← Chapters

ကမ္ဘာများ၏ ထိပ်တိုက်တွေ့ဆုံမှု

Vol. 11 Ch. 165

ကမ္ဘာများ၏ ထိပ်တိုက်တွေ့ဆုံမှု

Vol. 11 Ch. 165

"ဒီလောက်လှတဲ့ ကိုယ်လုပ်တော်တစ်ယောက်ကို မင်း မပေးချင်တာ ငါ နားလည်နိုင်တယ်... ဒါပေမယ့် လက်ဝါးနည်းစနစ်တစ်ခုကိုတော့ လျှို့ဝှက်ထားဖို့ မလိုဘူးမလား"

ကျန်းရွှမ် တိတ်ဆိတ်နေသည်ကို မြင်တွေ့ချိန်တွင် လူအိုကြီးက အေးတိအေးစက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်သည်။

"ဒါက လက်ဝါးနည်းစနစ်တစ်ခုပဲလေ... မင်းကို သင်ပေးဖို့က ပြဿနာမရှိဘူး...ဒါကို ကျွမ်းကျင်သွားဖို့ကပဲ ခက်တာ...တကယ်လို့ မင်းက ဒီနည်းစနစ်ကို လေ့ကျင့်လို့ မအောင်မြင်ရင် ငါက အမှားတွေသင်ပေးတယ်လို့ အပြစ်တင်မှာကို ငါစိုးရိမ်တယ်..."

ကျန်းရွှမ်က တုံ့ပြန်အဖြေပေးသည်။

"မှန်လား မှားလားဆိုတာ ငါ့ဘာသာငါ ပြောနိုင်တယ်..."

လူအိုကြီးက ပြောဆိုသည်။

ကျန်းရွှမ်သည် မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ သူ၏ဘေးမှ ရှဲ့ဖုန်းကို ညွှန်ကြားလိုက်၏။

"စာရွက်နဲ့မင် ယူလာခဲ့စမ်း..."

ရှဲ့ဖုန်းသည် ထွက်သွားပြီးနောက် မကြာမီမှာပင် စုတ်တံ မင်နှင့် စာရွက်တို့ကိုယူ၍ ပြန်ရောက်လာသည်။ ကျန်းရွှမ်က ထိုအရာများကိုယူပြီး ဖြည်းညှင်းစွာ စတင်ရေးသားလိုက်သည်။

ဤသည်မှာ ကျောက်ပြားနံရံပေါ်တွင် မှတ်တမ်းတင်ထားသော 'နဂါးနက်လက်ဝါးနည်းစနစ်'ဖြစ်ပြီး ကောင်းကင်ကံကြမ္မာသော့ခလောက်ဖြင့် ချိတ်ပိတ်ထားသော သိုင်းပညာနည်းစနစ်ဖြစ်ကာ ရာစုနှစ်ပေါင်းများစွာအတွင်းတွင် မည်သူမျှ မတတ်မြောက်ခဲ့ချေ။

ကံကြမ္မာသော့ခလောက်ကို သူ ချိုးဖျက်ခဲ့ပြီးဖြစ်သော်လည်း နည်းစနစ်မှစာသားသည် နက်နဲသိမ်မွေ့သော အဓိပ္ပာယ်များဖြင့် ပြည့်နှက်နေသည်။ ဤနည်းစနစ်ကို လေ့ကျင့်ခြင်းသည် ရိုးရှင်းသောကိစ္စတစ်ရပ် မဟုတ်ချေ။

လူအိုကြီးသည် စာရွက်ပေါ်တွင် ရေးသားထားသောအကြောင်းအရာကို ဖတ်ရှုလိုက်ပြီး ထိုအရာမှ ထွက်ပေါ်နေသော ရှေးဟောင်းအနှစ်သာရကို ခံစားမိသဖြင့် အစစ်အမှန်နည်းစနစ်ဖြစ်သည်ကို အတည်ပြုလိုက်၏။ သူက စိတ်လှုပ်ရှားစွာဖြင့် ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်သည်။

"ကောင်းတယ်...အရမ်းကောင်းတယ်... ငါတို့ အခု လောင်းကြေးကြေသွားပြီ"

