နောက်ထပ် ပုန်းကွယ်စရာမလိုတော့ဘူး
Vol. 13 Ch. 186
"ဥာဏ်ကောင်းတဲ့ ရွေးချယ်မှုပဲ"
ကျန်းရွှမ်သည် အချိန်တခဏကြာ တုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်လိုက်၏။ ရင်းမြစ်ဒင်္ဂါး၅၉ သန်း ဆုကြေးငွေကြောင့် မည်မျှထိများပြားသောလူများ သွေးဆောင်ခြင်းခံရသည်ကို သူ မြင်တွေ့လိုပြီး အရာအားလုံးကို တစ်ကြိမ်တည်းဖြင့် ဖြေရှင်းရန် ကြံရွယ်ခဲ့သည်။
အကယ်၍ သူတို့သည် ဆုကြေးငွေအတွက် သူ့ကို သတ်ဖြတ်ရန် ကြံစည်နေပါက သူသည် အရင်ဆုံး တိုက်ခိုက်ပြီး ဤအမှိုက်တစ်စုကို သုတ်သင်ရပေမည်။ နောက်ဆုံးတွင် ပုစဥ်းရင်ကွဲကို ချောင်းမြောင်းနေသော နှံ့ကောင်သည် မည်သူမည်ဝါဖြစ်ကာ နောက်ကွယ်ရှိ စာဝါငှက်သည် မည်သူမည်ဝါဖြစ်သည်ကို ရှင်းလင်းသွားပေလိမ့်မည်။
ကျန်းရွှမ်သည် သူ၏လက်ဝါးကို လီယွဲ့အန်း၏ဗိုက်ပေါ်သို့ ခပ်ဖွဖွ ဖိချလိုက်ရာ ထိပ်သီးကျင့်ကြံသူဟု ခေါ်ဆိုသော ထိုသူ၏ရင်းမြစ်ရေအိုင် ကြေမွှပျက်စီးသွားသည်။ သူ၏ ကျင့်ကြံခြင်းသည် အချိန်တခဏအတွင်းမှာပင် ပျက်စီးသွားပေ၏။ လီယွဲ့အန်း၏ နာကျင်စွာ အော်ဟစ်သံများကို လျစ်လျူရှုပြီး ကျန်းရွှမ်က သူ့ကို မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်သည်။
“ပြောစမ်း....ငါ့ကို သတ်ဖြတ်ဖို့ ကြံစည်မှုရဲ့ နောက်ကွယ်မှာ ဘယ်သူရှိလဲ”
“ဒါက…”
လီယွဲ့အန်း၏မျက်နှာပေါ်တွင် ချွေးစေးများဖြင့် စိုရွှဲနေပြီး ကျန်းရွှမ်၏အေးစက်စက် အကြည့်ကို သတိပြုမိချိန်၌ သူ၏ခန္ဓာကိုယ် တုန်ယင်နေသည်။ တိတ်ဆိတ်နေခြင်းသည် သူ၏ အသက်ကို ဆုံးရှုံးစေနိုင်သည်အား သိရှိသဖြင့် လီယွဲ့အန်းသည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဝံ့တော့ချေ။
“ဒါက အကြီးအကဲ ဖုန်းကျောက်ထင်…”
“ငါ ထင်တဲ့အတိုင်းပဲ...."
ကျန်းရွှမ်က လှောင်ပြောင်ရယ်မောပြီး ခေါင်းညိတ်လိုက်သည်။
ဟန်ယွမ်မြို့တွင် သူ့ကို သတ်ဖြတ်ရန် အလွန်အမင်း စိတ်အားထက်သန်ဆုံးလူသည် ဖုန်းကျောက်ထင် ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
ဒုတိယခန်းမဆောင်သခင်နေရာအတွက် ပြိုင်ဆိုင်ခြင်း ဖုန်းကျောက်ထင်၏ ညီငယ်ကို သတ်ဖြတ်ခြင်း ပုရွှီခန်းမကို ဖျက်ဆီးပြီးနောက် သူ့အပေါ်သို့ အပြစ်ပုံချခြင်း...
ဤအရာများအနက် မည်သည့်တစ်ခုမဆို လျစ်လျူရှုထား၍မရသော ရန်ငြိုးပင်။ ဖုန်းကျောက်ထင်သည် ယခုထက်စောစွာ သူ့အား လုပ်ကြံခြင်းမပြုသည်ကပင် အံ့အားသင့်ဖွယ် ကောင်းနေလေပြီ။
“လမ်းပြစမ်း....”
