← Chapters

အနည်းငယ်စိတ်ရှုပ်ထွေးသွားခြင်း

Vol. 11 Ch. 164

အနည်းငယ်စိတ်ရှုပ်ထွေးသွားခြင်း

Vol. 11 Ch. 164

"အမ်...."

ကျန်းရွှမ်သည် နေရာမှာပင် ကြက်သေသေသွားပေ၏။

လျန်ဟောင်နှင့်အပေါင်းအပါများ၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို မြင်ပြီးနောက် မည်သူမဆို ဝင်ရောက်စွက်ဖက်ဝံ့မည် မဟုတ်သည်အား သူ နားလည်သွားသည်။ သူသည် ဤခန်းမဆောင်သခင်ဟု ခေါ်သောလူသည် အဖတ်ဆယ်၍မရသော လူဆိုးတစ်ယောက်ဖြစ်မည်ဟု ယူဆပြီးဖြစ်သည်။ သို့ရာတွင် 'လူဆိုး' သည် အမှန်တကယ်အားဖြင့် သူကိုယ်တိုင်ဖြစ်ကြောင်း သိလိုက်ရခြင်းမှာ မယုံနိုင်ဖွယ်ရာပင်...

"ဒါက မဟုတ်လောက်ဘူး မင်း မမှားဘူးဆိုတာ သေချာလား"

ကျန်းရွှမ်၏မျက်ခုံးများ တွန့်ကွေးသွားပြီး သူ ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။

ယုဖေးက တုံ့ပြန်အဖြေသည်။

"ကျွန်တော် မှားစရာအကြောင်းမရှိပါဘူး..... ပုရွှီခန်းမဆောင်က ကျွန်တော့်ကို တစ်ချိန်က သိမ်းသွင်းဖို့ ကြိုးစားခဲ့ဖူးတယ်....ဒါပေမယ့် ကျွန်တော် ငြင်းခဲ့တယ်... ခင်ဗျား မယုံဘူးဆိုရင် အဲ့ဒီအကြောင်းကို စုံစမ်းမေးမြန်းလို့ရတယ်.... အဲ့ဒီလင်းပုယန်က ဓားမကြီးဂိုဏ်းရဲ့ နည်းစနစ်တွေကို ကျင့်ကြံတာကြောင့် ပုရွှီခန်းမဆောင်က လူတွေအားလုံက ဓားမကြီးတွေကို ကိုင်စွဲကြတယ်"

ကျန်းရွှမ်က ပတ်ဝန်းကျင်ရှိ အလောင်းများကို တစ်ချက်ကြည့်လိုက်သည်။ အောက်သို့ကျနေသော ဓားများတွင် အသွားနှစ်ဖက်ပါပြီး အလွန်အမင်း မရှည်သော်လည်း ဓားတစ်လက်ချင်းစီသည် ၁.၅ မီတာခန့် ရှိသည်။ ဤသည်မှာ ဓားမကြီးဂိုဏ်း၏ ပုံမှန်လက်နက်ပင်။

သူ သိရသလောက်ဆိုလျှင် ကောင်းကင်ကံကြမ္မာတစ်ခုအပေါ် ကျွမ်းကျင်ပိုင်နိုင်မှုသည် ထိုအရာ၏အသိအမှတ်ပြုမှုအား ရရှိထားသူများကိုသာ ပေးအပ်သည်။ ယုဖေး၏ပြောဆိုချက်သည် မှန်ကန်နိုင်ချေရှိပေ၏။ ပုရွှီခန်းမဆောင်သည် အမှန်တကယ်ကို လင်းပုယန်၏ "ပိုင်နက်" တစ်စိတ်တစ်ပိုင်းဖြစ်ပေမည်။

ဤအချိန်တွင် စွန်းချန်သည် အလောင်းများကို ရှာဖွေ၍ ပြီးဆုံးသွားကာ ရင်းမြစ်ဒင်္ဂါးတစ်သိန်းကျော် စုဆောင်းရရှိခဲ့သည်။ ဤသည်မှာ သိသာထင်ရှားသော အမြတ်အစွန်းတစ်ခုပင်။

"ငါ့မှာ တခြားကိစ္စတွေ လုပ်စရာရှိသေးတာကြောင့် နှုတ်ဆက်ပါတယ်"

