စိတ်ပျက်အားငယ်ခြင်း
Vol. 13 Ch. 182
ဤစွမ်းအားများသည် မိုတောက်ကံကြမ္မာမှ သူ ရရှိခဲ့သော ထိုးထွင်းသိမြင်မှုများကဲ့သို့ ကံကြမ္မာဖြင့် ပြည့်နှက်နေသည်။ ထိုအရာများသည် ဟန်ရှောင်၏နံဘေးပတ်လည်တွင် ဝန်းရံနေပြီး ဓမ္မရုပ်သွင်နယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင် ရှိနှင့်ပြီးဖြစ်သော သူ၏ကျင့်ကြံမှုကို မြှင့်တင်ပေးကာ သူ့ကို ပို၍သန်မာအားကောင်းစေသည်။ သူ၏ကျင့်ကြံမှုအတားအဆီးသည် မည်သည့်အချိန်တွင်မဆို ကျိုးပေါက်တော့မည့်ပုံ ပေါက်နေပေ၏။
အကယ်၍ ရင်းမြစ်ကျင့်ကြံသူများအတွက် ကျင့်ကြံမှုအတားအဆီးများကို ကျောက်တံခါးများဟု နှိုင်းယှဉ်ပါက ဤကောင်းကင်ကံကြမ္မာစွမ်းအင်များသည် ထိုအရာများကို ထုရိုက်နေသော တူများအလားပင်။ ထိုစွမ်းအင်တစ်ခုချင်းစီသည် အားနည်းသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထိုအရာများ၏စုစည်းမှုနှင့် အရေအတွက် မြင့်မားလာပေမည်။ နောက်ဆုံးတွင် ထိုအရာများသည် အတားအဆီးများကို ထိုးဖောက်နိုင်ပြီး မမျှော်လင့်ထားသော စွမ်းအားတစ်ရပ်ကို ရရှိစေနိုင်သည်။
“ငါ့ကို ဆေးလုံးတွေပေးတာက သူ့ရဲ့စွမ်းအားကို တိုးစေတာလား...ဒါက ဘယ်လို ကျင့်ကြံနည်းစနစ်မျိုးလဲ”
ကျန်းရွှမ်က အံ့အားသင့်စွာဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
ဟန်ရှောင်သည် စိတ်ဝိညာဉ်နွေးထွေးဆေးလုံးများပေးရန် စိတ်အားထက်သန်နေခြင်းမှာ သူတို့အကြား၌ ကောင်းမွန်သော ဆက်ဆံရေးရှိခြင်းကြောင့် မဟုတ်ကြောင်း သိသာထင်ရှားသည်။ ထိုအစား ထိုသို့ပြုလုပ်ခြင်းသည် ဟန်ရှောင်ကိုယ်တိုင်အတွက် အကျိုးရှိသောကြောင့်ပင်။
အတွေးတစ်ချက်ဖြင့် ကျန်းရွှမ်သည် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းတစ်တန်းကို စုပ်ယူလိုက်၏။ ထိုအရာသည် ကောင်းကင်ဘုံစာကြည့်တိုက်ထဲသို့ ဝင်ရောက်သွားချိန်၌ တောက်ပသော စာအုပ်တစ်အုပ်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူ ယခင်က စုပ်ယူခဲ့သော ကောင်းကင်ကံကြမ္မာစွမ်းအင်နှင့် နှိုင်းယှဉ်လျှင် ဤတစ်ခုသည် မျှတမှုနှင့်ကြားနေမှုတို့၏ခံစားချက်ကို သယ်ဆောင်ထားသော်လည်း သာမာန်နှင့်တထပ်တည်းတူညီသည်ဟု ခံစားရသည်။
“ဖြစ်နိုင်တာတော့…”
ကျန်းရွှမ်သည် ဟန်ရှောင်အတွက် စာကြည့်တိုက်၏မှတ်တမ်းကို ပြန်သတိရလိုက်သည်။
