အကြီးအကဲတစ်ယောက် ဖြစ်လာခြင်း
Vol. 10 Ch. 137
ကျန်းရွှမ်၏တည်ကြည်လေးနက်သော အမူအယာကို မြင်တွေ့ချိန်၌ အကြီးအကဲချန်ကျင်းလင်သည် မည်သည့်စကားကိုမျှ ထပ်မပြောတော့ဘဲ ပြင်ပသို့ ထွက်လာခဲ့သည်။
စာကြည့်တိုက်သို့ ရောက်ချိန်၌ သူ အကြိမ်ရေအနည်းငယ်ခန့် အော်ခေါ်လိုက်သော်လည်း စုချောင် မရှိသည်ကို သိလိုက်ရသောကြောင့် သူတို့နှစ်ဦးသည် တံခါးကို တွန်းဖွင့်ကာ အခန်းအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။
ပတ်ဝန်းကျင်သည် ပုံမှန်မဟုတ်စွာ တိတ်ဆိတ်နေပေ၏။ ဆရာများအားလုံးကို အကဲဖြတ်ဒိုင်အဖြစ် သိုင်းပညာလေ့ကျင့်ရေးကွင်းပြင်သို့ ခေါ်ဆောင်သွားသောကြောင့် လူတစ်ဦးတစ်ယောက် သို့မဟုတ် ကျောင်းသားတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရပေ။
"ဝင်္ကပါက ဘယ်မှာလဲ..."
ကျန်းရွှမ်သည် သူ၏ထိုးထွင်းသိမြင်မှုမျက်လုံးကို အသက်သွင်းပြီးနောက် နံဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း မည်သည့်ထူးခြားမှုမှ မတွေ့ရှိခဲ့ပေ။ သူ နားမလည်နိုင်စွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်သည်။
"အဲ့ဒီဝင်္ကပါက လည်ပတ်တာ ရပ်သွားပြီ... အဲ့ဒီလိုမဟုတ်ရင် အထောက်အထားတံဆိပ်ပြားမရှိဘဲနဲ့ ငါတို့တွေ ဝင်တောင်ဝင်လို့ရမှာမဟုတ်ဘူး..."
ချန်ကျင်းလင်က ပြောဆိုသည်။
ကျန်းရွှမ် ရုတ်တရက် နားလည်သွားသည်။
သူ စာကြည့်တိုက်သို့ ယခင်က အကြိမ်ရေအနည်းငယ်ခန့် လာခဲ့စဥ်၌ အမှန်ပင် အထောက်အထားတံဆိပ်ပြား လိုအပ်ခဲ့ပုံရသည်။ သူက ဤှသည်မှာ အကြီးအကဲစုချောင်ကို ပြသရန်အတွက်ဟုသာ တွေးထင်ခဲ့သော်လည်း အမှန်အားဖြင့် ဝင်္ကပါအတွင်းသို့ ဝင်ရောက်ရန် သော့ချက်ဖြစ်နေခဲ့သည်။
ခြေလှမ်းအနည်းငယ်ခန့် ရှေ့သို့တိုးပြီးနောက် ချန်ကျင်းလင်သည် နံရံ၏ထောင့်တစ်နေရာကို လက်ညှိုးညွှန်ပြလိုက်၏။
"အဲ့ဒါက ဝင်္ကပါရဲ့အခြေခံအုတ်မြစ်နဲ့ တိုင်တွေပဲ...မင်း ဘယ်လိုပြုပြင်ရမလဲဆိုတာ ကြည့်လို့ရတယ်"
ကျန်းရွှမ်က လှမ်းကြည့်လိုက်သည်။ ဝင်္ကပါတိုင်နှစ်ခုသည် စာအုပ်စင်တစ်စင်၏ထောင့်တွင် တိမ်းစောင်းလျက်ရှိပြီး အမျိုးအမည်မသိရသည့် တောက်ပမှုမရှိသော မီးခိုးရင့်ရောင် ပစ္စည်းနှင့် ပြုလုပ်ထားသည်။
"ချို့ယွင်းချက်..."
ကောင်းကင်ဘုံစာကြည့်တိုက်အတွင်းတွင် မည်သည့်ပြောင်းလဲမှု သို့မဟုတ် စာအုပ်တစ်အုပ်မျှ ဖြစ်ပေါ်လာခဲ့ခြင်း မရှိခဲ့ချေ။ ဤသည်မှာ စာကြည့်တိုက် အလုပ်မလုပ်ခြင်းကြောင့်မဟုတ်ဘဲ ဤဝင်္ကပါသည် တစိုးတစိမျှလည်ပတ်မနေသောကြောင့်ပင်။
လည်ပတ်မနေသော ဝင်္ကပါသည် သူတို့၏ကျွမ်းကျင်မှုများကို မထုတ်ဖော်ရသေးသော သိုင်းပညာရှင်တစ်ဦးနှင့် တူညီပေ၏။ စာကြည့်တိုက်သည် အစွမ်းထက်လျှင်ပင် ချို့ယွင်းချက်များကို မထောက်လှမ်းနိုင်ချေ။ ဤသည်မှာ ဝင်္ကပါကိုပြုပြင်နိုင်ရန် ထိုအရာကို အရင်ဆုံးလည်ပတ်အောင် လုပ်ရမည်ဟု ဆိုလိုသည်။
ကျန်းရွှမ်၏တည်ကြည်လေးနက်သော အမူအယာကို မြင်တွေ့ချိန်၌ ချန်ကျင်းလင်က မေးမြန်းသည်။
"မင်းမှာ အကြံဉာဏ်တစ်ခုခု ရှိလား...."
