← Chapters

ကံကြမ္မာနတ်ဘုရားနယ်မြေ

Vol. 12 Ch. 166

ကံကြမ္မာနတ်ဘုရားနယ်မြေ

Vol. 12 Ch. 166

"ရင်းမြစ်ကမ္ဘာ... ကံကြမ္မာကမ္ဘာဟုလည်း လူသိများပြီး မရေမတွက်နိုင်သော စကြာဝဠာများ၏ အလယ်ဗဟိုတွင် တည်ရှိကာ ကံကြမ္မာ၏ အထွတ်အထိပ်ကို ဖော်ဆောင်သည်...."

"မည်သည့်မျိုးစိတ်ဖြစ်စေ တည်ရှိနေသမျှ သူတို့၏ကိုယ်ပိုင်ကံကြမ္မာကို ပိုင်ဆိုင်ပြီး ကံကြမ္မာ၏သံခြေကျင်းများဖြင့် ချည်နှောင်ခံထားရသည်။ မည်သူတစ်ဦးတစ်ယောက်မျှ သူတို့၏ကံကြမ္မာ သို့မဟုတ် သူတို့အတွက် ချမှတ်ထားသော ဖန်တီးမှုနှင့်ဘဝသံသရာစက်ဝန်းမှ မလွတ်မြောက်နိုင်ချေ...."

"အကယ်၍ လူတစ်ဦးသည် မလွတ်မြောက်နိုင်ပါက ဘဝကို ပို၍ချောမွေ့စေရန် သူတို့၏ကံကြမ္မာကို ထိန်းချုပ်နိုင်မည်လော...."

"ထို့ကြောင့် ကံကြမ္မာဆရာသခင်များ ပေါ်ပေါက်လာခဲ့သည်... သူတို့သည် ကံကြမ္မာကို ဆန့်ကျင်ပြောင်းလဲနိုင်ခြင်းမရှိသော်လည်း ထိုအရာ၏ အလှည့်အပြောင်းများနှင့်အကြပ်အတည်းများကို ကြိုတင်သိမြင်နိုင်ပြီး ပို၍ကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေကာ ကံကြမ္မာကို 'ရောင်ဝါ'ပင်လျှင် ထည့်သွင်းပေးနိုင်သည်..."

စာကြည့်တိုက်အတွင်းတွင် ကျန်းရွှမ်သည် သူ၏လက်ထဲမှစာအုပ်ကို လျင်မြန်စွာဖတ်ရှုနေပြီး ကံကြမ္မာဆရာသခင်များအပေါ် သူ၏နားလည်သဘောပေါက်မှုကို တဖြည်းဖြည်းနက်ရှိုင်းလာစေသည်။

ပါမောက္ခကုန်းမြေတွင် ကျင့်ကြံခြင်းသည် စွမ်းအားကို အာရုံစိုက်သည်။ ဤကမ္ဘာတွင် ကျင့်ကြံခြင်းသည် ကံကြမ္မာနှင့်သာ သက်ဆိုင်ပေ၏။

ဆေးပညာ သင်ကြားရေး သားရဲယဥ်ပါးစေခြင်း ပညာနှင့် ပန်းပဲပညာတို့ကဲ့သို့သော လမ်းစဉ်များသည် အစွမ်းထက်သည်ဟု ထင်ရသော်လည်း "ကံကြမ္မာလမ်းစဉ်"အပေါ် မှီခိုနေသော နောက်ဆက်တွဲများသာ ဖြစ်သည်။

ဤသည်မှာ သူ၏အတိတ်ဘဝမှ သဘောတရားတစ်ခုနှင့် တူညီပေ၏။ ကံကြမ္မာသည် "၁" ဂဏန်းဖြစ်ပြီး ကားမောင်းခြင်း တေးဂီတတီးခတ်ခြင်း ဆေးကုသခြင်း သို့မဟုတ် ချက်ပြုတ်ခြင်းကဲ့သို့သော ကျွမ်းကျင်မှုများသည် ထို "၁" နောက်သို့ ပေါင်းထည့်သော သုညများဖြစ်သည်။ "၁" နောက်တွင် သုညများ ပို၍ပေါင်းထည့်လေလေ လူတစ်ဦး၏တန်ဖိုး ပို၍မြင့်မားလေလေပင်။ သို့ရာတွင် အကယ်၍ "၁" ကို ဖယ်ရှားလိုက်ပါက မည်မျှထိများပြားသော သုညများမဆို အရေးပါတော့မည် မဟုတ်ချေ။