ထိုသို့ပြောဆိုပြီးနောက် သူသည် ကြာကြာမနေဘဲ အလျင်အမြန် ထွက်ခွာသွားသည်။

သူ ထွက်ခွာသွားသည်ကို ကြည့်ရင်း ကျန်းရွှမ်က နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။ ထိုလူအိုကြီးနှင့် ကိုယ်လုပ်တော်တစ်ယောက်ပါဝင်သော လောင်းကြေးတစ်ခု ထပ်ခြင်းမှတဆင့် သူတို့အကြားတွင် ရင်းနှီးသောဆက်ဆံရေးရှိကြောင်း ညွှန်ပြနေသည်။ ဤသို့သောလူတစ်ဦးရှေ့တွင် မည်သည့်အမှားအယွင်းမဆို သူ၏ရုပ်ဖျက်ထားမှုကို ဖော်ထုတ်နိုင်ပေလိမ့်သည်။

ကျန်းရွှမ်သည် ရှဲ့ဖုန်းဘက်သို့လှည့်ပြီး မေးမြန်းလိုက်၏။

"ငါ သူနဲ့ လောင်းကြေးထပ်ထားတာကို မင်း သိလား"

ရှဲ့ဖုန်းက ခေါင်းခါလိုက်သည်။

"အကြီးအကဲလျှူနဲ့ အကြီးအကဲလင်းတို့က ထင်ရှားကျော်ကြားတဲ့ပုဂ္ဂိုလ်တွေပါ...ကျွန်တော်လို သာမန်ကံကြမ္မာအစောင့်အရှောက်တစ်ယောက်က ခင်ဗျားတို့ရဲ့ လောင်းကြေးတွေကို သိခွင့်မရှိပါဘူး..."

'ဒါဆိုရင် သူ့ရဲ့မျိုးရိုးနာမည်က လျှူပေါ့...'

ကျန်းရွှမ် နားလည်သဘောပေါက်သွားသည်။ သူသည် ယခုချိန်၌ ထိုအကြီးအကဲ၏မျိုးရိုးနာမည်ကို သိသွားပြီဖြစ်သော်လည်း နာမည်အပြည့်အစုံကို မေးမြန်းရန်မှာမူ မသင့်တော်ချေ။ သို့ရာတွင် ဤသည်မှာ ကိစ္စမရှိပေ။ ကံကြမ္မာခန်းမဆောင်တွင် ကံကြမ္မာဆရာသခင် အနည်းငယ်သာ ရှိသည်။ သူ အနည်းငယ် ကြိုးစားလိုက်လျှင် ထိုလူအိုကြီး မည်သူမည်ဝါဖြစ်ကြောင်း ရှာဖွေတွေ့ရှိနိုင်ပြီး အသေးစိတ်အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးနိုင်ပေမည်။

ကျန်းရွှမ်သည် သူ ဖော်ထုတ်ခံရမည့်အန္တရာယ်မျိုးကို မလိုလားသောကြောင့် ရိုးရှင်းစွာ ပြောဆိုလိုက်သည်။

"ငါ စူးစမ်းလေ့လာဖို့အတွက် စာကြည့်တိုက်ကို သွားဖို့လိုတယ်...မင်း လမ်းပြစမ်း..."

သူ၏ကျင့်ကြံမှုကို တိုးတက်စေရန်အတွက် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်ဆိုင်ရာ ကျင့်ကြံနည်းစနစ်များကို စုစည်းရန် လိုအပ်သည်။ သူ ဟန်ဆောင်သည်မှာ အချိန်ကြာလေလေ ဖော်ထုတ်ခံရနိုင်ခြေ ပိုများလေလေပင်။ ထိုမတိုင်မီ သူ၏စွမ်းရည်များကို အားကောင်းအောင် လုပ်ရပေမည်။ ထို့ပြင် ဖရိုဖရဲကံကြမ္မာကျင့်ကြံသူများနှင့်ခုန်းရှီအကြောင်း အချက်အလက်များကိုလည်း စာကြည့်တိုက်တွင် ရှာဖွေတွေ့ရှိနိုင်သည်။

ရှဲ့ဖုန်း၏လမ်းပြမှုဖြင့် သူတို့နှစ်ယောက်သား ခမ်းနားထည်ဝါသော အခန်းတစ်ခန်းရှေ့သို့ ရောက်ရှိသွားပေ၏။

"အကြီးအကဲလင်း...ကျွန်တော်က ကံကြမ္မာအစောင့်အရှောက်တစ်ယောက်ဖြစ်တာကြောင့် ဝင်ခွင့်မရှိပါဘူး..."

