← Chapters

စွန်းချန်ယို

Vol. 10 Ch. 145

စွန်းချန်ယို

Vol. 10 Ch. 145

"နည်းစနစ်တစ်ခုတည်းကို ပြုပြင်လိုက်ရုံနဲ့ ငါက ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း ကိုးသောင်းလောက် ရခဲ့တယ်.... ဒါက ငါ အရင်က စုပ်ယူခဲ့တဲ့ စွမ်းအင်တွေအားလုံး ပေါင်းတာထက်တောင် ပိုများသေးတယ်...ဒီလိုမျိုး နောက်ထပ်နည်းနည်းလောက်သာ ရနိုင်ရင် ငါက နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် ဒါမှမဟုတ် ဓမ္မရုပ်သွင်နယ်ပယ်ကိုရောက်ဖို့တောင် ပြဿနာတစ်ခု မဟုတ်တော့ဘူး...."

ကျန်းရွှမ်၏အတွေးများကို နားမလည်ဘဲ လုမင်ရုန်သည် သူ၏ရည်ရွယ်ချက်များကို ကျောင်းတော်အပေါ်ထားရှိသော သစ္စာစောင့်သိမှုဟု မှားယွင်းစွာယူဆကာ လေးစားစွာဖြင့် ခေါင်းခါလိုက်သည်။

"ဒါပဲရှိတယ်... ကျောင်းတော်မှာ နောက်ထပ်မရှိတော့ဘူး"

ကျောင်းတော်တစ်ခုအတွက် ဤအဆင့်ရှိသော နည်းစနစ်တစ်ခုကို ရရှိခြင်းသည်ပင် မယုံနိုင်လောက်သော ကံကြမ္မာကောင်းကြီး ဖြစ်နေလေပြီ။ ထို့ထက်ပို၍ မျှော်လင့်ခြင်းမှာ အချည်းနှီးအိပ်မက်တစ်ခုသာ ဖြစ်ပေမည်။ ထို့ပြင် သူတို့၏ခွန်အားဖြင့် ထိုအရာကို ထိန်းသိမ်းထားနိုင်မည်လည်း မဟုတ်ချေ။

ကျန်းရွှမ်၏မျက်နှာပေါ်၌ အနည်းငယ် စိတ်ပျက်သွားသော အမူအယာတစ်ရပ် ထင်ဟပ်လာပြီး စွန်းချန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"နောက်တစ်ခုဆီ သွားကြစို့...."

လုမင်ရုန်သည် နားမလည်နိုင်ဖြစ်နေကာ မေးမြန်းလိုက်၏။

"ဆရာကျန်း...တစ်ခုခုမှားနေလို့လား...ငါ ကူညီနိုင်တာတစ်ခုခုရှိရင် ကျေးဇူးပြုပြီးတော့ တောင်းဆိုလိုက်ပါ"

"ဘာမှမဟုတ်ပါဘူး...ငါက ငွေနည်းနည်းရှာမလို့ပါ"

ကျန်းရွှမ်က အမှုမထားဟန်ဖြင့် သူ၏လက်ကိုဝှေ့ယမ်းလိုက်ကာ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ရပ်တန့်၍ ပြောဆိုသည်။

"အော် ဟုတ်သားပဲ...ကျွန်တော် ခင်ဗျားဆီကနေ ချေးငှားခဲ့တဲ့ ကံကြမ္မာချပ်ပြားနဲ့ ခင်ဗျားရဲ့ 'ရွှမ်လုံလက်ဝါးနည်းစနစ်' အတွက် ဖြေရှင်းချက်ကို ညီမျှသွားပြီလို့ သတ်မှတ်လိုက်ပါ...အခု ငါတို့ကတစ်ယောက်နဲ့တစ်ယောက် အကြွေးမရှိတော့ဘူး..."

"ဟုတ်တာပေါ့...."

