အမဲလိုက်စာရင်း
Vol. 12 Ch. 172
ကျန်းရွှမ်၏မျက်နှာ သုန်မှုန်သွားသည်။
"ဒုတိယနည်းလမ်းက ဘာလဲ..."
"မျိုးပွားဖို့အတွက်လား... .. သူတို့က ငါ့ကို မျိုးစပ်ဖို့ကောင်တစ်ကောင်လို့ မှတ်နေကြတာလား"
သူ ထိုရွေးချယ်မှုကို ရွေးမည်မဟုတ်ကြောင်း သိသောကြောင့် ဖုယင်ယင်သည် ထိုအကြောင်းအရာကို ဆက်မဆွေးနွေးတော့ချေ။ သူမက ဆက်လက်၍ ပြောဆိုသည်။
"ဒုတိယနည်းလမ်းက တိုက်ခိုက်တာပဲ.. ကျွန်မတို့ရဲ့ မှောင်ခိုဈေးမှာ ပြိုင်ပွဲတွေက ရက်စက်ကြမ်းကြုတ်ပြီးတော့ သွေးထွက်သံယိုတွေ ရှိနိုင်တယ်...သုံးရက်တစ်ကြိမ် ကျင်းပတယ်... အနိုင်ရရင် ဆုငွေရတယ်...ဆုငွေကသိပ်မများပေမယ့် ကွင်းအပြင်ဘက်က လောင်းကြေးတွေကတော့ ကြောက်ခမန်းလိလိပဲ...လောင်းကြေးကြီးလေလေ အနိုင်ရရင် ပြန်ရတဲ့ငွေက ပိုများလေလေပဲ... ဒါပေမဲ့ ရှုံးသွားရင်တော့ ဒေဝါလီခံရနိုင်တယ်..."
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
"မှောင်ခိုဈေးပြိုင်ပွဲတွေလား...ငါက အဲ့ဒီပြိုင်ပွဲတွေမှာ ပါဝင်လို့ရလား..."
လင်းပုယန်သည် ယခုလက်ရှိတွင် နတ်ဘုရားစိတ်ဝိညာဥ်နယ်ပယ်တွင် ရှိနေပြီး ဟန်ယွမ်မြို့တော်၏အထွတ်အထိပ်အဆင့်နီးပါး၌ ရှိနေသော တည်ရှိမှုကြီးပင်။ ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးသည် တိုက်ခိုက်ရန် စဉ်းစားနေသလော...။
"အမှန်ပဲ...ရှင် ဝင်ပြိုင်လို့ ရတယ်.... ဒါပေမဲ့ ဒီပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေလိုအပ်ပြီးတော့ အခွင့်အရေးတွေက ရှားပါးတယ်...တစ်နှစ်မှာ တစ်ပွဲနှစ်ပွဲဆိုတာ အများဆုံးပဲ... အဓိကအချက်ကတော့ ပါဝင်ယှဥ်ပြိုင်သူတွေက ပုံမှန်အရဆိုရင် သူတို့ရောက်နေတဲ့ ကျင့်ကြံဆင့်နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်မှာရှိပြီးတော့ ဘယ်အချိန်မဆို အဆင့်တက်ဖို့ အသင့်ဖြစ်နေကြတာပဲ... အကြီးအကဲလင်းက သန်မာအားကောင်းပေမယ့် ဒီပြိုင်ပွဲမှာအနိုင်ရဖို့အတွက် အာမခံချက်မရှိနိုင်ဘူး"
ကျန်းရွှမ်က နားလည်သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်သည်။
နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်နှင့် ဓမ္မရုပ်သွင်နယ်ပယ်ကြားရှိ ကွာဟချက်သည် သေးငယ်ပုံရသော်လည်း ကျင့်ကြံဆင့်ချိုးဖျက်ရန်မှာမူ ရိုးရှင်းသောကိစ္စတစ်ရပ် မဟုတ်ချေ။ ထိုနယ်ပယ်၏အထွတ်အထိပ်အဆင့်တွင် ပိတ်မိနေသော ကျင့်ကြံသူအမြောက်အများသည် ရှေ့သို့တက်လှမ်းနိုင်ရန် သေရေးရှင်ရေးတိုက်ပွဲများကို ရှာဖွေကြသည်။ မှောင်ခိုဈေးတိုက်ပွဲများသည် ထိုအရာကို ပေးစွမ်းနိုင်ပေ၏။
ဖုယင်ယင်က ထပ်မံ၍ ပြောဆိုသည်။
"ဒီနည်းလမ်းက ငွေမြန်မြန်ရှာနိုင်တယ်...ရှင် မှန်မှန်ကန်ကန် လောင်းနိုင်ရင် တစ်ကြိမ်တည်းနဲ့ ရင်းမြစ်ဒင်္ဂါး သန်းဆယ်ဂဏန်း ရာဂဏန်းအထိတောင် ရနိုင်တယ်...ဒါပေမဲ့ ရှင် မှတ်ထားရမှာက ဒီပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်တဲ့သူတွေက မကြာခဏဆိုသလို သူတို့ရဲ့ကန့်သတ်ချက်ကို ရောက်သွားပြီးတော့ ရူးသွပ်လုနီးပါး ဖြစ်သွားတာပဲ.. သူတို့ အဆင့်မတက်ရင် သေသွားနိုင်တယ်...ဒါကြောင့် ဒီတိုက်ပွဲတွေက ဘယ်တော့မှ ညှာတာမှုရှိမှာမဟုတ်ဘူး... မကြာခဏဆိုသလို သူတို့က သေတဲ့အထိ တိုက်ခိုက်ကြတယ်.. ဒါကြောင့် ကျွန်မတို့ရဲ့မှောင်ခိုစျေးမှာ ဒီလောက်ထိအဆင့်မြင့်တဲ့ တိုက်ပွဲမျိုး ဘယ်တုန်းကမှ မကျင်းပခဲ့ဖူးဘူး"
"ဒါကြောင့် အကြီးအကဲလင်းက ဒီရွေးချယ်မှုကို ရွေးချယ်မှာမဟုတ်ဘူးလို့ ကျွန်မ ထင်တယ်... ဟုတ်တယ်မလား..."
ကံကြမ္မာခန်းမဆောင်၏ အကြီးအကဲတစ်ဦးဖြစ်သော သူ၏ရိုသေလေးစားဖွယ်ရာထူးနှင့် လက်ထောင်ခန်းမဆောင်သခင်ဖြစ်လာရန် ကံကြမ္မာပါသော လင်းပုယန်သည် သူ၏အသက်ကိုရင်း၍ စွန့်စားလိမ့်မည်ဟု သူမ မထင်ချေ။
သူမ စဉ်းစားတွေးတောနေစဉ်မှာပင် အကြီးအကဲလင်းက ခေါင်းညိတ်လိုက်သည်။
"အဆင်ပြေပါတယ်... မင်း ငါ့အတွက် စီစဉ်ပေးလို့ရတယ်...."
ဖုယင်းယင်း ကြက်သေသေသွားသည်။
သူမသည် ဤလူကို ကာမဂုဏ်လိုက်စားကာ သတ္တိကြောင်သည်ဟု သတ်မှတ်ခဲ့သော်လည်း သူသည် ဤတစ်ကြိမ်၌ အခိုင်အမာစိတ်ပိုင်းဖြတ်ထားပုံရသည်။
"ကောင်းပြီလေ"
ကျန်းရွှမ်က ပြောဆိုသည်။
"တတိယနည်းလမ်းက ဘာလဲ..."
