← Chapters

ကျောက်စိမ်းအရိုးနယ်ပယ် စောပိုင်းအဆင့်

Vol. 10 Ch. 138

ကျောက်စိမ်းအရိုးနယ်ပယ် စောပိုင်းအဆင့်

Vol. 10 Ch. 138

"ငါ့ရဲ့လေ့လာတွေ့ရှိချက်အရဆိုရင် မိုယန်ရွှယ်ရဲ့ခွန်အားက မြင်းကောင်ရေအား ၂ လောက်ရှိတယ်... သူက ကျောင်းသားသစ်တွေထဲမှာ အတော်ဆုံးမဟုတ်ရင်တောင် အများကြီးမကွာဘူး....သူ ဘယ်လိုလုပ်ပြီး ရှုံးနိုင်မှာလဲ..."

တတိယအကြီးအကဲဟယ်ချင်က မနေနိုင်တော့ဘဲ ပြောဆိုလိုက်သည်။

သူမသည် ကျောင်းတော်ရှိ ဝင်္ကပါများအားလုံးကို စီမံခန့်ခွဲရန် တာဝန်ရှိပြီး ကျောင်းသားများ၏ နှစ်စဉ်အခြေခံအကဲဖြတ်မှုများကို ကြီးကြပ်သည်။ ထို့ကြောင့် သူတို့ သရုပ်မပြဘဲနှင့်ပင် ကျင့်ကြံသူတစ်ဦး၏ ခွန်အားကို သူမ အကြမ်းဖျင်းအားဖြင့် တိုင်းတာနိုင်သည်။

ဟယ်ချင်သည် ယခင်ပွဲများတွင် မိုယန်ရွှယ်ကို လေ့လာခဲ့ပြီး သူမထံ၌ အနည်းဆုံး မြင်းကောင်ရေအား ၂ ရှိသော ထူးကဲသည့်ခွန်အားရှိသည်ကို သိရှိထားသည်။ ယခုချိန်တွင်မူ သူမသည် နဝမအဆင့် ရင်းမြစ်ရေအိုင်သာ ပိုင်ဆိုင်ထားသော ကောင်စုတ်လေးတစ်ယောက်ကို ရှုံးနိမ့်သွားသည်ဟု ပြောဆိုနေပေ၏။

ဆရာကျိုးသည် လိမ်လည်မည်မဟုတ်ကြောင်း သိရှိသောကြောင့် လုမင်ရုန်သည် အချိန်တခဏကြာခန့် ထိတ်လန့်တုန်လှုပ်သွားပြီး မေးမြန်းလိုက်သည်။

"သူတို့ ဘယ်နှစ်ချီလောက် တိုက်ခိုက်ခဲ့ကြလဲ.... ဟုန်ရီက သူ့ကိုအနိုင်ယူဖို့ ဘာသိုင်းပညာနည်းစနစ်ကို သုံးခဲ့တာလဲ..."

ဆရာကျိုးက တုံ့ပြန်အဖြေပေးသည်။

"သူက ဘာသိုင်းပညာနည်းစနစ်ကိုမှ မသုံးခဲ့ပါဘူး...သူက မိန်းကလေးမိုကို လက်သီးနဲ့ထိုးပြီး လွင့်ထွက်သွားအောင် လုပ်လိုက်တာပါ"

အကြီးအကဲဟယ်ချင်သည် ဆွံ့အသွားပြီး လုမင်ရုန်သည် တိတ်ဆိတ်ငြိမ်သက်သွားပေ၏။

မြင်းကောင်ရေအား ၂ ရှိသော တစ်စုံတစ်ဦးကို တစ်ချက်တည်းဖြင့် အနိုင်ယူခြင်းမှတဆင့် ဟုန်ရီ၏ခွန်အားသည် မိုယန်ရွှယ်နှင့်တန်းတူအဆင့်တွင်မရှိဘဲ သူမထက် များစွာပို၍သာလွန်နေသည်ဟု ဆိုလိုသည်။

ကျန်းရွှမ်၏ကျင့်ကြံမှုသည် ရက်အနည်းငယ်အတွင်း ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ တိုးတက်လာခဲ့ပြီး သူ ကျပန်းကောက်ယူခဲ့သော ကျောင်းသားတစ်ဦးပင်လျှင် မြင်းကောင်ရေအား ၀.၂ မှ ၂ ကျော်အထိ တိုးတက်သွားသည်...

ယခင်က သူတို့သည် ယုလုံချင်းကို ပါရမီရှင်များ၏စံနမူနာဖြစ်ကာ ကျော်လွှား၍မရနိုင်သော အတားအဆီးတစ်ခုဟု တွေးထင်ခဲ့သည်။ ယခုချိန်တွင်မူ ဤပုဂ္ဂိုလ်သစ်နှင့် နှိုင်းယှဉ်လျှင် အတားအဆီးဟုခေါ်သော အရာသည် သိသိသာသာ မှေးမှိန်သွားပုံရသည်...

