ဖော်ထုတ်ခံရခြင်း
Vol. 12 Ch. 178
အချိန်တခဏအကြာတွင် ဓားသွားသည် လေထုအတွင်းတွင် ရပ်တန့်သွားပြီး သခင်မယုသည် သူမ၏စွမ်းအားကို ပြန်ရုပ်သိမ်းလိုက်၏။ သူမသည် မိုတောက်ဓား*ကို ကျန်းရွှမ်ထံသို့ ပစ်ပေးလိုက်သည်။
"နင် ဘယ်လောက်ထိ နားလည်သဘောပေါက်သွားလဲဆိုတာ ကြည့်ရအောင်..."
"ဟုတ်ကဲ့ပါ သခင်မ"
ကျန်းရွှမ်က ဓားကို ဖမ်းယူလိုက်သည်။
သူမသည် သူ့ကို အပြည့်အဝမယုံကြည်သေးသည်မှာ သိသာထင်ရှားပေ၏။ အပေါ်ယံတွင် ဤသည်မှာ သင်ကြားရေးသင်ခန်းစာတစ်ခုဖြစ်သော်လည်း လက်တွေ့တွင်မူ စမ်းသပ်မှုတစ်ခုပင်။ လျန်ဟောင်ထံတွင် မိုတောက်ကောင်းကင်ကံကြမ္မာကို ခံယူရန် သင့်လျော်သော အရည်အချင်းများ ရှိသည်။ အကယ်၍ ကျန်းရွှမ်သည် တူညီသောကံကြမ္မာကို မပြသနိုင်ခဲ့လျှင် သူ၏အယောင်ဆောင်မှု ပေါ်သွားပေလိမ့်မည်။
"လှုပ်ရှားမှုတွေကတော့ အရမ်းရိုးရှင်းတယ်...ဒါပေမဲ့... ဒီကောင်းကင်ကံကြမ္မာက ဘာလဲ...နည်းစနစ်နဲ့ ဘယ်လိုမျိုး ပေါင်းစပ်တာလဲ..."
ကျန်းရွှမ်သည် သူ တွေဝေတုံ့ဆိုင်းနေလျှင် သို့မဟုတ် စမ်းသပ်မှုတွင် ကျရှုံးလျှင် သခင်မယုသည် ချက်ချင်းတိုက်ခိုက်မည်ကို သိရှိထားသည်။ ထို့ပြင် ပုရွှီခန်းမတစ်ခုလုံးသည် သူ့ကို ဆန့်ကျင်တိုက်ခိုက်မည် ဖြစ်သဖြင့်သူ၏တာဝန် ပျက်စီးသွားမည်ဖြစ်ကြောင်း နားလည်သဘောပေါက်သည်။ သို့ရာတွင် ကောင်းကင်ကံကြမ္မာနှင့် သိုင်းပညာနည်းစနစ်များကြား ဆက်သွယ်မှုမှာ သူ၏လက်ရှိနားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။
သူ နည်းစနစ်၏လှုပ်ရှားမှုများကို သိရှိထားသည်။ ထိုအရာသည် အလွန်ရိုးရှင်းပေ၏။ သူသည် လွယ်လင့်တကူ ပုံတူကူးနိုင်ပြီး သခင်မယုထက်ပင် ပို၍ချောမွေ့အောင် အသုံးပြုနိုင်သည်။ သို့ရာတွင် အဓိကအချက်မှာ ဤဓားချက်များထဲသို့ ထည့်သွင်းထားသော ကောင်းကင်ကံကြမ္မာစွမ်းအင်တွင် တည်ရှိသည်။ ထိုစွမ်းအင်ကို မည်သို့ဆင့်ခေါ်ပြီး အသုံးချရမည်မှာ သူ့အတွက် ပဟေဠိတစ်ခုဖြစ်နေသည်။
ဤသည်မှာ အစစ်အမှန်စွမ်းအား သို့မဟုတ် ရင်းမြစ်စွမ်းအားကို လည်ပတ်စေရုံမျှဖြင့် အောင်မြင်နိုင်သောအရာမဟုတ်ချေ။
ကောင်းကင်ကံကြမ္မာသည် အမွေအနှစ်မှတဆင့် လက်ဆင့်ကမ်းခြင်း သို့မဟုတ် ကိုယ်တိုင်နားလည်သဘောပေါက်ခြင်းဖြစ်ပြီး နက်ရှိုင်းသော ထိုးထွင်းသိမြင်မှုရှိရန် လိုအပ်သည်။ ကံကြမ္မာခန်းမဆောင်တွင်ပင် ဤကံကြမ္မာများကို ဖော်ပြထားသော စာအုပ်များရှိသော်လည်း ထိုအရာများ၏ကျင့်ကြံနည်းစနစ်များကို အသေးစိတ်ဖော်ပြမထားချေ။
အချိန်တခဏအတွင်းတွင် ကျန်းရွှမ်သည် မည်ကဲ့သို့လုပ်ရမည်ကို မသိတော့ချေ။
"မင်း ဘာမှနားမလည်သေးဘူးလား..."
