ကျစ်လန်ချိုင့်ဝှမ်း
Vol. 12 Ch. 167
ဟန်ရှောင်၏ရှင်းပြချက်ကို ကြားပြီးနောက် ကျန်းရွှမ် တိတ်ဆိတ်သွားသည်။ ခုန်းရှီထံမှ အလွန်စိုးရိမ်တကြီးဖြစ်နေသော လေသံမျိုး ထွက်ပေါ်လာခြင်းမှာ အံ့အားသင့်စရာ မရှိတော့ချေ။ သူ့ထံတွင် အမှန်တကယ်ကို အန္တရာယ်ရှိနေပုံရသည်။
ပြင်ပတွင် လူအများသည် သူ့အား လိုက်လံဖမ်းဆီးနေပြီး ကံကြမ္မာနတ်ဘုရားနယ်မြေအတွင်းတွင် တစ်ခုတည်းသောကံကြမ္မာ ရှိနေသောကြောင့် သူသည် ထိုအရာနှင့်ပေါင်းစပ်နိုင်ခြင်းမရှိပါက နောက်ဆုံးတွင် ပျက်စီးခြင်းသို့ ဆိုက်ရောက်မည်ကို ရှောင်လွှဲ၍မရချေ။
"ကံကြမ္မာနတ်ဘုရားနယ်မြေတွေအားလုံးက အတူတူပဲလား...ဒါမှမဟုတ် ကွဲပြားကြတာလား"
ကျန်းရွှမ်က ထပ်မံ၍ မေးမြန်းလိုက်သည်။
အကယ်၍ အဆင့်သတ်မှတ်ချက်များရှိပါက ခုန်းရှီသည် သူ၏စွမ်းရည်များဖြင့် အဆင့်နိမ့်နတ်ဘုရားနယ်မြေတစ်ခုကို ကိုင်တွယ်နိုင်ပေလိမ့်မည်။ သို့ရာတွင် အကယ်၍ သူ ရောက်ရှိနေသော နတ်ဘုရားနယ်မြေသည် အလွန်အဆင့်မြင့်နေပါက ကျန်းရွှမ် ကြားဝင်စွက်ဖက်လျှင်ပင် အသုံးမဝင်နိုင်ချေ။
"ဒါပေါ့...ကွာခြားချက်တွေ ရှိတယ်"
ဟန်ရှောင်က တုံ့ပြန်အဖြေပေးလေ၏။
"ကံကြမ္မာဆရာသခင်တစ်ဦး အသက်ရှင်သန်နေတဲ့အချိန်မှာ ပိုပြီးသန်မာလေလေ သူ့ရဲ့ကံကြမ္မာနတ်ဘုရားနယ်မြေက ပိုပြီးကြောက်ဖို့ကောင်းလေလေပဲ....ဒီကုန်းမြေပေါ်မှာ အကျော်ကြားဆုံး နတ်ဘုရားနယ်မြေလေးဆယ့်ခုနစ်ခုက ကံကြမ္မာလုယူခြင်းနယ်ပယ်နဲ့ အထက်ကို ရောက်ရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေ ချန်ထားခဲ့တာလို့ ဆိုကြတယ်.... ဒီအရှင်သခင်တစ်ဦးချင်းစီက ကုန်းမြေရဲ့အထွတ်အထိပ်မှာ ရပ်တည်ခဲ့ကြပြီးတော့ သူတို့က မရေမတွက်နိုင်တဲ့ နောက်လိုက်တွေကို စုဆောင်းခဲ့ကြတယ်...သူတို့ရဲ့နတ်ဘုရားနယ်မြေတွေက ချိုးဖျက်လို့မရနိုင်ဘူး"
ကျန်းရွှမ်၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးမှုအရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။
"တစ်ယောက်ယောက်က အဲ့ဒီထဲကို ဝင်ရောက်သွားပြီးတော့ ပြန်မထွက်နိုင်ဘူးဆိုရင် ဒီကံကြမ္မာနတ်ဘုရားနယ်မြေတွေရဲ့ စွမ်းအား ဒါမှမဟုတ် အဆင့်ကို ဘယ်လို တိုင်းတာနိုင်မှာလဲ"
အကယ်၍ ကံကြမ္မာနတ်ဘုရားနယ်မြေအားလုံးသည် သေစေနိုင်လောက်အောင် အန္တရာယ်များပါက အချက်အလက်များ ထွက်ပေါ်လာမည်မဟုတ်သောကြောင့် ထိုအရာများ၏စွမ်းအား သို့မဟုတ် အဆင့်ကို သိနိုင်မည်မဟုတ်ချေ။
