ဖုယင်ယင်
Vol. 12 Ch. 169
ကျန်းရွှမ်သည် ကံကြမ္မာဆရာသခင်များနှင့် ပတ်သက်သည့် ကိစ္စများကို အချိန်အတော်ကြာစဉ်းစားခဲ့သည့်တိုင် နားမလည်နိုင်ခဲ့ချေ။ ကောင်းကင်ဘုံစာကြည့်တိုက်အတွင်းရှိ သူ ကူးယူခဲ့သော စာအုပ်များအတွင်းတွင်လည်း ဤှကိစ္စအတွက် ရှင်းပြချက်များမရှိသောကြောင့် သူသည် ခေါင်းခါယမ်းလိုက်ပြီး ဤကိစ္စကို ဆက်မစဉ်းစားတော့ချေ။
"သခင်လေး...ဟန်ယွမ်မြို့တော်ရဲ့မြေအောက်မြို့မှာ ကံကြမ္မာချပ်ပြားတွေ ရောင်းချတယ်လို့ ပြောကြတယ်....ငွေရှိတဲ့ ဘယ်သူမဆို အဲ့ဒီအရာတွေကို ဝယ်လို့ရတယ်..."
ကျန်းရွှမ်သည် စဥ်းစားတွေးတောနေသည်ကို ရပ်နားလိုက်သည်အား မြင်တွေ့ချိန်၌ စွန်းချန်က သူ့ထံချဉ်းကပ်လာပြီး လေသံတိုးတိုးဖြင့် ပြောဆိုသည်။
ကျန်းရွှမ်က နားမလည်နိုင်သော မျက်နှာအမူအယာဖြင့် မေးမြန်းလိုက်၏။
"မြေအောက်မြို့ဆိုတာက ဘာလဲ...."
"ဟုတ်ကဲ့.."
စွန်းချန်က ခေါင်းညိတ်ပြပြီး တုံ့ပြန်အဖြေပေးသည်။
"ဒါက စည်းမျဥ်းစည်းကမ်းတွေမရှိတဲ့ မှောင်ခိုဈေးကွက်တစ်ခုလို့ ဆိုနိုင်တယ်...မြေအောက်မြို့က ဟန်ယွမ်တော်ဝင်မိသားစု ဒါမှမဟုတ် ကောင်းကင်ကံကြမ္မာခန်းမဆောင်ရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိဘူး...အဲ့ဒီနေရာမှာ လူ့အသက်တွေအပါအဝင် ဘာမဆိုဝယ်လို့ရတယ်"
"ဒါဆိုရင်တော့ ငါ သွားကြည့်သင့်တယ်"
ကျန်းရွှမ်၏မျက်လုံးများ တောက်ပသွားသည်။
သူသည် ရွှမ်လုံလက်ဝါးနည်းစနစ်၏ ကံကြမ္မာသော့ခလောက်ကို ဖြေရှင်းခဲ့ရာမှ ကောင်းကင်ကံကြမ္မာစွမ်းအင်အမြောက်အများကို ရရှိခဲ့သည်။ သို့ရာတွင် နယ်လင်းရှီနှင့်တခြားသူများအား ရင်းမြစ်ရေအိုင်ကို တည်ငြိမ်အောင် ကူညီပေးခြင်း နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် ကျင့်ကြံနည်းစနစ်များကို စုဆောင်းခြင်းနှင့် တခြားစာအုပ်များကို ကူးယူခဲ့ခြင်းတို့ကြောင့် စွမ်းအင်အမြောက်အများ ကုန်ဆုံးသွားခဲ့သည်။ ယခုအချိန်တွင် သူထံ၌ စွမ်းအင်များများစားစား မကျန်တော့ချေ။
ထိုနေရာ၌ ပစ္စည်းများ ရောင်းချသည်ဟုဆိုသဖြင့် သူ သွားကြည့်ရပေမည်။
ထို့ပြင် စိတ်ဝိညာဉ်ကို သန်မာအားကောင်းလာစေရန် ကျင့်ကြံရသည်မှာ ပို၍ခက်ခဲသည်။ ထိုနေရာ၌ သင့်တော်သောပစ္စည်းများရှိလျှင် ပစ္စည်းတချို့ကိုဝယ်ယူခြင်းဖြင့် သူ၏ကျင့်ကြံမှုကို ပို၍လျှင်မြန်စွာ တိုးတက်စေနိုင်သည်။
