သန်းသုံးဆယ်
Vol. 11 Ch. 156
လင်းပုယန်သည် သူ၏မျက်လုံးများကို မှေးစင်းလိုက်ကာ နောက်ဆုံးတွင် မည်သည့်စကားမျှမဆိုဘဲ လှည့်ထွက်သွားသည်။
အတိတ်တွင် သူသည် ယခုထက်ပို၍ ကြီးမားသော အရှက်ရမှုကိုပင် ခံနိုင်ခဲ့ပြီး ယခုအချိန်အထိ အသက်ရှင်ကျန်ရစ်နိုင်ခဲ့သည်။ ဤအသေးအဖွဲအရှက်ရမှုသည် သူ့အတွက် အရေးမပါလှချေ။
"အရှင်..."
လျှူထျန်ကျန်းကို ကြည့်ရသည်မှာ စိုးရိမ်သောကရောက်နေပုံပင်။
ထိုလူဝကြီးထံမှ ချီးကျူးစကား အနည်းငယ်ရပြီးနောက် ရှုရှင်းကို ကျန်းရွှမ်မှ ရိုက်နှက်ခွင့်ပေးပြီးနောက် လင်းပုယန်သည် လှည့်ထွက်သွားခဲ့သလော...။ အရှင်လင်းသည် ကံကြမ္မာဆရာသခင်တစ်ဦးဖြစ်သည့်တိုင် မည်သည့်အရေးယူမှုကိုမျှ မပြုလုပ်ရသေးချေ...
"ပြန်ကြစို့..."
လင်းပုယန်က ကြားဖြတ်ပြောဆိုပြီး ရှေ့သို့လျှောက်လှမ်းသွားသည်။
လျှူထျန်ကျန်းနှင့်ရှုရှင်းတို့သည် နောက်မှ လိုက်သွားရုံသာ တတ်နိုင်တော့သည်။
"ဆရာ...ဒီငွေက..."
သူမ၏ဘဝတွင် အကြီးမားဆုံးအကျပ်အတည်းကို ဖြေရှင်းပြီးသွားသည်အား မြင်တွေ့ချိန်၌ ယုရှောင်ယွီသည် သူမကိုင်ဆောင်ထားသော ရင်းမြစ်ငွေလက်မှတ်များကို ကျန်းရွှမ်ထံ အလျင်အမြန် ပေးအပ်လိုက်သည်။
"မင်းတို့ပဲ ယူထားလိုက်ပါ... ငါ့ကြောင့် မင်းတို့က ဒီကိစ္စမှာ ပါဝင်ပတ်သက်ခဲ့ရတာဆိုတော့ ဒါကို လျော်ကြေးလို့ သဘောထားလိုက်ပါ"
ကျန်းရွှမ်က သူ၏ခေါင်းကို ခါယမ်းလိုက်၏။
"ဒါက အရမ်းများလွန်းတယ်... ဒါ့ပြင် ကျွန်မတို့ က တကယ်တမ်းကျတော့ ဘာထိခိုက်မှုကြီးကြီူမားမားမှ မရခဲ့ဘူး... ဆရာက ကျွန်မတို့အပေါ် အရမ်းကောင်းခဲ့ပြီးသားလေ...ဒီကျေးဇူးကို ကျွန်မတို့ ပြန်မဆပ်နိုင်ဘူး..."
