ပုရွှီခန်းမဆောင်
Vol. 11 Ch. 163
မည်သူမှန်သည်ကို မရှင်းလင်းသော်လည်း ဤကဲ့သို့ မထီမဲ့မြင်စကားမျိုးကို ပြောဆိုသူတိုင်းသည် လူကောင်းတစ်ယောက် ဖြစ်နိုင်ချေမရှိပေ။
သို့ရာတွင် ကျန်းရွှမ် သူနှင့်သက်ဆိုင်ခြင်းမရှိသောကိစ္စ ဖြစ်နေသောကြောင့် သူ ဝင်မစွက်ဖက်ခြင်းက အကောင်းဆုံးဖြစ်သည်ဟု တွေးတောလိုက်၏။ သို့ရာတွင် အောက်မှအသံများက သူ၏စိတ်အာရုံကို တဖန်ပြန်၍ဆွဲဆောင်သွားသည်။
"ခေါင်းဆောင်.... ဒီမိန်းမက ကလေးတစ်ယောက် မွေးဖူးပေမယ့် တော်တော်လေး လှသေးတယ်.... သူ့ကို မသတ်ခင်မှာ ငါတို့တွေက သူနဲ့ နည်းနည်းလောက်ပျော်ပါးလိုက်ကြရင် မကောင်းဘူးလား..."
"သဘောတူတယ်...သူ့ရဲ့ခန္ဓာကိုယ်ကို ကြည့်လိုက်အုံး...အဲ့ဒီတင်ပါးတွေက... တော်တော်လေး ဆွဲဆောင်မှုရှိတယ်"
"အမှန်ပဲ...ခေါင်းဆောင် မင်းက ငါ့ရဲ့အရည်အချင်းကို မယုံရင်တောင် အနည်းဆုံးတော့ ငါ့ရဲ့အကြိုက်ကို ယုံကြည်လိုက်ပါ.... အစဉ်လိုက်ကတော့ ထုံးစံအတိုင်းပဲ...ခေါင်းဆောင်က အရင်ဆုံးသွားပြီးတော့ ကျန်တဲ့သူတွေက မဲနှိုက်ကြတာပေါ့"
"မင်းက ကိုယ့်နေရာကိုယ်သိသားပဲ"
ကျန်းရွှမ်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူတို့၏စကားများအရ သူတို့သည် ဤကဲ့သို့ ယုတ်မာသည့်လုပ်ရပ်များကို ကျင့်သားရနေသည်မှာ သိသာထင်ရှားသည်။
သူသည် အနက်ရောင်အကြေးခွံ ဖီးနစ်လင်းယုန်၏ကျောကို ပုတ်လိုက်ပြီး ဤနေရာတွင် ရပ်တန့်ကာ ပျံဝဲနေရန် အချက်ပြလိုက်၏။
"ခွေးမသားတွေ... မင်းတို့ကို ငါ သေတဲ့အထိ တိုက်ခိုက်မယ်"
တောင်ထိပ်ပေါ်တွင် အမျိုးသားများသည် သူ၏ဇနီးကို စော်ကားရန် ကြံစည်နေသည်အား ကြားချိန်၌ လူငယ်သည် ဒေါသတကြီးဟိန်းဟောက်ကာ သူတို့ထံသို့ ပြေးဝင်သွားသည်။
သူ လျင်မြန်စွာ လှုပ်ရှားသော်လည်း တစ်ဖက်မှတုံ့ပြန်မှုသည် ပို၍လျင်မြန်စွာ ရောက်ရှိလာကာ သူ၏တိုက်ခိုက်မှု လွယ်လင့်တကူ ပုတ်ထုတ်ခံလိုက်ရသည်။ သူသည် ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်တွင် ရှိသော်လည်း သူ၏ပြိုင်ဘက်များသည် ပို၍သန်မာအားကောင်းပေ၏။ အချိန်တခဏအတွင်းမှာပင် သူသည် နောက်သို့လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားကာ သူ၏ပါးစပ်မှ သွေးများအန်ထွက်လာသည်။
"ယုဖေး..."