'ဟန်ရှောင်...ဟန်ယွမ်မြို့တော်ရှိ ကောင်းကင်ကံကြမ္မာခန်းမဆောင်၏ ခန်းမဆောင်သခင်.. ဓမ္မရုပ်နယ်ပယ် တတိယအဆင့်၏ အထွတ်အထိပ်၌ရှိပြီး ဟန်ချက်ညီကံကြမ္မာကို ကျင့်ကြံသည်…'
'မိုတောက်ကံကြမ္မာဆိုသည်မှာ မိုတောက်နှင့် ဆက်စပ်သော ကျင့်ကြံနည်းစနစ်များကို ကျင့်ကြံသူ၏အသက်သွေးကြောအဖြစ် သဘောထားခြင်းကို ရည်ညွှန်းသည်.... သက်ဆိုင်ရာ ကျင့်ကြံမှုနည်းစနစ်တစ်ခုကို ဖန်တီးလိုက်ခြင်း သို့မဟုတ် ကျင့်ကြံနည်းစနစ်များကို ထူးခြားသောအဆင့်သို့ ကျွမ်းကျင်သွားခြင်း စသည့်အချိန်မျိုးတွင် ကျင့်ကြံသူ၏တိုးတက်မှုများ၌ အထောက်အကူဖြစ်စေရန် ကောင်းကင်ကံကြမ္မာစွမ်းအင်ကို ဆွဲဆောင်နိုင်သည်”
'ချည်မျှင်တစ်ထောင်ကံကြမ္မာ.. ယုချင်းယု၏ မှတ်ဉာဏ်များအရ ကျင့်ကြံသူတစ်ဦးအား ချည်မျှင်များမှတစ်ဆင့် တခြားသူများကို ထိန်းချုပ်နိုင်စေသည်...ထိန်းချုပ်ထားသော လူများလေလေ ကျင့်ကြံသူ၏စွမ်းအား ပို၍ကြီးမားလာလေလေဖြစ်ကာ သူ၏စွမ်းအားကို မြှင့်တင်ရန် ကောင်းကင်ကံကြမ္မာစွမ်းအားများကို ပို၍ဆွဲဆောင်နိုင်သည်'
'ဟန်ချက်ညီကံကြမ္မာ… ဟန်ချက်ညီဟု ခေါ်ဆိုသည့်အတိုင်း အရာအားလုံးတွင် မျှတမှုကို သေချာအောင် ပြုလုပ်ရပေမည်…”
'အိပ်မက်ပန်းကံကြမ္မာ... အိပ်မက်ထဲတွင် မုဒိမ်းကျင့်မှုတိုင်းဖြင့် ကျင့်ကြံမှုစွမ်းအားကို တိုးပွားစေသည်'
'သစ္စာဖောက်ကံကြမ္မာ...သစ္စာဖောက်မှုတိုင်းဖြင့် စွမ်းအားကြီးထွားလာပေမည်'
'မွေးစားဖခင်ကံကြမ္မာ... တစ်စုံတစ်ယောက်သည် ‘မွေးစားဖခင်’ ထံမှ အသိအမှတ်ပြုမှုရရှိပါက ဒူးထောက်ပြီးနောက် သူ၏ကျင့်ကြံဆင့်စွမ်းအားကို မြှင့်တင်ပေးနိုင်သည်'
အကယ်၍ ထိုအရာများ ဤသို့ အလုပ်လုပ်ပါက တခြားသော ကံကြမ္မာနည်းလမ်းများသည်လည်း အလားတူစည်းမျဉ်းများကို လိုက်နာရပေမည်။
ဟန်ရှောင်၏ ဟန်ချက်ညီကံကြမ္မာသည် သူ့၏နံဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးကို မျှတစေရန် လိုအပ်သည်။ ဤကိစ္စကို သူသည် လင်းပုယန်အတွက် ရက်ရောစွာ ပြင်ဆင်စေခဲ့ပြီး ဖုန်းကျောက်ထင်ကိုလည်း နှစ်သိမ့်ခဲ့ခြင်းမှ ရှင်းပြနိုင်ပေ၏။ သူတို့အကြား၌ ကွာခြားချက်များရှိနေသော်လည်း ဟန်ရှောင်သည် သူတို့နှစ်ဦးသားကို တန်းတူညီမျှဖြစ်စေရန် သေချာစေခဲ့သည်။ တစ်ဦးသည် အသာစီးရသွားသည့် အချိန်အခိုက်အတန့်တွင် ဟန်ရှောင်သည် တခြားတစ်ဦးကို ချက်ချင်းကူညီပြီး ဟန်ချက်ညီမှုကို ချက်ချင်းထိန်းသိမ်းခဲ့သည်။
စိတ်ဝင်စားစရာပဲ...
