← Chapters

ကမ္ဘာသစ်

Vol. 12 Ch. 175

ကမ္ဘာသစ်

Vol. 12 Ch. 175

အိမ်တော်ထိန်းသည် သူ သေဆုံးရတော့မည့် အချိန်၌ပင် ဤလူသည် ကုန်သွယ်ရေးအိမ်တော်တွင် လူအများ၏ရှေ့၌ သူ့ကို အမှန်တကယ် သတ်ရဲလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။

ဤဆိုင်ရှင်သည် ဓမ္မရုပ်သွင်နယ်ပယ်ရှိ ကျင့်ကြံသူတစ်ဦးဖြစ်ပြီး အရေးကြီးဆုံးမှာ သူ၏အစ်ကိုသည် ကံကြမ္မာခန်းမဆောင်၏ အကြီးအကဲတစ်ဦးပင်။ ဤသို့ပြုမူခြင်းသည် ကံကြမ္မာခန်းမဆောင်ကို စစ်ကြေညာပြီး ဟန်ယွမ်မြို့တော်တစ်မြို့လုံးကို ဆန့်ကျင်ခြင်းနှင့် တူညီသည်။

"အိမ်တော်ထိန်းကို သတ်ရဲတယ်...မင်းက သေလမ်းရှာနေတာပဲ..."

သူ၏နောက်မှ အနက်ရောင်ဝတ်စုံဝတ် စည်းကမ်းထိန်းသိမ်းသူများသည် ထိတ်လန့်တုန်လှုပ်သွားကြသော်လည်း သူတို့သည် တပြိုင်နက်တည်း ရှေ့သို့တိုးဝင်လာကြ၏။

အကယ်၍ ဤနေရာမှ သူတို့ဆုတ်ခွာပါက ကုန်သွယ်ရေးအိမ်တော်မှ ပြစ်ဒဏ်ပေးမည်ဖြစ်သောကြောင့် သေလမ်းရှာခြင်းသာဖြစ်ပေမည်။ ထို့ကြောင့် သူတို့သည် အသက်ရှင်သန်နိုင်သော အခွင့်အရေးအနည်းငယ် ရရန်အတွက် အစွမ်းကုန်တိုက်ခိုက်ခြင်းက ပို၍ကောင်းမွန်ပေမည်။

ဤလူများအားလုံးသည် ရင်းမြစ်ရေအိုင်နယ်ပယ်၏တတိယအဆင့်ဖြစ်သော စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်၏အထွတ်အထိပ်အဆင့်တွင် ရှိကြသည်။ သူတို့ထံတွင် မြင်းကောင်ရေ ၅ နီးပါးရှိသော ခွန်အားကို ပိုင်ဆိုင်ထားကာ သူတို့၏လက်များအတွင်း၌ လက်နက်များ ကိုင်ဆောင်ထားသည်။ သူတို့၏တိုက်ခိုက်မှုများသည် တဝီဝီတုန်ခါသံများနှင့်အတူ လေထုကို ဖြတ်သန်းသွားပေ၏။

အချိန်တခဏအတွင်းမှာပင် ဓားရှည်ဆယ်လက်ကျော်သည် ကျန်းရွှမ်၏နောက်ကျောကို တန်းတန်းမတ်မတ်ချိန်ရွယ်ထားသည်။ အကယ်၍ သူ မရှောင်တိမ်းလျှင် တစစီဖြစ်အောင် ခုတ်ပိုင်းခြင်းခံရပေလိမ့်မည်။

ဝီ...ဝီ...ဝီ...

လေထုသည်တုန်ခါသွားပြီး အောက်သို့ကျဆင်းလာသော ဓားသွားများသည် မမြင်နိုင်သော အတားအဆီးတစ်ခုကို ထိမိသည့်အလား လေထုအတွင်းတွင် ရုတ်တရက် ရပ်တန့်သွားသည်။ ထိုသည် လူများအားလုံးသည် ရှေ့သို့မတိုးနိုင် နောက်သို့မဆုတ်နိုင်တော့ဘဲ သူတို့၏ကြွက်သားတစ်စကိုပင် မလှုပ်ရှားနိုင်သည်မထိ မလှုပ်မယှက်ဖြစ်နေကြသည်။

"စိတ်ဝိညာဉ်စွမ်းအား... သူက ရင်းမြစ်ရေအိုင်နယ်ပယ် အဋ္ဌမအဆင့်ရဲ့အထက်မှာရှိတဲ့ ထိပ်သီးကျင့်ကြံသူတစ်ယောက်ပဲ...."

