ကောင်းကင်ကံကြမ္မာ စွမ်းအင်တန်း တစ်သောင်း
Vol. 10 Ch. 144
"ရပ်လိုက်စမ်း...."
စွန်းချန်သည် သံတူကြီးဖြင့် အောက်သို့ထုရိုက်တော့မည်အပြုတွင် မုတ်ဆိတ်ဖြူအဘိုးအိုတစ်ယောက် အပြေးအလွှားရောက်လာပြီး ကျောက်နံရံ၏ရှေ့တွင် နေရာယူလိုက်သည်။
"မင်းက ရွှမ်လုံလက်ဝါးကျောက်နံရံကို ဖျက်ဆီးချင်တယ်ဆိုရင် မင်း ငါ့ရဲ့အလောင်းကို အရင်ဆုံး နင်းဖြတ်သွားရလိမ့်မယ်..."
'ကောင်းပြီလေ...'
ကျန်းရွှမ်သည် စွန်းချန်၏လက်အတွင်းမှ တူကြီးကိုယူလိုက်ပြီး လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အဘိုးအိုထံသို့ ပြင်းထန်စွာ လွှဲရိုက်လိုက်သည်။
ထိုသံတူကြီးသည် အဘိုးအိုထံသို့ မရောက်မီမှာပင် လူတစ်ယောက်ကို စုတ်ဖြဲနိုင်လောက်သော လွှမ်းမိုးချုပ်ကိုင်နိုင်သည့် ဖိအားတစ်ရပ်က ရှေ့သို့တိုးဝင်သွားသည်။
"ဆရာကျန်း..."
လုမင်ရုန်၏မျက်နှာအမူအယာ ပြောင်းလဲသွားပေ၏။
ဤအဘိုးအိုသည် ဟန်ယွမ်အင်ပါယာမှ နာမည်ကြီးအကြီးအကဲတစ်ဦးဖြစ်ပြီး သူ၏ခေါင်းမာမှုနှင့် လျှာစောင်းထက်မှုတို့ကြောင့် နာမည်ကျော်ကြားသည်။ သူ၏တစ်ကိုယ်တည်း သီးသန့်နေထိုင်သည့် ဘဝပုံစံကြောင့် လူသိများကျော်ကြားပြီး သူသည် သူ၏နေ့ရက်များကို ငြိမ်းချမ်းစွာ နေထိုင်နိုင်ရန် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။ ဤလက်ဝါးသိုင်းပညာနည်းစနစ်အကြောင်း သိရှိချိန်တွင် သူသည် ဤကိစ္စကို လေ့လာဆင်ခြင်ရန်မဟုတ်ဘဲ အချိန်ဖြုန်းရန်သက်သက်ဖြင့် နေ့စဉ်နေ့တိုင်း ဤနေရာသို့ လာရောက်လည်ပတ်ခဲ့သည်။ အကယ်၍ သူ့ထံတွင် ထိခိုက်မှုတစ်စုံတစ်ရာ ဖြစ်ပွားသွားပါက အဖြူရောင်ကျောက်တုံးကျောင်းတော်သည် ဖရိုဖရဲအခြေအနေသို့ ကျရောက်သွားမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
"မင်း..."
လုမင်ရုန်၏စကား မဆုံးမီမှာပင် "အကြီးအကဲ" က သူ၏ရှေ့မှလူသည် အတည်ပေါက်လုပ်နေကြောင်း သိလိုက်ရသည်။ သူသည် ထိတ်လန့်တကြားဖြစ်သွားကာ သူ၏ခြေထောက်များ ပျော့ခွေသွားပြီး သံတူကြီးဖြင့် ရိုက်ခတ်ခြင်းမခံရစေရန်အတွက် အလျင်အမြန် ဘေးသို့တိမ်းရှောင်လိုက်၏။
ဘုန်း....
သံတူကြီးသည် ကျောက်နံရံကို ထိမှန်သွားသည်။
အကယ်၍ အကြီးအကဲသာ မရွှေ့ခဲ့လျှင် ထိုအရာသည် သူ၏ရင်ဝတည့်တည့်ကို ထိမှန်သွားပေလိမ့်မည်။ သူ၏ကျင့်ကြံမှုကြောင့် သူ့ကို ပွဲချင်းပြီးမသေဆုံးအောင် တားဆီးနိုင်မည်ဖြစ်သော်လည်း သူသည် ဒဏ်ရာအပြင်းအထန်ရရှိပြီး အချိန်အတော်ကြာ လှုပ်ရှားနိုင်တော့မည် မဟုတ်ချေ။
ဤမျှရဲတင်းသော လုပ်ရပ်ကို ပြုလုပ်ဝံ့သူမှာ မည်သူဖြစ်သနည်း....