"ကျွန်တော် နည်းနည်းလေ့လာကြည့်မယ်..."
ဝင်္ကပါတိုင်များအနားသို့ ချဉ်းကပ်သွားပြီး ကျန်းရွှမ်သည် တိုင်တစ်လုံးကို သူ၏လက်ဖြင့် ထိတွေ့လိုက်ရာ စာအုပ်တစ်အုပ် ထွက်ပေါ်လာသည်။
'အနီရောင်သံမဏိ ဝင်္ကပါတိုင်...ခရမ်းရောင်ပိုးချည်ဖြင့် လွှမ်းခြုံထားပြီး တိုင်ကို ငွေနှင့်ရောစပ်ထားသော အနီရောင်သံမဏိဖြင့် ပြုလုပ်ထားသည်...ဤဝင်္ကပါတိုင်ကို လွန်ခဲ့သော အနှစ်ရှစ်ဆယ်က ဟန်ယွမ်အင်ပါယာမြို့တော်မှ ဝင်္ကပါဆရာသခင် လျောင်ရှန့်က ပြုလုပ်ခဲ့သည်'
'ချို့ယွင်းချက် တစ်ချက်...တိုင်၏ သန့်စင်မှုအဆင့်သည် အလွန်နိမ့်ပါးပေ၏... ချို့ယွင်းချက် နှစ်: တိုင်ပေါ်ရှိ ဝင်္ကပါပုံစံများကို မှန်ကန်စွာ မထွင်းထုထားချေ'
ထိုအရာကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းရွှမ် ဆွံ့အသွားသည်။
သူ နောက်ထပ်တိုင်တစ်တိုင်ကို ထိလိုက်ရာ တူညီသောရလဒ်ကိုသာ ရရှိခဲ့သဖြင့် သူ၏ရှေ့မှ ချန်ကျင်းလင်ကို ကြည့်လိုက်သည်။
"အကြီးအကဲချန်...ခင်ဗျား ဒီဝင်္ကပါရဲ့နာမည်ကို သိလား...."
ဝင်္ကပါတိုင်များ၏ ပစ္စည်းများနှင့် ချို့ယွင်းချက်များကို သိရှိခြင်းသည် ဝင်္ကပါကို ပြုပြင်ရာတွင် အထောက်အကူမပြုချေ။
"မင်းက ဒီဝင်္ကပါရဲ့နာမည်ကိုတောင်... မသိဘူးလား..."
ချန်ကျင်းလင် ကြက်သေသေသွားသည်။
တစ်ဖက်လူသည် ဝင်္ကပါများအကြောင်း ကြီးမားကျယ်ပြန့်သော ဗဟုသုတရှိပြီး မြင့်မားသောအရည်အချင်းကို ပိုင်ဆိုင်ထားသဖြင့် ယုံကြည်မှုအပြည့်ဖြင့် တာဝန်ယူခဲ့သည်ဟု သူ တွေးထင်ခဲ့သည်။ သို့ရာတွင် ကျန်းရွှမ်သည် ဝင်္ကပါ၏နာမည်ပင်မသိကြောင်း ဝန်ခံလိုက်၏။
'ဒါက မင်း ငါ့ကို နောက်နေတာလား....'
ကျန်းရွှမ်က ခေါင်းခါယမ်းလိုက်သည်။
"ကျွန်တော်က အခုမှ ဒီနေရာကို ရောက်တာ... ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ..."
