← Chapters

ကျွန်တော် ထွက်မသွားဘူး

Vol. 10 Ch. 150

ကျွန်တော် ထွက်မသွားဘူး

Vol. 10 Ch. 150

"ကျောင်းအုပ်ကြီး..."

ဝူယွင်ကျိုး၏မျက်လုံးများအတွင်းတွင် မျက်ရည်များဝေ့လာသည်။

လုမင်ရုန်က ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"ဒါက ကျောင်းအုပ်ကြီးရဲ့ အခွင့်အာဏာတံဆိပ်ပြားပဲ...မင်း ဒါကို သိမ်းထားလိုက်ပါ...အဖြူရောင်ကျောက်တုံးကျောင်းတော်က ဒီကိစ္စနဲ့ မပတ်သက်မိသမျှ အဆင်ပြေသွားမှာပါ....တကယ်လို့ တစ်နည်းနည်းနဲ့ ပတ်သက်လာခဲ့ရင်တော့ မင်းက ငါ့ကို ဘာတွေဝေတုံ့ဆိုင်းမှုမှ မရှိဘဲနဲ့ လူသိရှင်ကြား ထုတ်ပယ်ရမယ်...တခြားလူတွေ နည်းနည်းလေးမှ သံသယမဝင်အောင် မင်း ပြတ်ပြတ်သားသား လုပ်ရမယ်...ကျောင်းတော်က ငါ မရှိလည်း ဘာမှမဖြစ်ဘူး... ဒါပေမဲ့ ဒီကိစ္စထဲမှာ ပါဝင်ပတ်သက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

လုမင်ရုန် စိတ်ပိုင်းဖြတ်ထားပြီဖြစ်ကြောင်း နားလည်သွားသဖြင့် ဝူယွင်ကျိုးသည် သူ ထပ်မံဖျောင်းဖျလျှင်လည်း အချည်းနှီးဖြစ်မည်ကို သိရှိသွားပေ၏။ ထိုကြောင့် သူသည် လက်နှစ်ဖက်ကိုပူးဆုပ်ကာ အရိုအသေပြုလိုက်သည်။

"ငါ နားလည်ပါပြီ...."

လုမင်ရုန်သည် မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ ကျောင်းအုပ်ကြီးရုံးခန်းမှ အလျင်အမြန် ထွက်ခွာသွားသည်။

ဖရိုဖရဲကံကြမ္မာဆရာသခင်ဆိုသည်မှာ အတိအကျအနေဖြင့် မည်သည့်အရာ ဖြစ်သနည်း။ ဤကိစ္စကို သူ သေချာမသိရှိသည့်အပြင် နားလည်သဘောပေါက်ခြင်းလည်း မရှိချေ။ သို့ရာတွင် သူသည် ကျန်းရွှမ်၏အကြောင်းကို ကောင်းစွာသိရှိထားသည်။ ထိုလူငယ်လေးသည် တည်ငြိမ်ပြီး မောက်မာထောင်လွှားမှုကင်းကာ တာဝန်ယူတတ်ပေ၏။ သူ့ထံ၌ ပြိုင်ဘက်ကင်းအရည်အချင်းများရှိနေသော်လည်း မာန်မာနတစိုးတစိမျှ မရှိချေ။ ထိုကဲ့သို့လူစားမျိုးကို သူ၏ဘဝရှေ့ရေးအတွက် သတ်ဖြတ်လိုက်ပါက သူ၏စိတ်အတွင်းတွင် အစွန်းအထင်းတစ်ခု ထာဝရကျန်ရှိနေပေလိမ့်မည်။

ထို့ကြောင့် ယုလုံချင်း သူ့ထံ ချဥ်းကပ်လာစဥ်မှစ၍ လုမင်ရုန်သည် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။ သို့ရာတွင် အဖြူရောင်ကျောက်တုံးကျောင်းတော်ကို ကာကွယ်ရန်အတွက် သူသည် မည်သည့်ဆက်နွယ်မှုကိုမဆို ငြင်းဆန်ရုံသာ တတ်နိုင်ခဲ့သည်။

လုမင်ရုန်သည် လျင်မြန်စွာလှုပ်ရှားပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ကာ မျက်နှာဖုံးတစ်ခုကိုတပ်ပြီး ကျောင်းတော်မှ ထွက်ခွာသွားသည်။