"ဒါက မှောင်ခိုစျေးဆိုရင် အရမ်းလျှို့ဝှက်လိမ့်မယ်....တစ်ယောက်ယောက်မှာ တိကျတဲ့အဆင့်အတန်းမရှိဘဲနဲ့ ဒါကိုသိဖို့ ခက်ခဲမှာမဟုတ်လား"
ကျန်းရွှမ်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"မြေအောက်မြို့" ဟု ခေါ်ဆိုခြင်းခံရသဖြင့် ထိုနေရာသည် အုပ်ချုပ်ရေးအဖွဲ့နှင့်ကောင်းကင်ကံကြမ္မာခန်းမဆောင်တို့ထံမှ လျှို့ဝှက်ထားမည်မှာ သေချာပေါက်ပင်။ ဤနေရာသို့ ရောက်ရှိသည်မှာ သုံးရက်သာရှိသေးသော စွန်းချန်သည် ဤအကြောင်းကို ရှာဖွေတွေ့ရှိနိုင်သည်မှာ မယုံကြည်နိုင်ဖွယ်ရာပင်။
စွန်းချန်က ခေါင်းကုတ်ပြီး ပြောဆိုသည်။
"ပထမဆုံးအချက်ကတော့ ကျွန်တော်က ကံကောင်းလို့ပါ... ဒုတိယအနေနဲ့ ကျွန်တော့်ရဲ့စွမ်းအားက နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်ကို ရောက်ရှိနေတာကြောင့်ပဲ...ဒါ့ပြင် ကျွန်တော်က ရုတ်တရက်ဆန်ဆန် ထွက်ပေါ်လာတဲ့ လေလွင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာကြောင့် တချို့လူတွေက ကျွန်တော်နဲ့ အဆက်အသွယ်လုပ်ချင်ကြတယ်..."
နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် ကျင့်ကြံသူများကို ဟန်ယွမ်မြို့တော်၌ပင် သန်မာအားကောင်းသည်ဟု သတ်မှတ်ထားသည်။ ထိုသို့သောစွမ်းအားရှိပြီး နောက်ခံအင်အားမရှိသဖြင့် လူအမြောက်အများသည် သူနှင့်အဆက်အသွယ်လုပ်ချင်ကြသည်မှာ မထူးဆန်းချေ။ ထို့ကြောင့် သူ အတွင်းရေးသတင်းတချို့ကို သိရှိခဲ့ခြင်းမှာလည်း ထူးခြားခြင်းမရှိပေ။
မြေအောက်မြို့သည် သူတို့နေထိုင်ရာနေရာမှ မိုင်သုံးဆယ်ကျော်သာ ကွာဝေးသည်။ သောက်လီသည် ခြေလေးချောင်းဖြင့် အရူးအမူးပြေးလွှားသွားကြရာ မကြာမီမှာပင် သူတို့သည် ထိုနေရာသို့ ရောက်ရှိသွားပေ၏။
ကျန်းရွှမ်သည် မြင်းပေါ်မှခုန်ချလိုက်ကာ မြင်းကို လွတ်လပ်စွာ လှည့်ပတ်သွားလာခွင့်ပြုလိုက်ပြီးနောက် သူသည် စွန်းချန်ပြောခဲ့သော နေရာသို့ လျှောက်လှမ်းသွားလိုက်သည်။
သူ၏ရှေ့တွင် ထွက်ပေါ်လာသည်မှာ ခြောက်ကပ်နေပုံပေါက်သော လက်ဖက်ရည်ဆိုင်ငယ်လေးတစ်ဆိုင်ပင်။ လက်ဖက်ရည်ဆိုင်ရှင်သည် စားပွဲတွင် အေးအေးလူလူထိုင်ကာ လက်ဖက်ရည်ခွက်များကို ကစားနေသည်။
ကျန်းရွှမ်သည် ပေါ့ပေါ့ပါးပါးထိုင်ချလိုက်ပြီး စားပွဲခုံခေါက်ကာ ပြောဆိုလိုက်၏။
"လက်ဖက်ရည်ကြည်တစ်ခွက်...ရေမပါ လက်ဖက်ခြောက်မပါ ခွက်မပါစေနဲ့.."
