လင်းပုယန်၏ သေဆုံးခြင်း
Vol. 11 Ch. 157
ညအချိန်၌...
လျှူမိသားစု၏ ကျယ်ဝန်းပြီး ထိန်လင်းနေသော စည်းဝေးခန်းမဆောင်အတွင်းတွင်...
ကံကြမ္မာဆရာသခင် လင်းပုယန်သည် အခန်းအတွင်း၌ တည်ကြည်လေးနက်စွာ ထိုင်နေပြီး သူ၏နံဘေးပတ်လည်တွင် အဆောင်သင်္ကေတများဖြစ်ပုံရသော ကြက်သွေးရောင်အမှတ်အသားများကို ဟင်္သာပြဒါးဖြင့် ရေးဆွဲထားသည်။ သူ၏ရှေ့တွင် ကောင်းကင် မြေပြင်နှင့် လူသားကို ကိုယ်စားပြုသော ကံကြမ္မာချပ်ပြားသုံးချပ်ကို နေရာချထားလေ၏။ အရပ်လေးမျက်နှာဖြစ်သော အရှေ့ အနောက် တောင်နှင့် မြောက်တို့တွင် အစောင့်အရှောက် နတ်ဘုရားသားရဲလေးပါးကို ကိုယ်စားပြုသော ရင်းမြစ်သားရဲလေးကောင်ဖြစ်သည့် နဂါးမြွေ သံမဏိသွားငရဲကျား အတောင်စိမ်းငှက်နက်နှင့် မီးစုန်းအခွံမာလိပ်တို့၏ သွေးများကို နေရာချထားသည်။
လင်းပုယန်သည် သူ၏လက်ချောင်းကိုကိုက်ပြီး ကံကြမ္မာချပ်ပြားများကို ညင်သာစွာ တို့ထိလိုက်ရာ ထိုအရာများမှ နူးညံ့ညင်သာသော အလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။ အချိန်တခဏအတွင်းမှာပင် မရေမတွက်နိုင်သော ကောင်းကင်ကံကြမ္မာစွမ်းအင်လှိုင်းလုံးကြီးများ တလိမ့်လိမ့်ထလာသည်။
ကံကြမ္မာကို သူ၏ဒိုင်းကာအဖြစ်ထားရှိလျှင် သူ၏ဝိညာဉ်သည် မပျက်စီးနိုင်ဘဲ ထိခိုက်မှုမှ ကင်းလွတ်ပေလိမ့်မည်။
ထုံးတမ်းစဉ်လာကို အဆုံးသတ်ပြီးနောက် သူသည် အနီးအနားရှိ ယဇ်ပလ္လင်အတွင်းသို့ အထူးသီးသန့်ပြုလုပ်ထားသော အမွှေးတိုင်ရှည်တစ်ချောင်းကို ပစ်ထည့်လိုက်၏။ ထိုအမွှေးတိုင်သည် မီးလောင်ကျွမ်းသွားပြီး ပြာလဲ့လဲ့မီးခိုးငွေ့များ ထွက်ပေါ်လာသည်။
"ဒီ 'စိတ်ဝိညာဉ်ပြန်ခေါ်ခြင်း အမွှေးတိုင်'ကို ကာကွယ်ထားစမ်း...အဲ့ဒါ မငြိမ်းသွားအောင် သေချာလုပ်ရမယ်... ဒီအမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်အတွင်းမှာ ငါက အဲ့ဒီနှစ်ယောက်ကို သတ်ပြီး အေးအေးဆေးဆေး ပြန်လာခဲ့မယ်..."
လင်းပုယန်က အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့....."