ဤကမ္ဘာသည်လည်း ကွဲပြားခြားနားခြင်းမရှိပေ။ ကံကြမ္မာဆရာသခင်များ သို့မဟုတ် သူတို့၏ယုံကြည်သူများသာ ဆေးပညာ သားရဲယဥ်ပါးစေခြင်း ပန်းပဲပညာနှင့် တခြားလမ်းစဥ်များကို လေ့လာရန် အရည်အချင်းရှိသည်။ ထိုသို့မဟုတ်ပါက သူတို့သည် ကောင်းကင်ကံကြမ္မာသော့ခလောက်၏ ဖိနှိပ်ခြင်းကို ခံရမည်ဖြစ်ကာ မည်မျှပင် ကြိုးစားစေကာမူ သူတို့သည် သင်ယူနိုင်ခြင်း ရှိမည်မဟုတ်ချေ။

"ကံကြမ္မာသည် တစ်ခုတည်းဖြစ်သည်...အဆုံးသတ်တွင် လူတစ်ဦးတည်းသာလျှင် အသက်မွေးဝမ်းကျောင်းလမ်းစဥ်တစ်ခု၌ အထွတ်အထိပ်ကျွမ်းကျင်ပိုင်နိုင်မှုကို ရရှိနိုင်ပေမည်..."

ဥပမာအားဖြင့် သင်ကြားရေးလမ်းစဥ်ပင်။ ပါမောက္ခကုန်းမြေရှိ မရေမတွက်နိုင်သော လူများသည် ဤလမ်းစဉ်ကို လျှောက်လှမ်းခဲ့ကြသော်လည်း ခုန်းရှီတစ်ဦးတည်းသာ အမြင့်မားဆုံးကျွမ်းကျင်ပိုင်နိုင်မှုကို ရရှိခဲ့သည်။

အနာဂတ်မျိုးဆက်သစ်များ မည်မျှထိ ထူးချွန်သည်ဖြစ်စေ ဆရာတစ်ဦးဖြစ်လာခြင်းသည် သူ တည်ထောင်ခဲ့သော စည်းမျဉ်းများကို လိုက်နာခြင်းဟု ဆိုလိုသည်။ ပါမောက္ခကုန်းမြေတွင် အဆင့်အမြင့်ဆုံးသို့ ရောက်ရှိနိုင်ခဲ့သော ကျန်းရွှမ်ပင်လျှင် ခုန်းရှီ၏ခြေရာများအတိုင်း လျှောက်လှမ်းနေရဆဲပင်။

ကျန်းရွှမ် နားလည်သဘောပေါက်သွားသည်။ ပါမောက္ခကုန်းမြေသည် ရင်းမြစ်ကမ္ဘာ၏ လက်အောက်ခံဖြစ်လာခြင်းမှာ အံ့အားသင့်စရာမရှိတော့ချေ။ ဤသည်မှာ ပို၍ကြီးမားသော အကန့်အသတ်ဘောင်အတွင်းမှ အကိုင်းအခက်တစ်ခုမျှသာ ဖြစ်သည်။

"ကျင့်ကြံသူများအတွက် ကံကြမ္မာသည် တစ်ခုတည်းဖြစ်သော်လည်း ကံကြမ္မာကမ္ဘာအတွက်မူ အဆုံးမရှိသော လမ်းစဉ်များ ရှိသည်... တစ်စုံတစ်ယောက်သည် ဆေးပညာကို ဆယ်စုနှစ်ပေါင်းများစွာ ရုန်းကန်ခဲ့သော်လည်း မည်သို့မျှ မတိုးတက်နိုင်ခြင်းသည် ကံကြမ္မာသည် သူတို့ကို ထိုလမ်းစဉ်အား ငြင်းပယ်ကြောင်း ညွှန်ပြနေသည်... သို့ရာတွင် ထိုလူတစ်ဦးတည်းကပင် အပြေးလမ်းစဥ်ကို စတင်လိုက်စားပြီး ကမ္ဘာ့ချန်ပီယံတစ်ယောက် ဖြစ်လာနိုင်သည်... ထိုသို့မဟုတ်ပါက သူသည် ဘောလုံးကစားပြီး ကြယ်ပွင့်တစ်ဦး ဖြစ်လာနိုင်ပေ၏..."