လက်ဖက်ရည်ဆိုင်ရှင်၏မျက်လုံးများ တောက်ပသွားပြီး သူက ဦးညွှတ်အရိုအသေပြုလိုက်သည်။
"အရှင်...ဒီလိုလက်ဖက်ရည်မျိုးက တစ်ခွက်နဲ့အရှင်ကို စိတ်ကျေနပ်စေဖို့ မလုံလောက်နိုင်ဘူး..အရှင်က ဘယ်နှစ်ခွက်လောက် သောက်ချင်လဲ.. "
ကျန်းရွှမ်သည် ငွေလက်မှတ်တစ်ရွက်ကို ပေါ့ပေါ့ပါးပါးထုတ်ယူပြီး ပေးလိုက်သည်။
"ရှိသလောက် ခွက်အရေအတွက်အတိုင်း... သောက်သလောက် ခွက်အရေအတွက်အတိုင်းပဲ...ငါက လောဘမကြီးပါဘူး.."
လက်ဖက်ရည်ဆိုင်ရှင်သည် ငွေလက်မှတ်ကို လက်ခံလိုက်ပြီး ဤသည်မှာ ရင်းမြစ်ဒင်္ဂါးတစ်ရာတန်သည်အား မြင်တွေ့ချိန်၌ စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်၏။
"အရှင်... ကျေးဇူးပြုပြီးတော့ ဒီဘက်ကိုကြွပါ..."
ကျန်းရွှမ်က ခေါင်းညိတ်ပြီး သူ၏နောက်သို့ ထပ်ချပ်မကွာ လိုက်ပါသွားသည်။
အခန်းမှထွက်ခွာပြီးနောက် လက်ဖက်ရည်ဆရာသည် အနက်ရောင်အဝတ်စတစ်စကို ကျန်းရွှမ်ထံသို့ ပေးအပ်လိုက်သည်။ ကျန်းရွှမ်သည် စည်းကမ်းများကို သိရှိပြီးဖြစ်သောကြောင့် သူ၏မျက်လုံးပေါ်တွင် အဝတ်စကိုစည်းကာ ရထားလုံးတစ်စီးပေါ်သို့ တက်လိုက်၏။ နာရီဝက်ခန့် လှည့်ပတ်သွားပြီးနောက် လက်ဖက်ရည်ဆိုင်ရှင်၏ဦးဆောင်မှုအောက်တွင် သူသည် လှေငယ်လေးတစ်စင်းပေါ်သို့ တက်လိုက်သည်။ သူတို့ မည်မျှအထိ သွားခဲ့သည်ကို သူ မသိမီမှာပင် အနက်ရောင်အဝတ်စကို ဖယ်ရှားလိုက်သဖြင့် သူ၏မျက်လုံးများရှေ့တွင် အလင်းရောင်တစ်ခုရှိနေသည်ကို သူ နောက်ဆုံး၌ ခံစားလိုက်ရသည်။
"အရှင်....ကျွန်တော်တို့ ရောက်ပါပြီ..."
ကျန်းရွှမ်က မော့ကြည့်လိုက်ရာ သူသည် ကျယ်ဝန်းသော မြေအောက်စင်္ကြန်လမ်းတစ်ခုတွင် ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။ ဤစင်္ကြန်လမ်း၏အောက်တွင် မြစ်နက်တစ်စင်း ဖြတ်သန်းစီးဆင်းနေသည်။ မြစ်တလျှောက်၌ သစ်သားတံတားများကို တည်ဆောက်ထားကာ ကျောက်နံရံများအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပြီး ရှည်လျားသောစင်္ကြန်လမ်းများအဖြစ် ဖွဲ့စည်းထားပေ၏။ ထိုစင်္ကြန်လမ်းများ၏အလယ်တွင် မရေမတွက်နိုင်သော ဆိုင်ခန်းများကို နေရာချထားပြီး အလင်းရောင်များတောက်ပကာ စည်ကားသိုက်မြိုက်နေသည်။
"တော်တော်စည်ကားတာပဲ...."
