အရှင်လင်း ရောက်ရှိလာခြင်း
Vol. 10 Ch. 148
"ဟုတ်ပါတယ်...ဒါက အဲ့ဒီလူပဲ.... ဆရာကျန်း ရောက်သွားပြီးတော့ သူ့ကို နည်းစနစ်တွေ အများကြီးနဲ့ ကုသပေးခဲ့တယ်...ဒါက သူ့ရဲ့အသက်ကို ကယ်တင်ရုံတင်မကဘဲ သူ့ခန္ဓာကိုယ်ထဲက သေစေနိုင်တဲ့အဆိပ်ကိုပါ အပြည့်အဝသန့်စင်ပေးနိုင်ခဲ့တယ်"
လက်ထောက်ကျောင်းအုပ်ကြီးဝူက ထိုမြင်ကွင်းကို အသေးစိတ်ဖော်ပြလိုက်သည်။
သူ၏ရှင်းပြချက်ကို ကြားပြီးနောက် လုမင်ရုန်၏မျက်လုံးများ ပြူးကျယ်သွားသည်။
"မင်းပြောချင်တာက သူက သေသူကို ပြန်အသက်ရှင်လာအောင် လုပ်နိုင်ရုံတင်မကဘဲနဲ့ ဆေးဆရာတွေအများကြီး မဖြေရှင်းနိုင်ခဲ့တဲ့ ရောဂါကိုပါ ပျောက်ကင်းအောင် ကုသပေးခဲ့တာလား.... သူ့ရဲ့ ဆေးပညာကျွမ်းကျင်မှုက ဘယ်တုန်းက ဒီလောက်ထိ ထူးချွန်သွားတာလဲ"
သေသူကို ပြန်လည်အသက်ရှင်စေခြင်းနှင့် ကျိုးနေသောအရိုးများကို ပြန်ဆက်ပေးခြင်းသည် ယခုအချိန်အထိ မဖြစ်နိုင်ဟု သူ ယုံကြည်ခဲ့သော ဒဏ္ဍာရီလာဖြစ်ရပ်များပင်။ ဤသည်ကို အံ့ဖွယ်ကိစ္စများ ဖန်တီးသူအဖြစ် လူသိများသူတစ်ဦးက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပေ၏။
"ငါက ဘယ်လိုလုပ်ပြီး သိမှာလဲ"
ဝူယွင်ကျိုးက ခါးသည်းစွာဖြင့် သက်ပြင်းရှိုက်ပြီး ခေါင်းခါယမ်းလိုက်သည်။
"ဒါတင်မကဘူး...အဲ့ဒီကိစ္စကို ဖြေရှင်းပြီးတဲ့နောက်မှာ ဆရာကျန်းက ကျစ်ယွီဥယျာဉ်ဆီကို ချက်ချင်းပြေးသွားတယ်...အဲ့ဒီနေရာက လော့ယွီပန်းတွေက အကြောင်းအရင်းမရှိဘဲနဲ့ ညှိုးနွမ်းသွားခဲ့ပြီးတော့ ဘယ်ဥယျာဉ်မှူးကမှ မကယ်တင်နိုင်ခဲ့ဘူး...သူက အဲ့ဒီပန်းတွေအပေါ်မှာ အရက်တစ်ပုလင်း လောင်းချပြီးတော့ အဝါရောင်သန်းနေတဲ့ အရွက်တွေကို ညှပ်ပေးလိုက်တယ်...အဲ့ဒီအပင်က မကြာခင်မှာပဲ ပြန်ပြီးစိမ်းလန်းလာတယ်"
"ဒါက... ဆေးပင်ဆိုင်ရာ ကျွမ်းကျင်မှုလား..."