သူမ၏ခင်ပွန်း ဒဏ်ရာအပြင်းအထန် ရရှိသွားသည်ကို မြင်တွေ့ချိန်၌ အမျိုးသမီးသည် လွတ်မြောက်ရန် မဖြစ်နိုင်တော့ကြောင်း သိလိုက်သည်။ သူမသည် ကလေးကို ရင်ခွင်ထဲပိုက်ကာ နောက်သို့ပြန်လှည့်လိုက်၏။
"ရှောင်ယင်...သွားတော့...ရွက်နီမြက်ကို ယူပြီး ရှောင်ကျိုးကို ကုသဖို့ နည်းလမ်းရှာပါ... ငါ့ကို မေ့လိုက်တော့..သူတို့သာ မင်းကို ဖမ်းမိသွားရင် မင်းရော ရှောင်ကျိုးရော နှစ်ယောက်လုံး သေသွားလိမ့်မယ်"
ယုဖေးသည် ရုန်းကန်၍ မတ်တတ်ထရပ်ကာ သူ၏ပါးစပ်မှ သွေးများထပ်မံ၍အန်ထုတ်လိုက်ရသည်။ ထို့နောက် သူသည် သူ၏ဇနီးနှင့် သူတို့ကို လိုက်လံဖမ်းဆီးသူများကြားတွင် နေရာယူလိုက်သည်။
"ငါတို့ အတူတူသွားမယ်..."
ရှောင်ယင်းက ခိုင်မာပြတ်သားစွာဖြင့် ခေါင်းခါလိုက်၏။
"သွားမယ် ဟုတ်လား... မင်းတို့ထဲက တစ်ယောက်မှ ထွက်သွားနိုင်မှာမဟုတ်ဘူး"
တစ်ဖက်လူများ သူတို့ထံသို့ ရောက်ရှိလာသည်။ ဤလူအုပ်စုကို အသက်လေးဆယ်ကျော်အရွယ်ရှိကာ မုတ်ဆိတ်မွှေးဗရပျစ်နှင့် ရုပ်ရည်ကြမ်းတမ်းသော အမျိုးသားတစ်ဦးက ဦးဆောင်နေသည်။
"အရှင်တို့ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ...ကျွန်မတို့ မှားပါတယ်...ရွက်နီမြက်ကို ရှင်တို့ ယူသွားလို့ရတယ်....ကျွန်မတို့ မိသားစုသုံးယောက်ကို ချမ်းသာပေးပြီး သွားခွင့်ပြုဖို့ပဲ တောင်းဆိုပါတယ်"
ရှောင်ယင်းသည် ဒူးထောက်ကာ ထပ်ခါတလဲလဲ ဦးညွှတ်အရိုအသေပြုလိုက်၏။ သူမ၏ရင်ခွင်ထဲမှ ကလေးသည် နိုးလာပြီး ဒူးထောက်လိုက်ကာ နူးညံ့သောအသံဖြင့် အော်ဟစ်လိုက်သည်။
"ကျေးဇူးပြုပြီး တောင်းပန်ပါတယ်"
"မင်း ဘာလုပ်နေတာလဲ...ငါတို့က ဒီရွက်နီမြက်ကို ရှာဖို့ အပင်ပန်းခံခဲ့ရတယ်...ငါတို့က ဒါကို သူတို့ဆီ ပေးလိုက်ရင် ရှောင်ကျိုး သေသွားလိမ့်မယ်... ပြီးတော့ သူတို့က သူတို့ရဲ့လောဘအတွက် ငါတို့ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့တာ...ဘာလို့ ငါတို့က သူတို့ကို ပေးရမှာလဲ"
ယုဖေးက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။
"အော်... မင်းမှာ သတ္တိနည်းနည်းတော့ ရှိသားပဲ.... ကံမကောင်းတာက အဲ့ဒါက အစစ်အမှန်စွမ်းအားရှေ့မှာ တန်ဖိုးမရှိဘူး...ဟုတ်တယ် ငါတို့က မင်းရဲ့ရွက်နီမြက်ကို လိုချင်နေတာ...ဒီတော့ ဘာဖြစ်လဲ....မင်းတို့လို အားနည်းတဲ့သူတွေက ဒီလိုရတနာမျိုးနဲ့ မထိုက်တန်ဘူး" မုတ်ဆိတ်မွှေးဗရပျစ်နှင့်အမျိုးသားက သူ၏ဓားကို ဝှေ့ယမ်းရင်း လှောင်ပြောင်လိုက်သည်။
"သူတို့ကို ဖမ်းကြစမ်း...အရင်အစီအစဉ်အတိုင်းပဲ...ယောက်ျားနဲ့ကလေးကို သတ်ပြီး မိန်းမကို အရှင်ခေါ်လာခဲ့ကြစမ်း....သူ့ရဲ့မျက်နှာနဲ့ ခန္ဓာကိုယ်ကို မထိခိုက်စေနဲ့....ပျက်စီးသွားတဲ့ပစ္စည်းတွေနဲ့ ဆော့ရတာက ပျော်ဖို့မကောင်းဘူး"
"နားလည်ပါပြီ.."
