သစ္စာဖောက်ကံကြမ္မာ
Vol. 13 Ch. 185
“မင်းတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မသိသလို ဟန်ဆောင်ခဲ့ပေမဲ့...မင်းတို့ကို ဖော်ထုတ်ပေးခဲ့တဲ့ သေးငယ်တဲ့ သဲလွန်စတွေ ရှိခဲ့တယ်...ဥပမာအနေနဲ့ ငါတို့ လှေပေါ်ကို ပထမဆုံး တက်တုန်းက ငါ ဆင်ခြေတစ်ခုရှာပြီး ဖန်ရှင်းကို တိုက်ခိုက်ခဲ့တယ်... မင်းက ငါ့ရဲ့တိုက်ခိုက်မှုကို တားဆီးဖို့ ကြားဝင်ခဲ့တယ်…”
ကျန်းရွှမ်က အပြုံးနှင့် ပြောဆိုသည်။
ဤကဲ့သို့ အသေးစိတ်အချက်အလက်မျှဖြင့် များများစားစား ဖော်ထုတ်နိုင်မည်မဟုတ်သော်လည်း ကျန်ရွှမ်သည် သူ့စိတ်ဝိညာဉ်၏ စွမ်းအားကို အသုံးပြုခဲ့ပြီး ကောင်းကင်ဘုံစာကြည့်တိုက်ကို အသုံးချနိုင်ခဲ့သည်။ မည်သည့် ဖုံးကွယ်ရန် ကြိုးပမ်းမှုမဆို စာ
ကြည့်တိုက်၏ စေ့စေ့စပ်စပ်စစ်ဆေးမှုအောက်တွင် ရယ်ရွှင်ဖွယ်ကောင်းသော ကြိုးပမ်းမှုတစ်ခု ဖြစ်လာခဲ့သည်။
“ဒါက သဘာဝကျတယ်...နောက်ထပ် ဘာသဲလွန်စတွေ ရှိသေးလဲ"
မိုရှောင်ရှန်းက မေးမြန်းသည်။
ကျန်းရွှမ်က တုံ့ပြန်အဖြေပေးလိုက်၏။
“ကံကြမ္မာဆရာသခင်တွေက ကံကြမ္မာကို ကြိုးကိုင်ခြယ်လှယ်တာကနေ သူတို့ရဲ့ စွမ်းအားတွေကို မြင့်တက်အောင် ကျင့်ကြံကြတယ်...သူတို့ရဲ့တိုးတက်မှုက ရင်းမြစ်စွမ်းအားကို တစ်ဆင့်ပြီးတစ်ဆင့် စုပ်ယူရုံသက်သက်ထက် အများကြီးပိုမြန်တယ်....မင်း နားလည်သဘောပေါက်ခဲ့တဲ့ ကံကြမ္မာက တိုးတက်ဖို့အတွက် အဆက်မပြတ် သစ္စာဖောက်နေဖို့ လိုအပ်တယ်....ဒါကြောင့် မင်းက လူတွေကြားထဲ ဒါမှမဟုတ် ဟန်ယွမ်တော်ဝင်မိသားစုထဲကို ခိုးဝင်နေမယ်ဆိုရင် ငါ ယုံကြည်ပေးနိုင်တယ်... ဒါပေမဲ့ တောင်တန်းတွေထဲမှာ မင်းတစ်ယောက်တည်း နှစ်တွေအများကြီးကြာအောင် ပုန်းအောင်းနေခဲ့တာကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး...တကယ်လို့ မင်း အဲ့ဒီလို လုပ်ခဲ့ရင် မင်းက တိုးတက်မှု မရရှိရုံတင်မကဘူး မင်းရဲ့ ကံကြမ္မာကို စွန့်လွှတ်တာက မင်းရဲ့ကျင့်ကြံမှုကို ပျက်စီးစေလိမ့်မယ်”
မိုရှောင်ရှန်းက လက်ခုပ်တီးလိုက်သည်။
“အကြီးအကဲလင်းက ထူးချွန်တယ်လို့ ငါ ကြားဖူးတယ်....မင်းရဲ့ စူးစမ်းလေ့လာမှုတွေက ဒီလောက်ထိ အသေးစိတ်ကျလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး..ငါ မင်းကို အထင်သေးခဲ့မိတယ်ဆိုတာ ငါ ဝန်ခံတယ်”
