အဆင့်တိုးခြင်း
Vol. 12 Ch. 176
ဖုန်းယိကျိုးက လှောင်ပြောင်ရယ်မောလိုက်သည်။
"တရားမျှတမှုလား....သူတို့က နိမ့်ကျတဲ့ သာမန်ပြည်သူတွေပဲ...သူတို့ သေသေရှင်ရှင် သူတို့က ဘာတရားမျှတမှုနဲ့မှ မထိုက်တန်ဘူး..."
ကျန်းရွှမ်က ခေါင်းခါလိုက်သည်။
"ငါ့မျက်လုံးထဲမှာတော့ မင်းက သူတို့လောက်တောင် တန်ဖိုးမရှိဘူး"
ထိုစကားများဖလှယ်နေစဉ်၌ ကျန်းရွှမ်၏ မရပ်မနားတိုက်ခိုက်မှုများသည် ဖုန်းယိကျိုးကို စိတ်ပျက်လက်ပျက်ဖြင့် ခြေလှမ်းတစ်လှမ်းချင်းစီ ဆုတ်ခွာစေခဲ့သည်။ ဖုန်းယိကျိုးသည် သူ၏စိတ်ပျက်မှုများကို ထိန်းမထားနိုင်တော့ဘဲ နောက်ဆုံးတွင် ပွင့်အံ့ထွက်လာသည်။
"မင်းမှာ ဒီလောက်ထိ ကြာရှည်ခံတဲ့ စွမ်းအားမျိုး ဘယ်လိုလုပ်ပြီး ရှိနေတာလဲ..."
ဓမ္မရုပ်သွင်နယ်ပယ် ကျင့်ကြံသူအများစုအတွက် မြင်းကောင်ရေ၅၀၀ ခွန်အားကို ထုတ်သုံးခြင်းသည် အထွတ်အထိပ်ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး တိုက်ပွဲအတွင်းတွင် ခဏတာတိုးတက်လာမှုတစ်ခုသာဖြစ်သည်။ ထိုခွန်အားပမာဏကို ရေရှည်ထိန်းထားရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။ ပုံမှန်ထိုးနှက်ချက်များသည် မြင်းကောင်ရေ ၃၀၀ မှ ၄၀၀ ကြားခွန်အားတွင်သာ တည်ငြိမ်နေပေလိမ့်မည်။
သို့ရာတွင် ကျန်းရွှမ်၏ လက်သီးတစ်ချက်ချင်းစီသည် ပေါင်ချိန်စက်ပေါ်တွင် တိုင်းတာထားသကဲ့သို့ တိကျစွာဖြင့် မြင်းကောင်ရေ ၅၀၀ ၏ မယိမ်းမယိုင်သော ခွန်အားကို သယ်ဆောင်ထားသည်။ ဤကဲ့သို့ ပြီးပြည့်စုံသော ထိန်းချုပ်မှုသည် တစ်ခုတည်းသောအရာကိုသာ ဆိုလိုနိုင်သည်။ သူ၏စွမ်းအားအစစ်အမှန်သည် မြင်းကောင်ရေ၅၀၀ထက် များစွာကျော်လွန်နေသောကြောင့် သူ၏တိုက်ခိုက်မှုများကို တိကျစွာ ချိန်ညှိနိုင်ခြင်းပင်။
"မင်းက ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိသွားပြီ... မင်း ဒီလောက်ထိ မဆင်မခြင် ပြုမူရဲတာ မဆန်းတော့ဘူး"
ဖုန်းယိကျိုးသည် နောက်ဆုံးတွင် နားလည်သွားပေ၏။
"ဒါပေမဲ့ ဒါက ငါ့ရဲ့နယ်မြေပဲ...မင်းက ငါ့ကိုသတ်နိုင်မယ်လို့ မင်း ထင်နေတာလား..."