"ခေါင်းဆောင်က အရမ်းဥာဏ်ပညာကြီးတာပဲ..."
တက်ကြွသော အော်ဟစ်သံများနှင့်အတူ အဖွဲ့သားများသည် ဓားများကို မြှောက်ကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ရှေ့သို့တက်လာကြသည်။
"ဒါက အဆုံးသတ်သွားပြီ..."
ယုဖေး၏မျက်နှာ ဖြူဖျော့သွားသည်။
"အမှန်ပဲ..."
ရှောင်ယင်း၏မျက်လုံးများအတွင်းတွင် မျှော်လင့်ချက်ကင်းမဲ့မှုများ ထင်ဟပ်နေသည်။ တောင်းပန်ခြင်းသည် အသုံးမဝင်ကြောင်းသိလိုက်ရသဖြင့် သူမသည် ဖြည်းညင်းစွာမတ်တ်ထရပ်လိုက်ပြီး ကလေးကို သူမခင်ပွန်း၏ရှေ့တွင် ထားလိုက်၏။
"ယောက်ျား....ငါတို့ မလွတ်မြောက်နိုင်ရင် အတူတူသွားကြမယ်...စိတ်မပူနဲ့.. သူတို့က ငါ့ကို မစော်ကားနိုင်စေရဘူး"
"ငါ သဘောတူတယ်"
ယုဖေးက လက်ဆန့်တန်းလိုက်ပြီး သူမကို ထိုးနှက်ပြီး သူ့ကိုယ်သူ သတ်သေရန် ကြံရွယ်နေစဉ်မှာပင် လင်းယုန်တစ်ကောင်၏ စူးရှသောအော်သံက လေထုအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသည်။
"ဂီး ဂီး..."
အစွမ်းထက်သောအသံသည် တောင်တန်းတလျှောက် ပဲ့တင်ထပ်သွားပေ၏။ သူတို့အားလုံး မော့ကြည့်လိုက်ကြရာ ဧရာမ အနက်ရောင်အကြေးခွံ ဖီးနစ်လင်းယုန်တစ်ကောင် ဆင်းသက်လာပြီး သူတို့၏အထက်တွင် ရပ်တန့်သွားသည်ကို မြင်တွေ့လိုက်ရသည်။ ထို့နောက် ပုံရိပ်နှစ်ခု ခုန်ချလာပြီး မြေပြင်ပေါ်သို့ ညင်သာစွာ ကျရောက်လာသည်။
လူတစ်ဦးသည် စူးရှသောမျက်လုံးများရှိသည့် အသက်လေးဆယ်ကျော်အရွယ် လူဝကြီးဖြစ်ပြီး တခြားတစ်ဦးမှာ မျက်နှာဝိုင်းဝိုင်းနှင့် ဖော်ရွေပုံရသည်။
မုတ်ဆိတ်မွှေးဗရပျစ်နှင့်အမျိုးသားက မျက်မှောင်ကြုတ်လိုက်ပြီး မိုးကောင်းကင်ယံရှိ ဧရာမရင်းမြစ်သားရဲကို တစ်ချက်ကြည့်ကာ ဦးညွှတ်အရိုအသေပြုလိုက်သည်။
"လေးစားရတဲ့ အရှင်တို့.....ကျွန်တော်က ဟန်ယွမ်မြို့တော်ရှိ ပုရွှီခန်းမဆောင်မှ ပထမအဆင့် တရားဝင်ဓားကိုင် လျန်ဟောင်ပါ... ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ဆေးပင်ကို ခိုးယူသွားတဲ့ ဒီသူခိုးတွေကို ဖမ်းဆီးဖို့ အမိန့်အရ ဒီကိုရောက်လာတာပါ...တကယ်လို့ ကျွန်တော်တို့က ခင်ဗျားတို့ကို နှောင့်ယှက်ခဲ့မိရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
"ငါတို့က သူခိုးတွေမဟုတ်ဘူး...ရွက်နီမြက်ကို ငါတို့ အပင်ပန်းခံပြီး ရှာခဲ့တာ....သူတို့က ငါတို့ကဆီကနေ လုယက်ဖို့ ကြိုးစားနေတာပဲ"
ယုဖေးက အလျင်အမြန် တုံ့ပြန်ချေပသည်။
"ပုရွှီခန်းမဆောင်....ဟုတ်လား...."