ဟန်ရှောင်က ရှင်းပြသည်။
"နတ်ဘုရားနယ်မြေတွေက အန္တရာယ်များပေမယ့် ကြီးမားတဲ့ အခွင့်အလမ်းတွေလည်း ရှိတယ်... အဲ့ဒီနယ်မြေတွေအတွင်းမှာ ရှားပါးပြီး တစ်ခါတစ်လေမှာ ပြင်ပလောကမှာ မရနိုင်တဲ့ ရတနာတွေကို ရှာဖွေတွေ့ရှိနိုင်တယ်...ဒါ့ပြင် ရိုးရှင်းတဲ့နတ်ဘုရားနယ်မြေတချို့က လုံးဝမချိုးဖျက်နိုင်တာတော့ မဟုတ်ဘူး... သာမန်အဆင့်လောက်ပဲရှိတဲ့ ကျင့်ကြံသူတချို့က ဒီလိုနေရာမျိုးကို မတော်တဆ ရောက်သွားပြီးတော့ အမွေအနှစ်တွေကို ရရှိသွားခဲ့တယ်...ဒါက သူတို့ရဲ့ကျင့်ကြံမှုကို အများကြီး တိုးတက်သွားစေခဲ့တယ်"
ကျန်းရွှမ်က နားလည်သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်၏။ အစွမ်းထက်လာရန် အခွင့်အလမ်းသည် တစ်ထောင်ပုံတစ်ပုံသာ ရှိနေလျှင်ပင် မရေမတွက်နိုင်သောလူများသည် သူတို့ကိုယ်သူတို့ ရွေးချယ်ခံဖြစ်နိုင်သည်ဟု ယုံကြည်ပြီး အရာအားလုံးကိုရင်း၍ စွန့်စားကြပေမည်။
လူသားများကို အသေအပျောက်အများဆုံးဖြစ်စေသည့်အရာမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပင်။
"အဲ့ဒီနေရာတွေရဲအဆင့်ကို ဆုံးဖြတ်ဖို့အတွက် နတ်ဘုရားနယ်မြေတစ်ခုရဲ့အစွန်အဖျားကို ဝင်ပြီးတော့ ပြန်ထွက်လာလို့ရတယ်... အဲ့ဒီနေရာမှာ ရတနာတွေနဲ့ သန့်စင်ပြီးသား ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို တွေ့ရှိနိုင်တယ်... စွမ်းအင်တွေ ပိုပြီးသိပ်သည်းလေလေ နတ်ဘုရားနယ်မြေရဲ့အဆင့် ပိုပြီးမြင့်မားလေလေပဲ... ဒါ့ပြင် နတ်ဘုရားနယ်မြေကို ဘယ်သူဖန်တီးခဲ့လဲဆိုတာသိရင် သူတို့ရဲ့ဘဝတလျှောက်က အောင်မြင်မှုတွေပေါ် မူတည်ပြီးတော့ အဲ့ဒီနေရာရဲ့စွမ်းအားကို ခန့်မှန်းနိုင်တယ်"
ဟန်ရှောင်က ဆက်လက်၍ ပြောဆိုသည်။
"ဒါကြောင့် ကျော်ကြားတဲ့ နတ်ဘုရားနယ်မြေလေးဆယ့်ခုနစ်ခုကို အဆင့်သတ်မှတ်ထားပြီး စာရင်းမှာ ပိုမြင့်တဲ့နယ်မြေတွေက ပိုပြီးကြောက်ဖို့ကောင်းတယ်.... အဲ့ဒီဖရိုဖရဲကံကြမ္မာကျင့်ကြံသူ လွတ်မြောက်မှာမဟုတ်ဘူးလို့ ငါ ပြောရတဲ့အကြောင်းအရင်းက ကျိုးယီအင်ပါယာတစ်ခုလုံးမှာ နတ်ဘုရားနယ်မြေတစ်ခုတည်း ရှိလို့ပဲ"
ကျန်းရွှမ်၏မျက်နှာအမူအယာ သိသိသာသာ ပြောင်းလဲသွားသည်။
"ခင်ဗျား ဆိုလိုတာက... ဒီနတ်ဘုရားနယ်မြေက ထိပ်တန်းနယ်မြေလေးဆယ့်ခုနစ်ခုထဲက တစ်ခုလား"
ဟန်ရှောင်က ခေါင်းညိတ်လိုက်သည်။
