← Chapters

အနက်ရောင်အကြေးခွံ ဖီးနစ်လင်းယုန်ကို ယဉ်ပါးအောင်လုပ်ခြင်း

Vol. 11 Ch. 160

အနက်ရောင်အကြေးခွံ ဖီးနစ်လင်းယုန်ကို ယဉ်ပါးအောင်လုပ်ခြင်း

Vol. 11 Ch. 160

ကျန်းရွှမ်က ပြောဆိုသည်။

"ခင်ဗျားတို့နှစ်ယောက်က အသက်နဲ့စွန့်စားပြီးတော့ ကံကြမ္မာခန်းမက ခင်ဗျားတို့ကို ဒေါသထွက်သွားနိုင်တဲ့ အခြေအနေကို လျစ်လျူရှုပြီး ကျွန်တော့်ကို သတင်းအချက်အလက်တွေ ယူလာပေးကြတယ်...ကျွန်တော့်ရဲ့အခက်ခဲဆုံးအချိန်တွေမှာ ကျွန်တော့်ရဲ့အထောက်အထားကို မဖော်ထုတ်ခင်ကတည်းက ခင်ဗျားတို့နှစ်ယောက်လုံးက ပုံစံအမျိုးမျိုးနဲ့ အကူအညီပေးခဲ့ကြတယ်...ကျွန်တော် ကျန်းရွှမ်က ဒါကို ကောင်းကောင်းမှတ်မိပြီးတော့ ကျေးဇူးကန်းတဲ့လုပ်ရပ်မျိုးကို ဘယ်တော့မှ မကျူးလွန်ပါဘူး..."

ယုလုံချင်းက စိုးရိမ်ပူပန်တကြီးဖြင့် တုံ့ပြန်သည်။

"ဒါပေမဲ့... မင်းက ငါတို့ကို မသတ်ဘူးဆိုရင် ဒီသတင်းအချက်အလက်တွေ ပေါက်ကြားသွားတာနဲ့ မင်း ဒုက္ခအကြီးအကျယ်ရောက်လိမ့်မယ်..."

"မြို့အရှင်ပြောတာ အမှန်ပဲ"

လုမင်ရုန်က ခေါင်းညိတ်လိုက်သည်။

"ကံကြမ္မာဆရာသခင်တစ်ယောက်ကို သတ်ပြီးတော့ အဲ့ဒီလူအဖြစ် ဟန်ဆောင်တာက...မင်းက အစွမ်းထက်မိသားစုတစ်စုရဲ့ သခင်လေးတစ်ယောက်ဖြစ်နေရင်တောင် အပြစ်ဒဏ်ကနေ လွတ်မြောက်ဖို့ ခက်ခဲလောက်အောင် ပြင်းထန်တဲ့ ရာဇဝတ်မှုတစ်ခုပဲ...."

"ပထမဆုံးအနေနဲ့ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းတာ အချိန်တိုလေးပဲရှိသေးပေမယ့်...ခင်ဗျားတို့က ကိုယ်ကျိုးအတွက် ကျွန်တော့်ကို သစ္စာဖောက်မှာမဟုတ်ဘူးလို့ကျွန်တော် ယုံကြည်တယ်...."

သူတို့၏စကားများကို ကြားဖြတ်ပြောဆိုလိုက်ပြီး ကျန်းရွှမ်၏မျက်လုံးများအတွင်းတွင် စိတ်ပိုင်းဖြတ်ထားမှုများ ထင်ဟပ်နေသည်။

"ဒုတိယအနေနဲ့ ကျေးဇူးဆပ်တာနဲ့ ရန်ငြိုးကိုဖြေရှင်းတာက လူသားတစ်ဦးရဲ့အခြေခံစည်းမျဥ်းပဲ...ကျွန်တော့်ရဲ့လုံခြုံရေးအတွက် ကြောက်ရွံ့တာကြောင့် ကျွန်တော့်ရဲ့ကျေးဇူးရှင်တွေကို သတ်ပစ်လိုက်မယ်ဆိုရင် ကျွန်တော်က သားရဲတစ်ကောင်နဲ့ ဘာကွာခြားတော့မလဲ...."

