← Chapters

ဟုန်ရီ ရှုံးနိမ့်သွားခြင်း

Vol. 10 Ch. 139

ဟုန်ရီ ရှုံးနိမ့်သွားခြင်း

Vol. 10 Ch. 139

"အမ်..."

ထိုကျောင်းသား၏မျက်နှာသည် ကြောက်လန့်မှုကြောင့် ဖြူဖျော့သွားပြီး သူက အလျင်အမြန် ဦးညွှတ်အရိုအသေပြုလိုက်သည်။

"တောင်းပန်ပါတယ် ဆရာကျန်း...ကျွန်တော် စကားမှားသွားတာပါ... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ..."

အဖြူရောင်ကျောက်တုံးကျောင်းတော်တွင် လူတိုင်း၏ရှေ့၌ ဆရာတစ်ဦးကို စော်ကားခြင်းသည် ချက်ချင်းထုတ်ပယ်ခံရနိုင်သော အကြောင်းအရင်းပင်။

"ကိစ္စမရှိပါဘူး....ဘယ်သူက ဘယ်သူနဲ့ပြိုင်နေလဲဆိုတာကိုသာ ငါ့ကို ပြောပြပါ"

ကျန်းရွှမ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

မည်သူသည် သူတစ်ပါး၏အကြောင်းကို ကွယ်ရာတွင် အတင်းမပြောဘဲ နေမည်နည်း...

ဤသည်မှာ လူ့သဘာဝပင်။

လူတစ်ယောက်သည် အသက်ရှင်နေသော်လည်း သူ့အကြောင်းကို ပြောနေသောသူ တစ်ယောက်မျှမရှိလျှင် သေသွားသည်ကမှ ပို၍ကောင်းပေမည်....

ကျန်းရွှမ် တေးမှတ်မထားသည်ကို မြင်တွေ့ချိန်၌ ထိုကျောင်းသားသည် သက်ပြင်းရှိုက်ပြီး ပြိုင်ပွဲစင်မြင့်ဘက်သို့ လှည့်ကာ ရှင်းပြလိုက်သည်။

"ပထမပွဲက ကျောင်းသားသစ်ဟုန်ရီနဲ့ စီနီယာကျောင်းသားကျိုးချင်းခိုင်တို့ တိုက်ခိုက်မှာပါ"

ကျန်းရွှမ် စိတ်ရှုပ်ထွေးသွားသည်။

"သူတို့က ဘာလို့ ပြိုင်နေကြတာလဲ"

ကျိုးချင်းခိုင်သည် ချန်းဟောင်၏ ဂျူနီယာညီလေးဖြစ်ကာ မြင်းထိန်းကျိုးချွမ်၏ သားဖြစ်ပုံရသည်။ သူသည် အတန်းအတွင်းတွင် ကျိုးချင်းခိုင်ကို ယခင်က မြင်တွေ့ဖူးပေ၏။

"ချန်းဟောင်က ဆရာ့ကို မလေးမစားလုပ်ပြီးတဲ့နောက်မှာ မိန်းကလေးယုနဲ့မိန်းကလေးလျှူတို့က ဆရာ့အတွက် လက်စားချေပေးချင်တာကြောင့် သူ့နဲ့ပြိုင်ဖို့ လောင်းကြေးတစ်ခု ထပ်ခဲ့တယ်လို့ ပြောကြတယ်"

ထိုကျောင်းသားက အနေရခက်စွာဖြင့် ရှင်းပြလိုက်သည်။

ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။

"လောင်းကြေး... ဟုတ်လား..."

"ဟုတ်ကဲ့"

ကျောင်းသားက တုံ့ပြန်အဖြေပေးသည်။

"ချန်းဟောင် ရှုံးရင် သူက လူအများရှေ့မှာ တောင်းပန်ပြီးတော့ ဆရာကျန်းက ကျောင်းမှာ အတော်ဆုံးဆရာဖြစ်ကြောင်း ဝန်ခံရမှာပါ"

ဒီကလေးတွေတော့...