"အမှန်ပဲ...အဲ့ဒါက အဆင့်နှစ်ဆယ့်တစ်မှာရှိတဲ့ 'ကျစ်လန်ချိုင့်ဝှမ်း'ပဲ...အဲ့ဒီနေရာကို ဖန်တီးခဲ့သူရဲ့ အထောက်အထားက သမိုင်းမှတ်တမ်းတွေထဲမှာ ပျောက်ဆုံးသွားပေမယ့် လွန်ခဲ့တဲ့အနှစ်သုံးထောင်လောက်က ကျစ်လန်ချိုင့်ဝှမ်းကို ရှာဖွေတွေ့ရှိခဲ့တယ်... အဲ့ဒီနောက်ပိုင်းမှာ ကံကြမ္မာဆရာသခင်တွေ သောင်းနဲ့ချီပြီးတော့ အဲ့ဒီနယ်မြေထဲကို ဝင်ရောက်ခဲ့ကြပြီးတော့ ဘယ်သူမှ ပြန်ထွက်မလာခဲ့ဘူး...အဲ့ဒီဖရိုဖရဲကံကြမ္မာကျင့်ကြံသူရဲ့ စွမ်းအားက သိပ်မမြင့်မားဘူးလို့ ငါ ကြားတယ်....ဒါကြောင့် သူက ဒီလိုနေရာမျိုးကနေ လွတ်မြောက်လာဖို့ဆိုတာက မဖြစ်နိုင်သလောက်နီးပါးပဲ"
ကျန်းရွှမ်၏စိတ်အတွင်းတွင် တုန်လှုပ်ချောက်ချားမှုတစ်ရပ် ဖြတ်ပြေးသွားပြီး မကောင်းသောနိမိတ်တစ်ခုကို ပြင်းပြင်းထန်ထန် ရရှိသွားသည်။
အစပိုင်းတွင် သူသည် သူ၏ကျင့်ကြံဆင့်ကို မြှင့်တင်ခြင်းဖြင့် ခုန်းရှီကိုရှာဖွေပြီး ကယ်တင်နိုင်ရန် လုံလောက်မည်ဟု ယုံကြည်ခဲ့ပေ၏။ ယခုချိန်တွင်မူ သူ လှုပ်ရှားမှုမပြုမီ ကံကြမ္မာနတ်ဘုရားနယ်မြေများအကြောင်း ပြီးပြည့်စုံသော အသိပညာရှိနေရန် လိုအပ်ကြောင်း သိသာရှင်းလင်းသည်။ ထိုသို့မဟုတ်ပါက သူ၏အသက်ဖြင့် စွန့်စားလျှင်ပင် မည်သည့်အရာမျှ ဖြစ်မြောက်လာမည်မဟုတ်ဘဲ သူသည်လည်း ခုန်းရှီနှင့်အတူ အန္တရာယ်အတွင်းသို့ ကျရောက်သွားနိုင်သည်။
"ဒီအကြောင်းကို ဆက်ပြီးမဆွေးနွေးတော့ဘူး..."
ဤအကြောင်းကို ဆက်၍မပြောလိုသော ဟန်ရှောင်သည် မေးခွန်းထုတ်သော မျက်နှာအမူအယာဖြင့် ကျန်းရွှမ်ကိုကြည့်လိုက်သည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်အကြာက မင်း အဖြူရောင်ကျောက်တုံးမြို့မှာ မူမမှန်မှုတချို့ သတိပြုမိပြီးတော့ စုံစမ်းစစ်ဆေးဖို့ ကြံစည်ထားတယ်လို့ ပြောခဲ့တယ်...မင်း ဘာလို့ ဒီလောက်ထိ မြန်မြန်ဆန်ဆန် ပြန်လာခဲ့တာလဲ... မင်း တစ်ခုခုကို တွေ့ခဲ့လား... ပြီးတော့ ဘာလို့ ငါ့ကို အစီရင်ခံစာ မတင်တာလဲ"
ကျန်းရွှမ်၏စိတ်နှလုံးသား တင်းကြပ်သွားသည်။ လင်းပုယန်သည် အဖြူရောင်ကျောက်တုံးမြို့အကြောင်းကို မပြောခဲ့လောက်ဟု သူ ယူဆခဲ့သောကြောင့် ဤကိစ္စကို ဖုံးကွယ်ထားနိုင်မည်ဟု တွေးထင်ခဲ့သည်။ စိတ်ပျက်စရာကောင်းသည်မှာ လင်းပုယန်သည် ဟန်ရှောင်ထံသို့ အသေးစိတ်အစီရင်ခံစာများ ပေးပို့ခဲ့ခြင်းပင်။
လင်းပုယန် မည်မျှအဆင့်ထိ ပြောခဲ့သည်ကို သူ မသိရှိချေ။ အလွန်အကျွံရှင်းပြခြင်းသည် သူ့ကို ပေါ်လွင်သွားစေနိုင်ပြီး အနည်းငယ်သာပြောခြင်းက သံသယများ ဖြစ်ပေါ်စေနိုင်သည်။
ယခုချိန်၌ သူ မည်သို့ပြုလုပ်ရမည်နည်း...