ပါမောက္ခကုန်းမြေပေါ်မှ ဝင်္ကပါများသည် စိတ်ဝိညာဉ်ကျောက်တုံးများနှင့် စိတ်ဝိညာဉ်စွမ်းအားတို့ဖြင့် လည်ပတ်ပြီး ဤကမ္ဘာကမူ ရင်းမြစ်စွမ်းအားကို အသုံးပြုသည်။ ဤသည်မှာ လောင်စာဆီကားကို လျှပ်စစ်ကားနဲ့ နှိုင်းယှဉ်သည့်အလားပင်။ နှစ်ခုစလုံးသည် ယာဉ်များဖြစ်သော်လည်း ထိုအရာကြားမှ အနှစ်သာရသည် အကြွင်းမဲ့ကွဲပြားခြားနားပေ၏။
ထို့ကြောင့် ဝင်္ကပါများအပေါ် သူ၏ ယခင်နားလည်သဘောပေါက်မှုများသည် ဤနေရာတွင် အသုံးမဝင်သည်မှာ သိသာထင်ရှားသည်။
ဤစကားကိုကြားချိန်၌ ချန်ကျင်းလင်ထံတွင် မျှော်လင့်ချက်များအားလုံး ဆုံးရှုံးသွားသော်လည်း ယဉ်ကျေးမှုအရရှင်းပြသည်။
"စာကြည့်တိုက်ထဲက ဝင်္ကပါကို ခရမ်းပိုးထည် ချိပ်ပိတ်ဝင်္ကပါလို့ ခေါ်တယ်...ဒါကို ခရမ်းရောင်ပိုးထည်တိုင်တွေနဲ့ ခင်းကျင်းထားပြီးတော့ ကာကွယ်ရေးနဲ့ ချိပ်ပိတ်ခြင်းလိုမျိုး လုပ်ဆောင်ချက်တွေ အများကြီးရှိတယ်"
ချန်ကျင်းလင်းက ဤဝင်္ကပါအကြောင်းကို အသေးစိတ် မိတ်ဆက်ပေးခဲ့သည်။
ဤဝင်္ကပါကို ယခင်က ကံကြမ္မာခန်းမမှ တည်ဆောက်ခဲ့သောကြောင့် ကံကြမ္မာခန်းမမှ တစ်စုံတစ်ဦးကို ဖိတ်ခေါ်နိုင်ခြင်းမရှိလျှင် ထိုအရာကို ပြုပြင်ရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။
ထို့ပြင် ကံကြမ္မာခန်းမမှ လူတစ်ဦးကို ဖိတ်ခေါ်လျှင်ပင် ကုန်ကျစရိတ်သည် နည်းပါးခြင်းမရှိသောကြောင့် ဤမျှထိကြာအောင် အသုံးမပြုဘဲ ပစ်ထားခဲ့ခြင်းဖြစ်သည်။
ကျန်းရွှမ်သည် စာကြည့်တိုက်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။ မည်သည့်ပြောင်းလဲမှုမျှမရှိသဖြင့် သူသည် သူ၏ရှက်ရွံ့မှုကိုသာ ချိုးနှိမ်ပြီး မေးမြန်းလိုက်၏။
"ဒါဆိုရင်... ခင်ဗျား ဒီဝင်္ကပါကို လည်ပတ်အောင် လုပ်ပေးနိုင်မလား...ဒါက ပုံမှန်အလုပ်မလုပ်နိုင်ရင်တောင် အသက်သွင်းရုံလောက်ပဲ ဖြစ်ဖြစ်..."
"ငါ အသက်သွင်းနိုင်ရင် အဲ့ဒီအကျိုးဆောင်ရမှတ် ငါးရာကို ငါ လွယ်လွယ်လေးနဲ့ ရသွားပြီပေါ့..."
ချန်ကျင်းလင်က မျက်လုံးလှန်ကြည့်လိုက်သည်။
ကျန်းရွှမ်က သူ၏ခေါင်းကို ကုတ်လိုက်၏။
ဤသည်မှာ အကျိုးဆောင်အမှတ်များရရှိရန် အလွယ်ဆုံးနည်းလမ်းဟု သူ တွေးထင်ခဲ့သော်လည်း ယခုချိန်၌မူ သူ လုပ်ဆောင်နိုင်မည့်ပုံမရချေ။
သူ လက်လျှော့တော့မည်အပြုတွင် အတွေးတစ်ခုက သူ၏စိတ်အတွင်းသို့ တိုးဝင်လာသည်။
"ချို့ယွင်းချက်ကောင်းကင်လမ်းနဲ့ စနစ်တကျကောင်းကင်လမ်းနဲ့ဆိုရင် ဒီအခြေအနေမှာ နှစ်ခုလုံးကို အသုံးမပြုနိုင်ဘူး....သဘာဝကောင်းကင်လမ်းဆိုရင် ဘယ်လိုဖြစ်သွားနိုင်လဲ..."
မည်သည့်အရာမဆို စွမ်းအားထုတ်သုံးရန် သဘာဝဥပဒေသများကို လိုက်နာရမည်။ သဘာဝနှင့် ပို၍နီးကပ်စွာ သဟဇာတဖြစ်လေလေ ပို၍အစွမ်းထက်လေလေဖြစ်ပြီး ဝင်္ကပါများလည်း ခြွင်းချက်မဟုတ်ချေ။
ဝင်္ကပါတိုင်များကို နေရာချထားခြင်းသည် မြေမျက်နှာသွင်ပြင်နှင့် ပတ်ဝန်းကျင်အဆောက်အအုံများကိုပင် ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ ချို့ယွင်းချက်ကောင်းကင်လမ်းနှင့် စနစ်တကျကောင်းကင်လမ်း နှစ်ခုစလုံးကို အသုံးမပြုနိုင်သဖြင့် သဘာဝကောင်းကင်လမ်းဖြင့် သူ ကြိုးစားကြည့်လျှင် ရလဒ်တချို့ ရရှိနိုင်လောက်သည်။
ဤအတွေးဖြင့် ကျန်းရွှမ်သည် ဝင်္ကပါတိုင်များအနက်မှ တစ်ခု၏နေရာကို ပေါ့ပေါ့ပါးပါး ချိန်ညှိလိုက်သည်။ သူ၏စိတ်ဆန္ဒနှင့်အတူ စာကြည့်တိုက်အတွင်းမှ စာအုပ်တစ်အုပ်သည် အလင်းရောင်များ ဖြာထွက်ပြီး သူ၏လက်ဝါးအတွင်းသို့ ဖြည်းညှင်းစွာ ကျရောက်လာသည်။
သူ ထိုစာအုပ်ကို ပေါ့ပေါ့ပါးပါး ဖွင့်ကြည့်လိုက်၏။
စာအုပ်အတွင်းတွင် ဤဝင်္ကပါတိုင်ကို မည်သည့်နေရာတွင် ထားရှိသင့်သည်အား မှတ်သားထားပြီး ပတ်ဝန်းကျင်နှင့် ပို၍သဟဇာတဖြစ်ကာ ရင်းမြစ်စွမ်းအင်ကို ပို၍လွယ်ကူစွာ စုပ်ယူနိုင်ပေမည်။
"အမှန်ပဲ..ဒါက အလုပ်ဖြစ်တယ်..."