ဖုန်းကျိကျိုး၏နောက်ကျောသည် နံရံတစ်ခုနှင့်နီးကပ်သွားကာ သူ၏မျက်လုံးများအတွင်း၌ အေးစက်စက်အလင်းတန်းများ ဖြတ်ပြေးသွားသည်။ ထို့နောက် သူသည် သူ၏ဝတ်ရုံထဲသို့ လက်နှိုက်ပြီး တံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ ညင်သာစွာ တို့ထိလိုက်သည်။
ဝီ....
တိုးညင်းသော တုန်ခါသံတစ်သံ ပဲ့တင်ထပ်သွားပြီး လေထုအတွင်းတွင် လှိုင်းဂယက်များပျံ့နှံ့သွားသည်။ ခန်းမဆောင်အတွင်းတွင် တစ်ချိန်က တည်ငြိမ်နေခဲ့သော ရင်းမြစ်စွမ်းအင်သည် ကျောက်တုံးတစ်တုံး ပစ်ချခံလိုက်ရသော ရေပြင်အလား ပြင်းထန်စွာ လှုပ်ခတ်သွားပေ၏။
"အဲဒါ ဖုယွမ်ကုန်သွယ်ရေးအိမ်တော်ရဲ့ နတ်ဆိုးသုတ်သင်ရေး သတ်ဖြတ်ခြင်းဝင်္ကပါပဲ..."
"အဲဒီဝင်္ကပါက လက်လွတ်စပယ် တိုက်ခိုက်တာ... ကိုက်ညီတဲ့ တံဆိပ်ပြားမရှိတဲ့ ဘယ်သူ့ကိုမှ ချန်မထားဘူး... ငါတို့တွေ အခွင့်အရေးရှိတုန်းက ထွက်သွားခဲ့သင့်တယ်....."
"ဖုန်းယိကျိုး ရူးသွားပြီ...ငါတို့အားလုံးကို သတ်ပစ်မယ့် ဝင်္ကပါတစ်ခုကို သူ အသက်သွင်းလိုက်ပြီ"
စောင့်ကြည့်နေသူများကြားတွင် ထိတ်လန့်တုန်လှုပ်မှုများ ပျံ့နှံ့သွားသည်။
နတ်ဆိုးသုတ်သင်ရေး သတ်ဖြတ်ခြင်းဝင်္ကပါသည် ကြောက်မက်ဖွယ်ကောင်းသော ခုခံကာကွယ်ရေးဝင်္ကပါတစ်ခုပင်။ ဤဝင်္ကပါကို ကျိုးယီမင်းဆက်မှ ယူဆောင်လာပြီး ရက်ပေါင်း ရှစ်ဆယ့်တစ်ရက်ကျော် အချိန်ယူ၍ ခင်းကျင်းခဲ့သည်။ ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့် ထိပ်သီးကျင့်ကြံသူများပင်လျှင် ဤဝင်္ကပါ၏အချုပ်အနှောင်များမှ လွတ်မြောက်နိုင်ရန် ခက်ခဲပေ၏။
ယခုအချိန်၌ ဝင်္ကပါကြီး အပြည့်အဝ အသက်ဝင်လာသည်နှင့် အနက်ရောင်မြူခိုးများ သည် ခန်းမဆောင်ကို ပြည့်သွားစေပြီး အလင်းရောင်ကို ဝါးမြိုကာ အရာအားလုံးကို အမှောင်ထုအတွင်းသို့ ကျဆင်းစေခဲ့သည်။
"ဟား ဟား ဟား...အကြီးအကဲလင်း မင်းက သန်မာအားကောင်းပေမယ့်....မင်းနဲ့အတူသေရတာက ဒီလူမိုက်တွေအတွက် ဂုဏ်ယူစရာတစ်ခုဖြစ်လာလိမ့်မယ်"
ဖုန်းယိကျိုးက ရူးသွပ်စွာ ရယ်မောလိုက်ပြီး သူ၏မျက်နှာပေါ်တွင် အောင်နိုင်သူအပြုံးမျိုး ထင်ဟပ်နေသည်။
သို့ရာတွင် ထိုအချိန်မှာပင် တည်ငြိမ်သောအသံတစ်သံသည် ထိတ်လန့်တကြားအော်ဟစ်သံများကြားမှ ထိုးဖောက်၍ထွက်ပေါ်လာသည်။
"ဝင်္ကပါတစ်ခုကို အားကိုးနေတာလား...မိုက်မဲလိုက်တာ...."