သူ၏ခွန်အားသည် မည်သူ့ကိုမှ မကြောက်ရွံ့ရလောက်အောင် ကြောက်မက်ဖွယ်ကောင်းလာသည်အထိ အချိန်အနည်းငယ် ဆွဲထားနိုင်မည်ဟု သူ မျှော်လင့်ခဲ့သည်။ သို့ရာတွင် ဤနေရာ၌ သူသည် ကံကြမ္မာခန်းမဆောင်တစ်ခုလုံးရှိ အစွမ်းထက်ဆုံးလူကို ရင်ဆိုင်နေရသည်။ သူသည် အကြံအစည်ကို စတင်သည့်အချိန်မှစ၍ အခက်ခဲဆုံးပြဿနာနှင့် ရင်ဆိုင်ရသည်ဟု ပြောနိုင်ပေ၏။
ကျန်းရွှမ်က အချိန်တခဏကြာခန့် ဆိုင်းငံ့နေပြီးနောက် ပြောဆိုလိုက်သည်။
"ခန်းမဆောင်သခင်ရဲ့ စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်.... ကျွန်တော်က မူမမှန်မှုတချို့ကို ကြုံတွေ့ခဲ့ရပေမယ့် ဖြေရှင်းနိုင်ခဲ့ပါတယ်..."
ဤမရှင်းမလင်းသော တုံ့ပြန်မှုသည် ပြဿနာတစ်ခု ဖြေရှင်းပြီးကြောင်း အရိပ်အမြွက်ပြသော်လည်း အနှစ်သာရဟူ၍ တစိုးတစိမျှမရှိချေ။ ဤသည်မှာ အရာအားလုံးအတွက် အကျုံးဝင်သောအဖြေဖြစ်ပြီး အပြစ်ရှာရန် မဖြစ်နိုင်ပေ။
"ဖြေရှင်းပြီးပြီလား... ဖရိုဖရဲကံကြမ္မာကျင့်ကြံသူတစ်ယောက် တကယ်ကြီး ထွက်ပေါ်လာခဲ့တာလား"
ဟန်ရှောင်၏မျက်ခုံးများ တွန့်ကွေးသွားသည်။
ကျန်းရွှမ်၏ဦးရေပြား ထုံကျင်သွားပေ၏။ လင်းပုယန်သည် ဟန်ရှောင်ကို ဤမျှလောက်ထိ အသိပေးထားမည်ဟု သူ မျှော်လင့်မထားခဲ့ချေ။ သူက အလျင်အမြန် ရှင်းပြလိုက်သည်။
"ဖရိုဖရဲကံကြမ္မာကျင့်ကြံသူလား... အဲ့ဒါက ဒီလောက် လွယ်လွယ်နဲ့ ရှာတွေ့နိုင်တဲ့ လူစားမျိုး မဟုတ်ဘူး...ရှုရှင်းက အကျိုးဆောင်ရမှတ်တွေကို ရဖို့အတွက် ချဲ့ကားပြောခဲ့တာပါ"
"ချဲ့ကားပြောတာလား... ဒါက မဟုတ်လောက်ဘူး...မင်း ငါ့ကိုပြောခဲ့တာတွေကို ငါ စေ့စေ့စပ်စပ် ဆင်ခြင်သုံးသပ်ခဲ့တယ်...အဖြူရောင်ကျောက်တုံးမြို့မှာ ဖရိုဖရဲကံကြမ္မာကျင့်ကြံသူတစ်ယောက် ရှိနေနိုင်တဲ့ ဖြစ်နိုင်ချေက သိသာထင်ရှားတယ်..."
