← Chapters

အသက်ကယ်တင်ခဲ့သော ကျေးဇူးတရား

Vol. 10 Ch. 147

အသက်ကယ်တင်ခဲ့သော ကျေးဇူးတရား

Vol. 10 Ch. 147

"ဘာ... ပြုတ်မယ်... ဟုတ်လား..."

စွန်းချန်ယိုသည် နေရာမှာပင် တောင့်တင်းသွားပေ၏။

"သခင်လေး...မင်း နောက်နေတာပဲဖြစ်မယ်"

"ကျွန်တော် အတည်ပြောနေတာပါ..နောက်နေတာ မဟုတ်ဘူး"

ကျန်းရွှမ်က ခံစားချက်ကင်းမဲ့သောလေသံဖြင့် တုံ့ပြန်အဖြေပေးသည်။

"ဒါ...ဒါက..."

စွန်းချန်ယို ဆွံ့အသွားသည်။

"သခင်လေး...ဒါဆိုရင် ရေကအရမ်းပူမှာပါ... အဖေ့ရဲ့ကျင့်ကြံဆင့်က ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်ကို ရောက်နေပေမယ့် သူ နစ်မြုပ်သွားရင် အပူလောင်ပြီး သေသွားနိုင်တယ်..."

သခင်မလေးစွန်းက ကူကယ်ရာမဲ့စွာဖြင့် ကြားဖြတ်ပြောဆိုသည်။

"သူ့ကို မပြုတ်ဘူးဆိုရင် သူ့ရဲ့ကလီစာတွေထဲမှာ စွဲကပ်နေတဲ့အဆိပ်တွေက ကျန်နေလိမ့်မယ်... ငါက သူ့ကို ပြန်အသက်ရှင်အောင် လုပ်ပေးခဲ့ပေမယ့် သုံးရက်အတွင်းမှာ သူ သေချာပေါက် သေသွားလိမ့်မယ်"

ကျန်းရွှမ်က ပြောဆိုလိုက်၏။

"ငါ ရှင်းရှင်းလင်းလင်း ပြောထားမယ်.. မင်းတို့ ဒီလမ်းကြောင်းကို ရွေးချယ်ရင် ငါက ကုသငွေပေးချေမှုကို ပြန်အမ်းမှာ မဟုတ်ဘူး"

စီးပွားရေးဆိုသည်မှာ တရားမျှတမှုနှင့် သက်ဆိုင်သဖြင့် နောက်ပိုင်းတွင် အငြင်းပွားမှုများ မဖြစ်စေရန် ကျန်းရွှမ်က ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့သည်။

သခင်မလေးစွန်းနှင့်သခင်လေးစွန်းတို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီးနောက် စွန်းချန်ယိုဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

စွန်းချန်ယိုသည် အချိန်တခဏကြာ တွေဝေတုံ့ဆိုင်းနေပြီးနောက် အံ့ကြိတ်ပြီး ပြောဆိုသည်။

"ဒီသခင်လေးက ငါ့ကို ပြန်အသက်ရှင်အောင် လုပ်ပေးခဲ့ပြီး ငါ့ရဲ့ဝေဒနာအခြေအနေနဲ့ အကြောင်းအရင်းကို တိတိကျကျ ဖော်ထုတ်နိုင်ခဲ့တယ်...သူက ငါ့ကို အကြောင်းပြချက်မရှိဘဲ ဒုက္ခပေးမှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်... သူပြောတဲ့အတိုင်း ငါ လုပ်မယ်.."

သူတို့ဖခင်၏ စိတ်ပိုင်းဖြတ်ထားမှုကို မြင်တွေ့ချိန်၌ စွန်းမောင်နှမနှစ်ယောက်သည် သူတို့၏ ကန့်ကွက်လိုမှုများကို မြိုသိပ်လိုက်ကြသည်။ သခင်မလေးစွန်းက ခေါင်းညိတ်ပြလိုက်ရာ အစေခံများသည် စတင်၍ အလျင်အမြန် လှုပ်ရှားလိုက်ကြ၏။ မကြာမီမှာပင် အိုးကြီးတစ်လုံးကို ပြင်ဆင်ပြီး ကြည်လင်သောရေများဖြင့် ဖြည့်ကာ ထိုအရာ၏အောက်တွင် မီးမွှေးလိုက်သည်။

