လျော်ကြေး
Vol. 11 Ch. 155
"ပါးစပ်ပိတ်ထားစမ်း..."
လင်းပုယန်သည် ရှုရှင်း၏မျက်နှာကို ပါးဖြတ်ရိုက်လိုက်ပြီး သူ့ကို အကြိမ်ပေါင်းများစွာ လည်ထွက်သွားစေသည်။
ဤသည်မှာ သူ၏ဘဝသက်တမ်းတလျှောက် အကြီးမားဆုံးအမှားပင်။ သူသည် ထိုကိစ္စကို ဖုံးကွယ်ထားနိုင်ရန် အလွန်ခက်ခဲခဲ့သည်။
'အခု မင်းက ငါ့ကို လူတွေအားလုံးရံ့ရှေ့မှာ ဝန်ခံခိုင်းနေတာလား... မင်းက ငါ့ကို ဖျက်ဆီးဖို့ ကြိုးစားနေတာလား'
"အရှင်...သူက အရှင်ကို ဒီလိုမျိုး ပြောရဲတာကို ကျွန်တော် မယုံနိုင်လို့ပါ..."
ရှုရှင်း၏မျက်နှာပေါ်တွင် နားမလည်နိုင်သော အမူအယာတစ်ရပ် ထင်ဟပ်နေသည်။
သူ ကူညီရန် ကြိုးစားခဲ့သော်လည်း မည်သည်ကြောင့် ပါးရိုက်ခံရခြင်းနှင့် အဆုံးသတ်သွားသလော...
"မင်း စကားမပြောဘဲနဲ့ တိတ်တိတ်နေလိုက်စမ်း..."
လင်းပုယန်သည် သူ၏ဒေါသကို ချုပ်တည်းရင်း သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းသိမ်းကာ သူ၏ရှေ့မှ စွန်းချန်ကို ကြည့်လိုက်သည်။
"မင်းက သခင်လေးကျန်းရဲ့ စမ်းသပ်မှုတွေမှာ အဖော်လိုက်ပေးနေတာဆိုတော့ မင်းက တော်တော်လေး ဩဇာရှိတဲ့သူ ဖြစ်ရမယ်...မင်းက ငါ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တဲ့ ဒီလိုမျိုး အတည်မပြုနိုင်ပြီး အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို မဖြန့်ဝေလောက်ဘူးလို့ ငါ ယုံကြည်တယ်... ငါ့ရဲ့ဂုဏ်သိက္ခာအပြင် ဒါက ဓားမကြီးဂိုဏ်းတစ်ဂိုဏ်းလုံးကို အရှက်ရစေနိုင်တယ်... အဲ့ဒီလိုတွေဖြစ်လာရင် ဒါက ဥာဏ်ပညာရှိရာကျမှာ မဟုတ်ဘူး မဟုတ်လား..."
အတွေ့အကြုံရှိသော ကံကြမ္မာဆရာသခင်တစ်ဦးဟု မျှော်လင့်ထားသည့်အတိုင်းပင် လင်းပုယန်သည် ဓားမကြီးဂိုဏ်း၏ဂုဏ်သိက္ခာကို အကြောင်းပြပြီး အကြောင်းအရာကို လျင်မြန်စွာ လွှဲပြောင်းလိုက်သည်။
သူ၏ ဆိုလိုရင်းသည် ရှင်းလင်းပေ၏။ သက်သေမရှိဘဲ ထိုကဲ့သို့စကားများပြောခြင်းသည် အစွမ်းထက်သောအဖွဲ့အစည်းတစ်ခုကို ရန်စခြင်းပင်။ သူသည် သာမညပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်သော်လည်း ကံကြမ္မာကျင့်ကြံရာတွင် လူသိများသော အင်အားစုတစ်ခုကို စော်ကားခြင်းသည် ဆိုးရွားသော အကျိုးဆက်များ ရှိလာပေလိမ့်မည်။ တစ်စုံတစ်ယောက်သည် ဤကိစ္စမျိုးကို ကျူးလွန်ခဲ့ပါကအစွမ်းထက်သော မိသားစုမှ ဖြစ်လျှင်ပင် လွယ်လင့်တကူ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
ဤအချက်ကို နားလည်သော စွန်းချန်သည် သူ၏လက်ကို ပေါ့ပေါ့ပါးဝှေ့ယမ်းကာ ပြုံးစေ့စေ့ဖြင့် ပြောဆိုလိုက်သည်။
"မင်းက တကယ့်ကို အထင်ကြီးဖို့ကောင်းတဲ့လူပဲ"
လင်းပုယန်၏မျက်နှာသည် ဒေါသကြောင့် နီမြန်းသွားပြီး အံ့တင်းတင်းကြိတ်လိုက်၏။
"ငါက ဓားမကြီးဂိုဏ်းကို ကိုယ်စားပြုရုံတင်မကဘူး...ကံကြမ္မာခန်းမဆောင်ရဲ့ ကံကြမ္မာဆရာသခင်တစ်ယောက်လည်း ဖြစ်တယ်..."