ကျန်းရွှမ်သည် အဖြူရောင်ကျောက်တုံးမြို့မှ ပြန်လာပြီးနောက် ဟန်ရှောင်သည် အကြောင်းအရာများကို စုံစမ်းရန် အလျင်အမြန်ရောက်လာခဲ့သည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။ သူသည် ဖုန်းကျောက်ထင် အလွန်အကျွံ အသာစီးရသွားမည်ကို စိုးရိမ်ခဲ့လေ၏။ ထိုအချိန်က ကျန်းရွှမ်က ဟန်ရှောင်သည် အလွန်ကြင်နာတက်ပုံရသည်ဟု တွေးထင်ခဲ့သော်လည်း ဤသည်မှာ သူ၏ကိုယ်ကျိုးအတွက် ဖြစ်နေခဲ့သည်။
ထိုသို့သော ကံကြမ္မာကို ပွင့်လင်းမြင်သာစွာ အသုံးချနိုင်မည် မဟုတ်ပေ။ ဤခန်းမဆောင်သခင်သည် ဟန်ချက်ညီကံကြမ္မာကို ကျင့်ကြံခြင်းအား နက်ရှိုင်းစွာ ဖုံးကွယ်ထားပြီး အပြင်လူများ မသိကြပေ။ ကောင်းကင်ဘုံစာကြည့်တိုက်မရှိပါက ကျန်းရွှမ်သည် ဟန်ရှောင်ထံမှ အကူအညီရရှိခြင်းသည် သူ၏ကျင့်ကြံမှုကိုလည်း မြှင့်တင်ပေးနိုင်သည်ဟု ခန့်မှန်းမိမည်မဟုတ်ချေ။ ထိုအစား သူသည် ဟန်ရှောင်၏ လုပ်ရပ်များအတွက် စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်နေနိုင်သည်။
'ကွယ်ဝှက်ထားသော ကံကြမ္မာစွမ်းအင်တွေ.... ကောင်းကင်ကံကြမ္မာစွမ်းအင်ကို သူက တိတ်တဆိတ် စုပ်ယူတယ်… တခြားဘယ်သူမဆို ဒီနည်းလမ်းမျိုးကို အိပ်မက်တောင် မက်ဖူးမှာ မဟုတ်ဘူး... ဒါပေမယ့် ကောင်းကင်ဘုံစာကြည့်တိုက်နှင့် ငါ့ရဲ့ထိုးထွင်းသိမြင်မှုမျက်လုံးတို့ကြောင့် ငါက အမှန်တရားကို ခွဲခြားသိမြင်နိုင်ရုံတင်မကဘူး.. သူ စွမ်းအင်စုပ်ယူတဲ့ဖြစ်စဉ်ကို တိုက်ရိုက်မြင်တွေ့နိုင်တယ်…”
ကျန်းရွှမ် အံ့အားသင့်သွားသည်။
လင်းပုယန်နှင့်ဖုန်းကျောက်ထင်တို့ကဲ့သို့ တပည့်များကို ပွင့်လင်းမြင်သာစွာ စုဆောင်းပြီး သူတို့၏ ကံကြမ္မာစွမ်းအင်များကို မြှင့်တင်သော ကျင့်ကြံသူများသည် ဩဇာအာဏာ ကြီးထွားလာနိုင်သည်။ သို့ရာတွင် သူတို့၏ကံကြမ္မာများကို လူသူအများမှ သိရှိသောကြောင့် ခြိမ်းခြောက်နိုင်မှု အလွန်နည်းပါးပေ၏။ ဟန်ရှောင်ကဲ့သို့ လျှို့ဝှက်သောလူများသာ အန္တရာယ်အများဆုံးပင်။
ထိုသို့မဟုတ်ပါက အိပ်မက်ပန်းကံကြမ္မာကျင့်ကြံသူသည် ဤမျှထိ မြင့်မားသော ဆုကြေးထုတ်ခံရခြင်းမျိုး ရှိမည်မဟုတ်ချေ။
'နေအုံး...သူ ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို စုပ်ယူနေတဲ့ချိန်မှာ ငါက အနီးအနားကနေ သူသတိမထားမိအောင် စွမ်းအင်တချို့ ခိုးယူနိုင်လောက်လား'
ကျန်းရွှမ်ထံတွင် အတင့်ရဲသော စိတ်ကူးတစ်ခု ပေါက်ဖွားလာသည်။
သူသည် ကောင်းကင်ကံကြမ္မာစွမ်းအင်များကို အလွန်အမင်း လိုအပ်နေပြီး ထိုအရာများကို ဝယ်ယူခြင်းသည် အလွန်ဈေးကြီးပေ၏။ ဟန်ရှောင်သည် စွမ်းအားမြင့်တက်လာစေရန် ဖုန်းကျောက်ထင်နှင့်လင်းပုယန်တို့အပေါ် မျှတစေခြင်းတွင် မှီခိုနေသောကြောင့် သူသည် စွမ်းအင်တချို့ကို ခိုးယူရန်မှာ ဖြစ်နိုင်ခြေရှိသည်…
'ဒါက နည်းနည်းလေးပဲ..တကယ်လို့ သူ သိသွားရင် ငါ ပြန်ပေးလိုက်မယ်...."