ယုလုံချင်းနှင့်လုမင်ရုန်တို့နှစ်ယောက်သား တိတ်ဆိတ်သွားကြသည်။

ကျေးဇူးဆပ်ခြင်းနှင့် ရန်ငြိုးကိုလက်စားချေခြင်းတို့သည် အမှန်တကယ်ကို လူသားများ၏အခြေခံစည်းမျဥ်းများပင်။ ဝမ်းနည်းဖွယ်ကောင်းသည်မှာ လူအမြောက်အများသည် ထိုအရာများကို မေ့လျော့သွားကြပြီး သူတို့ကိုယ်တိုင်ပင်လျှင် တစ်ချိန်က အကျိုးအမြတ်အတွက် ဤအခြေခံစည်းမျဥ်းများကို စွန့်လွှတ်ခဲ့ဖူးသည်။ သူတို့၏ရှေ့မှ လူငယ်လေးသည် သူ၏အသက်အရွယ်နှင့်မလိုက်အောင် ဤစည်းမျဥ်းများကို ဤမျှထိ အလွန်အမင်းခိုင်မာစွာ လိုက်နာနေသည်မှာ အံ့အားသင့်ဖွယ်ရာပင်။

အချိန်တခဏအကြာတွင် ယုလုံချင်းက သက်ပြင်းရှိုက်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် ခါးသည်းသော အပြုံးတစ်ရပ် ဖြတ်ပြေးသွားသည်။

"ငါတို့ရဲ့အမြင်က အရမ်းကျဉ်းမြောင်းခဲ့ပုံရတယ်...."

"အမှန်ပဲ....အသက်ကြီးလေလေ လူတွေကို ပိုပြီးနားလည်လေလေလို့ ငါ ထင်ခဲ့တယ်...ဒါပေမဲ့ ငါ့ရဲ့မူလရည်ရွယ်ချက်ကို ငါ မေ့သွားခဲ့တယ်"

လုမင်ရုန်က ခေါင်းခါလိုက်သည်။

အတိတ်တွင် သူသည် တစ်စုံတစ်ဦး၏ တောင်းဆိုချက်တစ်ခုတည်းအတွက် သူ၏အရာအားလုံးကို မြှုပ်နှံခဲ့မိသည်။ ဤဆုံးဖြတ်ချက်သည် ယခုအချိန်တွင် ပြန်ကြည့်ပါက မိုက်မဲပုံရသော်လည်း သူ့ဘဝ၏ အမြတ်နိုးဆုံးအမှတ်တရအဖြစ် ကျန်ရှိနေဆဲပင်။

သူတို့နှစ်ယောက်သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး ရှေ့သို့ခြေတစ်လှမ်းတိုးကာ တည်ကြည်လေးနက်စွာ ဦးညွှတ်လိုက်ကြသည်။

"ဆရာကျန်းက ငါတို့ကို ဒီလောက်ထိ ယုံကြည်မှတော့ ငါတို့က ဒီသတင်းကို ထုတ်ဖော်ခဲ့မယ်ဆိုရင် ထာဝရငရဲကျပြီးတော့ ရင်းမြစ်စွမ်းအင်တွေ တန်ပြန်သွေဖည်မှုနဲ့ သေဆုံးပါစေလို့ ငါ ကျိန်ဆိုတယ်...."

"ဒီလောက်ထိ ပြင်းထန်တဲ့ ကျိန်ဆိုမှုမျိုးကို မလိုအပ်ပါဘူး... ကျွန်တော် ခင်ဗျားတို့ရဲ့သစ္စာသမာဓိကို ယုံကြည်ပါတယ်"

ကျန်းရွှမ်က လက်ဝှေ့ယမ်းလိုက်သည်။

"ဒီကိစ္စကို ထားလိုက်တော့... လျှူမိသားစုရဲ့ အမျက်ဒေါသကို ကိုင်တွယ်ဖို့ အာရုံစိုက်ကြရအောင်... သူတို့ရဲ့မိသားစုခေါင်းဆောင် သေဆုံးသွားတာနဲ့ သူတို့ရဲ့စည်းစိမ်ဥစ္စာတွေ ကုန်ခမ်းသွားတာတွေက လွယ်လွယ်ကူကူ ဖြေရှင်းနိုင်မှာမဟုတ်ဘူး"

လျှူမိသားစုသည် ဂုဏ်အဆင့်အတန်းကို မြှင့်တင်ရန် အခွင့်အရေးအတွက် လင်းပုယန်နှင့် မဟာမိတ်ဖွဲ့ခဲ့သော်လည်း ရင်းမြစ်ဒင်္ဂါးသန်းလေးဆယ်နီးပါးကုန်ခမ်းသွားပြီး သူတို့၏မိသားစုခေါင်းဆောင် သေဆုံးခြင်းကိုသာ ခံစားခဲ့ရသည်။ ဤသတင်းသာ ပျံ့နှံ့သွားပါက ကြီးမားသော ဂယက်ရိုက်ခတ်မှုကို ဖြစ်ပေါ်စေမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

အကယ်၍ ဤကိစ္စကို အဖြူရောင်ကျောက်တုံးမြို့အတွင်းတွင်သာ ကန့်သတ်ထားလျှင် ကိုင်တွယ်နိုင်ပေလိမ့်မည်။ သို့ရာတွင် ဤကိစ္စသည် တော်ဝင်မြို့တော်သို့ သတင်းရောက်ရှိသွားပါက သံသယများ မလွဲမသွေ ပေါ်ပေါက်လာပေလိမ့်မည်။ ဤကဲ့သို့ ဖြစ်မလာရန်အတွက် သင့်လျော်သော စီစဉ်မှုတစ်ခုရှိရန် မဖြစ်မနေလိုအပ်ပေ၏။