ရှဲ့ဖုန်းက ရိုသေလေးစားစွာဖြင့် သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး ပြောဆိုလိုက်သည်။

ရှဲ့ဖုန်းကို ထွက်သွားရန် အချက်ပြပြီးနောက် ကျန်းရွှမ်က အခန်းအတွင်းသို့ ခြေချလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် အဖြူရောင်ကျောက်တုံးမြို့တော်၏ ကျောင်းတော်စာကြည့်တိုက်မှ ဝင်္ကပါနှင့် ဆင်တူသော အစွမ်းထက်သည့် ဖိအားတစ်ရပ်ကို သူ ချက်ချင်းခံစားလိုက်ရသည်။

သူသည် လင်းပုယန်၏ခန္ဓာကိုယ်မှ ယူဆောင်လာသော ဝင်ခွင့်တံဆိပ်ပြားကို ထုတ်ယူလိုက်ရာ ဖိအားသည် တဖြည်းဖြည်း လျော့ကျသွားပေ၏။ သူ ခြေလှမ်းအနည်းငယ်ခန့် လှမ်းပြီးနောက် အသံတစ်သံ ထွက်ပေါ်လာသည်။

"အကြီးအကဲလင်းကို အရိုအသေပြုပါတယ်..."

ကျန်းရွှမ်သည် အသံကြားရာသို့ ကြည့်လိုက်ချိန်၌ အနီးအနားတွင် ထိုင်နေသော လူအိုကြီးတစ်ဦးကို တွေ့လိုက်ရသည်။ ထိုလူအိုကြီးသည်

ဓမ္မရုပ်သွင်နယ်ပယ်တွင် မရှိသော်လည်း သူ၏အရှိန်အဝါအရ သူသည် လုမင်ရုန်ကဲ့သို့ပင် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်၏ အစောပိုင်းအဆင့်သို့ ရောက်ရှိနေကြောင်း ညွှန်ပြနေသည်။

ဤသည်မှာ စာကြည့်တိုက်၏ကြီးကြပ်ရေးမှူး ဖြစ်ပေမည်။ ကံကြမ္မာခန်းမဆောင်နှင့် အလားတူနေရာများတွင် စာကြည့်တိုက်များသည် အလွန်အရေးကြီးပြီး ဝင်္ကပါများဖြင့်သာမက ကျွမ်းကျင်သော ထိန်းသိမ်းစောင့်ရှောက်သူများဖြင့်လည်း ကာကွယ်ထားသည်။

"အင်း...."

လူအိုကြီးကို ခေါင်းညိတ်ပြကာ အသိအမှတ်ပြုရင်း ကျန်းရွှမ်သည် စာအုပ်စင်များတလျှောက် လျှောက်လှမ်းသွားကာ လင်းပုယန်အဖြစ် ဟန်ဆောင်ရန် စိတ်ကူးရခဲ့သည့်အတွက် ကံကောင်းသည်ဟု သူ ခံစားမိသည်။ အကယ်၍ သူသာ သူ့ကိုယ်သူ အားကိုးခဲ့ပါက ကံကြမ္မာဆရာသခင် သို့မဟုတ် အကြီးအကဲတစ်ဦး၏ အဆင့်အတန်းမျိုးရရှိရန် ဖော်ပြရန်မစွမ်းသော အချိန်နှင့်ကြိုးစားအားထုတ်မှု လိုအပ်ပေလိမ့်မည်။

ဤစာကြည့်တိုက်တွင် ကြီးမားကျယ်ပြန့်သော စာအုပ်အမျိုးအစားများဖြင့် ပြည့်နှက်နေပြီး အဖြူရောင်ကျောက်တုံးမြို့၏ စာအုပ်များစုဆောင်းမှုကို သိမ်ငယ်သွားစေသည်။ သူတွင် ကောင်းကင်ကံကြမ္မာစွမ်းအင် အကန့်အသတ်ရှိကြောင်း သိသောကြောင့် ကျန်းရွှမ်သည် အရာအားလုံးကို စာရင်းပြုစုရန် မကြိုးစားဘဲ လျင်မြန်စွာ ရှာဖွေခဲ့သည်။ နောက်ဆုံးတွင် စာအုပ်စင်များ၏အဆုံး၌ သူသည် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်အတွက် ကျင့်ကြံနည်းစနစ်စာအုပ်များကို ရှာဖွေတွေ့ရှိခဲ့လေ၏။

ထိုစာအုပ်များသည် ရာပေါင်းများစွာရှိနေပြီး ထူထပ်သိပ်သည်းစွာ နေရာချထားသည်။ သူ၏လက်ချောင်းများကို ထိုအရာများအပေါ် ဖြတ်ပြေးလိုက်ရာ ကောင်းကင်ဘုံစာကြည့်တိုက်အတွင်းတွင် ပုံတူစာအုပ်များ ရုတ်တရက် ထွက်ပေါ်လာသည်ကို သူ ခံစားမိသည်။ ထိုအရာများသည် သူ ယခင်ကစုစည်းထားသော စာအုပ်များနှင့် ဖြည်းညှင်းစွာ ပေါင်းစပ်သွားကာ စာအုပ်တစ်အုပ်တည်းအဖြစ် ဖြစ်ပေါ်သွားပေ၏။

"ဒါက မလုံလောက်သေးဘူး..."