အမှန်အားဖြင့် သူတို့သည် တစ်စုံတစ်ခုကို ကြိုမြင်နေသော်လည်း ဤှသည်မှာ စိတ်ခံစားချက်သက်သက်ပင်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေသာ လူများအားလုံးသည် သူတို့ ယခုလေးတင် ကြားသိလိုက်ရသော သတင်းကြောင့် ထိတ်လန့်တုန်လှုပ်နေဆဲပင်။ ချန်ကျင်းလင်သည် တစ်စုံတစ်ခုကို သတိရသွားပြီး ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။

"ငါ ခုဏက ဆရာကျန်းရဲ့ခွန်အားကို အကဲဖြတ်နေတုန်းက သူက မြင်းကောင်ရေအား ၆၀ ကို ပေါ့ပေါ့ပါးပါး ပြသခဲ့တယ်...ကျွန်တော်ထင်တာတော့ သူက သူ့ရဲ့စွမ်းအားအပြည့်ကို ထုတ်သုံးခဲ့ပုံမရဘူး...."

လုမင်ရုန်က မျက်မှောင်ကြုတ်လိုက်သည်။

"မင်းဆိုလိုတာက သူက ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်ကို ကျော်လွန်ပြီးတော့ ပိုမြင့်တဲ့အဆင့်ကို ရောက်နေပြီလို့ ပြောချင်တာလား"

"ဒါက ငါ ခံစားမိရုံသက်သက်ပါ... သက်သေတော့မရှိဘူး"

ချန်ကျင်းလင်က ပြောဆိုသည်။

"ဆရာကျန်းက အမြဲတမ်း သိုသိုသိပ်သိပ်နေတတ်တော့ သူ ဒီလိုလုပ်တာက မဖြစ်နိုင်တာတော့ မဟုတ်ဘူး"

အချိန်တခဏကြာခန့် တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် လုမင်ရုန်က မှန်းဆလိုက်၏။

ကျန်းရွှမ်နှင့် ပတ်သက်၍ တစ်ခုတည်းသော ပြဿနာမှာ သူသည် အလွန်အမင်း သိုသိုသိပ်သိပ်နေခြင်းပင်။ ဤသည်မှာ သူတို့ကို တစ်ချိန်လုံး တစ်နည်းမဟုတ်တစ်နည်းဖြင့် သူနှင့် အလိုက်သင့်နေရသကဲ့သို့ ခံစားရစေသည်။

အကြီးအကဲဟယ်ချင်က ပြောဆိုလိုက်၏။

"တကယ်တော့ သူက သူ့ရဲ့စွမ်းအားအပြည့်ကို သုံးခဲ့သလား မသုံးခဲ့သလားဆိုတာ သက်သေပြဖို့က အရမ်းလွယ်ပါတယ်..."

လူတိုင်းက သူမကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်ကြသည်။

အကြီးအကဲဟယ်ချင်က ဆက်လက်၍ ပြောဆိုသည်။

"စာသင်ခန်းတိုင်းမှာ ခွန်အားတိုင်းဝင်္ကပါတစ်ခုရှိတယ်...ဆရာကျန်းသာ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း အဆင့်တက်ခဲ့မယ်ဆိုရင် သူက သေချာပေါက် သွားစမ်းကြည့်မှာပဲ..ငါတို့တွေက ဝင်္ကပါကမှတ်တမ်းတွေကို စစ်ဆေးလိုက်ရုံနဲ့ သူ့ရဲ့အစစ်အမှန်ကျင့်ကြံဆင့်ကို သိနိုင်လိမ့်မယ်"

"ဟုတ်သားပဲ..."

လူများအားလုံး ခေါင်းညိတ်လိုက်ကြသည်။

လေ့ကျင့်မှုပြီးဆုံးပြီးနောက် အကဲဖြတ်သည့်ဝင်္ကပါသည် သူတို့၏ရှေ့တွင် ရှိနေပါက အစားအသောက်လျှော့နေသူတစ်ဦးရှေ့တွင် ပေါင်ချိန်စက်ချထားသကဲ့သို့ မည်သူမျှ စူးစမ်းလိုစိတ်ကို ထိန်းချုပ်နိုင်မည်မရှိချေ။

သူ စစ်ဆေးသရွေ့ မှတ်တမ်းတစ်ခု ကျန်ရှိနေပေမည်။

"သူက စာသင်ခန်းထဲမှာ မရှိတာနဲ့ တိုက်ဆိုင်နေတယ်...ငါတို့ သွားကြည့်ကြရအောင်..."

လုမင်ရုန်က ခေါင်းညိတ်လိုက်သည်။

သူတို့အားလုံးသည် ကျန်းရွှမ်၏ စာသင်ခန်းသို့ အလျင်အမြန် သွားလိုက်ကြ၏။ မကြာမီမှာပင် သူတို့သည် အခန်းအတွင်းသို့ ရောက်ရှိလာပြီး တံခါးဖွင့်လိုက်ရာ ကြေမွှပျက်စီးနေသော ဝင်္ကပါကို ချက်ချင်းမြင်တွေ့လိုက်ရသည်။

အကြီးအကဲဟယ်ချင်၏ မျက်နှာ ဖြူဖျော့သွားသည်။

"ဒါက... စွမ်းအားကို တောင့်မခံနိုင်ဘဲ အတင်းအကြပ် ကြေမွှပျက်စီးသွားခဲ့တာရဲ့ ရလဒ်ပဲ..."