ဤကိစ္စကို သဘောပေါက်သွားချိန်၌ အနက်ရောင်ဝတ်စုံဝတ် စည်းကမ်းထိန်းသိမ်းသူများသည် စိုးရိမ်ပူပန်စပြုလာကြသည်။

ကျန်းရွှမ်သည် အိမ်တော်ထိန်း၏အသက်မဲ့ခန္ဓာကိုယ်ကို ဘေးသို့ပစ်ချလိုက်ပြီး သူတို့ဘက်သို့ လှည့်ကြည့်လိုက်သည်။

"အခြေအနေတွေက ဘယ်လိုပဲဖြစ်ဖြစ်...ဘယ်သူ မှန်တယ်မှားတယ်ဆိုတာကို ထားလိုက်အုံး.. မင်းတို့က ကလေးတစ်ယောက်ကိုတောင် မချန်ဘဲ သတ်ဖြတ်ခဲ့တယ်..မင်းတို့က မကောင်းမှုကို အားပေးကူညီတဲ့ ကြံရာပါတွေသက်သက်ပဲ... ဒီလိုဆိုမှတော့ မင်းတို့ထဲကတစ်ယောက်မှ အသက်ရှင်ဖို့ မထိုက်တန်ဘူး..."

ထို့နောက် သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ သူ၏လက်ချောင်းထိပ်များမှ စွမ်းအင်စီးကြောင်းဆယ်ကြောင်းကျော် ပျံ့လွင့်သွားပြီး အနက်ရောင်ဝတ်စုံဝတ်လူများ၏ လက်နက်များနှင့် တိုက်ခတ်မိသွားသည်။

ရုတ်ချည်းဆိုသလိုပင် ထိုလူများသည် သူတို့၏လက်ကောက်ဝတ်များ၌ စူးရှသောတုန်ခါမှုတစ်ခုကို ခံစားလိုက်ရသည်။ နောက်ထပ်အချိန်တတခဏတွင် သူတို့၏လက်နက်များသည် ကျယ်လောင်သောအက်ကွဲသံနှင့်အတူ ကြေမွှပျက်စီးသွားသည်။ ကျိုးပဲ့သွားသော ဓားသွားများသည် လေထုကိုဖြတ်သန်းသွားကာ သူတို့၏လည်ချောင်းများအတွင်းသို့ တန်းတန်းမတ်မတ် ထွင်းဖောက်ဝင်ရောက်သွားပေ၏။

"မင်း... မင်း..."

အနက်ရောင်ဝတ်စုံဝတ်လူများသည် မယုံကြည်နိုင်ဖြစ်သွားကာ သူတို့၏မျက်လုံးများ ပြူးကျယ်သွားပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ ကျန်းရွှမ်၏လှုပ်ရှားမှုတစ်ခုတည်းဖြင့် သူတို့၏အသက်များ တပြိုင်နက်တည်း အဆုံးသတ်သွားခဲ့သည်။

ကျန်းရွှမ်သည် အိမ်တော်ထိန်းကို သတ်ဖြတ်ခြင်းမှ စည်းကမ်းထိန်းသိမ်းသူများကို ချေမှုန်းခြင်းအထိ အသက်ငါးရှိုက်စာ အချိန်ခန့်သာ ကြာမြင့်ခဲ့သည်။ ပတ်ဝန်းကျင်မှ ကြည့်ရှုသူများသည် ယခုချိန်မှသာ အသိဝင်စပြုလာသည်။

"သူ လူသတ်လိုက်ပြီ..."

"ဒီလူက ဘယ်လောက်ပဲ သန်မာအားကောင်းနေပါစေ...ဆိုင်ရှင်ဖုန်းကို စိတ်ခုစေမိရင် သေလမ်းတစ်ခုတည်းပဲရှိတယ်...."

"လွန်ခဲ့တဲ့နှစ်တွေတုန်းက နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် ကျင့်ကြံသူတစ်ဦးက ဒီနေရာမှာ ပြဿနာလာရှာခဲ့တယ်... နောက်တစ်နေ့မှာ သူ သေဆုံးနေတာကို တွေ့ခဲ့ရတယ်....သူ့အလောင်းကို အပြင်မှာ သုံးရက်တိတိ ချိတ်ဆွဲထားခဲ့တယ်...ဒီလူတော့ သွားပြီ..."

"နေအုံး...ဒါက သူ မဟုတ်လား..."

