← Chapters

ဗာဂျရာအကာအကွယ် အဆောင်လက်ဖွဲ့

Vol. 13 Ch. 187

ဗာဂျရာအကာအကွယ် အဆောင်လက်ဖွဲ့

Vol. 13 Ch. 187

ရထားလုံးသည် လျင်မြန်စွာ မောင်းနှင်ခဲ့ပြီး တစ်နာရီအကြာတွင် ခြံဝန်းတစ်ခု၏တံခါးဝ၌ ရပ်တန့်သွားသည်။

လီယွဲ့အန်းက ပြောဆိုလိုက်သည်။

“အရှင်လင်း.... အကြီးအကဲဖုန်းနဲ့ ကျွန်တော် တွေ့ဆုံဖို့ သဘောတူခဲ့တဲ့ နေရာက ဒီမှာပါ”

ကျန်းရွှမ်က ရှေ့သို့ တစ်ချက်ကြည့်လိုက်သည်။

ဤသည်မှာ ရိုးရှင်းသောအိမ်တစ်လုံးဖြစ်ပြီး တံခါးများသည် အခိုင်အမာ ပိတ်ထားသည်။ ခြံဝင်းအတွင်းတွင် တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သည့်သက်ရှိအရိပ်အယောင်မျှ မရှိချေ။

“တကယ်လို့ ငါ့ရဲ့ ခန့်မှန်းချက် မှန်တယ်ဆိုရင် ဒါက မင်းရဲ့အိမ် မဟုတ်လား”

ကျန်းရွှမ်က မှတ်ချက်ပြုလိုက်သည်။

“အမှန်ပဲ...”

လီယွဲ့အန်းက ခေါင်းညိတ်လိုက်၏။

ကျန်းရွှမ်က ခပ်ဖျော့ဖျော့ ပြုံးပြီး နောက်ထပ် မှတ်ချက်ပေးခြင်းမှ ရှောင်ကြဉ်လိုက်သည်။ ထိုအစား သူသည် သူ၏နံဘေးရှိ အမျိုးသမီးကို လှည့်ကြည့်လိုက်သည်။

“မင်း ဝင်မှာလား”

“အင်း...."

ဖူယင်းယင်းက မဆိုင်းမတွ တုံ့ပြန်အဖြေပေးလိုက်သည်။ သူမသည် ဤနေရာသို့ ရောက်နှင့်ပြီးဖြစ်သဖြင့် ပြင်ပ၌ စောင့်ဆိုင်းခြင်းသည် ရွေးချယ်စရာတစ်ခု မဟုတ်ချေ။

“ဒါဆို ရှေ့ကသွားပါ”

ကျန်းရွှမ်က လက်ဟန်ပြလိုက်သည်။ သူသည် သူမ၏နောက်မှ လိုက်ပါရင်း ခြံဝန်းထဲသို့ ဝင်ရောက်ခဲ့သည်။

ဤခြံဝန်းသည် သေးငယ်သော်လည်း စေ့စပ်သေချာစွာထိန်းသိမ်းထားပြီး ပေါင်းပင်များ ကင်းမဲ့နေသည်။ လီယွဲ့အန်းသည် ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရှုပြီးနောက် ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် အလျင်အမြန် လှမ်းလိုက်သည်။ ကျန်းရွှမ်နှင့်ဖုယင်ယင်တို့ အာရုံမစိုက်နေသည်ကို မြင်ချိန်၌ သူသည် သူ၏ လက်ဝါးကို ကျောက်တိုင်တစ်ခုပေါ်သို့ ဖိကပ်ပြီး ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။

ဝှစ်....