ကြေမွှပျက်စီးသွားသလော...

မြင်းကောင်ရေအား ၉၉ ကျော် ဖြစ်နေသလော....

လုမင်ရုန်၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပေ၏။

"သူက ရင်းမြစ်ရေအိုင် အဋ္ဌမအဆင့် ဒါမှမဟုတ် အဲ့ဒီထက်မြင့်တဲ့အဆင့်မှာ ရှိနေတာလား...."

ရင်းမြစ်ရေအိုင်ကျင့်ကြံမှုတွင် သတ်မှတ်ထားသော ကန့်သတ်ချက်တစ်ခုရှိသည်။ ကျောက်စိမ်းအရိုးနယ်ပယ်တွင် အများဆုံးအနေဖြင့် မြင်းကောင်ရေအား ၉၉ထိသာ ရောက်ရှိနိုင်ပြီး ထို့ထက်ပို၍ ကျော်လွန်နိုင်ခြင်း မရှိပေ။

သူသည် ထိုစွမ်းအားကိုကျော်လွန်ရုံသာမက ဝင်္ကပါကို ကြေမွှပျက်စီးစေခဲ့သည်။ ဤသည်မှတဆင့် သူ၏ကျင့်ကြံမှုသည် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် သို့မဟုတ် ထို့ထက်မြင့်မားသောအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ညွှန်ပြနေသည်။

လုမင်ရုန်၏ အဆင့်တက်ခြင်းကို သူ လမ်းညွှန်ပေးနိုင်ခဲ့သည်မှာ အံ့အားသင့်စရာမရှိတော့ချေ။အမှန်အားဖြင့် သူသည် ထိုကျင့်ကြံဆင့်နယ်ပယ်သို့ ရောက်ရှိနေခဲ့လေပြီ။

သူက ကျန်းရွှမ်ကို ဆရာအဖြစ်ခန့်အပ်ခဲ့ခြင်းကို ကျေးဇူးပြုခြင်းဟု ထင်ခဲ့မိသည်မှာ ရယ်ရွှင်ဖွယ်ရာပင်။ အမှန်အားဖြင့် တစ်ဖက်လူသာ ခွန်အားကို ပြသလိုလျှင် သူပင်လျှင် လေးလေးစားစားဖြင့် တပည့်အဖြစ် ခံယူရပေမည်။

"သိုင်းပညာလေ့ကျင့်ရေးကွင်းပြင်ကို ပြန်သွားပြီး ယုရှောင်ယွီနဲ့ တခြားသူတွေ ဘယ်လောက်ထိတိုးတက်နေလဲဆိုတာ ကြည့်ကြရအောင်..."

ဤကိစ္စများသည် အတည်ပြုနိုင်ခြင်းမရှိဘဲ မှန်းဆချက်များသာဖြစ်ကြောင်း သိသောကြောင့် လုမင်ရုန်သည် ဤပြဿနာကို ထပ်မံ၍မစဉ်းစားတော့ဘဲ သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။

တခြားလူများအားလုံး ခေါင်းညိတ်လိုက်ကြပြီး သိုင်းပညာလေ့ကျင့်ရေးကွင်းပြင်ဘက်သို့ အလျင်အမြန် သွားလိုက်ကြသည်။

...

သူ၏ပေါက်ကွဲအားပြင်းထန်သော လက်သီးချက်ကို လုမင်ရုန်တို့လူစု မြင်တွေ့သွားသည်ကို မသိဘဲ ကျန်းရွှမ်သည် စာကြည့်တိုက်၏ တတိယထပ်ရှိ အခန်းတစ်ခန်းတွင် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေသည်။

သူသည် ရင်းမြစ်ရေအိုင်နယ်ပယ် သတ္တမအဆင့်ရှိ ကျောက်စိမ်းအရိုးနယ်ပယ်နှင့်ဆိုင်သော စာအုပ်များအားလုံးနီးပါးကို စုဆောင်းထားခဲ့ပြီးဖြစ်သည်။ စာကြည့်တိုက်တွင် ကောင်းကင်ကံကြမ္မာစွမ်းအင် လုံလောက်စွာရှိနေခြင်းနှင့်အတူ သူသည် ကောင်းကင်လမ်းကျင့်ကြံခြင်းနည်းစနစ်ကို ဖွဲ့စည်းနိုင်ခဲ့သည်။

သူ၏အတွေးတစ်ချက်ဖြင့် စာအုပ်ထောင်ပေါင်းများစွာ လေထုအတွင်းတွင် ပျံဝဲနေသည်။ ကောင်းကင်ကံကြမ္မာစွမ်းအင်များ လောင်ကျွမ်းသွားသည်နှင့် မျက်နှာဖုံးတွင် ခေါင်းစဉ်မပါသော စာအုပ်တစ်အုပ်သည် ခပ်ဖျော့ဖျော့အလင်းတန်းများ ဖြာထွက်လာခြင်းနှင့်အတူ သူ၏ရှေ့တွင် ထွက်ပေါ်လာသည်။

"ကျောက်စိမ်းအရိုးနယ်ပယ်ဆိုတာ အရိုးတွေအားလုံးကို ကျောက်စိမ်းလိုမာကျောအောင် သန့်စင်တာပဲ..."