"လူတချို့ကမူ ဆေးပညာတွင် ကျရှုံးနိုင်ကာ လပေါင်းများစွာ ကြာသော်လည်း ဆေးပင်များကို ခွဲခြားမသိနိုင်ချေ... သို့ရာတွင် သူသည် တူရိယာတစ်ခုကို ကောက်ကိုင်လိုက်ပြီး နောက်ထပ်ဘီသိုမင် သို့မဟုတ် မိုးဇက်တစ်ယောက်* ဖြစ်လာနိုင်သည်..."

"ထို့ပြင် ကံကြမ္မာသည် မရေမတွက်နိုင်သော အကိုင်းအခက်များအဖြစ်သို့ ခွဲထွက်နိုင်သည်.... လူနှစ်ယောက်သည် စာရေးခြင်းကံကြမ္မာကို မျှဝေနိုင်ပေ၏...တစ်ဦးသည် စာလုံးရေငါးရာရှိသော အစီရင်ခံစာကိုရေးရန် ရုန်းကန်နေရချိန်တွင် အခြားတစ်ဦးကမူ စာလုံးရေငါးသောင်းပါသော ဝတ္ထုတစ်ပုဒ်ကို အားစိုက်ထုတ်စရာမလိုဘဲ ရေးနိုင်သည်..."

ကျန်းရွှမ်၏စိတ်အတွင်းတွင် ထိုးထွင်းသိမြင်မှုတစ်ခု ဖြစ်တည်သွားသည်။

သာမန်လူများအတွက် ကံကြမ္မာတစ်ခုတည်းကို ကျင့်ကြံခြင်းသည်ပင် အလွန်ပင်ပန်းနွမ်းနယ်စေသော ကိစ္စတစ်ရပ်ပင်။ အဖြူရောင်ကျောက်တုံးမြို့တွင် ကျန်းရွှမ်၏သင်ကြားရေး သားရဲယဥ်ပါးစေခြင်းနှင့် ဆေးပညာကျွမ်းကျင်မှုများကို ပြသခြင်းတို့ကြောင့် လင်းပုယန်က သူ့ကို ဖရိုဖရဲကံကြမ္မာကျင့်ကြံသူတစ်ဦးအဖြစ် သံသယဝင်သည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။

ကျန်းရွှမ်သည် သူ၏လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး ကံကြမ္မာဆရာသခင်များနှင့်ပတ်သက်သည့် စာအုပ်များအားလုံးကို ကောင်းကင်ဘုံစာကြည့်တိုက်သို့ ကူးယူလိုက်၏။ သူသည် ဖရိုဖရဲကံကြမ္မာကျင့်ကြံသူများအကြောင်း အချက်အလက်များကို ရှာဖွေရန် ကြံစည်နေစဉ်မှာပင် လူအိုကြီးတစ်ဦး ချဉ်းကပ်လာသည်။ သူ၏မျက်လုံးများအတွင်းတွင် သံသယများဖြင့် ပြည့်နှက်နေသည်။

"မင်း ဟန်ယွမ်မြို့တော်ကို ပြန်ရောက်လာပြီးတော့ ငါ့ကို လာမတွေ့ဘဲ ဒီစာအုပ်တွေကို ဖတ်နေတာလား"

လူအိုကြီး၏မျက်ခုံးများ တွန့်ကွေးနေပြီး သူ စိတ်ရှုပ်ထွေးနေသည်မှာ သိသာထင်ရှားပေ၏။

ဤသည်မှာ ကံကြမ္မာခန်းမဆောင်၏ ခန်းမဆောင်သခင်ဟန်ရှောင်ပင်။ လင်းပုယန်၏ အရေးတကြီးဖြစ်နေမှုသည် သူထံတွင် မဖြေရှင်းနိုင်သော မေးခွန်းများ သို့မဟုတ် အရေးကြီးသော အသိပညာကို ရှာဖွေနေကြောင်း ညွှန်ပြနေသည်ဟု ဟန်ရှောင်က တွေးထင်ခဲ့သည်။

သို့ရာတွင်....

ဤစာအုပ်များသည် သာမန်လူများအတွက် အဖိုးတန်ရှားပါးသော်လည်း ကံကြမ္မာဆရာသခင်များအတွက်မူ အခြေခံအသိပညာဖြစ်ပြီး တစ်နှင့်တစ်ပေါင်းလျှင် နှစ်ဖြစ်ကြောင်း သိရှိခြင်းထက် ပို၍မရှုပ်ထွေးချေ။

"အမ်..."