ဆယ်မိနစ်အကြာတွင် သူသည် ခြံဝန်းကြီးတစ်ခုထံသို့ ရောက်ရှိသွားသည်။

ဝူယွင်ကျိုး စုဆောင်းခဲ့သော သတင်းများအရ ကျန်းရွှမ်သည် လက်ရှိအချိန်တွင် တစ်စုံတစ်ယောက်အား အဆောင်လက်ဖွဲ့များ ရေးဆွဲရာ၌ လမ်းညွှန်ပေးနေသည်။ အကယ်၍ သူ အောင်မြင်သွားပါက ဤကိစ္စသည် သူ့အတွက် ရင်းမြစ်ဒင်္ဂါးငါးသိန်းဆုကြေးကို ရရှိစေပေမည်။ ကျန်းရွှမ်သည် ရင်းမြစ်ဒင်္ဂါးတစ်သန်းအထိ ဆုကြေးရှိသော တာဝန်များအားလုံးကို အောင်မြင်ပြီးမြောက်ခဲ့ပြီးဖြစ်သည်။ ဤရင်းမြစ်ဒင်္ဂါးငါးသိန်းတန်တာဝန်သည် သူလုပ်ဆောင်ရန် နောက်ဆုံးကျန်ရှိသော တစ်ခုပင်။

အချိန်သည် အရေးကြီးပြီး လျှူမိသားစုနှင့်လင်းပုယန်တို့သည် ကျန်းရွှမ်၏ တည်နေရာကို မတွေ့ရှိသေးကြောင်း သိသဖြင့် လုမင်ရုန်သည် နှောင့်နှေးခြင်းမရှိဘဲ လှုပ်ရှားလိုက်၏။ သူသည် ခြံဝန်းနံရံကို ခုန်ကျော်ကာ အစောင့်တစ်ယောက်မျှ သတိမပြုမိဘဲ ခြံဝင်းအတွင်းသို့ ရောက်ရှိသွားသည်။

ဤမျှထိများပြားသော ဆုကြေးကို ပေးနိုင်သော မည်သူမဆို အသေးအမွှားမဟုတ်ပေ။ သူတို့သည် ထိပ်သီးမိသားစုသုံးစုနှင့် မယှဥ်နိုင်သော်လည်း နက်နဲသိမ်မွေ့သောမိသားစုများ ဖြစ်နေဆဲပင်။

ဧည့်ခန်းအတွင်း၌ ကျန်းရွှမ်နှင့်စွန်းချန်တို့သည် တည်ငြိမ်စွာ ထိုင်နေကြလေ၏။ သူတို့၏တစ်ဖက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရှိနေကာ ကျန်းရွှမ်ကိုကြည်ြပြီး လေးလေးနက်နက် အရိုအသေပြုလိုက်သည်။

"ဆရာကျန်း...ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို လမ်းညွှန်ပေးပါ..."

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

"အဆောင်လက်ဖွဲ့တစ်ခုဆိုတာက လူတစ်ယောက်ရဲ့စွမ်းအားကို စက္ကူပေါ်မှာ ရေးဆွဲထားတဲ့ ပုံရိပ်တစ်ခုပဲ.. ဒါကို အသက်သွင်းလိုက်တဲ့အချိန်မှာ ကြီးမားတဲ့စွမ်းအားကို ထုတ်လွှတ်နိုင်စွမ်းရှိတယ်... ခင်ဗျား လုပ်နေတဲ့ 'ပေါက်ကွဲခြင်း အဆောင်လက်ဖွဲ့' က အစပျိုးလိုက်တာနဲ့ ကျောက်စိမ်းအရိုးနယ်ပယ် ကျင့်ကြံသူတစ်ယောက်ရဲ့ အားကုန်သုံးတိုက်ခိုက်မှုနဲ့ ညီမျှတယ်.... ဒီကိစ္စအတွက် အခက်အခဲက အရမ်းကြီးမားတယ်....အခုလက်ရှိအခြေအနေအရဆိုရင် ခင်ဗျားမှာ အဓိကအားနည်းချက် ရှစ်ချက်ရှိတယ်... ပထမဆုံးတစ်ချက်က အဆောင်လက်ဖွဲ့ ရေးဆွဲနေတဲ့အချိန်မှာ အာရုံစူးစိုက်မှု မလုံလောက်တာ..."

