ငါ နောက်ကျသွားတယ် ( ၃ )
Vol. 11 Ch. 153
ဆရာကျန်းသည် သူ၏ရန်သူများ သူ့နောက်သို့ လိုက်နေမှန်း သိရှိထားသော်လည်း သူသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ရောက်လာခဲ့သည်။
ဤသည်မှာ သူတို့၏ စစ်မှန်သောဆရာဖြစ်ပြီးတပည့်များ၏ ဘေးကင်းလုံခြုံမှုကို အရာအားလုံးထက်ပို၍ ရှေ့တန်းတင်သူပင်။
လင်းပုယန်က ဤမျှရဲတင်းသော ရောက်ရှိလာမှုကို မမျှော်လင့်ခဲ့မိသဖြင့် ထိုလူငယ်ကို မျက်မှောင်ကြုတ်ပြီူ ကြည့်လိုက်သည်။
ထိုလူငယ်သည် အသက်နှစ်ဆယ့်လေး နှစ်ဆယ့်ငါးခန့်ရှိပြီး အရပ်မြင့်ကာ နက်နဲသိမ်မွေ့သော အကြည့်မျိုး ရှိသည်။ သူ၏ကျင့်ကြံမှုကို ခွဲခြားရန် ခက်ခဲသည့်အပြင် သူ၏တည်ငြိမ်သော အမူအယာသည် မှန်းဆ၍မရလောက်အောင် နက်နဲသိမ်မွေ့ပေ၏။ လူဝကြီးတစ်ဦးသည် သူနှင့်အတူ လိုက်ပါလာပြီး သူ၏ရှေ့မှ လူများကို ပုရွက်ဆိတ်များအလား အေးစက်ပြီး မထီမဲ့မြင်ပြုသောအကြည့်ဖြင့် ကြည့်နေသည်။
လင်းပုယန်က သူ၏နတ်ဘုရားစိတ်ဝိညာဥ်ကို လူဝကြီးထံသို့ ထုတ်လွှတ်လိုက်ရာ ထိုလူသည် ကျင့်ကြံဆင့်ကို ပေါ်ပေါ်တင်တင် ထုတ်ဖော်ပြသလိုက်သဖြင့် သူ အံ့အားသင့်သွားသည်။
"စွမ်းအင်သိုလှောင်ခြင်း နယ်ပယ်လား"
လင်းပုယန်၏နှုတ်ခမ်း မဲ့ရွဲ့သွားသည်။
သူက ထိုလူဝကြီးထံတွင် အလွန်မြင့်မားသော စွမ်းအားရှိမည်ဟု သူ တွေးထင်ခဲ့သည်။ သို့ရာတွင် ထိုလူဝကြီးသည် ရင်းမြစ်ရေအိုင်နယ်ပယ်၏တတိယအဆင့်ဖြစ်သော စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် အထွတ်အထိပ်တွင်သာ ရှိနေသည်။ မြင်းကောင်ရေငါး ခွန်အားမျှသာ ရှိသောလူသည် သူ့ကို မထီမဲ့မြင် ကြည့်ဝံ့သလော....။
လင်းပုယန်သည် ရယ်ချင်စိတ်ပေါက်သွားကာ အစောပိုင်းက သူ ထားရှိခဲ့သော သတိထားမှုမှန်သမျှ ပျောက်ကွယ်သွားသည်။ သူသည် မျက်လုံးများကိုမှေးစင်းပြီး ကျန်းရွှမ်ကို ကြည့်လိုက်၏။
"မင်းက ကျန်းရွှမ်ပဲ ဖြစ်မယ်..."
သူ၏စကားမဆုံးမီမှာပင် လူဝကြီး၏မျက်ခုံးများ မြင့်တက်သွားသည်။
"ရိုင်းစိုင်းလိုက်တာ... မင်းက ဘာကောင်မလို့ ငါတို့သခင်လေးရဲ့နာမည်ကို တိုက်ရိုက်ခေါ်ရဲရတာလဲ...."
"...."
လင်းပုယန် အံ့အားသင့်သွားသည်။
စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးသည် သူ့ကို ဤကဲ့သို့စကားမျိုး ပြောဝံ့သလော....