ကျန်းရွှမ်က ထိုငြင်းခုံမှုကို လျစ်လျူရှုပြီး သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ရှုရှင်း၏မှတ်ဉာဏ်များအတွင်းတွင် ဤအဖွဲ့အစည်း မပါဝင်ခဲ့ချေ။ သို့ရာတွင် "ခန်းမဆောင်" ဟုခေါ်သော မည်သည့်အဖွဲ့အစည်းမဆို သိသာထင်ရှားသော အခွင့်အာဏာရှိကာ အထူးသဖြင့် ဟန်ယွမ်မြို့တော်တွင် ပို၍သြဇာအာဏာကြီးမားပေ၏။
ပိုင်ယွင်ခန်းမဆောင် ဟန်ယဲ့ခန်းမဆောင်နှင့် မိုယိုခန်းမဆောင်ကဲ့သို့ ခန်းမဆောင်များသည် နာမည်ကျော်ကြားပြီး သူတို့၏ဩဇာအာဏာလွှမ်းမိုးမှုသည် ဟန်ယွမ်တော်ဝင်မိသားစုကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိသည်။
ဤခန်းမဆောင်များကို အစွမ်းထက်သောပုဂ္ဂိုလ်များက ကျောထောက်နောက်ခံပြုထားသည်ဟု ကောလာဟလများ ထွက်ပေါ်နေသော်လည်း ရှုရှင်းကဲ့သို့ ကံကြမ္မာအစောင့်အရှောက်တစ်ဦးအနေဖြင့် အသေးစိတ်အချက်အလက်များကို မသိရှိချေ။
"ဟုတ်ပါတယ်....ပုရွှီခန်းမဆောင်က ပိုင်ယွင်ခန်းမဆောင် ဒါမှမဟုတ် ဟန်ယဲ့ခန်းမဆောင်လောက် နာမည်မကြီးပေမယ့် အလားအလာကောင်းတွေ အများကြီးရှိပြီး နောက်လိုက်တွေလည်း အများကြီးရှိတယ်...အရှင် ခင်ဗျားက ဒီနေရာက ဖြတ်သန်းသွားလာနေတာဆိုရင် ဒါက လေးစားမှုကိုပြသတဲ့အနေနဲ့ ရင်းမြစ်ဒင်္ဂါးငါးရာပါ....ဒီကိစ္စကို အရှင်တို့က ဝင်မစွက်ဖက်ဘဲနဲ့ ကျွန်တော်တို့ကို ကိုင်တွယ်ခွင့်ပြုမယ်လို့ မျှော်လင့်မိတယ်"
လျန်ဟောင် တဖန်ထပ်၍ဦးညွှတ်လိုက်ပြီး ရင်းမြစ်ဒင်္ဂါးငွေလက်မှတ်တစ်ရွက်ကို လက်ကမ်းပေးလေသည်။
