← Chapters

သံချပ်ကာကြွက်မြှိးသားရဲ

Vol. 10 Ch. 146

သံချပ်ကာကြွက်မြှိးသားရဲ

Vol. 10 Ch. 146

ကျန်းရွှမ် ချဉ်းကပ်သွားချိန်၌ စွန်းချန်ယို၏မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြာနှမ်းနေပြီး အစက်အပြောက်များထနေသည်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ သူ သေဆုံးနေသည်မှာ အချိန်အတော်အသင့်ကြာမြင့်ပြီဖြစ်ကြောင်း သိသာထင်ရှားနေပေ၏။

ကျန်းရွှမ်သည် သူ၏လက်ချောင်းနှစ်ချောင်းကို စွန်းချန်ယို၏ လက်ကောက်ဝတ်ပေါ်သို့ ညင်သာစွာ တင်လိုက်ရာ သူ၏စိတ်အတွင်းတွင် စာအုပ်တစ်အုပ် ထွက်ပေါ်လာသည်။

"မင်း ခုဏက ပြောခဲ့တာတွေက အမှန်တရားဖြစ်ပြီးတော့ နောက်နေတာမဟုတ်ဖို့ ငါ မျှော်လင့်တယ်...ဒါက လှည့်ကွက်တစ်ခုဆိုရင် မင်း ဘယ်သူဖြစ်ဖြစ် ငါတို့ ဂရုမစိုက်ဘူး...ငါတို့က ဆုငွေတစ်သန်းထုတ်ပြီးတော့ မင်းရဲ့လိမ်လည်မှုတွေအတွက် ပြန်ပေးဆပ်ခိုင်းနိုင်တယ်"

ကျန်းရွှမ်က သေဆုံးသွားသူတစ်ဦး၏ သွေးခုန်နှုန်းကို စစ်ဆေးနေသည်အားကြည့်ပြီး လူငယ်တစ်ဦးက ခါးသည်းစွာရယ်မောရင်း ပြောဆိုလိုက်သည်။

နံဘေးပတ်ဝန်းကျင်တွင်ရှိနေသော တခြားလူများသည်လည်း ခေါင်းခါလိုက်ကြ၏။

သူတို့သည် အုတ်ဂူဖောက်ထွင်းခြင်းနှင့် ကုသခြင်းတို့အကြောင်းကို ကြားဖူးသော်လည်း ဤအရာနှစ်ခုကို ပေါင်းစပ်ခြင်းမှာ မကြုံစဖူးကိစ္စတစ်ရပ်ပင်။

မှတ်ချက်စကားများကို လျစ်လျူရှုရင်း ကျန်းရွှမ်က အနီးအနားရှိ အမျိုးသမီးငယ်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"ဒီလူကို အရင်က ဘယ်သူက ကုသပေးနေခဲ့တာလဲ...သူ ဒီမှာ ရှိသေးလား...ငါက သူနဲ့ စကားပြောဖို့ လိုတယ်"

"ဟုတ်ကဲ့...သူ ဒီမှာရှိပါတယ်"

အမျိုးသမီးငယ်က ခေါင်းညိတ်ပြီး လူငယ်တစ်ဦးဘက်သို့ လှည့်ကြည့်လိုက်သည်။

"အစ်ကို...."

သူမ၏တိုက်တွန်းမှုဖြင့် လူငယ်သည် စိတ်မကျေမနပ်ဖြစ်နေသော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်ပြကာ သူ၏လက်အောက်ငယ်သားများကို လက်ဟန်ပြလိုက်သည်။

"အဲ့ဒီလူကို ဒီနေရာဆီ ခေါ်လာခဲ့စမ်း..."