လုမင်ရုန်က ခေါင်းညိတ်လိုက်သည်။

ကျန်းရွှမ်သည် စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားသည်။

သူ့ထံတွင် ယခုချိန်၌ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းကိုးသောင်းကျော် ရှိနေပေ၏။ ဤသည်မှာ သူ ယခုလောလောဆယ် သုံးစွဲရန်အတွက် လုံလောက်သော်လည်း ငွေရှာရန်မှာမူ ကျန်ရှိနေဆဲပင်။ မည်သို့ပင်ဆိုစေကာမူ ကံကြမ္မာနှစ်ခြင်းခံရာတွင် စာရင်းသွင်းရန်အတွက် ရင်းမြစ်ဒင်္ဂါးသန်းသုံးဆယ် ကုန်ကျပေမည်။

ထို့ပြင် သူသည် နယ်လင်းရှီ ကျောက်ယာနှင့် တခြားသူများကိုလည်း ခေါ်ဆောင်လာရန် ရည်ရွယ်ထားသည်။ သူ့ထံတွင် ငွေမရှိဘဲ သူတို့ကို မည်သို့ထောက်ပံ့နိုင်မည်နည်း။

သူတို့နှစ်ဦး ထွက်ခွာသွားသည်ကိုကြည့်ရင်း လုမင်ရုန်သည် တွေဝေတုံ့ဆိုင်းနေပြီးနောက် သူ၏နောက်မှလိုက်လာသော လက်ထောက်ကျောင်းအုပ် ဝူယွင်ကျိုးဘက်သို့ လှည့်လိုက်သည်။

"'ရွှမ်လုံလက်ဝါးနည်းစနစ်' ကိစ္စကို ငါ ကိုင်တွယ်လိုက်မယ်.... မင်းက သူတို့နောက်ကို လိုက်သွားပြီး အကူအညီလိုမလားဆိုတာကို ကြည့်ပေးပါ"

လက်ထောက်ကျောင်းအုပ်ဝူယွင်ကျိုးက ခေါင်းညိတ်ပြီး ကျန်းရွှမ်တို့၏နောက်သို့ လိုက်ပါသွားသည်။

လုမင်ရုန်သည် နောက်ဆုံးတွင် စိတ်အေးသွားပြီး နံဘေးပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။

"ဒီနည်းစနစ်အကြောင်းကို မင်းတို့အားလုံး ထိန်းသိမ်းထားပြီးတော့ အပြင်ကိုပေါက်ကြားအောင် မလုပ်ဘူးလို့ ငါ ယုံကြည်ချင်တယ်..."

ဟီ...ဟီ....

ဒုန်းစိုင်းပြေးနေသော မြင်းနှစ်ကောင် ရပ်တန့်သွားပြီးနောက် ကျန်းရွှမ်သည် မြင်းပေါ်မှဆင်းကာ သူ၏ရှေ့မှ ခြံစည်းရိုးခတ်ထားသော ခြံဝန်းကို အနည်းငယ် စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်လိုက်သည်။

"ဒါက စွန်းချန်ယို နေတဲ့နေရာလား...သူက ရင်းမြစ်ဒင်္ဂါးတစ်သန်း တကယ်ပေးနိုင်လို့လား..."

ဤခြံဝန်းတွင် ပေါင်းပင်များဖြင့် ပြည့်နှက်နေပြီး ညစ်ပတ်ကာ ပစ်စလက်ခတ်နိုင်သည်။ အမိုးနိမ့်ကောက်ရိုးတဲလေးသည် နှစ်ပေါင်းများစွာ စွန့်ပစ်ခံထားရပုံရှိပြီး နေရာတော်တော်များများတွင် အပေါက်အပြဲများရှိနေလေ၏။ သူ မည်သို့ပင်ကြည့်စေကာမူ ဤသည်မှာ ရင်းမြစ်ဒင်္ဂါးတစ်သန်းရှိသူတစ်ဦး နေထိုင်မည့်နေရာနှင့် မတူညီချေ။