အစောပိုင်းက ကျန်းရွှမ်ကို ပုရွှီခန်းမဆောင်သို့ လမ်းညွှန်ခဲ့သော ဆိုင်ရှင်သည် ယခုအချိန်၌ သူ စိတ်မသက်မသာခံစားနေရကာ တုန်ရီနေသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ကျန်းရွှမ်၏မေးခွန်းအားလုံးကို ယဥ်ကျေးသိမ်မွေ့စွာ ဖြေကြားခဲ့လေ၏။ ထိုသို့မဟုတ်ပါက သူသည် ယခုအချိန်၌ သေဆုံးသူများအကြားတွင် ပါဝင်နေလောက်ပြီ...။

စည်းကမ်းထိန်းသိမ်းသူများအားလုံးကို သတ်ဖြတ်ပြီးနောက် ကျန်းရွှမ်သည် မိသားစုသုံးယောက်ထံသို့ ပြန်လည်၍လျှောက်လှမ်းသွားသည်။ သူသည် ယုဖေးတို့မိသားစုကို ကြည့်လိုက်ပြီးနောက် သူ့ထံတွင် အပြစ်ရှိစိတ်များဖြင့် ပြည့်နှက်နေသည်။

"ဆူညံ့သံတွေကိုကြားကြားချင်း ငါ လာခဲ့သင့်တယ်..."

အကယ်၍ သူသာ တိုက်ပွဲသံများကို ပထမဆုံးကြားစဥ်၌ အပြေးအလွှားလာခဲ့လျှင် ဤမိသားစုကို ကယ်တင်နိုင်ခဲ့ပေမည်။ သို့ရာတွင် မည်သူမျှ အနာဂတ်ကို ကြိုမမြင်နိုင်သဖြင့် ယခုအချိန်၌ အခါနှောင်းသွားလေပြီ။

ဤအညတရလင်မယားသည် သူတို့၏ဖျားနာနေသော ကလေးကို ကယ်တင်ရန် မမောမပန်း ကြိုးစားခဲ့ကြသည်။ ရွက်နီမြက်ကို ရရှိပြီးနောက် သူတို့သည် တောထဲတွင် လိုက်လံတိုက်ခိုက်ခြင်းခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့ကြပြီးနောက် ကုသမှုခံယူရန် လာခဲ့ကြသည်။ သို့ရာတွင် သူတို့သည် လူများအားလုံး၏မျက်လုံးများရှေ့တွင် အစွပ်စွဲခံရပြီး သတ်ဖြတ်ခြင်းခံခဲ့လေ၏။

ဤသည်မှာ လူ့အသက်များသည် မြက်ပင်များကဲ့သို့ အရေးမပါသည့်အလားပင်။

"စိတ်မပူပါနဲ့...မင်းတို့ရဲ့ ရင်းမြစ်ဒင်္ဂါးကို ငါ ယူခဲ့တယ်...ဒါကြောင့် မင်းတို့အတွက် တရားမျှတမှုကို သေချာပေါက် ရယူပေးမယ်... ဒါက မင်းတို့ကို ငါ ကျန်းရွှမ် ပေးတဲ့ကတိပဲ..."

သူသည် သူတို့၏မျက်လုံးများကို သူ၏လက်ဖြင့် ညင်သာစွာ ပိတ်ပေးပြီး ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်၏။ ထို့နောက် သူ၏အကြည့်သည် ကုန်သွယ်ရေးအိမ်တော်ကို ဝေ့ဝိုက်၍ကျရောက်သွားသည်။ ထို့နောက် ခန်းမဆောင်တစ်ခုလုံးကို တုန်ခါသွားစေသော မိုးခြိမ်းသံကဲ့သို့ကျယ်လောင်သော ဟိန်းဟောက်သံဖြင့် သူ အော်ဟစ်လိုက်သည်။

"ဖုန်းယိကျိုး ဘယ်မှာလဲ... ဒီနေရာကိုထွက်လာပြီး ငါ့ကို ရင်ဆိုင်စမ်း...."

ဘုန်း...ဘုန်း...ဘုန်း...

စိတ်ဝိညာဉ်စွမ်းအားများနှင့် ရောယှက်နေသော ကျယ်လောင်သည့်အသံသည် မိုးကြိုးပစ်ခတ်သကဲ့သို့ အလွန်ပြင်းထန်ပေ၏။ ထိုကြောင့် ခန်းမဆောင်အတွင်းမှ မီးဆိုင်းများကို ကြေမွှပျက်စီးသွားကာ ခန်းမဆောင်ရှိဝင်္ကပါများ တုန်ခါပြီး တဝုန်းဝုန်းမြည်ဟီးနေသည်။

ဝှစ်...ဝှစ်...ဝှစ်...

