သူက လင်းပုယန်လား
Vol. 12 Ch. 168
'နဂါးနက်လက်ဝါးနည်းစနစ်'ကို သင်ယူခဲ့စဉ်က အကြီးအကဲလျှူသည် လင်းပုယန်၏ကိုယ်လုပ်တော်ကို သူ မလိုချင်တော့ကြောင်း ပြောခဲ့ဖူးသည်။ ယခုချိန်၌ ဤသခင်မယု ထွက်ပေါ်လာပြီး လောင်းကြေးအကြောင်း ပြောနေသဖြင့် သူမသည် ဤကိစ္စတွင် ပါဝင်ပတ်သက်နေသူ ဖြစ်နိုင်ခြေအလွန်များပေ၏။
"ငါ့မှာ အရေးကြီးတဲ့ကိစ္စတွေ လုပ်စရာရှိတာကြောင့် ဒီကိစ္စကို နောက်မှ အိမ်မှာ ဆွေးနွေးမယ်လို့ သူ့ကို ပြောလိုက်စမ်း..."
ဤတွေ့ဆုံခြင်းသည် သူ၏သရုပ်မှန်ကို ဖော်ထုတ်ခံရနိုင်သည့် အန္တရာယ်ရှိကြောင်း နားလည်သောကြောင့် ကျန်းရွှမ်က သူ၏လက်ကို ဝှေ့ယမ်းပြီး အလျင်အမြန် ထွက်ခွာခဲ့တော့သည်။
သူ ကံကြမ္မာခန်းမဆောင်မှ မထွက်ခွာမီတွင် ရှဲ့ဖုန်းသည် အသက်နှစ်ဆယ့်နှစ် နှစ်ဆယ့်သုံးနှစ်ခန့်ရှိပုံရပြီး ငယ်ရွယ်နုပျိုသောအရှိန်အဝါများ ထုတ်လွှတ်ထားသည့် အမျိုးသမီးငယ်တစ်ဦးထံသို့ ချဉ်းကပ်သွားသည်ကို မြင်တွေ့လိုက်ရသည်။
အသက်နှစ်ဆယ်ကျော်အရွယ် ကိုယ်လုပ်တော်တစ်ဦး... လင်းပုယန်၏ကိုယ်ရေးကိုယ်တာကိစ္စများသည် သူ တွေးထင်ထားသည်ထက် ပို၍ရှုပ်ထွေးနေပုံရသည်။
အထူးနည်းလမ်းတစ်ခုကို အသုံးပြု၍ ကျန်းရွှမ်သည် စွန်းချန်ကို ဆက်သွယ်ပြီး မကြာမီမှာပင် သူနှင့်တွေ့ဆုံခဲ့သည်။
လုံလောက်သောရန်ပုံငွေကြောင့် အိမ်တော်ထိန်းစွန်းသည် ဧကပေါင်းများစွာ ကျယ်ဝန်းပြီး ကောင်းမွန်စွာ ပြင်ဆင်ထားသော အိမ်တော်တစ်လုံးကို ရရှိပြီးဖြစ်သည်။
ကျန်းရွှမ် ရောက်ရှိလာသည်ကို မြင်တွေ့ချိန်၌ စွန်းချန်က ရှေ့သို့တိုးလိုက်သည်။
"သခင်လေး...ကျွန်တော်တို့ အစေခံတချို့ကို ငှားရမ်းဖို့ စဉ်းစားသင့်လား..."
"လောလောဆယ်တော့ မလိုဘူး"
ကျန်းရွှမ်က ခေါင်းခါပြီး အတွေးတစ်ချက်ဖြင့် သောက်လီကို ခေါ်ထုတ်လိုက်သည်။
"ဘာပဲလိုအပ်လိုအပ် သူ့ကို တာဝန်ပေးလိုက်... သူက ခြေလေးချောင်းနဲ့ဆိုတော့ မြန်တယ်..."