စာအုပ်အတွင်းမှ အကြောင်းအရာများသည် သူ၏စိတ်ထဲသို့ စီးဝင်လာပေ၏။

အရိုးများသည် လူ့ခန္ဓာကိုယ်တွင် ကျင့်ကြံရန် အခက်ခဲဆုံးအစိတ်အပိုင်းဖြစ်ပြီး သန့်စင်ရန် အနှေးကွေးဆုံးလည်းဖြစ်သည်။ ထိုအရာများကို ကျောက်စိမ်းကဲ့သို့ မာကျောအောင် ထိန်းညှိရန်အတွက် ရင်းမြစ်စွမ်းအင်ကို အရိုးများအား တိုက်ရိုက်သန့်စင်ရန် မသုံးဘဲ ရိုးတွင်းခြင်ဆီကို သန့်စင်ရန် အသုံးပြုရပေမည်။

ရိုးတွင်းခြင်ဆီတွင် သွေးထုတ်လုပ်ခြင်းနှင့် အရိုးဖွဲ့စည်းခြင်းဟူသော လုပ်ဆောင်ချက်နှစ်ခုရှိသည်။ ရင်းမြစ်စွမ်းအင်ကို ထိန်းချုပ်ပြီး ရိုးတွင်းခြင်ဆီများအတွင်းသို့ ဝင်ရောက်စေကာ ဖြည်းညှင်းစွာ အာဟာရဖြည့်ပေးသရွေ့ အရိုးသိပ်သည်းဆကို တိုးတက်စေပြီး လူတစ်ဦး၏ ခွန်အားကို တဖြည်းဖြည်း တိုးပွားစေနိုင်သည်။

လူများအားလုံးသည် ပြိုင်ပွဲကွင်းပြင်သို့ သွားကြသဖြင့် မည်သူမျှ သူ့ကို အနှောင့်အယှက်ပေးမည်မဟုတ်ကြောင်း သူ သိရှိထားပေ၏။ ကျန်းရွှမ်သည် သူ၏စိတ်ကို စုစည်းပြီး ရွှမ်ကမ္ဘာမှ သန့်စင်ထားသော ရင်းမြစ်စွမ်းအင်ကို သူ၏ရိုးတွင်းခြင်ဆီများထံသို့ တိုးဝင်စေကာ အဆက်မပြတ် အာဟာရဖြည့်တင်းပေးလိုက်သည်။

ရှေးဦးမြေဝါရောင်စွမ်းအင် မီးပြင်းဖိုဖြင့် သန့်စင်ပြီးနောက် ရွှမ်ကမ္ဘာရှိ ရင်းမြစ်စွမ်းအားများသည် မယုံနိုင်လောက်အောင် သန့်စင်ပြီး အလွယ်တကူ စုပ်ယူနိုင်သည်။

ရိုးတွင်းခြင်ဆီကို ထိန်းညှိရန်အတွက် သန့်စင်ထားသော ရင်းမြစ်စွမ်းအင်ဖြင့် အဆက်မပြတ် ဆေးကြောရန် လိုအပ်ပြီး "ရေစက်ရေပေါက်များသည် ကျောက်တုံးကိုပင်ဖောက်ထွင်းနိုင်သည်" ဟူသော နည်းလမ်းဖြင့် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုကို ရရှိစေသည်။ ကျင့်ကြံသူများအတွက် အကြီးမားဆုံးစိန်ခေါ်မှုမှာ လုံလောက်သော ရင်းမြစ်စွမ်းအင်ကို ရှာဖွေရန်ပင်။

အထွတ်အထိပ်အဆင့် မီးပြင်းဖိုအား ပိုင်ဆိုင်ထားသူကို ဥပမာအနေဖြင့် ယူကြည့်ပါက ထိုလူသည် တစ်နေ့လျှင် ရင်းမြစ်စွမ်းအင်အမျှင်တန်းနှစ်ရာ စုပ်ယူနိုင်ပေမည်။ သူသည် တစ်နေ့လျှင် ရင်းမြစ်စွမ်းပင်အမျှင်တန်း တစ်ရာ့ရှစ်ဆယ်ဖြင့် ရိုးတွင်းခြင်ဆီကို သန့်စင်နိုင်လျှင် ဤသည်မှာ အလွန်ကြိုးစားအားထုတ်သည်ဟု သတ်မှတ်နိုင်ပေ၏။ အကြောင်းအရင်းမှာ ကြွက်သားများကို အာဟာရဖြည့်ခြင်းနှင့် သိုင်းပညာနည်းစနစ်များ လေ့ကျင့်ခြင်းအတွက်လည်း ခွန်အားလိုအပ်သောကြောင့်ပင်။ ထိုသို့သော တွက်ချက်မှုများအရ လူတစ်ယောက်သည် ရိုးတွင်းခြင်ဆီကို သန့်စင်ရန်အတွက် တစ်နှစ်လျှင် ရင်းမြစ်စွမ်းအင်အမျှင်တန်းခြောက်သောင်းကျော်ကိုသာ အသုံးပြုနိုင်သည်။