သူ၏တည်ကြည်လေးနက်မှုကို မြင်တွေ့ချိန်၌ ဖုယင်းယင်းသည် ထပ်မံ၍မကန့်ကွက်တော့ချေ။
"တတိယနည်းလမ်းကတော့ အမဲလိုက်စာရင်းမှာ ပါဝင်တဲ့ ကျင့်ကြံသူတွေကို ပစ်မှတ်ထားတာပဲ"
"အမဲလိုက်စာရင်း..."
ကျန်းရွှမ် အံ့အားသင့်သွားသည်။
"ဟုတ်တယ်.... ဒါက မှောင်ခိုဈေးမှာ အကျော်ကြားဆုံးစာရင်းပဲ...ဈေးနှုန်းမြင့်လေ ပစ်မှတ်က ပိုခက်လေပဲ"
သူမက ရှင်းပြသည်။
"အဲ့ဒီစာရင်းမှာ ပါဝင်တဲ့လူတွေကို ခွန်အားတင်မကဘူး အဆင့်အတန်းကိုပါ ဖော်ပြထားတယ်.... လူအများစုက ဒီစာရင်းကို ကြောက်ရွံ့ကြပေမယ့် တချို့ကတော့ အဲ့ဒီစာရင်းထဲကို ရောက်ဖို့တောင် တိုက်ခိုက်နေကြတယ်...ဒါက နာမည်ကျော်ကြားဖို့အတွက် အမြန်ဆုံးနည်းလမ်းပဲ"
ကျန်းရွှမ်သည် ဤကိစ္စကို နားလည်နိုင်ပေ၏။
အမဲလိုက်စာရင်းသည် အန္တရာယ်များသော်လည်း စာရင်းဝင်သော မည်သူမဆို ဟန်ယွမ်မြို့တော်၏ ထိပ်တန်းပုဂ္ဂိုလ်များဖြစ်သည်။ ဤသည်မှာ ချက်ချင်းနာမည်ကျော်ကြားလာနိုင်သော ကိစ္စမျိုးဖြစ်သဖြင့် လူတချို့သည် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြပေလိမ့်မည်။
"ဒီစာရင်းကို ငါ ဘယ်နေရာမှာ ကြည့်လို့ရလဲ..."
ကျန်းရွှမ်က မေးမြန်းသည်။
"ဒါကို အလုံးစုံသိမြင်ဂိုဏ်းရဲ့ အလုံးစုံသိမြင်ကံကြမ္မာကနေ ပြုစုထားတာပဲ...ဒီစာရင်းတစ်စောင်ကို ရင်းမြစ်ဒင်္ဂါးတစ်သန်းနဲ့ ဈေးနှုန်းသတ်မှတ်ထားတယ်.... စာရင်းက အချိန်နဲ့တပြေးညီ အသစ်ပြောင်းလဲနေပြီးတော့ အသစ်ဝင်ရောက်လာသူတွေကို ချက်ချင်းပြသပေးတယ်"
ဖုယင်းယင်းက သူမ၏ဆံပင်ကို သပ်တင်ရင်း ပြောဆိုလိုက်သည်။
"အလုံးစုံသိမြင်ကံကြမ္မာဆိုတာက ဘာလဲ"
ကျန်းရွှမ်က နားမလည်နိုင်စွာဖြင့် မေးမြန်းသည်။
ဖုယင်းယင်းက ပြုံးလိုက်သည်။