နောက်ထပ်အချိန်တခဏတွင် တောက်ပသောအလင်းတန်းတစ်တန်း ပွင့်အံ့ထွက်လာသည်။ ကျန်းရွှမ်သည် ရှေ့သို့တိုးလိုက်ရာ ခြေလှမ်းတစ်လှမ်းချင်းစီသည် ကျူးကျော်လာသော အမှောင်ထုကို မောင်းထုတ်လိုက်၏။ သူ၏တတိယခြေလှမ်းတွင် ထူထပ်သိပ်သည်းသော အနက်ရောင်မြူခိုးများ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး နေရောင်ခြည်သည် ခန်းမဆောင်အတွင်းသို့ တဖန်ပြန်၍ဝင်ရောက်လာသည်။
"ဘယ်လို... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...မင်းက ဓားမကြီးကောင်းကင်ကံကြမ္မာကို ကျင့်ကြံထားတာ...မင်းက ဝင်္ကပါတစ်ခုကို ဘယ်လိုလုပ်ပြီး ဖယ်ရှားနိုင်မှာလဲ"
ဖုန်းယိကျိုးသည် မယုံကြည်နိုင်ဖြစ်သွားကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုလိုက်သည်။
ဓားမကြီးကောင်းကင်ကံကြမ္မာသည် သိုင်းပညာစွမ်းရည်တွင် အထူးပြုပြီး ဝင်္ကပါကျွမ်းကျင်မှုတွင် မဟုတ်ချေ။ သို့ရာတွင် ကျန်းရွှမ်သည် နတ်ဆိုးသုတ်သင်ရေး သတ်ဖြတ်ခြင်းဝင်္ကပါကို လွယ်လင့်တကူ ချိုးဖျက်ခဲ့သည်။ ဤသည်မှာ ထိပ်သီးဝင်္ကပါဆရာသခင်များပင် ချိုးဖျက်နိုင်ရန် ရုန်းကန်ရမည့် ဝင်္ကပါတစ်ခုပင်။
"မင်း သိဖို့မလိုဘူး"
ကျန်းရွှမ်က အေးစက်တင်းမာစွာ တုံ့ပြန်အဖြေပေးပြီးနောက် ရှေ့သို့တိုးကာ လက်သီးတစ်ချက် ထိုးနှက်လိုက်၏။
ခရက်....
ထိုအားလှိုင်းအောက်တွင် ဖုန်းယိကျိုး၏ လက်များသည် ကြေမွှပျက်စီးသွားပြီး သွေးများပန်းထွက်လာကာ လွင့်ထွက်သွားသည်။ သူ ပြန်မထနိုင်သေးမီမှာပင် ကျန်းရွှမ်၏ခြေထောက်သည် သူ၏ရင်ဘတ်ပေါ်သို့ ဖိနှိပ်ထားပြီးဖြစ်သည်။
"မင်း... မင်း ငါ့ကိုသတ်လို့မရဘူး..ငါ့ရဲ့အစ်ကိုက မင်းကို အသက်ရှင်ခွင့်ပေးမှာမဟုတ်ဘူး"
ဖုန်းယိကျိုးက စိတ်ပျက်အားငယ်စွာဖြင့် သူ၏လက်များကို ဝှေ့ယမ်းရင်း အသက်ရှူမွန်းကြပ်သောအသံဖြင့် ပြောဆိုသည်။
"မင်းက ယုဖေးကို အသက်ချမ်းသာပေးခဲ့လို့လား... မင်း ရှောင်ကျိုးကို ချမ်းသာပေးခဲ့လို့လား"
ကျန်းရွှမ်၏အသံသည် ရေခဲတမျှ အေးစက်တင်းမာနေပေ၏။
ကျန်းရွှမ်၏ခြေထောက်မှ စွမ်းအားများပေါက်ကွဲလာမှုတစ်ခုနှင့်အတူ ဖုန်းယိကျိုး၏ရင်ဘတ်ကို နင်းခြေလိုက်သည်။
ဘုန်း....