ကျန်းရွှမ် အလွန်ဆွံ့အသွားသည်။

သူသည် သူတို့ကို အေးအေးဆေးဆေး နေခိုင်းခဲ့ပေမယ့် သူတို့သည် ဤမျှထိကြီးမားသော ပွဲဆူမှုကို ဖြစ်စေခဲ့သည်။ ဤတပည့်သုံးယောက်ကိုသူ သင်ခန်းစာပေးရန် လိုအပ်နေလေပြီ။ သို့ရာတွင် သူ ပြန်စဉ်းစားကြည့်ချိန်၌ သူတို့သည် ဂုဏ်သိက္ခာအတွက် စီနီယာများကို စိန်ခေါ်ရဲပြီး အခက်အခဲများကို မကြောက်ရွံ့ခြင်းသည် အလွန်လေးစားဖွယ်ကောင်းပေ၏။

အချိန်တခဏအတွင်းမှာပင် သူသည် ကျောက်ယာနှင့်တခြားသူများကို ပြန်သတိရသွားသည်။ သူတို့သည်လည်း အရာအားလုံးဖြင့် စွန့်စား၍ ပေါင်းစပ်ဝင်္ကပါကို တိတ်တဆိတ် လေ့ကျင့်ကာ လုရွှန်းကို စိန်ခေါ်ပြီး သူ့ကို အနိုင်ယူနိုင်ခဲ့သည်။

"ဒီကိစ္စပြီးသွားရင် သူတို့အားလုံးကို ဒီကို ခေါ်လာမယ်...."

စွန်းချန်သည် ကျင့်ကြံနိုင်ပြီး သူ ဖွင့်ပေးခဲ့သော ရင်းမြစ်ရေအိုင်နေရာတွင် အလျင်အမြန် တိုးတက်နေသည်ကို အတည်ပြုပြီးနောက် ကျန်းရွှမ်သည် ထိုတပည့်များကို ခေါ်ဆောင်လာရန် အချိန်ကျပြီဖြစ်ကြောင်း သိလိုက်သည်။

ခုန်းရှီ၏အခြေအနေသည် မရှင်းလင်းသေးသဖြင့် သူသည် သူ၏ကိုယ်ပိုင်ကျင့်ကြံမှုကို လျင်မြန်စွာ မြှင့်တင်ရန် လိုအပ်ရုံသာမက သူ၏အင်အားစုကိုလည်း ချဲ့ထွင်ရန် လိုအပ်သည်။

သူ အတွေးနယ်ချဲ့နေစဉ်မှာပင် ကျောင်းသား၏အသံ ထွက်ပေါ်လာသည်။ "ဆရာကျန်း...ပွဲစတော့မယ်..."

ကျန်းရွှမ်က မော့ကြည့်လိုက်ရာ ဟုန်ရီနှင့်ကျိုးချင်းခိုင်တို့ စင်မြင့်ပေါ်သို့ ခုန်တက်သွားကြသည်ကို မြင်တွေ့မိလေ၏။

'မီးပြင်းဖိုကို ထွန်းညှိပြီးတော့ သုံးရက်အကြာမှာပဲ မင်းက ငါ့ကို စိန်ခေါ်ရဲတယ်...ဟုန်ရီ မင်းမှာ သတ္တိရှိတယ်ဆိုတာ ငါ ဝန်ခံတယ်...ဒါပေမယ့် ကံဆိုးချင်တော့ မင်းမှာ ဦးနှောက်မရှိဘူး...'

သူ၏ရှေ့မှလူငယ်ကို ကြည့်ရင်း ကျိုးချင်းခိုင်က ရယ်မောလိုက်ရာ အစွမ်းထက်သော အရှိန်အဝါတစ်ရပ် ချက်ချင်းထွက်ပေါ်လာပြီး ပတ်ဝန်းကျင်နေရာတဝိုက်သို့ ပျံ့နှံ့သွားသည်။

"စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်"

လူအများသည် အံ့အားတသင့် အော်ဟစ်လိုက်ကြ၏။

ကျောင်းတော်တွင် သုံးနှစ်နေပြီးသည့်တိုင် စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်သို့သာ ရောက်ရှိခဲ့သဖြင့် သူ၏အရည်အချင်းကို သာမန်ဟု မှတ်ယူနိုင်သည်။ သို့ရာတွင် သုံးရက်သာ ကျင့်ကြံခဲ့သော ကောင်လေးတစ်ယောက်နှင့် ယှဉ်ပြိုင်ပါက ကျိုးချင်းခိုင်သည် သူ့ကို လွယ်လင့်တကူ ချေမှုန်းနိုင်ပေမည်။

အမှန်တကယ်ကိုပင် ကျိုးချင်းခိုင်၏ခွန်အားကို မြင်တွေ့ချိန်၌ ဟုန်ရီ၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။ သူက အသက်ပြင်းပြင်းရှိုက်ကာ သူ၏လက်ကို ဆန့်တန်းလိုက်သည်။

"မင်း...စတိုက်စမ်း"

"မိုက်မဲလိုက်တာ.."