အနက်ရောင်ဝတ်စုံဝတ် စည်းကမ်းထိန်းသိမ်းသူများ အရပ်မျက်နှာအဘက်ဘက်မှ ပြေးဝင်လာကြသည်။

ဖုယွမ်ကုန်သွယ်ရေးအိမ်တော်၏ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် အင်အားနှစ်ရာကျော်ရှိပြီး စစ်တပ်ငယ်တစ်တပ်နှင့် တူညီသည်။ ဤသည်မှာ နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် ကျင့်ကြံသူများပင်လျှင် သူတို့ကို ရန်မစရဲသည့် အကြောင်းအရင်းလည်းဖြစ်သည်။

ရာနှင့်ချီသောလူများ၏ ခွန်အားနှင့်အရှိန်အဝါတို့ကို ပေါင်းစပ်လိုက်သည်နှင့် ဖိနှိပ်ချုပ်ကိုင်နိုင်မှုစွမ်းသည် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ကိုပင် ဟန့်တားနိုင်စွမ်းရှိပေ၏။

ကျန်းရွှမ်သည် ထိုလူများ ရောက်ရှိလာခြင်းကို အရေးမစိုက်သည့်အလား မလှုပ်မယှက် ထိုင်နေသည်။

"ဘယ်သူ သူ့ကို သတ်နိုင်မလဲ...ငါက ရင်းမြစ်ဒင်္ဂါးနှစ်သိန်း ဆုချီးမြှင့်..."

တစ်စုံတစ်ဦးက ရုတ်တရက် အော်လိုက်သော်လည်း ထိုစကားလုံးများ သူ၏နှုတ်မှ အပြည့်အဝမထွက်မီမှာပင် သူ၏ခေါင်းသည် တစ်ပတ်လှည့်သွားပြီး သူ၏နောက်ကျောဘက်ကို မျက်နှာမူသွားသည်။ သူ၏အသံ ရုတ်တရက် ပြတ်တောက်သွားပြီးသူ၏ခန္ဓာကိုယ်မှ အသက်စွမ်းအားများ လွင့်ပြယ်သွားပေ၏။

မူလက ဆုငွေကြောင့် သွေးဆောင်ခံခဲ့ရသူများသည် ထိတ်လန့်တကြား ရပ်တန့်သွားကြပြီး မည်သူမျှ ရှေ့သို့မတိုးဝံ့တော့ချေ။

"နေအုံး... ဒါက အကြီးအကဲလင်း မဟုတ်လား..."

အချိန်တခဏကြာခန့် တိတ်ဆိတ်ငြိမ်သက်ပြီးနောက် တစ်စုံတစ်ဦးသည် သူ့ကို မှတ်မိသွားကာ ထိတ်လန့်တကြား ပြောဆိုလိုက်သည်။

"အကြီးအကဲလင်း... ဘယ်အကြီးအကဲလင်းလဲ...."

"ဟန်ယွမ်မြို့တော်မှာ အကြီးအကဲလင်း ဘယ်နှယောက်ရှိလို့လဲ... ကံကြမ္မာခန်းမဆောင်က လင်းပုယန်.. ပုရွှီခန်းမဆောင်ရဲ့ ခန်းမဆောင်အရှင်ပဲ ဖြစ်မှာပေါ့"

"သူလား..."

ပတ်ဝန်းကျင်နေရာတဝိုက်ရှိ လူများသည် အသက်ရှုမွန်းကြပ်လာသကဲ့သို့ ခံစားလိုက်ရသည်။

လင်းပုယန်သည် သူ၏လုပ်ရပ်များကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားပြီး ဖုန်းယိကျိုးထက် လျော့ပါးခြင်းမရှိချေ။ သူသည် မည်သည်ကြောင့် ရုတ်တရက်ကြီး ဤနေရာသို့ရောက်ရှိလာပြီး အော်ဟစ်ဆူပူနေသနည်း။

"လင်းပုယန်....မင်း ဘာလုပ်နေတာလဲ...."

ဒေါသတကြီးအော်ဟစ်သံတစ်သံသည် လူအုပ်ကြီးကို ဖြတ်သန်း၍ ထွက်ပေါ်လာသည်။ ထို့နောက် အသက်ငါးဆယ်ကျော်အရွယ်ဟု ထင်ရသော ခန့်ညားထည်ဝါသည့် အကြီးအကဲတစ်ဦးသည် စူးရှသောမျက်လုံးအကြည့် ဩဇာအာဏာရှိသော အရှိန်အဝါတို့ဖြင့် ရှေ့သို့တိုးလာသည်။

"ဆိုင်ရှင်...."