အကြီးအကဲ၏မျက်နှာသည် ဒေါသကြောင့် နီမြန်းသွားသော်လည်း သူသည် နောက်ထပ်စကားတစ်ခွန်းကိုမျှ ထပ်မပြောရဲတော့ချေ။
မောက်မာမှုကို ကိုင်တွယ်ရန် ပို၍ကြီးမားသော ရဲစွမ်းသတ္တိ လိုအပ်ပေ၏။ ဤနေရာတွင် သံတမန်ရေးရာဖြင့် ညှိနှိုင်းနေရန် အကြောင်းမရှိချေ။ ထိုသို့မဟုတ်ပါက သူသည် အဆုံးမရှိသော ကြန့်ကြာမှုများဖြင့် ရင်ဆိုင်ရပေမည်။
ထိုအဘိုးအိုကို လျစ်လျူရှုပြီးနောက် ကျန်းရွှမ်က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
ကောင်းကင်ဘုံစာကြည့်တိုက်သည် ချိတ်ပိတ်မှုကိုချိုးဖျက်ရန် နည်းလမ်းအား ဖော်ပြထားပြီးဖြစ်သည်။ မြင်းကောင်ရေအား ၉၉ ထက် ကျော်လွန်သော အင်အားတစ်ခုတည်းကသာ ကံကြမ္မာသော့ခလောက်ကို ကြေမွှပျက်စီးစေနိုင်သည်။ စွန်းချန် ကျရှုံးမည်မှာ သေချာသောကြောင့် ကျန်းရွှမ်သည် လက်ရှိနေရာတွင်ရှိနေသူများ၏ တုံ့ပြန်မှုကို အကဲစမ်းရန်သက်သက်ဖြင့် သူ့ကို ကြိုးစားခိုင်းလိုက်ခြင်းဖြစ်သည်။
အမှန်တကယ်ကိုပင် တချို့လူများသည် ဝင်ရောက်စွက်ဖက်ကြပြီး တချို့ကမူ စိတ်ဝင်တစား ကြည့်ရှုနေကြသည်။
သို့ရာတွင် ထိုအရာများအနက်မှ တစ်ခုမျှ သူ့ကို စိုးရိမ်ပူပန်စေခြင်းမရှိချေ။ 'ကောင်းကင်ဘုံ၏သောက' ဓားနည်းစနစ်မှ ဓားချီအမျှင်တန်းတစ်တန်းသည် တူကြီးအတွင်းသို့ တိုးဝင်သွားပေ၏။ လေးလံပြီး ကိုင်တွယ်ရခက်သော သံတူကြီးသည် ရုတ်တရက် ထက်ရှသွားပြီး ကျောက်နံရံပေါ်ရှိ သတ်မှတ်ထားသော နေရာကို ထိမှန်သွားသည်။
ခွပ်.....
ခိုင်ခန့်မာကြောသော ကျောက်နံရံသည် တုန်ခါသွားပြီး အက်ကွဲကြောင်းများသည် လျင်မြန်စွာ ပျံ့နှံ့သွားသည်။ နောက်ဆုံးတွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အက်ကွဲကြောင်းများသည် ကျောက်နံရံ၏နေရာအနှံ့အပြားသို့ ပျံ့နှံ့သွားပေ၏။
'ပြီးသွားပြီ...ဒါက လုံးဝပြီးသွားပြီ..."
အစောပိုင်းက နံဘေးသို့ တိမ်းရှောင်လိုက်သော အကြီးအကဲသည် သူ နှစ်ပေါင်းများစွာကြာအောင် လေ့လာဆင်ခြင်ခဲ့သော ကျောက်နံရံသည် ယခုချိန်၌ သူ၏မျက်လုံးရှေ့တွင် ကြေမွှပျက်စီးသွားသည်ကို မြင်တွေ့ရသဖြင့် ကြက်သေသေသွားသည်။ သူသည် ကြီးမားသော ဆုံးရှုံးမှုတစ်ခုအတွက် ပူဆွေးနေရုံသာမက စိတ်ပျက်အားငယ်နေပုံလည်းရသည်။
"ဘာလို့လဲ... ဒီလက်ဝါးသိုင်းပညာနည်းစနစ်က ရာစုနှစ်တွေ အများကြီးကြာအောင် လက်ဆင့်ကမ်းလာခဲ့တာ... အခုတော့ မရှိတော့ဘူး...."
