← Chapters

ငါ နောက်ကျသွားတယ် ( ၄ )

Vol. 11 Ch. 154

ငါ နောက်ကျသွားတယ် ( ၄ )

Vol. 11 Ch. 154

သူသည် ထိုလူဝကြီးအား အစွမ်းထက်သောမိသားစုတစ်စုမှ ဆင်းသက်လာသည်ဟု တွေးထင်ခဲ့သော်လည်း ယခုအချိန်တွင်မှု ထိုလူ၏စကားများသည် မှားယွင်းနေပုံရသည်။ အကြောင်းအရင်းမှာ လူလိမ်များသာလျှင် တစ်ဖက်လူ ထိတ်လန့်ကြောက်ရွံ့စေရန်အတွက်အခြေအမြစ်မရှိသောစကားများကို တမင်သက်သက် ပြောဆိုမည် ဖြစ်သောကြောင့်ပင်။

အစစ်အမှန်အရည်အချင်းရှိသူတစ်ယောက်သည် ဤကဲ့သို့ အရေးမပါသောစကားများကိုမည်သည့်နည်းနှင့်မျှ ပြောဆိုမည် မဟုတ်ချေ။

"ငါက သနားညှာတာတတ်တဲ့ လူတစ်ယောက်ပဲ...သူတပါးရဲ့အပြစ်အနာအဆာကို ထုတ်ပြောဖို့ ငါ အရမ်းဝန်လေးတယ် ဒီလိုလုပ်ပါလား ငါမင်းကို အရင်ပြောပြမယ်....တကယ်လို့ မင်းက အပြင်ကိုထုတ်ပြောဖို့ သင့်လျော်တယ်လို့ထင်ရင် ငါက ဘာပြဿနာမှမရှိဘူး..."

စွန်းချန်က ပြုံးစေ့စေ့လုပ်ကာ လင်းပုယန်တစ်ဦးတည်းသာ ကြားနိုင်သော လေသံတိုးတိုးဖြင့် ပြောဆိုလိုက်သည်။

"ငါ ရထားတဲ့ သတင်းအချက်အလက် မှန်တယ်ဆိုရင် မင်း ဓားမကြီးလမ်းစဥ်ကို ပထမဆုံး ကျင့်ကြံတုန်းက သေးငယ်တဲ့အမှားတစ်ခုကို လုပ်ခဲ့တယ်...ဒါကြောင့် မင်း ဓားကို လွှဲယမ်းတဲ့အချိန်တိုင်း အစစ်အမှန်စွမ်းအားတချို့က မရောက်သင့်တဲ့နေရာတွေကို စီးဝင်သွားပြီးတော့ တဖြည်းဖြည်းနဲ့ ပိတ်ဆို့မှုကို ဖြစ်စေတယ်..."

"တစ်ကြိမ်နှစ်ကြိမ်က ကိစ္စမရှိပေမဲ့ အချိန်ကြာလာတာနဲ့ အဲ့ဒီစွမ်းအားက သက်သာအောင်လုပ်လို့မရတဲ့ ပြင်းထန်တဲ့နာကျင်မှုကို ဖြစ်စေတဲ့ နေရာတစ်နေရာမှာ စုပုံလာတယ်... လွန်ခဲ့တဲ့ဆယ့်ခုနစ်နှစ်အကြာက မင်း လက်စားချေနေတုန်းမှာ အန္တရာယ်ကို လျစ်လျူရှုပြီးတော့ ဓားမကြီးလမ်းစဥ်ရဲ့ အစွမ်းထက်ဆုံးလှုပ်ရှားမှုကို ထုတ်လွှတ်ခဲ့တယ်...အဲ့ဒီတိုက်ခိုက်မှုရဲ့ စွမ်းအားက အရမ်းပြင်းထန်လွန်းလို့ မင်းခန္ဓာကိုယ်ရဲ့ သီးသန့်... 'အစိတ်အပိုင်း' တစ်ခုက ပေါက်ကွဲပြီး ပြုတ်ထွက်သွားခဲ့တယ်....ဒါက မင်းအတွက် ဖြည့်ဆည်းလို့မရတဲ့ နောင်တတစ်ခုကို ချန်ထားခဲ့တယ်..."

