မင်းတို့အတွက် လက်စားချေပေးပြီးပြီ
Vol. 13 Ch. 188
ပထမလှိုင်းမှ ရုပ်သေးများရှုံးနိမ့်သွားသည်နှင့် ဖုန်းကျောက်ထင်၏လက်သည် တစ်ဖန်ထပ်၍ လှုပ်ခတ်သွားပြီး ဆယ်နှင့်ချီသောပုံရိပ်များ ထွက်ပေါ်လာသည်။ ထိုရုပ်သေးများသည်ကျောက်စိမ်းအရိုးနယ်ပယ်နှင့် ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်များတွင် ရှိကြပြီး အားအကောင်းဆုံးသူသည် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်သို့ ရောက်ရှိနေပေ၏။
“လူငယ်သခင်လေးမို မဟုတ်လား...ဒါက သခင်ကြီးဟန်ယုရှန်း...သူက အကြီးအကဲ လျိုယန် မဟုတ်လား”
ဤလူများကို မြင်တွေ့ချိန် ဖုယင်ယင်သည် လူတချို့ကို မှတ်မိသွားပုံရပြီး အံ့အားတသင့် အော်ဟစ်လိုက်သည်။
“မင်းက သူတို့ကို သိတာလား”
ကျန်းရွှမ်က မေးမြန်းလိုက်သည်။
ဖုယင်ယင်က ခေါင်းညိတ်လိုက်သည်။
“အဲ့ဒီ လူငယ်သခင်လေးမိုက ဟန်ယွမ်မြို့တော်မှာ နာမည်ကြီးခဲ့တယ်..သူက ဖြောင့်မတ်မှန်ကန်တဲ့ နှလုံးသားရှိတဲ့ လူငယ်ပါရမီရှင်တစ်ယောက်ဖြစ်ပြီးတော့ အမြဲတမ်း တရားမျှတမှုကို ထိန်းသိမ်းခဲ့တယ်...သူက ကုသိုလ်ကောင်းမှုတွေ အများကြီး လုပ်ခဲ့တယ်....လွန်ခဲ့တဲ့သုံးနှစ်အကြာက သူ လူကုန်ကူးဂိုဏ်းတစ်ဂိုဏ်းကို စုံစမ်းစစ်ဆေးဖို့ သွားခဲ့ပြီးတဲ့နောက် ပျောက်ကွယ်သွားခဲ့တယ်....သူက ရုပ်သေးတစ်ရုပ်အဖြစ် ပြောင်းလဲခံရလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ခဲ့ဘူး”
“ပြီးတော့ သခင်ကြီးဟန်က ရိုသေလေးစားခံရတဲ့ ဆရာတစ်ယောက်ပဲ....သူက တခြားလူတွေကို မမောမပန်း ပညာသင်ကြားပေးခဲ့တယ်... သူက ချမ်းသာသူတွေကို ပိုတောင်းပြီးတော့ ဆင်းရဲသူတွေကို အခမဲ့ သင်ကြားပေးခဲ့တယ်... သူရဲ့ နှစ်သုံးဆယ်ကြာ သင်ကြားမှုအောက်မှာ မရေမတွက်နိုင်တဲ့ ကျောင်းသားတွေကို ပြုစုပျိုးထောင်ခဲ့တယ်...လွန်ခဲ့တဲ့ နှစ်နှစ်အကြာက သူရဲ့ ကျောင်းသားတချို့ ပျောက်ဆုံးသွားတာကို စုံစမ်းစစ်ဆေးနေတဲ့အချိန်မှာ သူ ပျောက်ကွယ်သွားခဲ့တယ်... အခုတော့ သူက…”
ဖုယင်ယင်၏မျက်နှာအမူအယာ ဒေါသကြောင့် သုန်မှုန်သွားသည်။
သူမသည် ဖုန်းယိကျိုး မကောင်းမှုများ လုပ်နေသည် ယခင်ကတည်းက သံသယဝင်ခဲ့သည်။ ထို့ပြင် ဖုန်းကျောက်ထင်သည်လည်း အပြစ်ကင်းစင်ခြင်းရန် အကြောင်းမရှိဟု တွေးထင်ခဲ့သော်လည်း သူတို့သည် ဤမျှထိ ယုတ်ညံ့သော လုပ်ရပ်များကို ကျူးလွန်လိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ချေ။
“မင်းက ကောင်းကင်ဘုံရဲ့တံခါးဝကို ဖြတ်ကျော်ပြီး ငရဲကို ရွေးချယ်ခဲ့တာပဲ...ဖုယင်ယင် ဒီကိစ္စအတွက် မင်း ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်တော့…”
သူမသည် သူ ထိန်းချုပ်ထားသော ရုပ်သေးများကို မှတ်မိသည်အား မြင်တွေ့ချိန်၌ ဖုန်းကျောက်ထင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
လူများကို သတ်ဖြတ်ပြီး သူတို့၏ အလောင်းများကို ရုပ်သေးအဖြစ် သန့်စင်ခြင်း...