မိုရှောင်ရှန်း စကားပြောဆိုနေရင်း သူ၏ အရိုးများ တဂျွတ်ဂျွတ်မြည်ဟီးလာကာ ရွေ့လျားသွားသည်။ ဤသည်မှာ သူသည် အရေပြားတစ်လွှာကို လဲလှယ်နေသည့်အလားပင်။ သူ၏ ခန္ဓာကိုယ်သည် အရပ်ပိုမြင့်လာပြီး သူ၏ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ ပို၍သန်မာလာကာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ဖြူဖျော့သော မျက်နှာရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည်။
သူသည် လူများအားလုံး သတ်ဖြတ်လိုသည့် ဟန်ယွမ်မြို့တော်၏အမဲလိုက်စာရင်းမှ နာမည်ဆိုးဖြင့် ကျော်ကြားသော လီယွဲ့အန်းမှတပါး တခြားလူ မဟုတ်ပေ။
သူ၏ အယောင်ဆောင်မထားသော ခန္ဓာကိုယ်ကို အကြောဆန့်ရင်း လီယွဲ့အန်းက လေးလံစွာ သက်ပြင်းရှိုက်လိုက်သည်။
“အနုပညာဂိုဏ်းရဲ့ ‘ဆေးခြယ်အရေပြား’ နည်းစနစ်က တကယ့်ကို အထင်ကြီးစရာကောင်းတယ်....ဒါက လူတစ်ယောက်ရဲ့ အသွင်အပြင်နဲ့ အရှိန်အဝါကို ပြောင်းလဲနိုင်တယ်... ဒါပေမဲ့ အချိန်ကြာလာတော့ အသက်ရှူကြပ်လာတယ်....ငါက မင်းရဲ့ဘေးမှာ ခြောက်နှစ်ကြာအောင် နေခဲ့တယ်... ငါ အခု အသက်ရှူမွန်းကြပ်လုမတတ် ဖြစ်နေခဲ့ပြီ…”
မိုရှောင်ရှန်း၏ပြောင်းလဲမှုကို မြင်ချိန်၌ ဖုယင်ယင်သည် ထိတ်လန့်တကြား နောက်သို့ဆုတ်လိုက်ပြီး သူမ၏မျက်နှာ ဖြူဖျော့နေသည်။
“နင်… နင်က…”
သူမသည် ထပ်မံ၍ စကားပြောလိုသော်လည်း ဆွံ့အသွားသည်။
လီယွဲ့အန်းက ရယ်မောလိုက်၏။
“ငါ မင်းရဲ့ဘေးမှာ ပုန်းအောင်းနေခဲ့တာကို အံ့အားသင့်နေတာလား...အကြီးအကဲလင်း ပြောတာ အမှန်ပဲ...ငါ့ရဲ့ကျင့်ကြံဆင့် တိုးတက်လာဖို့အတွက် သစ္စာဖောက်ဖို့ လိုအပ်တယ်...တကယ်လို့ ငါက တော်ဝင်မိသားစုထဲကို ခိုးဝင်ခဲ့ရင် ဓမ္မရုပ်သွင်နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ယောက် ရုတ်တရက်ကြီး ထွက်ပေါ်လာတာက လူတွေရဲ့စုံစမ်းစစ်ဆေးမှုတွေကို ဆွဲဆောင်နိုင်လိမ့်မယ်...မှောင်ခိုဈေးမှာတော့ အရာရာတိုင်း ပိုရိုးရှင်းပြီးတော့ သစ္စာစောင့်သိမှုပဲ လိုအပ်တယ်”
ဖုယင်ယင် တိတ်ဆိတ်သွားသည်။ မှောင်ခိုဈေးရှိ လူအများစုသည် တရားမဝင်နေထိုင်သူများ သို့မဟုတ် လက်တွင် သွေးစွန်းနေသူများ ပါဝင်သောကြောင့် နောက်ခံစစ်ဆေးမှုများသည် စေ့စပ်သေချာခြင်း နည်းပါးပေ၏။ ဤဟာကွက်ကြောင့် လီယွဲ့အန်းကို သတိမထားမိဘဲ ခိုးဝင်လာခွင့်ပြုခဲ့သည်။
