← Chapters

ကျန်းရွှမ်၏အမည် ကျောင်းတော်တခွင် ပျံ့နှံ့သွားခြင်း

Vol. 10 Ch. 140

ကျန်းရွှမ်၏အမည် ကျောင်းတော်တခွင် ပျံ့နှံ့သွားခြင်း

Vol. 10 Ch. 140

သိုင်းပညာလေ့ကျင့်ရေးကွင်းပြင်၏ အပြင်ဘက်ရှိ လှေကားထစ်များပေါ်တွင် လျှူထျန်ကျန်းနှင့်ရှုရှင်းတို့ထိုင်နေကာ အလယ်မှပြိုင်ပွဲစင်မြင့်ကို အဝေးမှ လှမ်းကြည့်နေကြသည်။

ဤပွဲကို သူတို့၏စီမံခန့်ခွဲမှုအောက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး သူတို့သည် အစကတည်းက ဤနေရာတွင် စောင့်ဆိုင်းနေခဲ့ကြသည်။ လူများအားလုံး၏ပြိုင်ပွဲသည် နောက်ဆုံးတွင် လျှူမင်ယွဲ့နှင့်ချန်းဟောင်တို့ကြားမှ ပြိုင်ပွဲအဖြစ်သို့ ပြောင်းလဲသွားရခြင်းတွင် သူတို့၏ဩဇာလွှမ်းမိုးမှု ပါဝင်နေသည်မှာ သေချာပေါက်ပင်။

ပြိုင်ပွဲ၏အဓိကရည်ရွယ်ချက်မှာ ကျန်းရွှမ်၏တပည့်များထံတွင် မည်သို့သော ခွန်အားမျိုး ပိုင်ဆိုင်ထားသည်ကို ကြည့်ရှုရန်ပင်။ အသစ်ဝင်လာသော ကျောင်းသားသစ်များသည် စမ်းသပ်ရန် အလွန်အားနည်းသောကြောင့် သူတို့သည် လျှူမင်ယွဲ့တို့ကို စီနီယာကျောင်းသားများနှင့် ယှဉ်ပြိုင်ရန် နည်းလမ်းရှာရုံသာ တတ်နိုင်ခဲ့သည်။

အချိန်တခဏကြာမျှ ကြည့်ရှုပြီးနောက် လျှူထျန်ကျန်း၏ မျက်လုံးများအတွင်းတွင် သံသယအရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။ "တိုတောင်းတဲ့ အချိန်အတွင်းမှာ စွမ်းအားကို ဒီလောက်ထိမြန်မြန် မြှင့်တင်နိုင်ဖို့ဆိုရင် လုံလောက်တဲ့ အစွမ်းထက်နည်းစနစ်တွေနဲ့ အရင်းအမြစ်တွေ အများကြီးရှိမှ ဖြစ်နိုင်မှာ မဟုတ်လား..."

ရှုရှင်းက ခေါင်းညိတ်လိုက်၏။

"စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်ဆိုတာ စွမ်းအားစုဆောင်းတဲ့ လုပ်ငန်းစဉ်ပဲ....ဆရာက ကျင့်ကြံခြင်းနည်းစနစ်တွေ အတွေ့အကြုံတွေနဲ့ အမှားတွေကို ဘယ်လိုရှောင်ရမလဲဆိုတာပဲ ရှင်းပြနိုင်တယ်...တပည့်တွေရဲ့စွမ်းအားတိုးတက်မှုမှာ တကယ်တော့ ဆရာတစ်ယောက်က အများကြီး မကူညီနိုင်ဘူး....ဒါပေမယ့်... ဒီအရာတွေ ရှိနေရင်တောင် ဒီလောက်ထိ အရည်အချင်းညံ့ဖျင်းတဲ့သူတစ်ယောက်က ရက်အနည်းငယ်အတွင်းမှာ ဒီအဆင့်ကို ရောက်ဖို့ ဘယ်လောက်ထိခက်ခဲမယ်ဆိုတာ မင်း တွေးကြည့်နိုင်လား...."

လျှူထျန်ကျန်းက သက်ပြင်းရှိုက်လိုက်သည်။

"ဒါက..."

ဤသည်မှာ ခက်ခဲရုံသာမက မဖြစ်နိုင်သလောက်နီးပါးပင်။ သူသည် လျှူမိသားစု၏အရင်းအမြစ်များအားလုံးကို အသုံးပြုလျှင်ပင် ဤကဲ့သို့ရလဒ်မျိုး မရနိုင်ချေ။

"ဒါကိုပဲကြည့်လေ..ဒီကျန်းရွှမ်က တကယ့်ကို ထူးဆန်းတယ်..."