ကျန်းရွှမ်သည် သူ၏သရုပ်မှန်နှင့် လင်းပုယန်ဟူသော အထောက်အထားအကြားတွင် အလှည့်ကျနေထိုင်ရန် ကြံစည်ထားလေ၏။ ထို့ကြောင့် သူ၏အိမ်အတွင်း၌ အစေခံများ ရှိနေပါက သူ ဖော်ထုတ်ခံရမည့်အန္တရာယ်ကို မြင့်တက်သွားစေနိုင်သည်။
"ဟီး ဟီး... ဟီး ဟီး..."
သောက်လီက သဘောတူညီမှုကို ပြသသည့်အလား တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
"မင်းတို့အားလုံး ထွက်လာကြတော့"
အလင်းရောင်တစ်ချက် တောက်ပသွားခြင်းနှင့်အတူ နယ်လင်းရှီ ကျောက်ယာနှင့် တခြားလူများသည် သူ၏ရှေ့တွင် ထွက်ပေါ်လာကြ၏။
သူတို့အားလုံးသည် ရွှမ်ကမ္ဘာတွင် လေ့ကျင့်ပြီးနောက် ရင်းမြစ်ကမ္ဘာနှင့် လိုက်လျောညီထွေဖြစ်သွားကြလေပြီ။ ဤကမ္ဘာသို့ သူတို့အားလုံး ရုတ်တရက်ရောက်ရှိလာခြင်းသည် သူတို့ကို ထိတ်လန့်တုန်လှုပ်မှု မဖြစ်စေဘဲ စူးစမ်းလိုစိတ်များကိုသာ ဖြစ်ပေါ်စေသည်။
"ဒါကို ကမ္ဘာတစ်သောင်းရဲ့မူလအစလို့ ခေါ်တာ အံ့အားသင့်စရာ မရှိဘူး... ဒီနေရာက လေဟာနယ်က တကယ်ကို ပိုတည်ငြိမ်ပြီးတော့ ဖိအားက ပိုပြီးသန်မာအားကောင်းတယ်"
နယ်လင်းရှီက နံဘေးပတ်ဝန်းကျင်ကို အာရုံခံကြည့်ပြီးနောက် မှတ်ချက်ချလိုက်၏။
သူမသည် တစ်ချိန်က ကောင်းကင်ဘုံတွင် ဧကရီတစ်ပါးဖြစ်ခဲ့သော်လည်း ဤနေရာ၌ သူမသည် သာမန်လူတစ်ဦးနှင့် ကွဲပြားခြားနားခြင်းမရှိဟု ခံစားရသည်။ သူမသည် ခြေလှမ်းအနည်းငယ်ခန့် ပြေးလိုက်ရုံဖြင့်ပင် မောဟိုက်သွားသည်။
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
"ဒါက မင်းတို့အတွက် ငါပြင်ဆင်ထားတဲ့ အထောက်အထားတံဆိပ်ပြားတွေပဲ"
ယုလုံချင်းထံမှ ရရှိထားသော တံဆိပ်ပြားများကို ဝေပေးရင်း သူက ထပ်မံ၍ ပြောဆိုလိုက်သည်။
"လောလောဆယ်တော့ မင်းတို့ ဒီမှာပဲနေပြီး လေ့ကျင့်ရမယ်...မင်းတို့မှာ နားမလည်တာတစ်ခုခု ရှိရင် ငါ့ကို အချိန်မရွေး မေးလို့ရတယ်... ငါ တံခါးပိတ်ကျင့်ကြံနေရင် စွန်းချန်က ကူညီပေးနိုင်တယ်"
လူများအားလုံး တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။ ထျန်းရွှမ်အင်ပါယာမှ ထွက်ခွာလာစဥ်ကတည်းက ကျောက်ယာနှင့် တခြားလူများသည် သူတို့ဆရာ၏စီစဉ်မှုများကို လိုက်နာရန် ကျင့်သားရနေပြီးဖြစ်သည်။ နယ်လင်းရှီကမူ မှတ်ချက်မပေးဘဲ ပြုံးရုံသာ ပြုံးနေလေ၏။