"ဒါပေမဲ့ မိုးတိမ်တိုင်းမှာ ငွေရောင်အနားသတ်ရှိတယ်ဆိုတဲ့ ဆိုရိုးစကားလိုပဲ...အဲ့ဒီ 'အစိတ်အပိုင်း' မရှိတော့တာနဲ့ မင်းရဲ့မရီဒါန်းတွေက ပိုပြီးချောမွေ့လာပြီးတော့ တစ်ချိန်က ကြမ်းတမ်းပြီး အဆင်မပြေဖြစ်ခဲ့တဲ့ ဓားမကြီးလမ်းစဥ်က ချောမွေ့ပြီး သဟဇာတဖြစ်လာတယ်...ဒါက ခင်ဗျားရဲ့ကျင့်ကြံမှုအရှိန်နှုန်းကို မြှင့်တင်ပေးနိုင်ခဲ့ပေမယ့် အဲ့ဒါက လမ်းစဥ်ရဲ့ ကြမ်းတမ်းမှုသဘောသဘာဝကိုတော့ လျော့ကျစေခဲ့တယ်..."

"မင်းက မင်းရဲ့ဆရာမိုပိုင်ယဲ့ကိုတောင် တိုင်ပင်ခဲ့သေးတယ်.... သူက မင်းကို 'ဖြစ်တည်မှုတိုင်းက ကျိုးကြောင်းဆီလျော်တယ်'လို့ စိတ်အေးစေပြီးတော့ မင်း ကျင့်ကြံနေတဲ့အတိုင်း ဆက်ပြီးကျင့်ကြံဖို့ တိုက်တွန်းခဲ့တယ်...."

"မင်းရဲ့အခြေအနေကို တခြားလူတွေမသိအောင် ကာကွယ်ဖို့အတွက် မင်းက ကျိုးယီအင်ပါယာက ကံကြမ္မာခန်းမဆောင်ကို စွန့်ခွာပြီးတော့ ဒီဝေးလံခေါင်ဖျားတဲ့ ဟန်ယွမ်အင်ပါယာကို ရောက်လာခဲ့တယ်...အပေါ်ယံကြည့်ရင် သန်မာအားကောင်းပုံရပေမယ့် မင်းနဲ့တူညီတဲ့ ရောဂါဝေဒနာမျိုးကို ခံစားနေရတဲ့ ကံကြမ္မာအစောင့်အရှောက်တွေကို အသစ်ခေါ်ယူစုဆောင်းခဲ့တယ်"

စွန်းချန်၏မျက်နှာအမူအယာသည် အေးစက်နေပြီး သူ၏လေသံသည် ပို၍တိုးညှင်းသွားကာ ထပ်မံ၍ ပြောဆိုသည်။

"ကဲ... အရှင်လင်း...ငါ ပြောတာ မှန်တယ်မလား..."

"မင်း... မင်း..."

လင်းပုယန်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး အံ့အားသင့်တုန်လှုပ်မှုကြောင့် သူ၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပေ၏။

သူသည် ငြင်းဆန်ရန် ကြိုးစားလိုသော်လည်း အမှန်တရားကို သူ သိရှိထားသည်။ စွန်းချန်၏စကားများအားလုံး အမှန်တကယ်ကို တိကျမှန်ကန်သည်။

ဓားမကြီးလမ်းစဥ်သည် အလွန်အမင်းယန်စွမ်းအားပြင်းထန်သော နည်းစနစ်တစ်ခုဖြစ်ပြီး ကျင့်ကြံသူသည် နေ့လည်ခင်းတွင် နေစွမ်းအင်ကိုစုပ်ယူကာ အဓိကယန်မရီဒါန်းငါးခုထံသို့ လမ်းကြောင်းလွှဲပေးရန် လိုအပ်သည်။ ထိုမှသာလျှင် သူတို့သည် ဓားမကြီးလမ်းစဥ်ကို စွမ်းအားအပြည့်အဝ ဖြည့်တင်းနိုင်ပြီး အထွတ်အထိပ်ယန်ချီစွမ်းအားကို အသုံးပြုနိုင်ပေမည်။

လွန်ခဲ့သောနှစ်အနည်းငယ်အကြာက ကျင့်ကြံနေစဥ်တွင် အာရုံပျံ့လွင့်မှုတစ်ခုကြောင့် လင်းပုယန်၏စွမ်းအားများသည် နူးညံ့သော နေရာတစ်နေရာတွင် စုပုံသွားခဲ့သည်။ သူ လေ့ကျင့်တိုင်း အထွတ်အထိပ်အခြေအနေသို့ မရောက်မီတွင် သူ၏စွမ်းအားတစ်စိတ်တစ်ပိုင်းသည် ထိုနေရာတွင် စုပုံနေခဲ့လေ၏။ နောက်ဆုံးတွင် သူသည် သူ၏ရန်သူများကို တိုက်ခိုက်ရန် အခွင့်အရေးရရှိကာ သူတို့ကို သတ်နိုင်ခဲ့သော်လည်း ပိုလျှံနေသောစွမ်းအင်များသည် သူ ပြန်လည်၍မပြင်ဆင်နိုင်သော ပျက်စီးမှုကို ဖြစ်စေခဲ့သည်။