"ဆရာကျန်း...မင်း စိတ်ပူဖို့ မလိုပါဘူး"

ယုလုံချင်းက ပြောဆိုသည်။

"ငါ ဒီနေရာကိုလာတဲ့လမ်းမှာ အကြံပေးလျောင်ကို မြို့စောင့်တပ်ကို စုစည်းခိုင်းခဲ့တယ်...ဒီနှစ်တွေတလျှောက်မှာ လျှူမိသားစုက ကံကြမ္မာခန်းမကို အားကိုးပြီးတော့ ရက်စက်ကြမ်းကြုတ်မှုတွေအများကြီးကို ကျူးလွန်ခဲ့တာ အဖြူရောင်ကျောက်တုံးမြို့အတွက် အနာဂတ်ဆိုးတစ်ခု ဖြစ်လာခဲ့တယ်... အခု လျှူထျန်ကျန်းသေဆုံးသွားမှတော့ ဒီအကျင့်ပျက်ခြစားနေတဲ့ကောင်တွေကို အမြစ်ပြတ်ချေမှုန်းဖို့ လိုအပ်တယ်"

"ကောင်းပြီလေ..."

ကျန်းရွှမ်က စိတ်သက်သာရာရသွားပြီး သက်ပြင်းရှိုက်လိုက်သည်။

မြို့အရှင်အိမ်တော်၏ ဝင်ရောက်စွက်ဖက်ခြင်းနှင့် လျှူမိသားစုခေါင်းဆောင် သေဆုံးသွားခြင်းတို့နှင့်အတူ ဖြစ်နိုင်သည့်အလားအလာရှိသော မည်သည့်ဂယက်ရိုက်ခတ်မှုကိုမဆို လျင်မြန်စွာ ငြိမ်သက်သွားစေခဲ့သည်။ နေ့တစ်ဝက်အတွင်း လျှူမိသားစု၏အကြွင်းအကျန်များကို ရှင်းလင်းခဲ့ကာ သူတို့၏ပိုင်ဆိုင်မှုများသည် အခွံသက်သက်အဖြစ်သာ ကြွင်းကျန်ခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် ကျန်းရွှမ်သည် လျှူမင်ယွဲ့ကို ခေါ်ဆောင်လာခဲ့ကာ ကြိုးဖြင့်ချည်နှောင်ထားခြင်းခံရပြီး စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုလက္ခဏာများ ပြသနေသော ရှုရှင်းနှင့် တွေ့ဆုံခွင့်ပေးခဲ့လေ၏။

"သူ့ရဲ့ကံကြမ္မာကို မင်းပဲဆုံးဖြတ်လိုက်ပါ..."

ကျန်းရွှမ်က သူ၏လက်များကို နောက်ပစ်ကာ အနီးအနားတွင် မတ်တတ်ရပ်နေရင်း ပြောဆိုလိုက်သည်။

"သူက ကျွန်မရဲ့အဖေကို နောက်ကနေ ချောင်းမြောင်းသတ်ဖြတ်ခဲ့တယ်...ကျွန်မ သူ့ကို အဲဒီနည်းလမ်းအတိုင်းပဲ သတ်မယ်"

လျှူမင်ယွဲ့က မျက်လုံးများနီမြန်းနေကာ သူမက စိတ်ပိုင်းဖြတ်ထားသော အမူအယာဖြင့် အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။

သူမ၏ဖခင်သည် သူမအပေါ် စည်းကမ်းတင်းကြပ်ခဲ့သော်လည်း သူသည် သူမကို အမှန်တကယ် ချစ်ခဲ့လေ၏။ ရက်အနည်းငယ်အတွင်း၌ ဘဝနှစ်ခုသည် ပြန်လည်ပြင်ဆင်၍မရနိုင်လောက်အောင် ကွဲပြားသွားခဲ့သည်။

လျှူမင်ယွဲ့သည် ဓားမြှောင်တစ်ချောင်းကို ထုတ်ယူလိုက်ပြီး ရှုရှင်းကို ထိုးနှက်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း အောင်မြင်ခြင်းမရှိဘဲ တုန်ရီနေသည်။

သူမ၏ခွန်အားသည် စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခဲ့သော်လည်း သူမသည် မည်သူ့ကိုမျှ မသတ်ခဲ့ဖူးချေ။ သူမ၏ မီးဟုန်းဟုန်းတောက်နေသော နာကျည်းမုန်းတီးမှုကြား၌ သူမသည် ဤသတ်ဖြတ်မှုကို လုပ်ဆောင်ရန် ခက်ခဲနေသည်အား တွေ့ရှိရသည်။