ရင်းမြစ်ကမ္ဘာရှိ အဆောင်လက်ဖွဲ့များနှင့်ပတ်သက်၍ ကျန်းရွှမ်၏နားလည်မှုမှာ အကန့်အသတ်ရှိသော်လည်း ကောင်းကင်ဘုံစာကြည့်တိုက်က တစ်ဖက်လူ၏အားနည်းချက်များကို လွယ်လင့်တကူ ထုတ်ဖော်ပြသခဲ့သည်။ ထိုအရာများကို ထောက်ပြပြီး ပြင်ဆင်ရန် ညွှန်ကြားခြင်းသည် သူ့အတွက် အခက်အခဲမရှိချေ။

"ကျေးဇူးတင်ပါတယ် ဆရာကျန်း..."

လူလတ်ပိုင်းအရွယ်အမျိုးသား၏ မျက်နှာသည် တည်ကြည်လေးနက်သွားပြီး ကျန်းရွှမ်ထောက်ပြသော အားနည်းချက်တစ်ခုချင်းစီကို လက်ခံလိုက်သည်။ ထိုအားနည်းချက်များအားလုံးသည် သူ၏ကိုယ်ပိုင်အတွေ့အကြုံများနှင့် ကိုက်ညီနေပေ၏။ သူ ကြိုးစားပမ်းစား ပြင်ဆင်မည်ဆိုလျှင် အဆောင်လက်ဖွဲ့ပြုလုပ်ရာတွင် အောင်မြင်ရန်မှာ နောက်ဆုံး၌ လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာပေလိမ့်မည်။

"ကျေးဇူးတင်စရာမလိုပါဘူး...ခင်ဗျားမှာ ထပ်ပြီးမေးစရာရှိရင် အားမနာတမ်း မေးနိုင်ပါတယ်"

ကျန်းရွှမ်က တည်ငြိမ်သောအသံဖြင့် ပြောဆိုသည်။

"ဟုတ်ကဲ့.."

ထိုအမျိုးသားက လက်ဟန်ပြလိုက်ရာ သူ၏အိမ်တော်ထိန်းက ကျန်းရွှမ်အား ရင်းမြစ်ဒင်္ဂါးငါးသိန်း ပေးအပ်လိုက်သည်။ ကျန်းရွှမ်က ငွေကိုလက်ခံပြီး နှုတ်ဆက်ကာ စွန်းချန်နှင့်အတူ ထွက်ခွာသွားရန် ဟန်ပြင်လိုက်၏။ သို့ရာတွင် သူသည် ရုတ်တရက် ရပ်တန့်သွားပြီး မျက်ခုံးပင့်လိုက်သည်။

လုံးချေထားသော စာရွက်တစ်ရွက်သည် လေထုအတွင်းမှနေ၍ သူ၏လက်ဝါးထံသို့ မျောလွင့်လာသည်။ သူ ဖွင့်ကြည့်လိုက်ရာ စာလုံးတချို့ကို မြင်တွေ့မိသည်။

"အပြင်မှာ ချက်ချင်းလာတွေ့ပါ..."

ကျန်းရွှမ်သည် မျက်မှောင်ကြုတ်ပြီး ခြံဝန်းတံခါးပေါက်ထံသို့ လျှောက်လှမ်းသွားပြီးနောက် လမ်းကြားအဆုံးတွင် အနက်ရောင်ဝတ်စုံဝတ်လူတစ်ဦး စောင့်နေသည်ကို တွေ့လိုက်ရသည်။

"ဘယ်သူ..."

သူ စကားစလိုက်သော်လည်း မဆုံးမီမှာပင် ဓားချီအလင်းတန်းတစ်ခု မိုးကောင်းကင်ယံတွင် လင်းလက်သွားသည်။ နောက်ထပ်အနက်ရောင်ဝတ်စုံဝတ်လူတစ်ဦးသည် လေထုအတွင်းမှ ဆင်းသက်လာကာ ပထမလူကို သူ၏ဓားဖြင့် ပြေးဝင်တိုက်ခိုက်လိုက်သည်။

"ချွင်..."