လုမင်ရုန်၏မျက်လုံးများ ပြူးကျယ်သွားသည်။
ဝူယွင်ကျိုးက ခေါင်းညိတ်လိုက်သည်။
"အမှန်ပါပဲ...အဲ့ဒီနောက်မှာ သူက သင်းရနံ့ခန်းမဆောင်ကို သွားပြီးတော့ ပြင်းထန်တဲ့တိုက်ပွဲတစ်ခုကို တိုက်ခိုက်အပြီးမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သူခိုးလော့ချင်းခုံးကို ဖမ်းဆီးခဲ့တယ်... ပြီးတော့ သူက လက်နက်ပန်းပဲဆရာဟွာလုံကို လမ်းညွှန်ပေးဖို့ အေးစက်မိုးမခလမ်းကြားကို သွားခဲ့တယ်...အဲ့ဒီနောက်မှာ ဟွာလုံက အထွတ်အထိပ်အဆင့် နတ်ဘုရားလက်နက်တစ်ခုကို ဖန်တီးနိုင်ခဲ့တယ်"
"နောက်ပိုင်းမှာ သူက လျိုတန်းလမ်းကို သွားပြီး တော့ ဆယ်စုနှစ်တွေအများကြီး ကြာတဲ့အထိ ထိပ်သီးပညာရှင်တွေကို စိတ်ရှုပ်ထွေးစေခဲ့တဲ့ လင်းယွင်လျှို့ဝှက်သော့ခလောက်ကို ဖွင့်ခဲ့တယ်... လမ်းမှာ သူက လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်အကြာက အကြီးအကဲတုကျွီချန်ထားခဲ့တဲ့ ဒဏ္ဍာရီလာ စစ်တုရင်ပဟေဠိကိုတောင် ဖြေရှင်းခဲ့သေးတယ်"
"ဒါ...ဒါက..."
လုမင်ရုန်သည် ဤစကားများကို နားထောင်မိလေလေလေ ပို၍အံ့အားသင့်ပြီး စိတ်ရှုပ်ထွေးလာလေလေပင်။ သူသည် စိတ်မထိန်းနိုင်တော့ဘဲ ပြောဆိုလိုက်၏။
"ဒီတာဝန်တွေအားလုံးက ဆုကြေးငွေတွေအများကြီး ထုတ်ထားတာတွေချည်းပဲ"
"သေချာတာပေါ့...ဆရာကျန်းက ဆုကြေးငွေတွေ လိုက်ယူနေတဲ့ပုံပဲ....နေ့ဝက်မပြည့်ခင်မှာ သူက အနည်းဆုံး ရင်းမြစ်ဒင်္ဂါးဆယ်သန်းလောက် ရနေလောက်ပြီ"
ဝူယွင်ကျိုးက ရယ်ကျဲကျဲဖြင့် ပြောဆိုလိုက်သည်။
"ဒါဆို မင်းပြောချင်တာက....အဖြူရောင်ကျောက်တုံးမြို့နဲ့ တော်ဝင်မြို့တော်က ထိပ်သီးပညာရှင်တွေကို နှစ်ပေါင်းများစွာကြာတဲ့အထိ ဒုက္ခပေးခဲ့တဲ့ ဒီပြဿနာတွေအားလုံးကို သူက ဆုကြေးငွေတွေရဖို့အတွက်နဲ့ တိုတောင်းတဲ့အချိန်အတွင်းမှာ ဖြေရှင်းသွားခဲ့တာလား...."
လုမင်ရုန်၏မျက်လုံးများသည် မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားပေ၏။
ဤစိန်ခေါ်မှုများသည် ဒဏ္ဍာရီလာဖြစ်ပြီး သူ ငယ်စဉ်ကတည်းက ကြားဖူးခဲ့သော အရာများပင်။ ထိုအရာများ၏ကျော်ကြားမှုနှင့် ဆွဲဆောင်မှုရှိသော ဆုကြေးငွေများသည် ဒေသခံပညာရှင်များကိုသာမက အိမ်နီးချင်းမြို့များနှင့် တော်ဝင်မြို့တော်မှပညာရှင်များကိုပါ ဆွဲဆောင်နိုင်ခဲ့သော်လည်း သူတို့အားလုံး ကျရှုံးသွားခဲ့ကြသည်။
ပုံမှန်အားဖြင့် ဤပြဿနာများအနက်မှ တစ်ခုကို ဖြေရှင်းနိုင်ရုံဖြင့် တစ်စုံတစ်ယောက်သည် မြို့တစ်မြို့လုံးတွင် ကျော်ကြားသွားနိုင်သည်။ သို့ရာတွင် ကျန်းရွှမ်သည် ထိုအရာများအားလုံးကို ဖြေရှင်းခဲ့ကာ သူသည် တစ်နေရာပြီးတစ်နေရာ အပြေးသွားပြီး ဆုကြေးငွေများကို လွယ်လင့်တကူ စုဆောင်းနေသကဲ့သို့ ဖြစ်နေပေ၏။
"ဒါက ပြဿနာဖြေရှင်းတာ မဟုတ်ဘူး.. ငွေရှာတဲ့ ပွဲတော်ကြီးပဲ"
လုမင်ရုန်က အံ့အားသင့်စွာဖြင့် စဥ်းစားတွေးတောလိုက်သည်။
"အမှန်ပဲ...သူက အဲ့ဒီပြဿနာတွေအားလုံးကို ဖြေရှင်းခဲ့ရုံတင်မကဘူး...သူ့ရဲဖြေရှင်းနည်းတစ်ခုချင်းစီတိုင်းက အပြစ်အနာအဆာကင်းတယ်..."