ဟန်ရှောင်က ဆက်လက်၍ဖိအားပေးသည်။
"ကျွန်တော်က ရှုရှင်းရဲ့စကားကို ယုံကြည်ပြီးတော့ ခင်ဗျားကို မှားယွင်းစွာ အစီရင်ခံခဲ့မိတာပါ....အဲ့ဒီမြို့ကို ကျွန်တော် ရောက်သွားတဲ့အချိန်မှာ ဒါက ကောလာဟလတစ်ခုဖြစ်နေတာကို တွေ့ရှိခဲ့တယ်...ဒါက အရည်အချင်းရှိတဲ့ လူငယ်လေးတစ်ယောက်ပဲ"
ကျန်းရွှမ်က ရှင်းပြသည်။
"အော် ဒီလိုလား..."
ဟန်ရှောင်က ခေါင်းညိတ်ပြပြီးနောက် တစ်စုံတစ်ခုကို သတိရသွားသည်။
"ဒါက ဖရိုဖရဲကံကြမ္မာကျင့်ကြံသူနဲ့ မသက်ဆိုင်ဘူးဆိုမှတော့ မင်းက ကျိုးယီအင်ပါယာကနေ လက်ဗလာနဲ့ ပြန်လာခဲ့တယ်ဆိုရင် မင်းရဲ့အကျိုးဆောင်ရမှတ်တွေက သုညနီးပါးပဲ... ဒါဆိုရင် ငါတို့ နောက်ဆုံးအကြိမ် ဆွေးနွေးခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ငါ မင်းကို ကူညီနိုင်မှာမဟုတ်ဘူး..."
"..."
ကျန်းရွှမ် ခေါင်းကိုက်သွားသည်။
နောက်ဆုံးအကြိမ်သည် မည်သည့်ကိစ္စ ဖြစ်သနည်း။
သူ မည်သည့်အကူအညီမျိုး တောင်းခံခဲ့သည်ကို ရှင်းရှင်းလင်းလင်း ပြောပြ၍ မရသလော...
ကျန်းရွှမ်၏ စိတ်ပျက်အားငယ်သော အကြည့်ကို မြင်တွေ့ချိန်၌ ဟန်ရှောင်က ခေါင်းခါယမ်းလိုက်၏။
"မင်း စိုးရိမ်နေလို့လည်း ဘာအကူအညီမှ မဖြစ်ဘူး..အကြီးအကဲဖုန်းက ခရမ်းရောင်ဝါးဆေးလုံးတစ်လုံးကို ရှာတွေ့ပြီးတော့ ပြန်ယူလာခဲ့တယ်....ဒါကြောင့် ငါက သူ့ရဲ့အကျိုးဆောင်ရမှတ်တွေကို မှတ်တမ်းတင်ပြီးပြီ... အခုလက်ရှိမှာ အခြေအနေတွေက မင်းအတွက် အခွင့်မသာဘူး..."
"ဟုတ်ကဲ့..."
ကျန်းရွှမ်သည် စိတ်ပျက်ဟန်ဆောင်ကာ သူ့ကိုယ်သူ ဖိအားပေး၍ ခေါင်းညိတ်လိုက်သည်။
ဟန်ရှောင်က ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
"မင်း ဆက်ကြိုးစားပါ....ငါ နောက်ဆုံးအကြိမ်က တာဝန်နှစ်ခု ပြောခဲ့တယ်...ဒီတစ်ခုက အဆင်မပြေခဲ့ရင် ဒုတိယတစ်ခုကို ကြိုးစားကြည့်ပါ...မင်း အဲ့ဒီတာဝန်ကိုအောင်မြင်အောင် လုပ်နိုင်ရင် အကြီးအကဲဖုန်းလောက်များတဲ့ အကျိုးဆောင်ရမှတ်ကို ရလိမ့်မယ်....ဒါပေမယ့် မင်းမှာ ဆယ်ရက်ပဲ အချိန်ရှိတယ်...ဒီအခွင့်အရေးကို မင်း ဆုပ်ကိုင်ထားပြီးတော့ မစခင်မှာပဲ အဆုံးသတ်မသွားဖို့ ငါ မျှော်လင့်မိတယ်"
"ခန်းမဆောင်သခင်ရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်..."
ကျန်းရွှမ်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ရင်း ပြောဆိုလိုက်၏။ ထိုတာဝန်သည် မည်သည့်အရာဖြစ်သည်ကို သူ မသိလျှင်ပင် စိတ်ပိုင်းဖြတ်ထားမှုကို ပြသရန်မှာ မရှိမဖြစ်လိုအပ်သည်။
"ကောင်းပြီလေ....တကယ်လို့ မင်း လိုအပ်ရင် ဆက်ရှာလေ....ငါ အခု သွားတော့မယ်..."