ကျန်းရွှမ်က ထိုစာအုပ်ကို လှန်လှောဖတ်ရှုပြီးနောက် မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

ကောင်းကင်ဘုံစာကြည့်တိုက်၏ သဘောသဘာဝအရ ပြီးပြည့်စုံသော ကောင်းကင်လမ်းနည်းစနစ်တစ်ခု ဖန်တီးရန် အနည်းဆုံး စာအုပ်တစ်ထောင် လိုအပ်သည်။ ယခုအချိန်အထိ သူသည် စာအုပ်ငါးရာခြောက်ရာခန့်သာ စုဆောင်းနိုင်ခဲ့ပြီး လိုအပ်ချက်၏တစ်ဝက်မျှသာ ရှိသေးပေ၏။

"စနစ်တကျ ကောင်းကင်လမ်း..."

နောက်ထပ်လိုအပ်သည့် စာအုပ်များကိုရှာဖွေရန် အချိန်အတော်ကြာသွားနိုင်သည်ကို သိရှိသော်လည်း ကျန်းရွှမ်သည် စိုးရိမ်ပူပန်ခြင်းမရှိဘဲ သူ၏အတွေးများကို အာရုံစိုက်လိုက်သည်။

ကောင်းကင်ကံကြမ္မာစွမ်းအင်စာအုပ်များ ထောင်ပေါင်းများစွာ လောင်ကျွမ်းသွားပြီးနောက် သူ၏ရှေ့တွင် ဝတ်လစ်စလစ်ပုံရိပ်ငယ်လေးတစ်ခု ထွက်ပေါ်လာသည်။

ဤအညွှန်းစာအုပ်သည် မပြည့်စုံသော်လည်း စာအုပ်ငါးရာခြောက်ရာအတွင်းမှ ကျင့်ကြံနည်းစနစ်များသည် အဆောက်အအုံတစ်လုံး၏အခြေခံအုတ်မြစ်ကို တည်ဆောက်ခြင်းနှင့်တူသော အခြေခံကို ပေးစွမ်းသည်။ သူသည် ထိုအခြေခံမှစ၍ သူ၏ခန္ဓာကိုယ်နှင့်ကိုက်ညီအောင် တိုးတက်မှုကို ချိန်ညှိနိုင်ပေမည်။

ကျန်းရွှမ် စူးစမ်းလေ့လာနေစဉ်အတွင် အစစ်အမှန်စွမ်းအားသည် ပုံရိပ်ငယ်လေး၏ မရီဒါန်းများတလျှောက် စီးဆင်းသွားပြီး လေ့လာမှုတစ်ခုချင်းစီတွင် ထိုးထွင်းသိမြင်မှုများ ရရှိခဲ့သည်။

နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်တွင် စိတ်ဝိညာဉ်ကို နတ်ဘုရားစိတ်ဝိညာဉ်ဖြစ်လာစေရန် ကျင့်ကြံမှုပါဝင်ပြီး သူ့အား ပါမောက္ခကုန်းမြေရှိ စိတ်ဝိညာဉ်ကျင့်ကြံမှုကို အမှတ်ရစေသည်။ ခြားနားချက်မှာ ဤနေရာ၌ စိတ်ဝိညာဉ်ကို ရင်းမြစ်စွမ်းအင်၏စုတ်ဖြဲမှုနှင့်ဖိအားကို ခံနိုင်ရည်ရှိအောင် ပြုလုပ်ခြင်းပင်။

ဤနယ်ပယ်ထိရောက်အောင် ကျင့်ကြံပြီးသည်နှင့် နတ်ဘုရားစိတ်ဝိညာဉ်သည် ခန္ဓာကိုယ်၏ပြင်ပသို့ ပျံ့လွင့်နိုင်ပြီး ရုပ်ခန္ဓာကိုယ်နှင့်ပေါင်းစပ်ကာ ခွန်အားကို မြင်းကောင်ရေအား ၁၀၀ ကျော်အထိ လွယ်လင့်တကူ တိုးမြှင့်နိုင်သည်။ နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် အထွတ်အထိပ်အဆင့်တွင် တစ်စုံတစ်ယောက်၏ခွန်အားသည် မြင်းကောင်ရေအား ၂၀၀ အထိပင် ရောက်ရှိနိုင်ပေ၏။