ဝူယွင်ကျိုးက ခေါင်းညိတ်လိုက်သည်။
"ဒါကြောင့် ဒီဆရာကျန်းက သာမာန်ဆရာတစ်ယောက်သက်သက် မဟုတ်ဘူးလို့ ငါက သံသယဝင်နေမိတယ်... ဆေးပညာ စစ်တုရင်ပညာ ပန်းပဲပညာ နောက်ယောင်ခံပညာနဲ့ သစ်ပင်ပန်းမန်ဆိုင်ရာ ပညာရပ်တွေမှာ သူ့ရဲ့အရည်အချင်းတွေက ပြိုင်ဘက်ကင်း ဖြစ်နေတယ်"
လုမင်ရုန်သည် အလွန်အမင်းအံ့အားသင့်သွားကာ စကားမပြောနိုင်တော့ချေ။
သူသည် ယခင်က ကျန်းရွှမ်ကို သူ အလွန်အထင်ကြီးခဲ့မိသည်ဟု တွေးထင်ခဲ့သည်။ သို့ရာတွင် သူသည် ကျန်းရွှမ်ကို လျှော့တွက်ခဲ့မိကြောင်း သိလိုက်ရပေ၏။ ဤလူသည် မကုန်ခမ်းနိုင်သော ရွှေတွင်းတစ်ခုနှင့်တူပြီး အလှည့်တိုင်းတွင် ရတနာအသစ်များကို ထုတ်ဖော်ပြသကာ လူများအားလုံးကို အံ့အားသင့်တုန်လှုပ်စေပြီး ဆွဲဆောင်ထားနိုင်စွမ်းရှိပေ၏။
ကျန်းရွှမ်သည် ငွေများကို အသည်းအသန်ရှာဖွေနေကာ လုမင်ရုန်တို့သည် နားမလည်နိုင်စွာဖြင့် အံ့အားတသင့် စဥ်းစားတွေးတောနေကြသည်။
ထိုအချန်၌....
လျှူမိသားစုအိမ်တော်၏အပြင်ဘက်တွင် လျှူထျန်ကျန်းနှင့်အကြီးအကဲများသည် တံခါးမကြီးဘေးတွင် မတ်တတ်ရပ်ပြီး တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။
ရှုရှင်းပင်လျှင် သူ၏ပုံမှန်အပြုအမူများကို ထိန်းချုပ်ထားပြီး တစ်စုံတစ်ယောက်ကို စောင့်မျှော်နေသည့်အလား စိုးရိမ်ပူပန်သောမျက်လုံးများဖြင့် ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေသည်။
အမှန်အားဖြင့် ယနေ့သည် တော်ဝင်မြို့တော်မှ ကံကြမ္မာဆရာသခင်ဖြစ်သော အရှင်လင်းပုယန် ရောက်ရှိလာမည့်နေ့ပင်။
ကျန်းရွှမ်သည် ဖရိုဖရဲကံကြမ္မာဆရာသခင်ဖြစ်စေ ကံကြမ္မာဆရာသခင်ဖြစ်စေ လင်းပုယန် ရောက်လာသည်နှင့် ဖုံးကွယ်ထားနိုင်မည် မဟုတ်တော့ချေ။
"ဂီး..."