"ဒါက အရာအားလုံးကို ခြေရာခံနိုင်တဲ့ ကောင်းကင်ကံကြမ္မာအမျိုးအစားတစ်ခုပဲ...ထိပ်သီးကျင့်ကြံသူတွေ ပစ္စည်းတွေ ရင်းမြစ်သားရဲတွေ ဆေးပညာရှင်တွေ လက်နက်တွေနဲ့ အရာအားလုံးပါဝင်တယ်... အလုံးစုံသိမြင်ဂိုဏ်းရဲ့ခေါင်းဆောင် အလုံးစုံသိမြင်ပညာရှင်က ဒီကောင်းကင်ကံကြမ္မာကို အမွေဆက်ခံခဲ့တာ... ဒီစာရင်းတိုင်းမှာ သူ့ရဲ့စွမ်းအားပါဝင်ပြီးတော့ တိကျမှန်ကန်တယ်.. ဒါက အချိန်နဲ့တပြေးညီ အသစ်ပြောင်းလဲမှုတွေကို သိရစေမယ်လို့ အာမခံတယ်...ဒါကြောင့် ဘယ်ကျင့်ကြံသူအတွက်မဆို ဒီစာရင်းက မရှိမဖြစ်လိုအပ်တယ်"
"ငါ့ကို တစ်စောင်ပေးပါ"
ကျန်းရွှမ်က ပြောဆိုသည်။
နောက်ထပ်စကားတစ်ခွန်းမဆိုဘဲ ဖုယင်းယင်းသည် စာလိပ်တစ်လိပ်ကို ထုတ်ပေးလိုက်၏။
ကျန်းရွှမ်က ထိုစာလိပ်ကို ဖြန့်လိုက်သည်။ ထိုအရာသည် ပေါ့ပါးသော်လည်း မယုံနိုင်လောက်အောင် ခိုင်မာပြီး သာမန်လက်နက်များဖြင့်ဆိုလျှင် ထိုစာရွက်ပေါ်တွင် ခြစ်ရာတစ်ခုထင်မည်မဟုတ်ချေ။
ဟန်ယွမ်မြို့တော်...အမဲလိုက်စာရင်း...
အဆင့်သတ်မှတ်ချက်များ..
ပထမ...ဟန်ချန်ချောင် ရင်းမြစ်ဒင်္ဂါး သန်းသုံးရာ
ဒုတိယ...ယွဲ့လုံရှောင် ရင်းမြစ်ဒင်္ဂါး သန်းနှစ်ရာ့လေးဆယ်
တတိယ...ဟန်ရှောင် ရင်းမြစ်ဒင်္ဂါး သန်းနှစ်ရာ့နှစ်ဆယ်
ကျန်းရွှမ် ထိတ်လန့်တုန်လှုပ်သွားသည်။ သူ တတိယလူကို သိရှိပေ၏။ ဤှသည်မှာ ကံကြမ္မာခန်းမဆောင်၏ခန်းမဆောင်သခင်ပင်။
ဓမ္မရုပ်သွင်နယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးသည် တတိယအဆင့်တွင် သတ်မှတ်ခံထားရပြီး ဆုကြေးငွေမှာမူ ကြောက်ခမန်းလိလိ များပြားပေ၏။
ကျန်းရွှမ်က ဆက်လက်၍ကြည့်ရှုလိုက်သည်။
၁၉ ယောက်မြောက်... ဖုန်းကျောက်ထင် ရင်းမြစ်ဒင်္ဂါးသန်းသုံးဆယ်
၂၀ ယောက်မြောက်...လင်းပုယန် ရင်းမြစ်ဒင်္ဂါးနှစ်ဆယ့်ကိုးသန်း
"ငါက ဒီစာရင်းထဲမှာ ပါနေတာလား.. ပြီးတော့ ငါက ဖုန်းကျောက်ထင်ထက် အဆင့်နိမ့်နေတာလား..."
ဖုယင်ယင်က ရှင်းပြသည်။
"အကြီးအကဲဖုန်းရဲ့ ကောင်းကင်ကံကြမ္မာက ရှင့်ရဲ့ကောင်းကင်ကံကြမ္မာကို အတိုင်းအတာတစ်ခုအထိ ဖိနှိပ်ထားနိုင်တယ်...ဒါကြောင့် ဒါက ကျိုးကြောင်းဆီလျော်တဲ့ကိစ္စပဲ..."
"ဟမ့်...ဘယ်သူမှ ငါ့ကို ဖိနှိပ်နိုင်မှာမဟုတ်ဘူး...သူတင်မကဘူး ဘယ်သူမှ မလုပ်နိုင်ဘူး...."