ဤနေရာသို့ရောက်ရန် ခက်ခဲမည်ဖြစ်ကာ လူများများစားစား ရှိမည်မဟုတ်ဟု မျှော်လင့်ထားသော်လည်း ပထမတစ်ချက်ကြည့်ရုံဖြင့် ရာနှင့်ချီသောလူများကို မြင်တွေ့ရသဖြင့် သူ အံ့အားသင့်သွားသည်။
"အရှင်...ဒီဘက်ကို ကြွပါ..."
လက်ဖက်ရည်ဆိုင်ရှင်သည် သစ်သားလျှောက်လမ်းတစ်ခုပေါ်သို့ လမ်းပြခေါ်ဆောင်လိုက်သည်။
ကျန်းရွှမ်သည် ထပ်ချပ်မကွာလိုက်ပါသွားလေ၏။
သစ်သားလျှောက်လမ်း၏ဘေးတလျှောက်တွင် ပြင်ပလောကတွင် ရှာဖွေရန်ခက်ခဲသော တားမြစ်ပစ္စည်းအမျိုးမျိုး ရှိသည်။
"ခရမ်းရောင်ကျောက်စိမ်း အဆီအနှစ် နောက်ဆုံးလက်ကျန် နှစ်ပိုင်းရမယ် ..ဒါက ပန်းနာရင်ကျပ် စိတ်ချောက်ချားမှု မီးဒြပ်စင်ကြောင့်ရတဲ့ အတွင်းဒဏ်ရာတွေနဲ့ ယောက်ျားတွေရဲ့ ပြောမထွက်နိုင်တဲ့ပြဿနာတွေအတွက် ထိရောက်ပြီးတော့ အကျိုးကျေးဇူးကြီးမားတယ်..."
သူ ဖြတ်သွားစဉ် ဆိုင်ရှင်တစ်ဦးက အပြုံးနှင့် ပြောဆိုသည်။
ကျန်းရွှမ်သည် အနည်းငယ်နားမလည်နိုင် ဖြစ်သွားပြီး သူ၏ရှေ့မှ ခရမ်းရောင်ကျောက်စိမ်းအနှစ်ကို ညင်သာစွာ ထိတွေ့လိုက်ရာ ချက်ချင်းဆိုသလိုပင် ကောင်းကင်ဘုံစာကြည့်တိုက်အတွင်းတွင် သက်ဆိုင်ရာစာအုပ်တစ်အုပ် ထွက်ပေါ်လာသည်။
"ခရမ်းရောင်ကျောက်စိမ်း အဆီအနှစ်... မမွေးသေးသော ကလေးငယ်များကို ခုတ်ထစ်ပြီး ရေခဲရွက်မြက် ထင်ယောင်ထင်မှားမီးသစ်သီးတို့ဖြင့် ရောနှောကာ မူလဘူတသားရဲများ၏သွေးအနှစ်သာရနှင့် ပေါင်းစပ်ပြီး မီးပြင်းပြင်းဖြင့် ကျိုချက်ကာ ခဲသွားစေသည်..."
ကျန်းရွှမ်၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။
မမွေးသေးသောကလေးငယ်များဖြင့် ပြုလုပ်ထားသလော...
ဤသည်မှာ လူသားများကို ဆေးအဖြစ်အသုံးပြုခြင်း မဟုတ်လော....
သူ ထိတ်လန့်နေစဉ်မှာပင် အနီးပတ်ဝန်းကျင်တွင်ရှိနေသော တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။
"အလောင်းစားအရိုးပိုးကောင်သုံးကောင်.... အလောင်းတွေကို စားသုံးပြီးတော့ ကြီးထွားလာတဲ့အချိန်မှာ လူတစ်ယောက်ရဲ့စအိုကနေတစ်ဆင့် ဝင်ရောက်နိုင်ပြီးတော့ အူနှင့်ကလီစာတွေကို စားသုံးတယ်... တစ်ချိန်တည်းမှာ ဒီပိုးကောင်တွေက မေ့ဆေးတစ်မျိုးကို ထုတ်လွှတ်ပြီး လူမသိအောင် နေနိုင်တယ်...အဲ့ဒီကောင်တွေကို တွေ့ရှိတဲ့အချိန်မှာ ခန္ဓာကိုယ်တွင်းကလီစာတွေ အားလုံးနီးပါးကို စားသုံးပြီးသား ဖြစ်နေတာကြောင့် လူသတ်ဖို့နဲ့ လုယက်ဖို့အတွက် အကောင်းဆုံးပဲ... ခန္ဓာကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းနယ်ပယ်ရဲ့ အောက်မှာရှိတဲ့ ဘယ်သူ့ကိုမဆို လွယ်လင့်တကူ သတ်ဖြတ်နိုင်တယ်..."