အချိန်မည်မျှကြာသွားကြောင်း မသိရသေးမီမှာပင် မိုးကောင်းကင်ယံ၌ လင်းယုန်တစ်ကောင်၏ အော်သံဖြင့် ပဲ့တင်ထပ်သွားသည်။ လူများအားလုံး မော့ကြည့်လိုက်ရာ ခုနစ်မီတာကျော်ရှိသည့် တောင်ပံများကိုဖြန့်ကျက်ထားသော အနက်ရောင်အကြေးခွံ ဖီးနစ်လင်းယုန်တစ်ကောင်သည် မယုံနိုင်လောက်အောင် လျှင်မြန်သောအရှိန်ဖြင့် ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။
အနက်ရောင်အကြေးခွံ ဖီးနစ်လင်းယုန်သည် နတ်ဘုရားစိတ်ဝိညာဉ်အဆင့်ရှိသော ရင်းမြစ်သားရဲတစ်ကောင်ပင်။ ထိုသားရဲသည် ခွန်အားနှင့်လျင်မြန်မှုတို့ကြောင့် လူသိများကာ တစ်နေ့လျှင် မိုင်ပေါင်းသောင်းနှင့်ချီပြီး ခရီးသွားနိုင်သည်။ ဤသားရဲသည် ဟန်ယွမ်အင်ပါယာ၏တော်ဝင်မြို့တော်တွင် အသုံးအများဆုံး သားရဲပျံများအနက်မှတစ်ကောင်ဖြစ်သည်။
"ဒါက အရှင်လင်းပဲ"
ရှုရှင်း၏မျက်လုံးများ တောက်ပသွားပြီး သူသည် ရှေ့သို့အလျင်အမြန်တိုးကာ မိုးကောင်းကင်ယံရှိ လင်းယုန်ထံသို့ဦးတည်ပြီး သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ဦးညွှတ်အရိုအသေပြုလိုက်၏။
"ကံကြမ္မာအစောင့်အရှောက် ရှုရှင်းက အရှင်လင်းကို ကြိုဆိုပါတယ်..."
"အင်း..."
ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာပြီး သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လင်းယုန်၏နောက်ကျောပေါ်မှ မတ်တတ်ထရပ်လိုက်သည်။
သူသည် အသက်လေးဆယ်ခန့်ရှိပြီး သူ၏တည်ရှိမှုကို တစ်ချက်ကြည့်ရုံဖြင့် လူအများအား ရိုသေလေးစားမှုကို ဖြစ်ပွားစေကာ နက်ရှိုင်းသော စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ထားသည်။
သူ၏ကျင့်ကြံဆင့်သည် ဓမ္မရုပ်သွင်နယ်ပယ်သို့ ရောက်ရှိသွားခဲ့သော ယုလုံချင်းကဲ့သို့ ထိပ်သီးကျင့်ကြံသူများထက် များစွာသာလွန်ပုံရသည်။ ကံကြမ္မာကို ထိန်းချုပ်ရန် ကြိုးစားရသော ကံကြမ္မာဆရာသခင်များအတွက် သာလွန်ထူးကဲစွာ သန်မာအားကောင်းသော စိတ်ဝိညာဉ်ရှိရန် မရှိမဖြစ်လိုအပ်သည်။ အမှန်အားဖြင့် ကံကြမ္မာဆရာသခင်တစ်ဦး ဖြစ်လာရန် အနည်းဆုံးအနေဖြင့် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်တွင် ရှိနေရန် လိုအပ်ပေ၏။