သူတို့တွေ့ဆုံရန် သတ်မှတ်ထားသော နေရာကို အတည်ပြုပြီးနောက် ကျန်းရွှမ်သည် နောက်ထပ် စကားများပြောဆိုရန် စိတ်မဝင်စားတော့ချေ။ သူသည် လီယွဲ့အန်းကို ကောက်နှံအိတ်တစ်လုံးအလား ရထားလုံးထဲသို့ ပစ်ထည့်လိုက်သည်။
“သူ့ကိုရော....”
ဖုယင်ယင်က မြေပြင်ပေါ်တွင် ဒဏ်ရာဖြင့် လဲလျောင်းနေသော ဖန်ရှင်းကို ညွှန်ပြလိုက်သည်။
လီယွဲ့အန်းကို ကိုင်တွယ်နေစဉ် ကျန်းရွှမ်သည် ဖန်ရှင်း ထွက်ပြေးရန် ကြိုးပမ်းသည်ကို ဖမ်းမိခဲ့ပြီး သူ့ကို လွယ်လင့်တကူ ပြန်ဆွဲခေါ်ခဲ့သည်။ နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် အထွတ်အထိပ်အဆင့်တွင်ရှိသော လူတစ်ယောက်အနေဖြင့် ကျန်းရွှမ်၏စွမ်းအားသည် ခန္ဓာကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို လွယ်လင့်တကူ လွှမ်းမိုးချုပ်ကိုင်နိုင်ပေ၏။
“သူက သစ္စာဖောက်ကံကြမ္မာကို ကျင့်ကြံတယ်..သူ့ဆရာနဲ့ ပူးပေါင်းပြီးတော့ တခြားလူတွေကို ထိခိုက်စေတယ်… သူ့ကို အသက်ရှင်ခွင့်ပေးတာက ဒုက္ခတွေကို ပိုပြီးဖိတ်ခေါ်တာပဲ... သူ သေသင့်တယ်”
ကျန်းရွှမ်က ပြောဆိုသည်။
“ကျွန်တော့်ကို မသတ်ပါနဲ့ ..ကျွန်တော်က ခင်ဗျားအတွက် အမှုထမ်းဖို့ ဆန္ဒရှိပါတယ်... ခင်ဗျား လိုချင်တာ မှန်သရွေ့ ဘာမဆို လုပ်ပေးပါ့မယ်”
ဖန်ရှင်း၏ ဖြူဖျော့သောမျက်နှာပေါ်တွင် သူ၏ ယခင်က မာန်မာနကြီးမှုများ ကင်းမဲ့နေသည်။
“ငါ့အတွက် အမှုထမ်းမယ် ဟုတ်လား.. မင်း ငါ့ကို သစ္စာမဖောက်ဘူးလို့ ငါ ဘယ်လို ယုံကြည်နိုင်မလဲ”
နောက်ထပ် စကားပြောဆိုရန် စိတ်မဝင်စားတော့သဖြင့် ကျန်းရွှမ်က သူ့ကို လက်ဝါးဖြင့်ရိုက်လိုက်သည်။ ခန္ဓာကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူသည် တုံ့ပြန်နိုင်ခြင်းပင် မရှိဘဲ သူ၏အသက် ချုပ်ငြိမ်းသွားတော့သည်။
ယုချင်းယုကဲ့သို့ပင် ဤလူသည်လည်း မကောင်းမှုကျူးလွန်သူများ၏ ကြံရာပါတစ်ဦး ဖြစ်ခဲ့သည်။ ထိုကဲ့သို့လူများသည် သနားကြင်နာမှုနှင့် မထိုက်တန်ပေ။
မြင်းရထား မောင်းနှင်နေစဉ်တွင် ဖုယင်ယင်သည် သူမ၏နံဘေးရှိ လင်းပုယန်ကို စူးစိုက်ကြည့်ပြီး သူမ၏သိလိုစိတ်ကို မထိန်းချုပ်နိုင်တော့ပေ။
“အကြီးအကဲလင်းက ကျွန်မ အရင်ကတည်းက သိကျွမ်းခဲ့တဲ့ လူတစ်ယောက်ပဲ...သူက ကာမဂုဏ် နည်းနည်းလိုက်စားတယ်...နည်းနည်း ကြောက်တတ်တယ်...သူ့ရဲ့စွမ်းအားက ဓမ္မလှည့်လည်သွားလာခြင်းနယ်ပယ်မှာပဲ ရှိတယ်... သူက လီယွဲ့အန်းနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိမှာ မဟုတ်ဘူး....ရှင်က ဘယ်သူလဲ... ရှင်က အနုပညာဂိုဏ်းရဲ့ ပုံတူအရေပြားတစ်ခုကို အသုံးပြုပြီးတော့ လင်းပုယန်အဖြစ် အယောင်ဆောင်ထားတာများလား”
သူမသည် လင်းပုယန်နှင့် ပထမဆုံး တွေ့ဆုံစဥ်ကတည်းက သံသယများ ရှိခဲ့နေခဲ့သည်။ မကြာသေးမီက အဖြစ်အပျက်များအပြီးတွင် လင်းပုယန်သည် အယောင်ဆောင်တစ်ယောက်ဖြစ်ကြောင်း သူမ အတပ်ပြောနိုင်လေပြီ။
လူများသည် ပြောင်းလဲနိုင်သော်လည်း ဤမျှထိ အလွန်အကျွံ့ မဟုတ်ချေ။
ကျန်းရွှမ်သည် တုံ့ပြန်အဖြေမပေးဘဲ သူမကို နားမလည်နိုင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
"အနုပညာဂိုဏ်း..ဟုတ်လား..”