ဤသည်မှာ များပြားပုံရသော်လည်း လူတစ်ယောက်၏ခန္ဓာတစ်ကိုယ်လုံးရှိ ရိုးတွင်းခြင်ဆီများအနှံ့ ဖြန့်ဝေကာ အစိတ်အပိုင်းတိုင်းတွင် အသုံးပြုသည့်အချိန်၌ အလွန်နည်းပါးသည်။

ထို့ကြောင့် ကျောက်စိမ်းအရိုးနယ်ပယ်တွင် ကျင့်ကြံခြင်းသည် အလွန်ခက်ခဲပြီး ကျွမ်းကျင်သူအမြောက်အများသည် ဤအဆင့်တွင် ဆယ်နှစ် သို့မဟုတ် နှစ်နှစ်ဆယ်တိုင် ပိတ်မိနေပြီး အဆင့်မတက်နိုင်ကြချေ။

ထိုလူများနှင့် ဆန့်ကျင်ဘက်အနေဖြင့် ကျန်းရွှမ်၏ရွှမ်ကမ္ဘာတွင် မကုန်ခမ်းနိုင်သော သန့်စင်သည့် ရင်းမြစ်စွမ်းအင် ထောက်ပံ့မှုရှိသည်။ နှစ်နာရီမပြည့်မီအချိန်အတွင်း သူသည် ရင်းမြစ်စွမ်းအင်အမျှင်တန်းသုံးသောင်းကျော် အသုံးပြုခဲ့လေ၏။

ဤမျှများပြားသော ရင်းမြစ်စွမ်းအင်များဖြင့် ထိန်းညှိပြီးနောက် သူ၏အရိုးများသည် ပြောင်းလဲစပြုနေလေပြီ။ သူ၏အရိုးများသည် ကျောက်စိမ်းကဲ့သို့ နွေးထွေးခြင်းနှင့် အနည်းငယ်ကွာဝေးနေသေးသော်လည်း ခိုင်မာမှု များစွာတိုးတက်လာခဲ့သည်။

"ရင်းမြစ်ရေအိုင်နယ်ပယ် သတ္တမအဆင့်...ကျောက်စိမ်းအရိုးနယ်ပယ်ရဲ့ အစောပိုင်းအဆင့်"

သူ၏ကျင့်ကြံမှုဆင့်ကို ခံစားရင်း ကျန်းရွှမ်သည် ဖြည်းညှင်းစွာ အသက်ရှူထုတ်လိုက်ပြီး မတ်တတ်ထရပ်လိုက်သည်။ ထို့နောက် သူသည် လက်သီးတစ်ချက် ထိုးနှက်ပြီး နောက်တစ်ကြိမ် မျက်မှောင်ကြုတ်လိုက်မိသည်။

သူ၏ကျင့်ကြံမှု တိုးတက်လာသော်လည်း သူ၏ခွန်အားသည် မြင်းကောင်ရေအား ၉၉ တွင်သာ ရှိနေပြီး မည်သည့်တိုးတက်မှုမှ မရှိကြောင်း သူ အတည်ပြုနိုင်ခဲ့သည်။

ဤသည်မှာ သူ၏စွမ်းအားသည် ဤအဆင့်တွင် ချိပ်ပိတ်ခံထားရပြီး နောက်ထပ်ချိုးဖျက်ရန် မဖြစ်နိုင်တော့သည့်အလားပင်။

ဒါက ကံကြမ္မာရဲ့ ဖိအားလား....

အကြီးအကဲစုချောင်၏ အဆိုအရ ရင်းမြစ်ရေအိုင်နယ်ပယ် အဋ္ဌမအဆင့်မတိုင်မီ ကျင့်ကြံသူတစ်ယောက်၏ခွန်အားကို မြင်းကောင်ရေအား ၉၉ တွင် ကန့်သတ်ထားသည်။ ဤသည်မှာ ကောင်းကင်ဘုံ၏ စည်းမျဉ်းများနှင့်တူညီပြီး ကံကြမ္မာခန်းမမှ သတ်မှတ်ထားသော စည်းမျဉ်းတစ်ခုပင်။ လူတစ်ဦး၏ကံကြမ္မာသည် ရင်းမြစ်ကမ္ဘာတွင် ရှိနေသရွေ့ ထိုစည်းမျဥ်းများကိုချိုးဖျက်ရန် မဖြစ်နိုင်ချေ။

ဤသည်မှာ သူ၏အတိတ်ဘဝအတိုင်းပင်။ လူတစ်ဦးသည် ကမ္ဘာကြီးတည်ရှိရာ စကြဝဠာအတွင်း၌ နေထိုင်နေသရွေ့ အလင်း၏အရှိန်သည် တစ်စက္ကန့်ကို ကီလိုမီတာသုံးဆယ်ထက် မကျော်လွန်နိုင်ချေ။ ကမ္ဘာပေါ်တွင် နည်းပညာများ မည်မျှထိ တိုးတက်လာပါစေ ဤကန့်သတ်ချက်ကို မည်သို့မျှ ကျော်လွှားနိုင်မည်မဟုတ်ချေ။