"ငါတို့ နားမလည်နိုင်ခဲ့ရင်တောင် တစ်နေ့နေ့မှာ တစ်ယောက်ယောက်က နားလည်လာမှာပဲ...ဒါကို ဘာလို့ ဖျက်ဆီးလိုက်တာလဲ..."
လက်ရှိနေရာတွင်ရှိနေသော တခြားလူများလည်း ထပ်တူထပ်မျှ ထိတ်လန့်တုန်လှုပ်ပြီး နာကျင်ကြေကွဲနေကြ၏။ ဤနည်းစနစ်ကိုလေ့လာဆင်ခြင်ရန် သူတို့ ကြိုးပမ်းခဲ့သမျှ အားထုတ်မှုများအားလုံး ဖျက်ဆီးခံရသည်ကို ကြည့်ရှုရခြင်းသည် သူတို့၏သည်းခံနိုင်စွမ်းထက် ကျော်လွန်နေသည်။
"ခဏလေး...ဟိုမှာကြည့်လိုက်အုံး..."
လူအုပ်အကြားမှ အော်သံတစ်သံ ရုတ်တရက်ထွက်ပေါ်လာသဖြင့် လူများအားလုံး လှည့်ကြည့်လိုက်ရာ ကျိုးပဲ့နေသော နံရံနောက်ကွယ်မှ သေးငယ်သော အစိမ်းရောင်ကျောက်တုံးတစ်ခု ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။
လုမင်ရုန်သည် ထိုနေရာသို့ အပြေးအလွှားသွားပြီး သူ၏လက်ကို အက်ကွဲနေသော နံရံပေါ်တွင်ဖိကာ အားလှိုင်းတစ်ရပ်ကို သက်ရောက်သွားစေသည်။ စွမ်းအားလှိုင်းတစ်ရပ် ပေါက်ကွဲသွားခြင်းနှင့်အတူ ကျိုးပဲ့နေသော နံရံအပိုင်းအစများ လွင့်စင်သွားပေ၏။ ထို့နောက် ပြင်ပနံရံပေါ်မှ စာလုံးများထက် ပို၍ပြီးပြည့်စုံပြီး အဆက်အစပ်ရှိစွာ ထွင်းထုထားသည့် စာလုံးများဖြင့် ဖုံးလွှမ်းနေသော သုံးမီတာအမြင့်ရှိ အစိမ်းရောင်ကျောက်တုံးတစ်တုံး ထွက်ပေါ်လာသည်။ ယခင်နံရံတွင် နည်းစနစ်၏အရိပ်အယောင်မျှသာ ပါဝင်ခဲ့သော်လည်း ဤသည်မှာမူ ပြီးပြည့်စုံသောပုံစံပင်။
"ဒါက အစစ်အမှန် ရွှမ်လုံလက်ဝါးနည်းစနစ်လား.."
တစ်ချက်ကြည့်ရုံဖြင့် လုမင်ရုန်၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။
"ဒါက ဒီကျောက်နံရံရဲ့နောက်ကွယ်မှာ ဒီအချိန်တလျှောက်လုံး ပုန်းကွယ်နေခဲ့တာလား...ဒါကို ဘယ်သူမှ နားမလည်နိုင်ခဲ့တာ အံ့အားသင့်စရာ မရှိတော့ဘူး..."
ကျန်းရွှမ်က ခေါင်းညိတ်ပြပြီးနောက် ကျောက်တုံးပေါ်တွင် ထွင်းထုထားသည့်စာလုံးများကို လေ့လာလိုက်သည်။
ဤစာလုံးများသည် ရွေ့လျားသွားပြီး ခန့်ညားထည်ဝါသော လက်ဝါးသိုင်းပညာနည်းစနစ်တစ်ခုကို သရုပ်ပြနေသော နဂါးများအဖြစ်သို့ ပြောင်းလဲသွားသည်။ ယခုအချိန်၌ ဤအရာကို လေ့လာဆင်ခြင်ရန်မှာ အလွန်ရှင်းလင်းပြီး တည်ငြိမ်နေပေ၏။
'အမ်....အဲ့ဒါက ဘာလဲ....'