"ကျွန်တော်ရဲ့စုံစမ်းစစ်ဆေးမှုအရ စွန်းချန်ယိုက တစ်ချိန်က အဆင့်မြင့်အရာရှိကြီးတွေကို အမှုထမ်းခဲ့တဲ့ ဂီတပညာရှင်တစ်ယောက်ဖြစ်ပြီးတော့ ဆုလာဘ်တွေအများကြီး ရရှိခဲ့တယ်....သူ့ရဲ့ကိုယ်ပိုင်ခွန်အားကလည်း အားမနည်းဘူး..သူက ရင်းမြစ်ရေအိုင်နယ်ပယ်ရဲ့ ဆဋ္ဌမအဆင့်ဖြစ်တဲ့ ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်မှာ ရှိနေတယ်...ဒါကြောင့် သူ ရင်းမြစ်ဒင်္ဂါးတစ်သန်းလောက် စုဆောင်းမိဖို့က ခက်ခဲမှာမဟုတ်ဘူး... ဒါပေမဲ့ သူ ဘာလို့ ဒီနေရာမှာနေလဲဆိုတာကိုတော့ ကျွန်တော် သေချာမသိဘူး..."

စွန်းချန်က ခေါင်းခါလိုက်သည်။

နှစ်ရက်ကျော်မျှသာရှိသော အကန့်အသတ်ရှိသည့်အချိန်သည် သူ့အား ငွေရှာရန်နည်းလမ်းများကိုသာ ဖော်ထုတ်နိုင်စေခဲ့ပြီး အသေးစိတ်အချက်အလက်များ မပါဝင်ချေ။

"သွားကြည့်ကြရအောင်... သူ ပေးနိုင်ရင် အဆင်ပြေတယ်...တကယ်လို့ သူ မပေးနိုင်ရင် ငါတို့ ဆက်သွားကြမယ်.."

ကျန်းရွှမ်က ခေါင်းညိတ်လိုက်၏။

သူတို့သည် တံခါးဝသို့ လျှောက်လှမ်းသွားပြီး အချိန်တခဏကြာမျှ တံခါးခေါက်သော်လည်း မည်သူမျှတုံ့ပြန်ခြင်းမရှိချေ။ သူတို့သည် ခြံဝန်းအတွင်းသို့ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်။

ဤခြံဝန်းသည် အတော်အသင့်ကျယ်ဝန်းသော်လည်း ပေါင်းပင်များဖြင့် ဖုံးလွှမ်းနေကာ နှစ်ပေါင်းများစွာကြာအောင် လူနေထိုင်ခြင်းမရှိခဲ့ပုံရသည်။ သူတို့သည် ကောက်ရိုးတဲရှေ့သို့ မရောက်မီမှာပင် ယောက်ျားသံမိန်းမသံ ရောနှောနေသော ငိုရှိုက်သံများကို ကြားလိုက်ရသည်။

ကျန်းရွှမ်နှင့်စွန်းချန်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး အသံများလာရာသို့ ဦးတည်သွားလိုက်ရာ ခန်းမအလယ်ရှိ ကောက်ရိုးဖျာတစ်ချပ်ပေါ်တွင် မလှုပ်မယှက်လဲလျောင်းနေသော လူအိုကြီးတစ်ဦးကို တွေ့လိုက်ရသည်။ ထိုလူအိုကြီး၏မျက်လုံးများ ပိတ်နေပြီး အသက်ရှုရပ်တန့်နေလေပြီ။ ဘေးနှစ်ဖက်တွင် သူ၏သားသမီးများနှင့်မိသားစုဝင်များဖြစ်ပုံရသူများက ဝမ်းနည်းပူဆွေးစွာ ငိုကြွေးနေကြသည်။

"ဒါက စွန်းချန်ယို ဖြစ်နေမလား... သခင်လေး ကျွန်တော်တို့ နောက်ကျသွားပြီထင်တယ်..."