ကျိုးချင်းခိုင်သည် အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူ၏စွမ်းအားကုန် ထုတ်လွှတ်လိုက်သည်။ ထို့နောက် ကျိုးချင်းခိုင်၏ခန္ဓာကိုယ်သည် ရှေ့သို့ပြေးထွက်သွားကာ ဟုန်ရီ၏ ရှေ့တည့်တည့်သို့ ရောက်ရှိသွားပြီး သူ့ကို ကန်ကျောက်လိုက်သည်။

ဟုန်ရီသည်လည်း တိုက်ခိုက်မှုကို တားဆီးရန် သူ၏ခြေထောက်ကို မြှောက်လိုက်၏။

နှစ်ယောက်သား ထိပ်တိုက်တွေ့ဆုံချိန်၌ ကျိုးချင်းခိုင်သည် နေရာမှာပင် မလှုပ်မယှက် မတ်တတ်ရပ်နေပြီး ဟုန်ရီမှာမူ ခြေလှမ်းလေးငါးလှမ်းခန့် နောက်သို့ယိမ်းယိုင်သွားကာ ခွန်အားအရာတွင် သိသာရှင်းလင်းစွာ အားနည်းနေသည်။

"သူက တစ်ကွက်တည်းနဲ့ ရှုံးသွားရမှာ မဟုတ်ဘူးလား...."

"သူ တကယ်ပဲ တားနိုင်ခဲ့တယ်...."

အချိန်တခဏအတွင်းမှာပင် ပွဲကြည့်နေသူများသည် ကြက်သေသေသွားပြီး သူတို့၏မျက်နှာများပေါ်တွင် မယုံကြည်နိုင်မှုများ ထင်ဟပ်နေသည်။ ကျိုးချင်းခိုင်ပင်လျှင် အချိန်တခဏကြာမျှ အံ့အားသင့်သွားပေ၏။

သူသည် ဂျူနီယာတစ်ယောက်ကို တစ်ကွက်တည်းဖြင့် လွယ်လွယ်ကူကူ သင်ခန်းစာပေးနိုင်မည်ဟု ထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ ဤဟုန်ရီ၏ခွန်အားသည် အားနည်းသည့်တိုငိ ခုခံနိုင်စွမ်း ရှိနေသည်။

"မြင်းကောင်ရေအား ၂.၅ လား"

ကျိုးချင်းခိုင်က သူ၏လက်သီးကို တင်းတင်းဆုပ်ပြီး သွေးတိုးစမ်းသည့်အနေဖြင့် မေးမြန်းလိုက်သည်။

သူသည် စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်တွင် ရှိပြီး မြင်းကောင်ရေအား ၃.၅ခန့်ရှိသည်။ ပြိုင်ဘက်၏ခွန်အားသည် အမှန်တကယ်ပင် သူ့ထက်အနည်းငယ် အားနည်းသော်လည်း မြင်ကောင်ရေအား၂ကို ကျော်လွန်နေသည်မှာ သေချာပေါက်ပင်။

အကယ်၍ သူ၏ပြိုင်ဘက်သည် တူညီသောနှစ် သို့မဟုတ် တစ်နှစ်ငယ်သောသူဖြစ်ပါက ပြဿနာကြီးကြီးမားမား မရှိချေ။ သို့ရာတွင် တစ်ဖက်လူသည် သုံးရက်သာ ကျင့်ကြံခဲ့သည်။ ဟုန်ရီ မီးပြင်းဖိုကိုထွန်းညှိစဥ်၌ သူကိုယ်တိုင် မျက်မြင်သက်သေဖြစ်ခဲ့သည်...