သခင်မယု၏အသံသည် ပို၍အေးစက်လာပြီး သူမ၏မျက်ခုံးများ တွန့်ကွေးသွားသည်။
"ကျွန်တော့်ရဲ့အရည်အချင်းက နိမ့်ပါးတယ်... ကျေးဇူးပြုပြီးတော့ အချိန်နည်းနည်းလောက် ထပ်ပေးပါ"
ကျန်းရွှမ်က သူ၏လက်အတွင်းမှ မိုတောက်ဓားကိုပွတ်သပ်ရင်း တုံ့ပြန်အဖြေပေးလိုက်၏။
သခင်မယု၏ အစောပိုင်းသရုပ်ပြမှုမှ ကျန်ရှိနေသော ကောင်းကင်ကံကြမ္မာစွမ်းအင်သည် ဓားပေါ်တွင် ရှိနေဆဲပင်။ ဤသည်မှာ ဤမိုတောက်ဓားကို ကောင်းကင်ကံကြမ္မာနှင့် ချည်နှောင်ထားသည့်အလားပင်။
"ချို့ယွင်းချက်..."
တိုးညှင်းသော အမိန့်သံတစ်သံနှင့်အတူ သူ၏စိတ်အတွင်းတွင် စာအုပ်တစ်အုပ် ထွက်ပေါ်လာသည်။
"ချင်းယုမိုတောက်ဓား...ပုရွှီခန်းမမှ သခင်မယုချင်းယု၏ လက်နက်... မြောက်ပိုင်းသတ္တုတွင်းက နက်နဲသိမ်မွေ့သံမဏိဖြင့် ထုလုပ်ထားကာ အလေးချိန် ၁၇ကျင်းနှင့် ၇လျန်ရှိသည်..."
ကျန်းရွှမ်က သူ၏စိတ်အတွင်း၌ သက်ပြင်းရှိုက်လိုက်သည်။ ဤအချက်အလက်သည် မည်သို့မျှ အသုံးမဝင်နိုင်ချေ။
ထို့နောက် အတွေးတစ်ခုက သူ့၏စိတ်အတွင်းသို့ ဝင်ရောက်လာသည်။
"သဘာဝကောင်းကင်လမ်းနည်းစနစ်မှာ ပုံတူကူးနိုင်စွမ်း ပါဝင်တယ်...ငါက သခင်မယုရဲ့ ဓားနည်းစနစ်နဲ့ သူ့ရဲ့ကောင်းကင်ကံကြမ္မာကနေ ဖြစ်ပေါ်စေတဲ့ ခံစားမှုကို ပုံတူကူးနိုင်မလားမသိဘူး"
သူသည် ဤပုံတူကူးနိုင်စွမ်းကို အတိတ်က အောင်မြင်စွာ အသုံးပြုခဲ့ဖူးပြီး သွေးမျိုးဆက်များကို အတုခိုးခြင်းဖြင့် ဝိညာဉ်မျိုးနွယ်ကျွမ်းကျင်သူများကိုပင် လှည့်စားခဲ့ဖူးသည်။ သူ မိုတောက်ကောင်းကင်ကံကြမ္မာကို အမှန်တကယ် မပိုင်ဆိုင်လျှင်ပင် နည်းစနစ်၏ တိကျသောစွမ်းအင်နှင့်လှုပ်ရှားမှုကို ပြန်လည်၍ ထုတ်ဖော်နိုင်လောက်သည်။
ကျန်းရွှမ်သည် စွန့်စားရန် ဆုံးဖြတ်လိုက်ပြီနောက် တွေဝေတုံ့ဆိုင်းမနေတော့ချေ။ သူသည် သူ၏လက်အတွင်းမှ မိုတောက်ဓားကို မြှောက်လိုက်ပြီး သူ၏ဆုပ်ကိုင်မှုကို ထိန်းညှိကာ သူ့ကိုယ်သူ တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။
သခင်မယု၏လှုပ်ရှားမှုများကို ပြန်လည်တွေးတောရင်း ကျန်းရွှမ်သည် ကောင်းကင်လမ်း၏ သဘာဝပုံတူကူးနိုင်စွမ်းကို အသက်သွင်းရင်း ဓားနည်းစနစ်အတိုင်း စတင်၍လှုပ်ရှားလိုက်၏။