ဝှစ်ခနဲအသံတစ်သံနှင့်အတူ ခြံဝင်းအတွင်း၌ မြူများ မြင့်တက်လာပြီး အားကောင်းသော စွမ်းအင်လှိုင်းတစ်ရပ်က ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို ဖုံးလွှမ်းသွားသည်။

“ဝင်္ကပါတစ်ခု ရှိတယ်....ဒါက မကောင်းတော့ပု"

ဖုယင်ယင်၏မျက်နှာအမူအယာ ပျက်ယွင်းသည်။

ဤဝင်္ကပါသည် နတ်ဘုရားဝိညာဉ်နယ်ပယ် ကျင့်ကြံသူတစ်ဦးကို ထိခိုက်စေလောက်အောင် အားမကောင်းသော်လည်း သိသာထင်ရှားသော အနှောင့်အယှက်တစ်ခုကို ဖန်တီးနိုင်သည်။ ထိပ်သီးကျင့်ကြံသူများကြားရှိ တိုက်ပွဲများတွင် အသေးငယ်ဆုံးသော အနှောက်အယှက်ကပင် သေစေနိုင်သည်။

“ခုမှ အဲ့ဒါကိုသိတာ အရမ်းနောက်ကျသွားပြီ… အကြီးအကဲဖုန်း....ငါ သဘောတူထားတဲ့အတိုင်း လင်းပုယန်ကို ခေါ်လာခဲ့ပြီ...ငါတို့ရဲ့ သဘောတူညီချက် ပြီးဆုံးသွားပြီ.. ကျန်တာက မင်းအပေါ်မှာ မူတည်တယ်”

လီယွဲ့အန်းက အေးစက်စက်ပြောလိုက်ပြီး သူ၏ယခင်က နာခံရို့ကျိုးသောအမူအယာအတွင်းတွင် ပြတ်သားပြီး ရက်စက်သော အမူအယာဖြင့် အစားထိုးခံလိုက်ရသည်။ လေလွင့်ကျင့်ကြံသူတစ်ဦးဖြစ်သည့်တိုင် သူ၏လက်ရှိကျင့်ကြံဆင့်သို့ ရောက်ရှိနေခြင်းသည် ရိုးရှင်းသောအကျင့်စရိုက်ရှိသူတစ်ဦး လုပ်ဆောင်နိုင်သည့်အရာ မဟုတ်ချေ။

ဝှစ်....

သူ၏သစ္စာဖောက်မှုကို တုံ့ပြန်သည့်အလား ကောင်းကင်ကံကြမ္မာစွမ်းအင်စီးကြောင်းများက လီယွဲ့အန်းထဲသို့ စီးဝင်သွားသည်။ ဤသည်မှာ အနည်းငယ်မျှသာ ဖြစ်သော်လည်း ထိုအရာများသည် ယခင်က ကုန်ခမ်းသွားသော သူ၏စွမ်းအားများကို အနည်းငယ် ပြန်လည်ရရှိစေခဲ့သည်။

“မင်း ကောင်းကောင်း လုပ်ခဲ့တယ်... သဘောတူညီချက်အတိုင်း သူ သေဆုံးပြီးတဲ့နောက်မှာ ဆုကြေးငွေတွေအားလုံး မင်းအတွက် ဖြစ်လာလိမ့်မယ်… ဒါပေမဲ့ သူ့ကို သတ်ဖြတ်တဲ့ နာမည်ဆိုးကိုတော့ မင်းခံယူရလိမ့်မယ်”

အသံတစ်သံ ပဲ့တင်ထပ်လာပြီး အိမ်တံခါးများ ပွင့်သွားသည်။

ထို့နောက် ဆယ်နှင့်ချီသောပုံရိပ်များသည် လမ်းကြောင်းအသီးသီးမှ ထွက်ပေါ်လာပေ၏။ သူတို့ကို ဦးဆောင်နေသည်မှာ အေးစက်ပြီး ခံစားချက်ကင်းမဲ့သော အကြည့်ရှိသောလူတစ်ယောက်ဖြစ်သည်။ ဤသည်မှာ အကြီးအကဲ ဖုန်းကျောက်ထင်ဖြစ်ပြီး ဒုတိယခန်းမဆောင်သခင်နေရာအတွက် လင်းပုယန်နှင့် ပြိုင်ဆိုင်နေသူပင်။