ကျန်းရွှမ်က ပြောဆိုလိုက်သည်။ သူသည် နောက်ထပ်မေးခွန်းအနည်းငယ် မေးမြန်းလိုက်သော်လည်း အချက်အလက်အသစ်များကို မရရှိခဲ့ချေ။ ထို့ကြောင့် သူနှင့်စွန်းချန်တို့သည် အနက်ရောင်အကြေးခွံ ဖီးနစ်လင်းယုန်ပေါ်သို့ ပြန်လည်၍ခုန်တက်ကာ အရှိန်မြှင့်၍ ထွက်ခွာသွားကြသည်။

"သူတို့ ထွက်သွားကြပြီလား"

ယုဖေးနှင့် ရှောင်ယင်းတို့ မယုံကြည်နိုင်သော အကြည့်များဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။

သူတို့က ဤကယ်တင်ရှင်သည် တုံ့ပြန်သည့်အနေဖြင့် တောင်းဆိုမှုများ ပို၍ပြုလုပ်လိမ့်မည်ဟု ယူဆခဲ့သည်။ သို့ရာတွင် သူ ယူဆောင်သွားသည်မှာ ရင်းမြစ်ဒင်္ဂါးတစ်ပြားတည်းပင်။

"ဘာကိုမှပြန်ရဖို့ မမျှော်လင့်တဲ့ ကောင်းမှုပြုတာမျိုး....ဒါက တကယ့်ကို မြင့်မြတ်မှုပဲ...သူ့ရဲ့နာမည်ကိုတောင် မသိရတာက နှမြောစရာပဲ... ဒါပေမယ့် ငါက သူ့မျက်နှာကို မှတ်ထားပြီးတော့ အိမ်တော်ထိန်းဖုန်းကို မေးကြည့်မယ်...သူ့ရဲ့အဆင့်အတန်းမြင့်မားမှုနဲ့ ကျယ်ပြန့်တဲ့အဆက်အသွယ်ကွန်ရက်နဲ့ဆိုရင် ဒါက ဘယ်သူလဲဆိုတာ သူ သိနိုင်လောက်တယ်"

ယုဖေးက စကားပြောဆိုပြီးနောက် သူ၏ဇနီးကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။

"ဒီရွက်နီမြက်နဲ့ဆိုရင် ရှောင်ကျိုးကို ကယ်တင်နိုင်ပြီ"

"အမှန်ပဲ...."

ရှောင်ယင်းက ရယ်ပြုံးကာ သူမ၏သားကို ပွေ့ချီလိုက်ပြီး သူမ၏မျက်လုံးများအတွင်းတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။ သေချာပေါက်သေဆုံးရမည့်ဘေးမှ အံ့အားသင့်ဖွယ်ကယ်တင်ခြင်းသို့ ခံခဲ့ရလေရာ သူတို့၏ကျေးဇူးရှင်သည် အမှန်တကယ်ကို ကောင်းကင်ဘုံမှ စေလွှတ်လိုက်သော နတ်ဘုရားတစ်ပါးပင်။

လင်းပုယန်ကဲ့သို့သောလူသည် ဤလျှို့ဝှက်ဆန်းကြယ်သော သူရဲကောင်းနှင့် မည်သည်ကြောင့် ဤမျှထိ ကွာခြားနေသနည်း....

လင်းယုန်၏ကျောပေါ်တွင်....

"ဟန်ယွမ်မြို့တော်က ခန်းမဆောင်တွေက ငါထင်ထားသလောက် ရိုးရှင်းပုံမရဘူး....ယုဖေးပြောတာ အမှန်ဖြစ်နိုင်တယ်.... လင်းပုယန်လိုမျိုး ကံကြမ္မာဆရာသခင်တွေက သူတို့ကို ကျောထောက်နောက်ခံပြုထားတယ်.."

ကျန်းရွှမ်က သုံးသပ်လိုက်သည်။

ပုရွှီခန်းမဆောင်သည် အထင်ရှားဆုံးအဖွဲ့အစည်းများ အတွင်း၌ပင် မပါဝင်သောကြောင့် တခြားခန်းမဆောင်များ၏ ကြောက်မက်ဖွယ်ကောင်းသော သဘောသဘာဝကို အရိပ်အမြွက်ပြနေသည်။

သို့ရာတွင် ကံကြမ္မာဆရာသခင်များသည် ခန်းမဆောင်များကို ပေါ်ပေါ်ထင်ထင် ဦးဆောင်ပြီး အာဏာရှင်ဆန်ဆန် ပြုမူနေသည်ဟူသော အတွေးသည် မေးခွန်းများကို ထွက်ပေါ်စေပေ၏။ သူတို့သည် ပြည်သူများငြိုငြင်မည်ကို မကြောက်ကြသလော....