ရှုရှင်းက သူ၏အိတ်ကပ်အတွင်းမှ မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်ယူကာ စုတ်တံတစ်ချောင်းကို ကောက်ကိုင်ပြီး စတင်၍မှတ်တမ်းတင်လိုက်သည်။

"ဘာပဲဖြစ်ဖြစ်.... ငါတို့က သူ့ကို လေ့လာစောင့်ကြည့်ပြီးတော့ အကြောင်းအရာတွေကို ချရေးပြီး အရှင်လင်းကို ပေးအပ်ဖို့ပဲ တာဝန်ရှိတယ်"

"နားလည်ပါပြီ"

လျှူထျန်ကျန်းက ခေါင်းညိတ်လိုက်သည်။

ဤအချိန်တွင် သူ၏သမီးလျှူမင်ယွဲ့သည် စင်မြင့်ပေါ်သို့ တက်သွားလေပြီ။ ကျိုးချင်းခိုင်သည် လုယွဲ့ရှီးနည်းစနစ်ကို တစ်ဖန်ပြန်၍ ထုတ်လွှတ်လိုက်၏။ သို့ရာတွင် လျှူမင်ယွဲ့သည် သူ၏ဟာကွက်တစ်ခု တွေ့ရှိသွားပြီးနောက် သူ ထိုးနှက်ခံရကာ စင်ပေါ်မှ လွင့်ထွက်သွားသည်။

လုယွဲ့ရှီးနည်းစနစ်သည် အစွမ်းထက်သော ခုန်ပျံမှုများဖြင့် အမှန်တကယ် ခြိမ်းခြောက်နိုင်သော်လည်း ပြိုင်ဘက်မှ ရှောင်တိမ်းလိုက်သည်နှင့် ထိုအရာတွင် ဟာကွက်များစွာ ရှိပြီး အနိုင်ယူနိုင်ရန် လွယ်ကူစေသည်။

လျှူမင်ယွဲ့၏ခွန်အားသည် ဟုန်ရီထက် များစွာပိုမိုသန်မာပြီးဖြစ်သည်။ သူမသည် ထိပ်သီးမိသားစုဝင်တစ်ဦးဖြစ်ပြီး အတွေ့အကြုံများစွာ ရှိသောကြောင့် ကျိုးချင်းခိုင်သည် မည်သည့်နည်းနှင့်မျှ သူမ၏ပြိုင်ဘက် မဟုတ်နိုင်ချေ။

သူ၏သမီး လှုပ်ရှားလိုက်သည်နှင့် လျှူထျန်ကျန်းသည် သူမ၏ခွန်အားကို အကြွင်းမဲအတည်ပြုနိုင်ခဲ့သည်။

"မြင်းကောင်ရေအား ၃.၉..."

သူသည် တစ်ဖက်မှအခြေအနေကို ကောင်းစွာနားလည်သည်။ တစ်ရက်ကျော်အချိန်အတွင်းမှာပင် သူမ၏ခွန်အားသည် မြင်းကောင်ရေအား၀.၆၁မှ ၃.၉အထိ တိုးတက်လာပြီး အဆများစွာ တိုးပွားလာပေ၏။ သူမသည် ဤဆရာကျန်းထံတွင် ပညာသင်ကြားရန်အတွက် လျှူမိသားစုကို စွန့်ခွာလိုခဲ့ခြင်းမှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။

ဤကဲ့သို့တိုးတက်မှုသည် အလွန်အံ့အားသင့်ဖွယ်ကောင်းသည်။

"ဒီကျန်းရွှမ်က စွမ်းအင်ကို အလျင်အမြန် စုဆောင်းနိုင်တဲ့ သာလွန်ထူးကဲတဲ့ရတနာတစ်ခုခုကို ပိုင်ဆိုင်ထားတာများ ဖြစ်နေမလား"

သူသည် ယုရှောင်ယွီ ဟုန်ရီတို့နှင့် မရင်းနှီးသော်လည်း သူ၏သမီးနှင့် အငြင်းပွားပြီးနောက် လျှူမိသားစုသည် သူမအား မည်သည့်အရင်းအမြစ်မျှ မထောက်ပံ့ခဲ့ချေ။ ဆိုလိုသည်မှာ ဤကျန်းရွှမ်သည် လျှို့ဝှက်ရတနာတစ်ခုခုကို ပိုင်ဆိုင်ထားဖွယ်ရှိပြီး အစွမ်းထက်သော နည်းစနစ်များနှင့် ပေါင်းစပ်ကာ သူမကို အလျင်အမြန် တိုးတက်စေခြင်းဖြစ်ပေမည်။

'ငါသာ ဒီရတနာကို ရနိုင်ခဲ့ရင် မျိုးဆက်သစ်တွေအားလုံး အလျင်အမြန် တိုးတက်နိုင်ပြီးတော့ လျှူမိသားစုက အဓိကမိသားစုကြီးသုံးစုထဲမှာ ထိပ်ဆုံးကို ခုန်တက်သွားနိုင်တယ်...'

