ဖုယင်းယင်း(၂)
Vol. 12 Ch. 170
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
ကံကြမ္မာခန်းမဆောင်တွင်ရှိသော စာအုပ်များကို ဖတ်ရှုပြီးနောက် သူ ဤကိစ္စကို နောက်ဆုံးတွင် နားလည်သဘောပေါက်သွားသည်။
သားရဲယဉ်ပါးစေခြင်း ဆေးပညာ ဝင်္ကပါပညာ ပန်းချီပညာ...တစ်စုံတစ်ယောက်သည် ဤအထူးပြုပညာရပ်များကို သက်ဆိုင်ရာ ကံကြမ္မာသော့ခလောက်အား မဖွင့်နိုင်မချင်း အဆင့်မြင့်သောအဆင့်ထိရောက်အောင် လေ့ကျင့်၍မရချေ။ ထို့ပြင် ဤကိစ္စကို ကံကြမ္မာဆရာသခင်များကသာ ပြုလုပ်နိုင်ပေမည်။
ဟန်ယွမ်မြို့တွင် သားရဲယဉ်ပါးစေခြင်း ကံကြမ္မာဆရာသခင်မရှိသည့်အပြင် တခြားလူများအတွက် ထိုသို့သော ပညာရပ်တစ်ခုကို သင်ယူရန် စဉ်းစားရုံမျှဖြင့်ပင် အလွန်ကြီးကျယ်ခမ်းနားသော ကိစ္စတစ်ရပ် ဖြစ်နေလေပြီ။
ထို့ကြောင့် မူလဘူတသားရဲတစ်ကောင်ကို ဖမ်းဆီမိလျှင်ပင် သူ့ကိုယဉ်ပါးအောင် ပြုလုပ်ခြင်းသည် ယုလုံချင်းပြုလုပ်ခဲ့သကဲ့သို့ အခြေခံမျှသာဖြစ်ပြီး သူနှင့်မိတ်ဆွေဖွဲ့ရန် ကြိုးစားရုံမျှသာရှိသည်။ အဆုံးသတ်တွင် ဤကိစ္စ အောင်မြင်မည်မအောင်မြင်မည်မှာ မသေချာချေ။
သားရဲတစ်ကောင်ကို ဖမ်းဆီးရရှိသူကိုယ်တိုင်အတွက် ယဉ်ပါးအောင်ပြုလုပ်ခြင်းသည် ဤမျှထိ ခက်ခဲလျှင် ဝယ်သူသည် မည်သို့ ယဉ်ပါးအောင် ပြုလုပ်နိုင်မည်နည်း...
သူတို့သည် စကားပြောဆိုနေရင်း ရှည်လျားသောစင်္ကြန်လမ်းတစ်ခုကို ဖြတ်လျှောက်လာပြီး အခန်းငယ်လေးတစ်ခန်းသို့ ရောက်ရှိသွားသည်။ အခန်းအတွင်းတွင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် စားပွဲတွင် လက်ဖက်ရည်ထိုင်သောက်နေပေ၏။ သူမ၏ဝတ်ရုံအောက်နားစမှနေ၍ နှင်းကဲ့သို့ဖြူဖွေးသော ခြေတံရှည်တစ်စုံ ပေါ်လွင်နေသည်။
"သူဌေးမ... ဒါက ဖောက်သည်အသစ်ပါ..." လက်ဖက်ရည်ဆိုင်ရှင်က သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
"လူသစ်လား..."
အမျိုးသမီးသည် လှောင်ရယ်လိုက်ပြီး သူမ၏လက်ဖက်ရည်ခွက်ကို ချထားကာ သူမ၏ခြေတံရှည်များကို ဝတ်ရုံဖြင့်ဖုံးအုပ်ပြီး ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်၏။
"အကြီးအကဲလင်းက ဒီနေရာမှာ လူသစ်ဆိုရင် ကျွန်မက အပျိုစင်လေးတစ်ယောက်ပဲ ရှိသေးတာပေါ့..."
"အကြီးအကဲလင်းလား..."