စွန်းချန်က အနေခက်စွာဖြင့် သူ၏ခေါင်းကို ကုတ်လိုက်သည်။

"နောက်ကျတာလား...သူ ထွက်သွားတာ စောလွန်းတာပဲ ဖြစ်မယ်"

ကျန်းရွှမ်က စိတ်ပျက်လက်ပျက်ဖြင့် မှတ်ချက်ချလိုက်၏။

စွန်းချန်၏အဆိုအရ စွန်းချန်ယိုသည် ရင်းမြစ်သားရဲတစ်ကောင်ကြောင့် ဒဏ်ရာရရှိခဲ့ပြီး သေလုမျောပါးဖြစ်နေကာ တစ်စုံတစ်ဦးက သူ့ကို ကုသပေးနိုင်လျှင် ရင်းမြစ်ဒင်္ဂါးတစ်သန်း ဆုချီးမြှင့်မည်ဟု ကမ်းလှမ်းထားသည်။ သို့ရာတွင် သူတို့ အိမ်အတွင်းသို့ မဝင်မီမှာပင် သူ သေဆုံးပြီးဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။

မည်သည့်အရာအား ကုသရန် ကျန်ရှိတော့မည်နည်း....

"မင်းတို့နှစ်ယောက်က ဒီနေရာကို ဘာလာလုပ်တာလဲ..."

သူတို့နှစ်ယောက် ပြန်ထွက်သွားတော့မည်အပြုတွင် လူငယ်တစ်ဦးက သူတို့ကို သတိပြုမိပြီး မေးမြန်းသည်။ တခြားပူဆွေးဝမ်းနည်းနေသူများနှင့်အတူ သူ၏အကြည့်သည် သူတို့ထံသို့ ရောက်ရှိလာပေ၏။

"ဒါက စီနီယာစွန်းချန်ယိုရဲ့နေအိမ် မဟုတ်လား..."

စွန်းချန်က ရိုသေလေးစားစွာ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ အနည်းငယ်ကိုးရိုးကားရားဆန်သော အမူအယာဖြင့် ပြောဆိုသည်။

"ကျွန်တော့်ရဲ့သခင်လေးက ကုသမှုမှာ ကျွမ်းကျင်တာကြောင့် အကြီးအကဲစွန်းရဲ့ ဒဏ်ရာတွေကို ကုသပေးဖို့ လာခဲ့တာပါ.. ဒါပေမဲ့ ကျွန်တော်တို့ နောက်ကျသွားပြီထင်တယ်... တောင်းပန်ပါတယ်..."

"ကုသမလို့လား...နောက်ထပ် ဆေးဆရာအယောင်ဆောင်တစ်ယောက်ပဲ ဖြစ်မယ်... ငါ့ရဲ့အဖေက ဆုငွေလိုချင်တဲ့ ဆေးဆရာအတုအယောင်တွေကြောင့် သေခဲ့ရတာ...သူတို့ကိုဖမ်းပြီး တခြားလူတွေနဲ့အတူ ချုပ်ထားလိုက်စမ်း"

လူငယ်က အံ့တင်းတင်းကြိတ်ပြီး အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့...."

လျင်မြန်သော တုံ့ပြန်မှုနှင့်အတူ လူငါးယောက် ခြောက်ယောက်သည် အိမ်ထဲမှ ပြေးထွက်လာပြီး ကျန်းရွှမ်နှင့်စွန်းချန်တို့ကို ဝိုင်းရံလိုက်ကြ၏။

ဤလူများအားလုံးသည် ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်တွင် ရှိနေကြသည်။ သူတို့သည် အထူးတလည် သန်မာအားကောင်းခြင်းမရှိသော်လည်း အားနည်းခြင်းလည်းမရှိချေ။ ထို့ထက်ပို၍ အရေးကြီးသည်မှာ သူတို့သည် ရိုးရှင်းသောအဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း သူတို့၏မျက်လုံးများအတွင်းတွင် သံမဏိကဲ့သို့ ခိုင်မာပြတ်သားသော အကြည့်တစ်ချက်ရှိနေခြင်းပင်။ ဤသည်မှာ သူတို့သည် တိုက်ပွဲဝင်ခဲ့ဖူးပြီး လူများကိုသတ်ဖြတ်ခဲ့ဖူးကြောင်း သိသာရှင်းလင်းသည့် လက္ခဏာရပ်ဖြစ်ပေ၏။