ဤအတွေးဖြင့် ကျန်းရွှမ်သည် သူ၏ စိတ်ကို အာရုံစိုက်ပြီး ဟန်ရှောင်ကို အနီးကပ်စောင့်ကြည့်ရန် ထိုးထွင်းသိမြင်မျက်လုံးကို အသက်သွင်းလိုက်သည်။
နောက်ဆုံးတွင် သူတွေ့လိုက်ရသည်မှာ ဟန်ရှောင်သည် သူ၏ “ ဟန်ချက်ညီကံကြမ္မာ” ကို အသုံးပြုချိန်၌ လေဟာနယ်ထဲတွင် ချိန်ခွင်လျှာကဲ့သို့သော ခပ်ဖျော့ဖျော့လေစီးကြောင်းတစ်ရပ် ထွက်ပေါ်လာပြီး ကောင်းကင်ကံကြမ္မာစွမ်းအင်များကို ထုတ်လွှတ်သည်။ ဟန်ချက်ညီမျှစေခဲ့ခြင်း၏အတိုင်းအတာ သေးငယ်သောကြောင့် ယခုအချိန်တွင် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း တစ်ထောင်ကျော်ခန့်သာ ရှိနေပေ၏။
သို့ရာတွင် ခြင်တစ်ကောင်၏ အသားသည်လည်း အသားပင်။
ကျန်းရွှမ်သည် သူ၏နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်ကာ ထိုစွမ်းအင်များကို ကောင်းကင်ဘုံစာကြည့်တိုက်ထဲသို့ တိတ်တဆိတ် ဆွဲသွင်းလိုက်ပြီး ထိုအရာများသည် စာအုပ်များအဖြစ်သို့ ပြောင်းလဲသွားသည်။
“အမ်...”
ကျန်းရွှမ်သည် ကောင်းကင်ကံကြမ္မာစွမ်းအင်များအားလုံးကို စုပ်ယူလိုက်သည်အား ဟန်ရှောင် သတိမထားမိပုံရသည်။ ထိုအစား သူ၏ ကျင့်ကြံမှုကို ပုံမှန်မြှင့်တင်ပေးသော စွမ်းအားများ ရုတ်တရက် ပျောက်ကွယ်သွားခြင်းကို သူ အံ့အားသင့်နေသည်။
“ဖြစ်နိုင်တာက… ဒီဆေးလုံးနဲ့တောင် မျှတမှု မရသေးဘူးလား...”
ဟန်ရှောင်က ထင်ကြေးပေးလိုက်သည်။
“ဒါက သဘာဝကျပါတယ်...အစောပိုင်းက နှစ်ယောက်သား ထိပ်တိုက်တွေ့ချိန်မှာ လင်းပုယန်က သိသိသာသာ အားနည်းနေခဲ့တယ်...သူ့ရဲ့ ကိုယ်ပိုင်အားနည်းမှု ပုရွှီခန်းမရဲ့ ပျက်စီးမှုနဲ့ ပေါင်းစပ်လိုက်တော့ ကွာဟချက်က ပိုပြီးကြီးမားသွားလိမ့်မယ်…”
ဟန်ရှောင်သည် သူ၏နားထင်များကို ပွတ်သပ်နေကာ စိတ်ရှုပ်ထွေးနေပုံရသည်။
သူ၏ကျင့်ကြံဆင့် တိုးတက်ရန်အတွက် သူသည် ပတ်ဝန်းကျင်ရှိ အင်အားစုများအားလုံးကို မျှတစေရပေမည်။ ပုရွှီခန်းမဆောင် ပျက်စီးသွားပြီး လင်းပုယန်သည် နောက်ကျကျန်နေခဲ့လေ၏။ အကယ်၍ သူ အလျင်အမြန် မပြုပြင်လျှင် သူ တိုးတက်မှု မရရှိရုံသာမက တန်ပြန်သက်ရောက်မှုကိုလည်း ရင်ဆိုင်ရနိုင်သည်။
ဤသည်မှာ ကံကြမ္မာ၏သဘာဝပင်။ ထိုအရာသည် ပင်ကိုယ်အကျိုးကျေးဇူးများကို ပေးနိုင်သော်လည်း ပင်ကိုယ်အန္တရာယ်များကိုလည်း ဆောင်ကျဥ်းလာသည်။
“သူ သတိမထားမိသေးဘူးထင်တယ်…”