လင်းပုယန်သည် ကံကြမ္မာဆရာသခင်တစ်ဦးဖြစ်သည်မှာ နှစ်ပေါင်းမည်မျှထိ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း မသိနိုင်သောကြောင့် သူသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းနေသည်။
လင်းပုယန်သည် လင်းယုန်ပေါ်မှ ခုန်ဆင်းလိုက်ပြီး သူ၏မျက်လုံးအကြည့်သည် ရှုရှင်းအပေါ်သို့ ကျရောက်သွားသည်။
"အဲ့ဒီကျန်းရွှမ်အကြောင်း မင်း ဘာတွေ စုံစမ်းနိုင်ခဲ့လဲ"
ရှုရှင်းသည် အသက်ပြင်းပြင်းရှိုက်ပြီး သူ၏အိတ်ကပ်အတွင်းမှ စာအုပ်တစ်အုပ်ကို ထုတ်ယူကာ လက်ကမ်းပေးလိုက်သည်။
"အရှင်လင်းကို အစီရင်ခံပါတယ်...သူ့မှာ သံသယဖြစ်စရာအချက်တွေ အများကြီးရှိတယ်...ဒါက လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ကျွန်တော် စုစည်းထားတဲ့ အချက်အလက်တွေပါ....ကျေးဇူးပြုပြီး ကြည့်ရှုပေးပါ"
လင်းပုယန်သည် မှတ်စုများကို လှန်ဖတ်လိုက်ရာ စာမျက်နှာတစ်ရွက်ဖတ်ပြီးချိန်တိုင်း သူ မျက်မှောင်ပို၍ကြုတ်လိုက်သည်။
"သူ သင်ကြားပေးတဲ့ ကျောင်းသားတွေက ရက်အနည်းငယ်အတွင်းမှာ သူတို့ရဲ့စွမ်းအားကို အဆတစ်ရာ တိုးမြှင့်နိုင်ခဲ့ပြီးတော့ စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်ရှိခဲ့တယ်...တစ်နာရီအတွင်းမှာ သူက မြင်းအကောင်သုံးဆယ်ကို ယဥ်ပါးအောင် လုပ်နိုင်ခဲ့တယ်.....ကံကြမ္မာချပ်ပြားတစ်ချပ်ထဲက ကောင်းကင်ကံကြမ္မာစွမ်းအင်တွေအားလုံးကို သူက အချိန်ဆယ့်ငါးမိနစ်အတွင်းမှာ စုပ်ယူနိုင်ခဲ့တယ်... ဒါက သာမန်ကံကြမ္မာဆရာသခင်တွေရဲ့စွမ်းရည်တွေထက် ကျော်လွန်နေပြီးတော့ ပြိုင်ဘက်ကင်းတဲ့ အရည်အချင်းရှိတဲ့လူဆိုရင်တောင် မဖြစ်နိုင်ဘူး"
အမှန်အားဖြင့် ကံကြမ္မာဆရာသခင်များသည် စွမ်းရည်အမြောက်အများကို သင်ယူနိုင်ပြီး သာမန်ကျင့်ကြံသူများထက် သာလွန်ထူးကဲစွာ လုပ်ဆောင်နိုင်သည်။ သို့ရာတွင် ကျန်းရွှမ်၏လုပ်ရပ်များသည် သမားရိုးကျအတွေးအမြင်များကို ဆန့်ကျင်ပြီး အံ့အားသင့်ဖွယ်စွမ်းရည်များနှင့် ထိစပ်နေသည်။
လင်းပုယန်၏မျက်နှာအမူအယာ တင်းမာခက်ထန်လာသည်ကို မြင်တွေ့ချိန်၌ ရှုရှင်းက သတိကြီးစွာထား၍ မေးမြန်းလိုက်သည်။
"အရှင်...ဒီကိစ္စကို ဘယ်လိုထင်လဲ..."