အနက်ရောင်ဝတ်စုံဝတ် စည်းကမ်းထိန်းသိမ်းသူများသည် တပြိုင်နက်တည်း အရိုအသေပြုလိုက်ကြပြီး သူတို့သည် သိသိသာသာ စိတ်သက်သာရာရသွားကြ၏။

မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများကိုကြည့်ပြီး ဖုန်းယိကျိုး၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

"လင်းပုယန်....မင်းက ငါ့ရဲ့ကုန်သွယ်ရေးအိမ်တော်မှာ လူသတ်မှုကျူးလွန်ခဲ့တယ်...ဘာ အကြောင်းအရင်း ကြောင့်လဲဆိုတာ ငါ့ကို ဖြေရှင်းချက်ပေးစမ်း..."

"ဖြေရှင်းချက်လား...."

ကျန်းရွှမ်က အေးစက်စက်ရယ်မောလိုက်သည်။

"မင်းရဲ့လက်အောက်ငယ်သားတွေကို ရွက်နီမြက်ကို လုယူခိုင်းခဲ့တာ မဟုတ်လား... ယုဖေးတို့မိသားစုကို အစွပ်စွဲခံရအောင်လုပ်ပြီး သူတို့အားလုံးကို သတ်ပစ်ခိုင်းခဲ့တာ မင်းရဲ့လက်ချက်လား ..."

"ယုဖေးဆိုတာ...."

ဖုန်းယိကျိုးက မျက်မှောင်ကြုတ်ပြီး အနီးအနားရှိ အနက်ရောင်ဝတ်စုံဝတ်လူတစ်ဦးဘက်သို့ လှည့်ကြည့်လိုက်၏။

ထိုလူက အလျင်အမြန် ဦးညွှတ်အရိုအသေပြုလိုက်သည်။

"ဆိုင်ရှင်....အရှင်ရဲ့အမိန့်အတိုင်း ကျွန်တော်တို့က ရွက်နီမြက်ကို ဘယ်နည်းနဲ့မဆို ရယူဖို့လုပ်ခဲ့တယ်....ကျွန်တော်တို့ အဲ့ဒီဆေးပင်ကို ယုဖေးဆီမှာ ခုဏက တွေ့ရှိခဲ့တယ်...အိမ်တော်ထိန်းက အဲဒါ့ကိုတောင်းခဲ့ပေမယ့် သူက ငြင်းဆန်ပြီး ခုခံခဲ့တာကြောင့် သူ သေဆုံးသွားခဲ့တယ်"

"မင်းတို့က ဒါလေးကိုတောင် တိတ်တဆိတ် မကိုင်တွယ်နိုင်ဘူးလား... ဒီလောက်ထိ လူတွေအများကြီးရှေ့မှာ အရှုပ်တော်ပုံဖြစ်အောင် လုပ်ဖို့လိုလို့လား..."

ဖုန်းယိကျိုးက သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။

ဤလူမိုက်များသည် အသေးအဖွဲကိစ္စတစ်ခုကို မြို့လုံးကျွတ်အရှုပ်တော်ပုံအဖြစ်သို့ ပြောင်းလဲခဲ့လေ၏။

"ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်...ဒါပေမဲ့ သူက အဲ့ဒီဆေးပင်ကို သုံးတော့မှာမလို့ပါ... နောက်ထပ်စောင့်နေရင် နောက်ကျသွားလိမ့်မယ်..."

ထိုလူက စောဒကတက်လိုသောအကြည့်ဖြင့်ကြည့်ပြီး ပြောဆိုသည်။

"တော်လောက်ပြီ.. မင်းတို့ ငါ့ကို အရှက်ခွဲတာ မလုံလောက်သေးဘူးလား"

ဖုန်းယိကျိုးက အော်ငေါက်လိုက်ပြီးနောက် လင်းပုယန်ကို ကြည့်လိုက်သည်။

"အကြီးအကဲလင်း....ငါက သေဆုံးသွားတဲ့လူတွေကို လျော်ကြေးပေးပြီးတော့ ပျက်စီးသွားတဲ့ ဆိုင်တွေကို ပြန်တည်ဆောက်ပေးပါ့မယ်....ဒီလူတွေက မင်းရဲ့မိတ်ဆွေတွေဆိုရင် ငါက ငါ့ရဲ့လက်အောက်ငယ်သားတွေကို တောင်းပန်ခိုင်းပါ့မယ်..."

