ငါ နောက်ကျသွားတယ် ( ၁ )
Vol. 11 Ch. 151
"မသွားဘူးလား...."
ယုလုံချင်းနှင့်လုမင်ရုန်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့နှစ်ယောက်လုံး မျက်မှောင်ကြုတ်လိုက်ကြသည်။
"ကျွန်တော်က ဘာအမှားမှ မလုပ်ထားဘူး.... ဘာလို့ ထွက်သွားရမှာလဲ..."
ကျန်းရွှမ်က ခေါင်းခါလိုက်ပြီး သူတို့ စိတ်အေးသွားစေရန်အတွက် ပြောဆိုလိုက်သည်။
"ခင်ဗျားတို့ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်.... ဒါပေမဲ့ ကျွန်တော် ဒီနေရာမှာ ဆက်နေဖို့အတွက် အကြောင်းပြချက်ရှိတယ်..."
သူ ထွက်ပြေးသွားရုံနှင့် ပြဿနာများ ပြီးဆုံးသွားမည် မဟုတ်ချေ။
တစ်ဖက်လူသည် ကံကြမ္မာခန်းမဆောင်ကို ကိုယ်စားပြုသည်။ သူ ထွက်ပြေးသွားပါက သူသည် ဖရိုဖရဲကံကြမ္မာဆရာသခင်ဖြစ်ကြောင်း အတည်ပြုလိုက်သကဲ့သို့ ဖြစ်သွားကာ ကုန်းမြေတစ်ခုလုံးက သူ့ကို လိုက်လံဖမ်းဆီးကြပေလိမ့်မည်။ ထိုသို့ဖြစ်သွားပါက ကြွင်းကျန်သည့် တစ်ခုတည်းသော ရွေးချယ်စရာမှာ သူသည် ဝရမ်းပြေးတစ်ဦးကဲ့သို့ ပုန်းအောင်းနေထိုင်ရန်ပင်။ ထိုနည်းလမ်းမှတပါး သူ့ထံတွင် တခြားမည်သည့်လမ်းကြောင်းမျှ ကျန်ရှိတော့မည် မဟုတ်ချေ။
ထိုသို့ပြုလုပ်ပါက သူ၏အမည်ကို ရှင်းလင်းရန် အခွင့်အရေး ဆုံးရှုံးသွားရုံသာမက ခုန်းရှီကို ကယ်တင်ရန်မှာလည်း မဖြစ်နိုင်လုနီးပါး ဖြစ်သွားပေမည်။ ဤကိစ္စကို ကိုင်တွယ်ရန် သူ့ထံတွင် အချိန်ရှိသေးသော်လည်း ခုန်းရှီသည် ထိုမျှကြာအောင် စောင့်နိုင်ခြင်းရှိမရှိ မည်သူ သိနိုင်မည်နည်း။
ထို့ကြောင့် သူ စဥ်းစားပြီးနောက် အမြန်ဆုံးရရှိသော အဖြေမှာ... သူတို့ကို သူ မနိုင်လျှင် သူတို့နှင့် ပူးပေါင်းလိုက်ရန်ပင်။
သူသည် ကြီးမားသောနောက်ခံရှိသည့် ကံကြမ္မာဆရာသခင်တစ်ဦးဖြစ်ကြောင်း တစ်နည်းနည်းဖြင့် သက်သေပြနိုင်မည်ဆိုလျှင် လင်းပုယန်သည် ရည်မှန်းချက်ကြီးသော်လည်း အတင့်ရဲစွာ လှုပ်ရှားဝံ့မည် မဟုတ်ချေ။ ထို့ပြင် သူ ရရှိနိုင်သော တခြားအကျိုးကျေးဇူးများလည်း ရှိနေပေ၏။ ပထမဆုံးအနေဖြင့် သူသည် ထိုအခွင့်အရေးကို အသုံးချ၍ ကံကြမ္မာခန်းမဆောင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ခုန်းရှီ၏တည်နေရာကို စုံစမ်းစစ်ဆေးပြီး သူ့ကို ကယ်တင်ရန် ပြင်ဆင်နိုင်သည်။ ဒုတိယအနေဖြင့် သူသည် ကောင်းကင်ကံကြမ္မာစွမ်းအင်များ ပို၍ရရှိနိုင်ပြီး သူ၏ကျင့်ကြံမှုကို အရှိန်မြှင့်တင်နိုင်ပေမည်။
အမှန်အားဖြင့် ဤသည်မှာ သူ စွန့်စားရမည့်ကိစ္စပင်။ သူ အဖမ်းခံရပါက လွတ်မြောက်ရန်ပင် ဖြစ်နိုင်မည် မဟုတ်ချေ။ သို့ရာတွင် စွန့်စားမှုမပြုလုပ်ပါက သူ လိုချင်သောအရာကို မည်သို့မျှ မရရှိနိုင်ပေ။ အကယ်၍ သူသည် သတိကြီးစွာထားပြီး ထာဝရနေထိုင်ရမည်ဆိုလျှင် ပါမောက္ခကုန်းမြေတွင် သူ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် သေဆုံးခဲ့ပြီးဖြစ်ပေမည်။
"ဒါက မင်း အမှားတစ်ခုခု လုပ်ခဲ့တာ မလုပ်ခဲ့တာနဲ့ မဆိုင်ဘူး..."