ဘဝတသက်စာခန့် ကြာမြင့်သွားသကဲ့သို့ ခံစားရပြီးနောက် သူမသည် အသက်ပြင်းပြင်းရှိုက် လိုက်ပြီး ဓားမြှောင်ကို ရှုရှင်း၏ နှလုံးသားထဲသို့ ထိုးစိုက်လိုက်သည်။ အချိန်တခဏကြာခန့် ရုန်းကန်ပြီးနောက် ကျောက်စိမ်းအရိုးနယ်ပယ် အထွတ်အထိပ်အဆင့်တွင်ရှိသော ကံကြမ္မာအစောင့်အရှောက်သည် သူ၏အဆုံးသတ်နှင့် ကြုံတွေ့ခဲ့ရလေ၏။

ဒေါင်....

ဓားမြှောင်သည် သူမ၏လက်ထဲမှ လွတ်ကျသွားပြီး လျှူမင်ယွဲ့သည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားကာ သူမ၏ချုပ်တည်းထားသော စိတ်ခံစားချက်များ နောက်ဆုံးတွင် ပွင့်အံ့ထွက်လာသည်။

"ဆရာ..."

ယုရှောင်ယွီက လျှူမင်ယွဲ့၏ အခြေအနေကို စိုးရိမ်တကြီးကြည့်ပြီး ကျန်းရွှမ်ကို ခေါ်လိုက်သည်။

ကျန်းရွှမ်က ခေါင်းခါလိုက်သည်။

"ဒါက သူကိုယ်တိုင် သည်းခံပြီး ကျော်လွှားရမယ့်အရာပဲ....ဒီလိုလုပ်မှသာ သူ တကယ် ရင့်ကျက်လာပြီးတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်လိမ့်မယ်"

လျှူထျန်ကျန်း၏အကျင့်စရိုက်ကို ဘေးဖယ်ထားလျှင် သူသည် သူ၏သမီးအတွက် အရာအားလုံးကို မြှုပ်နှံခဲ့လေ၏။ လျှူမင်ယွဲ့သည် ဤကိစ္စအပေါ် စိတ်ကျဥ်းကျပ်မှုကို ခံစားရသော်လည်း သူ၏မျှော်လင့်ချက်များနှင့်ရည်ရွယ်ချက်များကို သူမ နားလည်သဘောပေါက်သည်။

ယခု... သူမကို အမိန့်ပေးမည့် သို့မဟုတ် တောင်းဆိုမည့် လူဟူ၍ တစ်ဦးတစ်ယောက်မျှ မကျန်တော့ချေ။ သို့ရာတွင် ဤနာကျင်မှုကို သူမတစ်ဦးတည်းသာ ခံစားရပေမည်။ သူမကိုယ်တိုင် ဤကိစ္စအတွင်းမှ ထွက်လမ်းမရှာနိုင်လျှင် မည်သည့်နှစ်သိမ့်မှုမျှ အထောက်အကူဖြစ်မည်မဟုတ်ပေ။

"လောလောဆယ် သူ့နဲ့အတူ ဒီမှာနေပေးလိုက်ပါ..."

ကျန်းရွှမ်က ယုရှောင်ယွီကို ပြောဆိုသည်။

"ပြီးတော့ ငါက အဖြူရောင်ကျောက်တုံးမြို့ကနေ ထွက်သွားဖို့ စီစဉ်ထားတယ်.. မင်းတို့ထဲက ဘယ်သူမဆို ငါ့တပည့်အဖြစ် ဆက်နေချင်တယ်ဆိုရင် မနက်ဖြန်မနက် ငါ့ရဲ့အိမ်ကို လာခဲ့ကြပါ... တကယ်လို့ မင်းတို့က ငါရဲ့တပည့်မဖြစ်ချင်ဘူးဆိုရင် ငါက အတင်းအကြပ်လုပ်မှာ မဟုတ်ဘူး"

ကျန်းရွှမ်က လက်ဝှေ့ယမ်းလိုက်ပြီး သူ၏ဆုံးဖြတ်ချက်ကို ထုတ်ဖော်ပြောဆိုလိုက်၏။

သူသည် လင်းပုယန်အဖြစ် ဟန်ဆောင်ပြီး တော်ဝင်မြို့တော်ရှိ ကံကြမ္မာခန်းမသို့ ဝင်ရောက်ကာ ခုန်းရှီ၏ အခြေအနေကို စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ထားပြီးလေပြီ။ ထိုကြောင့် သူသည် အဖြူရောင်ကျောက်တုံးမြို့တွင် ဆက်နေပါကလည်း အဓိပ္ပာယ်ရှိတော့မည် မဟုတ်ချေ။ မနက်ဖြန်အရောက်တွင် သူ ထွက်ခွာသွားရန် ဆုံးဖြတ်ထားသည်။