သူသည် ဤရာထူးသို့ ရောက်ရှိပြီးဖြစ်သောကြောင့် မည်သည့်အချိန်တွင် တွန်းရမည် မည်သည့်အချိန်တွင် ဆွဲရမည် မည်သည့်ပုဂ္ဂိုလ်များကို ရန်စရမည် မည်သည့်ပုဂ္ဂိုလ်များကို ချွေးသိပ်ရမည်အား သိရှိထားပေ၏။
"မိသားစုတစ်စုရဲ့အသက်ကို မျက်နှာလွှဲပြီးနေပေးဖို့အတွက် ရင်းမြစ်ဒင်္ဂါးငါးရာ.. လူတွေရဲ့အသက်က တကယ့်ကို ဈေးပေါလှချည်လား"
ကျန်းရွှမ်က အေးစက်စက်လေသံဖြင့်မှတ်ချက်ချလိုက်သည်။
"ဟူး....အရှင် ဘာကိုဆိုလိုတာလဲ ကျွန်တော် နားလည်ပါပြီ"
လျန်ဟောင်က သက်ပြင်းရှိုက်လိုက်ပြီး ပို၍များပြားသော ရင်းမြစ်ဒင်္ဂါးငွေလက်မှတ်တစ်ထပ်ကို ထုတ်ယူကာ မျက်နှာချိုသွေးသောအပြုံးနှင့် ပြောဆိုသည်။
"ဒါက ရင်းမြစ်ဒင်္ဂါးတစ်သောင်းပါ...ကျွန်တော်တို့ ပေးနိုင်သမျှ အစွမ်းကုန်ပါပဲ....ဒီကိစ္စကို လျစ်လျှူရှုပေးဖို့ မျှော်လင့်မိတယ်...ကျွန်တော်တို့က ခင်ဗျားရဲ့မိတ်ဆွေဖြစ်ဖို့ မထိုက်တန်ပေမယ့် ပုရွှီခန်းမဆောင်က အစွမ်းထက်တဲ့ မဟာမိတ်တွေကို အမြဲတမ်း ကြိုဆိုပါတယ်... ခင်ဗျားသာ စိတ်ဝင်စားရင် ခင်ဗျားကို မိတ်ဆက်ပေးဖို့ ကျွန်တော် အာမခံနိုင်ပါတယ်"
သူ၏ ကျင့်သားရနေသော လွယ်ကူချောမွေ့မှုမှတဆင့် ဤသည်မှာ သူ၏ပထမဆုံးညှိနှိုင်းမှုမဟုတ်ကြောင်း သိသာရှင်းလင်းစွာ ပြသနေသည်။
"ရင်းမြစ်ဒင်္ဂါးတစ်သောင်းနဲ့ မိတ်ဆက်ပေးမှုတစ်ခု....ဟုတ်လား... ဒါက ဒီကိစ္စကို လျစ်လျူရှုပေးဖို့အတွက် မျှတတဲ့အပေးအယူပဲ"
ကျန်းရွှမ်က ခေါင်းညိတ်လိုက်ပြီး ယုဖေးနှင့် ရှောင်ယင်းဘက်သို့ လှည့်လိုက်သည်။
"မင်းတို့ကရော ဘာပေးနိုင်လဲ...မင်းတို့ပေးတာလုံလောက်တယ်ဆိုရင် ငါက သူတို့ကို မင်းတို့အတွက် သတ်ပေးနိုင်တယ်"
"အရှင်..."