"ဟုတ်ကဲ့ သခင်လေး"

သူတို့အနက်မှတစ်ဦးက အမိန့်နာခံပြီး ထွက်သွားကာ မကြာမီမှာပင် အသက်သုံးဆယ်ကျော်အရွယ် ဆေးဆရာတစ်ဦးနှင့်အတူ ပြန်ရောက်လာသည်။ ထိုဆေးဆရာ၏မျက်နှာသည် ရောင်ကိုင်းနေပြီး သွေးများစွန်းထင်းနေကာ မကြာသေးမီက ပြင်းထန်စွာ ရိုက်နှက်ခံထားရသည့် လက္ခဏာများ ရှင်းလင်းစွာ ပြသနေသည်။

ထိုလူသည် အခန်းအတွင်းသို့ ဝင်ရောက်လာသည်နှင့် လဲကျသွားပေ၏။

"သခင်လေးစွန်း.....ငါ မှားပါတယ်...ငါက ရင်းမြစ်ဒင်္ဂါးတစ်သန်းရဖို့ လောဘတက်ခဲ့တာကြောင့် အတုအယောင်ဆေးညွှန်းတစ်ခုကို ဖော်စပ်ခဲ့မိတယ်...ဒီဆေးပင်တွေအားလုံးက အားဖြည့်ပေးတဲ့အရာတွေချည်းပါပဲ..သူတို့က သခင်ကြီးစွန်းရဲ့ သေဆုံးမှုကို ဖြစ်စေလိမ့်မယ်လို့ ငါ တစ်ခါမှ မျှော်လင့်မထားခဲ့မိဘူး"

"တိတ်စမ်း"

သခင်လေးစွန်းက အော်ငေါက်ပြီး ကျန်းရွှမ်ကို ညွှန်ပြလိုက်သည်။

"ဒီလူက မင်းကို မေးခွန်းတွေ မေးစရာရှိနေတယ်"

ဆေးဆရာက ကျန်းရွှမ်ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။

သို့ရာတွင် ကျန်းရွှမ်က အရင်ဆုံးစကားစလိုက်၏။

"မင်း ပြောခဲ့တဲ့အတိုင်း ဒီဆေးညွှန်းက အားဖြည့်ဆေးပင်တွေနဲ့ ဖွဲ့စည်းထားတယ်ဆိုရင် ငါ့ကို ပြလို့ရမလား..."

ကျန်းရွှမ်၏ရည်ရွယ်ချက်အပေါ် ဇဝေဇဝါနေသော်လည်း ဆေးဆရာသည် ယခုအချိန်တွင် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် အကြောင်းမရှိတော့ကြောင်း သိရှိထားသည်။ သူသည် သူ၏အိတ်ကပ်အတွင်းမှ ဆေးညွှန်းစာရွက်တစ်ရွက်ကို ထုတ်ယူကာ လက်ကမ်းပေးလိုက်၏။

"ဒီဆေးက ဒဏ်ရာဟောင်းတွေကို သက်သာစေတယ်လို့ လူသိများတယ်....ငါကိုယ်တိုင်တောင် ဒီဆေးညွှန်းအတိုင်း ပြင်ဆင်ပြီးသောက်ခဲ့ဖူးတယ်...ဒါက ဘာဆိုးကျိုးမှ မရှိခဲ့ဘူး....သခင်ကြီးစွန်းက ဒီဆေးကို သောက်ပြီးတဲ့နောက်မှာ ဘာလို့ အသက်ရှူရခက်ပြီး သေဆုံးသွားလဲဆိုတာ ငါ တကယ်မသိဘူး"

ကျန်းရွှမ်က ဆေးညွှန်းကို လျင်မြန်စွာ ဖတ်ကြည့်လိုက်သည်။

"ဘယ်လိုနေလဲ.....သူ့ကို ကယ်နိုင်သေးလား" သခင်မလေးစွန်းက စိုးရိမ်ပူပန်တကြီး မေးမြန်းသည်။

"အင်း..."