ကျန်းရွှမ်သည် အချိန်တခဏကြာခန့် အံ့အားသင့်သွားသော်လည်း သူ၏လက်နှစ်ဖက်ကို အလျင်အမြန်ပူးဆုပ်ပြီး အရိုအသေပြုလိုက်သည်။

သူသည် ဤလူ မည်သူမည်ဝါဖြစ်ကြောင်း မသိသော်လည်း ခန့်ညားထည်ဝါသောအရှိန်အဝါနှင့် သိသာထင်ရှားသော အခွင့်အာဏာတို့မှတဆင့် အရေးပါသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကြောင်း ညွှန်ပြနေသည်။ သူ သတိကြီးစွာထား၍ ဖြေကြားခြင်းက အကောင်းဆုံးဖြစ်ပေမည်။

"မင်း ဘယ်အကြောင်းအရာကို ရှာဖွေနေတာလဲ... ငါက မင်းရဲ့ရှုပ်ထွေးမှုတွေကို ရှင်းလင်းပေးနိုင်လောက်တယ်..."

ဟန်ရှောင်က မေးမြန်းသည်။

အချိန်တခဏကြာခန့် တွေဝေတုံ့ဆိုင်းနေပြီးနောက် ကျန်းရွှမ်က တုံ့ပြန်အဖြေပေးလိုက်၏။

"ကျွန်တော်က ဖရိုဖရဲကံကြမ္မာကျင့်ကြံသူတွေအကြောင်း အသေးစိတ်အချက်အလက်တွေနဲ့ မှတ်တမ်းတွေကို ရှာနေတာပါ"

သူသည် ကံကြမ္မာဆရာသခင်များနှင့်ပတ်သက်သော စာအုပ်များကို သိမ်းဆည်းပြီးဖြစ်သောကြောင့် နောက်ပိုင်းတွင် ပြန်လည်၍ကြည့်ရှုကာ ဝေဖန်သုံးသပ်နိုင်သည်။ ထို့ထက်ပို၍အရေးကြီးသည်မှာ သူသည် ဖော်ထုတ်ခံရခြင်းမှ ရှောင်ရှားရန်နှင့် ခုန်းရှီ၏အခြေအနေများကို စုံစမ်းရန်အတွက် ဖရိုဖရဲကံကြမ္မာကျင့်ကြံသူများအကြောင်းကို နားလည်နိုင်ရန်ပင်။

"မင်း ရှာစရာမလိုဘူး... ဒီနေရာမှာ မရှိဘူး"

ဟန်ရှောင်က ခေါင်းခါပြသည်။

"ဖရိုဖရဲကံကြမ္မာကျင့်ကြံသူတွေက လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အကြာက ပေါ်ထွက်လာခဲ့တာ...သူတို့က ကံကြမ္မာရဲ့ကန့်သတ်ချက်တွေထက် ကျော်လွန်ပြီး တည်ရှိနေတယ်....သူတို့က ကံကြမ္မာနဲ့ချည်နှောင်ထားတဲ့ အသက်မွေးဝမ်းကျောင်းလမ်းစဥ်တွေ အများကြီးကို ဘာကွဲလွဲမှုမှ မရှိဘဲနဲ့ ကျင့်ကြံနိုင်တယ်... အရေးကြီးဆုံးအပိုင်းက... သူတို့ကျင့်ကြံတဲ့ကံကြမ္မာကို ဘယ်သူမှ မထိန်းချုပ်နိုင်ဘူး... ဥပမာအနေနဲ့ ဓားမကြီးလမ်းစဥ်ကို လေ့ကျင့်ရင် မင်းက အရှင်မိုပိုင်ယဲ့ရဲ့ လွှမ်းမိုးမှုနဲ့ ချည်နှောင်ခံရလိမ့်မယ်...တကယ်လို့ သူသာ အဲ့ဒီလမ်းစဥ်မှာ မအောင်မြင်နိုင်ခဲ့ရင် မင်းလည်း မအောင်မြင်နိုင်ဘူး...."