ယုလုံချင်းက စိုးရိမ်ပူပန်သော မျက်နှာအမူအယာဖြင့် ဆက်လက်၍ပြောဆိုတော့မည့်အချိန်တွင် အလျင်စလိုပြေးလာသော ခြေသံများက ကြားဖြတ်ဝင်လာသည်။ သူတို့အားလုံး လှည့်ကြည့်လိုက်ရာ အဖြူရောင်ကျောက်တုံးကျောင်းတော်၏ အကြီးအကဲတစ်ဦးဖြစ်သူ ယန်ချင်းရှုသည် လမ်းကြား၏အဝင်ဝသို့ ရောက်ရှိလာသည်အား မြင်တွေ့လိုက်ရသည်။
ထိုအကြီးအကဲယန်သည် စိုးရိမ်ပူပန်နေပုံရသော်လည်း လမ်းကြားထဲတွင် သူတို့ကို တွေ့ချန်၌ အချိန်တခဏကြာခန့် ရပ်တန့်သွားပြီးမှ လုမင်ထံ အပြေးသွားကာ ပြောဆိုသည်။
"ကျောင်းအုပ်ကြီး...လျှူထျန်ကျန်းက တခြားလူတွေကို ဦးဆောင်ပြီးတော့ ကျောင်းတော်ထဲကို ဝင်လာတယ်....သူတို့က ယုရှောင်ယွီ လျှူမင်ယွဲ့နဲ့ ဟုန်ရီတို့ကို ဖမ်းဆီးထားပြီးတော့ ဆရာကျန်း ဘယ်နေမှာရှိတယ် ဆိုတာကို သိချင်တယ်လို့ တောင်းဆိုနေပါတယ်..."
"သူတို့က ရှောင်ယွီကို ဖမ်းထားတာလား"
ယုလုံချင်း၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
"ဟုတ်ကဲ့...."
ယန်ချင်းရှုက ခေါင်းညိတ်ပြလေ၏။
"လျောင်ရှီချွမ်က ဘာလုပ်နေတာလဲ"
ယုလုံချင်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ဤကဲ့သို့အခြေအနေမျိုး ဖြစ်လာနိုင်သည်ဟု သူမျှော်လင့်ထားခဲ့သော်လည်း ယခု အမှန်တကယ်ဖြစ်လာချိန်၌ သူ ဒေါသထွက်နေမိဆဲပင်။
"ကျန်တာတွေကို ကျွန်တော့်နဲ့သာ ထားခဲ့လိုက်တော့.... ခင်ဗျားတို့ ကအမြန်ပြန်သွားပြီး ကျွန်တော်နဲ့တွေ့ခဲ့တာကို ဘယ်သူမှ မသိအောင်လုပ်ရမယ်.... မဟုတ်ရင် အခြေအနေတွေက ပိုပြီးရှုပ်ထွေးသွားလိမ့်မယ်"
ကျန်းရွှမ်က အကြံပေးလိုက်သည်။
သူတို့သည် ကျန်းရွှမ်ကို တားဆီး၍မရနိုင်ကြောင်းနှင့် သူသည် ကံကြမ္မာဆရာသခင်ကြောင့် အနည်းငယ်မျှ ထိတ်လန့်ကြောက်ရွံမှုမရှိခြင်းတို့ကို သိရှိသွားပြီးနောက် အံ့အားသင့်သွားသော ယုလုံချင်းနှင့်လုမင်ရုန်တို့သည် အကြည့်ချင်းဖလှယ်ပြီး လျင်မြန်စွာ ထွက်ခွာသွားကြသည်။
"သခင်လေး...ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
စွန်းချန်က မေးမြန်းသည်။
"မင်းရဲ့စွန်းအားက အခုထိ မလုံလောက်သေးဘူး..... မင်းရဲ့စွမ်းအားကို မြှင့်တင်ဖို့အတွက် အရင်းအမြစ်တွေ ရှာဖွေတာကိုပဲ အာရုံစိုက်ပါ... ကျန်တဲ့အရာတွေအားလုံးကို ငါကိုင်တွယ်လိုက်မယ်..."
