ငါ နောက်ကျသွားတယ် ( ၂ )
Vol. 11 Ch. 152
"မလိုပါဘူး....ငါ ကိုင်တွယ်လိုက်မယ်...."
လင်းပုယန်က ရှေ့သို့ခြေတစ်လှမ်းတိုးပြီး ကျောင်းသားသုံးဦးကို အေးစက်တင်းမာစွာ ကြည့်လိုက်သည်။
"မင်းတို့က သူ့အပေါ် သစ္စာရှိကြတယ်ပေါ့လေ... ဒါပေမဲ့ သူကရော မင်းတို့ကို အဲ့ဒီလောက်ထိ ဂရုစိုက်ရဲ့လား... ငါတို့လာမယ်ဆိုတာကို သူ သိကောင်းသိနေနိုင်တယ်...ဒါကြောင့် သူ ထွက်ပြေးသွားတာ အချိန်အတော်ကြာနေလောက်ပြီ..."
"မဖြစ်နိုင်ဘူး...."
လျှူမင်ယွဲ့က ခေါင်းခါယမ်းလိုက်၏။။
"မဖြစ်နိုင်ဘူးလား....ဒါဆို သူက အခု ဘယ်မှာလဲ...."
လင်းပုယန်က ပြုံးစေ့စေ့ဖြင့် ဆက်လက်၍ ပြောဆိုသည်။
"အခု ဘာတွေဖြစ်နေလဲဆိုတာ သူ မသိဘူးလို့တော့ ငါ့ကို လာမပြောနဲ့...ဒါပေမဲ့ သူက မင်းတို့ကို ဒီနေရာမှာ ပစ်ထားခဲ့တယ်... ဒါက မင်းတို့ယုံကြည်တဲ့ ဆရာလား...."
"ဒါ..."
လျှူမင်ယွဲ့နှင့်ဟုန်ရီတို့သည် မသေချာမရောရာသော အကြည့်များဖြင့် အပြန်အလှန်ကြည့်လိုက်ကြသည်။
ယုရှောင်ယွီက မျက်ခုံးပင့်ပြီး ပြောဆိုလိုက်၏။
"ကျွန်မတို့ကို စိတ်ဓာတ်စစ်ဆင်ရေးလုပ်တာတွေ ရပ်လိုက်တော့.. ကျွန်မတို့ဆရာရဲ့အကျင့်စရိုက်ကို ကျွန်မတို့ ကောင်းကောင်းသိတယ်..."
"မင်းတို့ သိတာလား....ကောင်းပြီလေ...ဒီနေ့ ငါ က မင်းတို့ကို လူ့သဘာဝအကြောင်း သင်ခန်းစာတစ်ခု ပေးမယ်..."
လင်းပုယန်က ရှေ့သို့ခြေတစ်လှမ်း တိုးလိုက်သည်။
"ဒူးထောက်စမ်း...."
ဘုန်း.....
ဓမ္မရုပ်သွင်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ထံမှ စွမ်းအားကြီးမားသော နတ်ဘုရားဝိညာဥ်စွမ်းအားလှိုင်းတစ်ရပ် ပျံ့နှံ့လာသည်။ သူတို့သုံးဦးသည် မိုးကောင်းကင်ကြီး မည်းမှောင်သွားသကဲ့သို့ ခံစားလိုက်ရပြီး ဧရာမမုန်တိုင်းကြီးတစ်ခု ကျရောက်လာကာ သူတို့ကို ဆုတ်ဖြဲတော့မည့်အလားပင်။
သူတို့၏စိတ်နှလုံးသားများအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုများ ပြည့်နှက်နေပြီး သူတို့၏ဒူးများသည် အလိုအလျောက် ပျော့ခွေသွားကာ မည်သည့်အချိန်မဆို လဲကျသွားတော့မည့်အလားပင်။
"မဟုတ်ဘူး..."
သူသည် သူမတို့ကို စိတ်ပိုင်းဆိုင်ရာအရ ထိန်းချုပ်ရန် ကြိုးစားနေမှန်း သိလိုက်ချိန်၌ ယုရှောင်ယွီနှင့်လျှူမင်ယွဲ့တို့၏ မျက်နှာများ နီမြန်းသွားပြီး သူမတို့သည် စွမ်းအားရှိသမျှဖြင့် ခုခံလိုက်ကြ၏။
ဤနေရာတွင် ကောင်းကင်လမ်းနည်းစနစ်များ၏အစွမ်းသည် သိသာထင်ရှားစွာ ပေါ်လွင်လာသည်။ သူတို့သည် ရိုးရှင်းအောင်ပြုလုပ်ထားသော ပုံစံများကိုသာ သင်ယူခဲ့ကြသော်လည်း ကောင်းကင်လမ်းနည်းစနစ်များ၏စွမ်းအားကြောင့် ဖိအားအောက်တွင် သူတို့၏အရိုးများ ကြေမွှသွားလုနီးပါး ဖြစ်နေသည့်တိုင် ဒူးထောက်ခိုင်းခြင်းကို ခုခံနိုင်စေခဲ့သည်။
"မင်းတို့ရဲ့ခွန်အားက မလုံလောက်ပေမဲ့ စိတ်ဓာတ်တော့ မာကြသားပဲ...မင်းတို့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့..."