ထိုသတင်းသာ ထွက်ပေါ်သွားပါက သူသည် ဒုတိယခန်းမဆောင်သခင်ရာထူးကို ဆုံးရှုံးရုံသာမက ကံကြမ္မာခန်းမသည်ပင် ထိခိုက်လာနိုင်ခြေရှိသည်။ သူသည် မူလက သူမကို အသက်ချမ်းသာပေးရန် စီစဉ်ခဲ့သော်လည်း ယခုအချိန်၌ သနားကြင်နာနေရန် အကြောင်းမရှိတော့ချေ။
“ဝင်္ကပါ ခင်းကျင်းစမ်း”
ဖုန်းကျောက်ထင်၏အမိန့်အရ ရုပ်သေးအမြောက်အများသည် သတ်မှတ်ထားသော နေရာများသို့ ရွေ့လျားသွားကြ၏။ သူတို့၏စွမ်းအားများ မြင့်တက်လာသည်နှင့်အမျှ ခြံဝန်း၏ဝင်္ကပါသည် လွှမ်းမိုးချုပ်ကိုင်နိုင်သော သတ်ဖြတ်ခြင်းအရှိန်အဝါဖြင့် ပြည့်နှက်သွားသည်။ ဤသည်မှာ မရေမတွက်နိုင်သော အငြိုးကြီးစိတ်ဝိညာဉ်များကို ဆင့်ခေါ်လိုက်သကဲ့သို့ ဖြစ်နေကာ သူတို့၏ ဝမ်းနည်းကြေကွဲဖွယ် ငိုညည်းသံများသည် လူများအားလုံး၏စိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ခြံဝန်းသည် ငရဲဘုံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ဤနေရာတွင် သရဲတစ္ဆေမီးလျှံများ လောင်ကျွမ်းနေပြီး လေထုသည် အေးစက်လာကာ လွှမ်းမိုးချုပ်ကိုင်နိုင်သော ကြောက်ရွံ့မှုတစ်ရပ်သည် လုများ၏စိတ်ဝိညာဉ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာပြီး သူတို့ကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
“ဒါက… ချည်မျှင်တစ်ထောင် စိတ်ဝိညာဉ်ထိန်းချုပ်ခြင်း ဝင်္ကပါပဲ... ဒါက စိတ်ဝိညာဉ်ကို တိုက်ခိုက်ပြီးတော့ ကျိုးကြောင်းဆင်ခြင်နိုင်မှုနဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းကို ယာယီဆုံးရှုံးသွားစေတယ်…”
ဖုယင်ယင်သည် ထိတ်လန့်တုန်လှုပ်သွားပြီး သူမ၏ခေါင်းကို ဆုပ်ကိုင်ကာ သူမ၏မျက်နှာ ဖြူဖျော့နေသည်။
ဗာဂျရာအကာအကွယ် အဆောင်လက်ဖွဲ့သည် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ကာကွယ်နိုင်သော်လည်း စိတ်ဝိညာဉ်တိုက်ခိုက်မှုများအပေါ် ကာကွယ်မပေးချေ။
သူမ တောင့်မခံနိုင်တော့ဟု ခံစားလိုက်ရစဉ်မှာပင် မထီမဲ့မြင်ပြုသော အသံတစ်သံက သူမ၏နံဘေးမှ ထွက်ပေါ်လာသည်။
“ဒါကို ဝင်္ကပါလို့ သတ်မှတ်လို့ရတာလား... ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ”
လင်းပုယန်က ရှေ့သို့လျှောက်လှမ်းသွားရင်း လှောင်ပြောင်ရယ်မောလိုက်၏။