ကျန်းရွှမ်က စွန်းချန်ကို ထွက်ခွာသွားရန် လက်ဟန်သင်္ကေတပြလိုက်သည်။
စွန်းချန်က ရှေ့သို့အလျင်အမြန်တိုးလာပြီး ပြောဆိုသည်။
"မဟုတ်ဘူး...ကျွန်တော်က သခင်လေးနဲ့အတူတူ နေပါ့မယ်....အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ခဲ့ရင်တောင် ကျွန်တော်က အားနည်းနေပေမဲ့ ကူညီနိုင်ပါသေးတယ်... ဒါ့ပြင်ကျွန်တော်က သခင်လေးရဲ့ ရည်ရွယ်ချက်ကို ကောင်းကောင်းသိတယ်...တချို့အချိန်တွေမှာ သခင်လေးကိုယ်စား ကျွန်တော်က စကားပြောပေးတာက ပိုကောင်းလိမ့်မယ်.... ကျွန်တော်က သခင်လေးရဲ့ အကောင်းဆုံးပြောရေးဆိုခွင့်ရှိသူပါ"
ကျန်းရွှမ်သည် အချိန်တခဏကြာခန့် တွေဝေသွားသည်။ စွန်းချန်သည် သူ့နှင့်အတူ စမ်းသပ်မှုအမြောက်အများကို ဖြတ်သန်းခဲ့ပြီးဖြစ်သည်။အမှန်တကယ်ကိုပင် စွန်းချန်ပြောဆိုပါက ပို၍လွယ်ကူသွားမည့်ကိစ္စများ ရှိနေပေ၏။
"သွားကြစို့...."
ထိုအတွေးနှင့်အတူ ကျန်းရွှမ်သည် ခေါင်းညိတ်လိုက်ပြီး သောက်လီပေါ်သို့ တက်ကာ အဖြူရောင်ကျောက်တုံးကျောင်းတော်သို့ အပြေးသွားတော့သည်။
အဖြူရောင်ကျောက်တုံးကျောင်းတော်အတွင်း၌....
လျှူထျန်ကျန်း ရှုရှင်းနှင့် လင်းပုယန်တို့သည် အတူတကွ ရပ်နေကြပြီး သူတို့၏နံဘေးပတ်လည်တွင် ဆယ်နှင့်ချီသော အစွမ်းထက်အကြီးအကဲများက ဝန်းရံထားသည်။ သူတို့၏တခြားတစ်ဖက်တွင် ယုရှောင်ယွီ လျှူမင်ယွဲ့နှင့်ဟုန်ရီတို့သည် စစ်သားများ၏ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံထားရပြီး အနည်းငယ် ဖရိုဖရဲဖြစ်နေပုံရသည်။
"ကျန်းရွှမ် ဘယ်မှာလဲဆိုတာ ပြောပြကြစမ်း...ဒါဆိုရင် သူ့ကို ယုံကြည်မိတဲ့ မင်းတို့ရဲ့မသိနားမလည်မှုကို ငါ လျစ်လျူရှုပေးမယ်....မဟုတ်ရင်... ဖရိုဖရဲကံကြမ္မာဆရာသခင်နဲ့ ပေါင်းသင်းဆက်ဆံတာရဲ့ အကျိုးဆက်ကို ကံကြမ္မာခန်းမဆောင်က ပြသရလိမ့်မယ်....."
လင်းပုယန်၏အသံသည် တည်ငြိမ်နေပြီး သူက မထီမဲ့မြင်အမူအယာဖြင့် လက်ဝှေ့ယမ်းလိုက်သည်။
"မသိနားမလည်မှု..ပေါင်းသင်းဆက်ဆံတာ....အရှင်ပြောတဲ့စကားကို ကျွန်မ နားမလည်ဘူး"
လျှူမင်ယွဲ့က ပမာမခန့်ပြုနေသည့်အလား သူမ၏မျက်ခုံးများပင့်၍ ပြောဆိုသည်။
လင်းပုယန်က သူမကို လျစ်လျူရှုပြီး လျှူထျန်ကျန်းဘက်သို့ လှည့်ကြည့်လိုက်၏။
"လျှူမိသားစုခေါင်းဆောင်...ဒါက ခင်ဗျားရဲ့သမီးလား..."
"ဟုတ်ပါတယ်...."
လျှူထျန်ကျန်း၏မျက်နှာ ဖြူဖျော့သွားပြီး သူ၏သမီးကို ဒေါသတကြီး စိုက်ကြည့်ကာ သူ၏မျက်လုံးများအတွင်းတွင် ဒေါသမီးများ တောက်လောင်နေသည်။
"မင်ယွဲ့...မင်း ပြဿနာရှာတာ တော်သင့်ပြီ.... ကျန်းရွှမ် ဘယ်မှာလဲဆိုတာ ချက်ချင်းပြောပြီး မင်းရဲ့အပြစ်ကို ပြုပြင်လိုက်စမ်း... ဒါမှမဟုတ်ရင် မင်းက လျှူမိသားစုတစ်ခုလုံးကို မင်းနဲ့အတူတူ ဆွဲချချင်နေတာလား..."