ဤသည်မှာ လူတစ်ဦး၏ခွန်အားကို သိသာထင်ရှားစွာ နှစ်ဆတိုးစေပြီး သူ၏စိတ်ဝိညာဉ်ကို တိုက်ခိုက်ရေးတွင် အသုံးပြုနိုင်စေသည်။ ဤအဆင့်သို့ ရောက်ရှိပါက ထိပ်သီးကျင့်ကြံသူတစ်ဦးအဖြစ် သတ်မှတ်ခံရခြင်းမှာ အံ့အားသင့်ဖွယ်မရှိပေ။ ထိုအရာသည် အမှန်တကယ်ကို ကျောက်စိမ်းအရိုးနယ်ပယ်ထက် များစွာပို၍ သာလွန်သည်။

"ငါ့ရဲ့ ရုပ်ခန္ဓာကိုယ်မှာရှိတဲ့ စိတ်ဝိညာဉ်က ထူးထူးခြားခြား အစွမ်းထက်တာမဟုတ်ဘူး...ဒါပေမယ့် ကမ္ဘာသစ်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်နဲ့ဆိုရင် သူ့ရဲ့စွမ်းအားသက်သက်ကို 'အကန့်အသတ်မရှိ' လို့ ဖော်ပြနိုင်တယ်.... ငါသာ အဲ့ဒါကို ရင်းမြစ်စွမ်းအင်နဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်ခဲ့ရင် ဒါက ကန့်သတ်ချက်တွေထက် ကျော်လွန်တဲ့ ပေါက်ကွဲအားတစ်ခုဖြစ်လာမယ်လို့ ဆိုလိုတာလား"

သူ၏စိတ်အတွင်းတွင် စိတ်ကူးတစ်ခု ထွက်ပေါ်လာသည်။

သူ၏စိတ်ဝိညာဉ်သည် အပိုင်းနှစ်ပိုင်း ကွဲထွက်နေပေ၏။ ပထမတစ်ပိုင်းသည် ကမ္ဘာသစ်၏ ကောင်းကင်လမ်းကို ဖွဲ့စည်းပြီး ထိုအရာ၏စည်းမျဉ်းဥပဒေသများကို ထိန်းသိမ်းထားသည်။ တခြားတစ်ပိုင်းမှာ သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဝိဇ္ဇာတစ်ယောက်၏စိတ်ဝိညာဉ်ဖြစ်ပြီး သူ၏ခန္ဓာကိုယ်နှင့်အသိစိတ်ကို ထိန်းချုပ်ထားသည်။

ဤအပိုင်းများသည် ကွဲပြားသော်လည်း တစ်စုတစ်စည်းတည်းဖြစ်ပြီး သူ၏အတွေးတစ်ချက်ဖြင့် ချောမွေ့စွာ ပြောင်းလဲနိုင်သည်။

ဤအကြောင်းအရင်းကြောင့် သူ၏စိတ်ဝိညာဉ်သည် သာလွန်ထူးကဲစွာ သန်မာအားကောင်းသည်။ အကယ်၍ သာမန်စိတ်ဝိညာဉ်ကို "တစ်" ဖြင့် ကိုယ်စားပြုပါက သူ၏ပေါင်းစပ်ဝိညာဉ်သည် ဘီလီယံပေါင်းများစွာ ကျော်လွန်မည့်အပြင် အကန့်အသတ်မရှိသော အဆင့်အထိပင် ရောက်ရှိနိုင်သည်။

အကယ်၍ သာမန်စိတ်ဝိညာဉ်တစ်ခုကို ပြင်ပသို့ ထုတ်လွှတ်ခြင်းသည် ခွန်အားကို မြင်းကောင်ရေအား ၉၉ မှ ၂၀၀ အထိ မြှင့်တင်နိုင်လျှင် သူသာ သူ၏အကန့်အသတ်မဲ့စိတ်ဝိညာဉ်ကို အပြည့်အစုံထုတ်လွှတ်နိုင်ခဲ့လျှင် သူ မည်သို့သော စွမ်းအားကို ဆုပ်ကိုင်နိုင်မည်နည်း။ ရင်းမြစ်ကမ္ဘာ၏စွမ်းအားအတက်အကျများကိုပင် သူ၏စိတ်ဆန္ဒဖြင့် ဆုံးဖြတ်နိုင်မည်လော။

"စမ်းကြည့်ကြရအောင်..."