ကျန်လူများသည်လည်း အားနည်းသူများ မဟုတ်ပေ။ သူတို့အနက်မှ အားအနည်းဆုံးလူသည် ကျောက်စိမ်းအရိုးနယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင်ရှိပြီး လူအများသည် ဖုယင်ယင်ကဲ့သို့ နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် အထွတ်အထိပ်အဆင့်တွင် ရှိနေကြသည်။

ဤလူများသည် အကြီးအကဲဖုန်းမှ တိတ်တဆိတ် ပြုစုပျိုးထောင်ခဲ့သော အင်အားစုများ ဖြစ်ပေ၏။ ယခုချိန်၌ သူတို့အားလုံးသည် လင်းပုယန်ကို ဖယ်ရှားရန်အတွက် အသုံးချခံနေရသည်။

“ကောင်းပြီလေ”

လီယွဲ့အန်းက လှောင်ပြောင်ရယ်မောလိုက်သည်။

“မင်း သူ့ကို သတ်ပြီးရင် အလောင်းကို ငါ့ဆီပေးပါ...ငါက သူ့ကို အပိုင်းပိုင်း ခုတ်ထစ်ပြီး ငါးစာ ကျွေးပစ်မယ်”

“စိတ်ချပါ”

ဖုန်းကျောက်ထင်က ခေါင်းညိတ်ပြပြီး တုံ့ပြန်အဖြေပေးသည်။

လီယွဲ့အန်းက ထပ်မံ၍ ပြောဆိုသည်။

“အကြီးအကဲဖုန်း သတိထားပါ...သူ့ရဲ့စွမ်းအားက မင်း ပြောခဲ့သလို မဟုတ်ဘူး....ငါတောင် သူ့ကို မယှဉ်ပြိုင်နိုင်ခဲ့ဘူး”

“ဒါဆိုရင်တောင် ဘာဖြစ်လာမှာ မလို့လဲ...ဒီဝင်္ကပါနဲ့ ငါတို့ဘက်က လူအရေအတွက်နဲ့ဆိုရင် သူ ဒီနေ့ သေဆုံးဖို့ ကံကြမ္မာပါလာပြီ”

ဖုန်းကျောက်ထင်က ကျန်းရွှမ်ကို လှောင်ပြောင်သရော်လိုက်ပြီး အားကောင်းသော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။ သူ၏ နောက်ကွယ်တွင် တောင်ကဲ့သို့ ခိုင်မာတောင့်တင်းသော ကြီးမားသည့် ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။

“ဓမ္မရုပ်သွင်ထင်ဟပ်ခြင်းနယ်ပယ်လား”

ဖုယင်ယင်၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။

ဤလူသည်လည်း ကျင့်ကြံဆင့် မြင့်တက်သွားခဲ့လေပြီ။

အစပိုင်းတွင် သူမသည် လင်းပုယန်၏ အခြေအနေကို ကိုင်တွယ်နိုင်စွမ်းအပေါ် ယုံကြည်မှုရှိခဲ့သည်။ ယခုချိန်တွင်မူ သူမ၏ ယုံကြည်ချက်များ ယိမ်းယိုင်သွားသည်။ ဓမ္မရုပ်သွင်ထင်ဟပ်ခြင်းနယ်ပယ် ကျင့်ကြံသူများကြားတွင်ပင် ဖုန်းကျောက်ထင်ကဲ့သို့ တရားဝင် သင်ကြားမှုများ ရရှိသူများသည် လီယွဲ့အန်းကဲ့သို့ လေလွင့်ကျင့်ကြံသူများထက် များစွာသာလွန်သည်။

“မင်း မမျှော်လင့်ထားဘူး မဟုတ်လား... မင်းက ငါ့ရဲ့ ဆေးလုံးတစ်ခြမ်းကို လုယူသွားတာတောင် ငါက တိုးတက်လာခဲ့တယ်”

ဖုန်းကျောက်ထင်က သူ၏ဓမ္မရုပ်သွင်ကို ဖော်ပြရင်း လှောင်ပြောင်လိုက်သည်။

“ငါ မျှော်လင့်မထားမိဘူး....ဒါပေမဲ့ ဒါက အရေးမကြီးပါဘူး”