ဤလူများသည် သွေးစွန်းခဲ့သောစစ်သားများ ဖြစ်နိုင်ခြေရှိသည်။

"ဒါက ဘာအဓိပ္ပာယ်လဲ... ငါတို့က ဆေးကုသပေးဖို့ လာခဲ့ရုံသက်သက်ပဲ...ဒါက ဘယ်တုန်းက ရာဇဝတ်မှုတစ်ခု ဖြစ်သွားတာလဲ"

စွန်းချန်က မျက်မှောင်ကြုတ်ပြီး သူ၏နံဘေးပတ်လည်ရှိ လူအုပ်စုကို စူးစမ်းလိုက်သည်။

"ဒါက ရာဇဝတ်မှုမဟုတ်ဘူး...ဒါပေမဲ့ မင်းတို့လို လူလိမ်တွေကို ငါ မုန်းတယ်" လူငယ်က လှောင်ပြောင်သရော်ပြီး အချက်ပြလိုက်၏။

"သူတို့ကို ခေါ်သွားစမ်း..."

လူအုပ်ကြီးက ကျန်းရွှမ်ထံသို့ ချဉ်းကပ်လာသည်။

ထိုအချိန်မှာပင် အိမ်အတွင်းမှနေ၍ ကြည်လင်ပြတ်သားသောအသံတစ်သံ ထွက်ပေါ်လာသည်။

"အစ်ကို....ဘာလုပ်နေတာလဲ..."

ထို့နောက် အသက်နှစ်ဆယ်အရွယ် အမျိုးသမီးငယ်တစ်ဦး ထွက်ပေါ်လာသည်။

သူမသည် ရိုးရှင်းသောအဝတ်အစားများကို ဝတ်ဆင်ထားပြီး သူမ၏မျက်နှာသည် အလွန်ချောမောလှပပေ၏။ သူမ၏နီရဲနေသော မျက်ခမ်းများ မျက်ရည်ဝဲနေသော အမူအယာနှင့် နူးညံ့သိမ်မွေ့ပြီး ဝမ်းနည်းဖွယ်အသွင်အပြင်တို့ကြောင့် သူမကိုကြည့်ရသည်မှာ နုနယ်ပျက်စီးလွယ်သော ပန်းတစ်ပွင့်အလားပင်။

"ယွီအာ..."

လူငယ်က မျက်မှောင်ကြုတ်လိုက်သည်။

"အဖေ ဆုံးပါးသွားလို့ အစ်ကို စိတ်မကောင်းဖြစ်နေတာကို ကျွန်မ နားလည်ပါတယ်... ဒါပေမဲ့ ဒါက လူစိမ်းတွေအပေါ် ဒေါသထွက်ဖို့ အကြောင်းပြချက် မဟုတ်ဘူး"

ထိုအမျိုးသမီးငယ်က ကျန်းရွှမ်ဘက်သို့ လှည့်ကာ တောင်းပန်စကားပြောဆိုသည်။

"သခင်လေး...ကျွန်မ တောင်းပန်ပါတယ်.. ကျွန်မရဲ့အဖေက ဒီနေ့မနက်ကတင် တော်တော်လေးသက်သာနေခဲ့တာပါ...ဒါပေမဲ့ နောက်ပိုင်းမှာ ဆေးဆရာတစ်ယောက် ရောက်လာပြီးတော့ သူ့ကို ကုသပေးနိုင်တယ်လို့ ပြောခဲ့တယ်... အဖေက ဆေးသောက်လိုက်ပေမယ့် သူ့ရဲ့အခြေအနေက ပိုဆိုးလာပြီးတော့ ဆုံးပါးသွားခဲ့တယ်...ကျွန်မရဲ့အစ်ကိုက စိတ်ထိခိုက်နေတာကြောင့် စိတ်လိုက်မာန်ပါ ပြုမူမိတာပါ... ကျေးဇူးပြုပြီးတော့ သူ့ကို ခွင့်လွှတ်ပေးပါ"