ကြက်ပေါက်လေးကမူ အဆုံးမရှိသော စူးစမ်းးလိုစိတ်ဖြင့် နံဘေးပတ်ဝန်းကျင်၌ လှည့်ပတ်ပြေးလွှားနေသည်။ ရင်းမြစ်ကမ္ဘာ၏ပြင်းထန်သောဖိအားသည် ထိုသားရဲကို လူသားပုံစံမှ သူ၏နဂိုမူလကြက်ပုံစံအဖြစ်သို့ ပြန်လည်ပြောင်းလဲစေခဲ့သည်။
သောက်လီကို တခြားလူများအား နံဘေးပတ်ဝန်းကျင်ကို ပြသရန် ညွှန်ကြားပြီးနောက် ကျန်းရွှမ်သည် စွန်းချန်ကို တဖန်ပြန်၍ခေါ်ယူလိုက်၏။
"မင်း အချိန်နှစ်ရက်ရမယ်...ကံကြမ္မာခန်းမဆောင်မှာ ကံကြမ္မာဆရာသခင် ဘယ်နှစ်ယောက်ရှိလဲ.....ဟန်ယွမ်မြို့တော်မှာ သူတို့နဲ့ဆက်နွယ်နေတဲ့ အစွယ်အပွားတွေ ဘယ်နှစ်ခုရှိလဲဆိုတာ ရှာဖွေစုံစမ်းခဲ့စမ်း"
အကယ်၍ သူသည် လင်းပုယန်အဖြစ် လူအများ ယုံကြည်လောက်အောင် အယောင်ဆောင်မည်ဆိုလျှင် မသိနားမလည်မှုသည် အလုပ်မဖြစ်ချေ။ အနည်းဆုံးအနေဖြင့် သူသည် မြို့တော်၏အုပ်ချုပ်ရေးအသိုင်းအဝိုင်းအပေါ်အခြေခံနားလည်မှုများ ရှိထားရန် လိုအပ်သည်။
"သခင်လေး...ဒီကိစ္စကို ကျွန်တော့်နဲ့ လွှဲထားလိုက်တော့..."
စွန်းချန်က အပြုံးနှင့် ပြောဆိုလိုက်သည်။
သတင်းအချက်အလက်စုဆောင်းခြင်းသည် သူ၏အထူးကျွမ်းကျင်မှုပင်။ မည်သည့်နေရာဖြစ်စေ သူသည် သတင်းရင်းမြစ်များကို လျင်မြန်စွာ ရှာဖွေတွေ့ရှိနိုင်ပြီး လိုအပ်သောအသေးစိတ်အချက်အလက်များကို ထုတ်ယူနိုင်သည်။
အရာအားလုံး နေသားတကျဖြစ်သွားသည်နှင့် ကျန်းရွှမ်သည် တိတ်တဆိတ်ကျင့်ကြံရန် အခန်းတစ်ခန်းအတွင်းသို့ ဝင်ရောက်ခဲ့သည်။
ကမ္ဘာသစ်၏စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုခြင်းသည် ရင်းမြစ်ကမ္ဘာ၏ ကောင်းကင်လမ်းကို ရန်စသကဲ့သို့ ဖြစ်သွားစေပေမည်။ ထိုကြောင့် သူသည် တိုးတက်မှုရရှိရန်အတွက် သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားကိုသာ အားကိုးနိုင်သည်။