ကျောက်တုံးပေါ်၌ ထွင်းထုထားသည့် စာလုံးများကို မှတ်သား၍ ပြီးဆုံးချိန်၌ ကျန်းရွှမ်၏ အကြည့်သည် သံတူကြီးထိမှန်ခဲ့သော နေရာသို့ ကျရောက်သွားသည်။ ရုတ်ချည်းဆိုသလိုပင် အေးစက်သော စွမ်းအားလှိုင်းတစ်ရပ်က သူ၏ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာပြီး သူ၏စိတ်ထံဦးတည်၍ အလျင်အမြန် မြင့်တက်လာသည်။
ဤသည်မှာ ကောင်းကင်ကံကြမ္မာသော့ခလောက် ဖြစ်နေသလော....
ကျန်းရွှမ်၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။
သူ နံရံကို ဖျက်ဆီးလိုက်ခြင်းကြောင့် ထိုအရာအတွင်း၌ မြှုပ်နှံထားသော ကျိန်စာတစ်ခုကို အစပျိုးစေပြီး ချည်နှောင်ထားသော စွမ်းအားတစ်ရပ်ကို သူ့အပေါ်သို့ လွှဲပြောင်းပေးလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ ဤသည်မှာ လူတစ်ဦး၏ ကံကြမ္မာကို ချိတ်ပိတ်နိုင်စွမ်းရှိကာ ရှောင်လွှဲ၍မရနိုင်သည့် မမြင်နိုင်သော သော့ခလောက်ပင်။ ဤကိစ္စကို သူသည် ဆယ်စုနှစ်ပေါင်းများစွာ သို့မဟုတ် ရာစုနှစ်ပေါင်းများစွာကြာမြင့်ပြီးမှ သတိထားမိလျှင် နောက်ကျသွားပေလိမ့်မည်။
"ဒါက ငါ့ထက်ပိုပြီး သန်မာအားကောင်းလားဆိုတာ ကြည့်ကြသေးတာပေါ့..."
သူသည် သူ၏စိတ်အတွင်း၌ ကောင်းကင်ဘုံ၏ သောက ဓားနည်းစနစ်ကို အသက်သွင်းလိုက်ပြီး ထိုစွမ်းအားကို ချေမှုန်းရန် ရည်ရွယ်လိုက်သည်။ သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် ကောင်းကင်ဘုံစာကြည့်တိုက်သည် အနည်းငယ် တုန်ခါသွားပေ၏။
ဝီ....
ရွှေရောင်သော့ခလောက်တစ်ခု ထွက်ပေါ်လာပြီး စာကြည့်တိုက်အတွင်းရှိ လေထုထဲ၌ မျောလွင့်နေသည်။
"ဒါကို စာကြည့်တိုက်က ဖမ်းယူလိုက်တာလား..." ကျန်းရွှမ်က စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်သည်။
သူ့ကို ပိတ်လှောင်ထားနိုင်မည်ဟု တွေးထင်ကာ သူ ကြောက်ရွံ့ခဲ့သောအရာသည် စာကြည့်တိုက်၏ပြိုင်ဘက်ကင်းစွမ်းအားဖြင့် ချုပ်နှောင်ခြင်းခံလိုက်ရသည်။
'ခဏလေး...ဒီသော့ခလောက်ကို ငါ ဘာလို့ ရင်းနှီးသလို ခံစားနေရတာလဲ....'
ကျန်းရွှမ်သည် စိတ်ဝင်စားသွားပြီး ရွှေရောင်သော့ခလောက်ကို ပို၍နီးကပ်စွာ ကြည့်ရှုစစ်ေလိုက်သည်။ သူ ပို၍ကြာကြာကြည့်မိလေလေ ပို၍ရင်းနှီးလာလေလေပင်။
ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ သော့ခလောက်တစ်ခုမဟုတ်ဘဲ အထူးစွမ်းအင်စီးကြောင်းများမှတဆင့် ဖွဲ့စည်းထားသော အရာဝတ္ထုတစ်ခုပင်။ ထိုစွမ်းအင်စီးကြောင်းတစ်ခုချင်းစီမှ စာအုပ်နှင့်တူသော အလင်းတန်းများ ဖြာထွက်နေကာ စာကြည့်တိုက်၏စင်များပေါ်သို့ မျောလွင့်သွားသည်။
'ဒါတွေက... ကောင်းကင်ကံကြမ္မာစွမ်းအင်တွေလား....'
