုက်ယွမ်တောင်တန်းရှိ လော့ဟူယန်မှ ကျောက်စိမ်းပြာနံရံပေါ်တွင် ထွင်းထုခဲ့ပြီး ဤအရာတွင် အထွတ်အထိပ်အဆင့် လက်ဝါးသိုင်းပညာနည်းစနစ်တစ်ခု ပါဝင်သည်...ကံမကောင်းစွာဖြင့် ထိုအရာကို ကျင့်ကြံရန်လမ်းကြောင်းအား ကံကြမ္မာသော့ခလောက်ဖြင့် ချိတ်ပိတ်ထားသောကြောင့် မှန်ကန်စွာ နားလည်သဘောပေါက်ရန် မဖြစ်နိုင်ချေ'
'ချို့ယွင်းချက် တစ်...ကံကြမ္မာသော့ခလောက်၏နေရာ မှားယွင်းနေသည်... သတ်မှတ်ထားသော နေရာတစ်နေရာကို မြင်းကောင်ရေအား၉၉ ကျော်သော အင်အားဖြင့် သက်ရောက်စေခြင်းဖြင့် ထိုအရာကို ချိုးဖျက်နိုင်သည်'
'ချို့ယွင်းချက် နှစ်...သိုင်းပညာများကို အဆင့်နိမ့် အလယ်အလတ်အဆင့် အဆင့်မြင့် အထွတ်အထိပ်အဆင့် တော်ဝင်အဆင့်နှင့် ဧကရာဇ်အဆင့်ဟူ၍ ခွဲခြားထားသည်... အဖြူရောင်ကျောက်တုံးမြို့ရှိ အမြင့်ဆုံးလက်ဝါးသိုင်းပညာနည်းစနစ်သည် အဆင့်မြင့်သာဖြစ်သော်လည်း ဤရွှမ်လုံလက်ဝါးနည်းစနစ်သည် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနိုင်ပေ၏... ရာစုနှစ်ပေါင်းများစွာအတွင်း မရေမတွက်နိုင်သော လူများ ဤနေရာသို့ အပြေးအလွှား ရောက်ရှိလာခဲ့ကြသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ'
သို့ရာတွင်...
ကျန်းရွှမ်သည် မျက်မှောင်အနည်းငယ်ကြုတ်ပြီး လုမင်ရုန်ဘက်သို့လှည့်ကာ သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်၏။
"ကျောင်းအုပ်ကြီးလု...ကံကြမ္မာသော့ခလောက်အကြောင်း ကြားဖူးလား..."
"မင်းက လူတစ်ယောက်ရဲ့ အနာဂတ်နဲ့ ကံကြမ္မာကို သော့ခတ်ထားနိုင်တဲ့ ကံကြမ္မာဆရာသခင်တစ်ယောက်ရဲ့ အထူးစွမ်းရည်ကို ရည်ညွှန်းနေတာလား..."