ရှုရှင်းနှင့်လျှူထျန်ကျန်းတို့ တပြိုင်နက်တည်း ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
စိတ်ဝိညာဉ်ပြန်ခေါ်ခြင်းအမွှေးတိုင်သည် စိတ်ဝိညာဉ်အတွက် ကျောက်ဆူးတစ်ခုပင်။
သာမန်အားဖြင့် လင်းပုယန်၏ဓမ္မရုပ်သွင်သည် အထူးတလည် သန်မာအားမကောင်းခြင်း မရှိသဖြင့် အလွန်ဝေးကွာစွာ စွန့်စားသွားခြင်းသည် ကျယ်ပြန့်သောကမ္ဘာကြီးအတွင်းတွင် သူ၏ခန္ဓာကိုယ်ကို ပျောက်ဆုံးသွားစေနိုင်သည့် အန္တရာယ်ရှိသည်။ ဤကျောက်ဆူးနှင့် ကံကြမ္မာ၏လမ်းညွှန်မှုတို့ ပေါင်းစပ်လိုက်လျှင် သူ အလွယ်တကူ ပြန်လာနိုင်ပေမည်။ အကယ်၍ အမွှေးတိုင်ငြိမ်းသွားပါက သူ၏ဓမ္မရုပ်သွင်သည် သတ်မှတ်ချိန်အတွင်း ပြန်မလာနိုင်တော့ဘဲ သူ၏ခန္ဓာကိုယ်မှ အာဟာရထောက်ပံ့ပေးမှု ပျက်ပြယ်သွားကာ သူ၏စိတ်ဝိညာဉ်သည် ကြေမွှပျက်စီးသွားပြီး သူ၏သေဆုံးခြင်းသို့ ဦးတည်သွားပေလိမ့်မည်။
"သွားစမ်း..."
ခပ်အုပ်အုပ်ဟိန်းဟောက်သံတစ်သံနှင့်အတူ ပလ္လင်ခွေနေသော လင်းပုယန်၏ခန္ဓာကိုယ်သည် မလှုပ်မယှက် ကျန်ရှိနေပြီး သူ၏နောက်၌ ကြီးမားသောပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ သူ၏ပုံတူအတိအကျဖြစ်သော်လည်း ပုံရိပ်ယောင်သဏ္ဍာန်ဖြစ်ပြီး ကောင်းကင်ကံကြမ္မာစွမ်းအင်၏အလင်းရောင်များ ရှိမနေဘဲ ဝိုးတဝါးသာတွေ့မြင်နိုင်ပေ၏။ ဤပုံရိပ်ယောင်သည် လင်းပုယန်၏စိတ်ဝိညာဉ်စွမ်းအားများမှ ဖွဲ့စည်းထားသော သူ၏ဓမ္မရုပ်သွင်ပင်။
ထိုအရာ ထွက်ပေါ်လာသည့် အချိန်အခိုက်အတန့်တွင် ရှုရှင်းနှင့်လျှူထျန်ကျန်းတို့သည် သူတို့၏စိတ်ဝိညာဉ်အတွင်းတွင် ပြင်းထန်သောတုန်ရီမှုတစ်ခုကို ခံစားလိုက်ရပြီး မတ်တတ်ရပ်နေရန်ပင် ရုန်းကန်နေရသည်။
ဤသည်မှာ တူညီသောကျင့်ကြံဆင့်ရှိသူများသာ ခုခံနိုင်ပြီး တစ်ဖက်လူ၏စိတ်ဝိညာဉ်ကို ခြေမွှဖျက်ဆီးနိုင်သည့် ဖိအားတစ်ရပ်ပင်။
သူတို့၏တုံ့ပြန်မှုများကို မြင်တွေ့ချိန်၌ လင်းပုယန်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူ၏ဓမ္မရုပ်သွင်သည် အေးစက်စက်လေပြင်းတစ်ရပ်အဖြစ်သို့ ပြောင်းလဲသွားပြီး အချိန်တခဏအတွင်းတွင် ပျောက်ကွယ်သွားပေ၏။
"အရှင်လင်းက အရမ်းအစွမ်းထက်တာပဲ... အဲ့ဒီလူ သေပြီးပြီလို့တောင် ပြောလို့ရတယ်..."