စွန်းချန်က ကြားဖြတ်ပြောဆိုသည်။
"မင်းက တကယ့်ကို တမူထူးတဲ့လူပဲ..."
လင်းပုယန်၏မျက်နှာအမူအယာသည် မည်းမှောင်သွားကာ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူ သက်ပြင်းချလိုက်သည်။
"ကောင်းပြီလေ...ငါက သေချာမစုံစမ်းဘဲ လုပ်ဆောင်ခဲ့တယ်ဆိုတာ ဝန်ခံတယ်...ဒါပေမဲ့ ဆရာကျန်းက ဖရိုဖရဲကံကြမ္မာဆရာသခင်လား ဒါမှမဟုတ် သူက အတွေ့အကြုံယူနေတာလား ဆိုတာကတော့ မင်းတို့ရဲ့ ပြောစကားပဲ ရှိသေးတယ်...ငါက ဆက်ပြီး စုံစမ်းစစ်ဆေးရလိမ့်မယ်..."
"မင်း ကြိုက်သလောက် စုံစမ်းပါ...ငါကတော့ မင်း ဘယ်လောက်ထိ ထူးချွန်တယ်ဆိုတာ လူတိုင်းကို ဆက်ပြောနေမှာပဲ"
စွန်းချန်က ခွန်းတုံ့ပြန်လိုက်သည်။
"မင်း..."
လင်းပုယန်၏မျက်လုံးများသည် ပြူးကျယ်လာကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုလိုက်၏။
"ငါတို့ စကားပြောတာ နည်းနည်းလောက် အနှောင့်အသွားလွတ်အောင် ပြောလို့မရဘူးလား..."
"ရတာပေါ့..."
စွန်းချန်က ပေါ့ပေါ့တန်တန် တုံ့ပြန်အဖြေပေးသည်။
"မင်းရဲ့နာမည်က မင်းနဲ့ တကယ့်ကိုလိုက်ဖက်တာပဲ"
စွန်းချန်က ထပ်မံ၍ပြောဆိုလိုက်ရာ လင်းပုယန်ထံမှ စူးစူးဝါးဝါးစိုက်ကြည့်ခြင်းကို ခံလိုက်ရသည်။(လင်းပုယန်=သက်လုံကောင်းပြီး ကြီးထွားဖွံဖြိုးသော သားကြီး)
"တောင်းပန်ပါတယ်... ဒီနေ့ ဖြစ်ရပ်တွေက ငါ့ရဲ့ အလျင်စလို ဆုံးဖြတ်မှုတွေကြောင့်ပါ"
လင်းပုယန်က သူ၏နဖူးကိုအုပ်ကိုင်ကာ စိတ်ကို တည်ငြိမ်အောင်ထိန်းရင်း ဝန်ခံလိုက်၏။
ဤစကားကိုကြားချိန်၌ ရှုရှင်းသည် စိတ်မထိန်းနိုင်တော့ချေ။
'အလျင်စလို ဆုံးဖြတ်မှုဆိုတာက ဘာကို ဆိုလိုတာလဲ.... ဒီသဘောတရားအတိုင်း ဆက်သွားရင် ငါက ပြဿနာတက်တော့မှာ မဟုတ်ဘူးလား....ကျန်းရွှမ်ကို ဖရိုဖရဲကံကြမ္မာဆရာသခင်လို့ သတင်းပို့ခဲ့တာက ငါလေ....'
"အရှင်လင်း....သူက အရှင်ကို ချီးကျူးနေတာပဲ... ဒါဆို သူက အပြစ်ရှိသလို ခံစားနေရလို့ ဖြစ်ရမယ်....အရှင်က ဘာလို့ အမှားဝန်ခံနေရတာလဲ"
ရှုရှင်းက ရှေ့နောက်မစဥ်းစားဘဲ ပြောချလိုက်သည်။
"ငါ့ကို ချီးကျူးတာလား...."