လက်ဖက်ရည်ဆိုင်ရှင် အံ့အားသင့်သွားသည်။
အမျိုးသမီးက ခေါင်းညိတ်လိုက်သည်။
"အမှန်ပဲ....သူက ကောင်းကင်ကံကြမ္မာခန်းမဆောင်က အကြီးအကဲလင်းပုယန်ပဲ...တကယ်လို့ ဘာအမှားအယွင်းမှမရှိရင် ရက်အနည်းငယ်အတွင်းမှာ သူ့ကို လက်ထောက်ခန်းမသခင်လင်းလို့ ခေါ်ရလိမ့်မယ်..."
"ဒါဆို အကြီးအကဲလင်း ဖြစ်နေတာပါလား.... ကျွန်တော် မျက်လုံးကန်းသွားခဲ့တာပဲ..."
လက်ဖက်ရည်ဆိုင်ပိုင်ရှင်က ရှက်ရွံ့သောမျက်နှာဖြင့် ပြောဆိုသည်။
"သူဌေးမ....ကျွန်တော် လူကို ဒီနေရာဆီခေါ်လာခဲ့ပြီ...ကျွန်တော်ကို သွားခွင့်ပြုပါအုံး..."
ထိုစကားကိုပြောဆိုပြီးနောက် သူသည် နောက်သို့လှည့်ထွက်သွားလေ၏။
ထိုလူကို လျစ်လျူရှုလိုက်ပြီး ကျန်းရွှမ်သည် သူ၏ရှေ့မှ အမျိုးသမီးသူဌေးမကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။
"သူဌေးမက ငါ့ကို သိနေတာလား..."
"ထူးဆန်းလိုက်တာ..."
အမျိုးသမီးသည် လှောင်ပြောင်ရယ်မောလိုက်ပြီး သူမ၏ကောက်ကြောင်းလှသောခါးကို လှုပ်ယမ်းကာ ရှေ့သို့တိုးလာသည်။ ထို့နောက် သူမ၏လက်များကို ကျန်းရွှမ်၏ပုခုံးများပေါ်တွင် တင်လိုက်ပြီး သူမ၏အနီရောင်တောက်တောက်နှုတ်ခမ်းများသည် သူ၏ပါးပြင်အနီးသို့ ရောက်ရှိလာကာ ညင်သာစွာ အသက်ရှုထုတ်ပြီး ပြောဆိုသည်။
"ဘာဖြစ်လို့လဲ အကြီးအကဲလင်း...ကိုယ်လုပ်တော်အသစ်ယူပြီးမှ အခု ကျွန်မကို မမှတ်မိချင်ယောင်ဆောင်နေတာလား... အရင်တုန်းကတော့ ကျွန်မကို ယင်ယင်လေးလို့ ခေါ်ပြီးတော့ အခုတော့ သူဌေးမတဲ့လား..."
ကျန်းရွှမ်သည် တုံ့ပြန်အဖြေမပေးဘဲ ထိုအစား သူမကို တည်ငြိမ်စွာ စူးစိုက်၍ကြည့်ကာ သူ၏စွမ်းအားအရှိန်အဝါသည် ပွင့်အံ့ထွက်လာပေ၏။
အမျိုးသမီး၏မျက်နှာ နီမြန်းသွားပြီး အံ့အားသင့်စွာဖြင့် ခြေလှမ်းနှစ်လှမ်း နောက်ဆုတ်လိုက်ကာ ဒေါသတကြီး ပြောဆိုသည်။
"ရှင် ဘာလုပ်တာလဲ"
ကျန်းရွှမ်က ခေါင်းခါပြီး ပြောဆိုလိုက်သည်။
"ဘာမှမဟုတ်ပါဘူး... ငါ့နားကို တစ်ယောက်ယောက်က အရမ်းနီးကပ်လာတာကို ငါ မကြိုက်လို့ပဲ"
အမျိုးသမီးက ရယ်မောလိုက်သည်။
"ယောက်ျားတွေက မိန်းမတစ်ယောက်ရဲ့ လက်အောက်မှာရှိနေမှ သူတော်စင်တစ်ပါးလို တည်ငြိမ်တာ... ဒီကိုယ်လုပ်တော်အသစ်က ရှင်ကို တကယ်ကြီး ပြင်းပြင်းထန်ထန် ဖိနှိပ်ထားပုံပဲ..."