"ခန်းမဆောင်ရဲ့အဖွဲ့ဝင်တွေအားလုံးက အကျင့်ပျက်နေတာတော့ မဟုတ်နိုင်ဘူး...လျန်ဟောင်နဲ့ အပေါင်းအပါတွေကပဲ လူဆိုးတွေ ဖြစ်နိုင်တယ်... အချက်အလက်နည်းနည်းလေးနဲ့ မှန်းဆနေလို့လည်း အသုံးမဝင်ဘူး...ဟန်ယွမ်မြို့တော်ကို ရောက်ရင် ငါ ပိုသိလာမှာပါ"

ကြီးမားသောအဖွဲ့အစည်းများများတွင် မလိုလားအပ်သော အဖွဲ့ဝင်တချို့ ဝင်ရောက်လာခြင်းကို ရှောင်လွှဲ၍မရချေ။ သိသာရှင်းလင်းသော သတင်းအချက်အလက်မရှိဘဲ မှန်းဆခြင်းသည် သူ့ကို မည်သည့်အရာကိုမျှ သိစေမည်မဟုတ်ပေ။ ကျန်းရွှမ်သည် တစ်ဖန်ပြန်၍အာရုံစိုက်ကာ မျက်လုံးစုံမှိတ်ပြီး ရင်းမြစ်စွမ်းအင်များကို ရွှမ်ကမ္ဘာအတွင်းသို့ပို့ဆောင်ကာ သူ၏ရိုးတွင်းခြင်ဆီကို သန့်စင်လိုက်၏။

သူ ရင်းမြစ်စွမ်းအင် ပို၍စုပ်ယူလာသည်နှင့်အမျှ ရွှမ်ကမ္ဘာသည် ပို၍ကျယ်ပြန့်လာပြီး ယခင်အရွယ်အစား၏ နှစ်ဆနီးပါး ဖြစ်လာသည်။ ထူထပ်သိပ်သည်းသောစွမ်းအင်များသည် ယခုအချိန်၌ ရှုခင်းများကို ဖြတ်ကျော်စီးဆင်းနေပြီး ချောင်းများကို ဖွဲ့စည်းထားသည်။ ထိုစွမ်းအင်များသည် ပို၍ကြီးမားသော ရေထုများအဖြစ် ပေါင်းဆုံကာ နောက်ဆုံးတွင် ရေကန်များနှင့်ပင်လယ်များအဖြစ်သို့ ပြောင်းလဲသွားရန် အရိပ်အမြွတ်ပြသနေသည်။

သို့ရာတွင် ရွှမ်ကမ္ဘာသည် ကြီးထွားလာသည်နှင့်အမျှ မတည်မငြိမ်ဖြစ်လာပေ၏။ ကျန်းရွှမ်သည် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းငါးသောင်းကို ရွှမ်ကမ္ဘာအတွင်းသို့ထည့်သွင်းကာ နယ်မြေတစ်ခုလုံးကို တဖန်ပြန်၍တည်ငြိမ်စေခဲ့သည်။

သို့ရာတွင် နောက်တစ်ကြိမ်တွင် စွမ်းအင်တန်းတစ်သိန်း သို့မဟုတ် ထို့ထက်ပို၍ လိုအပ်နိုင်သည်ကို သူ သိရှိထားသည်။ ဤနှုန်းဖြင့်ဆိုပါက စွမ်းအင်ထောက်ပံ့မှုသည် မည်သို့မျှ လုံလောက်နိုင်မည် မဟုတ်ပေ။

"သခင်လေး.... ကျွန်တော်တို့ ဟန်ယွမ်မြို့တော်ကို ရောက်ပြီ"

စွန်းချန်၏အသံက သူ၏အာရုံစူးစိုက်မှုကို ဖြတ်တောက်လိုက်သဖြင့် ကျန်းရွှမ်က မော့ကြည့်လိုက်သည်။

သူ၏ရှေ့တွင် ဧရာမမြို့ကြီးတစ်မြို့ တည်ရှိနေပြီး မြင့်မားသောအဆောက်အအုံများသည် ပင်လယ်ပြင်ကဲ့သို့ ပြန့်ကျဲနေကာ အဖြူရောင်ကျောက်တုံးမြို့တော်ကို အသေးအမွှားကဲ့သို့ ဖြစ်သွားစေသည်။ ဤမြို့နှစ်မြို့ကြား ကွာခြားချက်သည် ချောင်းတစ်ခုနှင့်သမုဒ္ဒရာတစ်ခုကို နှိုင်းယှဉ်သည့်အလား ကြီးမားပေ၏။

"ဘယ်ကိုသွားမလဲ သခင်လေး..."