လင်းပုယန်သည် စာအုပ်ကိုပိတ်လိုက်ပြီး သူ၏မျက်လုံးများ တောက်ပသွားသည်။
"ဖရိုဖရဲကံကြမ္မာဆရာသခင်တစ်ယောက်ရဲ့ အဓိကအရည်အချင်းက သင်ကြားရေးမှာ ပြိုင်ဘက်ကင်းပြီးတော့ ကျောင်းသားတွေကို မြန်မြန်ဆန်ဆန် တိုးတက်စေနိုင်တာ မဟုတ်ဘူး.... အဓိကအချက်က သူတို့က ပညာရပ်နယ်ပယ်တွေအများကြီးကို တက်မြောက်ပြီးတော့ တစ်ခုချင်းစီမှာ ထူးကဲတဲ့ကျွမ်းကျင်မှုတွေ ရှိတာပဲ... ငါ ဒီကျန်းရွှမ်ကို မတွေ့ဖူးပေမယ့် မင်းရဲ့အစီရင်ခံစာအရဆိုရင် သူက ဖရိုဖရဲကံကြမ္မာဆရာသခင် မဟုတ်တောင် အဲ့ဒီလိုလူမျိုးတစ်ယောက်နဲ့ အနီးကပ် ဆက်စပ်နေရမယ်"
"ဒါဆို... ကျွန်တော်တို့ ဘာလုပ်သင့်လဲ"
ရှုရှင်းက စိုးရိမ်ပူပန်တကြီး မေးမြန်းသည်။
"သူ့ရဲ့ကျင့်ကြံဆင့်က ကျောက်စိမ်းအရိုးနယ်ပယ်မှာပဲ ရှိနေသေးတာကို ကြည့်ရင်...ငါတို့ က မြန်မြန်ဆန်ဆန် လှုပ်ရှားပြီးတော့ မမျှော်လင့်ထားတဲ့ အကျိုးဆက်တွေကို ကာကွယ်ဖို့အတွက် သူ့ကို ဖမ်းဆီးသင့်တယ်....အမှားအယွင်းတွေဖြစ်လာဖို့အတွက် အခွင့်အရေး မပေးသင့်ဘူး"
လင်းပုယန်က အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။
ရှုရှင်း၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။
"ဒါပေမယ့်... ကျွန်တော်တို့ မှားသွားခဲ့ရင်ရော ဘယ်လိုလုပ်မလဲ..."
"မှားသွားရင်...ဟုတ်လား...."
လင်းပုယန်က ခေါင်းခါလိုက်သည်။
"ငါတို့ လှုပ်ရှားလိုက်တာနဲ့ သူက ဖရိုဖရဲကံကြမ္မာဆရာသခင် ဟုတ်ဟုတ်မဟုတ် အရေးမကြီးတော့ဘူး...အမှားဆိုတာမျိုး မရှိဘူး"
ဟန်ယွမ်အင်ပါယာ၏ကံကြမ္မာခန်းမဆောင်သည် တသားတည်းမဟုတ်ချေ။ ထိုနေရာ၌ အင်အားစုအမျိုးမျိုးကွဲနေကာ အာဏာလုနေကြပြီး မည်သူမျှ လက်အောက်ခံလိုခြင်း မရှိချေ။ အကယ်၍ ဤကိစ္စသာ မှန်ကန်ခဲ့ပါက လင်းပုယန်သည် အကြီးအကဲဖုန်းကို ကျော်လွန်ပြီး သူ မျှော်လင့်တောင့်တခဲ့သည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သော ရာထူးသို့ တက်လှမ်းနိုင်ပေမည်။ သို့ရာတွင် သူ မှားယွင်းခဲ့ပါက နှစ်ပေါင်းများစွာကြာအောင် သူ၏ကြိုးစားအားထုတ်ခဲ့မှုများအားလုံး ပျက်စီးသွားနိုင်သည်။
ထို့ကြောင့် 'အမှား' ဟူသည်မှာ မရှိဘဲ အောင်မြင်ခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်းသာ ရှိသည်။
သေသွားသော လူတစ်ယောက်သည် အမှားအမှန်ကို ဂရုစိုက်နိုင်မည် မဟုတ်ချေ။
"ကျွန်တော် နားလည်ပါပြီ"
ရှုရှင်း၏မျက်နှာအမူအယာသည် တင်းမာခက်ထန်သွားပေ၏။
ရှုရှင်း၏စိတ်ပိုင်းဖြတ်မှုကို မြင်တွေ့ချိန်၌ လင်းပုယန်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြပြီး လျှူထျန်ကျန်းကို ကြည့်လိုက်သည်။
"မင်းက လျှူမိသားစုခေါင်းဆောင် ဖြစ်မယ်.... လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ မင်း ကောင်းကောင်းလုပ်ခဲ့တယ်"
"မင်း စိတ်ချပါ....ငါ့ကို သစ္စာရှိရှိ အမှုထမ်းနေသရွေ့ မင်း ဆုချီးမြှင့်ခံရမယ်...လျှူမိသားစုက မကြာခင်မှာ အဖြူရောင်ကျောက်တုံးမြို့ရဲ့ထိပ်ဆုံးမှာ ရပ်တည်နိုင်လိမ့်မယ်"
လျှူထျန်ကျန်း၏မျက်နှာ တောက်ပသွားပြီး ဦးညွှတ်အရိုအသေပြုလိုက်သည်။
"အရှင်လင်းရဲ့ မျက်နှာသာပေးမှုအတွက် ကျေးဇူးတင်ပါတယ်...."