ထိုနေ့မှစ၍ သူ၏ရုပ်ပိုင်းဆိုင်ရာပုံစံသည် ပြောင်းလဲသွားပြီး သူ့ကို ထူးခြားသော အားသာချက်တစ်ခု ပေးခဲ့သည်။ သူ၏ကျင့်ကြံမှုသည် အတားအဆီးများမှ ကင်းလွတ်သည့်အလား ချောမွေ့စွာ တိုးတက်လာခဲ့ပေ၏။

သူ၏ဓားသည် ယခင်ထက် ကြမ်းတမ်းမှုနည်းသွားသော်လည်း သူသည် လျင်မြန်စွာ တိုးတက်လာကာ "အစိတ်အပိုင်းတစ်ခုမရှိသော်လည်း ရှိသည်ထက် ပို၍သန်မာသည်"ဟူသော အဆင့်မြင့်နယ်ပယ်တစ်ခုသို့ ရောက်ရှိခဲ့သည်။

သို့ရာတွင် ဤပြောင်းလဲမှုသည် သူ့ကို သူ၏ယောက်ျားပီသမှုကို ဆုံးရှုံးစေခဲ့ပြီး အလွန်အရှက်ရဖွယ်ရလဒ်တစ်ခု ဖြစ်ခဲ့လေ၏။ ဤလျှို့ဝှက်ချက်ကို ဖုံးကွယ်ရန် သူသည် တူညီသောဝေဒနာကို ခံစားနေရသော ကံကြမ္မာအစောင့်အရှောက်များကိုသာ ခန့်အပ်ခဲ့ပြီး အမှန်တရားကို ဖုံးကွယ်ရန် တခြားနည်းလမ်းများကို အသုံးပြုခဲ့သည်။

ဤအဖြစ်အပျက်ကို နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့ကာ ကျိုးယီမင်းဆက်ရှိ ကံကြမ္မာဆရာသခင်အသိုင်းအဝိုင်းငယ်တစ်ခုအတွင်း၌သာ သိရှိကြပြီး ဂရုတစိုက် လျှို့ဝှက်ထားခဲ့သည်။ စွန်းချန်သည် ဤကိစ္စကို အသေးစိတ်အချက်အလက်များအထိ တူးထုတ်ကာ ဖော်ထုတ်နိုင်ခဲ့ခြင်းသည် လင်းပုယန်ကို အံ့အားသင့်ပြီး ထိတ်လန့်စေခဲ့သည်။

ကျန်းရွှမ်သည် အမှန်တကယ်ကို အစွမ်းထက်သောမိသားစုတစ်ခုမှ သခင်လေးတစ်ဦးဖြစ်ပြီး ဤဝေးလံခေါင်သီသောမြို့တွင် လေ့ကျင့်ရန် ရောက်ရှိနေခြင်း ဖြစ်နေသလော။ ထိုသို့ဆိုလျှင် ကျန်းရွှမ်အား ဖရိုဖရဲကံကြမ္မာဆရာသခင်အဖြစ် သူ စွပ်စွဲခဲ့ခြင်းသည် သေမင်းကို ဖိတ်ခေါ်ခြင်းနှင့် တူညီပေလိမ့်မည်။

"ဒါက အဓိပ္ပာယ်မရှိတဲ့စကားတွေဆိုရင် လူတိုင်းကြားအောင် ငါအော်ပြောလိုက်မယ်....အရှင်လင်းက စိတ်မရှိလောက်ဘူးလို့ ငါ ထင်တယ်"

စွန်းချန်က ပြုံးလိုက်ပြီး လင်းပုယန်ကို စူးစိုက်၍ကြည့်လိုက်သည်။

လင်းပုယန်၏မျက်နှာအမူအယာသည် သုန်မှုန်သွားပြီး အစောပိုင်းက သူ၏ခံ့ညားထည်ဝါသော အသွင်အပြင်သည် ပျောက်ကွယ်သွားပေ၏။ သူက အလျင်အမြန် လက်ဝှေ့ယမ်းပြီး ပြောဆိုသည်။

"ငါ့အထင်တော့ ဒါကို ထုတ်ပြောဖို့ မလိုအပ်ဘူး"

မလှမ်းမကမ်းတွင်တွင်ရှိနေကာ ဤသီးသန့်စကားပြောဆိုမှုကို မကြားခဲ့သော ရှုရှင်းသည် စွန်းချန်က အရှင်လင်းကို ပေါ်ပေါ်တင်တင် စိန်ခေါ်နေသည်အား မြင်တွေ့ချိန်၌ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"အရှင်လင်း...သူ့ကို ပြောခိုင်းလိုက်ပါ...သူ ဘာတွေပြောမလဲဆိုတာ နားထောင်ကြရအောင်"

All Chapters