စွန်းချန်က မေးမြန်းလိုက်သည်။

ဟန်ယွမ်မြို့တော်သို့ ရောက်ရှိခြင်းသည် သူ အကျပ်အတည်းတစ်ခုကို ရင်ဆိုင်ရတော့မည်ဟု ဆိုလိုခြင်းပင်။ ပထမနည်းလမ်းသည် ကံကြမ္မာခန်းမဆောင်သို့ တန်းသွားရန်ဖြစ်ပြီး သူ၏ရုပ်ဖျက်မှု ပေါ်သွားပါက အန္တရာယ်ရှိသည်။ ဒုတိယနည်းလမ်းသည် လင်းပုယန်၏နေအိမ်သို့ သွားရောက်ရန်ပင်။ ထိုနေရာတွင် သူ၏ကံကြမ္မာအစောင့်အရှောက်များ တပည့်များဖြင့် ပြည့်နှက်နေကာ သူတို့သည် ကွဲလွဲနေမှုများကို လွယ်လင့်တကူ ရှာဖွေတွေ့ရှိသွားနိုင်သည်။

သို့ရာတွင် မည်သည့်နည်းလမ်းဖြစ်စေ သူ ရွေးချယ်ရန် လိုအပ်သည်။ သူသည် အချိန်ကြာမြင့်စွာ ပျောက်ကွယ်နေပြီးနောက် အဝေးတွင်နေထိုင်ပါက သံသယများကို သေချာပေါက် ဖြစ်ပေါ်စေပေမည်။

အချိန်တခဏကြာမျှ စဉ်းစားတွေးတောပြီးနောက် ကျန်းရွှမ်က ညွှန်ကြားလိုက်သည်။

"ခြံဝင်းပါတဲ့ အိမ်ကျယ်ကျယ်တစ်လုံးကို ငှားပြီးတော့ ရှောင်ယွီနဲ့တခြားလူတွေကို အဲ့ဒီမှာ နေရာချထားလိုက်တော့... ငါက ကံကြမ္မာခန်းမဆောင်ကို သွားမယ်"

"နားလည်ပါပြီ"

စွန်းချန်က ခေါင်းညိတ်လိုက်သည်။

အနက်ရောင်အကြေးခွံ ဖီးနစ်လင်းယုန်သည် မြို့ပြင်ပတွင် ဆင်းသက်ပြီး စွန်းချန်တို့အုပ်စုသည် လမ်းခွဲ၍ ထွက်ခွာသွားကြ၏။ ကျန်းရွှမ်သည် လင်းယုန်ကို မြင့်မားသောအဆောက်အအုံတစ်လုံးထံသို့သွားရန် တိုက်ရိုက်လမ်းညွှန်လိုက်သည်။

ဟန်ယွမ်မြို့တော်သည် ဟန်ယွမ်အင်ပါယာ၏ တော်ဝင်မြို့တော်ဖြစ်သောကြောင့် ဤနေရာတွင် အမြင့်မားဆုံးနှင့်အခမ်းနားဆုံးအဆောက်အအုံမှာ တော်ဝင်နန်းတော်ပင်။ ဒုတိယအမြင့်မားဆုံးမှာ ကံကြမ္မာခန်းမဆောင်ဖြစ်ပြီး ဓားတစ်စင်းအလား မိုးကောင်းကင်ယံကို ထွင်းဖောက်နေသော မျှော်စင်တစ်ခုဖြစ်ကာ မိုးကုတ်စက်ဝိုင်းအောက်တွင် မားမားမတ်မတ် တည်ရှိပေ၏။

ထိုနေရာသို့ မရောက်မီမှာပင် ကျန်းရွှမ်က လင်းယုန်ကို အောက်သို့ဆင်းသက်ရန် ညွှန်ကြားလိုက်သည်။