အချိန်တခဏကြာ တုံ့ဆိုင်းနေပြီးနောက် စွန်းချန်ယိုသည် အိုးအတွင်းသို့ ဝင်လိုက်၏။ မကြာမီမှာပင် ရေသည် သူ၏လည်ပင်းအထိ မြင့်တက်လာပြီး သူ၏ခန္ဓာကိုယ်ကို လုံးလုံးလျားလျား ဖုံးလွှမ်းသွားသည်။ အစပိုင်းတွင် အပူချိန်သည် သူ့ကို သက်တောင့်သက်သာရှိစေသော်လည်း လျင်မြန်စွာ မြင့်တက်လာသည်။ စွန်းချန်ယိုထံတွင် သူ၏ကျင့်ကြံဆင့်စွမ်းအားရှိသော်လည်း ပူပြင်းသောအပူဒဏ်ကြောင့် စတင်ရုန်းကန်နေခဲ့သည်။

"သခင်လေး...အရမ်းပူတယ်...ငါ မခံနိုင်တော့ဘူး"

စွန်းချန်ယိုက သူ၏ခေါင်းကို ခက်ခက်ခဲခဲ မော့ကြည့်ရင်း ပြောဆိုသည်။

ကျန်းရွှမ်က အစောပိုင်းက ရိုက်နှက်ခံခဲ့ရသော ဆေးဆရာဘက်သို့ လှည့်ကြည့်လိုက်သည်။

"မင်းရဲ့ဆေးရည်ကို ဒီကို ယူလာခဲ့စမ်း..."

ဆေးဆရာသည် ထိတ်လန့်တုန်လှုပ်သွားပြီး သခင်လေးစွန်းကို စိုးရိမ်ပူပန်တကြီး ကြည့်လိုက်၏။ သူသည် ထပ်မံ၍ရန်ပြုခံရမည်ကို ကြောက်ရွံသောကြောင့် အလျင်အမြန်လိုက်နာကာ ဆေးရည်တစ်ခွက်ကို ယူလာပြီး ကျန်းရွှမ်ထံသို့ လက်ကမ်းပေးလိုက်သည်။

"သောက်လိုက်"

ကျန်းရွှမ်က အမိန့်ပေးသည်။

စွန်းချန်ယိုက ဆေးရည်ပန်းကန်ကို ယူပြီး တစ်ကျိုက်တည်း မော့ချလိုက်သည်။ ယခင်က သူ ထိုဆေးရည်ကို သိပ်အလေးမထားခဲ့သော်လည်း အိုးအတွင်းတွင် ထိုင်နေစဉ်ဤ သူ၏ဝမ်းဗိုက်မှ အေးမြသော ခံစားမှုတစ်ခု ချက်ချင်းမြင့်တက်လာပြီး ရေ၏အပူဒဏ်ကို တန်ပြန်ပေးသည်အား ခံစားလိုက်ရသည်။

"ကြည့်လိုက်အုံး.... ရေက အရောင်ပြောင်းနေပြီ" လူအုပ်အကြားမှ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

သခင်မလေးစွန်းက အိုးအတွင်းသို့ ငုံ့ကြည့်လိုက်ရာ ရေသည် အဝါရောင်ဖျော့ဖျော့သို့ ပြောင်းနေသည်ကို တွေ့လိုက်ရပြီး သူမ၏ဖခင်၏ခန္ဓာကိုယ်မှ တစ်စုံတစ်ခုကို ဆွဲထုတ်နေသကဲ့သို့ ဖြစ်နေသည်။ ရေဆူလာသည်နှင့်အမျှ အရောင်သည် ပို၍ရင့်လာပေ၏။

"ဖြစ်နိုင်တာတော့.. သူ ခုဏက... ဖြစ်သွားတာလား"

တစ်စုံတစ်ယောက်က သတိကြီးစွာဖြင့် တီးတိုးရေရွတ်လိုက်သည်။

စွန်းချန်ယို၏မျက်နှာ မည်းမှောင်သွားသည်။

"မဟုတ်က ဟုတ်ကတွေ..."

သူတို့သည် ဤကဲ့သို့အရာမျိုးကို မှန်းဆဝံ့သလော...

"အဟွတ်...အဟွတ်..."