ဖုယင်ယင်၏မျက်နှာ သုန်မှုန်သွားပြီး အတွေးတစ်ခုက သူမ၏စိတ်ကို ရိုက်ခတ်သွားသည်။
“မကြာသေးမီနှစ်တွေအတွင်းမှာ မှောင်ခိုစျေးက အဓိကရုဏ်းတွေအများကြီး ခံစားခဲ့ရတယ်...ဒါကြောင့် မှောင်ခိုစျေးကို သုံးကြိမ်တိုင်တိုင် နေရာပြောင်းရွှေ့ခဲ့ရတယ်....နင်က အဲ့ဒီကိစ္စတွေအားလုံးရဲ့ နောက်ကွယ်မှာ ရှိနေခဲ့တာလား”
လီယွဲ့အန်းက ပြုံးလိုက်သည်။
“သခင်မလေးဖုက ငါ ထင်သလောက် မသိနားမလည်တာတော့ မဟုတ်ဘူးပဲ... အဲ့ဒီသစ္စာဖောက်မှုတွေမပါဘဲ ငါက ဘယ်လိုလုပ် ဓမ္မရုပ်သွင်ခွဲထွက်ခြင်းနယ်ပယ်ကို ကျော်ဖြတ်ပြီးတော့ တတိယအဆင့်ဖြစ်တဲ့ ဓမ္မရုပ်သွင်ထင်ဟပ်ခြင်းနယ်ပယ်ကို ရောက်နိုင်မှာလဲ”
ဖုယင်ယင် သိသိသာသာ ထိတ်လန့်တုန်လှုပ်သွားသည် ။
“နင်က ဓမ္မရုပ်သွင်နယ်ပယ် တတိယအဆင့်ကို ရောက်သွားပြီလား”
အကယ်၍ သူသည် ဓမ္မရုပ်သွင်ခွဲထွက်ခြင်းနယ်ပယ်တွင်သာ ရှိနေပါက သူမနှင့်လင်းပုယန်တို့ ခုခံတိုက်ခိုက်နိုင်ပေမည်။ ဓမ္မရုပ်သွင်ထင်ဟပ်ခြင်းနယ်ပယ် ထိပ်သီးကျင်ကြံသူတစ်ဦးကို ရင်ဆိုင်တိုက်ခိုက်ရာတွင်မူ ဤသည်မှာ သူမတို့အတွက် မဖြစ်နိုင်သလောက်နီးပါးပင်။
လီယွဲ့အန်းက ခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ”
ကျန်းရွှမ်က အပြုံးနှင့် ရှေ့သို့တိုးကာ ပြောဆိုသည်။
“ဓမ္မရုပ်သွင်ထင်ဟပ်ခြင်းနယ်ပယ်ရဲ့ စွမ်းအားနဲ့ မင်း မှောင်ခိုဈေးကို ဆက်ပြီးသစ္စာဖောက်ရင်တောင် အကျိုးကျေးဇူးက လျော့နည်းလာလိမ့်မယ်.... ဒါကြောင့် မင်းက နှစ်တွေအများကြီးကြာအောင် သခင်မလေးအနေနဲ့ အမိန့်ကိုလိုက်နာခဲ့တဲ့ ဖုယင်ယင်ကို သစ္စာဖောက်ဖို့ ပစ်မှတ်ထားလိုက်တယ်....သူကို သတ်ဖြတ်တာက မင်းရဲ့သစ္စာဖောက်ကံကြမ္မာကို ခိုင်မာစေပြီးတော့ မင်းရဲ့ကျင့်ကြံမှုကို ထပ်ပြီးတိုးတက်စေလိမ့်မယ်...အဲ့ဒီနောက်မှာ ရင်းမြစ်ဒင်္ဂါး၅၉ သန်း ဆုကြေးထုတ်ခံထားရတဲ့ ငါ့ကို သတ်ဖြတ်တာက မင်း ချမ်းချမ်းသာသာ နေထိုင်နိုင်ဖို့အတွက် အာမခံချက် ပေးနိုင်လိမ့်မယ်...ဒါက တော်တော်ကောင်းတဲ့ အစီအစဉ်ပဲ”
ကျန်းရွှမ်၏လေသံ အေးစက်တင်းမာလာသည်။