လုမင်ရုန်က မျက်ခုံးပင့်ကာ မယုံကြည်နိုင်စွာဖြင့် ကျန်းရွှမ်ကို ကြည့်လိုက်သည်။
"အဲ့ဒီလိုပဲ ဖြစ်လိမ့်မယ်"
ကျန်းရွှမ်က တုံ့ပြန်အဖြေပေးသည်။
အချိန်တခဏကြာခန့် စဉ်းစားပြီးနောက် လုမင်ရုန်က ရှင်းပြလိုက်၏။
"အဲ့ဒါက အတိအကျ ဘာကိုဆိုလိုတာလဲ ဆိုတာတော့ ငါလည်း သိပ်မရှင်းလင်းဘူး... ဒါပေမဲ့ ငါ ကြားတော့ကြားဖူးတယ်....ယေဘုယျအနေနဲ့ ပြောရရင် လူတစ်ယောက်ရဲ့ကံကြမ္မာက မွေးကတည်းက သတ်မှတ်ပြီးသားပဲ.... ဒါကို 'နဂါးက နဂါးကိုပဲ မွေးတယ်...ဖီးနစ်ငှက်က ဖီးနစ်ငှက်ကိုပဲ မွေးတယ်...ကြွက်တွေက မွေးကတည်းက မြေတွင်းတူးတတ်တယ်' လို့ ခေါ်ကြတယ်... ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာသူတွေအတွက် ကြီးမြတ်တဲ့သူတစ်ယောက်ဖြစ်လာဖို့ ကြိုးစားရတာက ချမ်းသာတဲ့မိသားစုကလူတွေထက် အနည်းဆုံး ဆယ်ဆ ပိုပြီးခက်ခဲတယ်"
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
သာမန်လူများသည် သူတို့၏ ဘဝတစ်လျှောက်လုံး ငွေသုံးသန်းရရှိရန် မည်သို့မျှ ရှာနိုင်မည် မဟုတ်ချေ။ သို့ရာတွင် တချို့ကလေးများကမူ သူတို့ဖခင်များမှ သူတို့အား စွန့်ပစ်ထားလျှင်ပင် တစ်နှစ်ကို ထိုမျှငွေကြေးပမာဏအား ရှာဖွေနိုင်ပေမည်။ ထူးချွန်သောလူတချို့သည် ကြိုးစားအားထုတ်မှုဖြင့် သူတို့၏အခြေအနေကို ပြောင်းလဲနိုင်သော်လည်း သူတို့ မည်မျှထိ ကြိုးစားပါစေ တခြားလူများ၏စမှတ်သို့ မရောက်နိုင်သည်အား နာကြင်ကြေကွဲဖွယ်ရာ တွေ့ရှိရပေမည်။
ကံကြမ္မာသည် အမှန်တကယ်ကို ရက်စက်ပေ၏။ လူတစ်ယောက်သည် အားကုန်ကြိုးစားအားထုတ်လျှင်ပင် သူ့အား ဒဏ်ရာဒဏ်ချက်များဖြင့် ချန်ထားခဲ့နိုင်သည်။
"ပုံမှန်အခြေအနေအရဆိုရင် ကံကြမ္မာကို ပြောင်းလဲလို့မရဘူး... ဒါပေမဲ့ ကံကြမ္မာဆရာသခင်တွေက အရမ်းအစွမ်းထက်တယ်....သူတို့က သူတို့ရဲ့ကိုယ်ပိုင်ကံကြမ္မာကို တခြားသူတွေ မမြင်နိုင်အောင် လုပ်တဲ့နေရာမှာ ကျွမ်းကျင်ရုံတင်မကဘူး.... သူတို့က တခြားသူတွေရဲ့ကံကြမ္မာကိုလည်း ချိတ်ပိတ်ထားနိုင်ပြီးတော့ ခုခံနိုင်စွမ်းမရှိအောင် လုပ်နိုင်တယ်... ကံကြမ္မာကို ချိတ်ပိတ်ဖို့ သုံးတဲ့ပစ္စည်းကို မဟာကံကြမ္မာသော့ခလောက်လို့ ခေါ်တယ်..."