လျှူထျန်ကျန်းသည် တိတ်တဆိတ်တွက်ချက်နေကာ သူ၏မျက်လုံးများအတွင်း၌ အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

အမှန်အားဖြင့် ဤသည်မှာ ဤကျန်းရွှမ်သည် အမှန်တကယ်ပင် ဖရိုဖရဲကံကြမ္မာဆရာသခင်တစ်ယောက် ဟုတ်မဟုတ်အပေါ်တွင် မူတည်ပေ၏။ အကယ်၍ ကျန်းရွှမ်သည် ကံကြမ္မာဆရာသခင်တစ်ဦးဖြစ်ပါက သူသည် ဤအတွေးကို ချက်ချင်း စွန့်လွှတ်ပြီး ပို၍ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်နိုင်ရန် ကြိုးစားရပေမည်။

သူ အကျိုးအပြစ်ကို ချိန်ဆနေစဉ်မှာပင် ဝမ်ယုရှင်းက စင်မြင့်ပေါ်သို့ ခုန်တက်လာသည်။ သူ၏ခွန်အားသည် ကျိုးချင်းခိုင်ထက် များစွာပို၍သာလွန်ပြီး လျှူမင်ယွဲ့ထက်ပင် အနည်းငယ် ပို၍သန်မာအားကောင်းကာ မြင်းကောင်ရေအား ၄.၂ကို ပိုင်ဆိုင်ထားသည်။ သို့ရာတွင် သူ၏ရှေ့မှလူသည် ချန်းဟောင်၏နတ်မိမယ်လေးဖြစ်ကြောင်း သူ နားလည်သဖြင့် တိုက်ခိုက်ချိန်တွင် သူ တွေဝေတုံ့ဆိုင်းနေသည်။ တိုက်ကွက်ဆယ်ကွက်ကျော်ခန့် အပြန်အလှန်တိုက်ခိုက်ပြီးနောက် သူသည် လျှူမင်ယွဲ့၏လက်သီးဖြင့် ထိုးနှက်ခြင်းကိုခံရပြီး ထောင့်တစ်နေရာသို့ လွင့်ထွက်သွားပေ၏။

သူ၏လက်အောက်ငယ်သားနှစ်ဦး ဆက်တိုက် ရှုံးနိမ့်သွားပြီးနောက် ချန်းဟောင်က စိတ်ရှုပ်ထွေးသော မျက်နှာအမူအယာဖြင့် စင်မြင်ပေါ်သို့ တက်လာသည်။

သူ၏ဖခင်သည် သူ့ကို သိုင်းပညာလေ့ကျင့်ရေးကွင်းပြင်ပေါ်တွင် တစ်နေ့လုံး ဒူးထောက်ခိုင်းခဲ့သည့် အကြောင်းအရင်းကို သူ နောက်ဆုံး၌ နားလည်သွားလေပြီ။

တခြားအရာများကို ဘေးဖယ်ထားလျှင်ပင် ကျောင်းသားများကို ဤမျှ တိုတောင်းသော အချိန်အတွင်း၌ အလျင်အမြန် တိုးတက်စေနိုင်သည့် စွမ်းရည်တစ်ခုတည်းကပင် သာမန်ဆရာတစ်ဦး မလုပ်နိုင်သည့်အရာဖြစ်ပြီး ကျောင်းအုပ်ကြီးထက်ပင် ပို၍သာလွန်သည်။

"အစတုန်းကတော့ ဒီကျန်းရွှမ်က လက်ထောက်ဆရာတစ်ယောက်ဖြစ်ပြီးတော့ ဘာအရည်အချင်းမှမရှိဘူးလို့ ငါ ထင်ခဲ့တယ်.. ဒါပေမဲ့ သူ့ရဲ့သင်ကြားမှုက ဒီလောက်ထိ အထင်ကြီးစရာကောင်းလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး"

"ကျောင်းသားတစ်ယောက် မြန်မြန်ဆန်ဆန် တိုးတက်လာတာကို အရည်အချင်းကြောင့်လို့ ပြောလို့ရပေမယ့် လူနှစ်ယောက်က တပြိုင်နက် တိုးတက်လာခဲ့တယ်...မိန်းကလေးယု မလှုပ်ရှားသေးပေမယ့် သူက ပိုပြီးသန်မာလောက်တယ်.... ဒီအချက်တစ်ချက်းနဲ့ ဒီဆရာက တကယ့်ကို ထူးခြားတယ်ဆိုတာ သက်သေပြနေတာပဲ..."