ကျန်းရွှမ်က ပေါ့ပေါ့ပါးပါး တုံ့ပြန်အဖြေပေးလိုက်သည်။

ဖုန်းကျောက်ထင်၏မျက်နှာသည် ဤပမာမခန့် တုံ့ပြန်မှုကြောင့် သုန်မှုန်သွားပေ၏။

“အရေးမကြီးဘူး ဟုတ်လား... မောက်မာထောင်လွှားတဲ့ အရူးကောင်... မင်း သေခြင်းနဲ့ ရင်ဆိုင်နေရချိန်မှာ အဲ့ဒီသဘောထားကို ဘယ်လောက်ထိကြာကြာ ထိန်းထားနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့”

ထို့နောက် သူသည် ဖုယင်ယင်ကို လှည့်ကြည့်ပြီး ကမ်းလှမ်းလိုက်သည်။

"သခင်မလေးဖု...မင်းက သူနဲ့အတူ ရှိနေလိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး... ငါ မင်းကို ရွေးချယ်စရာတစ်ခု ပေးမယ်..ငါတို့ သူ့ကို သတ်ဖြတ်တဲ့နေရာမှာ မင်း ကူညီပေးပါ...ဒါဆိုရင် ငါက မင်းကို ရင်းမြစ်ဒင်္ဂါးတစ်သန်း တန်ဖိုးရှိတဲ့ မှောင်ခိုဈေးကပစ္စည်းတွေနဲ့ ဆုချမယ်... အဲ့ဒီလိုမဟုတ်လို့ကတော့ ငါ့ကိုရက်စက်တယ်လို့ အပြစ်မတင်ပါနဲ့”

“ရှင်က ကျွန်မ သဘောမတူခဲ့ရင်... ကျွန်မကိုလည်း သတ်ပစ်မယ်လို့ ဆိုလိုတာလား”

ဖုယင်ယင်၏မျက်နှာ ဒေါသကြောင့် နီမြန်းသွားသည်။

သူမသည် လင်းပုယန်နှင့်မိုရှောင်ရှန်းတို့ ရှိနေသဖြင့် လီယွဲ့အန်းကို အနိုင်ယူခြင်းသည် ရိုးရှင်းသော တာဝန်တစ်ခု ဖြစ်မည်ဟု ယူဆခဲ့သည်။ ဤကိစ္စသည် သူမ၏ နာမည်ဂုဏ်သတင်းကိုပင် မြှင့်တင်ပေးနိုင်ပေမည်။ သို့ရာတွင် သူမသည် ဤသစ္စာဖောက်မှုကို မမျှော်လင့်ခဲ့သည့်သပြင် ဖုန်းကျောက်ထင်၏အင်အားစုများဖြင့် ဝန်းရံခံရမည်ကိုလည်း တွေးထင်မထားခဲ့ချေ။

သူမထံ၌ ဆုတ်ခွာရန်ပင် ရွေးချယ်ပိုင်ခွင့် မရှိတော့ချေ။

ဖုန်းကျောက်ထင်က ရယ်မောလိုက်သည်။

“သခင်မလေးဖု...မင်း နားလည်မှုလွဲနေပြီ... လင်းပုယန်နဲ့ လီယွဲ့အန်းတို့က မင်းကို အရင်ဆုံး သတ်ပစ်ပြီးမှ တစ်ယောက်နဲ့တစ်ယောက် ရင်ဆိုင်တိုက်ခိုက်ကြမှာ....ဒီကိစ္စကို သက်သေပြဖို့ အသက်ရှင်ကျန်ရစ်သူက တစ်ယောက်တည်းပဲ ကျန်ခဲ့မှာပါ...ငါကတော့ အဲ့ဒီအချိန်မှာ ကံကြမ္မာခန်းမဆောင်မှာ ကျင့်ကြံနေတယ်ဆိုတာ လူတိုင်းက မြင်ကြလိမ့်မယ်”