ယုရှောင်ယွီက အလျင်အမြန် ငြင်းဆိုလိုက်သည်။
"မင်းတို့က လိုအပ်တာတွေဝယ်ပြီး မင်းတို့ရဲ့ခွန်အားကို အမြန်ဆုံး တိုးတက်အောင်လုပ်ရမယ်...အဲ့ဒါကို ငါ့ရဲ့ကျေးဇူးကို ပြန်ဆပ်တယ်လို့ သဘောထားလိုက်ကြပါ"
ကျန်းရွှမ်က လက်ဝှေ့ယမ်းပြလေသည်။
အစောပိုင်းကမှ သူသည် ရင်းမြစ်ဒင်္ဂါးဆယ်သန်းနီးပါး ရရှိခဲ့ရာ သုံးသိန်းသည် အနည်းငယ်မျှသာဖြစ်သည်။ ထိုကြောင့် သူ ဂရုမစိုက်တော့ပေ။
အရေးအကြီးဆုံးအချက်မှာ သူ၏ကိစ္စအတွင်းတွင် ပါဝင်ပတ်သက်မှုကြောင့် သူတို့သည် အမှန်တကယ်ကို အရှက်ရခဲ့ခြင်းပင်။ ထိုသို့မဟုတ်ပါက မည်သူက သူတို့ကို တမင်သက်သက် အနိုင်ကျင့်ဝံ့မည်နည်း။
သူတို့ဆရာ၏ စိတ်ပိုင်းဖြတ်ထားမှုကို မြင်တွေ့ချိန်၌ ယုရှောင်ယွီနှင့်တခြားလူများသည် စကားဆက်မပြောတော့ဘဲ သူတို့၏ကျေးဇူးတင်စိတ်ကို စိတ်နှလုံးသားအတွင်း၌ နက်နက်ရှိုင်းရှိုင်း သိမ်းဆည်းထားလိုက်ကြသည်။
အထူးသဖြင့် လျှူမင်ယွဲ့ထံတွင် အပြစ်ရှိစိတ်များဖြင့် ပြည့်နှက်နေသည်။
သူမ၏မိသားစုနှင့် ကံကြမ္မာခန်းမဆောင်တို့၏ ဆက်ဆံရေးအကြောင်း သူမ အနည်းငယ် သိရှိထားသည်။ ရှုရှင်းနှင့်လင်းပုယန်တို့နှစ်ဦးလုံးကို သူမ၏ဖခင်က ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်နိုင်သည်... သို့ရာတွင် ကျန်းရွှမ်သည် သူမကို အပြစ်တင်ခြင်း တစ်စုံတစ်ရာ မပြုလုပ်ခဲ့ချေ။
ဤယုံကြည်မှုသက်သက်ဖြင့်ပင် သူမကို အလွန်အမင်း ရှက်ရွံ့စေခဲ့သည်။
"ဆရာ စိတ်ချပါ...ကျွန်မက ဆရာ့ရဲ့ သဘောကျမှုကိုရအောင် ကြိုးစားပြီးတော့ တရားဝင်တပည့်တစ်ယောက် အမြန်ဆုံး ဖြစ်လာအောင် လုပ်ပါ့မယ်..."
လျှူမင်ယွဲ့သည် သူမ၏စိတ်အတွင်းတွင် တိတ်တဆိတ် ကျိန်ဆိုလိုက်၏။
သူမသည် လက်ရှိတွင် အမည်ခံတပည့်တစ်ဦးသာဖြစ်ပြီး တရားဝင်တပည့်ဖြစ်ရန် များစွာဝေးကွာနေသေးသည်။ သို့ရာတွင် ထိုပန်းတိုင်သည် မည်မျှပင် ဝေးကွာနေပါစေ သူမသည် မမောမပန်း လိုက်လံရှာဖွေသွားပေမည်။
"ဆရာကျန်း... ဘာတွေဖြစ်သွားတာလဲ..."
မြို့အရှင်ယုနှင့်တခြားလူများ ချဥ်းကပ်လာကြသည်။
"စာသင်ခန်းထဲမှာ သွားပြောကြရအောင်..."
ဤကိစ္စကိုကြည့်ရှုရန် စုရုံးလာသော ကျောင်းသားအရေအတွက် တိုးပွားလာသည်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်က သူတို့ကို လက်ဟန်ပြပြီး ထွက်သွားခိုင်းလိုက်သည်။
အခန်းအတွင်းသို့အရောက်တွင် ယုလုံချင်းနှင့်လုမင်ရုန်တို့သည် စိတ်မထိန်းနိုင်တော့ဘဲ ကျန်းရွှမ်ကို တပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြသည်။
လင်းပုယန်သည် အစစ်အမှန်ကံကြမ္မာဆရာသခင်တစ်ဦးဖြစ်ပြီး ကျန်းရွှမ်ကို ဖမ်းဆီးရန် လူအုပ်နှင့်အတူ လာခဲ့ကာ ခြိမ်းခြောက်လိုသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သော်လည်း အခြေအနေသည် စကားအနည်းငယ်ဖြင့် ပြေလည်သွားခဲ့သည်။ အထူးသဖြင့် သူသည် ဂျူနီယာလေးများကို တောင်းပန်ခိုင်းခြင်းခံရပြီး လျော်ကြေးအဖြစ် ရင်းမြစ်ဒင်္ဂါးအမြောက်အများကို ပေးအပ်ခဲ့ရခြင်းပင်...