ဖုယင်ယင်က သူမ၏ခေါင်းကို မော့ကြည့်လိုက်ရာ သူသည် လှောင်ပြုံးပြုံးပြီး ခြေတစ်ချက်ဆောင့်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။ ယခင်က လွှမ်းမိုးချုပ်ကိုင်နိုင်သော ဝင်္ကပါသည် ချက်ချင်းပျောက်ကွယ်သွားပြီး နေရောင်ခြည်သည် ခြံဝန်းထဲသို့ ဝင်ရောက်လာကာ သရဲတစ္ဆေမီးလျှံများကို နေရောင်အောက်၌ ဆီးနှင်းများ အရည်ပျော်သကဲ့သို့ ပျောက်ကွယ်သွားစေသည်။
ဤအချိန်အခိုက်အတန့်တွင် လင်းပုယန်သည် မှောင်မိုက်သောညတွင် တောက်ပနေသော နေတစ်စင်းကဲ့သို့ ဖြစ်နေပြီး သူ့ကို တိုက်ရိုက်ကြည့်ရှုရန် မဖြစ်နိုင်လောက်အောင် တောက်ပနေသည်။
ဘုန်း....ဘုန်း...ဘုန်း
တိုက်ခိုက်နေသော ရုပ်သေးများသည် ကြိုးပြတ်သွားသော စွန်များကဲ့သို့ လွင့်စင်သွားကြပြီး အချိန်တခဏအတွင်းမှာပင် နောက်ထပ်တိုက်ခိုက်မှုများကို ပြုလုပ်နိုင်စွမ်းမရှိတော့ချေ။
“မင်းက ဝင်္ကပါတွေကို ဘယ်လိုချိုးဖျက်ရမလဲဆိုတာ ဘယ်လိုလုပ်ပြီး သိတာလဲ”
ဖုန်းကျောက်ထင်၏မျက်နှာ သုန်မှုန်သွားပြီး နောက်သို့ဆုတ်လိုက်ကာ လင်းပုယန်၏တုံ့ပြန်မှုကြောင့် သူ သိသိသာသာ ထိတ်လန့်တုန်လှုပ်သွားသည်။
“မင်း ခန့်မှန်းကြည့်လေ”
ကျန်းရွှမ်သည် စကားများဖြုန်းတီးရန် စိတ်မဝင်စားပေ။ သူသည် တိုက်ပွဲထဲသို့ နောက်တစ်ကြိမ် ပြေးဝင်တိုက်ခိုက်လိုက်ပြီး သူ၏စွမ်းအားသည် ဆူပွက်နေသောရေကဲ့သို့ မြင့်တက်လာပေ၏။ သူ၏လက်သီးများသည် ကြာပွတ်များကဲ့သို့ လေထုကို ထွင်းဖောက်သွားပြီး သူ၏ လှုပ်ရှားမှုများသည် သိုးအုပ်ထဲမှ ကျားတစ်ကောင်ကဲ့အလားပင်။ ကျောက်စိမ်းအရိုးနယ်ပယ်နှင့် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် ကျင့်ကြံသူများပင်လျှင် သူ၏တိုက်ခိုက်မှုတစ်ခုကို တောင့်မခံနိုင်ကြချေ။
“ဒီကောင်ရဲ့ ရုပ်ခန္ဓာကိုယ်ခွန်အားက ကြောက်ဖို့ကောင်းတယ်... ငါက စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေကိုပဲ အားကိုးရတော့မယ်ထင်တယ်... ချည်မျှင်တစ်ထောင် စိတ်ဝိညာဉ်ကြေမွခြင်း…”
ကျန်းရွှမ်၏တိုက်ခိုက်မှုများ ပြင်းထန်သည်ကို မြင်ချိန်၌ ဖုန်းကျောက်ထင်သည် သူ စီစဉ်ထားသော ချောင်းမြောင်းတိုက်ခိုက်မှုသည် မအောင်မြင်ကြောင်း သိရှိသွားသည်။ သူသည် ဟိန်းဟောက်သံတစ်သံ ပြုလုပ်လိုက်ပြီး ချည်မျှင်လှိုင်းများ သူ၏လက်ချောင်းထိပ်များမှနေ၍ တဖျပ်ဖျပ်လင်းလက်သွားသည်။
ဝှစ်...ဝှစ်..ဝှစ်...