အံ့အားသင့်သွားသော လင်းပုယန်က နောက်ထပ်ခြေတစ်လှမ်း ရှေ့တိုးလိုက်သည်။
ထိုသို့ သူ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ယုရှောင်ယွီနှင့်တခြားလူများသည် တောင်ကြီးတစ်လုံး သူတို့ထံ ပြိုကျလာသကဲ့သို့ ခံစားလိုက်ရသည်။
ဟုန်ရီသည် သွေးများအန်ထုတ်ရင်း နောက်သို့မီတာအတော်များများ လွင့်ထွက်သွားကာ သူ၏မျက်နှာ ဖြူဖျော့နေသည်။ မကြာမီမှာပင် လျှူမင်ယွဲ့နှင့်ယုရှောင်ယွီတို့သည်လည်း သွေးများအန်ရင်း လဲကျသွားကြသည်။
မည်သည့်သိုင်းပညာ သို့မဟုတ် အစစ်အမှန်စွမ်းအားကိုမျှ အသုံးမပြုဘဲ လင်းပုယန်သည် သူ၏နတ်ဘုရားစိတ်ဝိညာဥ်ဖိအားသက်သက်ကို အသုံးပြုရုံဖြင့် သူတို့ကို ဒဏ်ရာအပြင်းအထန်ရစေခဲ့သည်။
ဤသည်မှာ ဓမ္မရုပ်သွင်နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦး၏ ကြောက်မက်ဖွယ်စွမ်းအားပင်။
"အရှင်လင်း....ကျေးဇူးပြုပြီးတော့ ကျွန်တော်ရဲ့သမီးကို ညှာတာပေးပါ... သူက လမ်းမှားရောက်နေပေမဲ့ ကျွန်တော်ရဲ့သွေးသားအရင်းပါ..."
လျှူထျန်ကျန်းက အလျင်အမြန် တောင်းပန်လိုက်သည်။
"ကျွန်တော်က အဖြူရောင်ကျောက်တုံးမြို့ရဲ့ မြို့အရှင်ယုလုံချင်းပါ..ယုရှောင်ယွီက ကျွန်တော့်ရဲ့သမီးပါ...ကျေးဇူးပြုပြီးတော့ အရှင်လင်းက သနားညှာတာပေးပါ"
ထိုအချိန်မှာပင် ယုလုံချင်း ရောက်ရှိလာကာ သူ၏လက်များကို ပူးဆုပ်၍ ရိုသေလေးစားစွာ တောင်းပန်လေ၏။
"လက်ထောက်ကျောင်းအုပ် ဝူယွင်ကျိုး... ဘာတွေဖြစ်နေတာလဲ...."
ကျောင်းအုပ်ကြီးလုမင်ရုန်သည် ထိတ်လန့်တကြားဖြစ်သွားဟန်ဆောင်ကာ အပြေးအလွှားရောက်လာပြီးမှ လင်းပုယန်ကို မော့ကြည့်လိုက်သည်။
"အရှင်လင်း...သူတို့က ကျောင်းသားတွေပါ... အသက်ငယ်ရွယ်တာကြောင့် မသိနားမလည်ကြဘူး...ကျွန်တော်တို့က ဒါကို ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးလို့ရနိုင်မှာပါ"
"မင်းတို့ ဘာမှစိုးရိမ်ဖို့ မလိုဘူး...ငါက သူတို့ကို သင်ခန်းစာပေးရုံလေးပဲ"
လင်းပုယန်က ထိုလူနှစ်ဦးကို မထီမဲ့မြင် တစ်ချက်ကြည့်လိုက်ပြီးနောက် ရှေ့သို့ ခြေတစ်လှမ်းထပ်တိုးလိုက်သည်။ သူ၏နတ်ဘုရားစိတ်ဝိညာဥ်မှဖိအားသည် ကျောင်းသားများအပေါ်သို့ ကျရောက်သွားပြီး သူတို့ကို စကားပင်မပြောနိုင်အောင် ဖြစ်သွားစေသည်။
ဤကြီးမားသော ဖိအားအောက်တွင် ယုရှောင်ယွီနှင့်တခြားသူများသည် မတ်တတ်ထရပ်ရန် ကြိုးစားနေကြ၏။
"အမ်...."
အံ့အားသင့်သွားသော လင်းပုယန်၏ မျက်နှာသည် သုန်မှုန်သွားသည်။
"မင်းတို့က အရှုံးမပေးဘူးဆိုမှတော့ မင်းတို့ရဲ့ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်"
ထို့နောက် သူသည် သူ၏လက်ဝါးကိုမြှောက်ကာ ညင်သာစွာ ဖိနှိပ်လိုက်သည်။
ဘုန်း....