“ငါ နားမလည်နိုင်တဲ့ တစ်ခုတည်းသောအရာကတော့ မင်းရဲ့ ဓမ္မရုပ်သွင်ထင်ဟပ်ခြင်းနယ်ပယ်စွမ်းအားက ငါ့ထက် အများကြီး သာလွန်တယ်... ဟန်ယွမ်မြို့တော်ကနေ ထွက်ခွာပြီးတဲ့နောက်မှာ မင်း ငါ့ကို ဘာလို့ မသတ်ခဲ့တာလဲ...ဘာလို့ အခုအချိန်အထိ အချိန်ဆွဲနေတာလဲ”
လင်းပုယန်သည် ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်၏ စွမ်းအားကိုသာ ထုတ်ဖော်ပြသခဲ့လေ၏။ ဤသည်မှာ သန်မာအားကောင်းသော်လည်း ဓမ္မရုပ်သွင်ထင်ဟပ်ခြင်းနယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။ ထိုကြောင့် လီယွဲ့အန်းသည် သူ့ကို ဤနေရာသို့ ခေါ်ဆောင်လာရန် မလိုအပ်ပေ။
ထို့နောက် ကျန်းရွှမ်သည် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားပြီး သူ၏မျက်လုံးများ တောက်ပသွားသည်။
“အိုး...ငါ အခု နားလည်ပြီ.... မင်းတစ်ယောက်တည်းက ငါ့ကို သေစေချင်တာ မဟုတ်ဘူး...မင်းက မြို့ထဲက တခြားသူတွေနဲ့ သဘောတူညီချက်တစ်ခု လုပ်ခဲ့တယ်...ဒါပေမဲ့ မင်းက သူတို့ အရင်ဆုံး အောင်မြင်ပြီးတော့ ဆုကြေးငွေတွေ ရယူသွားမှာကို စိုးရိမ်ခဲ့တယ်....ဒါကြောင့် မင်းက သူတို့ကို သစ္စာဖောက်ပြီး ငါ့ကို ပိုဝေးတဲ့နေရာဆီ ဆွဲဆောင်ခေါ်သွားဖို့ ဆုံးဖြတ်ခဲ့တာပဲ”
လီယွဲ့အန်းက နောက်တစ်ကြိမ် လက်ခုပ်တီးလိုက်ပြီး သူ၏မျက်နှာပေါ်တွင် အထင်ကြီးလေးစားမှုများဖြင့် ပြည့်နှက်နေသည်။
"တကယ်လို့ တစ်ယောက်ယောက်က အကြီးအကဲလင်းက အစွမ်းထက်ပေမယ့် ဦးနှောက်မရှိဘူးလို့ ဆက်ပြောနေသေးရင်.. ငါက သူတို့နဲ့ ပထမဆုံး ငြင်းခုံမယ့်သူ ဖြစ်လာလိမ့်မယ်...ငါတို့ ရောက်နေတဲ့နေရာကို ကြည်ဒီလောက်များများ ကောက်ချက်ချနိုင်တာက အထင်ကြီးစရာပဲ...ဒါပေမဲ့ ဒါဆိုရင်တောင် ဘာဖြစ်လာမှမလို့လဲ... အခုက အရမ်းနောက်ကျသွားပြီ.... ငါ့ကို အားဖြည့်ပေးတဲ့ သစ္စာဖောက်မှုနှစ်ခုနဲ့ ငါ့ရဲ့စွမ်းအားက ဓမ္မရုပ်သွင်ထင်ဟပ်ခြင်းနယ်ပယ်ထက်ကို ကျော်လွန်ပြီး မြင့်တက်နေပြီ.... မင်း ဘာပဲပြောပြော ဒီနေ့ မင်းသေရလိမ့်မယ်”
ထိုနောက် လီယွဲ့အန်းသည် သူ၏လက်များကို ကျယ်ပြန့်စွာ ဖြန့်ကားပြီး သူ၏ခေါင်းကို မော့ကာ အော်ဟစ်လိုက်သည်။
“ကံကြမ္မာက ငါ့ရဲ့ အမိန့်ပေးမှုကို ခံယူရတယ်... စွမ်းအားတွေ ငါ့ဆီကို လာခဲ့စမ်း...”