ဖုန်းယိကျိုး၏မျက်လုံးများ မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားပြီး သူ၏နှလုံးသား ပေါက်ကွဲသွားသည်။ သူ၏ပါးစပ်မှ သွေးများယိုစီးကျလာပြီး သူ၏ခန္ဓာကိုယ်သည် ပျော့ခွေသွားပေ၏။
"မင်း..."
သူ၏လက်သည် အားအင်ချည့်နဲ့စွာဖြင့် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သူ၏မျက်လုံးများအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေဆဲပင်။ သူ သေဆုံးသွားလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့ချေ။ အထူးသဖြင့် "အရေးမပါသူများ" အတွက် သူ သေဆုံးခဲ့ရခြင်းပင်။
"ဆိုင်ရှင်ဖုန်း သေသွားပြီလား..."
"သူက တကယ်ပဲ ဖုန်းယိကျိုးကို သတ်လိုက်ပြီ..."
လူအများသည် မယုံကြည်နိုင်ဖြစ်သွားကာ နေရာမှာပင် ကြက်သေသေနေကြသည်။ သူတို့က ကျန်းရွှမ်သည် ဟန်ဆောင်ခြိမ်းခြောက်နေသည်ဟု တွေးထင်ခဲ့ကြလေ၏။ သို့ရာတွင် သူသည် အမဲလိုက်စာရင်းမှနာမည်ကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်သော ဖုယွမ်ကုန်သွယ်ရေးအိမ်တော်၏အရှင်သခင်ကို အမှန်တကယ် သတ်ဖြတ်ခဲ့သည်။
အချိန်တခဏတာကြာခန့် ငြိမ်သက်နေပြီးနောက် ကျန်းရွှမ်သည် ယုဖေးတို့မိသားစုထံသို့ ပြန်သွားသည်။ ထို့နောက် သူသည် ညင်သာစွာ တီးတိုးပြောဆိုလိုက်၏။
"ငါက မင်းတို့အတွက် လက်စားချေပေးခဲ့ပြီ.. မင်းတို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အနားယူကြတော့..."
ကျန်းရွှမ်သည် ထိတ်လန်ပတုန်လှုပ်နေသော ဆိုင်ရှင်ဘက်သို့ လှည့်လိုက်ပြီး သူထံသို့ ရင်းမြစ်ဒင်္ဂါးနှစ်ပြား ပစ်ပေးလိုက်သည်။
"သူတို့ကို သေသေချာချာ မြှုပ်နှံလိုက်ပါ...ပိုတာက မင်းဟာပဲ.. ဒါပေမဲ့ မတော်တဆမှုတစ်ခုခု ကို ငါ ကြားသိရရင်... မင်းကိုသတ်ရတာက ဖုန်းယိကျိုးလောက် မခက်ခဲဘူးဆိုတာ မင်း မှတ်ထားပါ"
ဆိုင်ရှင်သည် ရင်းမြစ်ဒင်္ဂါးများကို ဆုပ်ကိုင်ရင်း တုန်ရီနေသည်။
"နားလည်ပါပြီ အရှင်....သူတို့ကို သေသေချာချာ မြှုပ်နှံပေးမယ်လို့ ကျွန်တော် အာမခံပါတယ်.."