ကျန်းရွှမ်သည် စွမ်းအင်များကို ခိုးယူနေရင်း ဟန်ရှောင်၏မျက်နှာအမူအယာကို စောင့်ကြည့်လိုက်သည်။ ဟန်ရှောင်ထံ၌ မြင်သာသော သံသယဝင်မှုမရှိသည်ကို မြင်တွေ့ချိန်၌ သူ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်၏။ ထို့နောက် သူသည် စိတ်ဝိညာဉ်နွေးထွေးဆေးလုံးကို သူ၏လက်ဝါးထဲတွင် ကိုင်ထားရင်း စိတ်ရှုပ်ထွေးသော အမူအယာကို ပြုလုပ်လိုက်၏။
“ခန်းမဆောင်သခင် ခင်ဗျားလည်း သိမှာပါ...ကျွန်တော့်ရဲ့လက်ရှိစွမ်းအားက ဒီဆေးလုံးတစ်လုံးတည်းကို အားကိုးရုံနဲ့ တိုးတက်လာနိုင်မှာ မဟုတ်ဘူး...အခု ပုရွှီခန်းမဆောင် ပျက်စီးသွားပြီဆိုတော့ ဒုတိယခန်းမဆောင်သခင်နေရာအတွက် ပြိုင်ဆိုင်တာက အချည်းနှီးအိပ်မက်တစ်ခုပဲ...ကျွန်တော်က နုတ်ထွက်ခွင့်တောင်းချင်တယ်…”
“နုတ်ထွက်မယ် ဟုတ်လား... အဲ့ဒါက မဖြစ်နိုင်ဘူး”
ဟန်ရှောင်က ပြတ်သားစွာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
ဟန်ရှောင်၏တုံ့ပြန်မှုမှတဆင့် ကျန်းရွှမ်သည် သူ၏ခန့်မှန်းချက် မှန်ကန်ကြောင်း သိလိုက်၏။ သို့ရာတွင် သူသည် နားမလည်ဟန်ဆောင်ပြီး မေးမြန်းလိုက်သည်။
“ဘာလို့ မဖြစ်နိုင်တာလဲ.. ”
ဟန်ရှောင်က ရှင်းပြသည်။
“ဒုတိယခန်းမဆောင်သခင်နေရာအတွက် အကြီးအကဲဖုန်းနဲ့မင်းရဲ့ ပြိုင်ဆိုင်မှုက မြို့ထဲမှာ ပြောစရာဖြစ်နေပြီ....အခု မင်း နုတ်ထွက်လိုက်ရင် ပုရွှီခန်းမဆောင်က မင်းရဲ့ လက်အောက်ငယ်သားတွေ သေဆုံးသွားတာကအချည်းနှီး ဖြစ်သွားရုံတင်မကဘူး မင်းလည်း ဖိနှိပ်ခံရနိုင်တယ်...ဒါဆိုရင် မင်း ကျိုးယီအင်ပါယာကို ပြန်သွားဖို့က မဖြစ်နိုင်သလောက်နီးပါး ဖြစ်သွားလိမ့်မယ်”
“ဒါဆိုရင် ကျွန်တော် အခု ဘာလုပ်သင့်လဲ”
ကျန်းရွှမ်က လေးလံစွာ သက်ပြင်းချလိုက်သည်။
“ကျွန်တော့်ရဲ့ လက်ရှိစွမ်းအားက ဓမ္မရုပ်သွင်လှည့်လည်သွားလာနယ်ပယ်မှာ ရှိနေပြီးတော့ ဓမ္မရုပ်သွင်နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်နဲ့ အများကြီး အလှမ်းကွာဟနေသေးတယ်.... အဲ့ဒီနယ်ပယ်အတွက် သင့်တော်တဲ့ ကျင့်ကြံမှုနည်းစနစ်တွေကိုသာ ရခဲ့ရင်… ဖြစ်နိုင်တာတော့ ကျွန်တော် တစ်ခုခုကို နားလည်သဘောပေါက်ပြီး ထိုးထွင်းသိမြင်မှုတစ်ခု ရနိုင်လိမ့်မယ်.. ”
“ဓမ္မရုပ်သွင်နယ်ပယ် ကျင့်ကြံမှုနည်းစနစ်တွေအတွက် မင်း စိတ်ပူဖို့ မလိုဘူး...ငါက မင်းအတွက် ရှာဖွေပေးနိုင်တယ်…”
ဟန်ရှောင်က ချက်ချင်း ကမ်းလှမ်းလိုက်သည်။
သူသည် ကျန်းရွှမ် တောင်းဆိုမှုများ ပြုလုပ်မည်ကို မကြောက်ချေ။ သူ ကြောက်သည်မှာ ကျန်းရွှမ် မည်သည့်အရာကိုမျှ မတောင်းဆိုမည်ကိုပင်။
“ဒါဆိုရင်တော့ ခန်းမသခင်ကို ဒုက္ခပေးရတော့မယ်”