ဖုယင်ယင်က သူမ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။ သူတို့နှင့် ပူးပေါင်းခြင်းသည် သူမကိုယ်သူမ သူတို့၏မဟာမိတ်များအနက်မှ တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်းဟု ဆိုလိုသည်။ အကယ်၍ သူမ ငြင်းပယ်ပါက သူတို့၏ဒေါသများကို မလွဲမသွေ ဖြစ်ပေါ်စေပေလိမ့်မည်။

သူမသည် လင်းပုယန်ကို လှည့်ကြည့်လိုက်ရာ သူသည် တည်ငြိမ်နေပြီး ပြုံးရွှင်နေသည်ကိုပင် တွေ့မြင်မိသည်။

“မင်း ဆုံးဖြတ်ပါ...ငါနဲ့အတူ နေရင် မင်း သေသွားနိုင်တယ်...သူတို့နဲ့ ပူးပေါင်းရင် မင်း အသက်ရှင်နိုင်တယ်”

သူက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။

အချိန်ခဏတာကြာ တုံ့ဆိုင်းပြီးနောက် ဖုယင်ယင်သည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး သူ့ကို တည်ကြည်ပြတ်သားစွာ ကြည့်လိုက်၏။

“အစောပိုင်းက တံခါးဝမှာ..ရှင် ကျွန်မကို ဝင်သွားချင်သလားလို့ မေးတုန်းက...ဒီနေရာမှာ အန္တရာယ်ရှိတယ်ဆိုတာ ရှင် သိနှင့်ပြီးသားလား”

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

“မင်းက တခြား ဘာထင်ခဲ့လို့လဲ”

“အဲ့ဒီလိုဆိုရင် ကျွန်မ ရှင်နဲ့အတူ နေမယ်....ကျွန်မရဲ့စွမ်းအားက ရှင်နဲ့မယှဉ်နိုင်ပေမဲ့ ကျွန်မမှာ ပစ္စည်းကောင်းတွေ အများကြီးရှိတယ်...ဒါတွေနဲ့ ဝင်္ကပါကို ချိုးဖျက်ပြီး ကျွန်မတို့ ထွက်ပြေးလို့ရနိုင်တယ်”

သူမက အဆောင်လက်ဖွဲ့များကို ထုတ်ယူရင်း ပြောဆိုလိုက်သည်။

“ကမ်းလှမ်းတာကို ငြင်းပယ်ပြီးတော့ သေဖို့ကို တောင်းဆိုနေတာပါလား"

ဖုန်းကျောက်ထင်၏မျက်နှာအမူအယာ တင်းမာခက်ထန်သွားသည်။

“တိုက်ခိုက်ကြစမ်း...”

သူ၏အမိန့်အရ ပတ်ဝန်းကျင်ရှိလူများ ရှေ့သို့ ပြေးဝင်၍ တိုက်ခိုက်လိုက်ကြသည်။ ထိုလူများကို ဦးဆောင်နေသည်မှာ အားကျူးမှလွဲ၍ တခြားလူ မဟုတ်ချေ။ ယခုအချိန်၌ ချည်မျှင်တစ်ထောင် ကောင်းကင်ကံကြမ္မာနည်းစနစ်၏အောက်တွင် သူသည် ခံစားချက်ကင်းမဲ့သော သတ်ဖြတ်ခြင်းစက်တစ်ခု ဖြစ်နေပေ၏။

ဝှစ်....

ဝင်္ကပါ အသက်ဝင်လာပြီး ရင်းမြစ်စွမ်းအားများ မြင့်တက်လာသည်။ အချိန်တခဏအတွင်းမှာပင် လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအားတစ်ရပ်က ကျန်းရွှမ်နှင့်ဖုယင်ယင်တို့ နှစ်ဦးလုံးကို လွှမ်းခြုံသွားသည်။