ကျန်းရွှမ်၏မျက်လုံးများ တောက်ပလာသည်။ ထို့နောက် သူသည် ဝင်္ကပါတိုင်ကို စာအုပ်မှ ညွှန်ပြသောနေရာတွင် ထားလိုက်သည်။
တူညီသောနည်းလမ်းအတိုင်း သူသည် ဝင်္ကပါတိုင်များကို စာကြည့်တိုက်၏ တခြားထောင့်များတွင် တစ်ခုပြီးတစ်ခု ခင်းကျင်းလိုက်၏။
"တကယ်လို့ ဝင်္ကပါရဲ့ကံကြမ္မာမရှိရင်... ပြီးတော့ မင်းက ဝင်္ကပါတွေကို နားမလည်ရင် မင်း ဒါတွေကို ဘယ်လိုပဲထားထား အလုပ်ဖြစ်မှာမဟုတ်ဘူး... ဆရာကျန်း....မင်း တကယ်မလုပ်နိုင်ဘူးဆိုရင် ငါတို့ တခြားတာဝန်တစ်ခုကို ပြောင်းပြီးစမ်းကြည့်လို့ရတယ်..."
တစ်ဖက်လူ လျှောက်လုပ်နေသည်ကို မြင်တွေ့ချိန်၌ ချန်ကျင်းလင်သည် မည်သည့်အရာမျှ ဖြစ်လာမည်မဟုတ်ဟု ခန့်မှန်းလိုက်သည်။ သူသည် ခေါင်းခါယမ်းပြီး ကျန်းရွှမ်ကို အကြံပေးနေစဉ်မှာပင် ရုတ်တရက် ဝင်္ကပါတိုင်သည် "ဝှစ်..." ဟူသော အသံနှင့်အတူ ညင်သာသော အလင်းတန်းတစ်တန်းကို ထုတ်လွှတ်လိုက်သည်။
"ဒါက... အသက်ဝင်သွားပြီလား..."
ချန်ကျင်းလင်၏မျက်လုံးများ ပြူးကျယ်သွားပြီး နေရာမှာပင် တောင့်တင်းသွားသည်။
ဝင်္ကပါတိုင်များကို နေရာရွှေ့ရုံဖြင့် အသက်သွင်းနိုင်ခဲ့သလော..
'ဒါက တကယ်လား...'
ဤတာဝန်က ယခုလောက်ထိ လွယ်ကူကြောင်း သိခဲ့လျှင် သူကိုယ်တိုင် ယူခဲ့မိပေမည်။
အကျိုးဆောင်အမှတ်များကို အရင်းအမြစ်များနှင့် လဲလှယ်နိုင်သည်။ အဖြူရောင်ကျောက်တုံးကျောင်းတော်၏ ပဉ္စမအကြီးအကဲဖြစ်သော်လည်း သူသည် ချမ်းသာကြွယ်ဝသူ မဟုတ်ချေ။
"အသက်ဝင်သွားရင်တောင် အသုံးမဝင်ဘူး... ဝင်္ကပါက ပျက်စီးနေပြီ....ဒါကို ပုံမှန်လည်ပတ်အောင်လုပ်ဖို့ဆိုရင် ဝင်္ကပါရဲ့ဗဟိုချက်ကို ရှာပြီး အဲ့ဒီထဲကို ရင်းမြစ်စွမ်းအင်တွေ ထည့်သွင်းရမယ် ....ဒါပေမဲ့ ဝင်္ကပါရဲ့ဗဟိုချက်က ခွန်အား အချိန် ရာသီဥတု နက္ခတ်တာရာတွေနဲ့လိုက်ပြီး ပြောင်းလဲတတ်တယ်... မင်းက ဝင်္ကပါတွေအကြောင်းကို သိပ်မသိရင် ဒါကို ဘယ်တော့မှ ရှာတွေ့မှာမဟုတ်ဘူး..."