ကျန်းရွှမ်က တုံ့ပြန်အဖြေပေပြီး ထပ်မံ၍ ပြောဆိုလိုက်သည်။
“ကျင့်ကြံနည်းစနစ်တွေ ရှိရင်တောင် တိုးတက်လာဖို့အတွက်က အရင်းအမြစ်တွေ လိုအပ်တယ်...ပုရွှီခန်းမဆောင် ပျက်စီးသွားတာကြောင့် ကျွန်တော်မှာ ဘာမှမကျန်တော့ဘူး…”
“ဒါက…”
ဟန်ရှောင်သည် တွေဝေတုံ့ဆိုင်းနေပြီးနောက် မလိုလားစွာဖြင့် ရင်းမြစ်ဒင်္ဂါးငွေလက်မှတ်တစ်ထပ်ကို ထုတ်ယူကာ လက်ကမ်းပေးလိုက်၏။
“ဒီမှာ... ရင်းမြစ်ဒင်္ဂါးပြား သန်းဂဏန်းအနည်းငယ်ပဲ...ဒါကို မင်း လောလောဆယ် သုံးလိုက်ပါ… မှတ်ထားရမှာက မင်း လက်ထောက်ခန်းမဆောင်သခင်ဖြစ်လာဖို့ ငါက မင်းကို မျှော်လင့်ချက် ကြီးကြီးမားမားထားတယ်.. ငါ့ကို စိတ်ပျက်အောင် မလုပ်ပါနဲ့”
“ကျေးဇူးတင်ပါတယ် ခန်းမဆောင်သခင်...ခင်ဗျားက အရမ်းကြင်နာတက်တာပဲ…”
ကျန်းရွှမ်က ကျေးဇူးတင်ဟန်ဆောင်လိုက်သော်လည်း သူ၏စိတ်အတွင်းတွင်မူ ကံကြမ္မာဆရာများအကြောင်း သိလိုစိတ်များဖြင့် ပြည့်နှက်နေသည်။
ကွယ်ဝှက်ထားသော စွမ်းရည်များရှိသည့် ဤကံကြမ္မာဆရာများသည် အပြင်လူများအတွက် နားလည်ရခက်ပေမည်။ သို့ရာတွင် ကောင်းကင်ဘုံစာကြည့်တိုက်ဖြင့် ကျန်းရွှမ်သည် သူတို့၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ပြီး သူတို့၏ အားသာချက်များကိုပင် အသုံးချနိုင်သည်။ ဥပမာအားဖြင့် သူသည် သစ္စာဖောက်ကံကြမ္မာကို ကျင့်ကြံနေသူတစ်ဦးကို သစ္စာဖောက်ရန် လှည့်စားနိုင်သည်။ ထိုသို့မဟုတ်ပါက ချည်မျှင်တစ်ထောင်ကံကြမ္မာကို ကျင့်ကြံနေသူတစ်ဦး၏ ထိန်းချုပ်မှုကို ခံယူရဟန်ဆောင်ပြီး ကောင်းကင်ကံကြမ္မာစွမ်းအင်များကို ပို၍စုပ်ယူနိုင်ပေ၏။။
ဟန်ရှောင်သည် ကျန်းရွှမ်မှ နုတ်ထွက်ရန် ဆက်၍မတောင်းဆိုတော့သည်ကို မြင်ချိန်၌ စိတ်သက်သာရာရသွားသည်။ သို့ရာတွင် သူသည် ကောင်းကင်ကံကြမ္မာစွမ်းအင်ကို နောက်တစ်ကြိမ် စုပ်ယူရန် သူ၏နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်လိုက်ချိန်၌ သူ စိတ်ရှုပ်ထွေးသွားကာ မျက်မှောင်ကြုတ်လိုက်သည်။
သူသည် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားမိသည်။ သူသည် လင်းပုယန်ကို ဤမျှထိ များပြားသော အရင်းအမြစ်များ ပေးခဲ့သည်။ သို့ရာတွင် လင်းပုယန်နှင့်ဖုန်းကျောက်ထင်တို့ကြားရှိ ဟန်ချက်ညီမှုသည် ပြန်လည်၍မတည်ငြိမ်သေးချေ။ ဤအချိန်တိုအတွင်းတွင် ဖုန်းကျောက်ထင်သည် အလွန်အားကောင်းလာခဲ့သလော...။
တစ်ချိန်တည်းမှာပင် ဖုန်းကျောက်ထင်သည် သူ၏ခန်းမဆောင်သို့ ပြန်ရောက်သွားခဲ့သည်။ သူ၏မျက်နှာသည် သုန်မှုန်နေပြီး သူ၏ရှေ့တွင် ဒူးထောက်နေသောလူကို စူးစိုက်၍ ကြည့်နေလေ၏။