"တောင်းပန်ပြီး လျော်ကြေးနည်းနည်းပေးရုံပဲလား....အဲ့ဒါက အသက်တစ်ချောင်းကို ပြန်ပေးဆပ်နိုင်မယ်လို့ မင်း ထင်နေတာလား"

ကျန်းရွှမ်က သရော်တော်တော် ပြောဆိုသည်။

"မင်းက ဘာထပ်လိုချင်သေးတာလဲ"

ဖုန်းယိကျိုးက သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုလိုက်သည်။

"အပိုစကားတွေ မပြောဘဲ နေကြရအောင်...မင်း ရွက်နီမြက်ကို လိုချင်ခဲ့ရင် ဒီလိုဝင်ရောက်စွက်ဖက်မယ့်အစား သင့်တော်တဲ့လမ်းကြောင်းအတိုင်း လိုက်နာခဲ့သင့်တယ်...ငါ့ရဲ့လူတွေက အဲ့ဒီဆေးပင်ကို အရင်တွေ့ခဲ့တာ... ပြီးတော့ မင်းက ငါတို့ရဲ့လုပ်ငန်းကို နှောင့်ယှက်ခဲ့တယ်..ငါက ဒါကို ငါ့ရဲ့အစ်ကို ဒါမှမဟုတ် ကံကြမ္မာခန်းမဆောင်ကို သတင်းပို့မှာကို မင်း မကြောက်ဘူးလား... "

"နှောင့်ယှက်တာလား... ငါက ရွက်နီမြက်ကို လုယူဖို့လိုတယ်လို့ မင်း ထင်နေတာလား"

ကျန်းရွှမ်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ဖုန်းယိကျိုးက ပြုံးလိုက်၏။

"မသိချင်ယောင်မဆောင်နဲ့....အဲ့ဒီဆေးပင်ကို ဘယ်သူတွေက လိုချင်နေတာလဲ ဘာကြောင့်လဲဆိုတာကို ငါ ကောင်းကောင်းသိတယ်.. မင်းက လက်ထောက်ခန်းမသခင်ရာထူးအတွက် ယှဥ်ပြိုင်နေရင် သင့်တော်တဲ့ပြိုင်ဆိုင်မှုကို လုပ်သင့်တယ်.... ဒီလိုမသမာတဲ့နည်းလမ်းတွေနဲ့ မဟုတ်ဘူး"

"လက်ထောက်ခန်းမဆောင်သခင်လား..."

ကျန်းရွှမ်၏စိတ်သည် မိုးကြိုးပစ်ခတ်ခံလိုက်ရသည့်အလား ရှင်းလင်းသွားသည်။

ဤရွက်နီမြက်သည် ခန်းမဆောင်သခင်ဟန်ရှောင်က သူ့ကို ရယူခိုင်းခဲ့သောပစ္စည်း ဖြစ်နေသလော....

ကျန်းရွှမ်သည် ဤကိစ္စကို နားလည်သဘောပေါက်သွားပေ၏။ လင်းပုယန်သည် ပုရွှီခန်းမဆောင်နှ ဆေးပင်နှင့်ပတ်သက်သော သတင်းစကားကို ရရှိခဲ့သည်။ သို့ရာတွင် ယုဖေးသည် ထိုဆေးပင်ကို အရင်ရရှိသွားသောကြောင့် အဆက်မပြတ် လိုက်လံတိုက်ခိုက်ခံရခြင်းများကို ဖြစ်ပွားစေခဲ့သည်။ ကျန်းရွှမ်သည် သူတို့၏အစီအစဉ်များကို နှောင့်ယှက်ခဲ့လေ၏။

ဤဆေးပင်သည် ရှားပါးသော်လည်း ဆေးဖက်ဝင်တန်ဖိုးမှာ သိသာထင်ရှားခြင်းမရှိပေ။ သို့ရာတွင် ဤသည်မှာ ဟန်ရှောင်ပြောဆိုခဲ့သော လက်ထောက်ခန်းမဆောင်သခင်ရာထူးအတွက် ပြိုင်ဆိုင်မှုနှင့် ဆက်စပ်နေလျှင် အရာအားလုံး အဓိပ္ပာယ်ရှိသွားလေပြီ။

"လက်ထောက်ခန်းမဆောင်သခင်ရာထူးအတွက် ပြိုင်ဆိုင်တာက မျှတသင့်တယ်... သူတို့ က သေသင့်လို့လား...ဒီကလေးက သေသင့်လို့လား..."

ကျန်းရွှမ်၏အကြည့်သည် ကလေးငယ်ရှောင်ကျိုး၏ အသက်မဲ့နေသော ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

ရှောင်ကျိုးသည် ဘဝ၏ ပျော်ရွှင်မှုများကို မမြည်းစမ်းရသေးဘဲ သုံးနှစ်အရွယ်သာ ရှိသေးသည်။ သူသည် ဤရက်စက်ကြမ်းကြုတ်သော လောကကြီးမှ ထွက်ခွာမသွားမီ သူအကြိုက်ဆုံး ရှန်ကြားသကြားလုံးကိုပင် မမြည်းစမ်းခဲ့ရချေ။

"မင်းက ဘာကိုဆိုလိုတာလဲ..."