လျန်ဟောင်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားလေ၏။
"တိတ်စမ်း"
စွန်းချန်၏မျက်ခုံးများ မြင့်တက်သွားပြီး သူ၏မနတ်ဘုရားစိတ်ဝိညာဉ်အဆင့် စွမ်းအားဖြင့် ဖိနှိပ်လိုက်ရာ မည်သည့်ကန့်ကွက်မှုကိုမဆို တိတ်ဆိတ်သွားစေသည်။
"ကျွန်တော်... ကျွန်တော့်မှာ ဒီရွက်နီမြက်ပဲ ရှိပါတယ်.... ခင်ဗျားသာ ကျွန်တော်တို့ကို ချမ်းသာပေးရင် ဒါကိုပေးအပ်ဖို့ ဆန္ဒရှိပါတယ်"
ယုဖေးက အနီရောင်သန်းနေသော နံနံပင်နှင့်တူသည့် အပင်ကို မြှောက်ပြရင်း ပြောဆိုလိုက်သည်။
ရှောင်ယင်းသည် ဆေးပင်ကို တစ်ချက်ကြည့်ပြီး နောက် သူမတို့၏ကလေးကို ပြန်ကြည့်လိုက်ကာ သူမ၏မျက်လုံးများအတွင်းတွင် ဝန်လေးမှုများ ဖြင့် ပြည့်နှက်နေသည်။ ဤအရာကို ပေးလိုက်ခြင်းသည် သူမတို့၏သားအတွက် ကုသရန်ဆေးမရှိတော့ခြင်းဟု ဆိုလိုပေ၏။ ထိုဆေးပင်ကို မပေးလိုက်လျှင်လည်း သူတို့သည် ယခုချက်ချင်း သေဆုံးသွားရပေမည်။
"ငါက ဆေးပင်တွေ မလိုချင်ဘူး.... ရင်းမြစ်ဒင်္ဂါးပဲ လိုချင်တယ်"
ကျန်းရွှမ်က အရေးမစိုက်သောလေသံဖြင့် ပြောဆိုသည်။
"ဒါက..."
ယုဖေးသည် တွေဝေတုံ့ဆိုင်းသွားပြီး သူ၏ဇနီးနှင့် အကြည့်ချင်းဖလှယ်လိုက်၏။ သူတို့သည် သူတို့၏အိတ်ကပ်များကို မွှေနှောက်ရှာဖွေပြီးနောက် တောင်းပန်တိုးလျှိုးသောအသံဖြင့် ပြောဆိုသည်။
"ကျွန်တော်တို့မှာ ရင်းမြစ်ဒင်္ဂါးတယ်ပြားပဲ ရှိတယ်..."
ကျန်းရွှမ်က ရင်းမြစ်ဒင်္ဂါးတစ်ပြားကို သူ၏လက်ဖြင့် ကောက်ကိုင်လိုက်သည်။
"ဒါဆိုရင် လုံလောက်ပြီ"
ထိုစကားကိုပြောဆိုပြီးနောက် သူသည် သူ၏လက်ဝါးကို မြှောက်ကာ လျန်ဟောင်ထံသို့ ရိုက်ချလိုက်သည်။
"အရှင်.... ခင်ဗျား ဘာလုပ်တာလဲ.... ကျွန်တော်တို့ကို တိုက်ခိုက်တာက ပုရွှီခန်းမဆောင်ကို တိုက်ရိုက်စိန်ခေါ်တာပဲ...ကျွန်တော်တို့ခန်းမဆောင်ကို ကံကြမ္မာဆရာသခင်တစ်ယောက်က ကျောထောက်နောက်ခံပြုထားတယ်...ခင်ဗျားက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ"
လျန်ဟောင်က သူ၏ဓားကိုမြှောက်ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
သို့ရာတွင် သူ မတိုက်ခိုက်မီမှာပင် ကျန်းရွှမ်၏တိုက်ခိုက်မှုအင်အားက သူ့ကို လက်နက်မဲ့ဖြစ်သွားစေပြီး အချိန်တခဏအကြာတွင် စွမ်းအားတစ်လှိုင်းက သူ၏ရင်ဘတ်ကို ထိမှန်သွားသည်။
ဘုန်း....
သူ၏ရင်ဘတ်သည် ချိုင့်ဝင်သွားပြီး ပါးစပ်မှ သွေးများ ပန်းလာထွက်ကာ နောက်သို့ လွင့်ထွက်သွားသည်။ သူ၏ခန္ဓာကိုယ်သည် လေထုအတွင်းတွင် တုန်ခါသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျမလာမီမှာပင် သေဆုံးသွားပေ၏။
တစ်ချက်တည်းသော ထိုးနှက်ချက်ဖြင့် လျန်ဟောင်ကို သေသွားစေခဲ့သည်။
"ခေါင်းဆောင်...."