ကျန်းရွှမ်က ခေါင်းညိတ်ပြပြီး စွန်းချန်ကို ကြည့်လိုက်သည်။

"သခင်ကြီးစွန်းကို မှောက်ပြီး ပွေ့ချီလိုက်စမ်း"

"နားလည်ပါပြီ"

စွန်းချန်က ရှေ့သို့တိုးသွားပြီး ယခုချိန်၌ တောင့်တင်းနေသော စွန်းချန်ယို၏ခန္ဓာကိုယ်ကို ဆွဲယူကာ မှောက်လိုက်၏။

"မင်းတို့ ဘာလုပ်နေတာလဲ"

သခင်လေးစွန်းနှင့်တခြားလူများအားလုံး ထိတ်လန့်သွားကြသည်။ သေဆုံးသွားလျှင်ပင် ရိုသေလေးစားရသော အကြီးအကဲတစ်ဦး၏ ခန္ဓာကိုယ်ကို မရိုမသေကိုင်တွယ်ခြင်း မပြုသင့်ချေ။

"ရပ်လိုက်စမ်း..."

သခင်လေးစွန်းက စွန်းချန်ကို တားရန် မတ်တတ်ထရပ်လိုက်ပြီး သူ၏လက်ကို ဆန့်တန်းလိုက်သည်။ သို့ရာတွင် သူ စွန်းချန်၏အနီးသို့ မရောက်မီမှာပင် ကျန်းရွှမ်က သူ့ကို လက်ချောင်းများဖြင့် ညင်သာစွာတို့ထိလိုက်သည်။

ဖြောက်..

လျှပ်စီးကြောင်းဖြင့် ရိုက်ခတ်မိသည့်အလား သခင်လေးစွန်း၏လက်သည် ထုံကျင်သွားပြီး သူသည် ခြေလှမ်းခုနစ်လှမ်း ရှစ်လှမ်းခန့် နောက်သို့ ယိမ်းယိုင်သွားကာ သူ၏လက်ကိုပင် မမြှောက်နိုင်တော့ချေ။

သူ၏မျက်လုံးများ ထိတ်လန့်တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားပြီး သူ၏ရှေ့မှလူငယ်ကို အထင်သေးခဲ့မိကြောင်း သူ သိလိုက်သည်။ ဤလူငယ်သည် ဆေးပညာတွင် ကျွမ်းကျင်သော်လည်း စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် သို့မဟုတ် ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်တွင်သာ ရှိနိုင်မည်ဟု သူ ယူဆခဲ့သည်။ သို့ရာတွင် ဤလှုပ်ရှားမှုတစ်ခုတည်းဖြင့် ထိုလူငယ်သည် ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ် သို့မဟုတ် ကျောက်စိမ်းအရိုးနယ်ပယ်သို့ ရောက်ရှိနေသည့် စွမ်းအားမျိုးရှိကြောင်း ညွှန်ပြနေသည်။

'အဖြူရောင်ကျောက်တုံးမြို့တော်မှာ ဒီလို ထူးချွန်တဲ့ အရည်အချင်းရှိသူမျိုး ဘယ်တုန်းက ထွက်ပေါ်လာခဲ့တာလဲ'

တွန်းထုတ်ခံရပြီးနောက် ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိတော့သော သခင်လေးစွန်းသည် ကျန်းရွှမ်က မှောက်ထားသော စွန်းချန်ယိုအပေါ် အာရုံစိုက်နေသည်ကို ကြည့်နေလိုက်သည်။ ထို့နောက် ကျန်းရွှမ်က သူ၏လက်သီးကိုဆုပ်ကာ စွန်းချန်ယို၏ဝမ်းဗိုက်ကို တစ်ချက်ထိုးလိုက်၏။

ထိုထိုးနှက်ချက်သည် ဗုံတစ်လုံးကိုတီးလိုက်သကဲ့သို့ အသံဖြင့် ကျရောက်သွားသည်။ အချိန်ကြာမြင့်စွာ တောင့်တင်းနေခဲ့သော စွန်းချန်ယို၏ခန္ဓာကိုယ်မှ ရုတ်တရက် လည်ချောင်းသံတစ်သံ ပြုလိုက်ပြီး မသတီဖွယ်အရာတစ်ခုကို ထုတ်လွှတ်လိုက်သည်။

"အဖေ..."