"ငါ စိတ်လိုက်မာန်ပါ ပြုမူနေတာမဟုတ်ဘူး...ငါ့အဖေက နာမကျန်းဖြစ်နေတာကြောင့် သူ့ရဲ့သားသမီးတွေဖြစ်တဲ့ ငါတို့က စိတ်ပျက်အားငယ်နေခဲ့ကြတယ်... ဒါပေမဲ့ ရင်းမြစ်ဒင်္ဂါးတစ်သန်း ဆုချီးမြှင့်မယ်လို့ ကြေညာလိုက်တဲ့အချိန်ကစပြီး 'ဆေးဆရာ' လို့ခေါ်တဲ့လူတွေ မရေမတွက်နိုင်အောင် ရောက်လာကြတယ်... ဒါပေမဲ့ သူတို့ထဲက ဘယ်နှစ်ယောက်က တကယ်တမ်းကျ ဘာလုပ်နေတယ်ဆိုတာ ငါတို့ သိခဲ့ရလို့လဲ...သူတို့အားလုံးက အခွင့်အရေးသမားတွေပဲ"

လူငယ်က လှောင်ပြောင်ရယ်မောလိုက်သည်။

"အစ်ကိုပြောတာ မမှားဘူး...အဖေ အသည်းအသန်ဖြစ်နေတုန်းက ဘယ်သူမှ သူ့ကို မကုသရဲခဲ့ဘူး...ဒါပေမဲ့ ရင်းမြစ်ဒင်္ဂါးတစ်သန်း ဆုချီးမြှင့်မယ်လို့ ကြေညာလိုက်တဲ့အချိန်မှာ ဆေးဆရာလို့ခေါ်တဲ့သူတွေ အုံ့နဲ့ကျင်းနဲ့ ရောက်လာကြပြီးတော့ သူတို့အားလုံးက သူတို့မှာ အံ့ဖွယ်ဆေးနည်းတွေ ရှိတယ်လို့ ဆိုကြတယ်... မိသားစုလျှို့ဝှက်ဆေးနည်းတွေရှိတယ်ဆိုပြီး ငါ့တို့ဆီလာခဲ့တာတင် လူဆယ်ယောက်ကျော်ရှိခဲ့တယ်....ငါတို့က ဘယ်လိုလုပ်ပြီး သူတို့ကို ယုံကြည်နိုင်မှာလဲ..."

အလောင်းဘေးတွင် ဒူးထောက်နေသော လူငယ်တစ်ဦးက ဝင်ရောက်ပြောဆိုသည်။

"ကျွန်မ နားလည်ပါတယ်... ဒါပေမဲ့ ဒီသခင်လေးက အခုမှရောက်လာတာပါ...သူက ဘာအမှားမှ မလုပ်ရသေးဘူး... ငါတို့ရဲ့စိတ်ပျက်မှုကို အပြစ်မဲ့တဲ့သူတွေအပေါ် ပုံမချသင့်ဘူး"

အမျိုးသမီးငယ်က လက်ဝှေ့ယမ်းကာ အစောင့်များကို ဖယ်ရှားလိုက်သည်။

လူငယ်က မလိုလားစွာဖြင့် ခေါင်းညိတ်လိုက်၏။

"ကောင်းပြီလေ... သူတို့ကို လွှတ်ပေးလိုက်စမ်း"

"ကျေးဇူးတင်ပါတယ်"

အမျိုးသမီးငယ်က ပြောဆိုသည်။

"သခင်လေးတို့ကို တောင်းပန်ပါတယ်...ဒါပေမဲ့ ကျွန်မရဲ့အဖေက ဆုံးပါးသွားပါပြီ.. ကုသမှုအတွက် နောက်ထပ် မလိုအပ်တော့ပါဘူး"

"ဘာမှမလုပ်ဘူးဆိုရင် သူ တကယ်သေသွားလိမ့်မယ်"