ကျန်းရွှမ် လှမ်းကြည့်လိုက်ရာ ဆိုင်ရှိ ရွှေရောင်ခွက်တစ်ခွက်အတွင်းတွင် ငွေရောင်ဖျော့ဖျော့ခေါင်းများရှိသော အနက်ရောင်ပိုးတောင်မာသုံးကောင်ရှိနေသည်။ သူတို့သည် ချေးပိုးထိုးများကဲ့သို့ ဖြည်းညင်းစွာ တွားသွားနေပြီး သူတို့၏တောင်ပံများကိုခတ်ကာ "တကျွီကျွီ"အသံများ ကြားနေရသဖြင့် သားချော့တေးတစ်ပုဒ်အလားပင်။
ကျန်းရွှမ် အံ့အားသင့်သွားသည်။
အလောင်းစားအရိုးပိုးကောင်များ...
သူသည် ထိုပိုးကောင်များအကြောင်းကို ယခင်က စာအုပ်များအတွင်းတွင်သာ ဖတ်ရှုခဲ့ဖူးပြီး အလွန်အမင်းရှားပါးသည်ဟု ယူဆထားကြသည်။ ထို့ကြောင့် ဤပိုးကောင်သည် ဒဏ္ဍာရီတစ်ခုသာဖြစ်သည်ဟု သူ တွေးထင်ခဲ့လေ၏။ သို့ရာတွင် ဤနေရာတွင် ထိုပိုးကောင်များကို အမှန်တကယ် မွေးမြူရောင်းချနေသူများ ရှိနေသည်။
"ဒီမှာတော့ မမျှော်လင့်ထားတာတွေပဲ ရှိတယ်.... မဖြစ်နိုင်တာမရှိဘူး... ငွေသာရှိရင် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် မူလဘူတသားရဲတွေရဲ့အသားကိုတောင် ခင်ဗျား ပျော်ပျော်ရွှင်ရွှင် စားသောက်ဖို့အတွက် ကြော်ပေးနိုင်တယ်..."
ကျန်းရွှမ်၏မျက်နှာအမူအယာကို မြင်တွေ့ချိန်၌ လက်ဖက်ရည်ဆိုင်ရှင်က ရယ်မောလိုက်သည်။
ဤနေရာသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်သူတိုင်းတွင် ဤသို့သော တုံ့ပြန်မှုမျိုးရှိသည်။ ဤတစ်ဦးသည်လည်း ခြွင်းချက်ရှိပုံမရချေ။
ခရမ်းရောင်ကျောက်စိမ်း အဆီအနှစ်နှင့် အလောင်းစားအရိုးပိုးကောင်တို့ကဲ့သို့ ညစ်ညမ်းသောပစ္စည်းများပင်လျှင် ရရှိနိုင်သဖြင့် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် မူလဘူတသားရဲများထံမှအသားသည် အလွန်သာမန်ဆန်ပုံရသည်။
"လေ့ကျင့်ထားတဲ့ အိမ်မွေးသားရဲတွေကို ဒီနေရာမှာ ဝယ်လို့ရလား..."
ကျန်းရွှမ်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
"အိမ်မွေးသားရဲတွေတော့ ရှိတယ်... ဒါပေမဲ့ အဲ့ဒီသားရဲတွေကို ခင်ဗျားကိုယ်တိုင် ယဉ်ပါးအောင် လုပ်ရလိမ့်မယ်"
လက်ဖက်ရည်ဆိုင်ရှင်က ပြောဆိုသည်။
"အရှင်လည်း သိမှာပါ...သားရဲယဉ်ပါးစေခြင်း ကံကြမ္မာကောင်းချီးမရှိဘဲနဲ့ သားရဲယဉ်ပါးစေခြင်းပညာရပ်ကို သင်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး....ဒါ့ပြင် ဟန်ယွမ်မြို့မှာ သားရဲယဉ်ပါးစေခြင်းပညာရပ်မှာ အထူးပြုတဲ့ ကံကြမ္မာဆရာသခင်မရှိဘူး..."