ထို့နောက် လင်းပုယန်က ညွှန်ကြားလိုက်၏။
"ကျန်းရွှမ်ရဲ့အိမ်ကို ဝိုင်းထားလိုက်ကြစမ်း... သတင်းပေါက်ကြားသွားပြီးတော့ သူ လွတ်မြောက်သွားရင် မင်းရဲ့လျှူမိသားစုတစ်စုလုံး ပေးဆပ်ရလိမ့်မယ်..."
လျှူထျန်ကျန်းက သူ၏ခေါင်းကို ပို၍ငုံကာ ဦးညွှတ်လေသည်။
"ကျွန်တော်က မနာခံဘဲ မနေဝံ့ပါဘူး... ဒါပေမယ့် ကျွန်တော် ကြိုပြီးဝန်ခံရမယ့် ကိစ္စတစ်ခု ရှိနေတယ်"
လင်းပုယန်က မျက်မှောင်ကြုတ်လိုက်သည်။
"ပြောစမ်း.."
လျှူထျန်ကျန်းက ရှင်းပြသည်။
"ကျွန်တော့်ရဲ့သမီး လျှူမင်ယွဲ့က အကြောင်းတစ်ခုခုကြောင့် ကျန်းရွှမ်ရဲ့ လွှမ်းမိုးမှုကို ခံရပြီးတော့ သူ့ကို ဆရာအဖြစ် သတ်မှတ်ခဲ့တယ်...သူက ကျွန်တော်နဲ့ ဆက်ဆံရေး ဖြတ်တောက်တဲ့အထိတောင် ဖြစ်ခဲ့တယ်....အရှင်လင်းက ကျန်းရွှမ်ကိုဖမ်းဆီးတဲ့အချိန်ကျရင် သနားငဲ့ညှာပြီးတော့ သူ့ကို ချမ်းသာပေးဖို့ မျှော်လင့်ပါတယ်"
လင်းပုယန်၏မျက်နှာအမူအယာ အေးစက်တင်းမာသွားသည်။
"ဖရိုဖရဲကံကြမ္မာဆရာသခင်တွေက စိတ်ကို ခြယ်လှယ်တဲ့နေရာမှာ ကျွမ်းကျင်တယ်... ကျိုးယီအင်ပါယာမှာလည်း အဲ့ဒီလိုကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာပြီးတော့ သုံးရက်အတွင်းမှာ တပည့်တစ်ရာကျော် စုဆောင်းခဲ့တယ်...အဲ့ဒီလူတွေထဲမှာ မင်းသားတွေရော သာမန်ပြည်သူတွေရော ပါဝင်ပြီးတော့ ဘယ်သူမှ သူ့ကို မတားဆီးနိုင်ခဲ့ဘူး....ဒါကြောင့် သူ ထွက်ပြေးသွားနိုင်ခဲ့ပြီးတော့ အခုထိ သူ့ကို ဖမ်းမမိသေးဘူး...မင်းရဲ့သမီးက ဆယ့်ခြောက်နှစ်ပဲ ရှိသေးတယ်....ဒါကြောင့် သူ့အပေါ်လွှမ်းမိုးခံရတာက သာမန်ပါပဲ.... စိတ်မပူနဲ့ ငါ မင်းကို အပြစ်မတင်ဘူး"
"ကျေးဇူးတင်ပါတယ် အရှင်..."