ဖုန်းယိကျိုးသည် တွေဝေတုံ့ဆိုင်းသွားပြီးနောက် ကလေးကို တစ်ချက်ကြည့်ပြီး လှောင်ပြောင်ရယ်မောလိုက်သည်။

"ဒါက အရေးမပါတဲ့ ကလေးတစ်ယောက်ပဲ...မင်းက သူရဲကောင်းကြီး လုပ်မနေနဲ့...သူ့လို နိမ့်ကျတဲ့ဘဝမျိုးက ငါတို့လက်ချက်နဲ့ သေရတာကို ဂုဏ်ယူသင့်တယ်..."

"ဂုဏ်ယူသင့်တာလား...အရမ်းကောင်းတယ်... ဂုဏ်ယူတယ်ဆိုတာက ဘယ်လိုခံစားရလဲဆိုတာငါ မင်းကို ပြပေးမယ်..."

ကျန်းရွှမ်သည် ဆက်လက်၍ငြင်းခုံရန် စိတ်မရှည်တော့သဖြင့် ရှေ့သို့ခုန်တက်သွားပြီး သူ၏လက်ဝါးသည် လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အားလှိုင်းတစ်ရပ်ဖြင့် အောက်သို့ကျဆင်းသွားသည်။

ဘုန်း....

ကျန်းရွှမ်၏လက်သီးချက်သည် ဖုန်းယိကျိုးအပေါ်သို့ ကျရောက်လာသည်နှင့် ကြီးမားသော အားလှိုင်းတစ်ရပ် ကပ်ပါလာသည်။

ဤသည်မှာ ရွှမ်လုံလက်ဝါးနည်းစနစ်ပင်။

တစ်ဖက်လူသည် လူ့အသက်များကို ဤမျှထိ ပေါ့ပေါ့တန်တန် ဆက်ဆံနေသဖြင့် သူ နောက်ထပ်စကားလုံးများ ဖြုန်းတီးရန် မလိုအပ်တော့ချေ။

"လင်းပုယန်...မင်း ရူးနေတာလား..."

ကျန်းရွှမ်သည် သူ့ထံသို့ တိုးဝင်လာပြီး တိုက်ခိုက်မှုတစ်ခု စတင်သည်ကို မြင်တွေ့ချိန်၌ ဖုန်းယိကျိုး မယုံကြည်နိုင်ဖြစ်သွားသည်။ သို့ရာတွင် သူ မေးခွန်းများမေးရန် အချိန်မဟုတ်ကြောင်း လျင်မြန်စွာ သဘောပေါက်သွားသည်။ ထို့ကြောင့် သူ၏လက်ဝါးနှစ်ဖက်ကို မြှောက်လိုက်ပြီး သူ့ထံဝင်လာသော လက်သီးချက်ကို တန်ပြန်တိုက်ခိုက်လိုက်၏။

အမဲလိုက်စာရင်းတွင် အဆင့်လေးဆယ့်ခုနစ်၌ရှိသော ဖုန်းယိကျိုး၏ခွန်အားသည် လင်းပုယန်နှင့် များစွာကွာခြားခြင်းမရှိပေ။ သူ၏လက်ဝါးနည်းစနစ်ဖြစ်သော လေခွင်းလက်ဝါးသည် သာလွန်ထူးကဲသောစွမ်းအားကြောင့် နာမည်ကျော်ကြားသည်။ ဤနည်းစနစ်ကိုအထွတ်အထိပ်ထိရောက်အောင် ကျင့်ကြံနိုင်ပါက လေကိုပင် ခွဲခြမ်းနိုင်သည်ဟု ဆိုကြ၏။ ဤသည်မှာ ချဲ့ကားပြောဆိုခြင်းဖြစ်သော်လည်း နည်းစနစ်၏နောက်ကွယ်မှ စွမ်းအားသည် ငြင်းပယ်၍မရအောင် ကြောက်မက်ဖွယ်ကောင်းသည်။

လက်ဝါးနှစ်ဖက် ဖီလာဆန့်ကျင်ရိုက်ခတ်မိသည်နှင့် ပတ်ဝန်းကျင်ရှိလေထုသည် စုပ်ယူခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ယာယီလေဟာနယ်တစ်ခု ဖြစ်ပေါ်လာသည်။ မြင်းကောင်ရေအား ၂၀၀ ကျော်နှင့် ညီမျှသော ဖျက်ဆီးစွမ်းအားတစ်ရပ်သည် ကျန်းရွှမ်၏လက်ဝါးထံသို့ တိုးဝင်လာပေ၏။

"လင်းပုယန်...မင်းရဲ့ခွန်အားက အထင်ကြီးဖို့ကောင်းတာ အမှန်ပဲ...ဒါပေမဲ့ မင်းရဲ့ဓားမကြီးကို မသုံးဘဲနဲ့ မင်း ငါ့ကို ထိခိုက်အောင်လုပ်နိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား..မင်း အိပ်မက်သာမက်နေလိုက်စမ်း..."