ထိုစကားနှင့်အတူ ကျန်းရွှမ်သည် ပျက်စီးပြိုလဲနေသော မြင်ကွင်းတစ်ခုကို ချန်ထားခဲ့ပြီး ကုန်သွယ်ရေးအိမ်တော်မှ ထွက်ခွာသွားသည်။ သူ၏တာဝန် ပြီးဆုံးသွားသောကြောင့် သူ ဤနေရာ၌ ဆက်နေရန် ရည်ရွယ်ချက်မရှိချေ။
ဖုန်းကျောက်ထင်၏ လက်စားချေမှုအတွက်ကမူ ဤသည်မှာ လင်းပုယန်၏ပြဿနာဖြစ်ပြီး ကျန်းရွှမ်၏ပြဿနာမဟုတ်ပေ။ အကယ်၍ သူတို့သည် သူ့ကို လိုက်လံတိုက်ခိုက်ရဲလျှင် သူတို့ကိုလည်း ဤကဲ့သို့ အလားတူနည်းလမ်းမျိုးဖြင့် သူ ကိုင်တွယ်ရပေမည်။
.....
မှောင်ခိုဈေးတွင်...
ဖုယင်ယင်သည် မှန်ရှေ့တွင်ထိုင်ကာ အေးအေးဆေးဆေး မျက်နှာချေလိမ်းနေသည်။ သူမ၏ဆွဲဆောင်မှုရှိသော အသွင်အပြင်နှင့် နီမြန်းသောနှုတ်ခမ်းများမှ အန္တရာယ်ရှိသော ညှို့ငင်နိုင်မှုကို ထုတ်လွှတ်ထားပေ၏။
ဘန်း...ဘန်း...ဘန်း...
သူမ၏အစေခံသည် ရုတ်တရက် အခန်းထဲသို့ ပြေးဝင်လာပြီး သူမ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများ ထင်ဟပ်နေသည်။
"သခင်မလေး...သတင်းဆိုး..."
ဖုယင်ယင်က မျက်မှောင်ကြုတ်လိုက်သည်။
"ဘာက နင့်ကို ဒီလောက်ထိ ထိတ်လန့်စေတာလဲ"
"ဖုန်းယိကျိုး... သူ သေသွားပြီ..."
"ဘာ.."
ဖုယင်းယင်း၏လက် လေထုအတွင်းတွင် တောင့်တင်းသွားသည်။ သူမ၏ဆံထိုးများမှ တချွင်ချွင်အသံများ မြည်ဟီးသွားပြီး သူမသည် ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။
"ဘယ်လိုဖြစ်သွားတာလဲ...ငါ့ကို ပြောပြစမ်း..."
အစေခံက အသေးစိတ်အချက်အလက်များကို တုန်ရီနေသောအသံဖြင့် ပြန်ပြောပြသည်။
"အကြီးအကဲလင်းက ဒီနေရာကနေထွက်သွားပြီးတော့ ဖုယွမ်ကုန်သွယ်ရေးအိမ်တော်ကို တန်းတန်းမတ်မတ် သွားခဲ့တယ်... သူက အိမ်တော်ထိန်းကို သတ်တယ်...ပြီးတော့ စည်းကမ်းထိန်းသိမ်းသူဆယ်ယောက်ကျော်ကို သတ်ခဲ့တယ်...ဖုန်းယိကျိုး ထွက်ပေါ်လာတဲ့အချိန်မှာ အကြီးအကဲလင်းက သူ့ကိုလည်း သတ်ပစ်ခဲ့တယ်...ဒါက လူတွေအများကြီးရဲ့ရှေ့မှာ ဖြစ်သွားခဲ့တာ...."
"သူလား....သူ တကယ်ကြီး လုပ်ရဲတာလား..."