သုံးရက်ကြာပြီးနောက် သူသည် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသည်အထိ ကျင့်ကြံပြီးမှ ရပ်တန့်လိုက်သည်။ နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်သည် ကောင်းကင်ကံကြမ္မာသော့ခလောက်၏ ကန့်သတ်ခြင်းကို ခံရပုံမပေါ်ချေ။ ကျင့်ကြံသူအများစုသည် ထိုနယ်ပယ်၏အထွတ်အထိပ်အဆင့်တွင် မြင်းကောင်ရေအား ၂၀၀ကိုသာ ပိုင်ဆိုင်ထားကြသည်။ ကျန်းရွှမ်ကမူ မြင်းကောင်ရေအား ၅၀၀အထိ ရရှိခဲ့ပြီး သူ၏စိတ်ဝိညာဉ်စွမ်းအင်သည် မီတာတစ်သောင်းအကွာသို့ ထုတ်လွှတ်နိုင်သည့်အထိ သန့်စင်ပေ၏။
နတ်ဘုရားစိတ်ဝိညာဥ်နယ်ပယ်ရှိ သာမန် ကျင့်ကြံသူများ၏ စိတ်ဝိညာဥ်သည် မီတာတစ်ထောင်အကွာအဝေးသို့သာ ရောက်ရှိနိုင်သည်။ ဤသည်မှာ သူ ထုတ်လွှတ်နိုင်သော အကွာအဝေး၏ ဆယ်ပုံတစ်ပုံမျှသာရှိသည်။ ဤစွမ်းအားကြောင့် သူသည် ယခုချိန်၌ ဓမ္မရုပ်သွင်နယ်ပယ်၏ဒုတိယအဆင့်ဖြစ်သော လှည့်လည်သွားလာခြင်းအဆင့်တွင်ရှိသည့် တစ်စုံတစ်ယောက်နှင့် ယှဉ်ပြိုင်နိုင်လေပြီ။
တစ်နည်းအားဖြင့် ကမ္ဘာသစ်၏စွမ်းအင်ကို မလောင်ကျွမ်းဘဲနှင့်ပင် ယခုချိန်၌ သူ၏ခွန်အားသည် လင်းပုယန်၏ယခင်အဆင့်နှင့် တန်းတူဖြစ်နေလေပြီ။ ထိုကြောင့် သူ လင်းပုယန်၏သရုပ်ကို တုပခြင်းသည် ပို၍ချောမွေ့သွားပေလိမ့်မည်။
ကျန်းရွှမ်သည် တံခါးပိတ်ကျင့်ကြံခဲ့ကာ နတ်ဘုရားစိတ်ဝိညာဉ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိပြီးနောက် တစ်ဖန်ပြန်၍ထွက်ပေါ်ရန် အချိန်ကျပြီဟု ဆုံးဖြတ်လိုက်၏။ သူ အလွန်ကြာရှည်စွာ ပုန်းအောင်းနေခြင်းက "လင်းပုယန်" ကို အပိုလူတစ်ယောက် ဖြစ်သွားစေနိုင်သည်။
သူ အပြင်သို့ ခြေလှမ်းလှမ်းလိုက်သည်နှင့် စွန်းချန်က ချဉ်းကပ်လာပြီး စာရွက်တစ်ရွက်ကို လက်ကမ်းပေးသည်။
"သခင်လေး....ဒါက ကျွန်တော် ရှာဖွေတွေ့ရှိခဲ့တဲ့ အရာတွေအားလုံးကို မှတ်တမ်းတင်ထားတဲ့ မှတ်စုပါ"
ကျန်းရွှမ်သည် အကြောင်းအရာများကို လျင်မြန်စွာ ဖတ်ကြည့်လိုက်၏။ စွန်းချန်သည် ယခင်အတိုင်း ယုံကြည်စိတ်ချရပြီး ကျန်းရွှမ် လိုအပ်သော သတင်းအချက်အလက်အားလုံးကို သုံးရက်အတွင်းမှာပင် စုစည်းပေးနိုင်ခဲ့သည်။
ဟန်ယွမ်မြို့တော်၏ ကံကြမ္မာခန်းမဆောင်တွင် ကံကြမ္မာဆရာသခင်ဆယ့်ကိုးဦး ရှိသည်။ လင်းပုယန်သည် ကျင့်ကြံမှုအရ ထိပ်ဆုံးငါးဦးတွင် ပါဝင်ပြီး သူ့ထက်ပို၍သန်မာသော ဟန်ရှောင်ကဲ့သို့လူများသည် အနည်းစုသာရှိပေ၏။
"အကြီးအကဲလျှူက ဒီစာရင်းမှာ ဖော်ပြထားတဲ့ လျှူပင်းရှန်ပဲ ဖြစ်ရမယ်..."