“ဒါက အသင်္ချေရုပ်ပြောင်းရုပ်လွှဲဂိုဏ်းနဲ့ ဆင်တူတဲ့ ဂိုဏ်းတစ်ဂိုဏ်းပဲ....အဲ့ဒီဂိုဏ်းကို ပန်းချီအနုပညာမှာ ကျွမ်းကျင်တဲ့ ကံကြမ္မာဆရာသခင်တစ်ယောက်က တည်ထောင်ခဲ့တယ်... သူတို့ရဲ့ လက်ရာတွေက အရမ်းသက်ဝင်လှုပ်ရှားနေတော့ ဘယ်သူ့ကိုမဆို လှည့်စားနိုင်တယ်.... သူတို့ရဲ့ ပုံတူအရေပြားတွေက လူတစ်ယောက်ကို တခြားပုံစံတစ်မျိုးဖြစ်သွားအောင် ပြောင်းလဲနိုင်ပြီးတော့ ရင်းနှီးတဲ့ ဆွေမျိုးသားချင်းတွေကိုတောင် လှည့်စားနိုင်တယ်....အစောပိုင်းက လီယွဲ့အန်းက ကျွန်မကို လှည့်စားဖို့ ဒီဂိုဏ်းက ပုံတူအရေပြားကို အသုံးပြုခဲ့တာပဲ”
ဖုယင်ယင်က ရှင်းပြသည်။
ကျန်းရွှမ်သည် စဉ်းစားနေဟန်ဖြင့် ခေါင်းညိတ်လိုက်၏။
အနုပညာဂိုဏ်းသည် ပါမောက္ခကုန်းမြေ၏ ပန်းချီပညာရပ်နှင့် ဆင်တူပုံရသော်လည်း အလှည့်အပြောင်းတစ်ခု ရှိနေသည်။ ပါမောက္ခကုန်းမြေရှိ ပန်းချီပညာရုင်များသည် အနုပညာသက်သက်ကိုသာ အာရုံစိုက်သော်လည်း အနုပညာဂိုဏ်းကမူ ရုပ်ပြောင်းရုပ်လွှဲနည်းစနစ်များကို ပေါင်းစပ်ထည့်သွင်းထားပုံရသည်။
ကျန်းရွှမ်သည် စိတ်ဝင်စားမှု မြင့်တက်လာသဖြင့် မေးမြန်းလိုက်၏။
“ဒါဆို တစ်ယောက်ယောက်က မြည်း ဒါမှမဟုတ် မြင်းတစ်ကောင်ကို ပန်းချီဆွဲခဲ့ရင်..အဲ့ဒီ ပုံတူအရေပြားဝတ်ဆင်သူက အဲ့ဒီသားရဲတွေအဖြစ် ပြောင်းလဲသွားနိုင်လား”
ဖုယင်ယင်က ခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ...သူတို့က မြည်း ဒါမှမဟုတ် မြင်းတစ်ကောင် ဖြစ်လာလိမ့်မယ်”
“ဒါက မယုံနိုင်စရာပဲ”
ကျန်းရွှမ်က အံ့အားတသင့် အော်ဟစ်လိုက်သည်။
ပါမောက္ခကုန်းမြေတွင် တစ်စုံတစ်ယောက်၏ ရုပ်ပြောင်းရုပ်လွှဲစွမ်းရည်သည် အထွတ်အထိပ်သို့ ရောက်ရှိနေမှသာ သားရဲများ၏ပုံစံကို တုပနိုင်ပေမည်။ သို့ရာတွင် ဤနေရာ၌ ရိုးရှင်းသော ပုံတူအရေပြားတစ်ခုဖြင့် တူညီသော အကျိုးသက်ရောက်မှုကို ရရှိစေနိုင်သည်။ အနုပညာဂိုဏ်းသည် သူ ယခင်က တွေးထင်ထားသည်ထက် များစွာပို၍ ကြောက်မက်ဖွယ်ကောင်းပြီး သူတို့၏ပန်းချီကံကြမ္မာသည် ထူးခြားပေ၏။
“ရှင်က အနုပညာဂိုဏ်းအကြောင်း များများစားစား မသိပုံပဲ...ရှင် ပုံတူအရေပြားတစ်ခုကို ဘယ်လိုရခဲ့တာလဲ”
ဖုယင်ယင်က သိလိုစိတ်ဖြင့် မေးမြန်းသည်။