"မင်း... မင်းက ဒီနေရာကို လာပြီးလေ့ကျင့်နေတဲ့ အစွမ်းထက်မိသားစုတစ်စုရဲ့ သခင်လေးတစ်ယောက် တကယ်ကြီး ဖြစ်နေတာလား..."
အခန်းအတွင်း၌ အချိန်တခဏကြာ တိတ်ဆိတ်သွားပြီးနောက် ယုလုံချင်းက စကားစလိုက်၏။
"အမှန်ပါပဲ..."
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
"လေ့ကျင့်နေတဲ့အချိန်မှာ ကျွန်တော်က သရုပ်မှန်ကို ဖုံးကွယ်ပြီးတော့ အစကနေ ပြန်စရတယ်... ဒါကြောင့် ခင်ဗျားကို ကျွန်တော် အဖြူရောင်ကျောက်တုံးမြို့မှာနေဖို့ အထောက်အထားတွေ ကိုင်တွယ်ပေးဖို့အတွက် တောင်းဆိုခဲ့တာပါ..."
ယုလုံချင်းသည် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားပြီး ကျန်းရွှမ်အပေါ် လေးစားစိတ်များ တိုးပွားလာသည်။
မြင်းထိန်းသမားအဖြစ် လေ့ကျင့်မှုစတင်ခြင်း... ဤသည်မှာ အမှန်တကယ်ကို ကြိုးပမ်းအားထုတ်မှုတစ်ခုပင်။
သူတို့ပင် သတိမပြုမိလောက်အောင် ကောင်းမွန်စွာ ဟန်ဆောင်နိုင်ခဲ့ခြင်းသည် သူ၏သည်းခံနိုင်ရည်စွမ်းကို ဖော်ပြနေပေ၏။
"ကျွန်တော်က ခင်ဗျားတို့ကို လှည့်စားဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး... ဒါက မိသားစုရဲ့ အမိန့်တစ်ခုဖြစ်တာကြောင့် ရှင်းပြဖို့ အဆင်မပြေခဲ့လို့ပါ"
ကျန်းရွှမ်က သူ၏လက်နှစ်ဖက်ကို ပူးဆုပ်လိုက်သည်။
လင်းပုယန်သည် သူ့ကို ဖရိုဖရဲကံကြမ္မာဆရာသခင်အဖြစ် သံသယဝင်နေပြီဖြစ်သောကြောင့် သူသည် ဟန်ဆောင်မှုကို ဆက်လက်လုပ်ဆောင်ရပေမည်။ ဤသည်မှာ ခုန်းရှီကို ကယ်တင်ရန်နှင့် သူ၏လုံခြုံရေးအတွက်ပင်။
"ငါတို့ နားလည်ပါတယ်..."
ယုလုံချင်းနှင့်လုမင်ရုန်တို့သည် တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြ၏။
သူသည် ဤမျှထိ အရည်အချင်းရှိပြီး အလျှင်အမြန် တိုးတက်လာသည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။ ထိုအရာများအားလုံးသည် အစွမ်းထက်မိသားစုတစ်ခု၏ စမ်းသပ်မှုမှ တစ်စိတ်တစ်ပိုင်းဖြစ်ပါက အဓိပ္ပာယ်ရှိသွားလေပြီ။
ကျန်းရွှမ်က ဆက်လက်၍ ပြောဆိုသည်။
"ဒီကိစ္စကို ထားလိုက်တော့...ကျောင်းအုပ်ကြီးလု ကျွန်တော့်ဆီမှာ ရင်းမြစ်ငွေကြေးဆယ်သန်းရှိပြီးတော့ ကံကြမ္မာချပ်ပြားတွေ ဝယ်ချင်တယ်... ခင်ဗျား ကျွန်တော့်ကို ရောင်းပေးနိုင်မလား..."