"ငါ့မှာ အကြံတစ်ခုရှိတယ်... ငါ့ရဲ့ လက်ရှိဆရာ့အတန်းကနေ ထွက်ပြီး ဒီဆရာကျန်းရဲ့အတန်းကို တက်ချင်တယ်..."

"ဒါက အကြံကောင်းပဲ...ဒါပေမယ့် မေ့လိုက်တော့....ဘာလို့လဲဆိုတော့ ဆရာကျန်းရွှမ်က ငါ့ရဲ့ဆရာ ဖြစ်လာမှာမလို့ပဲ..."

ချန်းဟောင်သာမက အောက်မှ လူအုပ်ကြီးလည်းနားလည်သွားကြပြီး စိတ်လှုပ်ရှားမှုကြောင့် သူတို၏မျက်နှာများ နီမြန်းလာကာ ပြိုင်ပွဲစင်မြင့်ဘက်သို့ ကြည့်နေကြသည်။

"ဆရာကျန်း... ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးနိုင်လား"

ယခင်က ကျန်းရွှမ်နှင့် စကားပြောဆိုခဲ့သောကျောင်းသားသည်လည်း ဤဆရာ မည်မျှ ထိအစွမ်းထက်သည်ကို မြင်တွေ့သဖြင့် အံ့အားသင့်သွားကာ စိတ်လှုပ်ရှားစွာဖြင့် သူ့ကိုလှမ်းကြည့်လိုက်သည်။

"လက်မခံဘူး"

ကျန်းရွှမ်က ခေါင်းခါလိုက်၏။

"ဆရာလျှူ သင်ပေးတဲ့ 'လျှို့ဝှက်နည်းစနစ်လေးမျိုး' က မင်းနဲ့ အရမ်းသင့်တော်တယ်.... မင်းသာ ကြိုးစားပမ်းစား လေ့လာရင် မင်းက ထိပ်သီးကျင့်ကြံသူတစ်ဦး ဖြစ်လာမှာ သေချာတယ်... မင်းက စိတ်နှစ်ခွဖြစ်ပြီး အကုန်လုံးကို လိုချင်နေရင်တော့ မင်းကို အာရုံပျံ့လွင့်စေပြီး နောက်ဆုံးမှာ ဘာအကျိုးမှမရှိ ဖြစ်လိမ့်မယ်"

စာကြည့်တိုက်ရှိ စာအုပ်အများစုကို မြင်ဖူးပြီးဖြစ်သောကြောင့် စွမ်းအားကို အသုံးမပြုဘဲပင် သူသည် တစ်ဖက်လူများ၏အသက်ရှုခြင်းနှင့် အမူအယာများမှတဆင့် အနည်းငယ်နားလည်သဘောပေါက်နိုင်ပေ၏။ သူသည် ကောင်းကင်ဘုံစာကြည့်တိုက်ကို မှီခိုအားကိုးရန် မလိုအပ်ချေ။

"ဟုတ်ကဲ့..."

ထိုကျောင်းသားသည် သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ သူ့ထံတွင် စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေသည်။

ကျန်းရွှမ်ထံတွင် ယုရှောင်ယွီ တပည့်ခံစဉ်က ကျောင်းတစ်ကျောင်းလုံးမှ ဤကိစ္စကို ဟာသတစ်ခုအဖြစ် သဘောထားခဲ့ပြီး သူပင်လျှင် ကြားဖူးခဲ့ကာ သူမကို လှောင်ပြောင်ခဲ့သည်။ ယခုချိန်တွက်မူ ထိုဆုံးဖြတ်ချက်သည် မည်မျှထိ ဥာဏ်ပညာရှိကြောင်း သူ နောက်ဆုံး၌ နားလည်သဘောပေါက်သွားသည်။