လျှူထျန်ကျန်းသည် နောက်ဆုံးတွင် အသက်ပြင်းပြင်းရှိုက်ထုတ်လိုက်ပြီး သူ၏မျက်လုံးများအတွင်းတွင် ယုံကြည်ချက်အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
လျှူမိသားစု၏ လက်ရှိဘဏ္ဍာရေးအခြေအနေသည် ပျက်စီးနေပြီး သူတို့၏ပိုင်ဆိုင်မှုအားလုံးနီးပါးကို ရောင်းချခဲ့ရသော်လည်း သူတို့သည် ယခုအချိန်၌ လင်းပုယန်နှင့် အလွန်နက်ရှိုင်းစွာ ပူးပေါင်းမိလေပြီ။ အကယ်၍ ကျန်းရွှမ် အသတ်ခံရပြီးနောက် အရှင်လင်း ပြန်လာပါက လျှူမိသားစု တိုးတက်လာမည်မှာ သေချာပေါက်ပင်။ သူတို့သည် မကြုံစဖူးသော အမြင့်ဆုံးအဆင့်သို့ပင် ရောက်ရှိနိုင်ပေမည်။
ဤသည်ကြောင့် လျှူထျန်ကျန်းထံတွင် မျှော်လင့်ချက်များ မျှော်လင့်တောင့်တမှုများဖြင့် ပြည့်နှက်နေသည်။
…
ကျန်းရွှမ်သည် စာကြည့်တိုက်အတွင်းတွင် ယုလုံချင်းနှင့်လုမင်ရုန်တို့ ယူဆောင်လာခဲ့သော ကျင့်ကြံနည်းစနစ်သုံးဆယ်ခန့်ကို ကြည့်ပြီး သက်ပြင်းရှိုက်လိုက်သည်။
နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်သည် ရင်းမြစ်ရေအိုင်နယ်ပယ်၏ အဆင့်ကိုးဆင့်အနက် အခက်ခဲဆုံးပင်။ ဤသည်ကို ကျင့်ကြံနည်းစနစ်များရှားပါးမှုနှင့် ပေါင်းစပ်လိုက်ချိန်၌ စနစ်တကျကောင်းကင်ဘုံလမ်းပင်လျှင် သူ့အတွက် အသင့်တော်ဆုံးနည်းလမ်းကို မတွက်ချက်နိုင်ခဲ့ပေ။
သူ့အတွက် ကျင့်ကြံနည်းစနစ်များ ပို၍ရှာဖွေနိုင်ရန် အရေးကြီးသည်။
အဖြူရောင်ကျောက်တုံးမြို့၌ နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် ကျင့်ကြံနည်းစနစ်များ ရရှိနိုင်သော နေရာများသည် ကျောင်းတော်နှင့် မြို့အရှင်အိမ်တော်မှလွဲ၍ မို လျှူနှင့် ဝမ်မိသားစုများထံမှ စုဆောင်းလျှင်ပင် အုပ်ရေငါးဆယ်ထက်မပိုနိုင်ချေ။ သို့ရာတွင် ဤအရေအတွက်သည် သူ၏လိုအပ်ချက်များကို ပြည့်မီရန်အတွက် မလုံလောက်သေးချေ။
"ထားလိုက်ပါတော့ . ငါက လေ့ကျင့်တာကို ခဏရပ်ပြီး စွန်းချန်ကို သွားကြည့်လိုက်ဦးမယ်..."
ထို့နောက် သူသည် အခန်းထဲမှ ထွက်ခွာသွားပြီး ခြံဝင်းအတွင်းတွင် လေ့ကျင့်နေသော စွန်းချန်ထံသို့ လျှောက်လှမ်းသွားလိုက်၏။
"သခင်လေး..."
စွန်းချန်က အလျင်အမြန် မတ်တတ်ထရပ်လိုက်သည်။
"အင်း... မင်းက စွမ်းအင်သိုလှောင်ခြင်းကနေ ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်ကို တက်လှမ်းသွားပြီပဲ...ဒါက မဆိုးဘူး..."