လင်းပုယန်သည် သွေးအန်မိလုနီးပါးပင်။
"ဒါက အမှန်ပဲလေ... သူက အရှင်လင်းကို 'မင်းက မယုံနိုင်လောက်အောင် ထူးချွန်တာပဲ'လို့ ဆက်တိုက်ပြောနေခဲ့တာ မဟုတ်လား"
လျှူထျန်ကျန်းက အလျင်စလို ဝင်ရောက်ပြောဆိုသည်။
သူတို့အားလုံး စွန်းချန်၏ စကားများကို ကြားခဲ့ကြသည်။ သူ၏စကားပြောပုံသည် ရိုင်းစိုင်းသော်လည်း သူ၏ပြောဆိုမှုများသည် ချီးကျူးစကားများသာ ဖြစ်ပေ၏။ လင်းပုယန်သည် မည်သည်ကြောင့် စိတ်ဆိုးနေသနည်း။
"တော်လောက်ပြီ..."
လင်းပုယန်သည် ခေါင်းကိုက်လာသကဲ့သို့ ခံစားလိုက်ရသည်။ စွန်းချန်၏ စကားလုံးများသည် ချီးကျုးခြင်းဟူသော နာမဝိသေသနများ မဟုတ်ဘဲ ဝင်္ကဝုတ္တိဖြင့်သုံးနှုန်းထားသောနာမ်များပင်။
ဤအကြောင်းကို ထုတ်မပြောနိုင်သော လင်းပုယန်သည် အံ့တင်းတင်းကြိတ်ပြီး ဦးညွှတ်လိုက်၏။
"ငါ့ရဲ့ အမှားအတွက် တောင်းပန်ပါတယ်.... ငါတို့ကို သွားခွင့်ပြုပါအုံး..."
ထို့နောက် သူ၏လက်ကိုဝှေ့ယမ်းပြီး တခြားလူများကို အချက်ပြလိုက်သည်။
"သွားကြစို့....."
ယခင်က သူသည် ကျန်းရွှမ်ကို ဖမ်းဆီးခြင်းမှာ သူ၏ရာထူးတိုးရန် အခွင့်အလမ်းတစ်ခုဟု မှတ်ယူခဲ့သော်လည်း ယခုချိန်တွင်မူ သူသည် ဤလူငယ်ကို ထိဝံ့ခြင်းမရှိပေ။
စွန်းချန်၏ ခန့်မှန်းရခက်သော သဘာဝကြောင့် အကယ်၍ လင်းပုယန်သာ ဆက်လက်၍ ဖိအားပေးပါက ယနေ့ဖြစ်ရပ်များ လူသိရှင်ကြား ဖြစ်သွားပေမည်။ ထိုသို့ဖြစ်လာပါက သူ၏ဂုဏ်သိက္ခာသည် ပြန်လည်ပြင်ဆင်၍ မရနိုင်လောက်အောင် စွန်းထင်းသွားပေလိမ့်မည်။
"တောင်းပန်ရုံပဲလား...."
ကျန်းရွှမ်၏အသံသည် ခက်ထန်တင်းမာစွာ ထွက်ပေါ်လာပြီး သူသည် ရှေ့သို့တိုးလာကာ သူ၏မျက်လုံးအကြည့်သည် အေးစက်တင်းမာနေပေ၏။
"မင်းက ငါ့ရဲ့တပည့်တွေကို ဒဏ်ရာရစေပြီးတော့ သူတို့ကို ကျဥ်းထဲကျပ်ထဲရောက်အောင် တွန်းပို့ခဲ့တယ်...ဒါကို မင်းက ရိုးရိုးလေး တောင်းပန်လိုက်ရုံနဲ့ လုံလောက်တယ်လို့ ထင်နေတာလား..."
"သခင်လေးကျန်းက ဘာကိုဆိုလိုတာလဲ..."
လင်ပုယန်၏ခြေလှမ်းများ ရပ်တန့်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
"သူတို့ကို တောင်းပန်ပါ...."
ကျန်းရွှမ်က သူ၏တပည့်သုံးဦးကို ညွှန်ပြလိုက်သည်။
"မင်း နောက်နေတာလား..."