သခင်လေးစွန်းက အော်ဟစ်လိုက်၏။

သူ၏မျက်လုံးအတွင်းမှ မယုံကြည်နိုင်သော အကြည့်သည် ကြာရှည်မခံလိုက်ချေ။ ကျန်းရွှမ်၏လက်သီးများသည် မုန်တိုင်းကဲ့သို့ ဆက်တိုက်ကျဆင်းသွားပြီး စွန်းချန်ယို၏ခန္ဓာကိုယ်ကို ထိုးနှက်နေသည်။

လူများအားလုံး အံ့အားသင့်စွာ ကြည့်နေကြစဉ်မှာပင် ဆယ်နှင့်ချီသောလက်သီးချက်များ ထိုးနှက်အပြီး၌ တောင့်တင်းနေသော အလောင်းသည် ရေခဲအရည်ပျော်သွားသော ငါးတစ်ကောင်ကဲ့သို့ ပျော့ပျောင်းလာသည်ကို သိသာထင်ရှားစွာ မြင်တွေ့လိုက်ရသည်။

ကျန်းရွှမ်က အသက်ရှူထုတ်လိုက်ပြီး သူ၏လက်သီးများကို ဖြေလျှော့ပြီး သူ၏လက်ညှိုးဖြင့် စွန်းချန်ယို၏နဖူးပေါ်သို့ ဖိလိုက်သည်။ ကုသမှုကို အဆုံးသတ်ပြီးနောက် သူက ပြောဆိုလိုက်၏။

"သူ့ကို အောက်ကိုချလိုက်တော့"

စွန်းချန်က အကြီးအကဲစွန်းကို ညင်သာစွာ ချပေးလိုက်ရာ သူသည် ကြမ်းပြင်နှင့် ထိလိုက်သည်နှင့် လှုပ်ရှားလာပုံရသည်။ သူ၏ဝမ်းဗိုက်မှ ရုတ်တရက် စွမ်းအင်စီးကြောင်းတစ်ခု မြင့်တက်လာပြီး ချောင်းဆိုးသံများ ထွက်ပေါ်လာသည်။

အဟွတ်....အဟွတ်...အဟွတ်....

တစ်ချိန်က သေဆုံးသွားပြီဟု သတ်မှတ်ခံရသောလူသည် ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်၏။

"သူ... အသက်ရှင်လာပြီလား..."

လူများအားလုံး အံ့အားသင့်သွားကာ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ကျန်းရွှမ်ကို ထောက်ခံခဲ့သော သခင်မလေးစွန်းပင်လျှင် မျက်လုံးများပြူးကျယ်စွာဖြင့် စူးစိုက်ကြည့်နေပြီး သူမ မြင်တွေ့နေရသည့်အရာကို နားလည်နိုင်ရန် ကြိုးစားနေသည်။

သူမသည် သူမ၏ဖခင်၏ခန္ဓာကိုယ်ကို သူမကိုယ်တိုင် စစ်ဆေးခဲ့သည်။ သူထံတွင် နှလုံးခုန်ခြင်းမရှိသည့်အပြင် ထိတွေ့ရသည်မှာ အေးစက်နေပြီး သေဆုံးသွားသည်ကို ငြင်းဆန်၍မရချေ။ သို့ရာတွင် ကျန်းရွှမ်ထံမှ လက်သီးချက်ပေါင်းများစွာကို ခံယူပြီးနောက် သူ ပြန်လည်အသက်ရှင်လာခဲ့သည်။

ဤသည်မှာ အံ့ဖွယ်ကိစ္စတစ်ရပ်ဖြစ်ရုံသာမက နတ်ဘုရားများ၏ကြားဝင်စွက်ဖက်မှု ဖြစ်လုနီးပါးပင်။

"ဘာ... ဘာဖြစ်သွားတာလဲ...မင်းတို့အားလုံး ဘာလို့ ပြန်ရောက်နေကြတာလဲ"

စွန်းချန်ယိုက စိတ်ရှုပ်ထွေးစွာဖြင့် ထထိုင်ရန် ကြိုးစားလိုက်၏။

"သခင်ကြီး...ဖြစ်ပုံက ဒီလိုပါ..."