ထိုအချိန်က ထိုကောင်လေးတွင် ကျင့်ကြံမှု လုံးလုံးလျားလျားမရှိဘဲ နဝမအဆင့် ရင်းမြစ်ရေအိုင်သာရှိပြီး သူ၏ခွန်အားသည် မြင်းကောင်ရေအား၀.၂သာ ရှိခဲ့လေ၏။ ဤမျှ တိုတောင်းသော အချိန်အတွင်း သူသည် ဆယ်ဆကျော် တိုးတက်လာခဲ့သည်။

"စီနီယာကျိုးက မျက်စိလျင်သားပဲ"

ဟုန်ရီက လေပူတစ်ချက်ကို သူ၏ပါးစပ်မှ မှုတ်ထုတ်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ တဂျွတ်ဂျွတ်မြည်သံများ ထွက်ပေါ်လာကာ သူ၏ခွန်အားကို ဖုံးကွယ်မထားတော့ဘဲ အပြည့်အဝ ထုတ်ဖော်ပြသလိုက်သည်။

"သူက တကယ့်ကို မြင်းကောင်ရေအား၂ကို ကျော်နေတာလား"

"သူ ဘယ်လို ကျင့်ကြံခဲ့တာလဲ"

သူတို့၏စကားဝိုင်းကို ကြားချိန်၌ ပွဲကြည့်ပရိသတ်သည် စိတ်လှုပ်ရှားလာကာ ဆူညံပွက်လောရိုက်လုနီးပါး ဖြစ်သွားသည်။

ယခင် တိုက်ခိုက်မှုများသည် ဟုန်ရီ၏ထူးခြားမှုကို ပြသခဲ့ပြီးဖြစ်သော်လည်း သူ၏ပါးစပ်မှ ထုတ်ပြောသည်ကို ကြားရချိန်၌ သူတို့အားလုံး ယုံရခက်နေဆဲပင်။

"သူက ငါ့ကို ကျော်တက်နိုင်တာ အံ့အားသင့်စရာ မရှိတော့ဘူး....ဒါပေမယ့်... ငါက ရွှေရောင်ရင်းမြစ်ဆေးကို သုံးခဲ့ပြီးတော့ မိုမိသားစုရဲ့အနက်ရှိုင်းဆုံး နည်းစနစ်တွေကို ကျင့်ကြံခဲ့တယ်.. ကျောင်းအုပ်ကြီးကိုယ်တိုင်ကလည်း ငါ့ကို လမ်းညွှန်ပေးခဲ့တာ..."

လူအုပ်အကြားမှ မိုယန်ရွှယ်သည် ဤကိစ္စကို လက်ခံရခက်နေသည်။

သူမ၏အရည်အချင်းသည် အဖြူရောင်ကျောက်တုံးမြို့တော် တစ်ခုလုံးတွင် ပထမအဆင့်ဖြစ်ပြီး သူမ၏မိသားစုထံမှ အဖိုးတန်အရင်းအမြစ်များကို ရရှိခဲ့သည်။ ထို့ပြင် သူမသည် ကြိုးစားအားထုတ်ခဲ့သော်လည်း မြင်းကောင်ရေအား ၂ခန့်သာ ရောက်ရှိခဲ့သည်။ သို့ရာတွင် အရည်အချင်းမရှိဟု ထင်ရသော ဤသာမန်ကောင်လေးသည် ဆရာကျန်းထံတွင် အတန်းချိန်သုံးချိန် တက်ခဲ့ပြီးနောက် မြင်းကောင်ရေအား ၂.၅သို့ တဟုန်ထိုး မြင့်တက်သွားခဲ့သည်...

'မြင်းတစ်ကောင်လောက် မတော်တာကို ငါ သည်းခံနိုင်တယ်...ဒါပေမယ့် ဒီကောင်လေးက ငါ့ထက် သာသွားတာကတော့...'

မိုယန်ရွှယ်သည် သူမ၏ရင်ဘတ်အတွင်း၌ စူးရှနာကျင်လာမှုကို ခံစားလိုက်ရပြီး အသက်ရှူမဝ ဖြစ်သွားသည်။

ထိုမြင်းထိန်း၏အတန်းသည် အမှန်တကယ်ကို ဤမျှထိ အစွမ်းထက်သလော....

ဤကိစ္စကိုသာ သူမ ကြိုသိခဲ့လျှင် ကျန်းရွှမ် မိုအိမ်တော်တွင် ရှိနေစဥ်၌ သူမသည် ပို၍ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခဲ့ပြီး သူ၏တပည့်ဖြစ်ဖို့ပင် ကြိုးစားမိပေမည်။

"ရှောင်ယွီမှာ ခွန်အားဘယ်လောက်ထိ ရှိနေပြီလဲ ဆိုတာ ငါ သိချင်မိတယ်..."