ယခင်က သူ ပို၍ရယ်မောခဲ့လေလေ ယခုချိန်၌ သူ့ကိုယ်သူ ပို၍ပါးဖြတ်ရိုက်လိုလေလေပင်။

နှစ်ယောက်သား စကားပြောနေဆိုနေစဉ် စင်မြင့်ပေါ်မှ ပြိုင်ပွဲသည် တဖန်ပြန်၍စတင်လာပေ၏။ လျှူမင်ယွဲ့၏ခွန်အားသည် အားမနည်းသော်လည်း ချန်းဟောင်သည် ပါရမီရှင်တစ်ဦးဖြစ်သောကြောင့် စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်ကို ချိုးဖျက်ပြီး ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်သို့ ရောက်ရှိနေလေပြီ။ တိုက်ကွက်အနည်းငယ်ခန့် အပြန်အလှန်တိုက်ခိုက်အပြီးတွင် သူမသည် တဖြည်းဖြည်း အားနည်းလာတော့သည်။

"မင်ယွဲ့....ဆင်းခဲ့တော့...ငါ့ကို စမ်းကြည့်ခွင့်ပေးပါ"

ဤတိုက်ပွဲကို ဆက်လက်၍တိုက်ခိုက်ပါက လျှူမင်ယွဲ့ ရှုံးနိမ့်မည်ကို သိရှိသဖြင့် ယုရှောင်ယွီက စင်မြင့်ပေါ်သို့ ခုန်တက်လာသည်။

သူမသည် ကြိုးစားပမ်းစား လေ့ကျင့်ထားသည့်အပြင် စိတ်ဝိညာဉ်ရင်းမြစ်ဝါး၏အထောက်အပံ့နှင့်လည်း ပေါင်းစပ်ထားပေ၏။ ထို့ကြောင့် ယုရှောင်ယွီသည် စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး မြင်းကောင်ရေအား၅ကို ပိုင်ဆိုင်ထားသည်။ သူမသည် ကျင့်ကြံဆင့်နယ်ပယ် ချိုးဖျက်တော့မည့် အနေအထားတွင် ရှိနေသည်။

ချန်းဟောင်သည် သူမထက် အနည်းငယ်ပို၍သန်မာသော်လည်း နှစ်ဖက်အကြားတွင် ခွန်အားကွာခြားချက်သည် မြင်းကောင်ရေအား ၀.၇ ခန့်သာရှိသဖြင့် အလွန်မကြီးမားချေ။

နှစ်ယောက်ကြားမှ ပြိုင်ပွဲသည် လက်ရည်တူဖြစ်နေပြီး တိုက်ကွက်ဆယ်ကွက်ကျော်ခန့် အပြန်အလှန်တိုက်ခိုက်အပြီးတွင် တစ်ယောက်တစ်လှည့်စီ အသာစီးရနေကြသည်။

ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ မိုယန်ရွှယ်က သူမ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။ သူမ၏လက်သည်းများသည် သူမ မသိလိုက်မီမှာပင် သူမ၏အသားအတွင်းသို့ စိုက်ဝင်သွားပေ၏။

လွန်ခဲ့သော ရက်အနည်းငယ်အကြာက သူမ၏ အချစ်ဆုံးသူငယ်ချင်းသည် သူမကို ယှဥ်ပြိုင်နိုင်ခဲ့ခြင်း မရှိချေ။ ယုရှောင်ယွီ အဆင်မပြေသည့်အချိန်တိုင်း သူမက ကူညီပေးခဲ့ရသည်။ သို့ရာတွင် ယခုချိန်၌မူ သူမသည် ယုရှောင်ယွီကိုမော့ကြည့်ရုံသာ တတ်နိုင်တော့သည်။ သူမတို့ကြားရှိ တစ်ခုတည်းသော ကွာခြားချက်မှာ သူမတို့သည် မတူညီသော ဆရာများထံတွင် ပညာသင်ကြားခဲ့ကြခြင်းပင်။

သူမသည် အဖြူရောင်ကျောက်တုံးမြို့တော်ရှိ မျိုးဆက်သစ်များကြားတွင် အတော်ဆုံးဟူသော ဂုဏ်ပုဒ်ကိုရယူရန်အတွက် ယုရှောင်ယွီ ရှုံးနိမ့်သည်ကို မြင်လိုခဲ့သည်မှာ မည်မျှထိ ရယ်ရွှင်ဖွယ် ကောင်းသနည်း။ ယခုကြည့်ရသလောက် သူမ အတွေးလွန်ခဲ့ပုံရသည်။