ပထမလူက အေးစက်စွာ တုံ့ပြန်လိုက်ပြီး သူ၏လက်ငါးချောင်းကို ဆန့်တန်းကာ ဝေ့ဝိုက်၍မျောလွင့်နေသော စွမ်းအားတစ်ရပ်ကို ထုတ်လွှတ်ပြီး ထိုဓားချီကို လေထုအတွင်းတွင် ပိတ်လှောင်ထားလိုက်သည်။ ထို့နောက် သတ္တုအချင်းချင်းထိခတ်သကဲ့သို့ အသံများ ထွက်ပေါ်လာပြီး ဓားချီကို ပျက်ပြယ်သွားစေသည်။

ဒုတိယလူက အော်ဟစ်လိုက်သည်။

"နွေဦးပျံလွှားငှက်ရဲ့ခေါက်သံသုံးချက်.... မင်းက... မြို့အရှင် ယုလုံချင်းလား...."

"မင်းကရော... ကျောင်းအုပ်ကြီးလုလား"

ယုလုံချင်းကလည်း မှတ်မိဟန်ဖြင့် တုံပြန်ပြောဆိုသည်။

သူတို့နှစ်ယောက်သားသည် သူတို့၏မျက်နှာဖုံးများကို ဆွဲချွတ်လိုက်ရာ ရင်းနှီးသောမျက်နှာများ ပေါ်လွင်လာပေ၏။

"မြို့အရှင်... ကျောင်းအုပ်ကြီး...ဒီနေရာမှာ ဘာတွေ ဖြစ်နေကြတာလဲ"

ကျန်းရွှမ်က နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။

"ငါတို့နှစ်ယောက်လုံးက တူညီတဲ့ရည်ရွယ်ချက်နဲ့ ရောက်လာကြတာ သိသာတယ်... ကျောင်းအုပ်ကြီးလု မင်းပဲ ရှင်းပြလိုက်ပါ"

ယုလုံချင်းက ပြောဆိုသည်။

အစောပိုင်းက သူတို့သည် ကျန်းရွှမ်ကို ဖမ်းဆီးရန်အတွင် လင်းပုယန်နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ပြောဆိုခဲ့ကြသည်။ သို့ရာတွင် ဤကဲ့သို့ ထွက်ပေါ်လာခြင်းမှတဆင့် သူတို့၏အစစ်အမှန်ရည်ရွယ်ချက်များကို တစ်ဦးနှင့်တစ်ဦး ထုတ်ဖော်ပြသလိုက်သကဲ့သို့ ဖြစ်သွားလေပြီ။

"ဆရာကျန်း...ဟန်ယွမ်အင်ပါယာရဲ့ ကံကြမ္မာခန်းမဆောင်က လင်းပုယန် ဒီကိုရောက်နေပြီး တော့ မင်းကို ဖမ်းဆီးဖို့အတွက် လျှူမိသားစုနဲ့ ပူးပေါင်းကြံစည်နေတယ်"

လုမင်ရုန်က ဖုံးကွယ်မထားဘဲ ယုလုံချင်း ပြောပြခဲ့သော သတင်းကို ပြန်ပြောပြလေ၏။

"ငါ အကြံပေးချင်တာက မင်း အခုချက်ချင်း ထွက်ပြေးတော့"

ယုလုံချင်းက ခေါင်းညိတ်လိုက်သည်။

"အမှန်ပဲ... ကံကြမ္မာခန်းမဆောင်က လှုပ်ရှားနေပြီ....မြို့အရှင်အိမ်တော်နဲ့ အဖြူရောင်ကျောက်တုံးကျောင်းတော်က ပေါ်ပေါ်တင်တင် ခုခံလို့မရဘူး....ငါတို့က မင်းကို ထွက်သွားဖို့ သတိပေးချင်တာကြောင့် ငါတို့စွမ်းဆောင်နိုင်တဲ့ အနေအထားနဲ့ လာခဲ့ကြတာပဲ.. မင်း အဲ့ဒီလိုလုပ်မှပဲ ငါတို့အားလုံးက အခက်အခဲမဖြစ်အောင် ရှောင်တိမ်းနိုင်လိမ့်မယ်.."

ကျန်းရွှမ်၏မျက်ခုံးများ တွန့်ကွေ့သွားသည်။

"ကျွန်တော်က ဖရိုဖရဲကံကြမ္မာဆရာသခင်ဆိုတာ သူတို့က သေချာပြောနိုင်လို့လား...သူတို့က အရေးမယူခင်မှာ အနည်းဆုံးတော့ အတည်ပြုစစ်ဆေးရမှာ မဟုတ်လား...."