ရှုရှင်းနှင့်လျှူထျန်ကျန်းတို့ပင် အံ့အားသင့်သွားကြသည်။ သူတို့က ထိုအိမ်တော်ထိန်းသည် အရေးမပါဟု ထင်ခဲ့ကြသော်လည်း ယခုမူ သူသည် အရှင်လင်းကိုပင် ဆူပူကြိမ်းမောင်းဝံ့သည်...
"မင်း ဘာပြောလိုက်တာလဲ"
လင်းပုယန်၏မျက်နှာအမူအယာ သုန်မှုန်သွားသည်။
"မင်း နားမကြားဘူးလား... ငါ ပြောတာက...မင်းက မင်းကိုယ်မင်း ဘာကောင်ထင်နေလို့ ငါ့သခင်လေးရဲ့နာမည်ကို တိုက်ရိုက်ခေါ်ရဲတာလဲ..."
စွန်းချန်က မထီမဲ့မြင်အမူအယာဖြင့် ပြောဆိုသည်။
"ငါတို့ရဲ့သခင်လေးက အဖြူရောင်ကျောက်တုံးမြို့ကို လေ့ကျင့်ဖို့ လာခဲ့တာ... သူက သူ့ရဲ့သရုပ်မှန်ကို မဖော်ထုတ်ချင်ခဲ့ဘူး.... ဒါကို မင်းတို့က သူ့ကို ဖရိုဖရဲကံကြမ္မာဆရာသခင်ဆိုပြီး မဟုတ်မမှန် စွပ်စွဲနေကြတယ်...မင်းတို့က တော်တော်လေး သတ္တိကောင်းနေတာပါလား...."
"သခင်လေးလား....လေ့ကျင့်တာလား...."
လင်းပုယန်၏စိတ်ရှုပ်ထွေးမှုများ ပို၍ကြီးထွားလာသည်။
လျှူထျန်ကျန်း၏အစီရင်ခံစာများအရ ကျန်းရွှမ်သည် မိုမိသားစု၏အစေခံတစ်ဦးမျှသာဖြစ်ပြီး မကြာသေးမီက အဖြူရောင်ကျောက်တုံးကျောင်းတော်တွင် ဆရာတစ်ဦး ဖြစ်လာခဲ့သည်... သို့ရာတွင် ယခုချိန်၌မူ သူသည် လေ့ကျင့်နေသော သခင်လေးတစ်ဦး ဖြစ်နေခဲ့သလော...။
လင်းပုယန်က စွန်းချန်ကို စူးစမ်းလေ့လာကြည့်ရာ သူ၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှုတစ်စုံတစ်ရာကိုမျှ မတွေ့ရချေ။ အကယ်၍ တစ်စုံတစ်ခုရှိနေလျှင်ပင် လူဝကြီး၏အမူအယာသည် မထီမဲ့မြင်ပြုခြင်းဘက်သို့ ရောက်နေသည်။ ဤသည်မှာ ဟန်ဆောင်မှုမျိုး မဟုတ်ချေ။ သူသည် အမှန်တကယ်ကို အစွမ်းထက်သောမိသားစုတစ်စုမှ ဖြစ်နိုင်သလော။
ယခင်က သူ၏ "အလျင်အမြန်တိုးတက်မှုများ" သည် သူ၏အစစ်အမှန်ခွန်အားကို ဖုံးကွယ်ထားသော လှည့်ကွက်တစ်ခု ဖြစ်နိုင်သလော။ ဤအကြောင်းအရင်းသည် သူ၏အလျှင်အမြန်တိုးတက်မှုများကို ရှင်းပြနိုင်ပေလိမ့်မည်။
"အမှန်ပဲ...."
စွန်းချန်က အေးစက်စက်နှာမှုတ်လိုက်သည်။
ကျန်းရွှမ်၏ ညွှန်ကြားချက်အရ သူသည် အခြေအနေကိုလိုက်ပြီး ပြောဆိုသင့်သည့် စကားများကို ပြောဆိုလိုက်၏။
ဤကိစ္စအတွင်းသို့ သူကိုယ်တိုင် ဝင်မပါလိုသော ကျန်းရွှမ်သည် မြင်းပေါ်မှ ဆင်းကာ ယုရှောင်ယွီလျှူမင်ယွဲ့နှင့် ဟုန်ရီတို့ထံသို့ လျှောက်လှမ်းသွားသည်။
"မင်းတို့ အဆင်ပြေရဲ့လား...."
"ကျွန်မတို့ အဆင်ပြေပါတယ် ဆရာ..."