“ပုရွှီခန်းမဆောင်နဲ့ ဘာဖြစ်ခဲ့တာလဲ... ငါက သူတို့ကို သင်ခန်းစာပေးဖို့ပဲ ခိုင်းခဲ့တာ....ဘာလို့ လုံးဝပျက်စီးသွားတာလဲ”
တစ်စုံတစ်ယောက်၏ အခြေစိုက်စခန်းကို ဖျက်ဆီးခြင်းသည် မည်သည့်ဂိုဏ်းအင်အားစုတွင်မဆို လေးနက်သော ကိစ္စဖြစ်ကာ တစ်ဖက် မှပျက်စီးသွားသည်အထိ အဆုံးမသတ်နိုင်သော ရန်ငြိုးပင်။
“ခန်းမသခင်ကို သတင်းပို့ပါတယ်...ကျွန်တော်တို့ ဘာမှမလုပ်ခဲ့ပါဘူး ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ အဲ့ဒီလူတွေအားလုံး သေနေပါပြီ…”
ဒူးထောက်နေသောလူက အလျင်အမြန် ရှင်းပြသည်။ သူသည် ပုရွှီခန်းမဆောင်သို့သွားသည့် အဖွဲ့ကို ဦးဆောင်ခဲ့သော အနက်ရောင်ဝတ်စုံဝတ်ခေါင်းဆောင်ပင်။
“မင်းတို့ မလုပ်ခဲ့ဘူး ဟုတ်လား.... ဒါဆို ဘယ်သူလုပ်ခဲ့တာလဲ”
ဖုန်းကျောက်ထင် အံ့အားသင့်သွားသည်။
သူသည် သူ့လက်အောက်ငယ်သား၏ စကားများအပေါ် သံသယမဝင်ချေ။ ဤလူသည် သူ့ထံ၌ နှစ်ပေါင်းများစွာကြာအောင် သစ္စာရှိရှိ အမှုထမ်းခဲ့ပြီး မည်သည့်အမှားမျှ မပြုလုပ်ခဲ့ပေ။ ထိုသို့မဟုတ်ပါက ဤမျှထိ အရေးကြီးသော တာဝန်ကို သူ့အား ပေးအပ်ခဲ့မည်မဟုတ်ပေ။
အနက်ရောင်ဝတ်စုံဝတ်ခေါင်းဆောင်က တုံ့ပြန်အဖြေပေးသည်။
“ကျွန်တော်လည်း ထူးဆန်းတယ်လို့ ထင်ခဲ့တယ်... ဒါကြောင့် ကျွန်တော် တိတ်တဆိတ် စုံစမ်းစစ်ဆေးခဲ့ပြီးတဲ့နောက်မှာ စိတ်ဝင်စားစရာ ကိစ္စတစ်ခုကို ဖော်ထုတ်နိုင်ခဲ့တယ်”
“ပြောစမ်း....”
ဖုန်းကျောက်ထင်က ပြောဆိုလိုက်သည်။
“အကြီးအကဲဖုန်း...လင်းပုယန်က ဖုယွမ်ကုန်သွယ်ရေးအိမ်တော်ကို တိုက်ခိုက်ဖို့ ပေးခဲ့တဲ့ ဆင်ခြေက ယုဖေးလို့ခေါ်တဲ့ လူတစ်ယောက်အတွက် လက်စားချေဖို့ပဲ... ပရမ်းပတာအခြေအနေမှာ သူက ယုဖေးရဲ့အလောင်းကို ယူသွားခဲ့တယ်.... နောက်ပိုင်းမှာ ကျွန်တော် ခြေရာခံကြည့်လိုက်တော့ လူတစ်ယောက်က သူ့ကို ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးခဲ့တာကို တွေ့ရှိခဲ့တယ်.... အလောင်းကို တူးဖော်ပြီးတော့ တာဝန်ရှိတဲ့သူကို စစ်ဆေးမေးမြန်းပြီးတဲ့ချိန်မှာ သူက တခြားတစ်ယောက်ကိုယ်စား လုပ်ဆောင်ပေးနေတာကို ကျွန်တော် သိခဲ့ရတယ်...အဲ့ဒီလူက ပုရွှီခန်းမဆောင် ပျက်စီးမသွားခင် အဲ့ဒီနေရာကို ဦးတည်သွားတယ်လို့ ပြောခဲ့တယ်…”
အနက်ရောင်ဝတ်စုံဝတ်ခေါင်းဆောင်၏ ပြင်ဆင်ထားမှုသည် ဖုန်းကျောက်ထင်ကို စိတ်ကျေနပ်သွားစေသည်။
“မင်းက အဲ့ဒီလူကို တရားခံလို့ သံသယဝင်နေတာလား....”