ကျန်းရွှမ်က အေးစက်စက်နှာမှုတ်လိုက်သည်။
သူသည် ဖုန်းကျောက်ထင်၏ကောင်းကင်ကံကြမ္မာအကြောင်း သိလိုသော်လည်း မမေးခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ သူတို့ ထိပ်တိုက်တွေ့ခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေလေပြီ။ သူ ဤကိစ္စကို မသိရှိဟု ပြောဆိုပါက အဓိပ္ပာယ်ရှိမည်မဟုတ်ချေ။
"အကြီးအကဲလင်းမှာ အကြီးအကဲဖုန်းရဲ့ ကောင်းကင်ကံကြမ္မာကို ချေဖျက်ဖို့ နည်းလမ်းတစ်ခုရှိပုံပဲ... အနာဂတ်မှာ ရှင်က လက်ထောက်ခန်းမဆောင်သခင်ရာထူးကို တက်လှမ်းနိုင်တော့မှာမလို့ ဂုဏ်ယူပါတယ်..."
ဖုယင်ယင်က အပြုံးနှင့် ပြောဆိုသည်။
"ချေဖျက်ဖို့လား...ကြည့်ကြသေးတာပေါ့..."
ကျန်းရွှမ်က တီးတိုးပြောဆိုလိုက်ပြီး သူ၏မျက်လုံးများ တောက်ပလာကာ စာရင်းကို ဆက်လက်၍ဖတ်ရှုလိုက်သည်။
အမဲလိုက်စာရင်းတွင် နာမည်ငါးဆယ် ပါဝင်ပြီး ဆုငွေတစ်ခုချင်းစီသည် ဆယ်သန်းမှစတင်ပေ၏။ ထိုစာရင်းဝင်များအနက်အနည်းစုကို သတ်ဖြတ်လိုက်လျှင် ချမ်းသာကြွယ်ဝမှုကို သူ လျင်မြန်စွာ စုဆောင်းနိုင်ပေမည်။
"ဒါပေမဲ့ ငါ မေးပါအုံးမယ်... ဒီဆုငွေတွေကို ဘယ်သူက ပေးတာလဲ .."
ကျန်းရွှမ်က မေးမြန်းသည်။
ဖုယင်းယင်းက ရှင်းပြသည်။
"အဲ့ဒီလူတွေရဲ့ ရန်သူတွေပေါ့...ဘယ်သူက ရန်သူမရှိဘဲ နေလို့လဲ...လူတွေအများကြီးက တစ်ယောက်ကို နည်းနည်းပဲထည့်ဝင်ရင်တောင် ပေါင်းလိုက်ရင် များသွားတာပဲ...ရှင့်ကိုယ်ရှင် ဥပမာအနေနဲ့ ယူကြည့်လေ...ပုရွှီခန်းမဆောင်က လူတွေအများကြီးကို ရန်စစော်ကားခဲ့တယ်... လူတစ်ထောင်က တစ်ယောက်ကို ရင်းမြစ်ဒင်္ဂါးတစ်သောင်းစီ ထည့်ဝင်လိုက်ရင် ဒါက အတော်လေးများတဲ့ ငွေပမာဏဖြစ်သွားတာပဲ"
ကျန်းရွှမ် တိတ်ဆိတ်ငြိမ်သက်သွားသည်။
သူသည် ပုရွှီခန်းမဆောင်အကြောင်း များစွာမသိသော်လည်း သူတို့၏ နာမည်ဆိုးသည် သူတို့ ယုဖေးကို အမဲလိုက်ပုံမှတဆင့် ရှင်းလင်းနေသည်။ သူတို့၏ရန်သူများမှ ဆုငွေများကို ထောက်ပံ့ကြမည်မှာ သဘာဝကျသောကိစ္စပင်။
"တကယ်လို့ ငါက ပစ်မှတ်တစ်ခုကို ရှင်းပြီးပြီဆိုရင် ဆုငွေကို ဘယ်လိုတောင်းခံရမလဲ..."