ကျန်းရွှမ်က ခေါင်းညိတ်ပြီး လက်ညှိုးညွှန်လိုက်ရာ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းနှစ်ထောင်သည် စွန်းချန်၏ 'ရင်းမြစ်ရေအိုင်'အတွင်းသို့ ဝင်ရောက်သွားသည်။
"အရင်က ငါ မင်းအတွက် ဖန်တီးပေးခဲ့တဲ့ လေဟာနယ်ရင်းမြစ်ရေအိုင်က ကောင်းကင်ကံကြမ္မာစွမ်းအင်တွေ မလုံလောက်တာကြောင့် အပြည့်အဝ မတည်ငြိမ်ခဲ့ဘူး...အခုတော့ ဒီလောက်ဆိုရင် စိတ်ချရလောက်ပြီ"
"တက်လှမ်းလာသူများ" အနေဖြင့် သူတို့သည် သဘာဝအတိုင်း ရင်းမြစ်ရေအိုင် မရှိကြချေ။ စွန်းချန်၏ကျင့်ကြံမှုကို ကူညီရန် ကျန်းရွှမ်သည် သူ၏ခန္ဓာကိုယ်အတွင်း၌ လေဟာနယ်ရင်းမြစ်ရေအိုင်တစ်ခုကို အထူးသီးသန့် ဖန်တီးပေးခဲ့သည်။
ဤသည်မှာ အထူးတလည် မကြီးမားသော်လည်း ယခင်က စွန်းချန် စုပ်ယူခဲ့သော ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း တစ်ထောင်သည် မလုံလောက်ခဲ့ချေ။ ယခုချိန်၌ စွမ်းအင်တန်းသုံးထောင်ဖြင့် စွန်းချန်၏လေဟာနယ်ရင်းမြစ်ရေအိုင်ကို တည်ငြိမ်စေသော အထောက်အပံ့တစ်ခုကို ဖွဲ့စည်းလိုက်၏။
ကျန်းရွှမ်သည် စွန်းချန်အား သွေးကြောသန့်စင်ခြင်း ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနှင့် ကျောက်စိမ်းအရိုးနယ်ပယ်များအတွက် ရေးသားထားသော ကျင့်ကြံနည်းစနစ်များကို ပေးအပ်လိုက်သည်။ သူသည် နောက်တစ်ကြိမ် လက်ညှိုးညွှန်လိုက်ပြီး ကောင်းကင်လမ်း ရင်းမြစ်စွမ်းအင် အမြောက်အများကို စွန်းချန်၏ မရီဒါန်းများအတွင်းသို့ ထည့်သွင်းပေးလေသည်။
"မင်းရဲ့ကျင့်ကြံမှုမှာ အတားအဆီးတစ်ခုခုနဲ့ကြုံတွေ့ရရင် ငါ့ရဲ့အစစ်အမှန်စွမ်းအားကို သုံးပြီးတော့ ရှင်းလင်းလိုက်ပါ..."
ရင်းမြစ်ကမ္ဘာတွင် အန္တရာယ်များဖြင့် ပြည့်နှက်နေသောကြောင့် စွန်းချန်၏ခွန်အား လျင်မြန်စွာတိုးတက်လာရန် လိုအပ်သည်။ ကောင်းကင်လမ်းရင်းမြစ်စွမ်းအင်သည် မရီဒါန်းများကို ရှင်းလင်းရန်အတွက် အကောင်းဆုံးဖြစ်သည်။
"ကျေးဇူးတင်ပါတယ် သခင်လေး..."
စွန်းချန်၏အသံသည် ကျေးဇူးတင်မှုကြောင့် တုန်ရီနေပေ၏။
"မင်းရဲ့လေ့ကျင့်မှုကို ဆက်လုပ်တော့..."
နောက်ထပ်စကားမဆိုတော့ဘဲ ကျန်းရွှမ်သည် သူ၏အခန်းထံသို့ ပြန်သွားပြီး မကြာမီမှာပင် ရွှမ်ကမ္ဘာတွင် ထွက်ပေါ်လာသည်။
ယခင်က ကောင်းကင်ကံကြမ္မာစွမ်းအင် မလုံလောက်မှုကြောင့် နယ်လင်းရှီနှင့်တခြားလူများအတွက် သူ တည်ဆောက်ပေးခဲ့သော ရင်းမြစ်ရေအိုင်များသည် ပုံကြမ်းပေါ်ရုံမျှာသာ ဖြစ်ခဲ့သည်။ ယခုချိန်၌ စွမ်းအင်အလုံအလောက်ဖြင့် သူသည် ထိုပုံကြမ်းများကို ခိုင်မာအောင်လုပ်နိုင်ပြီး သူတို့ကို ပို၍ထိရောက်စွာ ကျင့်ကြံနိုင်ရန် ကူညီပေးနိုင်သည်။
ကျန်းရွှမ် ထွက်ခွာသွားပြီးနောက် မကြာမီမှာပင် လရောင်ထိန်ထိန်သာနေသော ခြံဝင်းအတွင်း၌ အေးစက်စက်လေပြင်းတစ်ရပ် တိုက်ခတ်လာသည်။ ထိုနေရာတွင် ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာကာ အအေးဓာတ်သည် ပို၍ပြင်းထန်လာပေ၏။
"ကျန်းရွှမ်....ပြီးတော့ အဲ့ဒီဝတုတ်ကောင်...မင်းတို့နှစ်ယောက်လုံး သေရမယ်..."