အကယ်၍ ဤဥပမာကို နားလည်ရခက်နေလျှင် ဤကမ္ဘာကြီးကို NPC* တိုင်း၏စွမ်းအားအဆင့်မှ တန်ဖိုးတစ်ခုစီ သတ်မှတ်ထားသော ဂိမ်းတစ်ခုကဲ့သို့ ရှုမြင်နိုင်သည်။ ထိုကစားသမားများ၏အသိစိတ်များ ဖွံ့ဖြိုးလာလျှင်ပင် ပရိုဂရမ်ကို ဖောက်ထွင်းရန် သို့မဟုတ် ကုဒ်ကို ပြန်ရေးရန် မဖြစ်နိုင်ချေ။

အကြောင်းအရင်းမှာ သူတို့သည် ပရိုဂရမ်အတွင်းမှ ကုဒ်စဉ်တစ်ခုသာဖြစ်သဖြင့် လွတ်မြောက်နိုင်ခြင်း မရှိသောကြောင့်ပင်။ အကယ်၍ သူတို့သည် ပရိုဂရမ်မှ လွတ်မြောက်နိုင်လျှင်ပင် သေချာပေါက် ပျက်စီးသွားပေလိမ့်မည်။

'ငါက စိတ်ဝိညာဉ်နယ်ပယ်ကို ခြေမချနိုင်မချင်း ငါ့ရဲ့ခွန်အားအဆင့်ကို ချိုးဖျက်နိုင်မှာမဟုတ်ဘူး...'

ဤသည်ကို နားလည်သွားချိန်၌ ကျန်းရွှမ်က ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်၏။

သူသည် ကောင်းကင်ဘုံနည်းစနစ်ကို ကျင့်ကြံခြင်းဖြင့် အထူးအခြေအနေအချို့ကို ဖြစ်ပေါ်စေနိုင်ပြီး ပါမောက္ခကုန်းမြေမှာကဲ့သို့ သူ၏အဆင့်ထက်ကျော်လွန်၍ တိုက်ခိုက်နိုင်မည်ဟု သူ တွေးထင်ခဲ့သည်။ ယခုချိန်တွင်မူ သူ၏ခွန်အားတွင် အဆင့်တက်ခြင်းမရှိသောကြောင့် သူ၏ကျင့်ကြံဆင့်ထက်ကျော်လွန်၍ တိုက်ခိုက်ရန်မှာ အလွန်ခက်ခဲလိမ့်မည်ဟု သူ တွေးထင်မိသည်။

သာမန်လက်သီးနည်းစနစ်များဖြင့် သူသည် ကံကြမ္မာ၏ကန့်သတ်ချက်ကို မချိုးဖျက်နိုင်သဖြင့် မြင်းကောင်ရေအား ၉၉ ကို ကျော်လွန်နိုင်မည်မဟုတ်ပေ။

ထိုသို့ဖြစ်နေပါက ကောင်းကင်ဘုံ၏သောက ဓားနည်းစနစ်ဖြင့်ဆိုလျှင် မည်သို့ဖြစ်လာနိုင်သနည်း....

သူ၏စိတ်အတွင်း၌ အတွေးတစ်ခု ဖြတ်ပြေးသွားသည်။

ကောင်းကင်ဘုံ၏သောက ဓားနည်းစနစ်သည် ကောင်းကင်လမ်းထက် ကျော်လွန်သော သိုင်းပညာနည်းစနစ်တစ်ခုပင်။ အတိတ်တွင် ကောင်းကင်ဘုံ၌ သူသည် ဤဓားနည်းစနစ်ဖြင့်ပင် ဧကရာဇ်ကို ကောင်းကင်ဘုံကိုးထပ်တွင် ချိပ်ပိတ်ခဲ့ပြီး ရှုံးနိမ့်ခဲ့ခြင်းမရှိခဲ့ချေ။

ရင်းမြစ်ကမ္ဘာ၏စာအုပ်များမှ ဖွဲ့စည်းထားသော နည်းစနစ်များနှင့်သိုင်းပညာများသည် သူ၏အကန့်အသတ်များကို ကျော်လွန်ရန် မကူညီနိုင်သော်လည်း ကောင်းကင်ဘုံ၏သောက ဓားနည်းစနစ်သည် ဖြစ်နိုင်ခြေရှိပေ၏။

'ဒါက ဖြစ်နိုင်ခြေများတယ်...'

ဤသို့စဉ်းစားပြီးနောက် ကျန်းရွှမ်သည် အချိန်မဖြုန်းဘဲ စာကြည့်တိုက်ရှိ ခွန်အားတိုင်းဝင်္ကပါတစ်ခု၏ရှေ့သို့ ခြေလှမ်းလှမ်းလိုက်သည်။

ထို့နောက် သူသည် အသက်ပြင်းပြင်းရှိုက်ပြီး လက်သီးတစ်ချက် ထိုးနှက်လိုက်၏။

ဝင်္ကပါသည် ညင်သာသော ခေါင်းလောင်းသံတစ်သံကို ထုတ်လွှတ်ပြီး အနီးအနားရှိ ကျောက်ပြားတစ်ခုပေါ်တွင် စာတစ်ကြောင်း ထွက်ပေါ်လာသည်။

မြင်းကောင်ရေအား ၉၉....