ကျန်းရွှမ်က ခေါင်းခါပြီး သူမ၏စကားကို ကြားဖြတ်ပြောဆိုလိုက်သည်။
“မင်း အတွေးလွန်မနေနဲ့...ငါက လင်းပုယန်ပဲ... ငါ အရင်က စွမ်းအားမလုံလောက်တာက ငါ အရမ်းကြောက်တတ်ပုံပေါက်နေတာရဲ့ အကြောင်းအရင်းပဲ..... အခု ငါရဲ့ကျင့်ကြံဆင့် မြင့်တက်လာတာကြောင့် အဲ့ဒီလို ပြုမူနေဖို့ မလိုတော့ဘူး”
သူသည် အမှန်တရားကို မည်သို့မျှ ဝန်ခံနိုင်မည်မဟုတ်ပေ။ ထိုကြောင့် သူမ သူ့ကို ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ ဤအသုံးဝင်သော အထောက်အထားကို ယခုလောလောဆယ်၌ သူ မစွန့်လွှတ်နိုင်ချေ။
“ဟုတ်လား”
ဖုယင်ယင်က ကောက်ကျစ်စွာ ပြုံးပြီး ကျန်းရွှမ်အနီးသို့ ပို၍နီးကပ်စွာ တိုးကပ်လိုက်ကာ သူမ၏ နူးညံ့သောခန္ဓာကိုယ်ကို သူ၏လက်မောင်းနှင့် ပခုံးပေါ်သို့ ဖိကပ်လိုက်သည်။
"တကယ်လို့ ရှင်က တကယ်ပဲ အကြီးအကဲလင်းဆိုရင် ကျွန်မတို့ အရင်က လုပ်ခဲ့တာတွေကို ရှင် မေ့မှာ မဟုတ်ဘူး...ဟုတ်တယ်မလား...ကျွန်မတို့… အဲ့ဒီအခိုက်အတန့်တွေကို ပြန်ပြီးအသက်သွင်းကြမလား...ကျွန်မ အချိန်မရွေး အဆင်သင့်ပြင်ဆင်ထားပြီးတော့ ရှင့်ကို စောင့်နေခဲ့တာ…”
“ဘာကို ပြန်ပြီးအသက်သွင်းမှာလဲ”
ကျန်းရွှမ်က သူမ၏နဖူးကို လက်ညှိုးဖြင့် တောက်လိုက်သည်။
အကယ်၍ သူသည် လင်းပုယန်၏အစစ်အမှတ်စရိုက်ကို မသိခဲ့ပါက သူမ၏လှည့်စားမှုအတွင်းသို့ ကျရောက်သွားနိုင်သည်။
“ရှင်…”
ဖုယင်ယင်သည် သူမ၏နဖူးကို ပွတ်သပ်ရင်း စိတ်တိုနေပုံရသည်။ သူမ၏ညှို့ယူဖျားယောင်းမှုနည်းစနစ်များသည် ဤလူအပေါ်တွင် တစိုးတစိမျှ အလုပ်မဖြစ်သည့်အလားပင်။
“ခဏလေး....မင်းက မြေခွေးညှို့ငင်ကံကြမ္မာကို ကျင့်ကြံနေတာလား”
ကျန်းရွှမ်က ရုတ်တရက် သိရှိသွားသည်။
“ရှင် အဲ့ဒါကို ဘယ်လိုလုပ်ပြီး သိတာလဲ”
ဖုယင်ယင်၏မျက်နှာအမူအယာချက်ချင်း ပြောင်းလဲသွားပြီး ကြောက်ရွံမှုကြောင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။
သူမ၏ကံကြမ္မာသည် ဂရုတစိုက် ကာကွယ်ထားသော လျှို့ဝှက်ချက်တစ်ခုပင်။ သူမ၏နောက် လိုက်အဖြစ် နှစ်ပေါင်းများစွာကြာအောင် နေခဲ့သော လီယွဲ့အန်းပင်လျှင် ဤအကြောင်းကို မသိခဲ့ပေ။ သို့ရာတွင် လင်းပုယန်ကမူ ဤကိစ္စကို စကားတစ်ခွန်းတည်းဖြင့် ခွဲခြားသိမြင်ခဲ့သည်။