ဟုန်ရီသည် ဤမျှထိ အစွမ်းထက်နေသောကြောင့် မြို့အရှင်၏သမီး ယုရှောင်ယွီသည် မည်မျှထိပို၍သာလွန်နေမည်နည်း။ ယုရှောင်ယွီ၏အရင်းအမြစ်များသည် သူမထက်ပင် ပို၍များသဖြင့် တိုးတက်မှုသည် ပို၍ကြီးမားမည်မှာ သေချာပေါက်ပင်။

မိုယန်ရွှယ် စိတ်ရှုပ်ထွေးသွားသည်။

သူမ၏အချစ်ဆုံးသူငယ်ချင်းသည် ကျန်းရွှမ်၏တပည့်ဖြစ်သွားခြင်းမှာ သူမအတွက် အနေရခက်သည်။ သူမ၏သူငယ်ချင်းသည် အရည်အချင်းနိမ့်ပါးပါက သူမသည် အတန်းချိန်အတွင်းတွင် ဂရုတစိုက် မှတ်စုများ ရေးမှတ်ကာ ပို့ပေးမိပေမည်။ သို့ရာတွင် သူမ၏သူငယ်ချင်း အလွန်ထူးချွန်သွားလျှင် သူမ စိတ်မသက်မသာ ဖြစ်မိပေလိမ့်မည်...

သူမသည် သူမ၏အချစ်ဆုံးသူငယ်ချင်းကို ကောင်းစားစေလိုစိတ်နှင့် သူမကို ကျော်တက်သွားမည်ကို ကြောက်ရွံ့စိတ်တို့ကြားတွင် ဗျာများနေပေ၏။

"၂.၅မဟုတ်ဘူး....ဒါက မြင်းကောင်ရေအား ၃နီးပါးပဲ..."

စင်မြင့်ပေါ်မှ အကြီးအကဲဟယ်ချင်က သူတို့၏တိုက်ပွဲကို ကြည့်ရှုရင်း ရှင်းပြလိုက်သည်။

"မနေ့က မြင်းကောင်ရေအား သူ့မှာ မြင်းကောင်ရေအား၁ပဲရှိသေးတယ်.... အခု တစ်ရက်ကျော်လေးပဲ ရှိသေးတာကို သူက မြင်းကောင်ရေ၃နီးပါး ရောက်နေပြီ... အဓိကက သူက အရင်းအမြစ်တွေရဲ့ အကူအညီ သိပ်မရဘူး... ဆရာကျန်းက သူ့ကို ဘယ်လိုနည်းစနစ်မျိုး သင်ပေးလိုက်လို့ သူက ဒီလောက်ထိ အစွမ်းထက်ရတာလဲ"

လုမင်ရုန်သည် ရူးသွပ်သွားတော့လုနီးပါး ခံစားနေရသည်။

သူ၏တပည့် မိုယန်ရွှယ်သည် ရက်အနည်းငယ်အတွင်း မြင်းကောင်ရေအား ၀.၄၅မှ ၂သို့ မြင့်တက်သွားခဲ့သည်။ သူ၏အမြင်အရ ဤသည်မှာ အဖြူရောင်ကျောက်တုံးမြို့တွင် ယုလုံချင်း၏စံချိန်ကို ချိုးနိုင်ခဲ့သော အောင်မြင်မှုဖြစ်ပြီး နှစ်တစ်ရာအတွင်း ပထမဆုံးအကြိမ်ပင်။ သို့ရာတွင် ယခုချိန်၌ ကျန်းရွှမ်၏တပည့်ရှေ့တွင် ဤသည်မှာ အသေးအမွှားကဲ့သို့ ဖြစ်သွားပေ၏။

ဒါက တကယ်ပဲ သင်ကြားတာ ဟုတ်သေးရဲ့လား....

"သူ့ရဲ့နည်းစနစ်က ဘာပဲဖြစ်ဖြစ်...ဒီပြိုင်ပွဲပြီးရင် သူက တံခါးဖွင့်သင်ခန်းစာတစ်ခု သင်ကြားပေးပြီးတော့ သူ့ရဲ့ ကျင့်ကြံခြင်းအတွေ့အကြုံတွေကို မျှဝေပေးဖို့ ငါ မျှော်လင့်မိတယ်..."