မျှော်လင့်ထားသည့်အတိုင်း သူ၏ကျင့်ကြံဆင့် မြင့်တက်သွားသော်လည်း သူ၏ခွန်အားသည် အနည်းငယ်မျှမတိုးဘဲ ထိုနံပါတ်နှစ်ခုပေါ်တွင် တည်ငြိမ်နေသည်။

ဤသည်မှာ ကံကြမ္မာ၏ကန့်သတ်မှုကြောင့်ဖြစ်ကြောင်း နားလည်သဖြင့် ကျန်းရွှမ်သည် ထပ်မံ၍တွေဝေတုံ့ဆိုင်းနေတော့ပေ။ သူ လက်ညှိုးညွှန်ကာ ဓားချီတစ်လှိုင်းဖွဲ့စည်းပြီး ကောင်းကင်ဘုံ၏သောက ဓားနည်းစနစ်ကို အသုံးပြု၍ ရှေ့သို့ပြင်းပြင်းထန်ထန် လွှဲယမ်း လိုက်သည်။

ဝှစ်...

ဓားချီစွမ်းအားသည် လန့်ဖျပ်သွားသော ငန်းတစ်ကောင်ကဲ့သို့ လေဟာနယ်ကို ချက်ချင်းစုတ်ဖြဲသွားပြီး သိသာရှင်းလင်းသော အမှတ်အသားတစ်ခုကို ချန်ထားခဲ့သည်။ တောက်ပပြီး အားကောင်းသော စွမ်းအားသည် ခွန်အားတိုင်းဝင်္ကပါနှင့် ထိတွေ့မိပြီးနောက် ထိုအရာသည် ချက်ချင်းဆိုသလိုပင် ပြင်းထန်စွာတုန်ခါသွားပေ၏။

သူ အစောပိုင်းက ထိုးနှက်ခဲ့သော လက်သီးကဲ့သို့ပင် ခွန်အားတိုင်းဝင်္ကပါသည် ထပ်မံ၍တောင့်မခံနိုင်တော့ဘဲ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပျက်စီးသွားသည်။

"ဒါက မြင်းကောင်ရေအား ၉၉ကို ကျော်လွန်သွားပြီ...."

ကျန်းရွှမ်က စိတ်သက်သာရာရသွားပြီး သက်ပြင်းရှိုက်လိုက်သည်။

နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်သို့ ခြေမချမီ သူ၏ခွန်အားသည် ကံကြမ္မာခန်းမမှ သတ်မှတ်ထားသော ကန့်သတ်ချက်များကို သာမာန်အားဖြင့် မချိုးဖျက်နိုင်ချေ။ သို့ရာတွင် သူသည် ကောင်းကင်ဘုံ၏သောကဓားနည်းစနစ်ဖြင့် လွယ်လင့်တကူ ချိုးဖျက်နိုင်သည်။

ကောင်းကင်ဘုံ၏သောကဓားနည်းစနစ်ကို သူဖန်တီးခဲ့ပြီးနောက် ထိုအရာကို ဓားဖြင့် အသုံးပြုနိုင်သည့်အပြင် သူ၏လက်သီးများ လက်မောင်းများနှင့် သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှတစ်ဆင့်လည်း အသုံးပြုနိုင်သည်။ ဤနည်းဖြင့် သူသည် သန်မာအားကောင်းသော နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် ပြိုင်ဘက်တစ်ဦးနှင့် ကြုံတွေ့ပြီး အမှတ်မထင်တိုက်ခိုက်ရပါက သူ ထိုလူကို သုတ်သင်ရှင်းလင်းနိုင်ပေမည်။

သို့ရာတွင် သာမန်အားဖြင့် သူသည် ဤဓားနည်းစနစ်ကို ဝှက်ဖဲအဖြစ် ထားရှိပြီး လွယ်လင့်တကူ အသုံးပြုမည် မဟုတ်ပေ။

"ယုရှောင်ယွီနဲ့တခြားသူတွေ ပြိုင်ပွဲမှာ ဘယ်လိုနေလဲမသိဘူး...."

ကျောက်စိမ်းအရိုးနယ်ပယ် အစောပိုင်းအဆင့်မှ အလယ်အလတ်အဆင့်သို့ တိုးတက်ရန် အနည်းဆုံး နောက်ထပ်နှစ်ရက် သို့မဟုတ် သုံးရက် လေ့ကျင့်ရန် လိုအပ်မည်ကို သိသောကြောင့် ကျန်းရွှမ်သည် ဤနေရာတွင် ဆက်နေလိုစိတ်မရှိတော့ဘဲ ပြင်ပသို့ ထွက်လာခဲ့သည်။

နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် ကျင့်ကြံနည်းစနစ်များကို ဤနေရာတွင် ရရှိနိုင်သော်လည်း ကောင်းကင်လမ်းနည်းစနစ်ကို ဖွဲ့စည်းရန် မလုံလောက်တော့သောကြောင့် သူ စာကြည့်တိုက်တွင် ဆက်နေခြင်းသည် အဓိပ္ပာယ်ရှိတော့မည် မဟုတ်ချေ။

ဤအချိန်တွင် လေ့ကျင့်ရေးကွင်းပြင်၌ ကျောင်းသားများအားလုံးသည် အလယ်ဗဟိုရှိ ပြိုင်ပွဲစင်မြင့်တစ်ခု၏ နံဘေးပတ်လည်တွင် စုရုံးနေကြသည်။ ဤနေရာတွင် စည်ကားသော ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်နေပြီး တခြားပြိုင်ပွဲစင်မြင့်ကိုးခုတွင်မူ ရပ်တန့်နေသည်။

"ဘာတွေဖြစ်နေတာလဲ... ဘာလို့ ဒီလောက်ထိ စည်ကားနေတာလဲ..."