အချိန်တခဏအတွင်းမှာပင် သူ၏လှုပ်ရှားမှုများသည် သခင်မယု၏ ယခင်သရုပ်ပြမှုနှင့် တထပ်တည်းကျသွားသည်။ သူ ဓားကိုလွှဲလိုက်သည်နှင့် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းများသည် မမြင်နိုင်သောအားလှိုင်းတစ်ရပ်၏ ဆွဲဆောင်ခြင်းကိုခံရကာ တုံ့ပြန်လာသည်။
သူ၏အမြင်အာရုံ အချိန်တခဏမျှ လှုပ်ခတ်သွားသည်။ တောက်ပသော စွမ်းအင်မြစ်တစ်စင်း သူ၏ခေါင်းပေါ်တွင် ထွက်ပေါ်လာပြီး လေထုအတွင်းတွင် စီးဆင်းနေကာ အဆုံးမရှိသော ကောင်းကင်ကံကြမ္မာစွမ်းအင်စီးကြောင်းများဖြင့် ပြည့်နှက်နေသည်။
ကျန်းရွှမ်သည် ထိုကိစ္စကို အပြည့်အဝ နားမလည်မီမှာပင် ထိုမြင်ကွင်းသည် ခဏတာအိပ်မက်တစ်ခုအလား ပျောက်ကွယ်သွားသည်။
"နင်က ဒီလောက်အများကြီးကို နားလည်သဘောပေါက်သွားပြီလား..."
သခင်မယု၏ အသံက သူ၏အာရုံစူးစိုက်မှုကို ဖြတ်တောက်လိုက်ပြီး သူမ၏လေသံတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။
ကျန်းရွှမ်က သူ၏လက်ထဲမှ မိုတောက်ဓားကို တစ်ချက်ကြည့်လိုက်သည်။ ကောင်းကင်ကံကြမ္မာစွမ်းအင် အမျှင်တန်းများသည် ဓား၏နံဘေးပတ်လည်တွင် ရစ်သိုင်းလွှမ်းခြုံနေပြီး ကံကြမ္မာကိုဖြတ်တောက်နိုင်သော စွမ်းအားအရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။
"ငါ... အောင်မြင်သွားပြီလား..."
ကျန်းရွှမ်သည် စိတ်လှုပ်ရှားမှုသွားကာ သူ၏နှလုံးခုန်နှုန်း လျှင်မြန်သွားပေ၏။
သဘာဝကောင်းကင်လမ်းသည် မိုတောက် ကောင်းကင်ကံကြမ္မာ၏ ရှုပ်ထွေးမှုများကိုပင် အပြစ်အနာအဆာကင်းစွာ ပုံတူကူးနိုင်ခဲ့သည်။
"ဒါဆို ဒါက မိုတောက်ကောင်းကင်ကံကြမ္မာလား...စည်းချက်ညီညီစီးဆင်းနေတဲ့ ကံကြမ္မာကို ငါ ခံစားမိတယ်.. ဒါက ကျင့်ကြံဆင့်စွမ်းအားကိုတောင် အရှိန်မြှင့်ပေးနိုင်ပုံရတယ်"
ဤတွေ့ရှိမှုသည် သူ၏ကောင်းကင်ကံကြမ္မာလမ်းကြောင်းများအပေါ် လေးစားမှုကို ပို၍နက်ရှိုင်းစေခဲ့သည်။ သာမန်အရည်အချင်းရှိသူတစ်ဦးပင်လျှင် ကောင်းကင်ကံကြမ္မာ၏ လမ်းညွှန်မှုအောက်တွင် လျင်မြန်စွာ တိုးတက်လာနိုင်သည်။