"အကြီးအကဲလင်း...ပြန်ရောက်လာပြီလား..." လူငယ်တစ်ဦးက သူ့ကို နှုတ်ဆက်ရန်အတွက် ရှေ့သို့ အလျင်အမြန်တိုးလာသည်။

ရှုရှင်း၏မှတ်ဉာဏ်များကို အားကိုး၍ ကျန်းရွှမ်က ဤလူငယ်သည် ခန်းမဆောင်သို့ လာရောက်လည်ပတ်သော ကံကြမ္မာဆရာသခင်များကို ဧည့်ခံရန် တာဝန်ကျသော ကံကြမ္မာအစောင့်အရှောက်ရှဲ့ဖုန်းဟု သတ်မှတ်လိုက်သည်။

ကျန်းရွှမ်က ခေါင်းညိတ်လိုက်၏။

"အနက်ရောင်အကြေးခွံ ဖီးနစ်လင်းယုန်ကို ဂရုစိုက်ထားစမ်း... ပြဿနာတစ်ခုခု ရှိရင် မင်း တာဝန်ယူရလိမ့်မယ်"

ဤလင်းယုန်သည် လင်းပုယန်၏အဖော်သားရဲဖြစ်သော်လည်း ထိုသားရဲ၏အလွန်အစားကြူးသောစရိုက်နှင့် ခန်းမဆောင်မှသာ ထောက်ပံ့နိုင်သော ရှားပါးအစားအစာ လိုအပ်မှုတို့ ရှိနေခဲ့သည်။ ထို့ကြောင့် လင်းပုယန်သည် ဤသားရဲကို ကောင်းမွန်စွာ စောင့်ရှောက်ကျွေးမွေးရန်အတွက် ကံကြမ္မာခန်းမဆောင်တွင် မကြာခဏ ထားခဲ့လေ့ရှိသည်။

"စိတ်ချပါ အကြီးအကဲ...ကျွန်တော် ကိုယ်တိုင်စောင့်ရှောက်လိုက်ပါ့မယ်"

ရှဲ့ဖုန်းက အပြုံးနှင့်ပြောဆိုကာ လင်းယုန်ကို ခေါ်ဆောင်သွားရန် အစေခံများကို ခေါ်လိုက်သည်။

ကျန်းရွှမ်သည် ခန်းမဆောင်အတွင်းသို့ ဝင်ရောက်ပြီးနောက် ပြင်းထန်သော ရင်းမြစ်စွမ်းအင်စီးကြောင်းတစ်ခုက သူ့ကို ချက်ချင်း လွှမ်းခြုံသွားသည်။ ဤခန်းမဆောင်အတွင်းရှိ အထူးသီးသန့်ဝင်္ကပါများသည် စွမ်းအင်များကို ဆွဲဆောင်ရာ၌ တည်ငြိမ်စေပြီး ဤနေရာတွင် ကျင့်ကြံခြင်းကို ပြင်ပလောကထက် များစွာပို၍ထိရောက်စေသည်။

"လင်းပုယန်....မင်းက ကျိုးယိမင်းဆက်မှာ ဖရိုဖရဲကံကြမ္မာဆရာသခင်တစ်ယောက်ကို လိုက်ဖမ်းနေရမှာ မဟုတ်ဘူးလား...ဘာလို့ ပြန်ရောက်လာတာလဲ"

အသံတစ်သံ ထွက်ပေါ်လာသဖြင့် ကျန်းရွှမ် လှည့်ကြည့်လိုက်ရာ အသက်ငါးဆယ်ကျော်အရွယ် လူအိုကြီးတစ်ဦးသည် အံ့အားသင့်သောအမူအယာဖြင့် ချဉ်းကပ်လာသည်ကို မြင်တွေ့လိုက်ရသည်။

ကျန်းရွှမ်သည် အသက်ရှုမှားသွားပေ၏။ ရှုရှင်း၏မှတ်ဉာဏ်များတွင် ဤလူ မပါဝင်ခဲ့သောကြောင့် လူစိမ်းတစ်ယောက်ဖြစ်နေသည်။ သူ့ကို "အကြီးအကဲ" ဟုမခေါ်ဘဲ နာမည်ဖြင့် ခေါ်ဆိုခြင်းသည် သူတို့၏အဆင့်အတန်းတူညီကြောင်း ညွှန်ပြနေပြီး ထိုလူသည်လည်း ကံကြမ္မာဆရာသခင်တစ်ယောက် ဖြစ်နိုင်ချေရှိသည်။