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။ သူသည် စာအုပ်များအတွင်းတွင် အလားတူမှတ်စုများကို ဖတ်ခဲ့ဖူးလေ၏။

ဥပမာအနေဖြင့် သင်ကြားရေးလမ်းစဥ်ပင်။ ခုန်းရှီသည် သင်ကြားရေးလမ်းစဉ်ကို တည်ထောင်ခဲ့စဉ်က အထူးချွန်ဆုံးတပည့်များဖြစ်သည့် ကျီကုန်းနှင့်ယန်ဟွေ့ပင်လျှင် သူ့ထက်ဦးအောင် ကြယ်ကိုးပွင့်ပါမောက္ခများအဖြစ်သို့ မတက်လှမ်းနိုင်သရွေ့ သူ့ထက် သာလွန်မည်မဟုတ်ချေ။

ဤသည်မှာ တစ်ခုတည်းသောကံကြမ္မာ၏ သိသာထင်ရှားမှုပင်။

ဟန်ရှောင်က ဆက်လက်၍ ပြောဆိုသည်။

"ဖရိုဖရဲကံကြမ္မာကျင့်ကြံသူတွေက ဒီကန့်သတ်ချက်ကို ဆန့်ကျင်တယ်...တကယ်လို့ သူတို့က ဓားမကြီးလမ်းစဥ်ကို လေ့ကျင့်ရင် မင်းက သူတို့ရဲ့တိုးတက်မှုကို မခံစားနိုင်ရုံတင်မကဘူး...လမ်းစဥ်တည်ထောင်သူဖြစ်တဲ့ အရှင်မိုပိုင်ယဲ့တောင်မှ သူတို့ရဲ့အဆင့် ဒါမှမဟုတ် ခွန်အားကို သိနိုင်မှာမဟုတ်ဘူး... ဒီလိုလူတွေက ကံကြမ္မာမျှခြေကို နှောင့်ယှက်နိုင်တာကြောင့် ရှင်းလင်းဖယ်ရှားရမယ့် ဖောက်ပြန်မှုတွေအဖြစ် သတ်မှတ်ခံရတယ်..."

ကျန်းရွှမ်၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။

လူအများသည် မကြာခဏဆိုသလို ဖန်ဆင်းရှင်နတ်ဘုရားတစ်ပါးမှ ကမ္ဘာကြီးကို ပုံဖော်ခဲ့သည်ဟု ပြောဆိုကြသည်။ အာဏာရှင်များသည် ဤကဲ့သို့ယုံကြည်ချက်များကို အသုံးပြုပြီး လူအများကို ငြိမ်သက်အောင် အုပ်ချုပ်ကြပေ၏။ အကယ်၍ တစ်စုံတစ်ယောက်သည် တခြားသဘောတရားတစ်ခုကို ထောက်ခံပြီး ထွက်ပေါ်လာပါက ထိုလူကို ရှင်းလင်းဖယ်ရှားခြင်းသည် ဦးစားပေးဖြစ်မည် မဟုတ်လော...။

ဟန်ရှောင်သည် ရှင်းပြပြီးနောက် စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။

"မင်းက ကျိုးယီအင်ပါယာက ကံကြမ္မာဆရာသခင်တစ်ယောက်အနေနဲ့ ဒီအသေးစိတ်အချက်အလက်တွေကို ငါ့ထက် ပိုသိသင့်တယ်မဟုတ်လား...တကယ်တော့ ငါပြောခဲ့တာအများစုက မင်း အရင်က ရှင်းပြခဲ့တာတွေပဲ...မင်းက အပြင်တစ်ခေါက်ထွက်ပြီး ပြန်လာတဲ့အချိန်မှာ ဘာလို့ ဒီကိစ္စတွေကို မသိသလိုမျိုး ဖြစ်နေတာလဲ"

"ကျွန်တော် မသိတာမဟုတ်ပါဘူး.. ကျွန်တော်က ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်ချင်လို့ပါ..."

ကျန်းရွှမ်သည် အသက်ရှုတစ်ချက်မှားသွားသော်လည်း သူ၏တည်ငြိမ်သော မျက်နှာအမူအယာကို ထိန်းသိမ်းထားကာ အပြုံးနှင့်ခေါင်းညိတ်လိုက်၏။

"မင်းက ဒီကိစ္စကို ပိုသိရအောင် တမင်ပြန်လာခဲ့တာလား"

ဟန်ရှောင်၏စိတ်ရှုပ်ထွေးမှုများ ပို၍ပြင်းထန်သွားသည်။

"ကျွန်တော်..."