လင်းပုယန်၏ဓမ္မရုပ်သွင်သည် နှာတစ်ချက်မှုတ်လိုက်ပြီး ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာလိုက်သည်။
သူ့ကိုဖော်ထုတ်ခဲ့သော ဟောင်ဖွာဖွာလူဝကြီးသည် ခြံဝန်းအတွင်းတွင် ကျင့်ကြံနေသည်။ သူသည် သန့်စင်သော ရင်းမြစ်စွမ်းအင်စီးကြောင်းများကို လျင်မြန်စွာ သန့်စင်နေပြီး သူ၏မရီဒါန်းများအတွင်းသို့ စုပ်ယူကာ သူ၏ရင်းမြစ်ရေအိုင်အတွင်းသို့ စီးဝင်နေပေ၏။
"အမ်...ကျန်းရွှမ်က ဒီနေရာမှာ မရှိဘူးလား..."
ပတ်ဝန်းကျင်ကို စူးစမ်းပြီးနောက် လင်းပုယန်က မျက်မှောင်ကြုတ်လိုက်သည်။
"ဒီနေ့တော့ သူ ကံကောင်းသွားပုံပဲ .. ဒါပေမဲ့ ငါ ဒီဝတုတ်ကောင်ကို အရင်သတ်ပြီး စရန်အနေနဲ့ အရင်ယူလိုက်မယ်..."
သူ၏မျက်လုံးများသည် စွန်းချန်အပေါ်တွင် စူးစိုက်၍ကျရောက်နေသည်။ သူသည် အချိန်မဖြုန်းဘဲ လှုပ်ရှားလိုက်ကာ သူ၏ကြီးမားသော ဓမ္မရုပ်သွင်သည် ဝတုတ်တုတ်ပုံရိပ်ထံသို့ တိုးဝင်သွားပေ၏။
စွန်းချန်သည် အိပ်တဝက်နိုးတဝက်ဖြစ်နေသော အခြေအနေတွင် နစ်မြောနေပြီး သူသည် ရွှေတောင်ကြီးတစ်ထောင်၏ထိပ်တွင် မတ်တတ်ရပ်နေကာ သူ့အားအဆုံးမရှိသော ရင်းမြစ်ဒင်္ဂါးများက ဝန်းရံထားသည်အား မြင်ယောင်နေသည်။ သူ ပျော်ရွှင်နေစဥ်မှာပင် အေးစက်စက်အသံတစ်သံက သူ၏စိတ်ကူးယဉ်မှုကို ချိုးဖျက်လိုက်၏။
"တုံးအတဲ့ ဝတုတ်ကောင်...မင်းက ငါ့ကို ခြိမ်းခြောက်ရဲတယ်....ဒီနေ့က မင်းသေရမယ့်နေ့ပဲ..."
"အမ်..."
စွန်းချန်သည် လန့်ဖျပ်သွားကာ လင်းပုယန်၏ ကြီးမားသောဓမ္မရုပ်သွင်သည် သူ့ကို ခြေမွှဖျက်ဆီးတော့မည့် စွမ်းအားဖြင့် ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။
"လင်းပုယန်...သူရဲဘောကြောင်တဲ့ကောင်...ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ရဲတယ်.. မင်းရဲ့ဂုဏ်သိက္ခာက ဘယ်ရောက်သွားတာလဲ...ငါနဲ့ ထိပ်တိုက်တိုက်ခိုက်စမ်း..."