"မင်း ငွေရဖို့ ဒီလောက်ထိ ကြိုးစားနေခဲ့တာက အဲ့ဒီကိစ္စအတွက်လား...."
လုမင်ရုန် နားလည်သဘောပေါက်သွားသည်။
သူသည် ကျန်းရွှမ် မည်သည်ကြောင့် တာဝန်များကို အသည်းအသန် လက်ခံနေသည်အား သိချင်နေခဲ့သည်။ ယခုကြည့်ကြည့်တော့မှ ကျန်းရွှမ်သည် သူ့ထံမှ ကံကြမ္မာချပ်ပြားများ ဝယ်ယူရန် ရည်ရွယ်ထားခဲ့ခြင်းပင်။
"အဖြူရောင်ကျောက်တုံးကျောင်းတော်မှာ ကံကြမ္မာချပ်ပြားတချို့ကို စုဆောင်းထားပေမဲ့ နှစ်တွေကြာလာတာနဲ့အမျှ သိပ်မကျန်တော့ဘူး....လွန်ခဲ့တဲ့ ရက်အနည်းငယ်အကြာက ငါက လျှူထျန်ကျန်းကို တစ်ချပ်ရောင်းလိုက်တယ်... မင်းကို နှစ်ချပ်ပေးလိုက်တယ်... အခု ငါ့ဆီမှာ လေးချပ်ပဲကျန်တော့တယ်...အဲ့ဒါတွေအားလုံးကို မင်း ယူလိုက်ပါ...."
ကျန်းရွှမ်သည် သက်ပြင်းရှိုက်လိုက်၏။
"ကျောင်းအုပ်ကြီးလုကို ကျေးဇူးတင်ပါတယ်..."
ဤကံကြမ္မာချပ်ပြားလေးချပ်နှင့်ဆိုလျှင် စာကြည့်တိုက်တွင် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းပေါင်း တစ်သိန်းသုံးသောင်းခန့် ရှိသွားမည်ဖြစ်ရာ သူ အလျင်အမြန်လေ့ကျင့်ရန် လုံလောက်သည်။
"ကျေးဇူးတင်ဖို့ မလိုပါဘူး...."
လုမင်ရုန်က သူ့ကို တည်ကြည်လေးနက်စွာ ကြည့်လိုက်သည်။
"မင်းရဲ့အဆင့်အတန်းက မြင့်မားပေမဲ့ လင်းပုယန်က လက်စားချေတတ်တဲ့လူပဲ... ဒီနေ့ သူ့ကို တောင်းပန်ခိုင်းလိုက်တာက နောင်တစ်ချိန်ကျရင် မင်းကို အန္တရာယ်ဖြစ်စေနိုင်တယ်..."
"သူ့ကို မတောင်းပန်ခိုင်းရင် ကျွန်တော့်အတွက် ပိုပြီးကြီးမားတဲ့အန္တရာယ်ကို ဖြစ်စေလိမ့်မယ်"
ကျန်းရွှမ်က ခေါင်းခါယမ်းလိုက်သည်။
အကယ်၍ သူသည် လင်းပုယန်ကို လွယ်လင့်တကူ ထွက်သွားခွင့်ပြုခဲ့လျှင် လက်တုံ့ပြန်မှုသည် ပို၍ဆိုးရွားလာပေလိမ့်မည်။ လင်းပုယန်ကို တောင်းပန်ခိုင်းပြီး ရှုရှင်းကို ဒဏ်ရာရခဲ့စေခြင်းမှတဆင့် ထိုလူများသည် သူ့ကို ပို၍သတိထားကြပေလိမ့်မည်။
"ဒါလည်း ဟုတ်တာပဲ..."
လုမင်ရုန်သည် အချိန်တခဏကြာခန့် စဥ်းစားတွေးတောပြီးနောက် ခေါင်းညိတ်လိုက်၏။
သူသည် ထိုလူငယ်ထက် အသက်ပိုကြီးကာ အတွေ့အကြုံရင့်ကျက်သည်။ သို့ရာတွင် ကျန်းရွှမ်သည် ဤကိစ္စများကို သူ့ထက်ပို၍ ရှင်းလင်းစွာ မြင်နိုင်လိမ့်မည်ဟု သူ မျှော်လင့်မထားမိချေ။
"ကံကြမ္မာဆရာသခင်တွေက ကံကြမ္မာတွေကို ခြေရာခံပြီး ကြိုးကိုင်နိုင်တယ်...မင်း တော်တော်လေးသတိထားရမယ်.."