လင်းပုယန်၏ မျက်လုံးများ ကျဥ်းမြောင်းသွားသည်။
ငါက တရားဝင် ကံကြမ္မာဆရာသခင်တစ်ယောက်ဖြစ်ပြီးတော့ ဂုဏ်သိက္ခာရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ...သူတို့က ကျင့်ကြံဆင့်နိမ့်ပါးတဲ့ ကျောင်းသားတွေ... ဘာလို့ ငါက သူတို့ကို တောင်းပန်ရမှာလဲ..."
"ဆရာ...ဒီလိုလုပ်ဖို့ မလိုပါဘူး. ကျွန်မတို့ သိပ်မနာပါဘူး...."
ယုရှောင်ယွီက တင်းမာမှုကို လျှော့ချရန် ကြိုးစားသည့်အနေဖြင့် ပြောဆိုသည်။ သူမ၏သူငယ်ချင်းများသည်လည်း ခေါင်းညိတ်လိုက်ကြ၏။ ဤကိစ္စတို့အတွက် ဆရာကျန်းကို သူတို့ ကျေးဇူးတင်သော်လည်း လင်းပုယန်ကို ရန်စခြင်း၏အန္တရာယ်ကို သူတို့အားလုံး သတိပြုမိကြသည်။
သူတို့သာမက ယုလုံချင်းနှင့်လုမင်ရုန်တို့ပင်လျှင် တောင့်တင်းစွာ မတ်တတ်ရပ်နေသည်။ သူတို့သည် ကျန်းရွှမ်ကို သတိပေးခဲ့စဥ်က သူသည် အခြေအနေကို ဤမျှထိ ပြတ်ပြတ်သားသား ပြောင်းပြန်လှန်နိုင်လိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြချေ။
"လိုအပ်လား မလိုအပ်ဘူးလားဆိုတာ မင်းတို့ ဆုံးဖြတ်ရမှာ မဟုတ်ဘူး"
ကျန်းရွှမ်က ပြတ်ပြတ်သားသား ပြောဆိုသည်။
"အမှားလုပ်ရင် တောင်းပန်ရတယ်... အဲ့ဒါက စည်းမျဥ်းတစ်ခု ဖြစ်ပြီးတော့ မပြောင်းလဲနိုင်တဲ့ အမှန်တရားပဲ"
"မင်း..."
လင်းပုယန်၏ဒေါသများ တလိမ့်လိမ့်ထလာသော်လည်း သူသည် ကျန်းရွှမ်၏နောက်ခံကို မသိဘဲ မဆင်မခြင် မလုပ်ဆောင်သင့်ကြောင်း သိရှိထားသည်။ သူသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုလိုက်၏။
"ငါက သတင်းအမှားတွေပေါ်မှာ အခြေခံပြီး လွန်ကျူးတဲ့ ကိစ္စတွေကို လုပ်ဆောင်ခဲ့ပြီးတော့ မင်းရဲ့တပည့်တွေကို ဒဏ်ရာရစေခဲ့တာ အမှန်ပါပဲ.... ငါက ပြန်ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်..."
ထို့နောက် သူက ရှုရှင်းဘက်သို့ လှည့်ကြည့်လိုက်သည်။
"ငါ မင်းကို ယူလာခိုင်းတဲ့ ကံကြမ္မာချပ်ပြားသုံးချပ် ဘယ်မှာလဲ....ဆရာကျန်းကို ပေးလိုက်စမ်း..."
"အမ်..."
ရှုရှင်းသည် တွေဝေတုံ့ဆိုင်းသွားပြီး သူ၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။
"သူ့ကို လက်ဆောင်အဖြစ် ပေးပြီးသွားပါပြီ..."
"မရှိတော့ဘူးလား..."
လင်းပုယန် ကြက်သေသေသွားသည်။ ရင်းမြစ်ဒင်္ဂါးသန်းပေါင်းများစွာ တန်ဖိုးရှိသော ကံကြမ္မာချပ်ပြားသုံးချပ်ကို ဤမျှထိ လွယ်လင့်တကူ ပေးအပ်လိုက်သလော...."
"ဟုတ်ကဲ့..."