မယုံကြည်နိုင်မှုကြောင့် ကျန်းရွှမ်၏မျက်လုံးများ ပြူးကျယ်သွားပေ၏။
ကောင်းကင်ကံကြမ္မာ သော့ခလောက်သည် အမှန်အားဖြင့် ကောင်းကင်ကံကြမ္မာစွမ်းအင်များဖြင့် ဖွဲ့စည်းထားသည်။ ထိုအရာတွင်ပါဝင်သော စွမ်းအင်များသည် ကံကြမ္မာချပ်ပြားတစ်ခုထက် များစွာပို၍ ထူထပ်သိပ်သည်းပြီး ပေါမကြွယ်ဝသည်။ ပုံမှန်ကံကြမ္မာချပ်ပြားတစ်ချပ်သည် စွမ်းအင်တန်းတစ်သောင်းအထိသာ ထိန်းသိမ်းနိုင်သော်လည်း ဤသော့ခလောက်တွင် အနည်းဆုံး စွမ်းအင်တန်းတစ်သိန်း သို့မဟုတ် ထိုထက်ပို၍ ပါဝင်သည်။
ထိုအရာသည် စာကြည့်တိုက်၏ချုပ်နှောင်မှုမှ လွတ်မြောက်ရန် ကြိုးပမ်းနေသည်။
ကံကြမ္မာချပ်ပြားတစ်ခုမှစွမ်းအင်များသည် ပိုင်ရှင်မဲ့ဖြစ်သော်လည်း သော့ခလောက်၏ စွမ်းအင်မှာမူ ပိုင်ဆိုင်သူရှိပြီး တခြားလူတစ်ဦး၏စိတ်ဆန္ဒဖြင့် ခြယ်လှယ်ခြင်းခံထားရသည်။
"ထွက်ခဲ့စမ်း..."
ကျန်းရွှမ်၏စိတ်အတွင်းမှ အမိန့်တစ်ခုပေးလိုက်ခြင်းနှင့်အတူ ကောင်းကင်ဘုံစာကြည့်တိုက်သည် သော့ခလောက်မှ အသိစိတ်ကို ထုတ်ယူပြီး သူ၏ရှေ့တွင် ထုတ်ဖော်ပြသလိုက်သည်။
အရိပ်ပုံသဏ္ဍာန် လူလတ်ပိုင်းကြီးတစ်ဦး ထွက်ပေါ်လာပြီး ကျန်းရွှမ်ကို ဒေါသတကြီး ကြည့်နေလေ၏။
"မင်းက ဘယ်သူလဲ..မင်းက ဘယ်လိုလုပ်ပြီးတော့ ငါ့ရဲ့အသိစိတ်ကို ကောင်းကင်ကံကြမ္မာသော့ခလောက်ကနေ ဆွဲထုတ်လိုက်တာလဲ...."
သူ လုံးလုံးလျားလျား မယုံကြည်နိုင် ဖြစ်နေသည်။
"ငါက အဲ့ဒါကို လုပ်နိုင်တယ်ဆိုရင် မင်းကိုသတ်ဖို့က ပိုတောင်လွယ်ဦးမယ်...ငါ့ကို လာမစမ်းနဲ့"
ကျန်းရွှမ်က တည်ငြိမ်စွာ ပြောဆိုသည်။
စာကြည့်တိုက်မှ လွှမ်းမိုးချုပ်ကိုင်ထားသော ဤနယ်ပယ်တွင် ကျန်းရွှမ်၏ စွမ်းအားမှာ အဆုံးမရှိချေ။ အသိစိတ်တစ်ခုကို ဆွဲထုတ်ခြင်း သို့မဟုတ် အသက်တစ်ချောင်းကို ငြိမ်းသတ်ခြင်းတို့အတွက် သူ၏အတွေးတစ်ချက်မျှသာ လိုအပ်သည်။
"ငါ့ဆီကနေ သတင်းအချက်အလက်တွေ ရဖို့ကြိုးစားနေတာလား...မင်း အိပ်မက်သာမက်နေလိုက်စမ်း"
ထိုလူလတ်ပိုင်းကြီးက လှောင်ပြောင်သရော်လိုက်၏။
'တော်သင့်ပြီ...ငါ မင်းကို စကားပြောခွင့် မပေးသင့်ဘူး...'