ထိုမေးခွန်းတစ်ခုတည်းမှ ကျန်းရွှမ် အချက်နှစ်ချက်ကို ကောက်ချက်ချလိုက်သည်၊ တစ်အချက် ထိုလူသည် လင်းပုယန် သေဆုံးသွားကြောင်း မသိရှိချေ။ နှစ်အချက်အနေဖြင့် လင်းပုယန် အဖြူရောင်ကျောက်တုံးမြို့တော်သို့ လာသောကိစ္စသည် လူသိမများပေ။

စိတ်သက်သာရာရသွားသော ကျန်းရွှမ်က တုံ့ပြန်အဖြေပေးသည်။

"အဲ့ဒီကျင့်ကြံသူက ဘယ်လိုနည်းနဲ့ သတင်းရသွားတယ် မသိဘူး...သူက ငါတို့လာမှာကို ကြိုသိထားပြီးတော့ ထွက်ပြေးသွားတယ်...ဒါကြောင့် ဆရာက ငါ့ကို အရင်ပြန်ခိုင်းလိုက်တာပဲ..."

"ဟား ဟား ဟား...ငါ သိသားပဲ.... ငါတို့လောင်းကြေးမှာ ငါ နိုင်သွားပုံပဲ...ငါရဲ့အနိုင်ဆုလာဘ်က ဘယ်မှာလဲ....မင်း ရှောင်တိမ်းလို့ရမယ်လို့ မထင်နဲ့"

လူအိုကြီး၏မျက်လုံးများ တောက်ပသွားသည်။

ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သော်လည်း တိတ်ဆိတ်စွာ နေထိုင်လိုက်သည်။ မည်သည့်လောင်းကြေး သို့မဟုတ် အနိုင်ဆုလာဘ်အကြောင်း ဆွေးနွေးနေသည်ကို သူ လုံးလုံးလျားလျားမသိရှိချေ။ သူ တစ်ဖက်လူအား မေးမြန်းလျှင်လည်း သံသယများကိုသာ ဖြစ်ပွားစေပေမည်။

"မသိချင်ယောင်ဆောင်နေတာက မင်းကို ကယ်တင်နိုင်မယ်လို့ မထင်နဲ့"

လူအိုကြီးသည် ဒေါသထွက်လာပြီး အော်ဟစ်လိုက်၏။

အခြေအနေ တင်းမာလာသည်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်က တုံ့ပြန်ရန် လိုအပ်ကြောင်း သိရှိသွားသည်။

"ဒီလောင်းကြေးအတွက် သက်သေအထောက်အထား ရှိသလား.... သက်သေမရှိဘဲ ငါက မင်းကိုယုံမယ်လို့ မျှော်လင့်နေတာလား"

"သက်သေလား...ဒါက ပါးစပ်နဲ့ သဘောတူညီခဲ့တာ...လင်းပုယန် မင်းက အရင်အတိုင်းပဲ အရှက်မရှိဘူး"

လူအိုကြီးက နှာတစ်ချက်မှုတ်ပြီး အော်ငေါက်လိုက်၏။

"ခန်းမဆောင်သခင် ကိုယ်တိုင်က သက်သေပဲ... ငါတို့ သူ့ကို ဒီကိစ္စ ဖြေရှင်းခိုင်းလို့ရတယ်"

ကျန်းရွှမ်က ခေါင်းခါလိုက်သည်။

"ငါ့မှာ အရေးကြီးတဲ့ကိစ္စတွေ လုပ်စရာရှိသေးတယ်...ငါတို့ ဒီကိစ္စကို နောက်မှ ပြန်ဆွေးနွေးကြရအောင်"

ခန်းမဆောင်သခင်နှင့် ရင်ဆိုင်တွေ့ဆုံရမည်ကို ရှောင်ရှားရန်မှာ သူ့အတွက် အလွန်အရေးကြီးသည်။ ရှုရှင်း၏မှတ်ဉာဏ်များတွင် ထိုခန်းမဆောင်သခင်အကြောင်း အသေးစိတ်အချက်အလက် အနည်းငယ်သာ ပါရှိသော်လည်း ကျန်းရွှမ်က ထိုလူသည် ဓမ္မရုပ်သွင်နယ်ပယ်ထက်ပင် ကျော်လွန်သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးဖြစ်မည်ဟု သံသယဝင်မိသည်။ လင်းပုယန်သည် ဤလူထံတွင် လိုလိုလားလားဖြင့် အမှုထမ်းနေသည်မှတဆင့် သူ့ထံ၌ ကြီးမားသောစွမ်းအားရှိခြင်းကို အရိပ်အမြွက်ပြနေသည်။