လူငယ်ပါရမီရှင်များကြားတွင် ပထမဖြစ်ရန် မဆိုထားနှင့် အများဆုံးအနေဖြင့် သူမသည် စတုတ္ထသာ ဖြစ်နိုင်ပေမည်... မဟုတ်သေး....သူမ၏ရှေ့တွင် မြင်းတစ်ကောင် ရှိနေပေ၏။

"တော်သင့်ပြီ... ဒီနေ့ပြိုင်ပွဲ ဒီမှာပဲ ပြီးဆုံးပြီ"

ဤတိုက်ပွဲကို ဆက်လက်၍တိုက်ခိုက်ပါက တစ်ယောက်ယောက် သေချာပေါက် ဒဏ်ရာရမည်ကို လုမင်ရုန်က သိရှိထားသည်။ တစ်ယောက်သည် မြို့အရှင်၏သမီးဖြစ်ပြီး တခြားတစ်ယောက်သည် ချန်းမိသားစု၏သခင်လေးဖြစ်သောကြောင့် ပြဿနာများ ဖြစ်ပွားလာနိုင်သည်။ ထို့ကြောင့် လုမင်ရုန်သည် စင်မြင့်ပေါ်သို့ ခုန်တက်ကာ အလယ်တွင် မတ်တတ်ရပ်လိုက်၏။

"ကျောင်းအုပ်ကြီး....ကျွန်မက သူ့ကို အနိုင်ယူပြီးတော့ ဆရာကျန်းကို တောင်းပန်ခိုင်းချင်သေးတယ်"

ယုရှောင်ယွီက ရှေ့သို့တက်ပြီး ပြောဆိုသည်။

ချန်းဟောင်က သူ၏ခေါင်းကိုခါယမ်ပြီး ပြောဆိုလိုက်၏။

"မင်း ငါ့ကို အနိုင်ယူဖို့မလိုပါဘူး...မင်းနဲ့ မင်ယွဲ့က ဒီလောက် တိုတောင်းတဲ့အချိန်အတွင်းမှာ ဒီလိုခွန်အားမျိုး ပိုင်ဆိုင်နိုင်တာကို ကြည့်ပြီးတော့ ငါရဲ့ အရင်က လုပ်ရပ်တွေအတွက် ဆရာကျန်းကို စိတ်ရင်းမှန်နဲ့ တောင်းပန်ပါတယ်... ပြီးတော့ ဆရာကျန်းက အဖြူရောင်ကျောက်တုံးကျောင်းတော် တစ်ခုလုံးမှာ အကောင်းဆုံးဆရာဖြစ်တယ်ဆိုတာကို ငါ ဝန်ခံပါတယ်..."

မမျှော်လင့်ဘဲ ရလဒ်မထွက်မီမှာပင် တစ်ဖက်လူက တောင်းပန်လိုက်သဖြင့် ယုရှောင်ယွီ ကြက်သေသေသွားသည်။

"နင်က ငါ့ကို မရှုံးသေးဘူး....နင်က ဒီကိစ္စကို ဖွင့်ပြောဖို့ တွေဝေတုံ့ဆိုင်းနေသင့်တယ်....အခု နင်က တောင်းပန်လိုက်တော့ ငါကဘာလုပ်ရမလဲ"

သူမ၏ခန့်မှန်းချက်အရ သူမတို့သည် ချန်းဟောင်ကို တစ်ယောက်ချင်း အနိုင်ယူပြီး လူတိုင်းမြင်သာစေရန်အတွက် သူမတို့၏အကြွင်းမဲ့စွမ်းအားကို ပြသရန်ပင်။ ရလဒ်မှာ တစ်ဝက်တစ်ပျက်သာဖြစ်ပြီး ယခုချိန်တွင်မူ ချန်းဟောင်က တောင်းပန်နေသည်။ အချိန်တခဏအတွင်းမှာပင် သူမသည် မည်ကဲ့သို့လုပ်ဆောင်ရမည်ကို မသိတော့ချေ။

"ငါ့ရဲ့လုပ်ရပ်တွေအတွက် တကယ်ကို နောင်တရပါတယ်....မိန်းကလေးယုနဲ့ မိန်းကလေးလျှူတို့က ငါ့ရဲ့တောင်းပန်မှုကို လက်ခံပေးဖို့ မျှော်လင့်ပါတယ်"

သူသည် သူမကို တမင်သက်သက် လှောင်ပြောင်နေသည်ဟု တွေးထင်မည်ကို စိုးရိမ်သဖြင့် ချန်းဟောင်သည် သူ၏လက်အောက်ငယ်သားနှစ်ဦးဘက်သို့ လှည့်ကာ အော်ငေါက်လိုက်သည်။