အချက်အလက်များကို မသိဘဲ စကားများများပြောခြင်းက သံသယများ ပို၍ဖြစ်ပေါ်စေမည်ကို သိသောကြောင့် ကျန်းရွှမ်သည် အချိန်တခဏကြာခန့်ရပ်တန့်ကာ သူ၏ရှေ့မှ လူအိုကြီးကို စူးစမ်းလေ့လာလိုက်သည်။

ရှုရှင်း၏မှတ်ဉာဏ်များအတွင်းတွင် ဤလူ၏အထောက်အထား မပါဝင်သောကြောင့် သူသည် ဤလူအိုကြီးကို အမှန်တကယ် မမှတ်မိချေ။ တစ်ဖက်လူ၏နာမည်ကိုပင် မသိပါက သူ စကားလမ်းကြောင်းပြောင်းရန်အတွက် ခက်ခဲပေလိမ့်မည်။

အတွေးတစ်ချက်ဖြင့် ကျန်းရွှမ်သည် စာကြည့်တိုက်ဝင်ခွင့်တံဆိပ်ပြားကို ကမ္ဘာသစ်အတွင်းသို့ ထည့်လိုက်၏။

ဘုန်း....

သူ့ထံ၌ တံဆိပ်ပြားမရှိတော့သဖြင့် စာကြည့်တိုက်၏ဝင်္ကပါသည် ကျူးကျော်သူတစ်ဦးကို ထောက်လှမ်းမိပြီး အသက်ဝင်လာကာ ကြီးမားသောဖိအားတစ်ရပ်က အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ကျန်းရွှမ်သည် အလိုအလျောက် နောက်သို့ဆုတ်လိုက်ပြီး သူ့ထံမှ ညည်းသံတစ်သံ ထွက်ပေါ်လာသည်။

"ဘာဖြစ်တာလဲ"

ဟန်ရှောင်သည် ဝင်္ကပါ ရုတ်တရက် အသက်ဝင်လာမည်ဟု မမျှော်လင့်ထားခဲ့ချေ။ လျင်မြန်သော လက်ဟန်သင်္ကေတတစ်ခုနှင့်အတူ သူသည် ပတ်ဝန်းကျင်နေရာတဝိုက်ကို လွှမ်းခြုံသော စွမ်းအားလှိုင်းတစ်ရပ်ကို ထုတ်လွှတ်ပြီး ဝင်္ကပါ၏စွမ်းအားကို ငြိမ်သက်စေခဲ့သည်။

"အားနည်းချက်...."

ဤသည်မှာ ကျန်းရွှမ်၏ရည်မှန်းချက် အတိအကျပင်။ သူသည် ဤကိစ္စကို ဟန်ရှောင်ထံမှ တုံ့ပြန်မှုတစ်ခုကို ဖြစ်ပေါ်စေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဟန်ရှောင် လှုပ်ရှားလိုက်သည်နှင့် ကျန်းရွှမ်၏စိတ်အတွင်းရှိ ကောင်းကင်ဘုံစာကြည့်တိုက် အသက်ဝင်လာသည်။

ဟူး လား လား....

ကောင်းကင်ဘုံစာကြည့်တိုက် တောက်ပသွားပြီး စာအုပ်တစ်အုပ် ထွက်ပေါ်လာပေ၏။

"ဟန်ရှောင်....ဟန်ယွမ်မြို့တော်ရှိ ကံကြမ္မာခန်းမဆောင်၏ ခန်းမဆောင်သခင်... ဓမ္မရုပ်သွင်နယ်ပယ် တတိယအဆင့်တွင်ရှိပြီး မျှခြေကံကြမ္မာကို ကျင့်ကြံသူ..."

ကျန်းရွှမ်က ထိတ်လန့်တုန်လှုပ်စွာဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။

ဤသည်မှာ ခန်းမဆောင်သခင်ဖြစ်ပြီး သူ ရှောင်ရှားလိုခဲ့သော လူတစ်ယောက်ပင်။ ယခုအချိန်၌ သူတို့နှစ်ယောက် တွေ့ဆုံမိကြလေပြီ။ ကံကောင်းထောက်မစွာဖြင့် သူ စကားများများ မပြောခဲ့မိချေ။ ထိုသို့မဟုတ်ပါက သူ ဖော်ထုတ်ခံရမည်မှာ သေချာပေါက်ပင်။

'ခဏလေး... မျှခြေကံကြမ္မာလား'

သူ၏ကဏဦးအံ့အားသင့်မှုသည် စိတ်ရှုပ်ထွေးမှုအဖြစ်သို့ ပြောင်းလဲသွားသည်။

သူသည် စူးစမ်းချင်စိတ် ပြင်းပြလာပြီး သူ ဆက်လက်ဖတ်ရှုလိုက်ရာ စာအုပ်၏ရှင်းပြချက်များအတွက် ကျေးဇူးတင်နေမိသည်။