ထိုစကားကိုပြောဆိုပြီးနောက် သူမသည် နောက်ဆုတ်လိုက်ပြီး သူမ၏ခြေတံရှည်များကို ချိတ်ကာ ကုလားထိုင်ပေါ်သို့ ပြန်ထိုင်လိုက်၏။ သူမ၏မျက်နှာပေါ်တွင် အစောပိုင်းက ညုတုတုအမူအယာမျိုး မရှိတော့ချေ။
"ပြောပါအုံး...ဒီတစ်ကြိမ်က ဒီနေရာကို ဘာကိစ္စနဲ့ ရောက်လာတာလဲ...."
ကျန်းရွှမ်သည် အလျင်စလိုအဖြေမပေးဘဲ သူ၏စိတ်သည် ကောင်းကင်ဘုံစာကြည့်တိုက်အတွင်းတွင် ရောက်ရှိနေသည်။
သူမအကြောင်း သိနိုင်မည့် စာအုပ်တစ်အုပ်ကို ထုတ်လုပ်ရန်အတွက် သူမ၏စွမ်းအားကို အသုံးပြုစေရန် သူသည် အစောပိုင်းက သူ၏စိတ်ဝိညာဉ်စွမ်းအားဖြင့် သူမကို ရည်ရွယ်ချက်ရှိရှိ တွန်းထုတ်ခဲ့သည်။
"ဖုယင်ယင်...ဟန်ယွမ်မြို့တော်မှ မှောင်ခိုစျေးကွက်၏သူဌေးမ.... နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ... ကောင်းကင်ကံကြမ္မာညှို့ငင်ခြင်းနည်းစနစ်ကို ကျင့်ကြံပြီးတော့ ချင်းချူတောင်တန်း၏ သင်ကြားမှုအောက်မှ တပည့်မတစ်ယောက်ဖြစ်သည်..."
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
ယခုကြည့်ကြည့်တော့မှ ဤအမျိုးသမီးသည် ကံကြမ္မာဆရာသခင်တစ်ဦးဖြစ်ပြီး သူမတွင် နောက်ခံအင်အားစုတစ်စုပင် ရှိနေပုံရသည်။
ထို့ပြင် သူ့ကို ဇဝေဇဝါဖြစ်စေဆုံးအရာမှာ ကောင်းကင်ကံကြမ္မာခန်းမဆောင်မှ ထင်ရှားကျော်ကြားသော အကြီးအကဲတစ်ဦးသည် ဤနေရာသို့ ရောက်ရှိလာနိုင်မည်မဟုတ်ဟု သူ တွေးထင်ခဲ့သော်လည်း လင်းပုယန်သည် ယခင်က လာခဲ့ရုံသာမက သူ၏ရှေ့မှ အမျိုးသမီးနှင့်လည်း အလွန်ရင်းနှီးနေပုံရခြင်းပင်။
ထားလိုက်တော့...
သူတို့သည် အချင်းချင်းသိကျွမ်းနေသဖြင့် ကိုင်တွယ်ရန် ပို၍လွယ်ကူသွားပေမည်။ မည်သည့်ကိစ္စများ ဖြစ်နေသည်ကို နားလည်သဘောပေါက်သွားချိန်၌ ကျန်းရွှမ်သည် ထိုကိစ္စကို ဆက်မစဉ်းစားတော့ဘဲ သူ၏တောင်းဆိုချက်ကို တိုက်ရိုက်ပြောဆိုလိုက်သည်။
"ပထမဆုံးအနေနဲ့ ငါက ကောင်းကင်ကံကြမ္မာစွမ်းအင်တွေ လိုချင်တယ်...များလေကောင်းလေပဲ.... ဒုတိယအနေနဲ့ ဓမ္မရုပ်သွင်နယ်ပယ်ကျင့်ကြံနည်းစနစ်တွေ လိုချင်တယ်...ဘယ်အဆင့်အတွက်မဆို ရတယ်...များလေကောင်းလေပဲ..."
"ကောင်းကင်ကံကြမ္မာစွမ်းအင်တွေလား... ကောင်းကင်ကံကြမ္မာခန်းမဆောင်က အကြီးအကဲတစ်ယောက်မှာ ကောင်းကင်ကံကြမ္မာစွမ်းအားတွေ ရှားပါးနေတာလား..."
ဖုယင်ယင်သည် ပြုံးစေ့စေ့လုပ်နေကာ ဤကိစ္စကို မယုံကြည်နိုင်ပုံရသည်။
"ဒါက ဘာထူးဆန်းလို့လဲ..."