စောင့်ကြည့်နေသူများကို ဆူပူကြိမ်းမောင်းပြီးနောက် စွန်းချန်ယိုက စိတ်ရှုပ်ထွေးစွာဖြင့် ကျန်းရွှမ်ကို ကြည့်လိုက်သည်။

"သခင်လေး...ဘာဖြစ်နေတာလဲ...ငါက တကယ်ကြီး... အဲ့ဒီလို လုပ်မိတာလား"

ကျန်းရွှမ်က သက်ပြင်းရှိုက်လိုက်၏။

"ဒါက ဆူပွက်နေတဲ့ရေက သံချပ်ကာကြွက်မြှီးသားရဲရဲ့အဆိပ်ကို ထုတ်ပစ်နေတာပဲ..."

အကယ်၍ သူသာ မစင်စွန့်မိခဲ့လျှင် သူ ခံစားမိပေလိမ့်မည်။

ဤစကားကိုကြားချိန်တွင် စွန်းချန်ယိုသည် စိတ်အေးသွားပြီး လူတိုင်း၏ရှေ့တွင် အရှက်မကွဲသည့်အတွက် ကျေးဇူးတင်နေမိသည်။

ဆေးစွမ်းအားက သူ့ကို ထိန်းထားပေးသောကြောင့် စွန်းချန်ယိုသည် ဆူပွက်နေသောရေကို ခံနိုင်ရည်ရှိခဲ့သည်။ သို့ရာတွင် ရေသည် အဝါရောင်ရင့်ရင့်သို့ ပြောင်းလဲလာပြီး ပို၍ပြင်းထန်စွာ ဆူပွက်လာချိန်၌ သူသည် သူ၏ အကန့်အသတ်သို့ စတင်၍ရောက်ရှိလာတော့သည်။

"ဒါက အရမ်းပူတယ်..."

သူ၏အသားအရေသည် နီမြန်းလာပြီး ပြုတ်ထားသော ပုစွန်တစ်ကောင်နှင့် တူညီနေသည်။

"အခု ထွက်လာတော့"

ကျန်းရွှမ်က ညွှန်ကြားလိုက်သည်။

စိတ်သက်သာရာရသွားသော စွန်းချန်ယိုသည် အိုးအတွင်းမှ ခုန်ထွက်လိုက်၏။ ဤမျှကြာအောင် အပြုတ်ခံခဲ့ရသော်လည်း သူ၏ခန္ဓာကိုယ်သည် ပေါ့ပါးပြီး သက်တောင့်သက်သာရှိနေကာ ပြန်လည်လန်းဆန်းစေသော ရေနွေးငွေ့စမ်းချောင်းမှ ထွက်လာသကဲ့သို့ ခံစားနေရသည်။

စိတ်ရှုပ်ထွေးနေသော စွန်းချန်ယိုသည် သူ၏လက်သီးကိုဆုပ်ကာ သူ၏အစစ်အမှန်စွမ်းအားကို လှည့်ပတ်လိုက်သည်။ သူ၏အရိုးများမှ တဂျွတ်ဂျွတ်မြည်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်သည် ပို၍အရပ်ရှည်လာပုံရကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်နေသည်။

"ဒါက... ရင်းမြစ်ရေအိုင်နယ်ပယ်ရဲ့ သတ္တမအဆင့်ဖြစ်တဲ့ ကျောက်စိမ်းအရိုးနယ်ကယ်လား"

သူ၏မျက်လုံးသူငယ်အိမ်များသည် အံ့အားသင့်မှုကြောင့် ကျဥ်းမြောင်းသွားပေ၏။

သူသည် သူ့ထံတွင် ရောဂါလက္ခဏာများ ကျန်မကျန်ကို စစ်ဆေးရန်သာ ရည်ရွယ်ခဲ့သော်လည်း မမျှော်လင့်ဘဲ သူ့ကို နှစ်ပေါင်းများစွာကြာအောင် တားဆီးထားခဲ့သော အတားအဆီးကို ချိုးဖျက်နိုင်ခဲ့သည်။ ဤသည်မှာ သူ့ကို အဖြူရောင်ကျောက်တုံးမြို့၏ ထိပ်သီးကျင့်ကြံသူတစ်ဦးအဖြစ်သို့ မြှင့်တင်ပေးခဲ့လေ၏။