သူ၏စိတ်အတွင်း၌ စိတ်လှုပ်ရှားမှုများ မြင့်တက်လာပြီး သူ၏အစစ်အမှန်စွမ်းအားကို ပုံရိပ်ငယ်လေးအတိုင်း စီးဆင်းရန် ညွှန်ကြားလိုက်၏။ ကမ္ဘာသစ်မှ ကြီးမားသောစိတ်ဝိညာဉ်စွမ်းအင်သည် အမြှစ်ငယ်များအလား ပြင်ပသို့ ဆန့်ထွက်သွားသည်။

ရှဲ ရှဲ...

ထိုအရာသည် သူ၏စိတ်အတွင်းမှ ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ ရင်းမြစ်စွမ်းအင်က ဖိနှိပ်လိုက်သည်။ အချိန်တခဏအကြာတွင် ဆန့်ကျင်ဘက်အရာနှစ်ခု တိုက်မိသည့်အလား အမြှစ်ငယ်များသည် တောက်ပသောအပိုင်းအစများအဖြစ် ကြေမွှပျက်စီးသွားပြီး မည်သည့်အချိန်ကမျှ မတည်ရှိခဲ့သည့်အလား ပျောက်ကွယ်သွားသည်။

သူ၏စိတ်အတွင်းမှ နာကျင်မှုသည် စူးရှပြီး အပ်များဖြင့် သူ့ကိုထိုးစိုက်နေသကဲ့သို့ဖြစ်နေကာ သူ၏စိတ်ဝိညာဥ် ပေါက်ကွဲသွားလုနီးပါးပင်။

ဘုန်း...

တစ်ချိန်တည်းမှာပင် ကမ္ဘာသစ်သည် အမျိုးအမည်မသိနိုင်သော အားလှိုင်းတစ်ရပ်၏ စူးစမ်းထောက်လှမ်းခြင်းကို ခံရပုံရသည်။ မိုင်ပေါင်းဘီလီယံနှင့်ချီ၍ ကျယ်ပြန့်သော မိုးကောင်းကင်ယံတွင် တိမ်မည်းများ တလိမ့်လိမ့်တက်လာပြီး ခရမ်းရောင်လျှပ်စီးကြောင်းများက လေဟာနယ်ကို အနက်ရောင်အက်ကွဲကြောင်းများအဖြစ် စုတ်ဖြဲသွားသည်။ ကမ္ဘာသစ်အတွင်းရှိ မြစ်များ ခန်းခြောက်သွားပြီး မြေကြီးများ ကြေမွှသွားပေ၏။

"မကောင်းတော့ဘူး...."

သူ၏စိတ်ဝိညာဉ်ကို ရင်းမြစ်ကမ္ဘာသို့ ဝင်ရောက်စေရန် ကြိုးစားခြင်းက ထိုအရာ၏ကောင်းကင်လမ်းမှ တန်ပြန်တိုက်ခိုက်မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း သိလိုက်ရချိန်၌ ကျန်းရွှမ်သည် မဆင်မခြင် မပြုမူရဲတော့ချေ။ သူသည် သူ၏စိတ်ကို အလျင်အမြန်တည်ငြိမ်အောင်ထားပြီး သူ၏စိတ်ဝိညာဉ်ကို သူ၏ခန္ဓာကိုယ်အတွင်းသို့ ချောမွေ့စွာ ပြန်လည်ပေါင်းစပ်လိုက်ကာ တစိုးတစိမျှ လွတ်ထွက်မသွားစေခဲ့ချေ။

ဆက်သွယ်မှုမရှိတော့သောကြောင့် တိမ်မည်းများနှင့်ခရမ်းရောင်လျှပ်စီးကြောင်းများ ပျောက်ကွယ်သွားသော်လည်း မိုင်ပေါင်းသန်းနှင့်ချီကျယ်ပြန့်သော မြစ်များနှင့် တောင်တန်းများသည် ပြာဖြစ်သွားခဲ့လေပြီ။

သို့ရာတွင် ကမ္ဘာသစ်သည် အလွန်ကျယ်ပြန့်သောကြောင့် ဤသို့သော ပျက်စီးမှုသည် အရေးမပါလှဘဲ သူ့အတွက် ခြစ်ရာတစ်ခုမျှပင် မဖြစ်ချေ။

ထိုသို့ဆိုသည့်တိုင် အနည်းငယ်သော ဆုံးရှုံးမှုရှိနေလျှင်ပင် ထိုလမ်းကြောင်းသည် အလုပ်မဖြစ်ကြောင်း ညွှန်ပြနေသည်။ ကမ္ဘာသစ်၏စိတ်ဝိညာဉ်စွမ်းအားကို သူ၏နတ်ဘုရားစိတ်ဝိညာဉ်အဖြစ် အသုံးပြုရန်မှာ မဖြစ်နိုင်ကြောင်း သိသာထင်ရှားသည်။