လူလတ်ပိုင်းကြီး၏ဆန့်ကျင်မှုကို မြင်တွေ့ချိန်၌ ကျန်းရွှမ်သည် နောက်ထပ်စကားလုံးများဖြင့် အချိန်မဖြုန်းတော့ချေ။ သူ လက်ညှိုးညွှန်လိုက်ခြင်းနှင့်အတူ ထိုလူ၏မှတ်ဉာဏ်များအားလုံး ထုတ်ယူပြီးသားဖြစ်သွားကာ သူ၏စုပ်ယူခြင်းကို ခံလိုက်ရသည်။
ထိုအရာများကို ဖတ်ရှုပြီးနောက် ကျန်းရွှမ်၏ မျက်လုံးများ သံသယဖြင့် ကျဉ်းမြောင်းသွားသည်။
ဤလူသည် ကျူးကျင်းဟု အမည်ရကာ လွန်ခဲ့သောရာစုနှစ်ပေါင်းများစွာအကြာက ကံကြမ္မာဆရာသခင်တစ်ဦးပင်။ သူသည် ရွှမ်လုံလက်ဝါးနည်းစနစ်ကို ဖန်တီးခဲ့ပြီး သူ၏တပည့်များသည် ထိုအရာ၏စွမ်းအားကို အလွဲသုံးစားလုပ်ကာ သူ၏သမီးကိုပင် ထိခိုက်စေခဲ့သည်။ သူသည် ဝမ်းနည်းပူဆွေးစွာဖြင့် သူတို့ကို သူကိုယ်တိုင် သုတ်သင်ရှင်းလင်းခဲ့သော်လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ သူ၏သိုင်းပညာနည်းစနစ် ပျောက်ကွယ်သွားမည်ကို မလိုလားသောကြောင့် သူသည် ထိုအရာကို နံရံတစ်ခုပေါ်တွင် ထွင်းထုခဲ့လေ၏။ သို့ရာတွင် သူသည် ထိုနည်းစနစ်ကို အလွဲသုံးစားလုပ်ခံရမည်အား စိုးရိမ်သောကြောင့် သူ၏ကြွင်းကျန်သောစွမ်းအားကို ကောင်းကင်ကံကြမ္မာသော့ခလောက်အဖြစ်သို့ စုစည်းပြီး ထိုအရာကို ချိတ်ပိတ်ခဲ့သည်။
"လူသားတွေက တကယ်ကို ဝိရောဓိဖြစ်စေတဲ့ သက်ရှိသတ္တဝါတွေပဲ"
ကျန်းရွှမ်က စဥ်းစားတွေးတောရင်း သူ၏ခေါင်းကိုခါယမ်းလိုက်သည်။
ထိုလူသည် သူ၏ဖန်တီးမှုကို နောင်မျိုးဆက်များအတွက် ထိန်းသိမ်းလိုသော်လည်း ထိုအရာကို အလွဲသုံးစားလုပ်မည်အား စိုးရိမ်ခဲ့သည်မှာ အမှန်တကယ်ကို ဝိရောဓိဖြစ်စေသော လုပ်ရပ်တစ်ခုပင်။
"ကောင်းကင်ကံကြမ္မာသော့ခလောက်တစ်ခုမှာ ကံကြမ္မာဆရာသခင်တစ်ဦးရဲ့ အသိစိတ်ပါဝင်တယ်....အဲ့ဒီအရာ မပျက်စီးသရွေ့ ကံကြမ္မာက မပြောင်းလဲနိုင်ဘူး"
ကျန်းရွှမ်က စဥ်းစားတွေးတောလိုက်သည်။
"ကောင်းကင်ကံကြမ္မာစွမ်းအင်နဲ့ စိတ်ဝိညာဉ်စွမ်းအားတို့ကနေ ဖန်တီးထားတဲ့ သော့ခလောက်က....ဒါကို ထိတွေ့မိတဲ့ သက်ရှိတွေအားလုံးရဲ့ကံကြမ္မာကို ချည်နှောင်ထားတယ်"
ထိုကဲ့အရာတစ်ခုကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်နိုင်ရန်အတွက် အနည်းဆုံးအနေဖြင့် ကံကြမ္မာကို အသိအမှတ်ပြုခြင်းအဆင့်သို့ ရောက်ရှိရန် လိုအပ်သည်။ ဤသည်မှာ လူအများစုအတွက် လက်လှမ်းမမီနိုင်သော အဆင့်တစ်ခုပင်။
ကျန်းရွှမ်သည် သူ၏စစ်ဆေးမှု ပြီးဆုံးပြီးနောက် ထိုအသိစိတ်တွင် နောက်ထပ်အသုံးဝင်မှုရှိနေသည်ကို သူ မမြင်တော့ချေ။ သူသည် လက်ဖျောက်တစ်ချက် တီးလိုက်၏။
"မဟုတ်ဘူး......"