ဖုယင်ယင်၏မျက်လုံးများ ထိတ်လန့်တုန်လှုပ်ကြောင့် ပြူးကျယ်သွားသည်။ သူမက လင်းပူယန်သည် အမဲလိုက်စာရင်းကို ကြည့်ရှုရုံသာဖြစ်သည်ဟု ယုံကြည်ခဲ့သော်လည်း သူ ဤမျှထိပြတ်ပြတ်သားသား လုပ်ဆောင်လိမ့်မည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။
ရုတ်တရက် အခန်း၏ထောင့်ရှိ အမဲလိုက်စာရင်းသည် တောက်ပလာပေ၏။
"ဖုန်းယိကျိုး သေဆုံးတာကို အတည်ပြုပြီးတော့အခုက စာရင်းအသစ်ပြောင်းလဲနေတာပဲ ဖြစ်မယ်"
ဖုယင်ယင်က တီးတိုးပြောဆိုလိုက်ပြီး သူမ၏လက်ဖြင့် အမဲလိုက်စာရင်းကို ယူလိုက်သည်။
ထိုစာရင်းပေါ်တွင် အမှန်တကယ်ကို ဖုန်းယိကျိုး၏နာမည် ပျောက်ကွယ်သွားလေပြီ။ သို့ရာတွင် သူမ၏မျက်လုံးကို နောက်တစ်ကြိမ် ဖမ်းစားလိုက်သောအရာက သူမ၏နှလုံးခုန်သံကို တစ်ချက်ရပ်တန့်သွားစေသည်။
"သခင်မလေး... ကြည့်လိုက်အုံး...အကြီးအကဲလင်းရဲ့ဆုငွေ တက်လာတယ်"
အစေခံက အော်ဟစ်လိုက်သည်။
ဖုယင်ယင်က စာရင်းကို ကြည့်လိုက်၏။
အဆင့် ၁၂...လင်းပုယန် ရင်းမြစ်ဒင်္ဂါးငါးဆယ့်ကိုးသန်း။
လင်းပုယန်အတွက်ဆုငွေသည် သန်းသုံးဆယ် မြင့်တက်သွားခဲ့သည်။
"တစ်ယောက်ယောက်က ဆုငွေကို သိသိသာသာ မြှင့်တင်လိုက်တယ်... သူတို့က သူ့ကို အရမ်းသေစေချင်နေပြီ"
ဖုယင်ယင်က တီးတိုးရေရွတ်လိုက်သည်။
ဆုငွေ မြင့်မားလေလေ လုပ်ကြံသတ်ဖြတ်သူများနှင့်ဆုငွေမုဆိုးများ ပို၍ရောက်ရှိလာလေလေပင်။ လင်းပုယန်ကဲ့သို့ လူတစ်ဦးပင်လျှင် သူ၏ခွန်အားသည် ဆုငွေနှင့်ကိုက်ညီကြောင်း သက်သေမပြနိုင်သရွေ့ အဆုံးမရှိသော ဒုက္ခများနှင့် ရင်ဆိုင်ရပေလိမ့်မည်။
"ဘယ်သူက ဒီလောက်မြင့်တဲ့ဆုငွေကို ကမ်းလှမ်းထားတာလဲ"
ဖုယင်ယင်က စဉ်းစားတွေးတောနေပုံဖြင့် အသံထွက်၍ ရေရွတ်လိုက်သည်။
အစေခံသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။
"ဘယ်သူပဲဖြစ်ဖြစ် အကြီးအကဲလင်းအတွက် အခု အန္တရာယ်များနေပြီ"
သို့ရာတွင် ဖုယင်ယင်က ပြုံးလိုက်ပြီး သူမ၏မျက်လုံးများ တောက်ပနေသည်။
"တကယ်လို့ သူသာ အစစ်အမှန်လင်းပုယန်ဆိုရင်.....သူ ဒုက္ခရောက်နေပြီဆိုတာ အမှန်ပဲ...ဒါပေမဲ့ သူက လင်းပုယန် မဟုတ်ဘူးဆိုရင် အန္တရာယ်က တခြားနေရာမှာ ရှိနေနိုင်တယ်"