သူ၏စွမ်းအားကို ထုတ်ဖော်ပြခြင်းကြောင့် စုံစမ်းစစ်ဆေးမှုများ ဖြစ်လာနိုင်သည်ကို သူမျှော်လင့်ထားပြီးဖြစ်သည်။ ထိုကြောင့် သူ့ကိုယ်သူကာကွယ်ရန်နှင့်အကြောင်းပြချက်ပေးရန် အတုအယောင်ဆရာတစ်ဦးကိုပင် ပြင်ဆင်ထားခဲ့သည်။ သို့ရာတွင် ဤလူနှစ်ဦး၏အလောတကြီးဖြစ်နေပုံအရ လင်းပုယန်သည် သူ့ကို ရှင်းပြခွင့်ပေးမည့်ပုံ မပေါ်ချေ။

လုမင်ရုန်က တည်ကြည်လေးနက်သော မျက်နှာအမူအယာဖြင့် ခေါင်းညိတ်လိုက်၏။

"ယုလုံချင်းပြောတာ အမှန်ပဲ...သူတို့က မင်းရဲ့နောက်ခံကို ကြောက်ရင် သတိထားပြီး စုံစမ်းစစ်ဆေးလိမ့်မယ်...ဒါပေမဲ့ မင်းက အားနည်းတယ်လို့ ထင်ရရင်တော့ သူတို့က မြန်မြန် ဆန်ဆန် အရေးယူလိမ့်မယ်...မင်းကို ဖရိုဖရဲကံကြမ္မာဆရာသခင်လို့ သတ်မှတ်လိုက်တာနဲ့ မင်းကိုသတ်တာက သူတို့အတွက် နာမည်ဂုဏ်သတင်းကိုရယူဖို့ လုံလောက်တဲ့အကြောင်းပြချက် ဖြစ်သွားမှာပဲ...."

ကျန်းရွှမ်က အချိန်တခဏကြာ စဥ်းစားပြီးနောက် တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ ဤအခြေခံသဘောတရားကို သူ ကောင်းစွာနားလည်သည်။ ဤသည်မှာ အားနည်းခြင်းသည် လွယ်ကူသောပစ်မှတ် ဖြစ်သည်ဟု ဆိုလိုခြင်းပင်။

"မင်း အခုချက်ချင်း ဒီမြို့ကနေ ထွက်သွားတော့... ငါက အရှေ့ တောင်နဲ့ အနောက်တံခါးတွေကို ပိတ်ခိုင်းထားပေမဲ့ မြောက်တံခါးကို ဖွင့်ထားတယ်...မင်းကို ဘယ်သူမှသတိမထားမိဘဲနဲ့ တိတ်တိတ်လေး ထွက်သွားနိုင်တယ်...မင်း နည်းနည်းလောက် ထပ်နောက်ကျသွားရင် အချိန်မမီလောက်တော့ဘူး"

ယုလုံချင်းက တိုက်တွန်းလိုက်သည်။

ကျန်းရွှမ်က သူတို့နှစ်ဦးကို စူးစိုက်ကြည့်လိုက်သည်။

"ကျွန်တော် ထွက်သွားရင် ခင်ဗျားတို့နှစ်ယောက် ဘယ်လိုဖြစ်သွားနိုင်လဲ...."

သူတို့နှစ်ယောက်သည် အကျယ်တဝင့် ရှင်းပြခဲ့ခြင်း မရှိသော်လည်း သူသည် အဖြေကို သိနေပေ၏။ ဖမ်းဆီးမှုမတိုင်မီ ကျန်းရွှမ် ပျောက်ကွယ်သွားပါက သူတို့ သတင်းပေးခဲ့သည်ဟု သံသယဝင်ကြပေလိမ့်မည်။ သူ့တပည့်၏ဖခင်နှင့် ကျောင်းတော်တွင် သူ့ကို ထောက်ခံခဲ့သော ကျောင်းအုပ်ကြီး.... ဤလူနှစ်ဦးသည် အကျိုးဆက်များကို မလွဲမသွေရင်ဆိုင်ရပေလိမ့်မည်။

အထူးသဖြင့် ယုရှောင်ယွီနှင့်ဟုန်ရီတို့သည်လည်း ဤကိစ္စအတွင်းတွင် ပါဝင်ပတ်သက်သွားခြေရှိသည်။

"ငါတို့မှာ ငါတို့ကိုယ်ငါတို့ ကာကွယ်နိုင်တဲ့ အဆင့်အတန်းရှိတယ်.... ခိုင်မာတဲ့သက်သေမရှိဘဲနဲ့ လင်းပုယန်က သိပ်ပြီးအတင့်ရဲမှာ မဟုတ်ဘူး..."