"အဖေ...အဖေ အပြည့်အဝပြန်ကောင်းသွားပြီလား"

ဤမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသော သခင်မလေးစွန်းသည် စိတ်လှုပ်ရှားသွားကာ သူမ၏မျက်နှာ နီမြန်းသွားသည်။ သူမဖခင်၏ အခြေခံအုတ်မြစ်သည် ကျင့်ကြံဆင့်ချိုးဖျက်ရန်အတွက် လုံလောက်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်ပြီဖြစ်သော်လည်း သူ၏ရောဂါမှ ထိုအရာကို ဖိနှိပ်ထားခဲ့သည်။ ယခုချိန်၌ သူသည် ကျင့်ကြံဆင့်ချိုးဖျက်နိုင်ခဲ့သဖြင့် သူ၏ဝေဒနာများ အပြည့်အဝပျောက်ကင်းသွားပြီဟု ဆိုလိုသလော။

"ငါ့ရဲ့ နာကျင်မှုနဲ့ မသက်မသာဖြစ်မှုတွေအားလုံး ပျောက်သွားပြီ"

စွန်းချန်ယိုက လေထုသို့ လက်သီးချက်များ ထိုးနှက်လိုက်ရာ လေတိုးသံများမြည်ဟီးလာပြီး သူ၏ခွန်အားသည် နွားရိုင်းတစ်ကောင်ကဲ့သို့ ဖြစ်နေပေ၏။ သူ၏ခန္ဓာကိုယ်တွင်းကလီစာများစုတ်ပြဲနေသကဲ့သို့ ခံစားရမှုသည်လည်း ပျောက်ကွယ်သွားသည်။

"သံချပ်ကာကြွက်မြှီးသားရဲရဲ့အဆိပ်က အပြည့်အဝ ပျက်ပြယ်သွားပြီ... ဒါကြောင့် ခင်ဗျားရဲ့ခန္ဓာကိုယ်က ပြန်ကောင်းသွားပြီ"

ကျန်းရွှမ်က မသိမသာဦးညွှတ်ပြီး ပြောဆိုလိုက်သည်။

"ခင်ဗျားရဲ့ရောဂါ ပျောက်ကင်းသွားပါပြီ... ကျွန်တော်က ဆုငွေကိုယူပြီးပြီဆိုမှတော့ နှုတ်ဆက်ခဲ့ပါတယ်"

"ခဏနေပါအုံး...."

စွန်းချန်ယိုက နောက်သို့အလျင်အမြန် လှည့်လိုက်သည်။

"သမီး...ပွဲတော်တစ်ခုကို အမြန်ဆုံး ပြင်ဆင်လိုက်စမ်း... ငါက ဒီသခင်လေးကို ဧည့်ခံရမယ်"

"ပွဲတော်လုပ်ဖို့ မလိုအပ်ပါဘူး...ကျွန်တော့်မှာ အရေးကြီးတဲ့ကိစ္စတွေ လုပ်စရာရှိတယ်"

ကျန်းရွှမ်က သူ၏လက်ကိုဝှေ့ယမ်းပြီး ငြင်းဆိုလိုက်သည်။

"ကျွန်တော့်ရဲ့နာမည်က ကျန်းရွှမ်ပါ...အဖြူရောင်ကျောက်တုံးကျောင်းတော်က ဆရာတစ်ယောက်ပဲ...အနာဂတ်မှာ ခင်ဗျား နေမကောင်းဖြစ်ရင် ကျွန်တော့်ကို လာရှာပါ...ငွေပေးချေမှု ရှိနေသရွေ့ တခြားအရာအားလုံးက သာမညပဲ"

စွန်းချန်ယိုက နားလည်သဘောပေါက်သွားကာ ခေါင်းညိတ်လိုက်၏။

"မင်းက ဒီလိုကျွမ်းကျင်မှုမျိုး ပိုင်ဆိုင်ထားတာ အံ့အားသင့်စရာ မရှိတော့ဘူး...မင်းက အဖြူရောင်ကျောက်တုံးကျောင်းတော်က ဆရာတစ်ယောက်ဖြစ်နေမှတော့ ဒါတွေအားလုံးက အဓိပ္ပာယ်ရှိသွားပြီ"