ကျန်းရွှမ် နားမလည်နိုင်ဖြစ်နေသည်ကို မြင်တွေ့ချိန်၌ လုမင်ရုန်က ဆက်လက်၍ ပြောဆိုသည်။
"ဥပမာအနေနဲ့ပြောရရင် ပုံမှန်အခြေအနေတွေမှာ ပါရမီရှင်တစ်ယောက်က နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်တာနဲ့ အဖြူရောင်ကျောက်တုံးမြို့ရဲ့ အထွတ်အထိပ်ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်တယ်... ဒါပေမဲ့ သူတို့က ကံကြမ္မာချိတ်ပိတ်ခြင်းအောက်ကို ကျရောက်သွားရင် သူတို့အတွက် အခွင့်အလမ်းတွေ ပေါ်လာရင်တောင် အကြောင်းအမျိုးမျိုးကြောင့် လွဲချော်သွားနိုင်ပြီးတော့ ကျရှုံးသွားနိုင်တယ်"
ဤသည်မှာ "ဖြစ်လာဖို့ ကံပါရင် နောက်ဆုံးမှာ ဖြစ်လာမှာပဲ...ကံမပါရင် အတင်းအကျပ်မလုပ်နိုင်ဘူး" ဟူသော ဆိုရိုးစကားနှင့် ကိုက်ညီသည်။
"နောက်ဥပမာတစ်ခုက...ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်တယ်ဆိုရင် ပုံမှန်အခြေအနေမှာ ချစ်သူတွေ ပေါင်းဖက်နိုင်ကြလိမ့်မယ်...ဒါပေမဲ့ ကံကြမ္မာသော့ခလောက် ပါဝင်လာရင် သူတို့ကြားမှာ နားလည်မှုလွဲမှားတာတွေ ရှိလာလိမ့်မယ်...သူတို့က တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်ပြီးတော့ နှစ်ယောက်လုံး လူကောင်းတွေမှန်း သိနေရင်တောင် ဘယ်တော့မှ အတူတူနေနိုင်မှာမဟုတ်ဘူး... ဒါက ကံကြမ္မာဆရာသခင်တစ်ယောက်ရဲ့ ကြောက်စရာအကောင်းဆုံး အပိုင်းဖြစ်တဲ့ ကံကြမ္မာကို ထိန်းချုပ်နိုင်စွမ်းပဲ....ဒီလိုဖြစ်သွားတာနဲ့ လူတစ်ယောက်ရဲ့ ကျင့်ကြံမှုက ဘယ်လောက်ပဲသန်မာအားကောင်းနေပါစေ ကံကြမ္မာသော့ခလောက်ကနေ လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"ဒီလိုစွမ်းအားမျိုး ရှိနေတာလား..."
ကျန်းရွှမ် အံ့အားသင့်သွားသည်။
"ဒါဆို တစ်ယောက်ယောက်က ကံကြမ္မာဆရာသခင်တစ်ယောက်ကို စိတ်ခုစေမိရင် ကိုယ့်ကံကြမ္မာကို ကိုယ်ထိန်းချုပ်ဖို့ အခွင့်အရေးတောင် မရှိတော့မှာ မဟုတ်လား...."
"အဲဒီလိုပြောလို့ရပေမယ့် လုံးဝတော့ မမှန်ဘူး..."
လုမင်ရုန်က ရှင်းပြသည်။