ဝူယွင်ကျိုးက ပြောဆိုသည်။

"တံခါးဖွင့်သင်ခန်းစာ....ဟုတ်လား... မင်း ဆိုလိုတာက သူက တခြားကျောင်းသားတွေကို လမ်းညွှန်ပေးဖို့လား"

ယန်ချင်းရှုက မေးမြန်းသည်။

"ကျောင်းသားတွေကို လမ်းညွှန်ပေးဖို့... ဟုတ်လား....ငါ ဆိုလိုတာက ငါတို့ကျောင်းက ဆရာတွေအားလုံး သူ့ရဲ့အတန်းတွေကို တက်ပြီးတော့ သင့်တော်တဲ့ လေ့ကျင့်မှုကို လုပ်ဆောင်သင့်တယ်..."

ဝူယွင်ကျိုးက ပြန်ဖြေသည်။

"ဆရာတွေကို သင်ပေးဖို့လား"

ယန်ချင်းရှု အံ့အားသင့်သွားသည်။

"လက်ထောက်ကျောင်းအုပ်ဝူ ပြောတာမှန်တယ်....ပွဲပြီးရင် ဆရာတွေအားလုံးကို စုစည်းသင့်တယ်... ဆရာတွေတင်မကဘူး... အကြီးအကဲအားလုံးနဲ့ ကျောင်းအုပ်ကြီးတောင် တက်သင့်တယ်"

လုမင်ရုန်၏ အကြည့်သည် တည်ကြည်လေးနက်နေပေ၏။

"သူ့မှာ အဲ့ဒီလိုလုပ်ဖို့ အရည်အချင်းနဲ့ စွမ်းရည်ရှိတယ်...."

"ဟုတ်ကဲ့"

ယန်ချင်းရှုက ခေါင်းညိတ်ပြီး လက်နှစ်ဖက်ကိုပူးဆုပ်ကာ မည်သည့်စကားမျှရထပ်မပြောတော့ချေ။

စင်မြင့်ပေါ်မှမြင်ကွင်းကို ကြည့်နေသော ကျန်းရွှမ်သည် လူများအားလုံး၏မျက်နှာအမူအယာနှင့် မတူညီဘဲ သူသည် သက်ပြင်းရှိုက်ကာ ခေါင်းခါယမ်းနေလေသည်။

'သူ့အတွက် သီးသန့်ဖန်တီးထားတဲ့ ကျင့်ကြံနည်းစနစ်နဲ့ တစ်ရက်ကြာအောင် လေ့ကျင့်ပြီးနောက် သူက မြင်းကောင်ရေအား၃ကို မရောက်သေးဘူး... ဒီဟုန်ရီရဲ့ အရည်အချင်းက တကယ်ကို တော်တော်လေး အားနည်းနေတယ်...'

'စင်ပေါ်ကို ပြေးတက်ပြီး ဒါကို လာထုတ်ပြနေရအောင် မင်းက ဘယ်လောက်တောင် မျက်နှာပြောင်တိုက်နိုင်ရတာလဲ....'

'မင်း မရှက်ရင်တောင် ငါ ရှက်တယ်....'

ထိုအတွေးနှင့်အတူ ကျန်းရွှမ်သည် သူ၏မျက်နှာ ရှက်ရွံမှုကြောင့် နီမြန်းသွားသည်ကို ခံစားလိုက်ရသည်။

လူအုပ်ကြီးထံတွင် အတွေးအမျိုးမျိုး ရှိနေကာ စင်မြင့်ပေါ်ရှိ ဟုန်ရီနှင့်ကျိုးချင်းခိုင်တို့သည် တစ်ဖန်ပြန်လည်၍ ထိပ်တိုက်တွေ့ဆုံပြီးဖြစ်သည်။

စင်မြင့်ပေါ်ရှိ လေထုအတွင်းတွင် လက်သီးချက်များ တဝီဝီမြည်ဟီးနေပြီး စွမ်းအားများသည် ပြင်းထန်ပေ၏။