“ငါက မင်းရဲ့အခြေခံအုတ်မြစ်ကို သိတယ်...ဒါကြောင့် ငါက မင်းရဲ့အခြေခံအုတ်မြစ်တွေကို ဖော်ထုတ်နိုင်တာ မဆန်းပါဘူး"
ကျန်းရွှမ်က တုံ့ပြန်အဖြေပေးလိုက်သည်။ ထို့နောက် သူသည် သိလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
“မင်းရဲ့ကံကြမ္မာအမျိုးအစားနဲ့ မင်းရဲ့လက်ရှိ ကျင့်ကြံဆင့်ကန့်သတ်ချက်တွေကို ချိုးဖောက်ဖို့ ဘာတွေလိုအပ်လဲ”
ဖုယင်ယင်သည် အချိန်တခဏကြာ တွေဝေတုံ့ဆိုင်းနေပြီးနောက် ဆွဲဆောင်မှုရှိသောအမူအယာဖြင့် သူမ၏မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
“အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေကို ကျွန်မအတွက် အမှုထမ်းပေးဖို့ ညှို့ယူဖျားယောင်းရတယ်...ပစ်မှတ်ရဲ့ ကျင့်ကြံမှု အားကောင်းလေလေ အောင်မြင်မှုရရှိတဲ့ချိန်မှာ ကျွန်မရတဲ့ အကျိုးအမြတ်က ပိုပြီးကြီးမားလေလေပဲ”
“ဒါဆို အဲ့ဒီလိုကိုး…”
ကျန်းရွှမ်က တွေးတောရင်း ဤသည်မှာ သူ၏ ခန့်မှန်းချက်နှင့် ကိုက်ညီသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။
“ဘယ်လိုမျိုးကို အောင်မြင်တဲ့ ညှို့ယူဖျားယောင်းမှုလို့ သတ်မှတ်နိုင်လဲ”
“သူတို့က ကျွန်မကို အကြွင်းမဲ့နာခံဖို့ ဆန္ဒရှိပြီးတော့ ကျွန်မကို သခင်အဖြစ်သတ်မှတ်ပြီး ကျွန်မအမိန့်တိုင်းကို သူတို့ လိုက်နာတဲ့အချိန်မျိုးမှာပဲ”
ဖုယင်ယင်က ရှင်းပြသည်။
ကျန်းရွှမ်က ဆက်လက်၍ မေးမြန်းလိုက်သည်။
“အဲ့ဒါက မင်း မိုရှောင်ရှန်းကို ထိန်းချုပ်ခဲ့ပြီးတော့ သူက လီယွဲ့အန်း ဟန်ဆောင်ထားတာကို မသိခဲ့တဲ့ အကြောင်းအရင်းလား”
ဖုယင်ယင်၏မျက်နှာ ရှက်ရွံ့မှုကြောင့် နီမြန်းသွားသည်။
သူမသည် သူမ၏ ပြိုင်ဘက်ကင်းညှို့ယူဖျားယောင်းမှုနည်းစနစ်များအပေါ် ဂုဏ်ယူခဲ့သော်လည်း ထိုအစား တစ်ဖက်လူ၏လှည့်စားခြင်းကို ခံခဲ့ရလေ၏။
ဖုယင်ယင်၏ရှက်ရွံ့မှုကို လျစ်လျူရှုပြီး ကျန်းရွှမ်က စဥ်းစားတွေးတောကာ ပြောဆိုလိုက်သည်။
“ဒါဆိုရင် တစ်ယောက်ယောက်က မင်းရဲ့အမိန့်ကိုနာခံမယ်လို့ သူ့ရဲ့ပါးစပ်ကနေ သဘောတူခဲ့ရင် သူတို့ တကယ့်ကို စိတ်ရင်းမှန်မှန် မမှန်မှန်အရေးမကြီးဘူးပေါ့....ဒါဆိုရင် ငါ့ကို ညှို့ယူဖျားယောင်းဖို့ ကြိုးစားကြည့်ပါလား...”