"ကံကြမ္မာသော့ခလောက်ကို အသုံးပြုတာဖြစ်ဖြစ် ကံကြမ္မာကို ပြောင်းလဲတာဖြစ်ဖြစ် လွယ်ကူရိုးရှင်းမှု မရှိဘူး...ဒီလိုလုပ်ဖို့ဆိုတာ ကံကြမ္မာဆရာသခင်တစ်ယောက်အတွက်တောင် ကြီးမားတဲ့ စွမ်းအင်ပမာဏ ကုန်ကျတယ်...ဒါ့ပြင် ကျင့်ကြံသူတစ်ဦးရဲ့စွမ်းအားနဲ့အခွင့်အာဏာ ကြီးမားလေလေ သူတို့ရဲ့ကံကြမ္မာကို ပြောင်းလဲဖို့ ခက်ခဲလေလေပဲ...ကံကြမ္မာကို အတင်းကြပ်ပြောင်းလဲတာက ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်ပြီးတော့ သူတို့ကိုယ်တိုင်တောင် ပြန်ပြီးချုပ်နှောင်ခံရနိုင်တယ်"
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
လူတစ်ယောက်သည် အားကောင်းလေလေ အခွင့်အာဏာ ပိုရှိလေလေဖြစ်ကာ စွမ်းအားကြီးလေ လေ ထိန်းချုပ်နိုင်မှုစွမ်းအား ပိုကောင်းလေလေပင်။ ဤပုဂ္ဂိုလ်များအတွက် သူတို့၏ကံကြမ္မာများတွင် တည်ဆောက်ပြီးသား လမ်းကြောင်းများ ရှိနှင့်ပြီးဖြစ်သောကြောင့် ပြောင်းလဲရန်မှာ အမှန်တကယ်ကို ခက်ခဲသည်။
ကံကြမ္မာကို အတင်းအကြပ်ပြောင်းလဲခြင်းအတွက် တစ်စုံတစ်ယောက်သည် ကြီးမားသော စတေးမှုများကို ပြုလုပ်ရန်လိုအပ်ပြီး သူ့ကိုယ်သူပင် အန္တရာယ်ဖြစ်စေနိုင်သည်။
ကံကြမ္မာဆရာသခင်များသည် အားနည်းသူများကိုသာ ထိန်းချုပ်ရန် ပို၍လွယ်ကူပေမည်။ ဤသည်မှာ ကျွန်ပိုင်ရှင်တစ်ဦးနှင့် ဆင်တူယိုးမှားပင်။ သူသည် ကျွန်တစ်ယောက်ကို စကားတစ်ခွန်း သို့မဟုတ် အတွေးတစ်ချက်ဖြင့် လွယ်လင့်တကူ သတ်ဖြတ်နိုင်သော်လည်း တခြားကျွန်ပိုင်ရှင်တစ်ဦးကို သတ်ရန်မှာမူ ရိုးရှင်းလွယ်ကူခြင်းနှင့် အလှမ်းဝေးပေ၏။
"မင်းက ဘာလို့ ဒီအကြောင်းကို ရုတ်တရက်ကြီးမေးတာလဲ..."
ကျန်းရွှမ် နားလည်သဘောပေါက်သွားသည်ကို မြင်တွေ့ချိန်၌ လုမင်ရုန်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းသည်။
"ရွှမ်လုံလက်ဝါးနည်းစနစ်ကို ကျင့်ကြံတဲ့နေရာမှာ ဘယ်သူမှ ဘာလို့မအောင်မြင်တာလဲဆိုတာကို ကျွန်တော် နားလည်သွားပြီထင်တယ်..."
ကျန်းရွှမ်က သူ၏ရှေ့မှကျောက်ပြားကို ကြည့်လိုက်သည်။
"ဒါ..."
လုမင်ရုန်က တုံ့ပြန်လိုက်ပြီး သူ၏နှုတ်ခမ်းများ တုန်ရီနေသည်။
"မင်းဆိုလိုတာက ဒီနည်းစနစ်က မပြည့်စုံတာလည်းမဟုတ် အပိုင်းအစတွေ ပျောက်ဆုံးနေတာလည်းမဟုတ်ဘဲနဲ့ ကံကြမ္မာသော့ခလောက်နဲ့ ချိတ်ပိတ်ခံထားရတာလား....ဒါကြောင့် လေ့လာဆင်ခြင်တဲ့လူကို လမ်းလွဲစေပြီးတော့ မှားယွင်းတဲ့ လားရာကို ပို့ဆောင်ပေးပြီး ဘာအောင်မြင်မှုမှ မရအောင် တားဆီးထားတာလား...."