မျှခြေကံကြမ္မာသည် လုပ်ရပ်များအားလုံးတွင် မျှခြေကိုရှာဖွေခြင်း ပါဝင်ပေ၏။ ဤကံကြမ္မာကို ကျင့်ကြံသူများသည် ကြားနေမှုကို ထိန်းသိမ်းခြင်းဖြင့်သာ အကျိုးအမြတ်များ ရရှိနိုင်ပြီး သူတို့၏ကျင့်ကြံမှုကို တိုးတက်စေနိုင်သည်...

ကျန်းရွှမ်က အံ့အားသင့်စွာဖြင့် မျက်တောင်ခတ်လိုက်သည်။

သူသည် ကံကြမ္မာလမ်းစဥ်များတွင် ဆေးပညာ ပန်းပဲပညာနှင့် သင်ကြားရေးကဲ့သို့သော သမားရိုးကျလမ်းစဉ်များသာ ပါဝင်သည်ဟု ယူဆခဲ့ပြီး ထိုအရာများသည် ပါမောက္ခကုန်းမြေရှိ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ဆင်တူပေ၏။ သို့ရာတွင် ဤကံကြမ္မာလမ်းစဥ်များသည် သူ မျှော်လင့်ထားသည်ထက် ပို၍ထူးဆန်းပြီး ကွဲပြားခြားနားနေသည်။

မျှခြေကံကြမ္မာ...ဤကြားနေပြီး ဘက်မလိုက်ဘဲ နေထိုင်သည့် နည်းလမ်းကို သူ တစ်ကြိမ်တစ်ခါမျှ မကြားဖူးချေ။

သို့ရာတွင် ဤသို့သောလူများသည် တည်ရှိနေရုံသာမက သာမာန်လည်းဆန်သည်။

သူတို့သည် မည်သူ့ကိုမျှ မျက်နှာသာမပေးကာ ဘက်လိုက်မှုမပြဘဲ လူများအားလုံးကို တသမတ်တည်း တန်းတူညီမျှ ဆက်ဆံကြသည်။

ထို့ပြင် ဤသည်က ကံကြမ္မာတစ်ခုကို ဖွဲ့စည်းနိုင်သလော....

ဤကံကြမ္မာကို ကျင့်ကြံနေသောလူများ ရှိနေသည်ကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်မတွေ့ရရပါက ယုံကြည်နိုင်ရန် အလွန်ခက်ခဲပေမည်။

စာအုပ်ကို ဖွဲ့စည်းပြီးသည်နှင့် ကျန်းရွှမ်သည် ဝင်ခွင့်တံဆိပ်ပြားကို သူ၏အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်ရာ ဝင်္ကပါမှဖိအားသည် ဆုတ်ခွာသွားပေ၏။

"ခန်းမဆောင်သခင်ဟန်....အမှန်အတိုင်းပြောရရင် ဒီနောက်ဆုံးအကြိမ်ခရီးမှာ ကျွန်တော်က ဆရာနဲ့ မတွေ့ခဲ့ရဘူး....ဖရိုဖရဲကံကြမ္မာကျင့်ကြံသူက ကံကြမ္မာနတ်ဘုရားနယ်မြေထဲကို ထွက်ပြေးသွားပြီးတော့ အဲ့ဒီနောက်ပိုင်းမှာ ဖမ်းမမိတော့ဘူး..."

အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ကျန်းရွှမ်က ပြောဆိုလိုက်သည်။

ကျိုးယီအင်ပါယာသို့သွားသော လင်းပုယန်၏ခရီးစဉ်သည် ရှုရှင်း၏မှတ်ဉာဏ်များအတွင်းတွင် ရှိနေပြီး ခုန်းရှီထံမှ သူ ရရှိထားသော အချက်အလက်များနှင့် လုံးလုံးလျားလျား ကိုက်ညီနေသည်။ ဤရှင်းပြချက်သည် လုံလောက်သင့်ပေ၏။

ဟန်ရှောင်က နားလည်သဘောပေါက်သော အမူအယာဖြင့် ခေါင်းညိတ်လိုက်သည်။

"ကံကြမ္မာနတ်ဘုရားနယ်မြေလား...အဲ့ဒီနယ်မြေထဲကို ဝင်သွားတဲ့ ဘယ်သူမဆို သေလူပဲ... နောက်ထပ် လိုက်လံဖမ်းဆီးဖို့မလိုတော့ဘူး"

"ဒါက..."