ထိုအချိန်မှာပင် ကောင်းကင်ဘုံစာကြည့်တိုက်မှ တုန်ခါသံတစ်သံ ပွင့်အံ့ထွက်လာသည်။ ကောင်းကင်ကံကြမ္မာစွမ်းအင် ပါဝင်သော စာအုပ်အမြောက်အများသည် လောင်ကျွမ်းသွားပြီး တောက်ပစွာ စီးဆင်းနေသော မြစ်တစ်စင်းအဖြစ်သို့ ပေါင်းစပ်သွားသည်။
မိုတောက်ဓားနှင့်တူသော ထိုမြစ်သည် စာကြည့်တိုက်အတွင်း ဆိုင်းငံ့နေပြီး မမြင်နိုင်သော လေဟာနယ်ကို စာကြည့်တိုက်နှင့် ချိတ်ဆက်ထားပုံရသည်။
တစ်ချိန်တည်းမှာပင် ကျန်းရွှမ် မကြာသေးမီက ဝယ်ယူခဲ့သော ကံကြမ္မာချပ်ပြားများသည် ကြေမွှသွားပြီး ထိုလေဟာနယ်စွမ်းအင်စီးကြောင်းအတွင်းသို့ ပေါင်းစပ်သွားသည်။
သူ ခက်ခက်ခဲခဲရှာဖွေထားသော ကောင်းကင်ကံကြမ္မာစွမ်းအင်များသည် လျှို့ဝှက်ဆန်းကြယ်သော စီးကြောင်းအတွင်းသို့ ပျောက်ကွယ်သွားသည်ကိုကြည့်ရင်း ကျန်းရွှမ်၏နှလုံးသွေးများ ယိုစီးကျတော့လုမတတ်ပင်။ သို့ရာတွင် မြစ်သည် ငတ်မွတ်နေဆဲဖြစ်ပြီး ငြိမ်းသေလုနီးပါးဖြစ်နေသကဲ့သို့ အားနည်းစွာဖြင့် မှိတ်တုတ်မှိတ်တုန်ဖြစ်နေသည်။
"မလုံလောက်သေးဘူးလား..."
ဤစွမ်းအင်မြစ်သည် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းငါးသောင်းကျော်ကို စုပ်ယူသွားခဲ့သော်လည်း မလုံလောက်ခဲ့ချေ။ ဤစွမ်းအင်မြစ်ဖွဲ့စည်းရန်အတွက် သူ၏အဆင့်မြင့်ကျင့်ကြံနည်းစနစ်များ ဖန်တီးခြင်း သို့မဟုတ် ချို့ယွင်းချက်ရှာဖွေခြင်းများထက်ပင် စွမ်းအင်များပို၍ ဝါးမြိုသည်။
'ဒါက ဘာလဲ.... ဘာလို့ ဒီလောက်ထိ စွမ်းအင်တွေအများကြီးကို တောင်းဆိုနေတာလဲ...'
"'ကောင်းကင်ကံကြမ္မာ ရုပ်လုံးပေါ်ခြင်း'... ဒါက ကောင်းကင်ကံကြမ္မာ ရုပ်လုံးပေါ်ခြင်းအဆင့်ပဲ... ငါတောင် ဒီအဆင့်ကို မရောက်သေးဘူး...မင်းက ဘယ်လိုလုပ်ပြီး ရောက်နိုင်မှာလဲ... ဒါ... ဒါက မဖြစ်နိုင်ဘူး"
သခင်မယု၏အံ့အားတသင့်ရေရွတ်သံက ကျန်းရွှမ်ကို သူ၏အတွေးများအတွင်းမှ ဆွဲထုတ်လိုက်သည်။ သူမသည် သူ၏လက်ထဲမှ မိုတောက်ဓားကို စူးစိုက်၍ကြည့်နေပြီး သူမ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုနှင့် ကြောက်ရွံ့မှုတို့ ရောယှက်နေသော အမူအယာတစ်ရပ် ထင်ဟပ်နေသည်။
"ကောင်းကင်ကံကြမ္မာ ရုပ်လုံးပေါ်ခြင်းလား...."