“ရှင့်ကို ညှို့ယူဖျားယောင်းရမယ် ဟုတ်လား... ဒါပေမဲ့ အရင်တုန်းက တစ်ခေါက်မှ အလုပ်မဖြစ်ခဲ့ဘူး…”
ဖုယင်ယင်က မျက်မှောင်ကြုတ်လိုက်သည်။
“စမ်းကြည့်ရုံပါပဲ”
ကျန်းရွှမ်က ခိုင်မာပြတ်သားစွာ ပြောဆိုသည်။
ဖုယင်ယင်သည် မလိုလားသော်လည်း ကျန်းရွှမ်၏အနီးသို့ ပို၍နီးကပ်စွာ ရွေ့လျားလာသည်။ သူမ၏ဝတ်ရုံသည် သူမ၏ပခုံးမှ လျှောကျသွားကာ ဆွဲဆောင်မှုရှိသော ကောက်ကြောင်းတစ်ခု ပေါ်လွင်သွားသည်။ သူမ၏အသံ နူးညံပျော့ပျောင်းသွားပြီး မည်သည့် ပုရိသကိုမဆို စိတ်လှုပ်ရှားစေနိုင်သော ညှို့ယူဖျားယောင်းမှု အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
သို့ရာတွင် သူမ အစွမ်းကုန်ကြိုးပမ်းနေသော်လည်း ကျန်းရွှမ်သည် ယခင်အတိုင်း မလှုပ်မယှက် တည်ငြိမ်နေဆဲပင်။
ဖုယင်ယင်သည် လက်လျှော့ရန် ဟန်ပြင်လိုက်စဉ်မှာပင် ကျန်းရွှမ်၏မျက်နှာအမူအယာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူ၏ အကြည့်သည် ခံစားချက်ကင်းမဲ့သွားပြီး တွေဝေမိန်းမောစွာ ရေရွတ်လိုက်သည်။
“သခင်မလေးဖူ...ငါက မင်းအတွက် ဘာမဆို လုပ်ပေးဖို့ ဆန္ဒရှိပါတယ်…”
ဖုယင်ယင် ကြက်သေသေသွားသည်။
သူမ၏ညှို့ယူဖျားယောင်းမှု အောင်မြင်သွားသလော...
သူမ၏နှလုံးခုန်နှုန်း လျှင်မြန်လာပြီး သူမသည် စိတ်လှုပ်ရှားစွာဖြင့် သူမ၏လက်သီးကို ဆုပ်လိုက်၏။
လီယွဲ့အန်းကို လွယ်လင့်တကူ အနိုင်ယူခဲ့ကာ အလွန်အစွမ်းထက်သော လင်းပုယန်သည် ယခုချိန်၌ သူမ၏ညှို့ယူဖျားယောင်းမှုကို ခံနေရသလော....
အကယ်၍ ဤကိစ္စသာ အမှန်ဖြစ်ပါက သူမ၏စွမ်းအားကို မည်သူ ခုခံနိုင်မည်နည်း..
“ရှင်က တကယ်ပဲ ကျွန်မရဲ့အမိန့်ကို နာခံမှာလား.. ကျွန်မအတွက် အမှုထမ်းရတာက မလွယ်ဘူးနော်...ရှင် သိရဲ့လား…”
ဖုယင်ယင်က သူမ၏ညှို့ယူဖျားယောင်းမှုကို အမြင့်ဆုံးသို့ တွန်းပို့လိုက်ပြီး သူမ၏အသံသည် တိုးညှင်းကာ သွေးဆောင်မှုများဖြင့် ပြည့်နှက်နေပေ၏။
သူမ၏ခံစားချက် အထွတ်အထိပ်သို့ ရောက်ရှိစဉ်မှာပင် ကျန်းရွှမ်၏ တိုးညှင်းသောအသံကို သူမ ကြားလိုက်ရသည်။
“စကားများမနေနဲ့...မင်း တိုးတက်လာလားဆိုတာ မြန်မြန်ကြည့်လိုက်အုံး”
ဖုယင်းယင်းသည် မယုံနိုင်ဖြစ်သွားပြီး သူမ၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။
ဒါဆို… သူက အစကတည်းက ဟန်ဆောင်နေခဲ့တာလား....
ဒါတွေအားလုံးရဲ့ အဓိပ္ပာယ်က ဘာလဲ..