လုမင်ရုန်က ရှင်းပြသည်။

"လင်းပုယန်ရဲ့ ခွန်အားက ဘယ်လောက်ရှိလဲဆိုတာ ခင်ဗျားတို့ သိလား...."

ကျန်းရွှမ်က ကြားဖြတ်ပြောဆိုသည်။

"သူရဲ့ကျင့်ကြံဆင့်က ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်ဖြစ်တဲ့ ဓမ္မရုပ်သွင်နယ်ပယ်မှာ ရှိတယ်... ငါက အခုမှ အဲ့ဒီနယ်ပယ်ကို ရောက်တာဆိုတော့ သူက ငါ့ထက်ပိုပြီး သန်မာအားကောင်းတယ်"

ယုလုံချင်းက ဝန်ခံလိုက်သည်။

"ဓမ္မရုပ်သွင်နယ်ပယ်လား...."

ကျန်းရွှမ်၏မျက်လုံးများ တောက်ပသွားသည်။

သူသည် ဤကျင့်ကြံဆင့်နယ်ပယ်သို့ မရောက်သေးသော်လည်း စာကြည့်တိုက်အတွင်းတွင် ဖော်ပြချက်များ ရှိခဲ့သည်။ ဤအဆင့်ကျင့်ကြံသူတစ်ယောက်တွင် စွမ်းအားကြီးမားသော စိတ်ဝိညာဥ်ရှိကာ ဓမ္မရုပ်သွင်တစ်ခုကို ဖန်တီးပြီး စိတ်ဝိညာဥ်စွမ်းအားဖြင့် တိုက်ခိုက်နိုင်သည်။ ဤတိုက်ခိုက်မှုကို မမြင်နိုင်သည့်အပြင် ခန့်မှန်းရခက်သောကြောင့် ထိုသို့သော တိုက်ခိုက်မှုများသည် နတ်ဘုရားစိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ဦးကိုပင် ရူးသွပ်သွားစေခြင်း သို့မဟုတ် သေဆုံးသွားစေခြင်းတို့ ဖြစ်စေနိုင်သည်။

ဤသည်ကြောင့် ဓမ္မရုပ်သွင်နယ်ပယ် ကျင့်ကြံသူများကို ကြောက်မက်ဖွယ်ကောင်းစေပြီး ရင်းမြစ်ရေအိုင်နယ်ပယ်၏အထွတ်အထိပ်တွင် ရပ်တည်စေကာ လူအများစုသည် သူတို့နှင့် ယှဥ်ပြိုင်နိုင်ခြင်းမရှိချေ။

ဤဒေသတဝိုက်တွင် ဖူယွမ်မြို့၌ ဓမ္မရုပ်သွင်နယ်ပယ် ကျင့်ကြံသူဖြစ်သော မြို့အရှင်တစ်ဦးရှိနေခြင်းကြောင့် ကျော်ကြားသည်။ ပြိုင်ဘက်မြို့များသည် ထိုမြို့ကို စိန်ခေါ်နိုင်ခြင်းမရှိချေ။

သို့ရာတွင် ထိုကဲ့သို့စွမ်းအားမျိုးသည် အထင်ကြီးဖွယ်ကောင်းသော်လည်း ကျန်းရွှမ်သည် အလွန်အမင်း စိုးရိမ်ပူပန်နေခြင်းမရှိပေ။