ကျန်းရွှမ်သည် သူ၏လက်များကို နောက်ပစ်ထားကာ တိုက်ရိုက်တုံ့ပြန်အဖြေမပေးခဲ့ချေ။
"ကျွန်မ သိပြီ...အကြီးအကဲလင်းက ပုရွှီခန်းမဆောင်ကို အကြီးအကျယ်တိုးချဲ့ပြီးတော့ အကြီးအကဲဖုန်းထက် နောက်လိုက်တွေ ပိုများအောင်မွေးမြူချင်ပုံပဲ..."
ဖုယင်ယင်က တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် ရယ်မောရင်း ပြောဆိုသည်။
"အမှန်ပဲ....ကျွန်မတို့ဆီမှာ ကံကြမ္မာချပ်ပြားတွေ ရှိတယ်.... ဒါပေမဲ့ ကောင်းကင်ကံကြမ္မာခန်းမဆောင်ထက် နှစ်ဆ ပိုဈေးကြီးတယ်"
"နှစ်ဆတောင်လား..."
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
ဖုယင်ယင်က ခေါင်းညိတ်လိုက်၏။
"ဒါက အမှန်ပဲ...ကံကြမ္မာချပ်ပြားတစ်ချပ်ကို ရင်းမြစ်ဒင်္ဂါးလေးသန်း....ရှင့်မှာ ငွေသာရှိရင် အရေအတွက် ဘယ်လောက်လိုလို ကျွန်မထောက်ပံ့ပေးနိုင်တယ်....."
ကျန်းရွှမ် တိတ်ဆိတ်ငြိမ်သက်သွားသည်။
အမှန်အားဖြင့် ဤသည်မှာ အလွန်ဈေးကြီးသည်။
ကျောင်းအုပ်ကြီးလုမင်ရုန်ထံမှ ကံကြမ္မာချပ်ပြားတစ်ချပ်ကို ရင်းမြစ်ဒင်္ဂါးနှစ်သန်းဖြင့်သာ ဝယ်ယူခဲ့ရသော်လည်း ဤနေရာတွင် တိုက်ရိုက်စျေးနှစ်ဆဖြစ်သွားသည်။ ဤနေရာသည် အမှန်တကယ်ကို မှောင်ခိုဈေးကွက်ဖြစ်ပြီး ဈေးနှုန်းအလွန်မြင့်မားသည်။
"ဘာလဲ...ဒီဈေးက ရှင့်အတွက် အရမ်းများနေလို့လား..."
ဖုယင်ယင်က သူမ၏ဆံပင်ကို ပွတ်သပ်ပြီး ပြောဆိုသည်။
"ဓမ္မရုပ်သွင်နယ်ပယ် ကျင့်ကြံနည်းစနစ်တွေကတော့ ကျွန်မ ရှင့်အတွက် စုဆောင်းပေးနိုင်တယ်...ဒါပေမဲ့ ဈေးနှုန်းကတော့ တော်တော်လေးမြင့်တယ်"
ကျန်းရွှမ်က မေးမြန်းလိုက်၏။
"ဘယ်လောက်မြင့်လဲ..."