သူမသည် စိတ်ပျက်သွားသော်လည်း အခွင့်အရေးကို မဖြုန်းတီးရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူမ၏စွမ်းအားကို လမ်းကြောင်းလွှဲပြီး သူမ၏ကောင်းကင်ကံကြမ္မာနှင့် ချိတ်ဆက်လိုက်၏။
ကောင်းကင်ကံကြမ္မာစွမ်းအင်စီးကြောင်းတစ်ခုသည် သူမအပေါ်သို့ ချက်ချင်းဆင်းသက်လာသည်။
“တကယ့်ကို အလုပ်ဖြစ်တာပဲ”
ကျန်းရွှမ်၏မျက်လုံးများ တောက်ပသွားပြီး သူသည် ထိုစွမ်းအင်ကို လောဘတကြီး စုပ်ယူလိုက်သည်။
ဤသည်မှာ စွမ်းအင်ပမာဏကြီးမားခြင်း မရှိသော်လည်း စွမ်းအင်တန်းတစ်ခုစီတိုင်း အရေးပါသည်။ အသေးငယ်ဆုံးသော အမြတ်အစွန်းသည်ပင် သူ့အတွက် တန်ဖိုးရှိပေ၏။
သို့ရာတွင် စွမ်းအင်စီးကြောင်းများ လျော့နည်းသွားချိန်၌ ကျန်းရွှမ်က ဖုယင်ယင်ကို လှည့်ကြည့်လိုက်သည်။
“ငါကို ဆက်ပြီး ညှို့ယူဖျားယောင်းပါ... ငါတို့ အဲ့ဒီလို ထပ်ပြီးလုပ်ဖို့ လိုအပ်တယ်”
ဖုယင်ယင်သည် မလိုလားသော်လည်း ဖိအားပေးခံရသောကြောင့် သူမ၏ညှို့ယူဖျားယောင်းမှုကို ဆက်လက်၍လုပ်ဆောင်ခဲ့သည်။ သူမ၏ ခန္ဓာကိုယ်သည် ပင်ပန်းနွမ်းနယ်မှုကြောင့် တုန်ရီနေကာ သူမ၏စွမ်းအားများအားလုံးကို ညှို့ယူဖျားယောင်းရန် ကြိုးပမ်းမှုထဲသို့ ထည့်သွင်းလိုက်၏။
တစ်ချိန်တည်းမှာပင် ကျန်းရွှမ်က လိုက်ပါကစားပေးပြီး ထပ်ခါတလဲလဲ ဦးညွှတ်လိုက်သည်။
“ငါက မင်းအတွက် ဘာမဆို လုပ်ပေးဖို့ ဆန္ဒရှိပါတယ်…”
ဤဖြစ်စဉ်ကို ခုနစ်ကြိမ် ရှစ်ကြိမ်ခန့် ထပ်ခါထပ်ခါ ပြုလုပ်ပြီးနောက် ဖုယင်ယင်၏ခန္ဓာကိုယ်တွင် ချွေးများစိုရွှဲသွားကာ နောက်ဆုံး၌ သူမ လဲကျသွားသည်။ သူမ၏ ကျင့်ကြံဆင့်စွမ်းအားသည် အကန့်အသတ်ထိရောက်အောင် ထုတ်ဖော်အသုံးပြုခဲ့ရသဖြင့် သူမ၏ပါးစပ်မှ သွေးများအန်ထုတ်လိုက်ရပြီး သူမ၏ခန္ဓာကိုယ် တုန်ခါသွားသည်။
ကျန်းရွှမ်ကိုကြည့်ရသည်မှာ အနေခက်နေပုံပင်။
“ကောင်းပြီလေ....ဒါက စမ်းကြည့်ရကျိုးနပ်တယ်လို့ ငါ ထင်တယ်”
သူသည် တီးတိုးရေရွတ်လိုက်ပြီး ကောင်းကင်ဘုံကံကြမ္မာစွမ်းအင်တန်း သုံးထောင်ကျော် ရရှိလာမှုကို သူ အံ့အားသင့်နေသည်။
ဖုယင်ယင်အတွက်မူ ထိုဒုက္ခသည် အိပ်မက်ဆိုးတစ်ခု ဖြစ်လာပေ၏။
“ရှင် ဘာတွေ လုပ်နေတာလဲ"
ဖုယင်ယင်က သူ့ကို စိုက်ကြည့်ရင်း မေးမြန်းလိုက်သည်။ သူမ၏အသံသည် စိတ်ပျက်အားငယ်မှုကြောင့် တုန်ယင်နေပြီး သူမ ပါးစပ်ကို သုတ်လိုက်သည်။ သူမ၏အင်္ကျီလက်ပေါ်မှ သွေးများသည် သူမ ညှို့ယူဖျားယောင်းမှုရန် ကြိုးပမ်းမှု မအောင်မြင်ခြင်းမှ တန်ပြန်သက်ရောက်မှု၏သက်သေပင်။။