ရှုရှင်း၏မျက်နှာပေါ်တွင် ရှက်ရွံ့မှုအရိပ်အယောင်များ သိသာထင်ရှားစွာ ပေါ်လွင်နေသည်။ ဤသုံးရက်အတွင်းတွင် သူသည် လူမှား၍ရှာဖွေမိသည့်အပြင် ရင်းမြစ်ဒင်္ဂါးသန်းနှင့်ချီ၍ ဆုံးရှုံးခဲ့သည်။
လင်းပုယန်ထံ၌ ရွေးချယ်စရာမရှိတော့သောကြောင့် ကျန်းရွှမ်ကိုကြည့်ပြီး ပြောဆိုလိုက်၏။
"ငါက ကံကြမ္မာခန်းမဆောင်ကို အကြောင်းကြားပြီးတော့ အစားထိုးပစ္စည်းတွေ ပို့ပေးဖို့ သေချာလုပ်ပေးပါ့မယ်...မင်း စိတ်ချပါ... ငါက ကတိမဖျက်ဘူး..."
"မင်းက တောင်းပန်စကားတစ်ခွန်းကို မပြောချင်လို့ ဒီလောက်အထိ လုပ်နေတာလား..."
ကျန်းရွှမ်၏မျက်ခုံးများ တွန့်ကွေးသွားသည်။
လင်းပုယန်၏သည်းခံနိုင်စွမ်း ကျိုးပေါက်သွားပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။
"ငါက တောင်းပန်ဖို့ကို ငြင်းဆန်ရင် မင်း ဘာတတ်နိုင်မှာလဲ"
"မင်း တောင်းပန်ရလိမ့်မယ်"
ကျန်းရွှမ်က ရှေ့သို့တိုးရင်း ပြောလိုက်သည်။ သူထံမှ ကျောက်စိမ်းအရိုးနယ်ပယ်၏စွမ်းအားများ တလိမ့်လိမ့်ထလာပြီး သူသည် အချိန်တခဏအတွင်းမှာပင် လင်းပုယန်၏ရှေ့၌ ပိတ်ဆို့ဟန့်တားလိုက်၏။
တောင်းပန်ခြင်းသည် စကားလုံးများအရ သက်သက်ပင်။ အကယ်၍ ပြဿနာတစ်ခုကို ထိပ်တိုက်ရင်ဆိုင်ရန် လိုအပ်ပါက တစ်ဖက်လူသည် သူ၏အခွင့်အာဏာကို အသိအမှတ်ပြုကာ သူ့အားလေးစားစေရန် သေချာပေါက်ပြုလုပ်ရပေမည်။
"ရိုင်းစိုင်းလိုက်တာ..."
ရှုရှင်းက ကာကွယ်ရန်အတွက် ရှေ့သို့ပြေးဝင်တိုက်ခိုက်လိုက်သည်။ ကံကြမ္မာအစောင့်အရှောင်ဟူသော သူ၏အခန်းကဏ္ဍသည် သူ၏အသက်ကို စတေး၍ လင်ပုယန်ကို ကာကွယ်ရန်ပင်။
လေထုအတွင်း၌ ပေါက်ကွဲသံများ ထွက်ပေါ်လာကာ ရှုရှင်း၏ကျောက်စိမ်းအရိုးနယ်ပယ်စွမ်းအားများသည် တလိမ့်လိမ့်ထလာပြီး သူ၏တိုက်ခိုက်မှုသည် တူတစ်လက်အလား ပြင်းထန်ပြီး အညှာအတာကင်းမဲ့စွာ ကျဆင်းလာသည်။
"ဆရာကျန်း သတိထားပါ"
ယုလုံချင်းနှင့်လုမင်ရုန်တို့က အော်ဟစ်လိုက်ကြသည်။
သို့ရာတွင် ကျန်းရွှမ်သည် ရှောင်တိမ်းခြင်းမပြုချေ။ သူသည် တိုက်ခိုက်မှုကို လက်သီးတစ်ချက်ဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။
"သူတော့ သွားပြီ"
လျှူထျန်ကျန်းက တွေးတောလိုက်သည်။ ကျန်းရွှမ်၏အားနည်းသောခွန်အားနှင့် သူကိုယ်တိုင် ရှုရှင်းအား ရှုံးနိမ့်ခဲ့သည်ကို ပြန်လည်အမှတ်ရမိပေ၏။ ရှုရှင်း၏ အားကုန်သုံးတိုက်ခိုက်မှုကို ရင်ဆိုင်ရသော ကျန်းရွှမ်သည် သေလူတစ်ယောက်အလားပင်။
သို့ရာတွင် လက်သီးချက်ချင်း ထိတွေ့မိသည်နှင့် ရှုရှင်း၏ခန္ဓာကိုယ်သည် လွင့်ထွက်သွားပြီး လေထုအတွင်းတွင် သွေးများပန်းထွက်သွားသည်။
နည်းစနစ်မရှိ အစိမ်းသက်သက် ခွန်အားချင်းရင်ဆိုင်ရာတွင် ရှုရှင်းသည် ပြောင်ပြောင်တင်းတင်း ရှုံးနိမ့်သွားပေ၏။
လူများအားလုံးထံတွင် အံ့အားသင့်မှုဖြင့် ပြည့်နှက်သွားပြီး လင်းပုယန်လည်း ထပ်တူထပ်မျှဖြစ်ကာ သူ၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။
သူသည် ကျန်းရွှမ်၏ ခွန်အားကို တိုင်းတာရန် ရှုရှင်းကို တိုက်ခိုက်ခိုင်းခဲ့ခြင်းဖြစ်ပြီး ယခုအချိန်၌ သူ သိလိုက်ရလေပြီ။
အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ယောက်ဖြစ်ကာ ကျောက်စိမ်းအရိုးနယ်ပယ်အထွတ်အထိပ်အဆင့်ရှိပြီး မြင်းကောင်ရေအား ၉၉ရှိသူ....