ယုလုံချင်းက ထပ်ပြောသည်။
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
"ကံကြမ္မာတွေကို ခြေရာခံတာလား..."
ယုလုံချင်းက ခေါင်းညိတ်ပြလေ၏။
"အမှန်ပဲ လူတိုင်းမှာ ကံကြမ္မာကိုယ်စီရှိတယ်.... အဲ့ဒါကို ရှာတွေ့သွားတာနဲ့ ကံကြမ္မာဆရာသခင်တစ်ယောက်က အကျိုးရှိတဲ့ စွမ်းအားစီးကြောင်းတွေကို ဖြတ်တောက်နိုင်သလို ကံကြမ္မာသော့ခလောက်တွေကို ထားပြီး အသန်မာဆုံးလူတွေကိုတောင် မလွတ်မြောက်နိုင်အောင် လုပ်နိုင်တယ်.... ဒါကြောင့် သူတို့ကို လူတွေက ကြောက်ရွံ့နေကြတာပဲ..."
ကျန်းရွှမ် နားရှုပ်သွားသည်။
"ဒါက ဘာကိုဆိုလိုတာလဲ...."
ယုလုံချင်းက ရှင်းပြလေ၏။
"ဒါကို ဖော်ပြဖို့ ခက်တယ်ဆိုပေမဲ့ ဥပမာတစ်ခုကိုပြရင် မင်း ပိုရှင်းသွားလိမ့်မယ်...မင်းရဲ့ဘဝတသက်မှာ ရင်းမြစ်ဒင်္ဂါးတစ်ဘီလီယံရဖို့ ကံကြမ္မာရှိတယ် ဆိုပါစို့...အဲ့ဒီအတွက် အခွင့်အလမ်းက မင်းဘဝမှာ ရွေးချယ်မှုတစ်ခုအနေနဲ့ ဖြစ်ပေါ်လာလိမ့်မယ်... ကံကြမ္မာဆရာသခင်တစ်ယောက်က ကံကြမ္မာမြစ်ထဲမှာ ဒီအဖြစ်အပျက်ကို ရှာဖွေနိုင်ပြီးတော့ အဲ့ဒါကို ဖျက်ဆီးပစ်တာ ဒါမှမဟုတ် ကံကြမ္မာသော့ခလောက်ကိုသုံးပြီး နှောင့်နှေးအောင် လုပ်တာတွေ လုပ်နိုင်တယ်.... ဒါကြောင့် မင်းက ဒီအခွင့်အလမ်းကို အသက်သုံးဆယ်မှာ ရမယ့်အစားအသက်ရှစ်ဆယ်မှာမှ ရနိုင်လိမ့်မယ်....ဒီကိစ္စနှစ်ခုလုံးက တူညီတဲ့ရလဒ်ကို ပေးပေမဲ့ ငယ်ရွယ်စဥ်မှာ ရရှိတာနဲ့ သေခါနီးမှာ ရရှိတာက အရမ်းကွာခြားတယ်..."
ကျန်းရွှမ် နားလည်သဘောပေါက်သွားသည်။
ကံကြမ္မာကို ပြောင်းလဲ၍မရသော်လည်း အခွင့်အလမ်းတစ်ခု ရရှိမည့်အချိန်ကို ကြိုးကိုင်နိုင်သည်။ အကယ်၍ ထိုသို့သော အကွက်ချမှုကို သူ့အပေါ် အသုံးပြုခဲ့လျှင် သူ ဒုက္ခရောက်ပေလိမ့်မည်။
"ဒါကို ရှောင်လွှဲဖို့ နည်းလမ်းတစ်ခုခု ရှိလား"
အချိန်တခဏကြာပြီးနောက် ကျန်းရွှမ်က မေးမြန်းလိုက်၏။
ယုလုံချင်းက တုံ့ပြန်အဖြေပေးသည်။
"ကံကြမ္မာဆရာသခင်တွေမှာ လူတစ်ယောက်ရဲ့ကံကြမ္မာတွေကို ကာကွယ်ဖို့ နည်းလမ်းတွေ သေချာပေါက် ရှိမှာပဲ...ဒါပေမဲ့ အသေးစိတ်ကိုတော့ ငါ မသိဘူး...."