ယုရှောင်ယွီက အလျင်အမြန် ပြောဆိုသည်။
လျှူမင်ယွဲ့၏မျက်နှာသည် ဂုဏ်ယူဝံ့ကြွားမှုဖြင့် တောက်ပသွားပေ၏။
"ဆရာ....ကျွန်မ လျှူမင်ယွဲ့က ဆရာ့ကို အရှက်မရစေခဲ့ဘူး..."
"မင်းတို့ ကောင်းကောင်းလုပ်ခဲ့တယ်...."
သူတို့၏သွေးခုန်နှုန်းကို စစ်ဆေးပြီးနောက် ကျန်းရွှမ်က သက်ပြင်းရှိုက်လိုက်သည်။ သူတို့သည် ဒဏ်ရာအပြင်းအထန်ရနေပုံရှိသော်လည်း ယုလုံချင်းနှင့်လျှူထျန်ကျန်းတို့ ရှိနေသောကြောင့် သူတို့၏ဒဏ်ရာများ အလွန်မပြင်းထန်ချေ။
ကျန်းရွှမ် မြင်းပေါ်မှ ဆင်းလိုက်သည်နှင့် စွန်းချန်က ရှေ့သို့လျှောက်လှမ်းသွားပြီး လင်းပုယန်ကို စူးစိုက်၍ကြည့်လိုက်သည်။
"မိန်းကလေးရှောင်ယွီနဲ့တခြားလူတွေ ဒဏ်ရာမရဖို့ မင်း မျှော်လင့်ထားတာ ပိုကောင်းမယ်... မဟုတ်ရင် ဓားမကြီးဂိုဏ်းက ဒီလောကမှာ ကြာကြာရှိနေတော့မှာ မဟုတ်ဘူး..."
လင်ပုယန်သည် တွေဝေတုံ့ဆိုင်းသွားပြီး သူ၏တိုက်ခိုက်လိုစိတ်များ ပျောက်ကွယ်သွားပေ၏။
ကျန်းရွှမ်သည် အစွမ်းထက်မိသားစုမှ သခင်လေးတစ်ဦး အမှန်တကယ် ဖြစ်နေသလော....
စွန်းချန်က လျှို့ဝှက်ဆန်းကြယ်သောအပြုံးဖြင့် လင်းပုယန်ဘက်သို့ လှည့်လာပြီး ပြောဆိုသည်။
"အရှင်လင်း.... ဒီကိစ္စကို ကျွန်တော်တို့ကြားမှာပဲ ထားကြမလား ဒါမှမဟုတ် အမှန်တရားကို လူတိုင်းသိသွားအောင် ပြောပြရမလား...."
ထိတ်လန့်တုန်လှုပ်သွားသော လင်းပုယန်သည် ထိပ်တိုက်ရင်ဆိုင်မှုကို ပို၍ပြင်းထန်အောင် မပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
လင်းပုယန်၏သံသယများ ပို၍နက်ရှိုင်းလာပြီး သူသည် စိတ်မထိန်းနိုင်တော့ဘဲ မေးမြန်းလိုက်၏။
"မင်း ဓားမကြီးကံကြမ္မာအကြောင်းကို သိနေတာလား"
စွန်းချန်က အေးစက်စက်အမူအယာဖြင့် တုံ့ပြန်အဖြေပေးသည်။
"သေချာတာပေါ့.... ဒါတင်မကဘူး
.. မင်းရဲ့ အကြီးမားဆုံးလျှို့ဝှက်ချက်ကိုလည်း ငါ သိထားတယ်"
လင်းပုယန်သည် ကြက်သေသေသွားပြီးနောက် ကျယ်လောင်စွာ အော်ငေါက်လိုက်သည်။
"ငါ့မှာ ဘယ်လိုလျှို့ဝှက်ချက်မျိုး ရှိနေနိုင်မှာလဲ...."
"အော်...မင်းက မယုံတာလား"
စွန်းချန်သည် ရှေ့သို့လျှောက်လှမ်းသွားပြီး ကျီစယ်သောအေးစက်စက်အပြုံးဖြင့် ပြောဆိုသည်။
"ဒီနေရာမှာ အဲ့ဒီကိစ္စကို ငါ့ကို ထုတ်ပြောစေချင်တာ သေချာလား.. "
လင်းပုယန်က စကားဆက်ပြောရန် လက်ဟန်သင်္ကေတပြုလုပ်လိုက်သည်။