ထူးဆန်းသောတုန်ခါသံများ သံပြိုင်မြည်ဟီးလာပြီး နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် ရုပ်သေးများသည် သူတို့၏ စိတ်ဝိညာဉ်စွမ်းအားများကို အသက်သွင်းလိုက်ကြ၏။ ထို့နောက် ပုစဉ်းရင်ကွဲများ သူတို့၏အခွံများကို လဲလှယ်သကဲ့သို့ သူတို့ထံမှနေ၍ ကြီးမားသော စိတ်ဝိညာဉ်ပုံရိပ်ယောင်များ ထွက်ပေါ်လာကြသည်။
“သူတို့ရဲ့စိတ်ဝိညာဉ်တွေကို လောင်ကျွမ်းနေကြတာလား”
ဖုယင်ယင်၏မျက်နှာ ပြာနှမ်းသွားသည်။
“အဲ့ဒါက ဘာကိုဆိုလိုတာလဲ”
ကျန်းရွှမ်က မေးမြန်းသည်။
ဖုယင်ယင်က ရှင်းပြလေ၏။
“စိတ်ဝိညာဉ်ကို လောင်ကျွမ်းတယ်ဆိုတာက.. လူတစ်ယောက် ကျင့်ကြံထားသော စိတ်ဝိညာဉ်စွမ်းအားကို တိုက်ပွဲတစ်ခုအတွင်းမှာ စတေးတာပဲ...ပြောရမယ်ဆိုရင် ဒါက အပြန်အလှန် ဖျက်ဆီးတဲ့ နည်းဗျူဟာတစ်ခုပဲ..ဒါကို လုပ်ဆောင်ပြီးတာနဲ့ ဒီရုပ်သေးတွေက ထာဝရ ပျက်စီးသွားလိမ့်မယ်”
"မင်းက တော်တော်လေး ဗဟုသုတကြွယ်ဝတာပဲ...ဒါပေမဲ့ အခု အရမ်းနောက်ကျသွားပြီ… မင်းတို့အားလုံး သေရတော့မယ်”
ဖုန်းကျောက်ထင်က လှောင်ပြောင်ရယ်မောလိုက်ပြီးနောက် သူ၏စိတ်ဝိညာဉ်ချည်မျှင်များသည် ကျန်းရွှမ်ထံသို့ မြင့်တက်လာသော ကြီးမားသော မိစ္ဆာများအဖြစ်သို့ ပြောင်းလဲသွားသည်။
“ခန္ဓာကိုယ်တွေကို ထိန်းချုပ်ရုံတင်မကဘူး စိတ်ဝိညာဉ်တွေကိုပါ လောင်ကျွမ်းနိုင်တယ်... ချည်မျှင်တစ်ထောင် ရုပ်သေးတွေက မိုတောက်ကံကြမ္မာရဲ့ ဓားမကြီးနည်းစနစ်တွေကို ယှဉ်ပြိုင်နိုင်တယ်လို့ ဆိုကြတာ အံ့အားသင့်စရာမရှိဘူး....ဒါက အမှန်ပဲ”
တိုက်ခိုက်မှုများရှိနေသော်လည်း ကျန်းရွှမ်သည် တည်ငြိမ်နေဆဲဖြစ်ပြီး ချည်မျှင်တစ်ထောင်နည်းစနစ်ကိုပင် အံ့အားတသင့်စူးစမ်းနေသည်။
မိုတောက်နည်းစနစ်သည် တစ်ဦးချင်း တိုက်ခိုက်မှုတွင် ထူးချွန်သော်လည်း ချည်မျှင်တစ်ထောင်နည်းစနစ်သည် အုပ်စုလိုက်တိုက်ပွဲများတွင် အားသာသည်။ လင်းပုယန်ကဲ့သို့ သန်မာအားကောင်းသော တစ်စုံတစ်ယောက်ပင်လျှင်ဤကဲ့သို့ အခြေအနေတွင် ရုန်းကန်ရပေလိမ့်မည်။
“ဒီရုပ်သေးတွေကို သန့်စင်ဖို့ ငါက နှစ်နှစ်ဆယ်ကြာ အချိန်ယူခဲ့ရတယ်.... ဒီနည်းစနစ်အောက်မှာ သေဆုံးရတာက မင်းတို့အတွက် ဂုဏ်ယူစရာပဲ…"
ဖုန်းကျောက်ထင်က အေးစက်စက် ရယ်မောလိုက်ပြီး သူ၏ဝိညာဉ်ချည်မျှင်များသည် ပိုက်ကွန်တစ်ခုအလား လေထုအတွင်းတွင် ယှက်နွယ်နေသည်။
ကျန်းရွှမ်က အပြုံးနှင့် ပြောဆိုသည်။
“ဂုဏ်ယူစရာ ဟုတ်လား...မင်း အတွေးလွန်နေပြီ"
ထို့နောက် သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရုံဖြင့် ဝိညာဉ်ပုံရိပ်များသည် ရွှမ်ကမ္ဘာထဲသို့ စုပ်ယူခြင်းခံလိုက်ရပြီး ခုခံနိုင်ခြင်း သို့မဟုတ် သူတို့ကိုယ်သူတို့ ဖျက်ဆီးနိုင်ခြင်း မရှိတော့ချေ။