ကျန်းရွှမ်က သူ၏ရုပ်ဖျက်မှုသည် ကမ္ဘာသစ်၏စွမ်းရည်များဖြင့် အားဖြည့်ထားသော်လည်း ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ထိပ်သီးပုဂ္ဂိုလ်တစ်ဦး၏ အနီးကပ်စစ်ဆေးမှုကို ခံနိုင်ရည်ရှိမည်မဟုတ်ကြောင်း သိရှိထားပေ၏။

"မင်း ဒီလောက်လွယ်လွယ်နဲ့ ထွက်သွားနိုင်မှာမဟုတ်ဘူး"

လူအိုကြီးက ပြေးဝင်လာပြီး ဓမ္မရုပ်သွင်နယ်ပယ် ကျင့်ကြံသူတစ်ဦး၏စွမ်းအားဖြင့် သူ၏လက်ကို ဆန့်တန်းလိုက်ကာ သူတို့၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ပိတ်ဆို့လိုက်သည်။

တုံ့ပြန်ရန် အတင်းအကျပ်ပြုလုပ်ခံရသဖြင့် ကျန်းရွှမ်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူသည် ကောင်းကင်လမ်းနည်းစနစ်မှ ဓားချီစွမ်းအားကို သူ၏လက်ဝါးအတွင့်၌ လှည့်ပတ်ကာ သူ လေ့ကျင့်နေခဲ့သော နဂါးနက်လက်ဝါးဖြင့် တန်ပြန်တိုက်ခိုက်လိုက်၏။

သူတို့၏စွမ်းအားများ ထိပ်တိုက်တွေ့ဆုံကြပြီး နှစ်ယောက်လုံး ခြေတစ်လှမ်းစီ နောက်သို့ယိုင်သွားကြသည်။

လူအိုကြီး၏မျက်လုံးများ ပြူးကျယ်သွားသည်။

"မင်း ဒီလောက်ထိ အတင့်ရဲနေတာအံ့အားသင့်စရာ မရှိတော့ဘူး...မင်းက နည်းစနစ်အသစ်တစ်ခုကို ကျွမ်းကျင်သွားပြီ... ဒါက အထင်ကြီးစရာပဲ.... ဒီလိုဆိုရင်ရော... မင်းသာ ငါ့ကို အဲ့ဒီလက်ဝါးနည်းစနစ် သင်ပေးရင် ငါက လောင်းကြေးဖြစ်တဲ့ မင်းရဲ့ကိုယ်လုပ်တော်ကို စွန့်လွှတ်လိုက်မယ်"

"ကိုယ်လုပ်တော်လား..."

ကျန်းရွှမ်၏မျက်ခွံ တဆတ်ဆတ်တုန်ရီသွားသည်။

လောင်းကြေးတွင် ကိုယ်လုပ်တော်တစ်ယောက် ပါဝင်နေသလော...

သူသည် ဤကိစ္စကို မည်သည့်နည်းနှင့်မျှ မှန်းဆမိမည်မဟုတ်ပေ။

လင်းပုယန်၏ဂုဏ်သတင်းအရ တခြားလားရာသို့ ညွှန်ပြနေသည်။ အထူးသဖြင့် ကျန်းရွှမ်က ထိုလူတွင် ခန္ဓာကိုယ်ဆိုင်ရာ 'အားနည်းချက်' တစ်ခုရှိကြောင်း သတိရမိသောကြောင့်ပင်။ သို့ရာတွင် သူသည် ကိုယ်လုပ်တော်များ ယူနိုင်သေးပြီး သူမတို့ကို လောင်းကြေးထပ်ခဲ့ပုံရသည်...

"ငါ ဒီကိစ္စကို ဖြေရှင်းဖို့လိုတယ် ဒါက... နည်းနည်းတော့ စိတ်ရှုပ်ဖို့ကောင်းတယ်"

ကျန်းရွှမ်သည် မမျှော်လင့်ထားသော ထုတ်ဖော်ပြောဆိုမှုကြောင့် သူ၏စိတ်အတွင်းတွင် ဗြောင်းဆန်သွားသည်ကို ခံစားလိုက်ရသည်။

All Chapters