လူငယ်လေးသည် အချိန်တခဏကြာ ကြည့်ပြီးနောက် ဝင်္ကပါကို အသက်သွင်းပြီးသော်လည်း မတ်တတ်ရပ်နေပြီး နောက်ထပ်မည်သည့်အရာကိုမျှ ဆက်မလုပ်သည်ကို မြင်တွေ့ချိန်၌ ချန်ကျင်းလင်သည် မနေနိုင်တော့ဘဲ ပြောဆိုလိုက်၏။
သူ၏စကားမဆုံးမီမှာပင် ကျန်းရွှမ်သည် စာအုပ်စင်တစ်ခုကို ကန်ကျောက်လိုက်သည်အား သူ မြင်တွေ့လိုက်ရသည်။
ကျွီခနဲအသံနှင့်အတူ စာအုပ်စင်သည် နံဘေးသို့လျှောသွားပြီး မီတာဝက်ခန့် ရွေ့လျားပြီးနောက် ရပ်တန့်သွားသည်။ ရုတ်ချည်းဆိုသလိုပင် အကြီးအကဲချန်ကျင်းလင်သည် အသက်ဝင်သွားသော ဝင်္ကပါမှ တောက်ပသောအလင်းတန်းများ ဖြာထွက်လာပြီးနောက် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
နောက်ထပ်အချိန်တခဏတွင် ကြီးမားသော တွန်းကန်အားတစ်ခုသည် ရုတ်တရက် သူ့ထံသို့ သက်ရောက်လာပေ၏။ သူ၏နားအတွင်းတွင် တဂျိမ်းဂျိမ်းမြည်သံများ ပေါက်ကွဲသွားကာ ပတ်ဝန်းကျင်မှ ရင်းမြစ်စွမ်းအင်များ စုစည်းလာပြီး သူ့ကို အမှုန့်ဖြစ်အောင် ကြိတ်ချေလိုသည့်အလားပင်။
"ဒါက... ဝင်္ကပါ လုံးဝအသက်ဝင်သွားပြီလား...."
ချန်ကျင်းလင်း၏မျက်လုံးသူငယ်အိမ်များ ကျုံ့ဝင်သွားသည်။ ဤသည်မှာ ဝင်္ကပါအသက်ဝင်လာခြင်း၏ ဖြစ်စဉ်ဖြစ်ပြီး လူစိမ်းများကို တွန်းထုတ်ခြင်းဖြစ်ကြောင်း သူ သိလိုက်သည်။ သူသည် အချိန်မဖြုန်းရဲဘဲ သူ၏အိတ်ကပ်အတွင်းမှ အထောက်အထားတံဆိပ်ပြားကို အလျင်အမြန် ထုတ်ယူလိုက်သည်။
တံဆိပ်ပြားထွက်ပေါ်လာသည်နှင့် တဂျိမ်းဂျိမ်းအသံ ရပ်တန့်သွားပြီး လည်ပတ်နေသော ဝင်္ကပါသည် တဖြည်းဖြည်း ရပ်တန့်သွားပေ၏။
သူသည် အသက်ကို အမောတကောရှူသွင်းပြီးနောက် သူနှင့် မလှမ်းမကမ်းအကွာရှိ လူငယ်လေးကို မယုံနိုင်မှုများ ပြည့်နှက်နေသောအကြည့်ဖြင့် ထပ်မံ၍ကြည့်လိုက်သည်။
ဝင်္ကပါများသည် တခြားအသက်မွေးဝမ်းကျောင်း ပညာရပ်များကဲ့သို့ပင် အရင်ဦးဆုံး ကံကြမ္မာ၏အသိအမှတ်ပြုမှုကို ရရှိရန် လိုအပ်သည်။ ဤလူငယ်လေးသည် ဝင်္ကပါ၏ နာမည်ပင်မသိသည့်အပြင် ကံကြမ္မာခန်းမသို့ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသည်မှာ သိသာထင်ရှားသည်။ ထိုသို့ဖြစ်လျှင် သူသည် ဤဝင်္ကပါကို မည်သို့ပြုပြင်ပြီး လည်ပတ်စေခဲ့သနည်း....
"ဒါဆို ကျွန်တော် အောင်မြင်သွားတယ်လို့ သတ်မှတ်လို့ရပြီလား..."
ကျန်းရွှမ်က အပြုံးနှင့် နောက်သို့လှည့်ကြည့်လိုက်၏။
"အမှန်ပဲ....."
ချန်ကျင်းလင်က စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။
"မင်း... ဘယ်လိုလုပ်လိုက်တာလဲ"
သူသည် သူ၏စပ်စုလိုစိတ်ကို မထိန်းချုပ်နိုင်တော့သဖြင့် ကျန်းရွှမ်ကိုကြည့်ပြီး မေးမြန်းလေသည်။
"ကျွန်တော်က ရင်းမြစ်စွမ်းအင်ကို လွယ်လွယ်ကူကူ အာရုံခံနိုင်တယ်... ဒီဝင်္ကပါတိုင်တွေရဲ့ နေရာချထားပုံက နည်းနည်းရှုပ်ထွေးနေတယ်လို့ ခံစားရလို့ နည်းနည်းချိန်ညှိလိုက်တာပါ... တကယ်ကြီး ပြုပြင်နိုင်ခဲ့မယ်လို့ ကျွန်တော် မထင်ခဲ့ဘူး"
ကျန်းရွှမ်က ရှင်းပြသည်။
သဘာဝကောင်းကင်လမ်းဆိုသည်မှာ အရာအားလုံးကို သဘာဝအနေအထားသို့ ပြန်လည်ရောက်ရှိစေပြီး ရေလိုက်ငါးလိုက်ဖြစ်စေခြင်းပင်။ သူ ပြောလိုက်သည်မှာ ထူးဆန်းသော်လည်း အကောင်းဆုံးရှင်းပြချက်ဖြစ်ပေ၏။
ဝင်္ကပါပညာရပ်တွင် သူ အရည်အချင်းရှိသည်ဟု ပြောဆိုလိုက်ပါက သံသယများကိုသာ တိုးပွားစေပေလိမ့်မည်။
"ဒီလိုလုပ်လို့ရတယ်လား..."