ဤနေရာတွင် လူအလွန်များသောကြောင့် အနည်းငယ်ကြပ်နေသည်။ ကျန်းရွှမ်က သိချင်စိတ်ပြင်းပြစွာဖြင့် အနီးအနားရှိ ကျောင်းသားတစ်ဦးကို မေးမြန်းလိုက်၏။

ယေဘူယျကျကျပြောဆိုရလျှင် ကျောင်းတော်တွင် ကျောင်းသားထောင်ပေါင်းများစွာ ရှိနေသဖြင့် ပဏာမပွဲစဉ်များကို ပြီးမြောက်ရန် သုံးလေးနာရီခန့် ကြာမြင့်ပေလိမ့်မည်။ ဗိုလ်လုပွဲနှင့်တူညီသည့် ဤကဲ့သို့ စည်ကားမှုမျိုး မည်သည်ကြောင့် ဖြစ်နိုင်မည်နည်း။

"ဒါက ဒီနှစ်ကျောင်းသားသစ်တွေက အရမ်းထူးချွန်လို့ပဲ...သူတို့က ကျောင်းတော်ရဲ့ စီနီယာကျောင်းသားတွေကို တိုက်ရိုက်စိန်ခေါ်ခဲ့ကြတယ်...ဒါကြောင့် ဒီလိုစိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲမျိုးရှိနေတော့ တခြားပွဲတွေက အလိုအလျောက် အရေးပါမှု ပျောက်ဆုံးသွားတာပေါ့...ဘယ်သူမှ သူတို့ကို မကြည့်ချင်တော့ဘူး...တချို့ဆို ပြိုင်တောင်မပြိုင်ချင်တော့ဘူး..."

ဤကျောင်းသားသည် ကျန်းရွှမ်ကို မမှတ်မိဘဲ ပေါ့ပေါ့ပါးပါး ရှင်းပြသည်။

"ကျောင်းသားသစ်တွေက စီနီယာတွေကို စိန်ခေါ်တယ်....ဘယ်သူတွေက အဲ့ဒီလောက်ထိသတ္တိရှိတာလဲ"

ကျန်းရွှမ် အံ့အားသင့်တုန်လှုပ်သွားသည်။

စီနီယာကျောင်းသားတိုင်းသည် အနည်းဆုံး တစ်နှစ်ကြာလေ့ကျင့်ခဲ့ကြပြီး တချို့စီနီယာကျောင်းသားများသည် ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်သို့ပင် ချိုးဖျက်ဝင်ရောက်ခဲ့ကြပြီးဖြစ်သည်။ သုံးရက်မပြည့်မီကမှ ဝင်ရောက်လာသော ကျောင်းသားသစ်တစ်ဦးသည် သူတို့ကို မည်သို့ စိန်ခေါ်နိုင်မည်နည်း...

ဒါက အဲ့ဒီကောင်တွေ ရူးနေတာလား...

"ဒါက မြို့အရှင်ရဲ့သမီး ယုရှောင်ယွီ... လျှူမိသားစုရဲ့သခင်မလေး လျှူမင်ယွဲ့နဲ့ ဟုန်ရီဆိုတဲ့ ကောင်လေးတစ်ယောက်ပဲ..."

ကျောင်းသားသည် အချိန်တခဏကြာမျှစဉ်းစားပြီးနောက် ထပ်မံ၍ ပြောဆိုသည်။

"သူတို့အားလုံးကို ကျန်းရွှမ်ဆိုတဲ့ ဆရာတစ်ယောက်က သင်ကြားပေးခဲ့တယ်လို့ ဆိုကြတယ်... မင်း ပြောကြည့်စမ်း... ဒီဆရာက နည်းနည်းတော့ ရူးမနေဘူးလား... သူ သင်ကြားတာ သုံးရက်ပဲရှိသေးတယ်... သူ့ရဲ့တပည့်တွေက စီနီယာတွေကို စိန်ခေါ်နေပြီ.... ဒါက ဒုက္ခရှာတာပဲ မဟုတ်ဘူးလား....စကားမစပ် မင်းရဲ့ရုပ်က နည်းနည်းစိမ်းသက်သက်ဖြစ်နေတယ်...မင်းက ဘယ်အတန်းကလဲ...."

ကျန်းရွှမ်က ခေါင်းညိတ်ပြီး အနည်းငယ် ကူကယ်ရာမဲ့သကဲ့သို့ ခံစားနေရသည်။

"ငါက အဲဒီ အရူးလို့ခေါ်တဲ့ ဆရာကျန်းရွှမ်ပါပဲ..."

*NPC=non-player character

(လူမဟုတ်တဲ့ ကစားသမား)

All Chapters