ဤတပည့်သုံးဦး သူ့နောက်သို့ လိုက်ရန် ရွေးချယ်သည် မရွေးချယ်သည်မှာ သူတို့အပေါ်တွင် လုံးလုံးလျားလျားမူတည်သည်။

ကျန်းရွှမ် အခန်းအတွင်းမှ ထွက်လာပြီးနောက် ယုလုံချင်းက တည်ကြည်လေးနက်သော အမူအယာဖြင့် ချဉ်းကပ်လာသည်။

"ဆရာကျန်း.... အနက်ရောင်အကြေးခွံ ဖီးနစ်လင်းယုန်က လင်းပုယန် သေဆုံးသွားတာကို အာရုံခံမိပုံရတယ်... အဲ့ဒီကောင်က ဂဏာမငြိမ်ဖြစ်လာတာကြောင့် ငါ့ရဲ့လူတွေက မနည်းထိန်းထားရတယ်..."

"ကျွန်တော် သွားကြည့်လိုက်မယ်"

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

အနက်ရောင်အကြေးခွံ ဖီးနစ်လင်းယုန်သည် လင်းပုယန်၏ အဖော်သားရဲ ဖြစ်ခဲ့သည်။ သာမန်အားဖြင့် သူတို့၏စိတ်ဝိညာဉ်များသည် အချင်းချင်း ချိတ်ဆက်ထားသင့်ပြီး သူ သေဆုံးသည့်အခိုက်အတန့်ကို ထိုသားရဲ သိရှိသင့်သည်။ သို့ရာတွင် လင်းပုယန်၏စိတ်ဝိညာဉ်သည် သူ၏ခန္ဓာကိုယ်နှင့် ခွဲခွာနေစဉ်၌ ပျက်စီးသွားကာ သူ သေဆုံးခဲ့ရသည်။ သူ၏ရုပ်အလောင်းကို ဝင်္ကပါတစ်ခုအတွင်း၌ ကာကွယ်ထားပြီးနောက် ရွှမ်ကမ္ဘာအတွင်းသို့ ထည့်သွင်းထားသောကြောင့် ဤကဲ့သို့ စုံစမ်းထောက်လှမ်းမှုကို ဟန့်တားနိုင်ခဲ့သည်။

အစပိုင်းတွင် ပြဿနာဖြစ်မည့် လက္ခဏာရပ်များမရှိခဲ့သော်လည်း အချိန်ကြာလာသည့်တိုင် လင်းပုယန် ပြန်မလာသဖြင့် လင်းယုန်သည် ဂဏာမငြိမ်ဖြစ်လာပေ၏။

ကျောင်းအုပ်ကြီးနှင့်မြို့အရှင်တို့နှစ်ဦးလုံးသည် ဤကိစ္စကို မျှော်လင့်ထားပြီးဖြစ်သဖြင့် ထိုသားရဲကို ဖမ်းဆီးရန် စီစဉ်ခဲ့ကြသည်။ သို့ရာတွင် နတ်ဘုရားစိတ်ဝိညာဉ်အဆင့်ရှိသော သားရဲ၏စွမ်းအားသည် မြို့မှအကြီးအကဲဆယ်ယောက်ထက်ပင် ကိုင်တွယ်ရန် ခက်ခဲကြောင်း သက်သေပြခဲ့သည်။

"စိတ်ဝိညာဉ်အဆင့် ရင်းမြစ်သားရဲတစ်ကောင်က လူသားတွေနဲ့ ယှဉ်နိုင်တဲ့ ဉာဏ်ရည်ကို ပိုင်ဆိုင်တယ်...တစ်ခုခုဖြစ်ခဲ့တယ်လို့ သူ ခန့်မှန်းမိတာကြောင့် အဖြေတစ်ခုကို ရှာဖွေနေတာပဲဖြစ်ရမယ်"

လမ်းလျှောက်နေစဥ်အတောအတွင်း၌ ယုလုံချင်းက ကျန်းရွှမ်ကို ရှင်းပြသည်။

"ကျွန်တော် နားလည်ပါပြီ"

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

ယုလုံချင်းက ဆက်လက်၍ ပြောဆိုသည်။

"ကျောင်းအုပ်ကြီးနဲ့ ငါ ဆွေးနွေးထားတာက အဲ့ဒီသားရဲကို ထိန်းချုပ်လို့ မရနိုင်ဘူးဆိုရင် သတင်းအချက်အလက်တွေ မပေါက်ကြားအောင် ကာကွယ်ဖို့အတွက် သတ်ပစ်ဖို့ လိုအပ်တယ်..."