"ဒီပေါ်ကို တက်ခဲ့စမ်း"

သူ ကျန်းရွှမ်ကို ပြဿနာရှာခဲ့သည့် အကြောင်းအရင်းမှာ သူ၏နတ်မိမယ်လေး ဒုက္ခရောက်မည်ကို စိုးရိမ်သောကြောင့်ပင်။ ယခုချိန်၌ လျှူမင်ယွဲ့သည် ရက်အနည်းငယ်အတွင်း တိုးတက်လာပြီး သူ၏နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုကို လိုက်မီလုနီးပါး ဖြစ်နေသောကြောင့် သူသည် အပိုစကားများ မပြောလိုတော့ချေ။

"ဟုတ်ကဲ့..."

ကျိုးချင်းခိုင်နှင့် ဝမ်ယုရှင်းတို့သည် စင်မြင့်ပေါ်သို့ အလျင်အမြန် ခုန်တက်လာကာ နေရာတစ်နေရာသို့ကြည့်၍ ဦးညွှတ်အရိုအသေပြုပြီး တညီတညွတ်တည်း ပြောဆိုလိုက်ကြသည်။

"ဆရာကျန်းက ကျွန်တော်တို့ တွေ့ဖူးသမျှထဲမှာ အစွမ်းထက်ဆုံးဆရာပါ...ကျွန်တော်တို့က ဆရာ့ကို စိတ်ရင်းမှန်နဲ့ တောင်းပန်ပါတယ်"

လူများအားလုံးသည် သူတို့၏အကြည့်နောက်သို့ လိုက်ကြည့်လိုက်ကြရာ လူအုပ်ကြီး၏နောက်ဘက်၌ ကျန်းရွှမ်ကို မြင်တွေ့မိသည်။ လူအများ၏မျက်လုံးများအတွင်းတွင် မီးလျှံကဲ့သို့ ပူပြင်းသောအကြည့်များဖြင့် ပြည့်နှက်နေပေ၏။

ရက်အနည်းငယ်အတွင်းမှာပင် တပည့်သုံးဦးသည် ခွန်အားအရာတွင် ခုန်ပျံကျော်လွှား၍ မြင့်တက်လာခဲ့သည်။ အကယ်၍ သူတို့သည် သူ၏တပည့်များ ဖြစ်လာပါက သူတို့သည်လည်း အလျင်အမြန် သန်မာလာမည် မဟုတ်လော။

"ဒါက..."

လူများအားလုံး၏အကြည့်များကို မြင်တွေ့ချိန်၌ ကျန်းရွှမ်သည် စကားမပြောရဲတော့ချေ။ သူ၏နှုတ်ခမ်းများ တဆတ်ဆတ်တုန်ရီသွားပြီး ထွက်ခွာသွားရန် နောက်သို့လှည့်လိုက်သည်။

"ဆရာကျန်း..မသွားပါနဲ့အုံး... ဆရာက တပည့်တွေ လိုအပ်လား... ကျွန်တော့်ကို လက်ခံပေးပါ"

"ကျွန်တော်လည်း တပည့်ခံဖို့ လက်ဆောင် ပေးနိုင်ပါတယ်..."

"ဆရာကျန်းက ကျွန်တော့်ကို တပည့်အဖြစ် လက်ခံသမျှ ကျွန်တော် ဘာမဆို လုပ်ပါ့မယ်..."

"ဆရာကျန်း....ကျွန်တော့်ကိုယ်ကျွန်တော် အကြံပြုပါရစေ...ကျွန်တော်ရဲ့အရည်အချင်းက မိန်းကလေးယုတို့လောက် မကောင်းပေမယ့် အရမ်းမဆိုးပါဘူး..."

ပတ်ဝန်းကျင်နေရာတဝိုက်လုံး ဆူညံပွက်လောရိုက်နေသည်။

ကျန်းရွှမ် ထွက်ခွာသွားတော့မည်ကို မြင်တွေ့ချိန်၌ ကျောင်းသားများအားလုံးသည် ချက်ချင်း ဆိုသလိုပင် သူ့ကို ဝိုင်းရံလိုက်ကြ၏။ သူတို့တစ်ယောက်ချင်းစီသည် အလွန်စိတ်လှုပ်ရှားနေကြကာ နေရာတွင် ဒူးထောက်ကြတော့လုမတတ်ပင်။

"ဒါက တကယ့်ကို အဆုံးသတ်သွားပြီ... အခြေအနေက ပရမ်းပတာတွေ ဖြစ်လာတော့မယ်"