တိုးညှင်းသော အာမေဍိတ်သံတစ်ခုနှင့်အတူ ကျူးကျင်း၏အသိစိတ်သည် အမှုန်အမွှားများအဖြစ် ကြေမွှပျက်စီးသွားပြီး ပျောက်ကွယ်သွားသည်။
ကျန်းရွှမ်က သော့ခလောက်၏ရှေ့တွင် မတ်တတ်ရပ်နေရင်း အာရုံစိုက်လိုက်သည်။ ထိုအရာအတွင်းမှ ကောင်းကင်ကံကြမ္မာစွမ်းအင်သည် ထွက်ပေါ်လာပြီး လေထုအတွင်းတွင် မရေမတွက်နိုင်သော စာအုပ်များအဖြစ် ဖွဲ့စည်းသွားပေ၏။
အချိန်တခဏအကြာတွင် စွမ်းအင်များ ပျံ့နှံ့သွားပြီး စာအုပ်ပေါင်းတစ်သိန်းအဖြစ်သို့ စုစည်းသွားသည်။
သေးငယ်သော ကောင်းကင်ကံကြမ္မာသော့ခလောက်ကို အမှန်အားဖြင့် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း တစ်သိန်းဖြင့် ဖွဲ့စည်းထားခဲ့သည်။ ကြယ်လေးပွင့် ကံကြမ္မာဆရာသခင်တစ်ဦးသည် ဤမျှထိများပြားသော ကြွယ်ဝမှုကို ပိုင်ဆိုင်ထားသည်မှာ အံ့အားသင့်ဖွယ်ကိစ္စတစ်ရပ်ပင်။
အစောပိုင်းက ကျန်းရွှမ်သည် ကောင်းကင်ကံကြမ္မာစွမ်းအင်များ ဆုံးရှုံးမည်ကို စိုးရိမ်ခဲ့ခြင်းမှာ ယခုအချိန်၌ ရယ်ရွှင်ဖွယ်ကောင်းပေ၏။ သူသည် သူ သုံးစွဲခဲ့သည့်စွမ်းအင်များထက် များစွာပို၍ ရရှိခဲ့သည်။
ကျန်းရွှမ်က စိတ်ကျေနပ်သွားသော အပြုံးတစ်ခုဖြင့် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။
"ဒါဆို ငါတို့တွေက ဒီအချိန်တလျှောက်လုံးမှာ မှားယွင်းပြီးတော့ လေ့ကျင့်နေခဲ့ကြတာပဲ..."
ပတ်ဝန်းကျင်တွင်ရှိနေသော တစ်စုံတစ်ဦးက တီးတိုးရေရွတ်လိုက်သည်။
နံဘေးပတ်ဝန်းကျင်တွင်ရှိနေသော လူများအားလုံးသည် ဤနည်းစနစ်အပေါ် သူတို့၏အခြေခံနားလည်မှုလွဲမှားခြင်းများကို သိရှိသွားချိန်၌ ရှက်ရွံ့နေကြသည်။
အထူးသဖြင့် ကျန်းရွှမ်ကို တားဆီးရန် ကြိုးစားခဲ့သော အကြီးအကဲသည် ရှက်ရွံ့နေပြီး သူ ဆက်နေသင့်သလော သို့မဟုတ် ထွက်သွားသင့်လောကို မဆုံးဖြတ်နိုင် ဖြစ်နေသည်။
လူအုပ်ကြီး၏ စိတ်ရှုပ်ထွေးဖွယ်တုံ့ပြန်မှုများကို လျစ်လျူရှုကာ ကျန်းရွှမ်သည် လုမင်ရုန်ဘက်သို့ လှည့်ကြည့်ပြီး သူ၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေပေ၏။
"ကျောင်းအုပ်ကြီးလု....ကျောင်းတော်မှာ ဒီလိုနည်းစနစ်တွေ ထပ်ရှိသေးလား...ကျွန်တော် စမ်းကြည့်ချင်လို့ပါ...."