ကျန်းရွှမ်၏စိတ်နှလုံးသား မွန်းကြပ်သွားသည်။

"ကံကြမ္မာနတ်ဘုရားနယ်မြေက အတိအကျ ဘာကိုဆိုလိုတာလဲ... ဆရာက အဲ့ဒီအကြောင်းကို အရင်က တစ်ခါမှ မပြောခဲ့ဖူးဘူး...ဒါကြောင့် ကျွန်တော်လည်း သိပ်နားမလည်ဘူး..."

ဟန်ရှောင်က ပြုံးလိုက်သည်။

"ကံကြမ္မာထူထောင်ခြင်းနယ်ပယ်ကို ရောက်လာတဲ့ ဘယ်ကံကြမ္မာဆရာသခင်မဆို သူတို့ရဲ့ကိုယ်ပိုင် ကံကြမ္မာလမ်းစဉ်ကို ဖော်ဆောင်နိုင်လိမ့်မယ်....သူတို့က သူတို့ရဲ့ကျင့်ကြံမှု ဘဝ ကံကြမ္မာနဲ့ အသိပညာကို အဲ့ဒီလမ်းစဥ်ထဲမှာ ရောနှောပြီးတော့ ပိုပြီးသန်မာအားကောင်းအောင်လုပ်ရမယ်...ဒါက နောက်ဆုံးမှာ တစ်ခုတည်းသောကံကြမ္မာ ဖြစ်လာတဲ့အထိပဲ... တကယ်လို့ ဒီကံကြမ္မာမှာ ဆက်ခံသူတစ်ယောက်ရှိရင် ဆက်ပြီးတည်ရှိနေမယ်...မရှိဘူးဆိုရင် သူ သေဆုံးသွားတဲ့အချိန်မှာ သူရဲ့စိတ်ဆန္ဒနဲ့ပြည့်နှက်နေတဲ့ နတ်ဘုရားနယ်မြေတစ်ခုကို ဖွဲ့စည်းလိမ့်မယ်....ဒါကို ငါတို့က ကံကြမ္မာနတ်ဘုရားနယ်မြေလို့ ခေါ်တယ်"

"အဲ့ဒီဒီနေရာက ကျင့်ကြံသူတစ်ယောက်ရဲ့ကံကြမ္မာကို ဖော်ဆောင်တယ်... ကံကြမ္မာမတူဘဲ ဝင်ရောက်သွားတဲ့ ဘယ်ကျူးကျော်သူမဆို ဝါးမြိုခံရပြီးတော့ လောင်စာအနေနဲ့ အသုံးပြုခံရလိမ့်မယ်...ဒါပေမယ့် တကယ်လို့ သူတို့က အဲ့ဒီကျင့်ကြံသူရဲ့လမ်းစဥ်ကို အမွေဆက်ခံနိုင်ခဲ့ရင် ကျင့်ကြံမှုမှာ လျင်မြန်တဲ့ အောင်မြင်မှုတစ်ခုကို တွေ့ကြုံရလိမ့်မယ်..."

"ဒါပေမယ့် ကံကြမ္မာက တစ်ခုတည်းပဲ... တိုက်ရိုက်ဆက်ခံသူတစ်ယောက် မဟုတ်ရင် ဒါမှမဟုတ် နက်နဲသိမ်မွေတဲ့ နားလည်သဘောပေါက်မှုမရှိရင် အဲ့ဒါကို အမွေဆက်ခံဖို့က မဖြစ်နိုင်သလောက်နီးပါးပဲ... ဒါကြောင့် ကံကြမ္မာနတ်ဘုရားနယ်မြေထဲကို မှားယွင်းပြီး ဝင်ရောက်သွားတဲ့သူတွေက သေချာပေါက် သေဆုံးရလိမ့်မယ်"

*ဝုဖ်ဂန်း အမာဒိယပ် မိုးဇက် (Wolfgang Amadeus Mozart) နဲ့ လုဒ်ဝစ် ဗန် ဘီသိုဗင် (Ludwig van Beethoven)တို့က ကမ္ဘာဂန္တဝင်ဂီတလောကမှာ အထင်ရှားဆုံးနဲ့အတော်ဆုံးဂီတပညာရှင် တေးရေးဆရာကြီးနှစ်ဦးပါ"

All Chapters