"အကြမ်းဖျင်းအားဖြင့်တော့ အဲဒီသဘောပါပဲ..." ကျန်းရွှမ်က ခေါင်းညိတ်လိုက်၏။
ကောင်းကင်ဘုံစာကြည့်တိုက်မှ ထောက်ပြသော ချို့ယွင်းချက်များသည် အစောပိုင်းက လုမင်ရုန် ပြောဆိုခဲ့သည်များနှင့် နီးနီးစပ်စပ် ကိုက်ညီနေသည်။
ကံကြမ္မာသော့ခလောက်သည် နားလည်သဘောပေါက်မှုလမ်းကြောင်းကို ပိတ်ဆို့ထားသောကြောင့် ရာစုနှစ်ပေါင်းများစွာအတွင်း မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဤအရာကို လေ့လာဆင်ခြင်ရန် ကျရှုံးခဲ့သည်။
လုမင်ရုန်က မျက်မှောင်ကြုတ်လိုက်သည်။
"ဒါပေမဲ့ ဒါက ယုတ္တိမရှိဘူး...လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာအတွင်းမှာ ကံကြမ္မာဆရာသခင် ဆယ့်ကိုးယောက် ဒီနေရာကို ရောက်လာခဲ့ကြပေမယ့်... ဘယ်သူကမှ ကံကြမ္မာသော့ခလောက်ဆိုတာကို မထောက်လှမ်းနိုင်ခဲ့ဘူး"
အမှန်အားဖြင့် ကံကြမ္မာသော့ခလောက်ရှိမရှိကို လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာ အကြာကတည်းက မေးခွန်းထုတ်ခဲ့ကြပြီး သူတို့သည် ကံကြမ္မာဆရာသခင်များကိုပင် ဖိတ်ခေါ်ကာ စုံစမ်းခဲ့ကြသော်လည်း မည်သည့်အရာကိုမျှရမတွေ့ရှိခဲ့ချေ။
အချိန်ကြာလာသည်နှင့်အမျှ လူများအားလုံးသည် ဤဖြစ်နိုင်ခြေကို ထည့်သွင်းမစဉ်းစားတော့ဘဲ လေ့လာဆင်ခြင်မှုနည်းလမ်း မှားယွင်းနေသည်ဟုသာ တွေးထင်ခဲ့ကြသည်။ ယခုချိန်၌ မည်သည်ကြောင့် ဤကိစ္စသည် ဖြစ်နိုင်ခြေတစ်ခုအဖြစ် ရုတ်တရက်ကြီး ထွက်ပေါ်လာသနည်း။ သူသည် တခြားသူများ မတွေ့ရှိခဲ့သော အရာတစ်ခုခုကို တွေ့ရှိခဲ့သလော...။
"ဘာမှ မတွေ့ခဲ့ကြတာလား..."
ကျန်းရွှမ်က ခေါင်းခါလိုက်ကာ ကျောက်ပြားထံသို့ ခြေလှမ်းအနည်းငယ် လျှောက်လှမ်းသွားပြီး ထိုအရာနှင့် ပို၍နီးကပ်သွားသည်။ ထို့နောက် သူသည် စွန်းချန်ဘက်သို့ လှည့်ကြည့်လိုက်၏။
"တူတစ်လက် သွားယူခဲ့စမ်း..."
"ဟုတ်ကဲ့...."
စွန်းချန်က ခေါင်းညိတ်ပြီး ထွက်ခွာသွားသည်။ အချိန်တခဏကြာပြီးနောက် သူသည် တူကြီးတစ်လက် တူငယ်တစ်လက်ဖြင့် ပြန်ရောက်လာသည်။
"သခင်လေး....ဘယ်တစ်ခုကို သုံးချင်လဲ...."
"ငါ သုံးမှာမဟုတ်ဘူး... မင်း သုံးရမှာ...."
ကျန်းရွှမ်က သူနှင့်မနီးမဝေးရှိ စာလုံးတစ်လုံးကို လက်ညှိုးညွှန်ပြလိုက်၏။
"တူကြီးကိုသုံးပြီး ဒီနေရာကို ထုစမ်း...."
"ထုရမှာလား..."
စွန်းချန် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မလှမ်းမကမ်းရှိ လုမင်ရုန်ကို ဂရုတစိုက် လှမ်းကြည့်လိုက်သည်။ လုမင်ရုန်သည်လည်း ထပ်တူထပ်မျှ အံ့အားသင့်နေသည်ကို မြင်တွေ့ချိန်၌ သူသည် အံ့ကြိတ်ပြီး တူကြီးကိုအောက်သို့ လွှဲရိုက်လိုက်သည်။
သူ၏ခွန်အား သက်ရောက်သွားသည်နှင့် ကျောက်နံရံသည် အနည်းငယ်တုန်ခါသွားပြီး ကျောက်စကျောက်နများ လွင့်စင်သွားသည်။
"မင်းက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ..."