အိမ်တော်ထိန်းဖုန်းက မကြာသေးမီက ဖြစ်ရပ်များကို အသေးစိတ်ကျကျ ပြန်ပြောပြလိုက်သည်။

သူ သေဆုံးသည်ဟု ကြေညာခံရပြီး ယခု ပြန်လည်အသက်ရှူနေသည်ကို သိရှိချိန်၌ စွန်းချန်ယိုက ကျေးဇူးတင်မှုများ ပြည့်နှက်နေသော မျက်လုံးအကြည့်ဖြင့် ကျန်းရွှမ်ကို ကြည့်လိုက်သည်။

"ငါ့ရဲ့အသက်ကို ကယ်တင်ပေးတဲ့အတွက် သခင်လေးကို ကျေးဇူးတင်ပါတယ်..."

"ကျွန်တော့်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး... ခင်ဗျားရဲ့သမီးက ကုသငွေကိုပေးချေဖို့ သဘောတူထားတာကြောင့် ကျွန်တော်တို့က ကိုယ့်အပိုင်းကိုကိုယ် လုပ်ဆောင်နေတာပါ"

ကျန်းရွှမ်က လက်ကာပြလိုက်သည်။

သခင်မလေးစွန်းက အချက်ပြလိုက်ရာ အိမ်တော်ထိန်းက ထူထပ်သောရင်းမြစ်ဒင်္ဂါးငွေလက်မှတ်တစ်ထပ်ကို လက်ကမ်းပေးလေသည်။

"ကျွန်မရဲ့အဖေ့ကို ကယ်တင်ပေးတဲ့အတွက် သခင်လေးကို ကျေးဇူးတင်ပါတယ်... ဒါက ရှင့်ကိုကတိပေးထားတဲ့ ကုသငွေပါ"

စွန်းချန်က ထိုအရာကို တက်တက်ကြွကြွယူလိုက်သည်။ ဤသည်မှာ ရင်းမြစ်ဒင်္ဂါးနှစ်သန်း အတိအကျပင်။

"ဒါပေမယ့် ညီမလေး...သူက အဖေ့ကို ပြန်အသက်ရှင်သန်အောင် လုပ်ပေးပေမယ့် ပုန်းကွယ်နေတဲ့ ဝေဒနာတွေကို မဖြေရှင်းရသေးဘူး....ညီမလေးက အကုန်လုံးကို တစ်ခါတည်း ပေးလိုက်တာလား"

သခင်လေးစွန်းက မျက်မှောင်ကြုတ်လိုက်သည်။

အကယ်၍ ကုသမှုသည် သူတို့၏ဖခင်ကို ကယ်တင်နိုင်ပြီး သူ၏ကျန်းမာရေးပြဿနာများကို ဖြေရှင်းပေးနိုင်ပါက မူလဆုကြေးငွေရင်းမြစ်ဒင်္ဂါးတစ်သန်းအပြင် နောက်ထပ်တစ်သန်းထပ်ထည့်ပေးမည်ဟု ကတိပေးခဲ့သည်။

"ဒီသခင်လေးက အဖေ့ကို သေခြင်းတရားကနေ ပြန်ခေါ်လာနိုင်မှတော့ သူက အဖေကို အပြည့်အဝပျောက်ကင်းအောင် ကုသပေးနိုင်မယ်လို့ ကျွန်မ ယုံကြည်တယ်"

သခင်မလေးစွန်းက တုံ့ပြန်အဖြေပေးသည်။

"မင်းမှာ စူးရှတဲ့အမြင်ရှိသားပဲ...တကယ်လို့ မင်းသာ ငွေပေးချေမှုကို ချိုးဖောက်ခဲ့ရင် ဒီနေ့ကုသမှုက ဒီမှာတင် ပြီးဆုံးသွားမှာပဲ"