ဟန်ရှောင်က လက်ဝှေ့ယမ်းကာ အခန်းအတွင်းမှ ထွက်ခွာသွားသည်။ တံခါးသို့ မရောက်မီ သူသည် အချိန်တခဏကြာခန့် ရပ်တန့်ပြီး နောက်ပြန်လှည့်လိုက်သည်။
"စကားမစပ်... ငါ မင်းကို ကျိုးယီအင်ပါယာကနေ ပြန်ယူလာခိုင်းတဲ့ ပစ္စည်းက မင်းမှာ ရှိတယ်လို့ ပြောခဲ့တယ်....အခု ငါ့ကို ပေးလို့ရမလား"
ကျန်းရွှမ်က သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်၏။ ဟန်ရှောင် ပြန်ယူလာခိုင်းသော ပစ္စည်းဟု ဆိုသလော...။
ဤသည်မှာ တိုက်ရိုက်မေးမြန်းခြင်း ဖြစ်သဖြင့် သူထံ၌ မရှိဟု ရိုးရိုးရှင်းရှင်း ဝန်ခံ၍မရချေ။ သို့ရာတွင် သူ မည်သည့်အရာအား ထုတ်ပေးရမည်နည်း။ ခေါင်းဆောင်များသည် မည်သည်ကြောင့် စကားများကို ပဟေဠိတစ်ပုဒ်ကဲ့သို့ အမြဲတစေ ပြောဆိုကြသနည်း။ သူတို့သည် ရှင်းရှင်းလင်းလင်း မပြောနိုင်ကြသလော။
"ဘာဖြစ်လို့လဲ"
ကျန်းရွှမ်၏ ပြောင်းလဲသွားသော မျက်နှာအမူအယာကို သတိပြုမိချိန်၌ ဟန်ရှောင်သည် တစ်စုံတစ်ခု မူမမှန်သည်ကို ခံစားမိလေ၏။ သို့ရာတွင် ကျန်းရွှမ်သည် အယောင်ဆောင်တစ်ဦးဖြစ်ကြောင်း သူ မသိရှိခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ မည်သူသည် ကံကြမ္မာဆရာသခင်တစ်ဦးအဖြစ် ဤမျှထိ ရဲရဲတင်းတင်း ဟန်ဆောင်ဝံ့မည်နည်း။
"ခန်းမဆောင်သခင်.... ကျွန်တော် အဲ့ဒီပစ္စည်းကို ကျိုးယီအင်ပါယာကနေ ပြန်ယူခဲ့တာတော့ အမှန်ပါပဲ ...ဒါပေမယ့် အခု ကျွန်တော့်မှာ အဲ့ဒီပစ္စည်း မရှိဘူး...ဒါကြောင့် ကျွန်တော်က ခင်ဗျားနဲ့ တွေ့ဖို့ မဝံ့ရဲခဲ့တာပါ..."
ကျန်းရွှမ်က အနေခက်ယောင်ဆောင်ပြီး ပြောဆိုလိုက်သည်။
"ကိစ္စမရှိပါဘူး..ဒါက အရေးမကြီးဘူး..."
ဟန်ရှောင်က လက်နှစ်ဖက်ကိုနောက်ပစ်ကာ အခန်းအတွင်းမှ ထွက်သွားရင်း ပြောဆိုသည်။
သူ ထွက်ခွာသွားသည်နှင့် ကျန်းရွှမ်သည် စိတ်သက်သာရာရသွားပြီး သက်ပြင်းရှိုက်ကာ စာကြည့်တိုက်အတွင်း၌ ဆက်လက်၍ရှာဖွေခဲ့သည်။ သူသည် ဓမ္မရုပ်သွင်နယ်ပယ် ကျင့်ကြံနည်းစနစ်စာအုပ်များကို ဆယ်နှင့်ချီ၍ ရှာဖွေနိုင်ခဲ့ပြီး ကောင်းကင်လမ်းနည်းစနစ်တစ်ခု ဖွဲ့စည်းရန် မလုံလောက်သော်လည်း အခြေခံနားလည်မှု ရရှိရန်အတွက်မူ လုံလောက်သည်။
ဓမ္မရုပ်သွင်နယ်ပယ်တွင် အဆင့်ခွဲသုံးခု ရှိပေ၏။ ဤသည်မှာ စိတ်ဝိညာဥ်ထွက်ခွာခြင်း လှည့်လည်သွားလာခြင်းနှင့် သရုပ်သကန်ထင်ဟပ်စေခြင်းတို့ပင်။