အနက်ရောင်အကြေးခွံ ဖီးနစ်လင်းယုန်သည် ကြိုတင်တွက်ဆမရသော ဘေးအန္တရာယ်တစ်ခုပင်။ ကံကောင်းထောက်မစွာစွာဖြင့် လင်းပုယန်သည် ဝင်္ကပါအတွင်းတွင် သေဆုံးသွားခြင်းကြောင့် သားရဲ၏တုံ့ပြန်မှုကို နှောင့်နှေးစေခဲ့သည်။ အကယ်၍ ထိုသားရဲသာ အမှန်တရားကို စောစီးစွာသိရှိပြီး ကံကြမ္မာခန်းမသို့ ပျံသန်းသွားခဲ့လျှင် သူ၏အသက်တံဆိပ်ပြားမရှိသည့်တိုင် အခြေအနေကို ချက်ချင်း ဖော်ထုတ်သွားနိုင်ပေမည်။

"မလိုအပ်ဘူး...."

ကျန်းရွှမ်က ခေါင်းခါလိုက်သည်။

"မလိုအပ်ဘူးလား...."

ယုလုံချင်းက မျက်မှောင်ကြုတ်လိုက်သည်။

"ဆရာကျန်း....မင်းက အဲ့ဒီသားရဲကို ယဉ်ပါးအောင်လုပ်ဖို့ ကြံစည်နေတာလား....လင်းယုန်အမျိုးအစား ရင်းမြစ်သားရဲတွေက နာမည်ဆိုးနဲ့ကျော်ကြားတယ်... အဲ့ဒီကောင်တွေက မာနကြီးပြီးတော့ တသက်မှာ သခင်တစ်ယောက်တည်းကိုပဲ အသိအမှတ်ပြုကြတယ်....သားရဲယဉ်ပါးအောင်လုပ်တဲ့နေရာမှာ မင်း အရမ်းကျွမ်းကျင်တယ်ဆိုတာ ငါ သိတယ်....ဒါပေမဲ့ ဒီသားရဲကို ယဉ်ပါးအောင်လုပ်ဖို့က အရမ်းခက်ခဲလိမ့်မယ်"

ဤသည်မှာ သူသည် ကျန်းရွှမ်၏အရည်အချင်းအပေါ် သံသယဝင်ခြင်းမဟုတ်ဘဲ စာချုပ်ချုပ်ဆိုပြီးသားဖြစ်သော သားရဲတစ်ကောင်ကို ယဉ်ပါးအောင်လုပ်ရသည်မှာ ကြီးမားသော စိန်ခေါ်မှုဖြစ်သောကြောင့်ပင်။ ဤကိစ္စသည် သာမန်ရင်းမြစ်သားရဲတစ်ကောင်ကို ယဉ်ပါးအောင်လုပ်ရသည်ထက် ပို၍ခက်ခဲသည်။

ကျန်းရွှမ်သည် ပြုံးရုံသာပြုံးပြီး နောက်ထပ်တုံ့ပြန်မှုမပေးဘဲ ယုလုံချင်း၏နောက်သို့လိုက်ကာ ခြံဝန်းအတွင်းသို့ ဝင်လိုက်၏။

မကြာမီမှာပင် သူတို့သည် ဧရာမလင်းယုန်နှင့်တူသော ရင်းမြစ်သားရဲတစ်ကောင်သည် သံကြိုးများဖြင့် ချည်နှောင်ခြင်းခံထားရပြီး ပြင်းထန်စွာ ရုန်းကန်နေသော မြင်ကွင်းနေရာသို့ ရောက်ရှိသွားသည်။ ဤသားရဲ၏နံဘေးပတ်လည်တွင် အကြီးအကဲဆယ်ယောက်ကျော်ရှိပြီး သူတို့၏အားကောင်းသော စွမ်းအင်သည် သားရဲအပေါ်သို့ ဖိနှိပ်ထားကာ တင်းကြပ်သော အတားအဆီးတစ်ခုကို ဖန်တီးထားသည်။

အဝေးမှကြည့်လျှင် အနက်ရောင်အကြေးခွံ ဖီးနစ်လင်းယုန်သည် ပင်ပန်းနွမ်းနယ်နေပုံရပြီး အကြီးအကဲများ၏မျက်နှာများသည်လည်း ဖြူဖျော့နေပေ၏။

ရင်းမြစ်သားရဲများသည် သဘာဝအလျောက် သန်မာသောရုပ်ခန္ဓာကိုယ် ရှိကြသည်။ သူတို့တွင် သိုင်းပညာနည်းစနစ်များမရှိသော်လည်း သာမာန်အားဖြင့် သူတို့သည် တူညီသောကျင့်ကြံဆင့်တွင်ရှိသောလူသားကျင့်ကြံသူများထက် သာလွန်ကြသည်။ အထူးသဖြင့် ဤကဲ့သို့ ဝေဟင်တွင်ပျံသန်းနိုင်သော သားရဲတစ်ကောင်ပင်။ သံကြိုးများဖြင့် ချုပ်နှောင်ထားခြင်းသာမရှိလျှင် အကြီးအကဲများသည် ဤသားရဲ၏တိုက်ကွက်အနည်းငယ်အတွင်း အသတ်ခံရနိုင်ဖွယ်ရှိသည်။

အယောင်ဆောင်စွမ်းအားတစ်ရပ်ကို အသက်သွင်းပြီးနောက် ကျန်းရွှမ်သည် လင်းပုယန်၏ပုံရိပ်အဖြစ်သို့ နောက်တစ်ကြိမ် ပြောင်းလဲသွားသည်။ သူ ခြံဝန်းအတွင်းသို့ မရောက်မီမှာပင် လှမ်းခေါ်လိုက်သည်။

"အမည်းလေး..."