ဝှစ်...
သူ၏အမိန့်အရ လွှမ်းမိုးချုပ်ကိုင်နိုင်သော ကောင်းကင်ကံကြမ္မာစွမ်းအင် စီးကြောင်းတစ်ခုသည် သူထံသို့ တိုးဝင်လာပေ၏။ ထိုစွမ်းအင်စီးကြောင်းသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ မည်သည့်အချိန်တွင်မဆို သူ၏ကျင့်ကြံမှုအတားအဆီးကို ချိုးဖောက်တော့မည့်အလားပင်။
သစ္စာဖောက်ကံကြမ္မာသည် ကျင့်ကြံသူ၏ သားကောင်များ ပို၍အားကောင်းကာ သူနှင့်နီးကပ်ခဲ့လေလေ အကျိုးအမြတ် ပို၍ကြီးမားလေလေပင်။ ဖုယင်ယင်၏နံဘေးတွင် ခြောက်နှစ်ကြာ နေထိုင်ပြီးနောက် သူ စုဆောင်းခဲ့သော စွမ်းအင်များသည် အလွန်ကြီးမားပေ၏။
“ဟူး...ငါက ဒါကို စောင့်နေခဲ့တာ…”
ကျန်းရွှမ်က စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။ ကောင်းကင်ဘုံစာကြည့်တိုက်မှတဆင့် သူသည် လီယွဲ့အန်း၏သရုပ်မှန်ကို ယခင်ကတည်းက ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။ ကျန်းရွှမ်သည် ဤနေရာသို့ ဆန္ဒအလျောက် လိုက်ပါလာခဲ့ပြီး ရှည်လျားသော စကားဝိုင်းတစ်ခုတွင် ပါဝင်ခဲ့သည်မှာ အမှန်အားဖြင့် ဤအချိန်အခိုက်အတန့်အတွက်ပင်။ ယခုချိန်၌ ကောင်းကင်ကံကြမ္မာစွမ်းအင်များ ရောက်ရှိလာသဖြင့် သူ အချိန်မဖြုန်းတော့ဘဲ သူ၏စွမ်းအားများကို အသက်သွင်းလိုက်၏။
မရေမတွက်နိုင်သော စိတ်ဆန္ဒအမျှင်များ ပြင်ပသို့ မြင့်တက်လာပြီး ပြန့်ကျဲနေသော ကောင်းကင်ကံကြမ္မာစွမ်းအင်များကို အချိန်တခဏအတွင်းမှာပင် ဝါးမြိုလိုက်သည်။
နှစ်ပေါင်းများစွာ သစ္စာဖောက်ခြင်းမှ စုဆောင်းထားခဲ့သော စွမ်းအင်များသည် ကျန်းရွှမ် ယခင်က စုပ်ယူခဲ့ဖူးသမျှထက် များစွာပို၍အားကောင်းသည်။ အချိန်တခဏအတွင်းမှာပင် ကြီးမားကျယ်ပြန့်သော ကောင်းကင်ကံကြမ္မာစွမ်းအင်များသည် စာကြည့်တိုက်အတွင်းရှိ စာအုပ်များအဖြစ်သို့ စုစည်းသွားသည်။ တစ်ချိန်တည်းမှာပင် ယခင်က ကွဲအက်နေသော မိုတောက်စွမ်းအင်စီးကြောင်းသည် ခိုင်မာပြီး ပြည့်စုံစပြုလာသည်။
“စွမ်းအင်တန်းတစ်သောင်း...”