ကျောင်းတော်သည် အဖြူရောင်ကျောက်တုံးမြို့တွင် နာမည်ဂုဏ်သတင်းကြီးမားသော နေရာတစ်နေရာပင်။

"ဆရာကျန်း...တကယ်တမ်းက ဘာတွေဖြစ်ခဲ့တာလဲ...ကျွန်မရဲ့အဖေ သေဆုံးနေခဲ့တာကို ရှင်က ပြန်ရှင်သန်လာအောင် လုပ်ခဲ့တယ်...ပြီးတော့ သူ့ကို ပြုတ်လိုက်တာက သူ့ရဲ့ရောဂါကို ပျောက်ကင်းစေခဲ့တယ်...ဒါက ဘယ်လိုလုပ်ခဲ့တာလဲ"

သခင်မလေးစွန်းသည် သူမ၏စူးစမ်းလိုစိတ်ကို မထိန်းချုပ်နိုင်တော့ချေ။

တခြားလူများသည်လည်း ထပ်တူထပ်မျှ စိတ်ရှုပ်ထွေးနေကာ သူတို့၏မျက်လုံးအကြည့်ကို ကျန်းရွှမ်ဘက်သို့ လှည့်လိုက်ကြသည်။ ဆေးကုသမှုအမှားကို ပြုလုပ်ခဲ့သော ဆေးဆရာပင်လျှင် ရှင်းပြချက်ကို ကြားလိုဇောဖြင့် အနားသို့ တိုးကပ်လာသည်။

"ကျွန်တော် အစောပိုင်းက ပြောခဲ့သလိုပဲ...သခင်ကြီးစွန်းက ဗီဇပြောင်းသံချပ်ကာကြွက်မြှီးသားရဲရဲ့ အဆိပ်သင့်ခဲ့တာပါ...ဒီအဆိပ်က ရေဓာတ်ဖြစ်တဲ့အတွက် ယင်စွမ်းအားပြင်းထန်တဲ့ ရှန်အချိန်နဲ့ကျစ်အချိန်တွေမှာ ထကြွလာပြီးတော့ ပြင်းထန်တဲ့နာကျင်မှုကို ဖြစ်စေတယ်"

ကျန်းရွှမ်က ဆေးဆရာကို ညွှန်ပြရင်း ရှင်းပြလိုက်သည်။

"သူ့ရဲ့ဆေးညွှန်းမှာ အားဖြည့်ပေးတဲ့ ပါဝင်ပစ္စည်းတွေ အများကြီး ပါပေမယ့်...ရေမြက်နဲ့ ချင်းထိုပန်းတို့လို ရေဓာတ်ဆေးပင်တွေကို ထည့်သွင်းလိုက်တာက... အဆိပ်ရဲ့အာနိသင်ကို ပိုဆိုးသွားစေပြီးတော့ ရောဂါလက္ခဏာတွေကို ပြင်းထန်လာပြီး သခင်ကြီးစွန်းကို သတိလစ်မေ့မြောသွားစေခဲ့တယ်"

"ကျွန်တော်က သူ့ရဲ့ဗိုက်ကို ထိုးနှက်ပြီးတော့ ဆေးတွေကို ပြန်ထုတ်ခဲ့တယ်...ဒါက သူ့ကို အသက်ပြန်ရှင်လာစေခဲ့တယ်.... ပြီးတော့ သူ့ရဲ့ရေဓာတ်အဆိပ်ကို ဖယ်ရှားဖို့အတွက် ဆူပွက်နေတဲ့အိုးထဲက ပြင်းထန်တဲ့အပူကို အသုံးချခဲ့တယ်....ကံကောင်းစွာနဲ့ ကျွန်တော်ရဲ့ကုသမှုက အလုပ်ဖြစ်သွားခဲ့တယ်"

သခင်မလေးစွန်းသည် အသေးစိတ်ကို ရှုပ်ထွေးနေသေးသော်လည်း ကျန်းရွှမ်အပေါ် တည်ကြည်လေးနက်သော ကြည်ညိုလေးစားမှုကို ခံစားမိပေ၏။

"သွားခွင့်ပြုပါအုံး"