"ဂျီး..."

သူ၏ "သခင်" ကို မြင်တွေ့ချိန်တွင် အနက်ရောင်အကြေးခွံ ဖီးနစ်လင်းယုန်သည် တောင့်တင်းသွားပြီး သူ၏မျက်လုံးများအတွင်း၌ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာသည်။ သူ ရှေ့သို့ခြေလှမ်းနှစ်လှမ်းလှမ်းပြီးနောက် ရပ်တန့်သွားပြီး အနည်းငယ် စိတ်ရှုပ်ထွေးဟန်ဖြင့် ခေါင်းစောင်းလိုက်၏။

သူ တစ်စုံတစ်ခုလွဲချော်နေသည်ကို အာရုံခံမိသည်။

သူ၏ရှေ့မှ ဤလူသည် သူ၏သခင်နှင့် တစ်ထပ်တည်းတူညီသော်လည်း သူတို့ကြားတွင် စိတ်ဝိညာဉ်ဆက်သွယ်ချက်မရှိ သစ္စာစောင့်သိမှု၏ ချည်နှောင်ချက် မရှိချေ။

"နတ်ဘုရားစိတ်ဝိညာဉ်အဆင့် ရင်းမြစ်သားရဲတစ်ကောင် ဆိုတဲ့အတိုင်းပဲ...ဒီကောင်က အဲ့ဒီ ငတုံးသောက်လီထက် အများကြီးပိုအကင်းပါးတာပဲ"

ကျန်းရွှမ်က တွေးတောလိုက်သည်။

သောက်လီသည် အထင်ကြီးဖွယ်ကောင်းပုံရသော်လည်း အရည်အချင်းမရှိကြောင်းကို သက်သေပြခဲ့လေ၏။ သူသည် အခြေခံချက်ပြုတ်နည်းကို သင်ယူရန် ရက်ပေါင်းများစွာ ကြာခဲ့သည်။ လက်ဖက်ရည်ဖျော်စပ်ခြင်းသည် ပြဿနာတစ်ခုဖြစ်လာပြီး ရေအလွန်များခြင်း သို့မဟုတ် လက်ဖက်ခြောက်အလွန်နည်းခြင်းတို့ ဖြစ်ပွားခဲ့လေ၏။ ယခုအချိန်အထိ ရေနွေးဆူအောင်တည်ခြင်းသည် သူ၏တစ်ခုတည်းသော လက်ခံနိုင်ဖွယ်ကျွမ်းကျင်မှုဖြစ်ပြီး ဤဥာဏ်ရည်ထက်မြက်သော လင်းယုန်နှင့်သူ့ကြားရှိ သိသာထင်ရှားသော ကွာခြားချက်ကို ပေါ်လွင်စေသည်။

"ဂီး....."

ကျန်းရွှမ် ချဉ်းကပ်လာသည်နှင့် အနက်ရောင်အကြေးခွံ ဖီးနစ်လင်းယုန်၏ အော်သံသည် စူးရှလာပြီး သူ၏မျက်လုံးများအတွင်း၌ ဒေါသများဖြင့် ပြည့်နှက်နေသည်။

သူသည် ကိစ္စများကိုပေါင်းစပ်၍ အမှန်တရားကို သိရှိသွားခဲ့လေပြီ။ သူ၏အစစ်အမှန်သခင်သည် အသတ်ခံလိုက်ရဖွယ်ရှိသည်။

"ခင်ဗျားတို့အားလုံး အပြင်ထွက်ကြအုံး...ကျွန်တော်က ဒီသားရဲနဲ့ စကားတစ်ခွန်းလောက် ပြောစရာရှိတယ်"

ကျန်းရွှမ်က လက်ဝှေ့ယမ်းကာ ညွှန်ကြားလိုက်၏။

မြို့အရှင်အိမ်တော်မှ အကြီးအကဲများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ယုလုံချင်းကို ကြည့်လိုက်ကြသည်။ သူ ခေါင်းညိတ်ပြသည်ကို မြင်တွေ့ချိန်၌ သူတို့သည် အတူတကွဆုတ်ခွာကာ ခြံဝင်းအတွင်းမှ ထွက်ခွာသွားကြသည်။