"ဒီလောက်ထိ ထူးခြားတဲ့ သိုင်းပညာနည်းစနစ်တစ်ခုကို ပျက်စီးအောင် လုပ်ရဲတယ်လား...မင်း သေချင်နေတာလား...."
လုမင်ရုန် ထိတ်လန့်သွားသည်။
"ဒီလူက ဘယ်သူလဲ...ဘာလို့ သူကို မတားတာလဲ..."
ပတ်ဝန်းကျင်တွင်ရှိနေကာ နည်းစနစ်ကို လေ့လာနေကြသော လူများအားလုံး ရုတ်ရုတ်သဲသဲဖြစ်သွားပေ၏။
သူတို့အနက်မှတချို့သည် ပို၍ကောင်းမွန်စွာ လေ့လာဆင်ခြင်နိုင်ရန် ကျောက်ပြားအနီးသို့ ရွှေ့ပြောင်း၍ ထိုင်နေခဲ့ကြသည်။ တချို့ကမူ ကျောက်နံရံပေါ်ရှိ စွမ်းအားစီးဆင်းမှုကို ခံစားနေကြပြီး ယခုချိန်၌ တစ်စုံတစ်ဦးက ကျောက်နံရံကို ထုခွဲရန် ကြိုးစားနေသည်အား မျက်မြင်ကိုယ်တွေ့ကြုံနေရသည်။
ဤသည်မှာ လေ့လာဆင်ခြင်ခြင်းမဟုတ်ဘဲ ဖျက်ဆီးခြင်းပင်။
"ဆရာကျန်း..."
လူအုပ်ကြီးသည် ပို၍ဆူညံပွက်လောရိုက်လာပြီး အပြေးအလွှား ရောက်ရှိလာတော့မည်ကို မြင်တွေ့ချိန်၌ လုမင်ရုန်ပင်လျှင် စိတ်မထိန်းနိုင်တော့ဘဲ သူ၏နံဘေးမှ လူငယ်လေးကို ကြည့်လိုက်၏။
"ကျောင်းအုပ်ကြီး... ငါတို့က ဒီလက်ဝါးသိုင်းပညာနည်းစနစ်ကို အမှန်တကယ်ကျင့်ကြံလို့ရအောင် လုပ်ချင်တာ မဟုတ်လား.... မရေမတွက်နိုင်တဲ့လူတွေရဲ့ကြိုးစားအားထုတ်မှုတွေ အလဟဿဖြစ်သွားခဲ့ပြီ..သူတို့ကို ဘာမှ အောင်မြင်မှုမရတဲ့ လက်ရှိအခြေအနေမှာ ဆက်မနေစေချင်ဘူး...ကျွန်တော်က ဒီကိစ္စကို လျစ်လျူရှုမထားနိုင်ဘူး..."
ကျန်းရွှမ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဟုတ်တာပေါ့..."
လုမင်ရုန်က ခေါင်းခါလိုက်သည်။
ရွှမ်လုံလက်ဝါးနည်းစနစ်သည် ဆဋ္ဌမမြောက်ကျောင်းအုပ်ကြီး၏ လက်ထက်မှစ၍ နှစ်သုံးရာကျော်ကြာ ဤနေရာတွင် ရပ်တည်နေခဲ့ပြီး မရေမတွက်နိုင်သော လူများမှ ထိုအရာကို လေ့လာဆင်ခြင်ရန် ကြိုးစားခဲ့ကြသည်။ အကယ်၍ ဤနည်းလမ်းဖြင့် အပြည့်အဝ နားလည်နိုင်ခဲ့လျှင် သူသည် သံသယဖြစ်ဖွယ်မရှိ သမိုင်းတစ်လျှောက် အမှတ်ရခံရမည်ဖြစ်ပြီး နောင်မျိုးဆက်များ၏စိတ်အတွင်းတွင် စွဲထင်နေပေလိမ့်မည်။
"ဒါဆိုရင် ကောင်းပြီလေ.... စွန်းချန်..ဆက်ပြီးထုစမ်း"
ကျန်းရွှမ်က ပေါ့ပေါ့ပါးပါး ပြောဆိုသည်။