ကျန်းရွှမ်သည် ကြာရှည်ဆက်မနေတော့ဘဲ စွန်းချန်နှင့်အတူ ထွက်ခွာသွားသည်။

သူ့ကို စောင့်ကြိုနေသော အလုပ်များစွာ ရှိနေသဖြင့် သူ အချိန်မဖြုန်းနိုင်ချေ။

ကျန်းရွှမ် ထွက်ခွာသွားသည်နှင့် စွန်းချန်ယိုuဆေးဆရာဘက်သို့ လှည့်ကြည့်လိုက်သည်။

"မင်း ဆရာကျန်းရဲ့ နည်းလမ်းကို နားလည်လိုက်လား"

ဆေးဆရာက ခေါင်းခါလိုက်ပြီး သူ၏မျက်လုံးများသည် အံ့အားသင့်မှုဖြင့် ပြူးကျယ်နေသည်။

"သူက လွယ်လွယ်ကူကူ ရှင်းပြခဲ့ပေမယ့် အဆိပ်ရဲ့ဓာတ်သဘာဝကို ကျွန်တော် သိခဲ့ရင်တောင် အဲ့ဒီလို ကုသရဲမှာ မဟုတ်ဘူး... သူ့ရဲ့ ကျွမ်းကျင်မှုက နှိုင်းယှဉ်လို့မရလောက်အောင်ပဲ"

သူထံ၌ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ အတွေ့အကြုံများရှိသော်လည်း ဆေးဆရာတစ်ဦးသည် လူနာတစ်ဦးကိုမှောက်လှန်ခြင်း ဝမ်းဗိုက်ကိုထုနှက်ခြင်း လူနာကိုပြုတ်ခြင်းတို့ကို နားမလည်နိုင်ချေ။ ဤနည်းလမ်း၏အန္တရာယ်များသည် စိတ်ကူးမယဉ်နိုင်လောက်အောင်ပင်။

သို့ရာတွင် ကျန်းရွှမ်သည် ထိုလုပ်ငန်းစဉ်ကို အောင်မြင်မည်ဟု သိနေသည့်အလား အနည်းငယ်မျှ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ လုပ်ဆောင်ခဲ့သည်။ ဤသည်မှာ ဆေးပညာအပေါ် သူ၏ ပြိုင်ဘက်ကင်းနားလည်သဘောပေါက်မှုကို ပြသနေပြီး ဆေးဆရာ၏ နားလည်နိုင်စွမ်းထက် များစွာပို၍ ကျော်လွန်နေပေ၏။

"ကျန်းရွှမ်...အဖြူရောင်ကျောက်တုံးကျောင်းတော်..."

ဆေးဆရာ၏စကားကို ကြားပြီးနောက် သခင်မလေးစွန်းသည် အတွေးနက်အတွင်းသို့ ကျရောက်သွားသည်။

သူ့အကြောင်း ဆက်လက်၍ ပြောဆိုနေကြသည်ကို မသိဘဲ ကျန်းရွှမ်သည် သူ၏မြင်းပေါ်သို့တက်ကာ စွန်းချန်နှင့်အတူ မြို့တော်ဘက်သို့ အလျင်အမြန် အပြေးသွားနေသည်။

"နောက်ထပ်က ဘယ်သူလဲ"

ကျန်းရွှမ်က မေးမြန်းလိုက်သည်။

စွန်းချန်က မှတ်စုကိုကြည့်ပြီး တုံ့ပြန်အဖြေပေးသည်။

"ကျစ်ယီဥယျာဥ်ပိုင်ရှင်မှာ အဝါရောင်ပြောင်းနေတဲ့ လော့ယွီပန်းတစ်ပွင့် ရှိတယ်...အဲ့ဒါကို ပြန်ကောင်းအောင် လုပ်ပေးနိုင်ရင် ကျွန်တော်တို့က ရင်းမြစ်ဒင်္ဂါးတစ်သန်း ရနိုင်တယ်"

"ကောင်းပြီလေ...ကျစ်ယီဥယျာဥ်ကို သွားကြမယ်..."

ကျန်းရွှမ်က အမိန့်ပေးလိုက်သည်။

သူတို့၏မြင်းများသည် အရှိန်ဖြင့် အဝေးသို့ပြေးထွက်သွားပေ၏။

.....