စိတ်ဝိညာဥ်ထွက်ခွာခြင်းအဆင့်ဆိုသည်မှာ ခန္ဓာကိုယ်မှ စိတ်ဝိညာဥ်ထွက်ခွာသွားခြင်းကို ဆိုလိုသည်။
လှည့်လည်သွားလာခြင်းအဆင့်တွင် စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်မှ ထွက်ခွာစေပြီး တိုက်ခိုက်မှုများ ကို ပြုလုပ်နိုင်စေသည်။ ဤသည်မှာ ယခင်က လင်းပုယန် အသုံးပြုခဲ့သော နည်းစနစ်ပင်။ သူ၏စိတ်ဝိညာဉ်ကို အဝေးမှ ထိန်းချုပ်ကာ ရုပ်ခန္ဓာကိုယ်မှ ထွက်ခွာလာခဲ့သော်လည်း စွန်းချန်၏လက်ချက်ဖြင့် သူ သေဆုံးရမည်ဟု တစိုးတစိမျှ မျှော်လင့်ထားမိမည် မဟုတ်ချေ။
သရုပ်သကန်ထင်ဟပ်စေခြင်းဆိုသည်မှာ ကျင့်ကြံသူ၏စိတ်ဝိညာဉ်သည် သူ၏ကိုယ်ပိုင်နယ်မြေအတွင်း၌ သတ်ဖြတ်နိုင်စွမ်းရှိသော ဧရာမဓမ္မပုံရိပ်ယောင်ကြီးတစ်ခုကို ဖွဲ့စည်းနိုင်လောက်အောင် အစွမ်းထက်လာခြင်းအား ဆိုလိုသည်။ ဤသည်မှာ ဟန်ရှောင်ရောက်ရှိနေသော အဆင့်ပင်။
ကျန်းရွှမ်သည် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်သို့ ရောက်ရှိနေကာ ခွန်အားအရာတွင် မြင်းကောင်ရေအား ၉၉ကို ကျော်လွန်သော်လည်း ဤကဲ့သို့ အစွမ်းထက်ကံကြမ္မာဆရာသခင်များနှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် အလွန်အလှမ်းကွာဟပေ၏။
စာကြည့်တိုက်၏တံခါးဝသို့အရောက်တွင် ကျန်းရွှမ်သည် အစောင့်လူအိုကြီးဘက်သို့ လှည့်ကာ မေးမြန်းလိုက်သည်။
"ဒါက ဒီစာကြည့်တိုက်မှာရှိတဲ့ ဓမ္မရုပ်သွင်နယ်ပယ် ကျင့်ကြံနည်းစနစ်တွေ အားလုံးပဲလား... နောက်ထပ် ရှိသေးလား"
လူအိုကြီးက ဦးညွှတ်အရိုအသေပြုပြီး တုံ့ပြန်အဖြေပေးသည်။
"အကြီးအကဲလင်း...ဓမ္မရုပ်သွင်နယ်ပယ် ကျင့်ကြံနည်းစနစ်တွေကို ကျင့်ကြံဖို့အတွက် ကံကြမ္မာတစ်ခု လိုအပ်တယ်...ပုံမှန်အရဆိုရင် ဒီကံကြမ္မာကို အမွေဆက်ခံရတာဖြစ်လို့ စာကြည့်တိုက်မှာ ရှိရင်တောင် လူတိုင်း လေ့ကျင့်လို့ မရဘူး"
"ဒီကိစ္စကို ငါ သိတယ်... ငါ မေးချင်တာက ကံကြမ္မာကိုမလိုအပ်တဲ့ ကံကြမ္မာအစောင့်အရှောက်တွေ သုံးလို့ရတဲ့နည်းစနစ်တွေ ရှိသေးလား ဆိုတာပဲ"
ကျန်းရွှမ်က ရှင်းပြသည်။
လူအိုကြီးက နားလည်သဘောပေါက်သွားပေ၏။
"ဒါဆို အကြီးအကဲလင်း ဆိုလိုတာက သာမန်သိုင်းပညာနည်းစနစ်တွေပေါ့.... ဒါက ငါတို့မှာ ရှိသလောက် အကုန်ပါပဲ...ဒီလိုနည်းစနစ်တွေက ရှာရလွယ်ပြီးတော့ သာမန်ဆိုင်တွေတောင် ရနိုင်တယ်"