ကျန်းရွှမ်က စွန်းချန်ယိုထံသို့ ချဉ်းကပ်ကာ သူ၏သွေးခုန်နှုန်းကို တဖန်ပြန်၍စစ်ဆေးရင်း ပြတ်ပြတ်သားသား ပြောဆိုလိုက်၏။

ဤတစ်ကြိမ်တွင် မည်သူမျှ ဝင်မနှောင့်ယှက်ရဲတော့ချေ။ စွန်းချန်ယိုပင်လျှင် ကျန်းရွှမ်၏အာရုံစူးစိုက်မှုကို မနှောင့်ယှက်မိစေရန် အသက်အောင့်ထားသည်။

အချိန်တခဏအကြာတွင် ကျန်းရွှမ်က စွန်းချန်ယိုလက်ကောက်ဝတ်ကို လွှတ်လိုက်ပြီး ပြောဆိုသည်။

"ကျွန်တော် မမှားဘူးဆိုရင် လွန်ခဲ့တဲ့နှစ်တွေက ခင်ဗျားကို ဒဏ်ရာရစေခဲ့တဲ့ ရင်းမြစ်သားရဲက သံချပ်ကာကြွက်မြှီးသားရဲပဲဖြစ်တယ်... ဟုတ်တယ်မလား"

သံချပ်ကာကြွက်မြှီးသားရဲသည် စိမ်းစိုသော စိမ့်မြေများတွင် နေထိုင်သော ရှားပါးရင်းမြစ်သားရဲတစ်မျိုးဖြစ်ကာ သင်းခွေချပ်နှင့်တူသော်လည်း ထိုသားရဲ၏ ကြွက်နှင့်တူသောအမြှီးကြောင့် လူသိများသည်။

"မင်းက ဘယ်... ဘယ်လိုလုပ်ပြီး သိတာလဲ"

စွန်းချန်ယို၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပေ၏။

သူသည် ရင်းမြစ်သားရဲတစ်ကောင်ကြောင့် ဒဏ်ရာရခဲ့သည်ကို လူအမြောက်အများ သိရှိထားသော်လည်း အတိအကျအမျိုးအစားကိုမူ တစ်ကြိမ်တစ်ခါမျှ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိချေ။ ဤလူငယ်ဆေးဆရာသည် သူ၏သွေးခုန်နှုန်းကို စမ်းရုံဖြင့် ဤကိစ္စကို ဖော်ထုတ်နိုင်ခဲ့သည်မှာ သူကိုယ်တိုင်ပင် မယုံကြည်နိုင် ဖြစ်နေသည်။

"ကျွန်တော် ဘယ်လိုသိလဲဆိုတာ ထားလိုက်ပါတော့....ခင်ဗျား ဒီဝေဒနာကို အပြည့်အဝပျောက်ကင်းချင်လား"

ကျန်းရွှမ်က မေးမြန်းလိုက်သည်။

"ဒါပေါ့...."

စွန်းချန်ယိုက စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လိုက်၏။ သူသည် နှစ်ပေါင်းများစွာကြာအောင် ဆေးဆရာများကို ရှာဖွေခဲ့ပြီး ဆုငွေကို ရင်းမြစ်ဒင်္ဂါးတစ်သန်းအထိ တိုးမြှင့်ခဲ့ခြင်းမှာ သူ၏ဝေဒနာမှ သက်သာရာရလိုခြင်းကြောင့်ပင်။

"ကောင်းပြီလေ... ဒါဆိုရင်..."

ကျန်းရွှမ်၏မျက်ခုံးများ တွန့်ကွေးသွားသည်။

"ခင်ဗျားရဲ့ ဘောင်းဘီကို ချွတ်လိုက်ပါ..."

"...."

စွန်းချန်ယိုအပါအဝင် လူများအားလုံးသည် အံ့အားသင့်သွားကာ နေရာမှာပင် တောင့်တင်းသွားကြသည်။

'ဒါက ကုသမှု မဟုတ်ဘူးလား...ဘာလို့ ဘောင်းဘီကိစ္စ ပါလာရတာလဲ..'