အဖြူရောင်ကျောက်တုံးကျောင်းတော်... ကျောင်းအုပ်ကြီးရုံးခန်း

ရွှမ်လုံလက်ဝါးနည်းစနစ်နှင့်ပတ်သက်သော ကိစ္စများကို အဆုံးသတ်ပြီးနောက် လုမင်ရုန်သည် ကူးယူထားသော သိုင်းပညာနည်းစနစ်ကိုကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြန်လည်သုံးသပ်နေသည်။

အထွတ်အထိပ်အဆင့် နည်းစနစ်တစ်ခု...

ဟန်ယွမ်အင်ပါယာအတွင်း၌ပင် ထိုအရာသည် အလွန်တန်ဖိုးရှိပေလိမ့်မည်။ အဖြူရောင်ကျောက်တုံးမြို့သည် ဤကဲ့သို့နည်းစနစ်မျိုးကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးချေ။ သို့ရာတွင် ကျန်းရွှမ်၏ပံ့ပိုးကူညီမှုကြောင့် သူတို့တွင် ယခုချိန်၌ ထိုကဲ့သို့ နည်းစနစ်တစ်ခု ရှိနေလေပြီ။

အကယ်၍ ဤနည်းစနစ်ကို စိတ်နှစ်မြှုပ်၍ လေ့ကျင့်ပါက လုမင်ရုန်၏ခွန်အားသည် တိုးတက်လာပေလိမ့်မည်။ ယုလုံချင်းသည် ဓမ္မရုပ်သွင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့လျှင်ပင် သူ ကျော်လွန်နိုင်ပေလိမ့်မည်။

"သူက တကယ်ပဲ ကျောင်းတော်ရဲ့ ကံကောင်းခြင်းကြယ်ပွင့်ပဲ..."

လုမင်ရုန်က ကူကယ်ရာမဲ့စွာဖြင့် ပြန်လည်သုံးသပ်လိုက်။။

ကျန်းရွှမ် ဝင်ရောက်လာကတည်းက သင်ကြားရေးမှအစ မြို့၏ထိပ်သီးမိသားစုများ မြို့အရှင်အိမ်တော်တို့နှင့် ဆက်ဆံရေးအထိ အရာအားလုံး တိုးတက်လာခဲ့သည်။ ယခုချိန်တွင် အထွတ်အထိပ်အဆင့် နည်းစနစ်တစ်ခုကို ရရှိပြီးဖြစ်သောကြောင့် အဖြူရောင်ကျောက်တုံးကျောင်းတော်သည် မကြာမီ၌ ပတ်ဝန်းကျင်ရှိ မြို့ဆယ်မြို့ကြားတွင် ထိပ်ဆုံးသို့ ရောက်ရှိနိုင်ပေမည်။

"ကျောင်းအုပ်ကြီး..."

ဝူယွင်ကျိုးက အခန်းအတွင်းသို့ အလျင်အမြန် ပြေးဝင်လာသည်။

တခြားသူများသည် အထွတ်အထိပ်အဆင့် နည်းစနစ်တစ်ခုကို ရရှိပြီးနောက် အလျင်စလို လေ့ကျင့်နိုင်ကြသော်လည်း ကျန်းရွှမ်သည် ချက်ချင်းထွက်ခွာသွားခဲ့ခြင်းမှတဆင့် အရေးကြီးကိစ္စများရှိကြောင်း ညွှန်ပြနေပေ၏။ ထို့ကြောင့် ကျန်းရွှမ်လိုအပ်ပါက အထောက်အပံ့ပေးရန်အတွက် ဝူယွင်ကျိုးသည် သူ၏နောက်သို့ အရိပ်ပမာလိုက်ပါသွားခဲ့သည်။

"သူ.... သူ..."

ဝူယွင်ကျိုး၏မျက်လုံးများသည် မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်နေသည်။

"သူက စွန်းချန်ယိုရဲ့အိမ်ကို သွားခဲ့တယ်"

"စွန်းချန်ယို...သူ့ရဲ့သမီးက ဖင်းယွမ်မင်းသားနဲ့ လက်ထပ်ခဲ့တဲ့ အငြိမ်းစား နန်းတွင်းဂီတပညာရှင်လား... သူက အပြင်းအထန် နာမကျန်းဖြစ်နေတာကြောင့် ကုသဖို့အတွက် ဆေးဆရာတွေကို ရှာနေခဲ့တာ မဟုတ်လား"

လုမင်ရုန်က မေးမြန်းသည်။

All Chapters