ယခုမှ မတ်တတ်ထရပ်လိုက်သော ယုရှောင်ယွီနှင့်တခြားလူများသည် ထိုဖိအားကို တောင့်မခံနိုင်သဖြင့် သွေးများအန်ရင်း ထပ်မံ၍လဲကျသွားကြသည်။
"ကျန်းရွှမ်က မင်းတို့ကို စွန့်ပစ်မှာမဟုတ်ဘူးလို့ မင်းတို့ ပြောကြတယ်....ဒါပေမဲ့ ဒီနေရာမှာ မင်းတို့က ငါ့ကြောင့် ဒဏ်ရာရပြီး လဲလျောင်းနေရတယ်.... မင်းတို့ အရမ်းယုံကြည်တဲ့ ဆရာက ဘယ်မှာလဲ...."
လင်းပုယန်က လက်နောက်ပစ်၍ မတ်တတ်ရပ်နေပြီး သူ၏ဝတ်ရုံသည် လူးလွန့်နေကာ အစွမ်းထက်သော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။
ယုရှောင်ယွီက သူမ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်၏။
တခြားလူများ မသိနိုင်သော်လည်း သူမ၏ဖခင်သည် ဆရာကျန်းကို သတိပေးခဲ့လောက်ပြီးဖြစ်သောကြောင့် ယခုအချိန်တွင် သူသည် အဖြူရောင်ကျောက်တုံးမြို့မှ ထွက်ခွာသွားလောက်ပြီဖြစ်ကြောင်း သူမ နားလည်သည်။
သူ ထွက်ပြေးလွတ်မြောက်သွားပါက အနည်းဆုံး သူမတို့သည် ချက်ချင်းအန္တရာယ်ကျရောက်မည် မဟုတ်ချေ။ သူမ၏ဆရာကို ဖမ်းမမိသမျှ ကာလပတ်လုံး သူမတို့သည် ကွပ်မျက်ခြင်းကို ရင်ဆိုင်ရမည်မဟုတ်ပေ။
"ဆရာ... လာမှာပါ...."
လျှူမင်ယွဲ့က အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။
"အိုး....သူ လာမှာလား...မင်းတို့က တော်တော် လေး နုံအတာပဲ.... ဒီနေ့ မင်းတို့ရဲ့ယုံကြည်မှုက ဘယ်လောက်တောင် ရယ်စရာကောင်းလဲဆိုတာ ငါ ပြပေးမယ်...."
လင်းပုယန်က သူ၏လက်ကို မြှောက်ကာ ရိုက်နှက်ရန် ဟန်ပြင်လိုက်စဥ်တွင် သူ၏ကြီးမားသော စိတ်ဝိညာဥ်စွမ်းအားသည် လေဟာနယ်အတွင်း၌ ပျော်ဝင်သွားသကဲ့သို့ အရိပ်အယောင်မကျန်ဘဲ ပျောက်ကွယ်သွားသည်ကို ရုတ်တရက် အာရုံခံမိလေ၏။
"ဘာ......"
လင်ပုယန်၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။
ဓမ္မရုပ်သွင်နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးအနေဖြင့် သူသည် သူ့နတ်ဘုရားစိတ်ဝိညာဥ်၏စွမ်းအားကို သိရှိထားသည်။ ရင်းမြစ်ရေအိုင်နယ်ပယ် အဋ္ဌမအဆင့်တွင်ရှိသော ကျင့်ကြံသူတစ်ဦးပင်လျှင် ဤစွမ်းအားကြောင့် ကြေမွှပျက်စီးသွားပေလိမ့်မည်။ သို့ရာတွင် ဤအချိန်အခိုက်အတန့်တွင် ထိုစွမ်းအားသည် ချက်ချင်းပျက်ပြယ်သွားခဲ့သည်...
'ဘယ်သူ လုပ်တာလဲ...ပြီးတော့ သူက ဘယ်အဆင့်မှာ ရှိနေတာလဲ....'
ထိုအချိန်မှာပင် သူတို့ထံသို့ မြင်းတစ်ကောင် ပြေးလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မြင်းစီးနင်းလာသော လူငယ်တစ်ဦး ထွက်ပေါ်လာပြီး မြင်း၏ဇက်ကြိုးကို ပေါ့ပေါ့ပါးပါးဆွဲလိုက်သည်။ မြင်းသည် နောက်သို့ခေါင်းမတ်သွားပြီး တည်ငြိမ်စွာ ရပ်တန့်သွားပေ၏။
"နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်..."
သူ၏အသံကို ကြားလိုက်သည်နှင့် လျှူမင်ယွဲ့ ယုရှောင်ယွီနှင့်ဟုန်ရီတို့သည် သူတို့၏မျက်ရည်များကို မထိန်းနိုင်ကြတော့ချေ။
"ဆရာ..."
မြင်းပေါ်မှ ခမ်းနားထည်ဝါသောပုံရိပ်သည် ဆရာကျန်းမှလွဲ၍ တခြားလူမဟုတ်ချေ။