ဖုယင်ယင်က သူ့ကို အနက်ရောင်တံဆိပ်ပြားတစ်ခုကို လက်ကမ်းပေးလိုက်သည်။
"သူတို့ရဲ့ စိတ်ဝိညာဉ်အနှစ်သာရ ဒါမှမဟုတ် သွေးကို ဒီတံဆိပ်ပြားထဲကို တည့်သွင်းလိုက်ပါ... အလုံးစုံသိမြင်ဂိုဏ်းက အတည်ပြုပြီးတာနဲ့ ဆုငွေကို ဒီတံဆိပ်ပြားထဲကို ထည့်ပေးလိမ့်မယ်...ဒါကို ကုန်းမြေတဝှမ်းလုံးမှာ သုံးနိုင်တယ်"
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။ ဤစနစ်သည် ငွေသားကိုသယ်ဆောင်ခြင်းထက် များစွာပို၍အဆင်ပြေပုံရသည်။
"ကျွန်မတို့ရဲ့ မြေအောက်ဈေးကွက်မှာ ပစ်မှတ်တွေရဲ့ ကိုယ်ရေးရာဇဝင်တွေကိုလည်း ရောင်းတယ်...သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေရဲ့ အသေးစိတ်မှတ်တမ်းတွေပဲ...တကယ်လို့ အကြီးအကဲလင်းက လှုပ်ရှားဖို့ ကြံရွယ်နေတယ်ဆိုရင်.....ရှင်ရဲ့ပစ်မှတ်တွေက လှုပ်ရှားဖို့ ထိုက်တန်တာကို အာမခံနိုင်လိမ့်မယ်"
"ငါ့ကို မှတ်တမ်းတချို့ပေးပါ..."
ကျန်းရွှမ်က ပြောဆိုသည်။
ဖုယင်ယင်သည် ပြင်ပသို့ထွက်သွားပြီးနောက် အချိန်တခဏအကြာတွင် စာရွက်စာတမ်းသုံးခုဖြင့် ပြန်ရောက်လာသည်။
"ကိုယ်ရေးရာဇဝင်တစ်ခုချင်းစီက ရင်းမြစ်ဒင်္ဂါးတစ်သိန်း ကျသင့်တယ်"
ကျန်းရွှမ်က ပထမတစ်ခုကို လှန်ကြည့်လိုက်သည်။
ဖုန်းယိကျိုး...
အဆင့် လေးဆယ့်ခုနစ်...ဓမ္မရုပ်သွင်နယ်ပယ်ကျင့်ကြံသူ... ဖုယွမ်ကုန်သွယ်ရေးအိမ်တော်၏ ပိုင်ရှင်...
ရာဇဝတ်မှုများ....
ဟန်ယွမ် ၅၇၉နှစ်....ဖန်ချင်း၏ဇနီးနှင့် ပူးပေါင်းကြံစည်ပြီး ဖန်ချင်းကို သတ်ဖြတ်ခဲ့သည်။ ထို့နောက် သူသည် သူမကိုသတ်ကာ သူတို့၏ပိုင်ဆိုင်မှုများကို သိမ်းယူခဲ့သည်။
ဟန်ယွမ် ၅၈၁နှစ်....သားရဲဒီရေလှိုင်းတစ်ခုကို လှုံ့ဆော်ပြီး အရပ်သား ၁၁၂ ဦးကို သတ်ဖြတ်ခဲ့သည်။
ဟန်ယွမ် ၅၈၅နှစ်....သူ၏ပထမဇနီးကိုသတ်ပြီး သူမ၏ခေါင်းကို ဝိုင်အရက်အိုးအတွင်း၌ စိမ်ထားခဲ့သည်။
...
ကျန်းရွှမ်သည် ထိုစာရွက်ကို ဖတ်နေရင်း သူ၏မျက်နှာ တဖြည်းဖြည်း သုန်မှုန်သွားသည်။