“အမှန်ပဲ”
ထိုလက်အောက်ငယ်သားက အတည်ပြုလိုက်သည်။
“ယုဖေး သေဆုံးတုန်းက ဒီလူက အဲ့ဒီနေရာမှာ ရှိနေခဲ့တယ်… အလောင်းကို သင်္ဂြိုဟ်ဖို့ စီစဉ်ပေးခဲ့တယ်...ဖြစ်နိုင်တာက…”
ဖုန်းကျောက်ထင်၏အသံ ရုတ်တရက် ရပ်တန့်သွားကာ အသိတရားတစ်ခု ရိုက်ခတ်သွားသည့်အလားပင်။
အနက်ရောင်ဝတ်စုံဝတ်ခေါင်းဆောင်က ထပ်မံ၍ ပြောဆိုသည်။
“အဲ့ဒီလူက လင်းပုယန်...အကြီးအကဲလင်း ကိုယ်တိုင်ပဲ”
“လင်းပုယန်က သူ့ရဲ့လက်အောက်ငယ်သားအားလုံးကို သတ်ပြီးတော့ ငါ့ကို အပြစ်ပုံချဖို့ လုပ်ခဲ့တာလား”
ဖုန်းကျောက်ထင်သည် အစပိုင်းတွင် မယုံနိုင်သော်လည်း သူ စဉ်းစားတွေးတောပြီးနောက် ဤအခြေအနေသည် ဖြစ်နိုင်ပုံရသည်ဟု တွေးထင်မိသည်။ အကယ်၍ ဤကိစ္စသာ မှန်ကန်ပါက ဤသည်မှာ လုံးလုံးလျားလျား ရူးသွပ်သော လုပ်ရပ်တစ်ခုပင်။
ဂိုဏ်းအင်အားစုတစ်ခု၏ အခြေစိုက်စခန်းကို ဖျက်ဆီးခြင်းသည် မည်သည့်ဓလေ့ထုံးတမ်းတွင်မဆို ခွင့်မလွှတ်နိုင်ချေ။ အကယ်၍ လင်းပုယန်သည် သူ့ကို ပျက်စီးစေရန် ရည်ရွယ်ပါက ဤသည်မှာ ပြန်လည်သင့်မြတ်ရန် အကြောင်းမရှိစေသည့် ထိရောက်သော နည်းလမ်းတစ်ခုပင်။
“သူက ငါ့ကို သတ်ချင်တယ်ဆိုရင်… ဒါဆို ငါက အရင်ဆုံး တိုက်ခိုက်မယ်”
ဖုန်းကျောက်ထင်၏မျက်လုံးများ အေးစက်စက် တောက်ပသွားသည်။
အစောပိုင်းက ထိပ်တိုက်တွေ့ဆုံမှုအရ လင်းပုယန်၏စွမ်းအားသည် သူ့ထက် နိမ့်ကျကြောင်း သူ ကောက်ချက်ချပြီးဖြစ်သည်။ ဤအားသာချက်ကို အခွင့်ကောင်းယူကာ သူသည်အဆုံးအဖြတ်တိုက်ပွဲကို လုပ်ဆောင်ရပေမည်။
“ခရမ်းရောင်ဝါးစိတ်ဝိညာဥ်ဆေးလုံးတစ်ခြမ်းက အောင်မြင်မှုကို အာမမခံနိုင်ပေမဲ့...ငါက အစွမ်းထက်တဲ့ တစ်စုံတစ်ယောက်ကို ထိန်းချုပ်နိုင်ခဲ့ရင်…”
သူ၏အကြည့်သည် အနက်ရောင်ဝတ်စုံဝတ်ခေါင်းဆောင်အပေါ်သို့ ကျရောက်သွားပေ၏။
ဒုတိယခန်းမဆောင်သခင်နေရာအတွက် လင်းပုယန်သည် သူ၏ တပည့်အားလုံးကို သတ်ရန် ဆန္ဒရှိခဲ့သည်။ ထိုသို့ဖြစ်ပါက သူ့အတွက် ဤလက်အောက်ငယ်သား၏စတေးမှုသည် ပေးဆပ်ရမည့် တန်ကြေးအနည်းငယ်သာ ဖြစ်ပေလိမ့်မည်။