ဖုယင်ယင်သည် အဆောင်လက်ဖွဲ့တစ်ခုကို လျင်မြန်စွာ ထွန်းညှိလိုက်ပြီး သူမတို့၏နံဘေးပတ်လည်တွင် စက်ဝိုင်းပုံဒိုင်းတစ်ခုကို ဖန်တီးလိုက်၏။ ထိုဒိုင်း၏ကာကွယ်ပေးမှုအတွင်းတွင် ဝင်္ကပါ၏သက်ရောက်မှုများ လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။

ဤအဆောင်လက်ဖွဲ့များကို ဓမ္မရုပ်သွင်နယ်ပယ်ကျင့်ကြံသူများမှ ရေးဆွဲထားပြီး မယုံနိုင်လောက်အောင် တန်ဖိုးရှိသည်။ လူအများစုသည် ထိုအရာများကို အသုံးပြုရန် တွေဝေတုံ့ဆိုင်းကြမည်ဖြစ်သော်လည်း ဖုယင်ယင်က မျက်တောင်တစ်ချက်မခတ်ခဲ့ပေ။ မှောင်ခိုစျေး၏အရှင်သခင်တစ်ဦးအဖြစ် သူမ၏ လက်ဝယ်၌ရှိသော အရင်းအမြစ်များသည် ကံကြမ္မာခန်းမဆောင်၏အကြီးအကဲ လင်းပုယန်ကဲ့သို့ လူများထက်ပင် ပို၍သာလွန်သည်။

“ဗာဂျရာအကာအကွယ် အဆောင်လက်ဖွဲ့လား ...မဆိုးဘူး...ဒါပေမဲ့ မင်းတို့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့”

ဖုန်းကျောက်ထင်က လှောင်ပြောင်ရယ်မောလိုက်ပြီး သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်သည်။ ဆယ်နှင့်ချီသောချည်မျှင်များသည် ရှေ့သို့ပျံ့လွင့်သွားပြီး နောက်ထပ်ပုံရိပ်ဆယ်ခုကျော်ကို တိုက်ပွဲထဲသို့ ဆွဲသွင်းလိုက်၏။

ဤပုံရိပ်များသည် အားကျူးကဲ့သို့ ဝိညာဉ်မဲ့ သတ်ဖြတ်ခြင်းစက်များပင်။

“ယုဖေးနဲ့ရှောင်ယင်းလား...”

ကျန်းရွှမ်၏မျက်နှာ သုန်မှုန်သွားသည်။

ဤလူများအနက် သူ ရင်းနှီးသော မျက်နှာများ ပါဝင်နေသည်။ သတ်ဖြတ်ခြင်းခံခဲ့ရပြီး သင်္ဂြိုဟ်ပြီးဖြစ်သော လူနှစ်ဦး၏ အလောင်းများသည် ယခုအချိန်၌ ဖုန်းကျောက်ထင်၏ ချည်မျှင်တစ်ထောင်နည်းစနစ်အောက်တွင် ရုပ်သေးများ ဖြစ်နေကြသည်။ သုံးနှစ်အရွယ် ကလေးငယ် ရှောင်ကျိုးပင်လျှင် ဤရွံရှာဖွယ်ရာများအနက်မှ တစ်ခုအဖြစ် ပြောင်းလဲခံခဲ့ရသည်။

ကျန်းရွှမ်၏စိတ်အတွင်းတွင် ဒေါသများ ပွင့်အံ့ထွက်လာသည်။ သူ၏စိတ်သည် သူ ပထမဆုံးအကြိမ် ထိုလူသုံးဦးနှင့် ကြုံတွေ့ခဲ့သော မြင်ကွင်းသို့ ပြန်လည်ရောက်ရှိသွားပေ၏။

“မင်းတို့ ဘာမှအမှားမလုပ်ခဲ့ဘူး ..မင်းတို့ရဲ့ တစ်ခုတည်းသောအမှားက ဒီလောကကြီးထဲမှာ မွေးဖွားလာခဲ့တာပဲ..မင်းတို့ စိတ်မပူပါနဲ့...ငါက မင်းတို့ရဲ့ ငွေကို ယူခဲ့တယ်...ဒါကြောင့် ငါ မင်းတို့အတွက် လက်စားချေပေးမယ်...ဖုန်းယိကျိုးက အစပဲ ရှိသေးတယ်....ဖုန်းကျောက်ထင်နဲ့ သူ့ရဲ့ ယွင်ရှန်းခန်းမ ကျဆုံးသွားလိမ့်မယ်”