ကြွင်းကျန်သော ပုရွှီခန်းမဆောင်အဖွဲ့သားများသည် ကြက်သေသေသွားကြပြီး အချိန်တခဏအတွင်း လျန်ဟောင် သတ်ဖြတ်ခံရသည်ကိုကြည့်ကာ ထိတ်လန့်တုန်လှုပ်နေကြသည်။ ယုဖေးနှင့်ရှောင်ယင်းတို့ပင်လျှင် ကြက်သေသေနေကြသည်။
ရင်းမြစ်ဒင်္ဂါးတစ်သောင်းကို ငြင်းပယ်ပြီး တစ်ပြားသာ ယူလိုက်သလော...
ထို့ပြင် ဤလူသည် ပုရွှီခန်းမဆောင်ကို ဆန့်ကျင်ခြင်း၏ အကျိုးဆက်များအား မကြောက်ရွံ့သလော....
"ပြေးကြတော့..."
ကြွင်းကျန်သောလူများများ အရပ်မျက်နှာအဘက်ဘက်သို့ ထွက်ပြေးလိုက်ကြ၏။ သို့ရာတွင် သူတို့ အဝေးသို့ မရောက်မီမှာပင် ကျန်းရွှမ်၏ထိုးနှက်ချက်များ မိုးရွာသကဲ့သို့ ကျဆင်းလာပြီး သူတို့၏ကျောများကို ထွင်းဖောက်သွားသည်။ ထိုထိုးနှက်ချက်များသည် လေလျော့သွားသော ပူဖောင်းများအလား သူတို့၏ခွန်အားကို စုပ်ယူသွားပေ၏။
အသက်သုံးချက်ရှုစာအချိန်အတွင်းမှာပင် ယုဖေးနှင့်ရှောင်ယင်းတို့ကို လိုက်လံဖမ်းဆီးနေသော ဓားကိုင်ဆယ်ယောက်လုံး သေဆုံးသွားသည်။
"စွန်းချန်...."
ကျန်းရွှမ်က ခေါ်လိုက်သည်။
"ဟုတ်ကဲ့...."
စွန်းချန်သည် အလောင်းများကို မွှေနှောက်ကာ တန်ဖိုးရှိပစ္စည်းများကို စတင်၍စုဆောင်းလိုက်သည်။ သူတို့သည် ရင်းမြစ်ဒင်္ဂါးတစ်သောင်းကို ထုတ်ပေးနိုင်ခဲ့လျှင် သူတို့ထံတွင် ပို၍ရှိနေပေမည်။ ထို့ကြောင့် ဤငွေကြေးကို အချည်းနှီးဖြစ်သွားစေရန် အကြောင်းမရှိချေ။
"ကျွန်တော်တို့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
ယုဖေးနှင့်ရှောင်ယင်းတို့သည် ဒူးထောက်လိုက်ကာ သူတို့၏မျက်လုံးများအတွင်းတွင် ကျေးဇူးတင်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
ရှောင်ကျိုးသည်လည်း သူ၏မိဘများအတိုင်း ပြုလုပ်ပြီး သူ၏လက်သေးသေးလေးများဖြင့် ဝမ်းသာပျော်ရွှင်စွာ ဦးညွှတ်လိုက်၏။
"ဦးလေး....ကျွန်တော်တို့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
"မင်းတို့ရဲ့ငွေကို ယူပြီး မင်းတို့အတွက် သတ်ဖြတ်ပေးခဲ့တာပဲ... ဒါက တရားမျှတတဲ့ အပေးအယူပဲ...ကျေးဇူးတင်ဖို့ မလိုဘူး"
ကျန်းရွှမ်က အရေးမစိုက်သောလေသံဖြင့် ပြောဆိုသည်။