ဤသည်မှာ အဓိပ္ပာယ်ရှိပေ၏။ ကမ္ဘာသစ်နှင့် ရင်းမြစ်ကမ္ဘာတို့သည် သီးခြားကမ္ဘာနှစ်ခုပင်။ ဤကိစ္စသည် ကျင့်ကြံသူတစ်ဦး၏ နတ်ဘုရားစိတ်ဝိညာဉ်သက်သက်မဟုတ်ဘဲ ကမ္ဘာများကြားမှ ထိပ်တိုက်တွေ့ဆုံမှုဖြစ်သည်။

အကယ်၍ ရင်းမြစ်ကမ္ဘာ၏ကောင်းကင်လမ်းသည် လျစ်လျှူရှုထားပြီး သူ၏စိတ်ဝိညာဉ် ထုတ်လွှတ်ခွင့်ပြုခဲ့ပါက မကြာမီအချိန်အတွင်းမှာပင် သိမ်းပိုက်ခံရမည် မဟုတ်လော....

"ငါက တည်တည်ငြိမ်ငြိမ် ကျင့်ကြံတာ အကောင်းဆုံးပဲ..."

အချိန်တခဏကြာပြီးနောက် ရင်းမြစ်ကမ္ဘာ၏ ရန်လိုမှုများ မှေးမှိန်သွားချိန်တွင် ကျန်းရွှမ်က ခါးသည်းစွာ ရယ်မောလိုက်၏။

သူ၏စမ်းသပ်မှုမှတဆင့် သူ၏စိတ်ဝိညာဉ်စွမ်းအားသည် ရင်းမြစ်ကမ္ဘာအား ချက်ချင်းအနိုင်ယူနိုင်အောင် မထုတ်လွှတ်နိုင်ကြောင်း ပြသခဲ့သော်လည်း သာမန်တိုက်ခိုက်မှုတစ်ခုက သူ့ကို မထိခိုက်နိုင်ကြောင်းလည်း သက်သေပြခဲ့သည်။ အကယ်၍ သူသာ နတ်ဘုရားစိတ်ဝိညာဉ် နယ်ပယ် သို့မဟုတ် ဓမ္မရုပ်သွင်နယ်ပယ်ရှိသော တခြားလူများနှင့် တိုက်ခိုက်ပါက သူတို့၏စိတ်ဝိညာဉ်များကို ထုတ်လွှတ်ရန် မျှားခေါ်ပြီး သူ့ကို စိတ်ဝိညာဉ်နည်းစနစ်များဖြင့် တိုက်ခိုက်သမျှ သူ့အား အနိုင်ယူ၍မရနိုင်ချေ။

ကမ္ဘာသစ်၏စိတ်ဝိညာဉ်စွမ်းအင်ကို မသုံးတော့ဘဲ ကျန်းရွှမ်သည် သူ၏စိတ်ဝိညာဉ်ကျင့်ကြံမှုကို လမ်းညွှန်ရန် စနစ်တကျကောင်းကင်လမ်းကို လိုက်နာခဲ့သည်။ ဤတစ်ကြိမ်တွင် ရင်းမြစ်ကမ္ဘာ၏ကောင်းကင်လမ်းက သူ့ကို မည်သည့်ဖိအားမျှ မပေးခဲ့ပေ။

မကြာသေးမီအချိန်ကစ၍ သူသည် ရင်းမြစ်စွမ်းအင်နှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ခဲ့ခြင်းသည် ထိရောက်ကြောင်း သိသာထင်ရှားပေ၏။

မည်မျှကြာမြင့်သွားကြောင်း မသိရသော အချိန်ကာလတစ်ခုအပြီးတွင် သူ၏စိတ်အတွင်း၌ ရုတ်တရက် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး သူ၏အသိစိတ်သည် သူ၏ခန္ဓာကိုယ်ပြင်သို့ ပျံ့နှံ့သွားသည်။

ရင်းမြစ်ကန်နယ်ပယ်၏အဋ္ဌမအဆင့်ဖြစ်သော နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်....

"ဟူး....နောက်ဆုံးတော့ ကျင့်ကြံဆင့်ချိုးဖျက်နိုင်ခဲ့ပြီ..."