လူအများစု ကြောက်ရွံ့ကြသော စိတ်ဝိညာဥ်တိုက်ခိုက်မှုများသည် သူ့အတွက် သိသာထင်ရှားသော ခြိမ်းခြောက်မှုတစ်ခု မဟုတ်ခဲ့ချေ။ ပြိုင်ဘက်တစ်ဦးသည် ကမ္ဘာတစ်ခုလုံးကို မဖျက်ဆီးနိုင်သမျှ ကာလပတ်လုံး သူတို့သည် သူ့အပေါ်၌ များစွာလွှမ်းမိုးနိုင်မည် မဟုတ်ပေ။ သူ့အတွက် စိတ်ဝိညာဥ်ဆိုင်ရာ တိုက်ခိုက်မှုများသည် အားအနည်းဆုံး တိုက်ခိုက်မှုပုံစံပင်။

ထို့ပြင် ဓမ္မရုပ်သွင်နယ်ပယ် ကျင့်ကြံသူများသည် ကြီးမားသောခွန်အားကို ရရှိရန်အတွက် သူတို့၏စိတ်ဝိညာဥ်မှစွမ်းအားကို ခန္ဓာကိုယ်နှင့် ပေါင်းစပ်နိုင်သော်လည်း ကျန်းရွှမ်သည်လည်း ရင်းမြစ်ကမ္ဘာကို လောင်ကျွမ်းစေခြင်းဖြင့် အလားတူစွမ်းအားမျိုးကို ရရှိနိုင်သည်။

ထို့ကြောင့် လင်းပုယန်သည် ဤအဆင့်တွင်ရှိနေပါက သူ တွေးထင်ထားသလောက် အစွမ်းထက်မည်မဟုတ်ပေ။ ကောင်းကင်ဘုံစာကြည့်တိုက်ရှိနေခြင်းနှင့်အတူ သူ အသာစီးပင် ရကောင်းရနိုင်သည်။

"ဟုတ်တယ်...ဒါက အမှန်ပဲ ... ဒါ့ပြင် သူ့မှာ နတ်ဘုရားစိတ်ဝိညာဥ်အဆင့်မှာရှိတဲ့ အနက်ရောင်အကြေးခွံ ဖီးနစ်လင်းယုန်တစ်ကောင် ရှိတယ်.... သူတို့နှစ်ယောက် ပေါင်းလိုက်ရင် ဓမ္မရုပ်သွင်အဆင့်အောက်မှာဆိုရင် သူတို့ကို ဘယ်သူမှ ယှဥ်နိုင်မှာမဟုတ်ဘူး....သူ့ရဲ့အရည်အချင်းတွေနဲ့ အားသာချက်တွေကြောင့် အချိန်မနှောင်းခင် မင်း ထွက်သွားသင့်တယ်"

ယုလုံချင်းက တိုက်တွန်းလိုက်သည်။

"မင်းရဲ့အရည်အချင်းနဲ့ဆိုရင် သူ့ထက်သာဖို့က အချိန်သိပ်မကြာလောက်ဘူး...အခုချိန်မှာ ဆုတ်ခွာပြီးတော့ ပိုပြီးသန်မာအားကောင်းလာတဲ့ အချိန်ကျမှ မင်း ပြန်လာတာက ပိုပြီးဥာဏ်ပညာရှိတဲ့ ရွေးချယ်မှုပဲ"

လုမင်ရုန်ကလည်း အလောတကြီး ထပ်မံပြောဆိုသည်။

သူတို့၏စိတ်ရင်းစေတနာမှန်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်၏စိတ်နှလုံးသားအတွင်းတွင် ကျေးဇူးတင်စိတ်များဖြင့် ပြည့်နှက်သွားသည်။ သူသည် အသက်ပြင်းပြင်းရှိုက်ပြီး ပြုံးလိုက်၏။

"ခင်ဗျားတို့ရဲ့ စိုးရိမ်ပေးမှုကို ကျေးဇူးတင်ပါတယ်...ဒါပေမဲ့ ကျွန်တော်မသွားဘူး... သူတို့က ကျွန်တော့်ကို အားနည်းတယ်လို့ထင်ပြီး နာမည်ဂုဏ်သတင်းအတွက် ကျွန်တော့်ရဲ့အသက်ကို လာယူဖို့ ကြိုးစားမယ်ဆိုရင်တော့....ဒါက ကြီးမားတဲ့အမှားတစ်ခုမှန်း လူတိုင်းသိသွားအောင် ကျွန်တော် သေချာလုပ်ပြလိုက်မယ်..."

Thank For Reading.

All Chapters