လင်းယုန်၏ကျောပေါ်မှနေ၍ သူသည် အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့ခဲ့သည်။ လျန်ဟောင်နှင့်အပေါင်းအပါများသည် အမှိုက်များသာဖြစ်ပြီး သူတို့ကို သတ်ဖြတ်ခြင်းသည် တရားမျှတပေ၏။
ယုဖေး၏မျက်နှာ နီမြန်းသွားသည်။
"ရင်းမြစ်ဒင်္ဂါးတစ်ပြားတည်းက ခင်ဗျားရဲ့အကူအညီအတွက် ဘယ်လိုမှ မလုံလောက်နိုင်ပါဘူး... အနည်းဆုံးတော့ ခင်ဗျားရဲ့နာမည်ကို သိခွင့်ပြုပါလား... ဒါမှ ကျွန်တော်နဲ့ကျွန်တော့်ရဲ့ဇနီးက ခင်ဗျားကို အမြဲတမ်း ပူဇော်ပသမှုတွေနဲ့ ဝတ်ပြုနိုင်မှာပါ"
"အဲ့ဒီလိုလုပ်ဖို့ မလိုအပ်ဘူး... ဒါပေမယ့် ငါ့မှာ မေးခွန်းတစ်ခုတော့ ရှိတယ်...မင်းတို့ အရင်က ပုရွှီခန်းမဆောင်နဲ့ ပဋိပက္ခတွေ ရှိခဲ့ဖူးလား... သူတို့က မင်းတို့ကို ဆေးပင်အတွက်ပဲ လိုက်ဖမ်းနေတာလား"
ကျန်းရွှမ်က စူးစမ်းလိုသောအကြည့်ဖြင့် သူတို့ကို ကြည့်လိုက်သည်။
အကယ်၍ အတိတ်တွင် မကျေနပ်မှုများ ရှိခဲ့လျှင် ဤကိစ္စသည် အဓိပ္ပာယ်ရှိပေလိမ့်မည်။ ဆေးပင်တစ်ပင်တည်းအတွက် သူတို့ကို လိုက်လံဖမ်းဆီးသတ်ဖြတ်ခြင်းသည် ဟန်ယွမ်မြို့တော်၌ စည်းကမ်းမဲ့သောအုပ်ချုပ်ရေး ရှိနေလျှင်ပင် အလွန်အမင်း ရက်စက်လွန်းရာကျသည်ဟု တွေးထင်ရသည်။
"ကျွန်တော်တို့က ပုရွှီခန်းမဆောင်ရဲ့အကြောင်း ကြားဖူးပေမယ့် သူတို့နဲ့ ဘယ်တုန်းကမှ ဆက်ဆံမှုမျိူးတွေမရှိခဲ့သလို ဘာရန်ငြိုးရန်စမှလည်း မရှိခဲ့ပါဘူး.... ဒါပေမယ့်... ဒီခန်းမဆောင်တွေအားလုံးက ဒီလိုပုံစံမျိုးကို လုပ်ဆောင်ကြတယ်... ခင်ဗျားက ခန်းမဆောင်တစ်ခုရဲ့ အဖွဲ့ဝင်မဟုတ်ဘူးဆိုရင် ခင်ဗျား ခြိမ်းခြောက်ငွေညှစ်ခံရမယ်....ရှောင်လွှဲလို့ရတဲ့ နည်းလမ်းမရှိဘူး"
ယုဖေးက ခါးသည်းသော အပြုံးဖြင့် ပြောဆိုသည်။
"ဒီလောက်တောင် ဗြောင်ကျကျလုပ်နေကြသလား... သူတို့ပြောသွားတဲ့ ပုရွှီခန်းမဆောင်ကို ကံကြမ္မာဆရာသခင်တစ်ယောက်က ကျောထောက်နောက်ခံပြုထားတယ်ဆိုတာ အမှန်ပဲလား"
ကျန်းရွှမ်က စိတ်ဝင်တစား မေးမြန်းလိုက်၏။
"ဟုတ်တယ်...ဒါက အမှန်ပဲ.... ပုရွှီခန်းမဆောင်ရဲ့ ခေါင်းဆောင်က ကံကြမ္မာခန်းမဆောင်က အကြီးအကဲတစ်ယောက်ပါ....သူက တခြားအင်ပါယာကနေ လာတာလို့ ပြောနေကြပြီးတော့ သူ့ရဲ့နာမည်က..."
ယုဖေးက အချိန်တခဏကြာခန့် ရပ်တန့်သွားပြီး သူ၏မှတ်ဉာဏ်များအတွင်း၌ ပြန်လည်ရှာဖွေကာ ခေါင်းညိတ်လိုက်သည်။
"လင်းပုယန်"