ကျန်းရွှမ်၏မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားသည်။
အသက်ဆယ်ရှိုက်စာ အချိန်အတွင်းမှာပင် သူသည် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း တစ်သောင်းကို စုပ်ယူနိုင်ခဲ့သည်။ စွမ်းအင်တန်းငါးထောင်သည် မိုတောက်စွမ်းအင်းစီးကြောင်းကို အာဟာရဖြည့်တင်းပေးခဲ့ပြီး ကျန်အရာများသည် စာအုပ်များအဖြစ်သို့ ပြောင်းလဲသွားကာ စာကြည့်တိုက်အတွင်းတွင် ပျံဝဲနေပေ၏။
“ဘယ်လောက်တောင် ရက်ရောတဲ့ ကျေးဇူးရှင်ကြီးလဲ...ဒီနေရာထိ မင်းရဲ့နောက်ကို လိုက်ခဲ့တာ အလဟဿ မဖြစ်ခဲ့ဘူး…”
ဤစွမ်းအင်စီးဝင်မှုဖြင့် ကျန်းရွှမ်သည် သူ၏ရပ်တန့်နေသော ကျင့်ကြံဆင့်ကို ချိုးဖျက်နိုင်ခဲ့သည်။ သူ၏စိတ်ဝိညာဉ်သည် သူ၏ခန္ဓာကိုယ်မှ ခွဲထွက်သွားပြီး ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်၏ ဓမ္မခွဲထွက်ခြင်းနယ်ပယ်သို့ ခြေချနိုင်ခဲ့သည်။
ဤသည်မှာ သူ ဝယ်ယူခဲ့သည့် သန့်စင်ထားသော စွမ်းအင်များနှင့် မတူညီချေ။ ဤ ကောင်းကင်ကံကြမ္မာစွမ်းအင်များသည် သူ့ကို သူ၏ကန့်သတ်ချက်များအား လွယ်လင့်တကူ ကျော်လွန်စေနိုင်ခဲ့ပေ၏။ ထိုကြောင့် သူသည် ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်သို့ ရောက်ရှိခဲ့ကာ မြင်းကောင်ရေအား၉၉၉ကို ပိုင်ဆိုင်နိုင်ခဲ့သည်။ သူ၏စိတ်ဝိညာဉ်သည်လည်း သိသိသာသာ အားကောင်းလာသည်။
ကျန်းရွှမ်သည် သူ၏တိုးတက်မှုများတွင် ပျော်မွေ့နေစဉ်၌ လက်များ ကျယ်ပြန့်စွာဖြန့်ကားထားသော လီယွဲ့အန်းသည် မှင်သက်နေခဲ့သည်။ သူ ဆင့်ခေါ်ခဲ့သော စွမ်းအင်များသည် သူ့ကို နောက်ထပ်ကျင့်ကြံဆင့်တစ်ဆင့်သို့ တွန်းပို့နိုင်သင့်သည်။ သို့ရာတွင် ထိုအစား ထိုစွမ်းအင်များ လုံးလုံးလျားလျား ပျောက်ကွယ်မသွားမီ သူသည် အစိတ်အပိုင်းတစ်ခုမျှသာ စုပ်ယူနိုင်ခဲ့သည်။
“ငါ့ရဲ့ ကောင်းကင်ကံကြမ္မာစွမ်းအင်တွေက ဘယ်ရောက်သွားတာလဲ”
လီယွဲ့အန်းသည် ကြက်သေသေနေပြီး တီးတိုးရေရွတ်လိုက်၏။
ထို့နောက် ကျန်းရွှမ်၏အရှိန်အဝါ ရုတ်တရက် မြင့်တက်လာသည်ကို မြင်ချိန်၌ သူ တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည်။
“ဒါက…”
လီယွဲ့အန်းက ချက်ချင်းဆိုသလိုပင် ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ငါ မင်းကို သတ်မယ်”
သူသည် ရှေ့သို့ပြေးဝင်တိုက်ခိုက်ရင်း သူ၏သိုင်းပညာနည်းစနစ်ကို ထုတ်လွှတ်လိုက်သည်။ ကြာပန်းပွင့်များ လေထဲတွင် ပြည့်နှက်သွားပြီး သူ၏စွမ်းအားသည် ကျန်းရွှမ်ထံသို့ တိုးဝင်သွားပေ၏။ လီယွဲ့အန်းသည် ကျန်းရွှမ်ကို အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲရန် ရည်ရွယ်ထားသည်။
“အကြီးအကဲလင်း သတိထားပါ”
ဖုယင်ယင်က အော်ဟစ်လိုက်သည်။
“ဒီနည်းစနစ်က ခြေလှမ်းတိုင်းမှာ ကြာပန်းတွေ ပျံ့လွင့်လာပြီးတော့ သေစေနိုင်တဲ့ တိုက်ခိုက်မှုသုံးခုကို ဖုံးကွယ်ထားတယ်”
သူမ၏သတိပေးချက် မပြီးဆုံးမီမှာပင် လင်းပုယန်သည် ရှေ့သို့ထိပ်တိုက်ပြေးဝင်တိုက်ခိုက်လိုက်ပြီး ရှောင်တိမ်းမည့် အရိပ်အယောင်မရှိချေ။ သူ၏ကြမ်းတမ်းပြီး မဆင်မခြင်ပုံရသော လှုပ်ရှားမှုသည် ဖုယင်ယင်၏နှလုံးသားကို လေးလံသွားစေသည်။
သို့ရာတွင် သူမ၏စိုးရိမ်ပူပန်မှုများနှင့် ဆန့်ကျင်ဘက်ဆန်စွာဖြင့် ကျန်းရွှမ်က သူ၏လက်ကို တည်ငြိမ်စွာ ဆန့်တန်းလိုက်သည်။
ဘုန်း....ဘုန်း...ဘုန်း...