စွန်းချန်က အော်ဟစ်လိုက်သည်။
"မင်းနဲ့ ထိပ်တိုက်တိုက်ခိုက်ရမှာလား...အဲ့ဒီလိုလုပ်ဖို့ မင်းနဲ့မထိုက်တန်ဘူး..."
လှောင်ရယ်သံတစ်သံနှင့်အတူ လင်းပုယန်သည် စွန်းချန်ကို ဖမ်းဆုပ်ရန် သူ၏လက်ကို ဆန့်တန်းလိုက်၏။
ရုတ်ချည်းဆိုသလိုပင် တောင်တစ်လုံးနှင့်တူသော ဧရာမတည်ရှိမှုကြီးတစ်ခုက သူ့အပေါ်သို့ ကျရောက်လာသည်။
"ရင်းမြစ်ရေအိုင်လား...ရင်းမြစ်ရေအိုင်တစ်ခုက ဘယ်လိုလုပ်ပြီး ဒီလောက်ထိ ကြီးမားနိုင်ရတာလဲ....."
လင်းပုယန် ထိတ်လန့်တုန်လှုပ်သွားသည်။
အရည်အချင်းရှိသူများပေါကြွယ်ဝသော ကျိုးယီမင်းဆက်တွင်ပင် သူသည် ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရသော်လည်း သူ၏ရင်းမြစ်ရေအိုင်သည် ပင်ပေါင်ဘောလုံးအရွယ်သာ ရှိသည်။ သို့ရာတွင် ဤသည်မှာမူ... တောင်တစ်လုံးနှင့် တူညီနေပေ၏။
'ဒါက ပထမတန်းစား ရင်းမြစ်ရေအိုင်များ ဖြစ်နေမလား...မဟုတ်ဘူး...အဲ့ဒီထက် ပိုကြီးတယ်...ဒါက သူတော်စင်အဆင့်ထက်တောင် ကျော်လွန်နိုင်တယ်...'
သူတော်စင်အဆင့် ရင်းမြစ်ရေအိုင်ကို ပိုင်ဆိုင်ထားသူသည် အစေခံတစ်ယောက်သာ ဖြစ်နေသလော...
'ဒါက တကယ်ကြီးလား....'
လင်းပုယန်၏မျက်လုံးများအတွင်းတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပျံ့နှံ့လာသည်။ သူသည် ကျန်းရွှမ်နှင့်ဤအစေခံကို သတ်ဖြတ်ခြင်းအား မည်သူမျှ သတိပြုမိမည်မဟုတ်ဟု တွေးထင်ခဲ့သည်။ ယခုချိန်၌ ဤကဲ့သို့အဆင့်အတန်းရှိသော အစေခံတစ်ဦးနှင့် ရင်ဆိုင်ရချိန်၌ သူ့ထံတွင် သံသယများ ဝင်ရောက်လာသည်။
"ဆုတ်ခွာရမယ်..."
သူသည် ထိတ်လန့်တကြားဖြင့် ထွက်ပြေးရန် နောက်သို့ပြန်လှည့်လိုက်၏။
သို့ရာတွက် သူ မလှုပ်ရှားမီမှာပင် ကောင်းကင်လမ်းစွမ်းအားများဖြင့် ပြည့်နှက်နေသော အစစ်အမှန်စွမ်းအင်စီးကြောင်းများသည် မိုးကောင်းကင်ယံမှ ဆင်းသက်လာသည့် နဂါးများအလား ထွက်ပေါ်လာသည်။
"ဒါက ဘာလဲ..."
လင်ပုသည် ကြက်သေသေသွားပြီးနောက် ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
"မဟုတ်ဘူး...ငါ အရှုံးပေးပါတယ်... ငါ မှားသွားတယ်..."
အစစ်အမှန်စွမ်းအားများသည် သူ့ကို စုတ်ဖြဲသွားပြီး သူ၏စိတ်ဝိညာဉ်ကို ကြေမွှသွားစေကာ အရသာရှိသော စားကောင်းသောက်ဖွယ်တစ်ခုကို စားရသည့်အလား ဝါးမြိုလိုက်သည်။
"အား..."