ကျန်းရွှမ်က စိတ်သက်သာရာရသွားပြီး သက်ပြင်းရှိုက်လိုက်သည်။ နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန် အချိန်နှင့်စွမ်းအားစုဆောင်းမှု လိုအပ်ကြောင်း သိရှိသောကြောင့် သူ့ကိုယ်သူ ဖိအားမပေးတော့ဘဲ စာအုပ်စင်များတလျှောက် တဖန်ပြန်၍ရှာဖွေလိုက်တော့သည်။

အကယ်၍ သူသာ ဓမ္မရုပ်သွင်နယ်ပယ် ကျင့်ကြံနည်းစနစ်များကို တစ်ကြိမ်တည်းနှင့် အလုံအလောက် ရှာဖွေနိုင်ခဲ့ပါက သူ ဤနေရာသို့ ပြန်လာရန် မလိုအပ်တော့ချေ။

သူသည် ဓမ္မရုပ်သွင်နယ်ပယ် ကျင့်ကြံနည်းစနစ်များကို မတွေ့ရှိခဲ့သော်လည်း ကံကြမ္မာဆရာသခင်များအကြောင်း စာအုပ်တချို့ကိုမူ တွေ့ရှိခဲ့သည်။ ကျန်းရွှမ်၏မျက်လုံးများ တောက်ပသွားပြီး ထိုနေရာသို့ တက်ကြွစွာ ချဉ်းကပ်သွားလိုက်၏။

ဟန်ယွမ်မြို့တော်ရှိ ကံကြမ္မာခန်းမဆောင်၏ အတွင်းပိုင်းအကျဆုံး အခန်းအတွင်းတွင် လူအိုကြီးတစ်ယောက်၏ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

ခန်းမဆောင်သခင်....ဟန်ရှောင်...

ဟန်ယွမ်အင်ပါယာအတွင်းတွင် အသန်မာဆုံးပုဂ္ဂိုလ်များအနက်မှ တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး ကြီးမားသောစွမ်းအားနှင့် အခွင့်အာဏာရှိသော ပုဂ္ဂိုလ်တစ်ဦး....

"မင်း ပြောတာ... လင်းပုယန် ပြန်ရောက်နေပြီ ....ဟုတ်လား"

ဟန်ရှောင်သည် ခြေလှမ်းတစ်လှမ်းခန့် လျှောက်လှမ်းအပြီးတွင် ရပ်တန့်ကာ ရှဲ့ဖုန်းကိုကြည့်ပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

"ဟုတ်ကဲ့...."

ရှဲ့ဖုန်းက တည်ကြည်လေးနက်စွာ ဦးညွှတ်အရိုအသေပြုလိုက်သည်။

"သူ ပြန်ရောက်နေရင် ဘာလို့ ငါ့ကို လာမတွေ့တာလဲ"

ဟန်ရှောင်၏မျက်လုံးများအတွင်းတွင် စိတ်ရှုပ်ထွေးမှုအရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

လင်းပုယန်သည် ဖရိုဖရဲကံကြမ္မာကျင့်ကြံသူများကို ဖမ်းဆီးရန် သူ၏ဂိုဏ်းအား ကူညီသည့်တာဝန်ကို ထမ်းဆောင်ရန် ထွက်သွားကြောင်း သူ သိရှိပြီးဖြစ်သည်။ လင်းပုယန် ထွက်ခွာမသွားမီ ပြန်ရောက်လာသည်နှင့် သူ့ကို အစီရင်ခံရန် အထူးညွှန်ကြားခဲ့သည်။ သို့ရာတွင် လင်းပုယန်သည် ပေါ်မလာခဲ့ချေ။

ရှဲ့ဖုန်းက ခေါင်းငုံ့ပြီး ရိုသေလေးစားစွာ တုံ့ပြန်အဖြေပေးသည်။

"ခန်းမဆောင်သခင်...အကြီးအကဲလင်းက ရောက်ရောက်ချင်း စာကြည့်တိုက်ကို တန်းသွားပါတယ်...သူက အချက်အလက်တချို့ ရှာကြည့်ဖို့ လိုတယ်လို့ ပြောတယ်... အသေးစိတ်ကိုတော့ ကျွန်တော် မသိပါဘူး... သူ့ကို သွားခေါ်လိုက်ရမလား...."

"မလိုပါဘူး...."

ဟန်ရှောင်က အရေးမစိုက်သည့် အမူအယာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ငါကိုယ်တိုင် သူ့ကိုသွားရှာမယ်...ငါ့ကို တွေ့တာထက် ပိုအရေးကြီးတဲ့အရာက ဘာလဲဆိုတာ ငါ သိချင်နေပြီ..."

ထိုပေါ့ပေါ့ပါးပါးမှတ်ချက်နှင့်အတူ ခန်းမဆောင်သခင်သည် စာကြည့်တိုက်ဘက်သို့ လျှောက်လှမ်းသွားလိုက်၏။

Thank For Reading.

All Chapters