ကျန်းရွှမ်က ခေါင်းခါလိုက်သည်။

သူတို့၏စကားပြောဆိုမှုမှတဆင့် သူသည် အခြေအနေများအားလုံးကိုပေါင်းစပ်ကာ သိရှိခဲ့သည်။

ဆုကြေးငွေ ရင်းမြစ်ဒင်္ဂါးတစ်သန်းသည် အလွန်ဆွဲဆောင်မှုရှိကြောင်း သက်သေပြနိုင်ခဲ့ကာ 'ဆေးဆရာ' ဟုခေါ်သော လူများကို သူတို့၏အိမ်သို့ ဆွဲဆောင်နိုင်ခဲ့သည်။ ထိုလူတစ်ဦးချင်းစီက သူတို့ထံတွင် ထူးခြားသော ဆေးညွှန်းများရှိသည်ဟု ပြောဆိုကြ၏။ အစပိုင်းတွင် စွန်းချန်ယိုသည် သူတို့ကို ယုံကြည်ခဲ့သော်လည်း 'အံ့ဖွယ်ဆေး' အမြောက်အများကို ကြိုးစားပြီးနောက် ရလဒ်များ ပိုဆိုးလာသည်။ ထိုကြောင့် ထိုဆေးဆရာများအနက်မှအများစုသည် လူလိမ်များဖြစ်ပြီး မျှော်လင့်ချက်မဲ့သော အခြေအနေကို ကုသရန် စိတ်အားထက်သန်နေကြသည်မှာ သိသာရှင်းလင်းလာခဲ့သည်။

"ရှင် ဘာကိုဆိုလိုတာလဲ..."

အမျိုးသမီးငယ် ကြောင်အသွားသည်။

"ငါ ဆိုလိုတာက မင်းရဲ့အဖေက အသက်ရှုခဏရပ်သွားရုံလေးပဲ...သူ တကယ်မသေသေးဘူး...တကယ်လို့ မင်းတို့က သူ့ကို အခုမြှုပ်နှံ့လိုက်မယ်ဆိုရင်တော့ ဒါက တကယ့်ကို အဆုံးသတ်ဖြစ်သွားလိမ့်မယ်"

ကျန်းရွှမ်က ပြောဆိုသည်။

သူ၏ထိုးထွင်းသိမြင်မျက်လုံးကို အသုံးပြု၍ စစ်ဆေးမှုအရ လူအိုကြီးသည် တောင့်တင်းသောခန္ဓာကိုယ်ဖြင့် မလှုပ်မယှက်လဲလျောင်းနေသော်လည်း အသက်ယဲ့ယဲ့ကျန်ရှိနေကြောင်း သူ ပြောနိုင်သည်။

"သူ... မသေသေးဘူးလား..."

အမျိုးသမီးငယ်သည် အသက်ရှူမှားသွားပေ၏။

"အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့... အဖေက နှလုံးခုန်ရပ်သွားပြီ....ဘယ်လိုလုပ်ပြီး သူ မသေတာ ဖြစ်နိုင်မှာလဲ"

လူငယ်က သရော်တော်တော် ပြောဆိုသည်။

"သူက သွေးခုန်နှုန်း ရပ်သွားနိုင်ပေမယ့် အသက်ရှုတာ မရပ်သေးဘူး .. ငါတို့ အခုလုပ်ဆောင်ရင် သူ့ကို ကယ်တင်နိုင်သေးတယ်... ဒါပေမဲ့ ကြန့်ကြာသွားရင်တော့ သူ တကယ်ဆုံးပါးသွားပြီးတော့ ဘယ်ဆေးဆရာမှ ကူညီနိုင်တော့မှာမဟုတ်ဘူး"

ကျန်းရွှမ်၏စကားများက တိတ်ဆိတ်မှုကို ဆောင်ကျဥ်းသွားသည်။ လူများအားလုံးသည် ကောက်ရိုးဖြာပေါ်တွင် လဲလျောင်းနေသော လူအိုကြီးကို စူးစိုက်၍ကြည့်လိုက်ကြ၏။ ထိုလူအိုကြီး၏မျက်နှာသည် လူသေနှင့်တူသော ပြာနှမ်းနှမ်းအရောင်သို့ ပြောင်းလဲနေသည်။ သူ သည် အမှန်တကယ်ကို အသက်ရှင်နေသေးသလော...။