ဖုန်းယိကျိုးက အေးစက်စက်နှာမှုတ်လိုက်ပြီး သူ၏ယုံကြည်ချက်များ ယိမ်းယိုင်သွားခြင်းမရှိချေ။ သို့ရာတွင် သူ၏စကား မဆုံးသေးမီမှာပင် သူ၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။ ကျန်းရွှမ်၏လက်ဝါးမှနေ၍ လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး အဆုံးမရှိသော စွမ်းအင်စီးကြောင်းတစ်ရပ် ထွက်ပေါ်လာကာ အဆက်မပြတ်ရိုက်ခတ်လာသော ဒီရေလှိုင်းများအလား သူ့အပေါ်သို့ သက်ရောက်လာသည်။

ဘုန်း..ဘုန်း...ဘုန်း...

ဖုန်းယိကျိုးသည် ခြေလှမ်းခုနစ်လှမ်း ရှစ်လှမ်းခန့် နောက်သို့ဆုတ်လိုက်ရပြီး သူ၏မျက်နှာသည် စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့သွားပေ၏။

"မင်း..."

သူ မယုံကြည်နိုင်တော့သဖြင့် သူ၏မျက်လုံးသာငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။

လင်းပုယန်၏ ခွန်အားသည် သူနှင့်တန်းတူဖြစ်ပြီး တစ်ယောက်ယောက် အနိုင်ရလျှင်ပင် တိုက်ကွက်ရာပေါင်းများစွာ အပြန်အလှန်ဖလှယ်ပြီးမှဖြစ်မည်ဟု သူ ယူဆခဲ့သည်။ သို့ရာတွင် သူသည် တိုက်ခိုက်မှုတစ်ခုတည်းဖြင့် လုံးလုံးလျားလျား ဖိနှိပ်ခြင်းခံလိုက်ရသည်။

လင်းပုယန်က ဘယ်တုန်းက ဒီလောက်ထိ ကြောက်ဖို့ကောင်းလောက်အောင် သန်မာအားကောင်းသွားတာလဲ....

အကယ်၍ လင်းပုယန်၏ခွန်အားသာ အမြဲတစေ ဤကဲ့သို့ လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့လျှင် သူ၏အစ်ကိုနှင့် လက်ထောက်ခန်းမဆောင်သခင်ရာထူးအတွက် ပြိုင်ဆိုင်ရန် လိုအပ်မည်မဟုတ်ချေ။

ဘုန်း...

ဖုန်းယိကျိုးကို ပြန်လည်နာလန်ထူရန် အချိန်မပေးဘဲ ကျန်းရွှမ်က နောက်တစ်ကြိမ် ရှေ့သို့တိုးလိုက်သည်။ ဤတစ်ကြိမ်တွင် သူ ထုတ်ဖော်အသုံးပြုသည်မှာ လက်ဝါးရိုက်ချက်မဟုတ်ဘဲ လက်သီးတစ်ချက်ဖြစ်ပြီး လေထုကို ဖြတ်သန်းသွားစဉ်တွင် နားကွဲလုမတတ် တုန်ခါသံများကို ထွက်ပေါ်စေသည်။ ထိုလက်သီးတစ်ချက်ချင်းစီတွင် မြင်းကောင်ရေအား ၅၀၀အထိ သယ်ဆောင်ထားပြီး အရာအားလုံးကို ခြေမွှဖျက်ဆီးနိုင်သော စွမ်းအားတစ်ရပ် ရောယှက်နေသည်။

ဖုန်းယိကျိုးသည် အဆက်မပြတ် နောက်ဆုတ်နေရပြီး ယခုလက်ရှိချိန်၌ သူ၏မျက်နှာအမူအယာသည် ထိတ်လန့်ကြောက်ရွံ့မှုနှင့်ဒေါသတို့ ရောယှက်နေပေ၏။

"မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ...."

"အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း ပြန်ပေးဆပ်ခိုင်းပြီးတော့ ရှောင်ကျိုးအတွက် တရားမျှတမှုကို ယူဆောင်ပေးဖို့ပဲ"

ကျန်းရွှမ်က အေးစက်စက်လေသံဖြင့် တုံ့ပြန်အဖြေပေးပြီး သူ၏လက်သီးဖြင့် မရပ်မနားထိုးနှက်နေသည်။

All Chapters