ဖုယင်ယင်က ခပ်ဖျော့ဖျော့အပြုံးနှင့် တုံ့ပြန်အဖြေပေးသည်။
"ဓမ္မရုပ်သွင်နယ်ပယ် ကျင့်ကြံနည်းစနစ်တွေက အဖိုးတန်ရှားပါးတာ ပုံမှန်ပဲလေ...ရှင်က အဆင့်တွေကို မရွေးရင်တောင် ဒါတွေကို စုဆောင်းရတာက တော်တော်လေးဒုက္ခများတယ်... ရှင်က ကျွန်မတို့ရဲ့ ပုံမှန်ဖောက်သည် ဖြစ်နေတာကြောင့် ကျွန်မ ဈေးပိုမတောင်းတော့ဘူး...ကျင့်ကြံနည်းစနစ်စာအုပ်တစ်အုပ်ကို ရင်းမြစ်ဒင်္ဂါးငါးသိန်းပဲပေးပါ"
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
ကောင်းကင်လမ်းနည်းစနစ်ကို ဖွဲ့စည်းရန် သူသည် အနည်းဆုံး စာအုပ်တစ်ထောင်ခန့် လိုအပ်သည်။ တစ်အုပ်လျှင် ငါးသိန်းဖြင့် သူမထံမှဝယ်ယူရပါက သူသည် ရင်းမြစ်ဒင်္ဂါးသိန်းငါးထောင်ခန့် သုံးစွဲရမည်ဟု ဆိုလိုသည်မဟုတ်လော။
ထိုသို့သော ငွေပမာဏကို အကယ်၍ သူ ရှာဖွေနိုင်လျှင်ပင် ထုတ်ပေးလိုခြင်းမရှိချေ။
သို့ရာတွင် ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်၏ ကျင့်ကြံနည်းစနစ်စာအုပ်များအတွက် တစ်အုပ်လျှင် ငါးသိန်းသည် ပုံမှန်ဈေးနှုန်းဖြစ်ပြီး သူမသည် သူ့ကို မတန်တဆတောင်းနေခြင်း မဟုတ်ပေ။
"ငါက... အဲ့ဒီစာအုပ်တွေကို လှန်လှောကြည့်တာတွေ ကူးယူတာတွေ မလုပ်ဘဲနဲ့...ဒီကျင့်ကြံနည်းစနစ်စာအုပ်တွေရဲ့ နာမည်တွေနဲ့အဖုံးတွေကိုပဲ ကြည့်ရင် ဈေးနှုန်းက ဘယ်လောက်ဖြစ်မလဲ....."
ကျန်းရွှမ်က အချိန်ခဏတာကြာမျှ တွေဝေတုံ့ဆိုင်းနေပြီးနောက် မေးမြန်းလိုက်သည်။
"နာမည်တွေနဲ့အဖုံးတွေကို ကြည့်ရုံပဲလား..."
ဖုယင်ယင် ကြက်သေသေသွားသည်။
ဤသည်မှာ မည်ကဲ့သို့ ထူးဆန်းသောဝါသနာမျိုး ဖြစ်သနည်း...
ကျင့်ကြံနည်းစနစ်များကို ရှာဖွေပြီး အမှန်တကယ် ဖတ်ရှုခြင်းမပြုဟု ဆိုသလော....
ဤသည်မှာ ပြည့်တန်ဆာအိမ်သို့သွားပြီး ကြည့်ရုံပဲကြည့်ကာ ဆက်ဆံခြင်းမပြုသည့်အလားပင်။
မဟုတ်သေး...ခဏလေး...
သူမသည် တစ်စုံတစ်ယောက်ထံမှနေ၍ ဤလူသည် ထိုကိစ္စမျိုးကို အမှန်တကယ် ကြိုက်နှစ်သက်သည်ဟု ကြားဖူးပုံပင်...
"အမှန်ပဲ....မင်းမယုံရင် စာအုပ်နည်းနည်းလောက် ယူလာခဲ့ပါ...ငါ မင်းကို သရုပ်ပြပေးမယ်..."
ကျန်းရွှမ်က ပြောဆိုသည်။
"ကောင်းပြီလေ....."
အချိန်တခဏကြာ တွေဝေတုံ့ဆိုင်းပြီးနောက် ဖုယင်ယင်သည် ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး အခန်းတစ်ခန်းအတွင်းသို့ လျှောက်လှမ်းသွားသည်။ အချိန်တခဏအကြာတွင် သူမသည် စာအုပ်အနည်းငယ်နှင့်အတူ ပြန်ရောက်လာပြီး ထိုအရာများကို စားပွဲပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်တင်လိုက်၏။
"ဒါတွေက ကျွန်မမှာရှိတဲ့ ဓမ္မရုပ်သွင်နယ်ပယ်ကျင့်ကြံနည်းစနစ်တွေပါ... အကြီးအကဲလင်း ကျေးဇူးပြုပြီးတော့ ကျွန်မ ကြိုတင်ပြီး ရှင်းရှင်းလင်းလင်း ပြောထားပါရစေ...ရှင်က ဒီစာအုပ်တွေရဲ့နာမည်တွေနဲ့ အဖုံးတွေကိုပဲ ကြည့်လို့ရမယ်...ဒါတွေကို မဖွင့်ပါနဲ့..."