ချန်ကျင်းလင်သည် အံ့အားသင့်သွားကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ပါရမီရှင်များ၏ ကမ္ဘာသည် သာမန်လူများနှင့် အမှန်တကယ်ကိုပင် ကွဲပြားခြားနားသည်။
ဤသည်မှာ ထိပ်တန်းကျောင်းသားမှ သူတို့ မသိသော မေးခွန်းတစ်ခုကို မှန်းဆလျှင်ပင် သူတို့၏ မှန်ကန်နိုင်ခြေသည် ညံ့ဖျင်းသော ကျောင်းသားတစ်ဦးထက် များစွာမြင့်မားသည့်အလားပင်။
"ဒီတာဝန်က တိုက်တိုက်ဆိုင်ဆိုင်နဲ့ အကျိုးဆောင်အမှတ်ငါးရာ ရနိုင်တယ်.... ကျွန်တော်က အခု အကြီးအကဲဖြစ်ဖို့ အကဲဖြတ်စစ်ဆေးမှုကို အောင်မြင်သွားပြီလို့ သတ်မှတ်လို့ရပြီ မဟုတ်လား"
ဤအကြောင်းအရာကို ဆက်လက်၍ မဆွေးနွေးလိုတော့သဖြင့် ကျန်းရွှမ်က မေးမြန်းလိုက်သည်။
"ဟုတ်တာပေါ့...."
ချန်ကျင်းလင်က ခေါင်းညိတ်သည်။
"ဒီမှာ ခဏစောင့်ပါ....ငါက မင်းရဲ့ အကြီးအကဲတံဆိပ်ပြားကို အခုပဲ သွားယူလိုက်မယ်..."
ထိုသို့ပြောဆိုပြီးနောက် အကြီးအကဲချန်သည် အလျင်အမြန် ထွက်သွားလေ၏။ မကြာမီမှာပင် သူသည် တံဆိပ်ပြားတစ်ခုကို ကိုင်ဆောင်ပြီး ပြန်ရောက်လာကာ ကျန်းရွှမ်ထံသို့ လက်ကမ်းပေးလိုက်သည်။
ကျန်းရွှမ်က ထိုအရာကို ယူလိုက်သည်။
ဤသည်မှာ ချန်းမိသားစု၏ ဧည့်အကြီးအကဲတံဆိပ်ပြားနှင့် အနည်းငယ်ဆင်တူပြီး အရွယ်အစားတူညီသော်လည်း ရှေ့ဘက်တွင် "အဖြူရောင်ကျောက်တုံးကျောင်းတော်၏ အကြီးအကဲ" ဟူသော စာလုံးများ ထွင်းထုထားသည်။
"ကျေးဇူးတင်ပါတယ်..."
တံဆိပ်ပြားကို သူ၏လက်ဝါးအတွင်းတွင် ကိုင်ထားရင်း ကျန်းရွှမ်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချပြီး စာကြည့်တိုက်၏ တတိယထပ်သို့ တက်သွားသည်။ ဤအရာရှိနေသဖြင့် ဝင်္ကပါသည် သူ့ကို မတားဆီးတော့ဘဲ သူ ကျောက်စိမ်းအရိုးနယ်ပယ်အတွက် ကျင့်ကြံခြင်းနည်းစနစ်များကို ရှာဖွေရန် ချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့သည်။
ထိုအချိန်တွင် အခြားတစ်ဖက်၌ လုမင်ရုန် ဝူယွင်ကျိုးနှင့် တခြားသူများလည်း အကြီးအကဲခန်းမသို့ ရောက်ရှိလာသည်။ သူတို့သည် ယခုလေးတင် ပြန်ရောက်လာသော အကြီးအကဲချန်ကျင်းလင်ကို ကြည့်နေကြ၏။
"ဆရာကျန်းက အကြီးအကဲဖြစ်ဖို့ အကဲဖြတ်ခံနေတယ်လို့ ငါ ကြားထားတယ်...ဘယ်လိုဖြစ်သွားလဲ....သူ့ရံ့ကျင့်ကြံမှုက တကယ်ပဲ ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်ကို ရောက်သွားပြီလား..."
ဝူယွင်ကျိုးက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။
လွန်ခဲ့သော လေးရက်အကြာက မြို့အရှင်အိမ်တော်တွင် သူကိုယ်တိုင် တစ်ဖက်လူကို စစ်ဆေးခဲ့သည်။ ထိုအချိန်တုန်းက ကျန်းရွှမ်၏ခန္ဓာကိုယ်
အတွင်းတွင် အစစ်အမှန်စွမ်းအားတစ်စက်မျှ မရှိသည့်အပြင် ရင်းမြစ်ရေအိုင်ကိုပင် အသက်မသွင်းရသေးသည်အား သူ တွေ့ရှိခဲ့သည်။ ရက်အနည်းငယ်အတွင်း ကျန်းရွှမ်သည် ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်သို့ ရောက်ရှိပြီး အကြီးအကဲတစ်ယောက်ဖြစ်လာရန် အကဲဖြတ်ခံနိုင်ပြီလို့ ပြောဆိုနေသလော။
ဤှသည်မှာ အမှန်ဖြစ်သလော....