သူတို့ စကားပြောနေစဥ်မှာပင် အဖြူရောင်ကျောက်တုံးကျောင်းတော်၌ ကြွင်းကျန်သော ကံကြမ္မာချပ်ပြားလေးချပ်ကို ဝူယွင်ကျိုးက ယူဆောင်လာခဲ့သည်။ ကျန်းရွှမ်သည် ရင်းမြစ်ဒင်္ဂါးရှစ်သိန်းကို ကျောင်းအုပ်ကြီးလုအား ပေးအပ်လိုက်သည်။ ဤအရာများအတွက် တစ်ခါတည်းငွေချေခြင်းသည် အကြွေးထားခြင်းထက် ပို၍ကောင်းမွန်သည်။
မေးခွန်းအနည်းငယ် ထပ်မေးပြီးနောက် သူတို့သည် ကံကြမ္မာဆရာသခင်များအကြောင်း များစွာမသိရှိကြောင်း သိလိုက်ရသဖြင့် ကျန်းရွှမ်က ဆက်လက်၍ မမေးမြန်းတော့ဘဲ မော့ကြည့်လိုက်၏။
"ဒီနေရာမှာ နတ်ဘုရားစိတ်ဝိညာဥ်နယ်ပယ် ကျင့်ကြံနည်းစနစ်တွေ ရှိလား"
လုမင်ရုန်က တုံ့ပြန်အဖြေပေးသည်။
"ကျောင်းတော်မှာ အဲ့ဒီနယ်ပယ်အတွက် ကျင့်ကြံနည်းစနစ်တွေ ဆယ်ခုကျော်လောက် ရှိပါတယ်...အကြီးအကဲကျန်း ဆန္ဒရှိရင် ငါ ယူပေးမယ်"
ယုလုံချင်းက ထပ်မံ၍ ပြောဆိုသည်။
"မြို့အရှင်အိမ်တော်မှာ ကျောင်းတော်ထက် ပိုများနိုင်ပေမဲ့ နည်းစနစ်နှစ်ဆယ်ထက်တော့ မပိုဘူး"
"ဆယ်အုပ်...အုပ်နှစ်ဆယ်လား..."
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
ဤသည်မှာ ကောင်းကင်လမ်းနည်းစနစ်တစ်ခု ဖန်တီးရန်အတွက် အလွန်နည်းပါးပေ၏။
"အရင်ဆုံး အဲ့ဒါတွေကို ယူလာခဲ့ပါ..."
သူသည် သင့်တော်သော နည်းစနစ်တစ်ခုကို ဖွဲ့စည်းရန် စနစ်တကျကောင်းကင်လမ်းစွမ်းရည်ကို အသုံးပြုကောင်းပြုနိုင်ပေမည်။
...
လျှူမိသားစု ခန်းမဆောင်တွင် အပ်ကျသံပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်နေသည်။ လျှူထျန်ကျန်းသည် သတိကြီးစွာထား၍ ထိုင်နေပြီး အသက်ပင် မရှူဝံ့ချေ။
အချိန်အတော်ကြာပြီးနောက် ရှုရှင်းက မယုံကြည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။
"အရှင်လင်း.... အဲ့ဒီလူက တကယ့်ကို အစွမ်းထက်မိသားစုတစ်စုရဲ့ သခင်လေးတစ်ယောက်လား...."
လင်းပုယန်က ခေါင်းညိတ်လိုက်သည်။
"ဒီလောက်ငယ်ရွယ်တဲ့အသက်အရွယ်မှာ ကျောက်စိမ်းအရိုးနယ်ပယ်ကို သူ ရောက်နေတာကိုကြည့်ရင် ဒါက ဖြစ်နိုင်ခြေအရမ်းများတယ်... ဒါပေမဲ့ အဲ့ဒီလိုဆိုရင်တောင် ဘာဖြစ်လဲ....အစွမ်းထက်မိသားစုတွေရဲ့ အမွေဆက်ခံသူတွေ အများကြီးက နှစ်စဥ်နှစ်တိုင်းလေ့ကျင့်ဖို့ ထွက်သွားကြတယ်...သူတို့တွေထဲက အသက်ရှင်ပြီးပြန်လာတဲ့လူတွေပဲ အဆင့်အတန်းနဲ့ နာမည်ဂုဏ်သတင်းကို ရကြတယ်.... မဟုတ်ရင် သူတို့က သာမန်လူတွေနဲ့ ဘာမှမကွာခြားဘူး..."