ဤလူဆယ့်ကိုးဦးအနက် နှစ်ဦးသာ လျှူမျိုးရိုးနာမည်ရှိပြီး တစ်ဦးသည် အသက်သုံးဆယ်ကျော်ဖြစ်သဖြင့် ကိုက်ညီမှုမရှိသည်မှာ သိသာထင်ရှားသည်။
အမှန်အားဖြင့် လောင်းကြေးအကြောင်း အသေးစိတ်အချက်အလက်များကို တူးဖော်၍မရနိုင်သော်လည်း နာမည်သိရခြင်းပင်လျှင် တိုးတက်မှုတစ်ခုဖြစ်ပေ၏။
"ဖုန်းကျောက်ထင်..."
ကျန်းရွှမ်၏မျက်လုံးအကြည့်သည် လင်းပုယန်နှင့် ခွန်အားချင်းယှဉ်နိုင်သော တခြားအကြီးအကဲတစ်ဦး၏နာမည်ပေါ်သို့ ကျရောက်သွားသည်။ ဤသည်မှာ ဟန်ရှောင် ပြောဆိုခဲ့သည့် အကြီးအကဲဖုန်း ဖြစ်ပေမည်။
စွန်းချန်၏တွေ့ရှိချက်များအရ ဖုန်းကျောက်ထင်နှင့်လင်းပုယန်တို့ နှစ်ဦးစလုံးသည် ကံကြမ္မာခန်းမဆောင်၏ လက်ထောက်ခန်းမဆောင်သခင်ဖြစ်လာရန် သိသာထင်ရှားသော အခွင့်အရေးများ ရှိနေပြီး သူတို့တစ်ဦးချင်းစီတွင် ထောက်ခံသူအုပ်စုတစ်ခုစီ ရှိသည်။ လျှူပင်းရှန်သည် လင်းပုယန်ကို ထောက်ခံသူများအနက်မှတစ်ဦးပင်။
"လင်းပုယန်က လျှူပင်းရှန်ရဲ့ ထောက်ခံမှုကို ရယူဖို့အတွက် သူ့ရဲ့ကိုယ်လုပ်တော်ကို လောင်းကြေးထပ်ပြီး လက်ဆောင်ပေးဖို့များ ဖြစ်နေမလား"
အချက်အလက်များကို လေ့လာသုံးသပ်ပြီးနောက် ကျန်းရွှမ်က မှန်းဆလိုက်သည်။
"ဟန်ရှောင် ပြောခဲ့တဲ့ အကျိုးဆောင်ရမှတ်တွေနဲ့ မျက်နှာသာပေးမှုတွေက လက်ထောက်ခန်းမဆောင်သခင်နေရာအတွက် ယှဥ်ပြိုင်ပွဲနဲ့ ဆက်စပ်နေနိုင်တယ်.... လင်းပုယန် ပြန်လာတာကို ကြားရတဲ့အချိန်မှာ သူ လုပ်ခဲ့တဲ့ အပြုအမူတွေက ဒါဆိုရင် အဓိပ္ပာယ်ရှိသွားပြီ"
ဤသည်မှာ ကျိုးကြောင်းဆီလျော်သော်လည်း သူ၏မှန်းဆချက်တစ်ခုမျှသာ ဖြစ်သည်။
အစွယ်အပွားများအတွက်မူ ကံကြမ္မာဆရာသခင်အများစုသည် သူတို့၏ကံကြမ္မာကျင့်ကြံမှုကို သင်ကြားရန် သူတို့၏ကိုယ်ပိုင်ခန်းမဆောင်များကို ဖွင့်လှစ်ထားကြသည်။ အထင်ရှားဆုံးခန်းမဆောင်များသည် တိမ်ဖြူခန်းမဆောင် အေးစက်ညခန်းမဆောင် အပူအပင်မဲ့ခန်းမဆောင်နှင့် တိမ်တိုက်တောင်တန်းခန်းမဆောင်တို့ ဖြစ်သည်။ သူတို့၏ဆက်နွယ်ပတ်သတ်မှုများကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။
ဤတွေ့ရှိချက်များသည် ကျန်းရွှမ်ကို စိတ်ရှုပ်ထွေးသွားစေပေ၏။ ကံကြမ္မာသည် တစ်ခုတည်းဖြစ်သဖြင့် လျှို့ဝှက်ထားရကာ မည်သို့မျှ ထုတ်ဖော်ပြောဆို၍ မရသောအရာ မဟုတ်လော။ ထိုသို့ဆိုလျှင် ဤကံကြမ္မာဆရာသခင်များသည် သူတို့၏နည်းစနစ်များကို တခြားသူတွေအား မည်သည်ကြောင့် ပေါ်ပေါ်တင်တင် ဖြန့်ဝေနေကြသနည်း....