ကျန်းရွှမ်က ခေါင်းညိတ်ပြီး စကားစကိုဖြတ်ကာ အခန်းအတွင်းမှ ထွက်ခွာခဲ့တော့သည်။ ဤခရီးစဉ်သည် သူ့ကို နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်သို့ မြှင့်တင်ပေးနိုင်ခဲ့ပြီး ကံကြမ္မာဆရာသခင်များနှင့် ကံကြမ္မာနတ်ဘုရားနယ်မြေများအကြောင်း ထိုးထွင်းသိမြင်မှုများ ပေးနိုင်ခဲ့သည်။ ဤသည်ကြောင့် သူ ထွက်ခွာသွားရန် အချိန်ကျလေပြီ။
စွန်းချန်သည် သင့်တော်သော နေထိုင်ရန်နေရာကို ရှာတွေ့မတွေ့အား သူ တွေးထင်နေမိသည်။ အကယ်၍ သူ ရှာတွေ့ခဲ့လျှင် ကျန်းရွှမ်သည် ထိုနေရာတွင် ဦးစွာနေထိုင်ရပေမည်။
လင်းပုယန်၏အိမ်သို့ သူ ပြန်သွားရန်မှာမူ ယခုအချိန်တွင် မဖြစ်နိုင်ချေ။ လင်းပုယန်၏လုပ်ဖော်ကိုင်ဖက်များကို သူ လှည့်စားနိုင်သော်လည်း မိသားစုကို လှည့်စားခြင်းသည် ပို၍ခက်ခဲပေလိမ့်မည်။ သူတို့ထံသို့ သွားရောက်လည်ပတ်ပါက စကားအနည်းငယ်ပြောရုံမျှဖြင့် သူ့ကို ဖော်ထုတ်နိုင်ပေသည်။
ကျန်းရွှမ်သည် စာကြည့်တိုက်မှ ထွက်ခွာပြီးနောက် ကံကြမ္မာခန်းမဆောင်အတွင်း၌ လျှောက်လှမ်းသွားကာ စွန်းချန်အား မည်သို့ဆက်သွယ်ရမည်ကို စဉ်းစားနေစဉ်မှာပင် အစောပိုင်းက သူ့ကို နှုတ်ဆက်ခဲ့သော ရှဲ့ဖုန်း ချဉ်းကပ်လာသည်ကို မြင်တွေ့လိုက်ရသည်။
"အကြီးအကဲလင်း...သခင်မယုက ခင်ဗျား ဟန်ယွမ်မြို့တော်ကို ပြန်ရောက်လာတာ ကြားထားတယ်...ဒါကြောင့် သူက ခင်ဗျားကို ဘေးကပ်ရက်နေရာမှာရှိတဲ့ ဧည့်ခန်းမဆောင်မှာ စောင့်နေခဲ့တာ အချိန်အတော်ကြာနေပြီ... ခင်ဗျား စာကြည့်တိုက်ကနေ ထွက်လာတာနဲ့ သူ့ကိုလာတွေ့ဖို့ တောင်းဆိုထားတယ်..."
"သခင်မယုလား..."
ကျန်းရွှမ်၏မျက်ခုံးများ တွန့်ကွေးသွားသည်။
'အဲ့ဒါက ဘယ်သူလဲ...'
"ဟုတ်ကဲ့"
ရှဲ့ဖုန်းက အတည်ပြုလိုက်၏။
ကျန်းရွှမ်သည် စိုးရိမ်ပူပန်နေသော်လည်း ဆက်လက်၍ မေးမြန်းလိုက်သည်။
"သူက ငါ့ကို ဘာလို့ တွေ့ချင်တာလဲဆိုတာ မင်း သူ့ကို မေးခဲ့လား"
ရှဲ့ဖုန်းက အချိန်တခဏကြာခန့် တွေဝေတုံ့ဆိုင်းနေပြီးမှ တုံ့ပြန်အဖြေပေးသည်။
"ကျွန်တော်က တိုက်ရိုက်မမေးမြန်းဝံ့ဘူး... ဒါပေမယ့် ဒါက အကြီးအကဲလျှူနဲ့ ခင်ဗျားရဲ့ကြားက လောင်းကြေးနဲ့ဆက်စပ်နေတယ်လို့ ကျွန်တော် ထင်တယ်..."
"လောင်းကြေး ဟုတ်လား.."
ကျန်းရွှမ်၏မျက်လုံးများ ပြူးကျယ်သွားသည်။
'ဒီသခင်မယုက... လင်းပုယန် အသစ်ရထားတဲ့ ကိုယ်လုပ်တော်များ ဖြစ်နေမလား...'