ဟုန်ရီ၏ခွန်အားသည် ကျိုးချင်းခိုင်ထက် အမှန်တကယ်ကို အားနည်းသော်လည်း သူ့ထံတွင် ပြင်းထန်သော ဇွဲလုံ့လရှိသည်။ သူ မနိုင်လျှင်ပင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရပေမည်။ အကြောင်းအရင်းမှာ သူ ဆရာကျန်း၏နောက်သို့ လိုက်ခွင့်ရသည့် အခွင့်အရေးသည် ရှားပါးကြောင်းကို သူ သိရှိထားသောကြောင့်ပင်။ အကယ်၍ ဤအခွင့်အရေးကို သူ ဆုံးရှုံးသွားပါက သူသည် လူအုပ်အကြားတွင် တဖန်ပြန်၍ မှေးမှိန်သွားပေမည်။ ထို့ကြောင့် သူ၏အသက်ကို စွန့်ရမည်ဆိုလျှင်ပင် သူ ကြိုးစားအားထုတ်ရပေမည်။

"သူ ရူးသွားပြီ...သူ လုံးဝရူးနေပြီ..."

ကျောင်းသားပြိုင်ပွဲများတွင် သူတို့သည် အများအားဖြင့် ညှာတာလေ့ရှိသော်လည်း သူ၏ရှေ့မှ ဤကောင်လေးတွင်မူ မဆုတ်မနစ်သော စိတ်ပိုင်းဖြတ်မှု ရှိပုံရသည်။ ဤကဲ့သို့ ပြင်းထန်မှုနှင့်နည်းစနစ်မရှိမှုတို့ကို ရင်ဆိုင်ရချိန်၌ ကျိုးချင်းခိုင်သည် သူ၏စိတ်အတွင်းတွင် အနည်းငယ်ကြောက်ရွံ့လာသကဲ့သို့ ခံစားလိုက်ရသည်။

ကြောက်ရွံ့မှု ဝင်လာသည်နှင့် သူ၏ခွန်အားကို အပြည့်အဝ ထုတ်သုံးနိုင်တော့ခြင်း မရှိချေ။ သူ၏ကျင့်ကြံဆင့်သည် ဟုန်ရီထက် သာလွန်သော်လည်း သူသည် တစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်နေရကာ ဟန်ချက်ပျက်လုနီးပါး ဖြစ်နေသည်။

ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ ချန်းဟောင်၏မျက်နှာအမူအယာသည် တင်းမာခက်ထန်သွားပေ၏။

သုံးနှစ်ကြာစောရောက်ခဲ့သော စီနီယာကျောင်းသားတစ်ယောက်အနေဖြင့် ကျောင်းသားသစ်တစ်ယောက်ကို ရှုံးနိမ့်ခြင်းသည် တစ်ဖက်လူအတွက်သာမက သူ့အတွက်လည်း ရှက်ရွံဖွယ်ကောင်းသည်။

"ကျိုးချင်းခိုင်....မင်း ဘာလုပ်နေတာလဲ...မင်း အစွမ်းကုန် ထုတ်သုံးစမ်း"

မိုးခြိမ်းသံကဲ့သို့သော အော်သံတစ်သံ ထွက်ပေါ်လာသည်။

"ဟုတ်ကဲ့"

သူ ဆက်လက်၍နောက်ဆုတ်နေပါက ချန်းမိသားစုမှ စွန့်ပစ်ခြင်းခံရနိုင်သည်ကို သိရှိသဖြင့် ကျိုးချင်းခိုင်သည် အံ့ကြိတ်ကာ သူ၏စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်ပြီး ဟုန်ရီထံသို့ ပြေးဝင်သွားသည်။

ဤသိုင်းပညာနည်းစနစ်၏အမည်သည် လုယွဲ့ရှီး ပင်။

ဤနည်းစနစ်ကို သူ၏ဖခင်ကျိုးချွင်က မျိုးသန့်မြင်းများ၏ လှုပ်ရှားမှုကို ကြည့်ရှုရင်း ဖန်တီးခဲ့သည်။ သူ တစ်ချက်ခုန်လိုက်သည်နှင့် သူ၏စွမ်းအားအားလုံးသည် လက်သီးနှစ်ဖက်တွင် စုစည်းသွားပြီး သူ၏ပြိုင်ဘက်အပေါ် ကြီးမားသော ဖိအားနှင့် တိုက်ခိုက်မှုကို ဖြစ်စေသည်။