ကျန်းရွှမ်က မိုတောက်ဓားကို ငုံ့ကြည့်ရင်း တီးတိုးရေရွတ်လိုက်၏။ ဓား၏နံဘေးပတ်လည်တွင် ရစ်သိုင်းလွှမ်းခြုံနေသော ကောင်းကင်ကံကြမ္မာစွမ်းအင်များမှ ခပ်ဖျော့ဖျော့အလင်းတန်းများကို ထုတ်လွှတ်နေသည်။
"နင် မသိဘူးလား"
သခင်မယုကို ကြည့်ရသည်မှာ အံ့အားသင့်သွားပုံရသည်။
"ဒါက အမှန်ပဲ... ဒီကိစ္စကို နင် သိမှာမဟုတ်ဘူး...နင်က ကံကြမ္မာဆရာသခင်တစ်ယောက် မဟုတ်ဘူး"
သခင်မယုသည် သူမကိုယ်သူမ တည်ငြိမ်အောင် ပြန်လည်ထိန်းသိမ်းပြီး ရှင်းပြသည်။
"ကောင်းကင်ကံကြမ္မာတစ်ခုစီက ကျင့်ကြံခြင်းလမ်းကြောင်းတစ်ခုကို ကိုယ်စားပြုတယ်..အဲဒီလောက်တော့ နင် သိတယ်မဟုတ်လား..."
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
သူ ယခင်က မသိခဲ့လျှင်ပင် မကြာသေးမီက သူ၏ပုံတူကူးခြင်းနှင့်လေ့လာမှုများမှ ထိုအယူအဆကို ရှင်းလင်းစေခဲ့သည်။ မိုတောက်ကောင်းကင်ကံကြမ္မာနှင့် ကိုက်ညီသူများသည် သူတို့၏ကျင့်ကြံမှုကို မြှင့်တင်နိုင်ပြီး သူတို့၏ကျွမ်းကျင်မှုများကို ထက်ရှစေကာ ပို၍မြန်ဆန်စွာ အဆင့်တက်နိုင်သည်။
သခင်မယုက ဆက်လက်၍ ပြောဆိုသည်။
"ကောင်းကင်ကံကြမ္မာကျင့်ကြံမှုက ရိုးရှင်းတာမဟုတ်ဘူး.. အဓိကလမ်းကြောင်းနှစ်ခုရှိတယ်... ပထမတစ်ခုက ကံကြမ္မာနှစ်ခြင်းအခမ်းအနားကနေတစ်ဆင့် ကိုယ်နဲ့ကိုက်ညီတဲ့ ကံကြမ္မာတစ်ခုကို ရှာဖွေပြီး ကံကြမ္မာဆရာသခင်တစ်ယောက် ဖြစ်လာတာ...ဒါက ကျင့်ကြံသူတွေ အတောင့်တဆုံးဖြစ်ပေမယ့် ဒီလိုဖြစ်လာဖို့အတွက် ထူးခြားတဲ့ အရည်အချင်းလိုအပ်တယ်"
ကျန်းရွှမ်က ယုလုံချင်း ဤအကြောင်းကို ပြောခဲ့သည်အား အမှတ်ရလိုက်သည်။ ဤလမ်းကြောင်းတွင် အောင်မြင်ခြင်းသည် လူတစ်ဦးကို လူအများထက် သာလွန်စေသည်။
"ဒုတိယလမ်းကြောင်းက ကံကြမ္မာဆရာသခင်တစ်ယောက်ဖြစ်လာဖို့ အရည်အချင်းမလုံလောက်သူတွေအတွက်ပဲ...သူတို့က ကံကြမ္မာဆရာသခင်တစ်ယောက်ဆီကနေ အသိအမှတ်ပြုမှုကို ရခဲ့ရင် ကောင်းကင်ကံကြမ္မာရဲ့အစိတ်အပိုင်းတစ်ခုကို ပိုင်ဆိုင်နိုင်တယ်...ကံကြမ္မာအစောင့်အရှောက်တွေ ဒါမှမဟုတ် ပုရွှီခန်းမဆောင်လိုမျိုး ခန်းမဆောင်တွေရဲ့တပည့်တွေက ဒီလိုနည်းနဲ့ လုပ်ဆောင်ကြတာ... သူတို့ရဲ့တိုးတက်မှုတွေက အသင့်အတင့်ပဲဖြစ်ပေမယ့် အဆင့်တက်ဖို့ လက်တစ်ကမ်းအလိုမှာ ရှိတဲ့အချိန်မှာ ကောင်းကင်ကံကြမ္မာက အရေးကြီးတဲ့ အထောက်အပံ့တွေကို ပေးတယ်"