ပွဲကြည့်စင်မြင့်ပေါ်တွင်ရှိနေသော ဝူယွင်ကျိုးနှင့် တခြားလူများအားလုံး မျက်ခုံးပင့်လိုက်ကြသည်။

သူတို့သည် ကျန်းရွှမ်အရည်အချင်း ထုတ်ဖော်ပြသလိုက်သည်နှင့် သေချာပေါက် ရုန်းရင်းဆန်ခတ်နိုင်မှုကို ဖြစ်စေမည်အား သိခဲ့ကြသည်။ သို့ရာတွင် ထိုကိစ္စသည် ဤမျှထိကြီးမားလိမ့်မည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ မတွေးခဲ့ဖူးချေ။

ကျောင်းတစ်ကျောင်းလုံးမှ ကျောင်းသားအားလုံးက ကျန်းရွှမ်ကို သူတို့၏ဆရာအဖြစ် သတ်မှတ်လိုကြသည်။ ဤသည်မှာ သူ သင်ကြားနိုင်မသင်ကြားနိုင်ဆိုသည့် ကိစ္စမဟုတ်ဘဲ တခြားဆရာများ မည်သို့ ဖြစ်သွားမည်နည်း။

သူတို့၏ကျောင်းသားများသည် သူတို့အတန်းများကို တက်ရန် ငြင်းဆန်ပြီး တခြားဆရာတစ်ဦးကိုသာ တောင်းဆိုနေကြသည်။ ဤသည်မှာ သူတို့အတွက် အလွန်ရှက်ရွံဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။

သို့ရာတွင် ယခုချိန်၌ အကယ်၍ သူတို့ တားဆီးရန် ကြိုးစားလျှင်ပင် မည်သည့်ကျောင်းသားကမျှ သဘောတူမည်မဟုတ်ပေ...

"ကျောင်းအုပ်ကြီး..."

အကြီးအကဲများသည် စင်မြင့်ပေါ်မှ လုမင်ရုန်ထံသို့ အလျင်အမြန် ကြည့်လိုက်ကြသည်။ လုမင်ရုန်သည်လည်း နေရာမှာပင် တောင့်တင်းစွာမတ်တတ်ရပ်နေကာ ငိုတော့မလို ဖြစ်နေသည်အား သူတို့ မြင်တွေ့လိုက်ရသည်။

သူသည် ဤမျှထိ အချိန်ကြာမြင့်စွာ ကျောင်းအုပ်ကြီးဖြစ်လာခဲ့သည့်တိုင် ယခုကဲ့သို့အခြေအနေမျိုးကို တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးချေ။

ချန်မိသားစုက ကျန်းရွှမ်ကို ဧည့်အကြီးအကဲအဖြစ် မည်သည်ကြောင့် လိုချင်ရသည့် အစစ်အမှန်အကြောင်းအရင်းကို သူ ကြားသိပြီးဖြစ်သည်။ ဤကောင်လေးသည် မြင်းထောင်ပေါင်းများစွာကို တိုတောင်းသောအချိန်အတွင်း အမိန့်နာခံအောင် လေ့ကျင့်ပေးနိုင်သည်ကို သူ သိရှိခဲ့လေ၏။ သို့ရာတွင် ကျန်းရွှမ်သည် ကျောင်းသားများအပေါ်တွင်လည်း ထပ်တူထပ်မျှလုပ်ဆောင်နိုင်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားမိချေ။

ငိုကြွေးတော့လုနီးပါး ဖြစ်နေသော ကျောင်းအုပ်ကြီး အကြီးအကဲများနှင့် မတူညီဘဲ ယုရှောင်ယွီ လျှူမင်ယွဲ့နှင့်ဟုန်ရီတို့သည် ကျောင်းသားများအားလုံး၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရပြီး မရပ်မနား ပြေးလွှားနေသော ဆရာကျန်းဘက်သို့ ကြည့်ကာ သူတို့၏ပါးစပ်များ တပြိုင်နက်တည်း တွန့်ကွေးသွားသည်။

ဆရာကျန်းသည် သူတို့ကို သိုသိုသိပ်သိပ်နေခိုင်းခဲ့သည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။

မည်သို့ပင်ဆိုစေကာမူ ဤမျှထိ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက် သူတို့သည် နောက်ထပ်ဘေးကပ်ဆိုးတစ်ခုကို ဖြစ်ပွားစေခဲ့ပုံရသည်။

All Chapters