လူအများ၏အမူအယာများကို မြင်တွေ့ချိန်၌ ကျန်းရွှမ်က ရှင်းပြလိုက်သည်။

"သံချပ်ကာကြွက်မြှီးသားရဲ ကိုက်ထားတဲ့ဒဏ်ရာက ခင်ဗျားရဲ့တင်ပါးပေါ်မှာ မဟုတ်လား.... အဲ့ဒီနေရာမှာ ကြွက်မြှီးအဆိပ် ရှိနေတာပဲ... ဒါကြောင့် ခင်ဗျားကို နှစ်ပေါင်းများစွာကြာအောင် ဝေဒနာခံစားနေရစေတာပဲ..."

"အဆိပ်လား...ငါက အဆိပ်သင့်နေတယ်လို့ မင်း ပြောချင်တာလား"

စွန်းချန်ယို၏စိတ်အတွင်းတွင် ဗြောင်းဆန်သွားသည်။

ယခင်က တချို့ဆေးဆရာများသည် သူ အဆိပ်သင့်ခြင်းဖြစ်နိုင်သည်ဟု အကြံပြုခဲ့သော်လည်း စစ်ဆေးမှုများမှ အဖြေထွက်မလာသည့်အပြင် အဆိပ်ဖြေဆေးများကလည်း အနည်းငယ်မျှမထူးခြားခဲ့ချေ။ ထို့ကြောင့် သူတို့သည် ဤဖြစ်နိုင်ခြေကို ပယ်ချခဲ့ကြသည်။ ဤသည်မှာ အမှန်တကယ်ကို အဆိပ်သင့်ခြင်း ဖြစ်နေသလော...။

"အမှန်ပဲ..."

ကျန်းရွှမ်က ခေါင်းညိတ်လိုက်၏။

"ခင်ဗျား ချွတ်မှာလား မချွတ်ဘူးလား..."

"ငါ ချွတ်ပါ့မယ်"

စွန်းချန်ယိုက ခေါင်းညိတ်ပြပြီး အခန်းအတွင်းရှိလူများကိုကြည့်ကာ အမိန့်ပေးလိုက်သည်။

"မင်းတို့အားလုံး နောက်ကိုလှည့်နေကြစမ်း"

သခင်လေးစွန်းနှင့် သခင်မလေးစွန်းအပါအဝင် လူများအားလုံး၏မျက်နှာများ နီမြန်းသွားပြီး နောက်သို့လှည့်သွားကြသည်။ ထိုအချိန်မှသာ စွန်းချန်ယိုသည် စိတ်အေးသွားပြီး သူ၏ခါးပတ်ကိုဖြေကာ ထိုနေရာကို ဖော်ပြလိုက်သည်။

သူသည် အသက်ကြီးသော်လည်း အရေးအကြောင်းနည်းပါးပြီး ချောမွေ့သော အသားအရေကို ထိန်းသိမ်းထားပေ၏။

"အဲ့ဒီသားရဲက ငါ့ရဲ့တင်ပါးကို ကိုက်ခဲ့တာပါ... ဒါပေမယ့် မြင်သာတဲ့ ဒဏ်ရာတော့ မရှိဘူး..."

စွန်းချန်ယိုက နီမြန်းနေသောမျက်နှာဖြင့် ရှင်းပြလိုက်သည်။

"ခင်ဗျားမှာ မြင်သာတဲ့ဒဏ်ရာ မရှိပေမယ့် အဲ့ဒီနေရာက ထုံကျဉ်သလို နာသလို ခံစားရတယ် မဟုတ်လား"

ကျန်းရွှမ်က သစ်သားချောင်းတစ်ချောင်းကို သတ်မှတ်ထားသော နေရာတစ်ခုပေါ်သို့ ဖိလိုက်သည်။

"ဟုတ်ကဲ့"

စွန်းချန်ယိုက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလေသည်။

"ကောင်းပြီလေ...ခင်ဗျားရဲ့အဝတ်အစားတွေကို ပြန်ဝတ်လိုက်ပါ"