"ခင်ဗျားလည်း ထွက်သွားပေးပါ"

ကျန်းရွှမ်က ယုလုံချင်းကို ပြောဆိုသည်။

"နားလည်ပါပြီ"

ယုလုံချင်းသည် အချိန်တခဏကြာ တွေဝေတုံ့ဆိုင်းပြီးနောက် ထွက်ခွာသွားပြီး သူ၏နောက်မှ တံခါးကိုပိတ်ကာ အပြင်ဘက်တွင် စောင့်ဆိုင်းနေသည်။

ကျန်းရွှမ် မည်သည့်အရာအား ရည်ရွယ်သည်ကို သေချာမသိသော်လည်း သူတို့သည် အနက်ရောင်အကြေးခွံ ဖီးနစ်လင်းယုန်ကို လွတ်မြောက်ခွင့်မပြုနိုင်ကြောင်း သူ သိရှိထားသည်။ သူသည် နောက်သို့ချာခနဲလှည့်ကာ အမိန့်ထုတ်ပြန်လိုက်သည်။

"မြို့ကာကွယ်ရေးဒူးလေးသုံးခုကို ဒီနေရာဆီ ယူလာခဲ့စမ်း...."

အကြီးအကဲများသည် ဤအမိန့်ကိုလိုက်နာရန် လျင်မြန်စွာ လှုပ်ရှားလိုက်ကြ၏။ မကြာမီမှာပင် သူတို့သည် ပေါင်တစ်ထောင်ကျော်လေးလံသော ဧရာမဒူးလေးများကို ယူဆောင်လာကြပြီး လေးကြိုးများကို တင်းကြပ်စွာဆွဲထားကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ၏ အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။

ဤမြို့ကာကွယ်ရေးဒူးလေးများကို အထူးမြှားများနှင့် တွဲဖက်လိုက်လျှင် ယုလုံချင်းကဲ့သို့ စွမ်းအားရှိသူတစ်ဦးကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိသည်။ အကယ်၍ ဆရာကျန်းသည် အနက်ရောင်အကြေးခွံ ဖီးနစ်လင်းယုန်ကို မထိန်းချုပ်နိုင်ခဲ့လျှင် သူတို့ ထိုသားရဲကို နေရာမှာပင် သတ်ဖြတ်ရန် တွေဝေတုံ့ဆိုင်းနေမည်မဟုတ်ချေ။

ပြင်ဆင်မှုများ ပြီးဆုံးချိန်၌ ယုလုံချင်းသည် နောက်ဆုံးတွင် အနည်းငယ် စိတ်အေးသွားသည်။ ရုတ်ချည်းဆိုသလိုပင် ခြံဝင်းအတွင်းမှနေ၍ အနက်ရောင်အကြေးခွံ ဖီးနစ်လင်းယုန်၏ စိတ်ဆင်းရဲပြီး ဒေါသထွက်နေသော အော်သံများ ပျံ့လွင့်လာသည်။ ကျန်းရွှမ် ကြိုးပမ်းခဲ့သော မည်သည့်စေ့စပ်ညှိနှိုင်းမှုမဆို ကျရှုံးသွားသည်မှာ သိသာထင်ရှားပေ၏။

နောက်ထပ်အချိန်တခဏတွင် ရင်းမြစ်သားရဲ၏ ဧရာမခန္ဓာကိုယ်သည် ကောင်းကင်သို့ ပျံတက်သွားသည်။ ဤသည်မှာ သူ၏အတောင်ပံများကို ခတ်၍ ပျံသန်းခြင်းမဟုတ်ဘဲ လေထုအတွင်းသို့ လက်သီးဖြင့် ထိုးတင်ခံလိုက်ရသည့်အလားပင်။

ဘုန်း...ဘုန်း...ဘုန်း....

လင်းယုန်၏ခန္ဓာကိုယ်သည် ဘောလုံးတစ်လုံးကဲ့သို့ အကြိမ်အနည်းငယ် ခုန်ပေါက်ပြီးနောက် မြေပြင်ပေါ်သို့ ကျရောက်သွားသည်။ ယုလုံချင်းနှင့်အကြီးအကဲများသည် နားမလည်နိုင်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြစဉ် သူတို့သည် ခြံဝန်းအတွင်းမှနေ၍ မမျှော်လင့်ထားသော အသံတစ်သံကို ကြားလိုက်ရသည်။

"ကျီ ကျီ...ကျီ ကျီ ကျီ... "

"...."

ယုလုံချင်း ကြက်သေသေသွားသည်။

'အဲ့ဒါက အနက်ရောင်အကြေးခွံ ဖီးနစ်လင်းယုန်ရဲ့ အော်သံလား....ဘာလို့ ဒီအသံက အရင်နဲ့ မတူတာလဲ...'

All Chapters