ကြာပန်းပွင့်များ တစ်ပွင့်ပြီးတစ်ပွင့် ပေါက်ကွဲသွားပြီး ကျန်းရွှမ်၏လက်သီးသည် လီယွဲ့အန်း၏ရင်ဘတ်ပေါ်သို့ တန်းတန်းမတ်မတ် ကျရောက်သွားသည်။ နောက်ဆုံးတွင် သူ၏ ပါးစပ်မှ သွေးမျာပန်းထွက်ကာ သူ လွင့်စင်သွားပြီးသစ်ပင်တစ်ပင်ကို ဝင်တိုက်မိသဖြင့် ထက်ပိုင်းကျိုးသွားစေသည်။
ဖုယင်ယင်သည် ထိတ်လန့်တုန်လှုပ်သွားကာ နေရာမှာပင် တောင့်တင်းသွားပေ၏။
“ဒါက…”
ကျန်းရွှမ်သည် တုံ့ဆိုင်းမနေဘဲ ရှေ့သို့လျှောက်လှမ်းသွားပြီး လီယွဲ့အန်းကို လည်ပင်းမှ ဆုပ်ကိုင်ကာ မြေပြင်မှ မြှောက်လိုက်သည်။
“မင်း…”
လီယွဲ့အန်း၏အသံတွင် မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေသည်။
“ဘာလဲ....”
ကျန်းရွှမ်က သူ၏မျက်နှာကို ပါးဖြတ်ရိုက်လိုက်သည်။
“အလုံးစုံသိမြင်စာရင်းက ငါ့ရဲ့ ဆုကြေးငွေကို ၅၉ သန်းအထိ မြှင့်တင်ထားတယ်....မင်းက ငါ့ကို သတ်ရလွယ်မယ်လို့ ထင်နေခဲ့တာလား”
နောက်ထပ် အကြိမ်ရေတော်တော်များများ ပါးဖြတ်ရိုက်ပြီးနောက် ကျန်းရွှမ်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
“ထားလိုက်တော့... မင်း အခု သေနိုင်ပြီ”
ကျန်းရွှမ်သည် သူ့ကို အဆုံးသတ်ရန်အတွက် လည်မြိုကိုဖမ်းဆုပ်ထားမှုအား တင်းကျပ်လိုက်စဉ်မှာပင် လီယွဲ့အန်းက စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်သည်။
“ငါ့ကို မသတ်ပါနဲ့....တကယ်လို့ မင်းက ငါ့ကို အသက်ချမ်းသာပေးရင် ငါက ဘယ်သူနဲ့ အလုပ်လုပ်ခဲ့လဲဆိုတာ မင်းကို ပြောပြပြီးတော့ သူတို့ဆီကို ခေါ်သွားပေးမယ်....အဲ့ဒီလိုမဟုတ်ရင် သူတို့က မှောင်ရိပ်ထဲမှာ ဆက်ရှိနေလိမ့်မယ်... မင်းရဲ့စွမ်းအားနဲ့တောင် သူတို့ကို ထိခိုက်အောင်လုပ်နိုင်မှာ မဟုတ်ဘူး”