စွန်းချန်သည် လန့်နိုးလာကာ သူ၏ခန္ဓာကိုယ်၌ ချွေးများရွှဲနစ်နေသည်။
"ဒါက အိမ်မက်လား..."
သူသည် နံဘေးပတ်လည်ကို ကြည့်လိုက်ရာ ခြံဝန်းအတွင်းတွင်သာ သူ ရှိနေဆဲပင်။ သူ နားမလည်နိုင်ဖြစ်နေကာ ဇဝေဇဝါဖြစ်နေစဥ်မှာပင် သူ၏ခန္ဓာကိုယ်အတွင်း၌ ကျန်းရွှမ် ချန်ထားခဲ့သော အစစ်အမှန်စွမ်းအားမှ သူ့အား စွမ်းအားဖြည့်တင်းပေးနိုင်သော နွေးထွေးမှုများ ပျံ့နှံ့လာသည်။ ထိုအရာသည် သူ၏စိတ်ဝိညာဉ်နှင့်ကျင့်ကြံဆင့်စွမ်းအားများကို မြှင့်တင်ပေးလေ၏။
ခရက်...ခရက်..
အသက်ရှုအနည်းငယ်အတွင်းမှာပင် သူသည် ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်ကို ချိုးဖျက်ပြီး သွေးကြောသန့်စင်ခြင်းနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့သည်။
နာရီဝက်အကြာတွင် သူ၏စွမ်းအားများ အပြည့်အဝ တည်ငြိမ်သွားသည်။ သူ၏စိတ်ဝိညာဉ်သည် သန်မာအားကောင်းလာသည်အပြင် သူ၏ကျင့်ကြံဆင့်သည် ရင်းမြစ်ရေအိုင်နယ်ပယ်၏ အဋ္ဌမအဆင့်ဖြစ်သော နတ်ဘုရားစိတ်ဝိညာဥ်နယ်ပယ်သို့ ရောက်ရှိသွားလေပြီ။
"ဒါက..."
စွန်းချန်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
'ကျင့်ကြံတာက ဘယ်တုန်းက ဒီလောက်ထိ လွယ်သွားတာလဲ...'
"ဒါက အိမ်မက်မဟုတ်ဘူး...တကယ်ဖြစ်ခဲ့တာပါလား..."
ဤကိစ္စကို သဘောပေါက်သွားချိန်၌ စွန်းချန်က တံတွေးမျိုချလိုက်သည်။
"ငါက ကံကြမ္မာဆရာသခင်တစ်ယောက်ကို သတ်လိုက်ရုံတင်မကဘူး...သူ့ရဲ့စိတ်ဝိညာဥ်ကို စုပ်ယူလိုက်တာလား..."
ဤသည်မှာ ဤကိစ္စကို ဖြေရှင်းနိုင်သည့် တစ်ခုတည်းသောအရာဟု ဆိုလိုနိုင်သည်။ သူသည်သည် လင်းပုယန်ကို အနိုင်ယူနိုင်ခဲ့သည့်အပြင် စိတ်ဝိညာဉ်ကိုလည်း ဝါးမြိုနိုင်ခဲ့သည်။
ရင်းမြစ်ရေအိုင်နယ်ပယ်၏ နဝမအဆင့်တွင်ရှိသော ဓမ္မရုပ်သွင်နယ်ပယ် ကျင့်ကြံသူတစ်ဦး၏ကျင့်ကြံဆင့်စွမ်းအားများအားလုံးသည် သူ၏စိတ်ဝိညာဉ်တွင် တည်ရှိပေ၏။
ထိုအရာကို စုပ်ယူခြင်းသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ စွမ်းအားအမြောက်အများ ထိုးသွင်းခြင်း ခံလိုက်ရသည့်အလားပင်။
ဤသည်ကြောင့် သူ အလျင်အမြန် မတိုးတက်လျှင် ထူးဆန်းနေပေလိမ့်မည်။
"ငါက နတ်ဘုရားစိတ်ဝိညာဉ်အဆင့်မှာရှိနေပြီး တော့ သခင်လေးက အဲ့ဒီအဆင့်ကို မရောက်သေးဘူး...ဟား ဟား ဟား..."