အစွမ်းထက်မိသားစုများတွင် သူတို့၏များပြားသောမိသားစုဝင်များကြောင့် ပြင်းထန်သော ပြိုင်ဆိုင်မှုများ ရှိကြသည်။
တိုက်ရိုက်အမွေဆက်ခံသူ မဟုတ်သမျှကာလပတ်လုံး သူတို့အနက်မှတစ်ယောက် ပြင်ပ၌ သေဆုံးသွားလျှင်ပင် မည်သူမျှ ဂရုစိုက်မည်မဟုတ်ချေ။
ထို့ကြောင့် ရေးမှတ်မထားသော စည်းမျဥ်းတစ်ခု ရှိနေသည်။ အစွမ်းထက်မိသားစုမှ အမွေဆက်ခံသူများ လေ့ကျင့်ရန်အတွက် ပြင်ပသို့ ထွက်ခွာလာချိန်၌ သူတို့သည် အမွေဆက်ခံသူများ မဟုတ်တော့ချေ။ အသက်ရှင်ကျန်ရစ်ပြီး ပြန်လာသူများသာလျှင် သူတို့၏အဆင့်အတန်းကို ပြန်လည်ရယူနိုင်ပေမည်။
ရှုရှင်း တွေဝေတုံ့ဆိုင်းသွားသည်။
"အရှင်လင်း ဆိုလိုချင်တာက..."
လင်ပုယန်၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။
"သူက သတ္တိကောင်းပြီး ငါ့ကို အရှက်ခွဲခဲ့တယ်.. ငါ သူ့ကို ပေါ်တင်မသတ်နိုင်ပေမဲ့ ခိုးကြောင်ခိုးဝှက်လုပ်လို့မရဘူးလို့ ဘယ်သူ ပြောလဲ...."
အကယ်၍ အတင်းအကြပ်တောင်းပန်ခိုင်းခြင်းအတွက်သာဆိုလျှင် ထိုလူငယ်သည် အစွမ်းထက်မိသားစုမှဖြစ်ကြောင်း သိနေသဖြင့် သူ သည်းခံနိုင်ခဲ့ပေမည်။ သို့ရာတွင် ထိုကောင်လေးသည် လွန်ခဲ့သော ဆယ့်ခုနစ်နှစ်အကြာက အသေးစိတ်အချက်အလက်များကို သိနေသည်... အကယ်၍ ထိုအကြောင်းများ ထွက်ပေါ်သွားပါက သူ မည်သို့ အသက်ရှင်နိုင်မည်နည်း။
ထို့ကြောင့် ဤလူနှစ်ယောက် သေကိုသေရပေမည်။
ရှုရှင်း၏မျက်လုံးများ တောက်ပသွားသည်။
"အရှင်လင်းက သူ့ရဲ့ကံကြမ္မာကို သော့ခတ်ပြီး ကံဆိုးမိုးမှောင်ကျအောင် လုပ်မလို့လား"
လင်ပုယန်က ခေါင်းခါလိုက်၏။
"အဲ့ဒီလောက် မရိုးရှင်းဘူး... ကံကြမ္မာကို ချိတ်ပိတ်တာက ငါ့ကို အများကြီး ထိခိုက်စေပြီးတော့ သူ့ရဲ့အောင်မြင်မှုတွေကို ခဏတာပဲ နှောင့်နှေးစေလိမ့်မယ်... ဒါက ငါ့အတွက် မတန်ဘူး...."
ရှုရှင်းက မျက်မှောင်ကြုတ်လိုက်သည်။
"ဒါဆိုရင်..."