...
ဖုယွမ်ကုန်သွယ်ရေးအိမ်တော်၏ အကျော်ကြားဆုံးဆေးခန်းမတွင် ဆေးဆရာလူအိုကြီးတစ်ဦး၏ရှေ့၌ ယုဖေးသည် စိုးရိမ်ပူပန်တကြီး မတ်တတ်ရပ်နေပေ၏။ ဤဆေးဆရာဖုန်းကျင်းသည် ဆေးပညာကျွမ်းကျင်မှုကြောင့် အင်ပါယာတစ်ခုလုံးအနှံ့ လူသိများကျော်ကြားသည်။ ယုဖေး၏သားကို ရွက်နီမြက်ဖြင့်သာ ကယ်တင်နိုင်မည်ဟူသော ရောဂါစမ်းသပ်ရှာဖွေမှုသည် သူ့ထံမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
"ဆေးဆရာဖုန်း... သူ ဘယ်လိုနေလဲ"
ယုဖေးက စိုးရိမ်ပူပန်တကြီး မေးမြန်းလိုက်သည်။ ဆေးပင်ရှာဖွေမှုကြောင့် သူ၏မိသားစုတစ်စုလုံး အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့သော်လည်း သူတို့ကို အမည်မသိသူရဲကောင်းတစ်ဦးက ကယ်တင်ခဲ့သည်။
"စိတ်မပူပါနဲ့....ရွက်နီမြက်နဲ့ဆိုရင် သူ နေကောင်းသွားမှာကို ငါ အာမခံနိုင်ပါတယ်..."
ဖုန်းကျင်းက ခေါင်းညိတ်လိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ် ဆေးဆရာဖုန်း..."
ယုဖေးသည် စိတ်သက်သာရာရသွားပြီး သူသည် အခကြေးငွေကို ပေးချေလိုက်၏။ အချိန်တခဏခန့် စဉ်းစားပြီးနောက် သူက ပုံတူတစ်ခုကို ထုတ်ယူလိုက်သည်။
"ဆေးဆရာဖုန်း .. ကျွန်တော့်ကို နောက်တစ်ခု လောက် ကူညီပေးပါအုံး ..ဒီလူကို ခင်ဗျား မြင်ဖူးလား"
ဖုန်းကျင်းသည် စူးစမ်းလိုစိတ်ဖြင့် ပုံတူစာရွက်ကို လက်ခံပြီး ဖွင့်ကြည့်လိုက်ရာ အသက်လေးဆယ်ကျော်အရွယ် လူလတ်ပိုင်းအမျိုးသားတစ်ဦး၏ အသက်ဝင်သောပုံတူတစ်ခု ထွက်ပေါ်လာသည်။ ဤပုံတူကို အသေးစိတ်ရေးဆွဲထားမှုသည် အထင်ကြီးဖွယ်ကောင်းပြီး ပန်းချီဆရာ၏ကျွမ်းကျင်မှုကို ညွှန်ပြနေပေ၏။
"မင်း ဘာလို့ ဒီလူကို ရှာနေတာလဲ"
ဖုန်းကျင်းက အဖြေမပေးမီ မေးခွန်းထုတ်လိုက်သည်။
ယုဖေးက သူ၏မိသားစုသည် တောတောင်များအတွင်းတွင် ပုရွှီခန်းမဆောင်၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ဤလျှို့ဝှက်ဆန်းကြယ်သောလူက ကယ်တင်ခဲ့ပုံကို ရှင်းပြခဲ့သည်။