ကျန်းရွှမ်၏တုံ့ပြန်မှုကို မြင်ယောင်ရင်း စွန်းချန် က ပြုံးလိုက်သည်။
သခင်လေးသည် သူ၏တိုးတက်မှုကြောင့် အံ့အားတသင့် ဖြစ်သွားပေလိမ့်မည်။ သူတို့နှစ်ယောက်ကြားတွင် မည်သူက ပို၍အားကောင်းသည်ကို ကြည့်ရန်အတွက် ယှဉ်ပြိုင်တိုက်ခိုက်ရပေမည်။
လျှူအိမ်တော်၌...
"အရှင်ရှုရှင်း...အရှင်လင်း ပြန်လာတဲ့အချိန်ကျရင် ကျွန်တော့်အတွက် စကားကောင်းလေးတစ်ခွန်းလောက် ထည့်ပြောပေးပါ...ကျွန်တော်တို့ လျှူမိသားစုက သူ့ကိုထောက်ပံ့ဖို့အတွက် အရာအားလုံးကို တကယ်ကြီး စွန့်စားခဲ့ရတာပါ.."
လျှူထျန်ကျန်းက ဦးညွှတ်လိုက်သည်။
"မင်း စိတ်ချလက်ချနေပါ...နောက်ပိုင်းကျရင် ငါ့ရဲ့အဆင့်အတန်းက သိသိသာသာ မြင့်တက်သွားလိမ့်မယ်... မင်းတို့လျှူမိသားစုကတော့ အဖြူရောင်ကျောက်တုံးမြို့ရဲ့ထိပ်ဆုံးကို တက်လှမ်းသွားနိုင်မယ်ဆိုတာ သံသယဖြစ်ဖို့ မလိုဘူး..."
ရှုရှင်း၏မျက်လုံးများ တောက်ပနေသည်။
"အရှင်ရှုကို ကျေးဇူးတင်ပါတယ်..."
လျှူထျန်ကျန်းက စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
ခေါင်းမာသောကောင်မလေး လျှူမင်ယွဲ့သည် သူမ၏ဆရာ သေဆုံးသွားပါက ပြန်လာပေလိမ့်မည်။ သူသည် သူမအား မိဘစကားကိုနားမထောင်ခြင်း၏ အကျိုးဆက်အား နားလည်အောင် ပြုလုပ်ရပေမည်။
"ရပါတယ်... အမ်.. ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ.."
ရုတ်တရက် ရှုရှင်း၏အသံသည် ကြောက်ရွံ့မှုကြောင့် တုန်ရီသွားပေ၏။
"အရှင်ရှူ....ဘာဖြစ်လို့လဲ..."
လျှူထျန်ကျန်းသည် သူ၏လေသံအတွင်းမှ ထိတ်လန့်မှုကို သတိပြုမိသဖြင့် နားမလည်နိုင်စွာ ကြည့်လိုက်သည်။
ရှုရှင်းက တုန်ရီနေသောလက်ဖြင့် ရှေ့သို့ညွှန်ပြလိုက်သည်။
"စိတ်ဝိညာဉ်ပြန်ခေါ်ခြင်းအမွှေးတိုင်... အဲ့ဒါက ငြိမ်းသွားပြီ..."
လျှူထျန်ကျန်း၏ အကြည့်သည် ယဇ်ပလ္လင်ထံသို့ ရုတ်တရက်ကျရောက်သွားသည်။ အမှန်တကယ်ကိုပင် လင်းပုယန် ထွက်ခွာမသွားမီက ထွန်းညှိခဲ့သော အမွှေးတိုင်သည် ယခုအချိန်၌ ငြိမ်းသေသွားခဲ့လေပြီ။ လင်းပုယန်၏ခန္ဓာကိုယ်သည် ဝင်္ကပါ၏အလယ်တွင် မလှုပ်မယှက်ထိုင်နေပြီး အသက်ရှုရပ်တန့်နေပေ၏။။
"အရှင်လင်း... သူ...သူ... သေ... သေသွားပြီလား..."
လျှူထျန်ကျန်း၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး အရိုးထိစိမ့်အောင် ကြောက်ရွံ့မှုတစ်ခုက သူ့ကို လွှမ်းခြုံသွားသည်။