"ဆွဲချတာလား....ဆရာကျန်းက ဘာပြစ်မှုကို ကျူးလွန်ထားလို့လဲ"
လျှူမင်ယွဲ့က ရဲရင့်စွာဖြင့် မေးမြန်းလိုက်သည်။
"အရှင်လင်းက မြို့တော်ရဲ့ကံကြမ္မာခန်းမဆောင်က ကံကြမ္မာဆရာသခင်တစ်ယောက်ပဲ...သူက ကျန်းရွှမ်ကို ဖရိုဖရဲကံကြမ္မာဆရာသခင်လို့ သံသယရှိတာကြောင့် သူ့ကို လာဖမ်းတာ.... ဖရိုဖရဲကံကြမ္မာဆရာသခင်ဆိုတာ ကံကြမ္မာခန်းမဆောင်ရဲ့ဝရမ်းစာရင်းထဲက ရာဇဝတ်ကောင်ပဲ....သူက အရမ်းအန္တရာယ်များပြီး ရှင်းလင်းပစ်ရမယ်...ဒီကိစ္စရဲ့ လေးနက်မှုကို မင်း နားလည်ရဲ့လား...."
လျှူထျန်ကျန်း၏မျက်ခုံးများ တွန့်ကွေးသွားပြီး သူက ကျယ်လောင်စွာ အော်ငေါက်လိုက်၏။
"ဒီလိုမျိုး အရေးကြီးတဲ့အချိန်မှာ မင်း ခေါင်းမာမနေနဲ့...မဟုတ်ရင် ငါ မင်းကို ညှာမှာမဟုတ်ဘူး.."
"သံသယရှိတာလား.... ဒါဆို အတည်ပြုထားတာ မဟုတ်ဘူးပေါ့...ဒါပေမဲ့ ရှင်တို့က ဆရာတစ်ယောက်ကို လိုက်လံဖမ်းဆီးဖို့ တပ်ဖွဲ့တွေကိုတောင် စုစည်းထားတယ်....ဒါ့ပြင် သူရဲ့တပည့်တွေကိုပါ အတင်းအကြပ် ဖိအားပေးနေတယ်.... ကံကြမ္မာခန်းမဆောင်က တကယ်ပဲ ဒီလိုမျိုးတွေ လုပ်ဆောင်တာလား...."
လျှူမင်ယွဲ့က ခေါင်းခါလိုက်သည်။
"ဒါ့ပြင် ဆရာကျန်းက ကျွန်မတို့ကို တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေ သင်ကြားပေးခဲ့တယ်....တစ်နေ့တာ ဆရာဖြစ်တာက တစ်သက်တာ ဖခင်နဲ့တူတယ်...သူ ရှိနေတဲ့နေရာကို သိခဲ့ရင်တောင် ကျွန်မက ထုတ်ပြောမှာ မဟုတ်ဘူး..."
"ဟုတ်တယ်.... ကျွန်မတို့ကို ဆရာကျန်းအပေါ်မှာ သစ္စာဖောက်ခိုင်းချင်ရင်တော့ ရှင်တို့တွေ အိပ်မက်သာ ဆက်မက်နေလိုက်တော့"
ယုရှောင်ယွီက ခေါင်းညိတ်၍ ထောက်ခံပြောဆိုသည်။
"ကျွန်တော်လည်း အတူတူပဲ"
ဟုန်ရီက ဝင်ရောက်ပြောဆိုသည်။
လင်းပုယန်က အေးစက်တင်းမာသောအကြည့်ဖြင့် လျှူထျန်ကျန်းဘက်သို့ လှည့်ကြည့်လိုက်သည်။
"ခင်ဗျားရဲ့သမီးက တော်တော်လေး လျှာစောင်းထက်တာပါလား"
လျှူထျန်ကျန်း၏နဖူးမှ ချွေးစေးများ ယိုစီးကျလာပြီး သူက အလျင်အမြန် ဦးညွှတ်အရိုအသေပြုလိုက်၏။
"တောင်းပန်ပါတယ် အရှင်လင်း....ဒီမနာခံတက်တဲ့ ကောင်မလေးကို ကျွန်တော်ကိုယ်တိုင် ကိုင်တွယ်ပြီးတော့ အကျိုးဆက်တွေကို သူ နားလည်သွားအောင် လုပ်ပေးပါ့မယ်..."