ထိုလူငယ်သည် မည်သူကိုမျှ ကြောက်ရွံခြင်းမရှိသည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။
"ကောင်းပြီလေ...ငါ တောင်းပန်မယ်..."
လင်းပုယန်က အသက်ပြင်းပြင်းရှိုက်ပြီး ပြောဆိုလိုက်သည်။
ကျန်းရွှမ်က သူ လိုချင်သည့်အချက်သို့ရောက်အောင် ထိရောက်စွာ လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိသဖြင့် ခပ်ဖျော့ဖျော့ပြုံး၍ နောက်သို့ဆုတ်လိုက်သည်။ သူသည် သန်မာအားကောင်းသော်လည်း ဓမ္မရုပ်သွင်နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးကို ထိပ်တိုက်ရင်ဆိုင်ပါက သူ့အတွက် အန္တရာယ်များ ရှိလာနိုင်သည်။ အထူးသဖြင့် သူသည် ဓားမကြီးဂိုဏ်း၏နည်းစနစ်များကို ကြုံတွေ့ဖူးခြင်းမရှိခြင်းပင်။
လင်းပုယန်က ယုရှောင်ယွီ လျှူမင်ယွဲ့နှင့် ဟုန်ရီတို့ဘက်သို့ လှည့်ကာ ဦးညွှတ်လိုက်သည်။
"ငါက မင်းတို့ကို ထိခိုက်မှုတွေ ဖြစ်စေခဲ့တဲ့အတွက် ခွင့်လွှတ်ပေးပါ...ငါ လင်းပုယန်က စိတ်ရင်းမှန်နဲ့ တောင်းပန်ပါတယ်"
"စကားလုံးတွေ သက်သက်ပဲလား..."
စွန်းချန်က ကြားဖြတ်ပြောဆိုသည်။
"ရှုရှင်း..."
လင်းပုယန်က အော်ခေါ်လိုက်ပြီး သူ၏မျက်နှာအမူအယာ တည်ကြည်လေးနက်နေသည်။
"ဟုတ်ကဲ့..."
ရှုရှင်းက ဒယိမ်းဒယိုင်ဖြင့် ရှေ့သို့တိုးလာပြီး ရင်းမြစ်ဒင်္ဂါးငွေလက်မှတ်များကို ထုတ်ပေးသည်။ လင်းပုယန်က ထိုငွေပမာဏကို စစ်ဆေးပြီး ယုရှောင်ယွီကို ပေးအပ်လိုက်၏။
"ဒါက လျော်ကြးငွေ ရင်းမြစ်ဒင်္ဂါးသုံးသိန်းပါ..."
ယုရှောင်ယွီသည် အသက်ရှူမှားသွားပြီး မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိသဖြင့် သူမ၏ဆရာကို ကြည့်လိုက်သည်။ သူမသည် ဤမျှထိများပြားသောငွေကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးချေ။
"ယူလိုက်.."
ကျန်းရွှမ်က ညွှန်ကြားလိုက်သည်။ ထို့နောက် သူသည် လင်းပုယန်ဘက်သို့ပြန်လှည့်ပြီး ပြောဆိုလိုက်၏။
"ဒါက နောက်ဆုံးအကြိမ် ဖြစ်ပါစေ... အခု သွားတော့...."