ဖုန်းကျင်း၏မျက်နှာအမူအယာသည် ထူးဆန်းသွားပေ၏။
"မင်း ဆိုလိုတာက... ပုရွှီခန်းမဆောင်က တစ်ယောက်ယောက်က မင်းတို့ကို လိုက်ဖမ်းနေခဲ့တဲ့အချိန်မှာ....ဒီလူက အဲ့ဒီလူတွေကို သတ်ပြီး မင်းတို့ကို ကယ်တင်ခဲ့တာလား"
"အမှန်ပဲ ..သူက ကျွန်တော်တို့ရဲ့ကယ်တင်ရှင်ပါ....ကျွန်တော်တို့ သူ့ကို ရှာတွေ့နိုင်ခဲ့ရင် ဘယ်လောက်ပဲ ပေးဆပ်ရပါစေ သူ့ကျေးဇူးကို ပြန်ဆပ်ဖို့ အဆင်သင့်ရှိပါတယ်"
ယုဖေးက စိတ်အားထက်သန်စွာဖြင့် အတည်ပြုသည်။
"ခင်ဗျားကသာ သူ ဘယ်သူလဲဆိုတာ သိရင် ကျွန်တော်တို့ အရမ်းကျေးဇူးတင်မိမှာပါ"
"ငါ သူ့ကို သိတယ်...ဒါပေမယ့် ငါ ပြောပြရင်တောင် မင်းတို့ ဒါကို ယုံကြည်လိမ့်မယ်လို့ ငါ မထင်ဘူး..."
ဖုန်းကျင်းက ခါးသည်းသော အပြုံးဖြင့် သက်ပြင်းရှိုက်လိုက်သည်။
"ကျေးဇူးပြုပြီးတော့ ဆေးဆရာဖုန်းက ပြောပြပေးပါ...ကျွန်တော်တို့ ယုံတာမယုံတာကတော့ ကျွန်တော်တို့ကိုယ်တိုင် ဆုံးဖြတ်ပါ့မယ်"
ယုဖေးက ပြောဆိုသည်။
သူ၏ဇနီးသည် ရှောင်ယင်းကလည်း တောင်းပန်လိုက်၏။
"ဆေးဆရာဖုန်း..."
"ကောင်းပြီလေ...ငါ ပြောပြမယ်...တကယ်လို့ ဒီပုံတူက တိကျပြီးတော့ ငါ မမှားဘူးဆိုရင် ဒီလူက ပုရွှီခန်းမဆောင်ရဲ့ ခန်းမဆောင်သခင် လင်းပုယန်ပဲ..."
"သူက... လင်းပုယန်...ဟုတ်လား"
ယုဖေးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် နေရာမှာပင် ကြက်သေသေသွားတော့သည်။
သူတို့ကို လိုက်လံဖမ်းဆီးခဲ့သော ခန်းမဆောင်မှ အရှင်သခင်သည် မည်သည့်တုံ့ပြန်မှုကိုမျှ မမျှော်လင့်ဘဲ သူတို့ကို ကယ်တင်ခဲ့သလော...
ဤသည်မှာ မည်သည့်အရာကို ဆိုလိုခြင်း ဖြစ်သနည်း...
အချိန်တခဏအတွင်းမှာပင် အခန်းအတွင်းရှိ လူများအားလုံး အံ့အားသင့်တုန်လှုပ်ကာ ကြက်သေသေသွားကြသည်။