သခင်မယု၏လေသံ ပို၍တည်ကြည်လေးနက်လာသည်။
"ဒါပေမဲ့ ကောင်းကင်ကံကြမ္မာ ရုပ်လုံးပေါ်ခြင်းအဆင့်ကို ရောက်ရှိသူတွေက ထူးခြားတယ်..သူတို့က ကံကြမ္မာဆရာသခင်တွေ မဖြစ်လာရင်တောင် အဓိကကိုယ်စားလှယ်လောင်းတွေအဖြစ် သတ်မှတ်ခံရတယ်...ပြီးတော့ နင်က အဲဒါကို အောင်မြင်သွားခဲ့ပြီ... ဒါက... နင်မှာအစစ်အမှန်ကံကြမ္မာဆရာသခင်တစ်ယောက် ဖြစ်လာဖို့ အလားအလာရှိတယ်လို့ ဆိုလိုတာပဲ"
ကျန်းရွှမ်က သူမ၏စကားများကို နားထောင်ပြီးနောက် မေးမြန်းလိုက်၏။
"ဒါပေမဲ့ ကောင်းကင်ကံကြမ္မာတစ်ခုချင်းစီက တမူထူးခြားတယ်လို့ ကျွန်တော် ကြားဖူးတယ်...လူတွေအများကြီးက တူညီတဲ့ကံကြမ္မာကို ဘယ်လိုလုပ်ပြီး ကျင့်ကြံနိုင်မှာလဲ..."
သခင်မယုက သူ့ကို စူးရှသောအကြည့်ဖြင့် ကြည့်ပြီးနောက် တုံ့ပြန်အဖြေပေးသည်။
"ကောင်းကင်ကံကြမ္မာတစ်ခုချင်းစီက တကယ့်ကို တမူထူးခြားတယ်.... ဒါပေမဲ့ အဲ့ဒါက ငါတို့ လက်လှမ်းမမီနိုင်တဲ့ အမြင့်ဆုံးအဆင့်တွေနဲ့ပဲ သက်ဆိုင်တယ်...အရှင်လင်းတောင် မရောက်ဖူးတဲ့ အဆင့်တွေပေါ့...လောလောဆယ်တော့ တူညီတဲ့ကံကြမ္မာအောက်မှာ ကျင့်ကြံနေသူတွေက ဘုရင်တစ်ပါးအောက်က စစ်သားတွေလိုပဲ.... ပလ္လင်က တစ်ခုတည်းဖြစ်နိုင်ပေမယ့် သာမန်စစ်သားတွေက အဲဒီအတွက် ယှဉ်ပြိုင်နိုင်တာမျိုးမဟုတ်ဘူး"
ကျန်းရွှမ်သည် နောက်ဆုံးတွင် နားလည်သဘောပေါက်သွားပေ၏။
ရိုးရှင်းစွာပြောဆိုရလျှင် ကောင်းကင်ကံကြမ္မာသည် ဂိုဏ်းတစ်ဂိုဏ်းနှင့် ဆင်တူသည်။ အသစ်ဝင်ရောက်လာသော တပည့်တစ်ဦးတွင် ဂိုဏ်းချုပ်ရာထူးအတွက် ယှဉ်ပြိုင်ရန် အခွင့်အရေးမရှိချေ။
သို့ရာတွင် သခင်မယု၏မျက်နှာအမူအယာ သုန်မှုန်သွားပြီး သူမ၏မျက်လုံးများ ကျဉ်းမြောင်းလာသည်ကို မြင်တွေ့မိသဖြင့် ကျန်းရွှမ်၏အတွေးများ ပြတ်တောက်သွားသည်။
"နင်က လျန်ဟောင် မဟုတ်ဘူး...နင်က ဘယ်သူလဲ...ပုရွှီခန်းမဆောင်ကို ဘာလို့ရောက်လာတာလဲ..."
ကျန်းရွှမ်၏ခန္ဓာကိုယ်တောင့်တင်းသွားပြီး သူ မျက်မှောင်တင်းတင်းကြပ်ကြပ် ကြုတ်လိုက်သည်။
သူ ဖော်ထုတ်ခံရလေပြီ။
*အရင်က ဓားမကြီးနေရာမှာ မိုတောက်ဓားလို့ ပြောင်းထားပါတယ်..အဓိပ္ပါယ်က အတူတူပါပဲ..ဖတ်မကောင်းဘူး ထင်လို့ပါ