ကျန်းရွှမ်က စိတ်လှုပ်ရှားစွာဖြင့် ရယ်မောပြီး သူ၏ ခေါင်းကို ကုတ်လိုက်သည်။
“ဘာမှမဟုတ်ပါဘူး... ငါ စမ်းသပ်ချင်တဲ့ ကိစ္စလေးတစ်ခုပါပဲ အခု အဲ့ဒါက ဘယ်လိုအလုပ်လုပ်လဲဆိုတာ ငါ သိသွားပြီ”
သူသည် ရှည်ရှည်ဝေးဝေး ရှင်းပြခြင်း မပြုခဲ့ချေ။ သူ ရှင်းပြခဲ့လျှင်ပင် သူမသည် သူ့ကို ယုံကြည်နိုင်မည် မဟုတ်ပေ။
ပုံမှန်အားဖြင့် ကွဲပြားခြားနားသော ကံကြမ္မာများနှင့်ချိတ်ဆက်ထားသော ကောင်းကင်ကံကြမ္မာစွမ်းအင်သည် သူတို့၏ပိုင်ရှင်အတွက်သာ သီးသန့်ဖြစ်သည်။ သို့ရာတွင် သူ၏ကောင်းကင်ဘုံစာကြည့်တိုက်ကြောင့် ကျန်းရွှမ်သည် စနစ်ထဲ၌ လမ်းလျှောက်နေသော bug တစ်ကောင်ကဲ့သို့ ဖြစ်နေပြီး မည်သည့်ကံကြမ္မာစွမ်းအင်ကိုမဆို သူ၏ကိုယ်ပိုင်ကဲ့သို့ စုပ်ယူနိုင်သည်။
ဤစွမ်းရည်သည် သာမန်သဘောတရားများအားလုံးကို ဆန့်ကျင်နေလေရာ ဖုယင်ယင်သည် ထိုကဲ့သို့ အဓိပ္ပာယ်မဲ့သော အမှန်တရားကို လက်ခံနိုင်မည် မဟုတ်ချေ။
သူတို့နှစ်ယောက် ရထားလုံးအတွင်းတွင် သူတို့၏ ထူးခြားသော "စမ်းသပ်မှု" ကို ပြုလုပ်နေစဉ်၌ အပြင်ဘက်ရှိ လီယွဲ့အန်းသည် မျက်ရည်များ ယိုစီးကျလုနီးပါးပင်။
သူသည် တစ်ကြိမ်တစ်ခါမျှ ဤမျှထိ အရှက်ရခဲ့ဖူးခြင်းမရှိချေ။
အစပိုင်းတွင် သူ၏တိုးတက်မှုသည် လင်းပုယန်ကို သတ်ဖြတ်နိုင်မည်ဟု ယုံကြည်ခဲ့သော်လည်း သူသည် ယခုအချိန် ယခင်က အသုံးမကျသူတစ်ဦးအတွက် ရထားလုံးမောင်းသမားတစ်ဦးအဖြစ် ပြုမူနေရသည်။
ထို့ထက်ပို၍ဆိုးရွားသည်မှာ မြင်းရထားအတွင်းတွင် “အာ့ အား"ဟူသည့် ထူးဆန်းသော ညည်းညူသံများဖြင့် ပြည့်နှက်နေပြီး သူ၏ ခေါင်းကို ချာချာလည်စေသည်။
သူသည် အကြီးအကဲလင်း ကာမဂုဏ်လိုက်စားသည်ဟူသော ကောလာဟလများကို အစဥ်အမြဲကြားခဲ့ဖူးသော်လည်း ဤမျှအဆင့်ထိ အရှက်မဲ့မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့ပေ။
သူသည် ထိုကဲ့သို့ အရာတစ်ခုကို လမ်းပေါ်တွင် ပြုလုပ်ခဲ့သလော..
ဤသည်မှာ သင့်တင့်လျောက်ပတ်မှုရှိမရှိကို သူ စိုးရိမ်ပူပန်ခြင်း မရှိသလော...
လီယွဲ့အန်းသည် လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ အသံများကို တားဆီးရန် ကြိုးစားပြီး ရထားလုံးမောင်းနှင်ခြင်းကို အာရုံစိုက်လိုက်သည်။
သို့ရာတွင် သူ၏ရှက်ရွံမှု ပို၍ဆိုးရွားလာသည်။ သူ ကြိမ်လုံးတစ်ချက် ရိုက်နှက်တိုင်း သူ၏ ဂုဏ်သိက္ခာကို တစ်ချက်ရိုက်ခတ်သကဲ့သို့ ခံစားရလေ၏။