"ဟုတ်တယ်.... သူက ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်ကို ရောက်ရုံတင်မကဘူး... သူက... ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်မှာရှိပြီးတော့ မြင်းကောင်ရေအား ၆၀ ခွန်အားကို ပိုင်ဆိုင်ထားတယ်"
ချန်ကျင်းလင်က ရှင်းပြသည်။
"ဒါက အမှန်ပဲလား..."
"ဒီလောက်ထိ မြန်မြန်ကျင့်ကြံနိုင်တာလား.... သူ ဘယ်လိုလုပ်လိုက်တာလဲ..."
ချန်ကျင်းလင်၏အတည်ပြုချက်ကို ကြားချိန်၌ လူတိုင်း အသက်ရှူမှားသွားကြပြီး လုမင်ရုန်ပင်လျှင် စကားမပြောနိုင် ဖြစ်သွားလေ၏။
သူတို့မြင်ဖူးသမျှ အထူးချွန်ဆုံးပုဂ္ဂိုလ်မှာ ရာစုနှစ်တစ်နှစ်တွင် တစ်ကြိမ်သာထွက်ပေါ်လာသော ပါရမီရှင်ဖြစ်သည့် ယုလုံချင်းပင်။ သူပင်လျှင် စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်မှ ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန် အချိန်ငါးနှစ်တင်းတင်း ကြာမြင့်ခဲ့သည်။ သို့ရာတွင် ကျန်းရွှမ်သည် ဤကိစ္စကို ရက်အနည်းငယ်အတွင်း လုပ်ဆောင်ခဲ့လေ၏။
"ဒါပေမဲ့ ကျင့်ကြံခြင်းသက်သက်နဲ့ အကြီးအကဲဖြစ်ဖို့ မလုံလောက်ဘူး....အကျိုးဆောင်အမှတ်တွေလည်း လိုအပ်တယ်...တခြားလိုအပ်ချက်အတွက်ကရော....သူက တာဝန်တွေကို ယူခဲ့တာလား...."
လူများအားလုံးသည် ထိတ်လန့်တုန်လှုပ်နေပြီးနောက် နံဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ကြပြီး တစ်ဖက်လူကို မတွေ့ရှိသဖြင့် ဝူချင်းရှူက မေးမြန်းလိုက်သည်။
ချန်ကျင်းလင်က တုံ့ပြန်အဖြေပေးသည်။
"သူ တာဝန်တစ်ခု ယူခဲ့တယ်...ပြီးတော့ ဒါကို အောင်မြင်အောင်လုပ်ခဲ့တယ်...သူက အခု ငါတို့ကျောင်းတော်ရဲ့ သတ္တမအကြီးအကဲဖြစ်နေပြီ"
"ဘာတာဝန်လဲ...."
စုချောင် အံ့အားသင့်သွားသည်။
သူသည် တစ်ဖက်လူ အကြီးအကဲအဖြစ် အကဲဖြတ်ခံရန် ရည်ရွယ်သည်ကို သိရှိသည့်အချိန်မှစ၍ ကျောင်းအုပ်ကြီးနှင့်တခြားလူများကို သွားခေါ်ဆောင်လာခဲ့ရာ စုစုပေါင်း ဆယ့်ငါးမိနစ်ထက် မပိုချေ။ သို့ရာတွင် ကျန်းရွှမ်သည် တာဝန်ကို ပြီးမြောက်အောင်မြင်အောင် ပြုလုပ်ခဲ့ကာ အကျိုးဆောင်အမှတ်ငါးရာကို ရရှိသွားခဲ့သလော။
ချန်ကျင်းလင်က တုံ့ပြန်အဖြေပေးသည်။
"သူက မင်းရဲ့ စာကြည့်တိုက်ထဲက ဝင်္ကပါကို ပြုပြင်တဲ့တာဝန်ကို ယူခဲ့တယ်"
"စာကြည့်တိုက်...."
စုချောင်၏စိတ် အလွန်လှုပ်ရှားသွားသည်။ သူသည် အပိုစကားပြောဆိုမှုများကို ဂရုမစိုက်နိုင်တော့ဘဲ စာကြည့်တိုက်ဘက်သို့ ပြေးထွက်သွားလေ၏။ အချိန်တခဏအကြာတွင် သူသည် လူအုပ်စုထံသို့ ပြန်ရောက်လာပြီး သူ၏မျက်လုံးများသည် ပြုတ်ကျတော့လုမတတ် ပြူးကျယ်နေသည်။
"ဘယ်လိုအခြေအနေရှိလဲ..."