ဤသည်မှာ သာမန်သိုင်းပညာနည်းစနစ်တစ်ခုသာ ဖြစ်သော်လည်း သိုင်းပညာကို တစ်ကြိမ်တစ်ခါမျှ မလေ့ကျင့်ခဲ့ဖူးသော ဟုန်ရီကို ရင်ဆိုင်ရန် လုံလောက်သည်ထက်ပိုသည်။

သူ တစ်ချက်ခုန်လိုက်သည်နှင့် သူ၏ခွန်အားအားလုံး စုဝေးသွားပြီး မြင်းကောင်ရေအား ၄ကျော် ပိုင်ဆိုင်ထားသော ကျိုးချင်းခိုင်သည် သူ၏စွမ်းအားပို၍တိုးမြင့်လာသည်ကို တွေ့လိုက်ရသည်။

ကျိုးချင်းခိုင် ရုတ်တရက် တိုက်ခိုက်လာသဖြင့် ရှောင်တိမ်းနိုင်ခြင်းမရှိတော့သော ဟုန်ရီသည် ဤတိုက်ခိုက်မှုကို ရင်ဆိုင်ရန်အတွက် သူ၏လက်နှစ်ဖက်ကို မြှောက်လိုက်သည်။

ဘုန်း....

လက်သီးနှစ်ဖက် ထိပ်တိုက်တွေ့ကြပြီးနောက် အလွန်အမင်း အစွမ်းထက်သော အားလှိုင်းတစ်ရပ် ထွက်ပေါ်လာသည်။ ဟုန်ရီသည် ထပ်မံ၍ တောင့်မခံနိုင်တော့ဘဲ လွင့်ထွက်သွားကာ စင်မြင့်၏အစွန်းနှင့် ပြင်းထန်စွာ ဆောင့်မိသွားလေ၏။

ဖူး....

သူ၏ပါးစပ်မှသွေးတစ်လုတ် အန်ထွက်လာပြီး ထိုတိုက်ခိုက်မှုတစ်ခုတည်းဖြင့် သူ ဒဏ်ရာအပြင်းအထန် ရရှိသွားသည်။

"နောက်ကျရင် သူတို့ကို သိုင်းပညာနည်းစနစ်တချို့ သင်ပေးရမယ်ထင်တယ်..."

ကျန်းရွှမ်က ဤမြင်ကွင်းကိုကြည့်ရင်း သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

ဤအချိန်အတောအတွင်း၌ သူသည် သူတို့ကို ကျင့်ကြံခြင်းနည်းစနစ်များသာ သင်ကြားပေးခဲ့သည်။ ထို့ကြောင့် သူတို့၏စွမ်းအားသည် လျင်မြန်စွာ တိုးတက်ခဲ့သော်လည်း တိုက်ခိုက်ရေးနည်းစနစ်များသည်လည်း ထပ်တူထပ်မျှအရေးကြီးပေ၏။

ကျန်းရွှမ်သည် ယခင်က လျှူထျန်ကျန်းထက် များစွာအားနည်းသော်လည်း သိုင်းပညာနည်းစနစ်များကို အခြေခံ၍ သူ့ကို လွယ်လွယ်ကူကူ အနိုင်ယူနိုင်ခဲ့သည်။

"မင်း ရှုံးပြီ..."

ပြိုင်ဘက် ရှုံးနိမ့်သွားသည်ကို မြင်တွေ့ချိန်၌ ကျိုးချင်းခိုင်က သက်ပြင်းရှိုက်လိုက်သည်။

"ငါ ဆက်တိုက်နိုင်သေးတယ်...ငါ မရှုံးသေးဘူး"

သူ၏ခန္ဓာကိုယ်မှ နာကျင်မှုကို ဖိနှိပ်ရင်း ဟုန်ရီသည် မတ်တတ်ထရပ်ရန် ကြိုးစားလိုက်၏။ သူ ရှေ့သို့တဖန်ပြန်တက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ၏ရှေ့တွင် လှပသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို သူ ရုတ်တရက် သတိပြုလိုက်မိသည်။ လျှူမင်ယွဲ့က သူ၏နံဘေးတွင် ထွက်ပေါ်လာခဲ့သည်။

"ကျန်တာကို ငါ့တာဝန် ထားလိုက်တော့"

All Chapters