ကျန်းရွှမ်က ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့"

စွန်းချန်ယိုက သူ၏ဘောင်းဘီလျင်မြန်စွာ ဝတ်ဆင်လိုက်ပြီး သူ၏စူးစမ်းလိုစိတ်ကို မထိန်းနိုင်တော့ချေ။

"သခင်လေး ..ငါ့ကို ကယ်တင်နိုင်သေးလား...ပြဿနာရဲ့ဇစ်မြစ်က ဘာလဲ"

ကျန်းရွှမ်က တုံ့ပြန်အဖြေပေးသည်။

"ခင်ဗျားကို ကိုက်ခဲ့တဲ့ သံချပ်ကာကြွက်မြှီးသားရဲက ဗီဇပြောင်းသားရဲတစ်ကောင်ပဲ... မြင်သာတဲ့ဒဏ်ရာ မကျန်ခဲ့ပေမယ့် သူက ခင်ဗျားကို ဒီနှစ်တွေအတွင်းမှာ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ အဆိပ်ကို ထိုးသွင်းခဲ့တယ်... ကျွန်တော် ခန့်မှန်းရသလောက် ခင်ဗျားရဲ့ ရောဂါလက္ခဏာတွေက *ရှန်အချိန်နဲ့ကျန်းအချိန်တွေမှာ ပိုဆိုးလာပြီးတော့ ချမ်းတုန်လာပြီး ခင်ဗျားရဲ့ဗိုက်ထဲက အရာအားလုံးကို အန်ထွက်စေလိမ့်မယ်..ဟုတ်တယ်မလား"

"မင်းက တကယ့်ကို နတ်ဆေးဆရာပါပဲ"

စွန်းချန်ယို အလွန်အံ့အားသင့်သွားသည်။

"ကျေးဇူးပြုပြီး ငါ့ကို ကယ်တင်ပေးပါ"

ရောဂါရှာဖွေရာ၌ ကျန်းရွှမ်၏တိကျမှုကြောင့် သူ သံသယဝင်စရာ အကြောင်းအရင်း တစိုးတစိမျှ မရှိတော့ချေ။

"ခင်ဗျားကို ကုသပေးဖို့က မခက်ခဲပါဘူး.. ဒါပေမယ့် ခင်ဗျားရဲ့ ဆန္ဒနဲ့ ယုံကြည်မှုအပေါ်မှာ မူတည်တယ်"

ကျန်းရွှမ်က တည်ငြိမ်စွာ ပြောဆိုသည်။

စွန်းချန်ယိုက တည်ကြည်လေးနက်စွာ ဦးညွှတ်လိုက်၏။

"ငါ မင်းကို အကြွင်းမဲ့ယုံကြည်ပြီးတော့ မင်း ပြောသမျှကို လိုက်နာပါ့မယ်"

"ခင်ဗျား သေချာလား"

ကျန်းရွှမ်က မေးမြန်းသည်။

"လုံးဝသေချာတယ်..."

စွန်းချန်ယိုက အတည်ပြုလိုက်သည်။

"ကောင်းပြီလေ...ဒါဆိုရင် အိုးကြီးတစ်လုံးကို ယူလာခဲ့ကြစမ်း...ငါတို့ သူ့ကို ပြုတ်ကြမယ်"

ကျန်းရွှမ်က ထုတ်ပြန်ကြေညာလိုက်သည်။

Zi (子) နာရီ: ည ၁၁:၀၀ မှ နံနက် ၀၁:၀၀ (11:00 PM - 01:00 AM) ထိ ဖြစ်ပြီး ကြွက် (Rat) နာရီလို့လည်း ခေါ်ပါတယ်။

Shen (申) နာရီ: နေ့လယ် ၀၃:၀၀ မှ ညနေ ၀၅:၀၀ (03:00 PM - 05:00 PM) ထိ ဖြစ်ပြီး မျောက် (Monkey) နာရီလို့လည်း ခေါ်ပါတယ်။

All Chapters