သူ၏အကြည့်သည် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒဖြင့် စူးရှလာပေ၏။

သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ မြင့်တက်လာသည်နှင့်အမျှ ကျန်းရွှမ်သည် ရှေ့သို့ တိုးလိုက်ပြီး သူ၏လက်သီးများကို တင်းကြပ်စွာဆုပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ရုပ်သေးများ၏ ပြင်းထန်သောတိုက်ခိုက်မှုများသည် ဗာဂျရာအကာအကွယ် အဆောင်လက်ဖွဲ့၏ ကာကွယ်မှုကို စတင်၍ပျက်စီးသွားစေသည်။ တောက်ပနေသော အကာအကွယ်သည် တဖြည်းဖြည်း ပါးလွှာလာပြီး ကြေမွှပျက်စီးလုဆဲဆဲ ဖြစ်နေလေပြီ။

“ငါတို့ ဒါကို မလိုအပ်တော့ဘူး”

ကျန်းရွှမ်က တည်ငြိမ်စွာ ပြောဆိုလိုက်ပြီး ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။

သူ ရွေ့လျားလိုက်သည်နှင့် အကာအကွယ်သည် တဖျပ်ဖျပ်လင်းလက်ပြီး ပျက်စီးသွားကာ သူတို့အပေါ်သို့ ဝင်္ကပါ၏ဖိအား အပြည့်အဝသက်ရောက်လာသည်။ ဖူယင်းယင်း၏မျက်နှာ ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားသည်။

“သတိထား....”

သူမ၏သတိပေးချက် မဆုံးမီမှာပင် ကျန်းရွှမ်က လှုပ်ရှားလိုက်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ရုပ်သေးများအနက်မှ တစ်ခု၏အထက်သို့ ရောက်ရှိနေခဲ့သည်။ လက်သီးတစ်ချက်တည်းဖြင့် သူသည် ထိုရုပ်သေးကို ဖျက်ဆီးပစ်လိုက်ပြီး အကြွင်းအကျန်များကို လွင့်စင်သွားစေသည်။ လေထုအတွင်းတွင် အသွေးအသားနှင့်အရိုးအစအနများ ပျံ့လွင့်သွားသည်။

အချိန်တခဏမျှပင် မရပ်တန့်ဘဲ ကျန်းရွှမ် နောက်သို့လှည့်ပြီး သူ၏တံတောင်ဆစ်ဖြင့် နောက်ထပ်ရုပ်သေးတစ်ခုကို ထိုးနှက်ကာ သူ၏ဒူးသည် တတိယရုပ်သေးထံသို့ ရောက်ရှိသွားပေ၏။ သူ၏တိုက်ခိုက်မှုတိုင်းသည် တိကျပြီး ဖျက်ဆီးအားပြင်းကာ တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးမချန်ထားခဲ့ချေ။ သူ၏လက်နောက်တွင် ထက်ရှသောအားလှိုင်းတစ်ရပ် လိုက်ပါလာပြီး ဓားသွားကဲ့သို့ အရှိန်အဝါတစ်ရပ် ရှေ့သို့မြင့်တက်လာကာ စတုတ္ထရုပ်သေးကို အချိန်တခဏအတွင်းမှာပင် ထက်ပိုင်းခြမ်းလိုက်သည်။

ကျန်းရွှမ်၏တိုက်ခိုက်မှုများသည် ပြင်းထန်ပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည်။ တိုက်ခိုက်မှုတိုင်းတွင် ကောင်းကင်ကံကြမ္မာစွမ်းအင်များ သူ့ထံသို့ ပို၍စီးဝင်လာသည်။ ဤသည်မှာ မိုတောက်စွမ်းအင်စီးကြောင်း၏ ဓားမကြီးနည်းစနစ်အပေါ် သူ၏ ကျွမ်းကျင်မှုကို ပို၍နက်ရှိုင်းစေသည်။ သူ၏လှုပ်ရှားမှုတိုင်းတွင် နက်နဲသိမ်မွေ့သော မိုတောက်စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းသည် လက်နက်တစ်ခု ဖြစ်လာသည့်အလားပင်။