လျှူထျန်ကျန်းက သက်ပြင်းရှိုက်လိုက်သည်။
"လှုပ်ရှားဖို့ ပြင်ဆင်ကြတော့.. တကယ်လို့ ကျန်းရွှမ်က ခုခံရင် နေရာမှာတင် ရှင်းပစ်လိုက်စမ်း"
လင်းပုယန်က ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။
"နားလည်ပါပြီ"
လျှူထျန်ကျန်းက ခေါင်းညိတ်လိုက်ပြီး မျက်လုံးများတွင် သူ၏မျက်လုံးများအတွင်းတွင် နောင်တအရိပ်အယောင်တစ်ရပ် ထင်ဟပ်နေသည်။
အကယ်၍ သူသာ လင်းပုယန်၏သဘောထားကို ကြိုသိခဲ့လျှင် လွန်ခဲ့သောရက်အနည်းငယ်က ကျန်းရွှမ်ကို ကံကြမ္မာချပ်ပြားသုံးချပ် လက်ဆောင်ပေးရန် ကြိုးစားခဲ့မည် မဟုတ်ချေ။ သို့ရာတွင် ဤကိစ္စသည် အရေးမကြီးတော့ပေ။ သူတို့သည် ကျန်းရွှမ်ကို ဖမ်းဆီးနိုင်သည်နှင့် ထိုပစ္စည်းများသည် သူ၏ပိုင်ဆိုင်မှုအဖြစ် ကျန်ရှိနေပေမည်။
မြို့အရှင်အိမ်တော်၌ ယုလုံချင်းသည် စာရွက်စာတမ်းများကို ပြန်လည်သုံးသပ်နေစဉ် အကြံပေးလျောင်ရှီချွမ်က အလျင်အမြန် ပြေးဝင်လာသည်။
"မြို့အရှင်... ဒုက္ခရောက်ပြီ"
လျောင်ရှီချွမ်က မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်ပြီး ပြောဆိုသည်။
"ဘာဖြစ်လို့လဲ"
ယုလုံချင်းက စိတ်ရှုပ်ထွေးစွာဖြင့် မော့ကြည့်လိုက်၏။
"ခုဏက လျှူမိသားစုထဲမှာရှိတဲ့ ကျွန်တော်တို့ရဲ့သူလျှိုက ကံကြမ္မာဆရာသခင်လင်းပုယန် ရောက်နေပြီးတော့ လျှူမိသားစုခေါင်းဆောင် လျှူမိသားစုအကြီးအကဲတွေနဲ့ ဆွေးနွေးနေတယ်လို့ သတင်းပို့ပါတယ်"
လျောင်ရှီချွမ်က ပြောဆိုသည်။
ယုလုံချင်းက တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
"လင်းပုယန်က လျှူမိသားစုကို တိတ်တဆိတ်ထောက်ပံ့နေတာကို ငါတို့ သိပြီးသားပဲ...သူက ငါတို့ကို မနှောင့်ယှက်ဘဲ အလည်အပတ်လာတာဆိုရင် ငါတို့က မသိချင်ယောင်ဆောင်နေလို့ရတယ်"
မြို့အရှင်ဖြစ်သော်လည်း သူသည် ကံကြမ္မာဆရာသခင်တစ်ဦးကို အပြစ်ပြု၍မရချေ။ တစ်ခါတစ်ရံ၌ မသိချင်ယောင်ဆောင်ခြင်းသည်လည်း ကောင်းချီးတစ်ခုဖြစ်ပေ၏။
"ကံကြမ္မာချပ်ပြားတွေ ရောင်းဝယ်ဖို့အတွက်ပဲဆိုရင် ကျွန်တော်တို့ လျစ်လျူရှုထားလို့ရတယ်..."
လျောင်ရှီချွမ်က သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။ သူသညိ ယုလုံချင်း၏မျက်လုံးများကို စူးစိုက်ကြည့်ကာ သူ၏အသံသည် အလျင်လိုပြီး တင်းမာခက်ထန်နေသည်။
"ဒါပေမယ့် သူတို့က ဆရာကျန်းရွှမ်ကို ချောင်းမြောင်းတိုက်ခိုက်ဖို့ ကြံစည်နေတယ်ဆိုရင် ကျွန်တော်တို့ ဝင်စွက်ဖက်သင့်လား မစွက်ဖက်သင့်ဘူးလား...."
"ဆရာကျန်းရွှမ်ကို ချောင်းမြောင်းတိုက်ခိုက်ဖို့..... ဟုတ်လား"
ယုလုံချင်းသည် ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
"ဘာကြောင့်လဲ"