လင်ပုယန်၏မျက်လုံးအကြည့် စူးရှသွားသည်။
"နတ်ဘုရားစိတ်ဝိညာဥ်နယ်ပယ်မှာ လူတစ်ယောက်ရဲ့ဝိညာဥ်က ခန္ဓာကိုယ်ကနေ ခွဲထွက်နိုင်တယ်... ဝိညာဥ်တွေက ဖမ်းဆုပ်လို့ မရနိုင်တဲ့အပြင် လုံလောက်တဲ့ကျင့်ကြံမှုမရှိရင် သူတို့ကို ရှာမတွေ့နိုင်ဘူး...ဒီည ငါ သူ့ကို အပြတ်ရှင်းမယ်...အဲ့ဒီလူဝကြီးကိုရောပဲ... ငါက သူတို့ရဲ့ကံကြမ္မာကို ကြိုတင်ဖုံးကွယ်ထားသရွေ့ ကာလပတ်လုံး ဘယ်သူမှ ငါ့ဆီကို ခြေရာခံနိုင်မှာမဟုတ်ဘူး..."
"ကောင်းလိုက်တာ...ကျွန်တော်က ဝင်္ကပါကို ပြင်ဆင်လိုက်ပါ့မယ်"
ရှုရှင်းက စိတ်လှုပ်ရှားသောအသံဖြင့် ပြောဆိုသည်။
လင်းပုယန်က ခေါင်းညိတ်လိုက်ပြီး လျှူထျန်ကျန်းဘက်သို့ ကြည့်လိုက်သည်။
"မင်းက သူ့ကို ဖရိုဖရဲကံကြမ္မာဆရာသခင်လို့ မှားယွင်းပြီး သတင်းပို့ခဲ့တာကြောင့် ငါက ဒီလောက်ထိကြီးမားတဲ့ ဆုံးရှုံးမှုကို ခံစားခဲ့ရတာပဲ..."
လျှူထျန်ကျန်း၏မျက်နှာ ဖြူဖျော့သွားသည်။
"အရှင်လင်း...ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ..."
လင်ပုယန်က အေးစက်တင်းမာသောအသံဖြင့် ပြောဆိုသည်။
"မင်းရဲ့လျှူမိသားစုက ဒီဝင်္ကပါနဲ့တခြားအရာအားလုံးအတွက် ငါ့ရဲ့ဆုံးရှုံးမှုတွေကို တာဝန်ယူပေးရင် ငါ မင်းကို ခွင့်လွှတ်မယ်...."
လျှူထျန်ကျန်း၏မျက်ခုံးများ တွန့်ကွေးသွားပြီး သူသည် စိုးရိမ်တကြီး မော့ကြည့်လိုက်၏။
"ဒါက ဘယ်လောက်လဲ..."
လင်ပုယန်၏မျက်လုံးများ တောက်ပသွားသည်။
"ဒါက သိပ်မများပါဘူး.... ရင်းမြစ်ဒင်္ဂါး သန်းသုံးဆယ်ပဲ...ညမိုးမချုပ်ခင် အဲ့ဒီငွေကို ငါ မတွေ့ရင်... မင်းရဲ့မိသားစုက သွေးနဲ့ ပေးဆပ်ရလိမ့်မယ်"
"သန်း...သန်းသုံးဆယ်... သွေးနဲ့ ပေးဆပ်ရမှာလား..."
လျှူထျန်ကျန်း၏မျက်နှာသည် ပြာနှမ်းသွားပြီး သူသည် ပုံလျက်သားလဲကျသွားတော့သည်။
ဤသည်မှာ အဆုံးသတ်သွားလေပြီ။ လျှူမိသားစုတစ်ခုလုံးကို ရောင်းချလျှင်ပင် သူသည် ဤငွေကြေးပမာဏကို မစုဆောင်းနိုင်ချေ။
ရင်းမြစ်ဒင်္ဂါးသန်းသုံးဆယ်... ရက်အနည်းငယ်အတွင်းတွင် လျှူမိသားစုသည် ပျက်စီးသွားခဲ့လေ၏။ ဤကိစ္စအားလုံးသည် သူ၏သမီးကို ကျန်းရွှမ်၏တပည့်ဖြစ်ခြင်းမှ တားဆီးခဲ့သောကြောင့်ပင်....။