"သူ့ကို လျစ်လျူရှုလိုက်တော့...ငါတို့က ဆေးဆရာတွေ မဟုတ်ပေမယ့် အသက်ရှင်တာနဲ့ သေတာကိုတော့ ခွဲခြားတတ်တယ် မဟုတ်လား"

ဒုတိယလူငယ်က အော်ငေါက်လိုက်သည်။

"အမှန်ပဲ....ဒါက လူလိမ်တွေ ပိုက်ဆံရဖို့အတွက် လိမ်နေတာပဲ"

အိမ်တော်ထိန်းဖြစ်ဟန်တူသော လူလတ်ပိုင်းကြီးတစ်ဦးက လှောင်ပြောင်ရယ်မောလေသည်။

"မင်းတို့ ယုံချင်ယုံ မယုံချင်နေ..."

ကျန်းရွှမ်က ပခုံးတွန့်ပြီး စွန်းချန်ဘက်သို့ လှည့်ကြည့်လိုက်၏။

"သွားကြစို့"

သူတို့ ထွက်ခွာရန်ဟန်ပြင်လိုက်ချိန်တွင် အမျိုးသမီးငယ်က လှမ်းခေါ်လိုက်သည်။

"သခင်လေး ..ကျေးဇူးပြုပြီးတော့ ခဏစောင့်ပါအုံး...ရှင်က ကျွန်မရဲ့အဖေကို မသေသေးဘူးလို့ ပြောရင် ရှင့်မှာ သူ့ကိုကယ်တင်ဖို့ နည်းလမ်းတစ်ခုခု ရှိနေလား....ရှင်က သူ့ကို ပြန်အသက်ရှင်အောင်လုပ်နိုင်ပြီးတော့ သူ့ရဲ့ရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်မယ်ဆိုရင် ရင်းမြစ်ဒင်္ဂါးတစ်သန်းဆုကို နှစ်ဆတိုးပေးပါ့မယ်"

လူငယ်က မျက်မှောင်ကြုတ်လိုက်သည်။

"ညီမလေး...မင်း ဒီလူလိမ်တွေကို တကယ်ကြီး ယုံနေတာလား....အဖေရဲ့အခြေအနေက သူ့လို လူလိမ်တွေကြောင့် ဖြစ်ခဲ့တယ် ဆိုတာကို မင်း မေ့သွားပြီလား..."

"အစ်ကို...အဖေရဲ့အခြေအနေက ဒီလိုဖြစ်နေမှတော့ ဒီထက်ပိုဆိုးစရာ ဘာရှိတော့မှာလဲ...ဒီသခင်လေးကသူ့ကိုကယ်တင်နိုင်တယ်လို့ ပြောမှတော့ ကျွန်မ စမ်းကြည့်ချင်တယ်"

အမျိုးသမီးငယ်က ခိုင်မာပြတ်သားစွာ တုံ့ပြန်သည်။

ကျန်းရွှမ်သည် သူမ၏သတ္တိကို မလေးစားဘဲ မနေနိုင်တော့ချေ။

"မင်း ဒီကိစ္စကို တကယ်လုပ်ချင်တာ သေချာလား....ပြီးတော့ မင်းက ဒီဆုံးဖြတ်ချက်ကို မိသားစုရဲ့ကိုယ်စား ချမှတ်နိုင်လို့လား...."

"ဟုတ်ကဲ့"

အမျိုးသမီးငယ်က ခေါင်းညိတ်ပြသည်။

"ဒါဆိုရင် ကောင်းပြီလေ"

ကျန်းရွှမ်က တုံ့ပြန်အဖြေပေးပြီး ခန်းမဘက်သို့ လျှောက်လှမ်းကာ မြေပြင်ပေါ်တွင် လဲလျောင်းနေသော စွန်းချန်ယိုထံသို့ ချဉ်းကပ်သွားသည်။

All Chapters