အချိန်တခဏအတွင်းမှာပင် ကျန်းရွှမ်သည် ရုပ်သေးအမြောက်အများကို ချေမှုန်းနိုင်ခဲ့သည်။ နောက်ဆုံးကြွင်းကျန်သော ယုဖေး ရှောင်ယင်းနှင့်ရှောင်ကျိုတို့ကိုမူ သူ၏ လက်ဖြင့် ပေါ့ပေါ့ပါးပါး ဖိချလိုက်ရုံဖြင့် မြေပြင်ပေါ်သို့ လဲကျသွားပြီး နောက်ထပ် မရွေ့လျားနိုင်တော့ချေ။

“ဒါက…”

ဖုယင်ယင် မှင်သက်သွားသည်။ သူ့နှင့်ပူးပေါင်းခြင်းသည် စွန့်စားမှုတစ်ခုဟု သူမ ယုံကြည်ခဲ့သော်လည်း ယခုအချိန်၌ သူ့ကို သစ္စာဖောက်ခြင်းသည် သေလမ်းရှာခြင်းဖြစ်မည်မှာ သိသာထင်ရှားသည်။

“ဒါက ဖုန်းယိကျိုးကို လူအများရဲ့ရှေ့မှာ အနိုင်ယူခဲ့တဲ့ စွမ်းအားပဲ…”

ဖုယင်ယင်က တီးတိုးရေရွတ်လိုက်ပြီး သူမ၏ နဖူးပေါ်တွင် ချွေးစေးများစို့လာသည်။

အဝေးတစ်နေရာတွင်ရှိနေသော ဖုန်းကျောက်ထင်၏မျက်နှာ ပို၍သုန်မှုန်သွားသည်။ သူသည် လင်းပုယန် သန်မာအားကောင်းမည်ဟု မျှော်လင့်ထားပြီးဖြစ်သည်။ သို့ရာတွင် လင်းပုယန်၏ ကျွမ်းကျင်မှုနှင့်စွမ်းအားသည် သူ၏ တွက်ချက်မှုများထက် များစွာပို၍ ကျော်လွန်နေပေ၏။

“အထင်ကြီးစရာပဲ”

ဖုန်းကျောက်ထင်က အေးစက်စက်လေသံဖြင့် ဝန်ခံလိုက်သည်။

“ဒါပေမဲ့ မင်း ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မှာလဲ.... တိုက်ခိုက်မှုတိုင်းက မင်းရဲ့စွမ်းအားကို ကုန်ဆုံးစေတယ်...မင်းရဲ့အခြေခံအုတ်မြစ်က ပဉ္စမအဆင့် ရင်းမြစ်ရေအိုင်ပဲရှိတယ်... မင်းအမြဲတမ်း တောင့်ခံနိုင်မှာ မဟုတ်ဘူး”

ဖုန်းကျောက်ထင်က လှောင်ရယ်လိုက်ပြီး အရိပ်များကို လက်ဟန်ပြလိုက်သည်။ သူ၏ချည်မျှင်တစ်ထောင် ထိန်းချုပ်မှုအောက်တွင်ရှိသော နောက်ထပ်ရုပ်သေးများ ထွက်ပေါ်လာသည်။ ဤရုပ်သေးများသည် ဆယ်နှင့်ချီ၍ များပြားပေ၏။ သူသည် ဤရုပ်သေးစစ်တပ်ကို တည်ဆောက်ရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရပြီး ယခုချိန်၌ ကျန်းရွှမ်သည် ထိုအရာ၏ စွမ်းအားအပြည့်အဝကို ရင်ဆိုင်ရပေလိမ့်မည်။

All Chapters