လုမင်ရုန်က စုချောင်ကို ကြည့်လိုက်သည်။
"စာကြည့်တိုက်ထဲက ဝင်္ကပါက ပြုပြင်ပြီးရုံတင်မကဘူး...အဲ့ဒီအရာရဲ့... စွမ်းအားကလည်း အရင်ကထက် အများကြီးပိုကြီးမားလာပုံရတယ်... ငါ့ရဲ့ခွန်အားနဲ့တောင် အဲ့ဒါကို ထွင်းဖောက်လို့မရဘူး"
စုချောင်က တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်သည်။
ယခင်ဝင်္ကပါသည် ကျောင်းသားများကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းမှ တားဆီးနိုင်သော်လည်း ဤသည်မှာ ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်အောက်မှ လူများအတွက်သာ ထိရောက်သည်။ သူ၏ခွန်အားဖြင့် ထိုဝင်္ကပါသည် အများဆုံး သတိပေးချက်တစ်ခုကိုသာ လုပ်ဆောင်နိုင်ကာ သူ့အား အမှန်တကယ် မောင်းထုတ်နိုင်မည်မဟုတ်ချေ။ သို့ရာတွင် ယခုအချိန်၌ အထောက်အထားတံဆိပ်ပြားမရှိဘဲ သူ ဝင်ရောက်ခဲ့လျှင် ချက်ချင်းကြေမွှပျက်စီးသွားမည်ဟု ခံစားမိလေ၏။
"ဒါ..."
လုမင်ရုန်နှင့်တခြားလူများသည် မယုံနိုင်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အလျင်အမြန် ပြေးသွားကြသည်။ အချိန်တဏအကြာတွင် သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာကြပြီး အခန်းသည် အပ်တစ်ချောင်းကျသံပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်သွားသည်။
မြင်းယဉ်ပါးအောင်လုပ်ခြင်း...ကျင့်ကြံခြင်း.... သင်ကြားခြင်း... ဤအရာတစ်ခုချင်းစီသည် ထူးခြားနေကာ ယခုချိန်၌ ဝင်္ကပါပညာရပ်တစ်ခုပင် ထပ်တိုးလာသည်။ ဤဆရာကျန်းထံတွင် သူတို့အတွက် အံ့အားစရာ နောက်ထပ်မည်မျှထိများများကို သိမ်းဆည်းထားသေးသနည်း။
"ကျောင်းအုပ်ကြီး..."
ထိုအချိန်တွင် ဆရာတစ်ဦး အလျင်အမြန် လျှောက်လှမ်းလာသည်။ ဤသည်မှာ ရင်းမြစ်ရေအိုင် အကဲဖြတ်စစ်ဆေးမှုအတွင်း ကျောင်းအုပ်ကြီးကို အပြေးသွားခေါ်ခဲ့သော ဆရာကျိုးပင်။
လုမင်ရုန်က မျက်မှောင်ကြုတ်လိုက်သည်။
"ဆရာကျိုး...မင်းက ဘာလို့ ပြိုင်ပွဲကို ကြီးမှူးကျင်းပဖို့ သိုင်းပညာလေ့ကျင့်ရေးကွင်းပြင်မှာ မရှိဘဲ ဒီမှာရှိနေတာလဲ..."
ဆရာကျိုးက အလျင်အမြန် ဦးညွှတ်အရိုအသေပြုပြီး ရှင်းပြလိုက်၏။
"ကျောင်းအုပ်ကြီး... ခင်ဗျားရဲ့တပည့် မိုယန်ရွှယ်က ဟုန်ရီနဲ့ ပွဲစဉ်ကျပါတယ်..."
လုမင်ရုန်က အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် ပြောဆိုသည်။
"ငါ မှတ်မိသလောက်တော့ သူ့ရဲ့အရည်အချင်းက အရမ်းနိမ့်ပါးတယ်...အကဲဖြတ်စစ်ဆေးမှုက ရလဒ်တွေအရ သူ့မှာ နဝမအဆင့်ရင်းမြစ်ရေအိုင်ပဲရှိတယ်....ဆရာကျန်းရဲ့အကူအညီကြောင့် သူက အထွတ်အထိပ်အဆင့် မီးပြင်းဖိုတစ်ခုကို ထွန်းညှိနိုင်ခဲ့ပေမယ့်...သူ့ရဲ့အခြေခံက မကောင်းတဲ့အပြင် နောက်ခံအင်အားလည်းမရှိတာကြောင့် သုံးရက်အတွင်းမှာ သူ့ရဲ့တိုးတက်မှုက သိသာမှာမဟုတ်ဘူး..."
"ဒါ့ပြင် မိုယန်ရွှယ်မှာ မိုမိသားစုရဲ့ ထောက်ပံ့မှုရှိတယ်....ငါသိသလောက်တော့ သူက မနေ့က စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်အတွက် ဆေးရည်ဖြစ်တဲ့ ရွှေရောင်ရင်းမြစ်ကျောက်စိမ်းအရည်ကို ရရှိခဲ့တာကြောင့် သူရဲ့ခွန်အားက သိသိသာသာ မြင့်တက်လာခဲ့တယ်..သူတို့နှစ်ယောက်က အဆင့်တူမှာ ရှိမနေဘူး...သူနိုင်ခဲ့ရင်တောင် အထူးတလည် ဂုဏ်ယူစရာကိစ္စတစ်ခုတော့ မဟုတ်ဘူး..."
ဆရာကျိုးက ကိုးရိုးကားရားအမူအယာဖြင့် လုမင်ရုန်ကိုကြည့်ပြီး ပြောဆိုသည်။
"သူ ရှုံးသွားတယ်...."
"...."
လုမင်ရုန် နေရာမှာပင် ကြက်သေသေသွားသည်။