ချည်မျှင်တစ်ထောင် ကောင်းကင်ကံကြမ္မာကို အမွေဆက်ခံခြင်း
Vol. 13 Ch. 190
"ဒါက ရှင်ရဲ့မိတ်ဆွေတွေလား"
ဖုယင်ယင်က ကျန်းရွှမ်သည် ထိုလူသုံးဦးကို သူကိုယ်တိုင် သင်္ဂြိုဟ်နေသည်အား မြင်တွေ့ချိန်၌ သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"အဲ့ဒီလိုပြောလို့ ရပါတယ်"
ကျန်းရွှမ်က ခေါင်းညိတ်လိုက်၏။
"အသက်ရှင်သန်တာနဲ့ သေဆုံးတာတွေက ကံကြမ္မာရဲ့ အစိတ်အပိုင်းတွေပဲ...လူတစ်ယောက် သေဆုံးသွားရင်တောင် အရိပ်အယောင်တွေ ချန်ထားခဲ့တယ်...တကယ်လို့ ကျွန်မတို့က အဲ့ဒီအရိပ်အယောင်တွေကို ရှာဖွေတွေ့ရှိပြီးတော့ သူတို့ရဲ့ ကံကြမ္မာတွေကို ကံကြမ္မာမြစ်ထဲကနေ ထုတ်ယူနိုင်ခဲ့ရင်...လူတစ်ယောက်ကို အသက်ပြန်ရှင်သန်လာအောင် လုပ်တာက မဖြစ်နိုင်တာတော့ မဟုတ်ဘူး"
ဖုယင်ယင်က ရှင်းပြသည်။
"လူတစ်ယောက်ကို အသက်ပြန်ရှင်လာအောင် လုပ်နိုင်တာလား"
ကျန်းရွှမ်က မယုံကြည်နိုင်သော အကြည့်ဖြင့် ဖုယင်ယင်ကို ကြည့်လိုက်သည်။
ကမ္ဘာတစ်ခု၏အရှင်သခင်ဖြစ်သည့်တိုင် သူသည် ရွှမ်ကမ္ဘာတွင် ထိုကဲ့သို့အရာကို မလုပ်ဆောင်နိုင်ချေ။ သူသည် တူညီသော မှတ်ဉာဏ်များရှိသည့် တထပ်တည်းကျသော ခန္ဓာကိုယ်တစ်ခုကို ပြန်လည်စုစည်းရန် ဖြစ်နိုင်သော်လည်း အမှန်အားဖြင့် တူညီသောပုဂ္ဂိုလ် ဖြစ်မည်မဟုတ်ပေ။
ကျန်းရွှမ်၏စူးရှသော အကြည့်ကို သတိပြုမိချိန်၌ ဖုယင်ယင်သည် ရှက်ရွံ့သွားပြီး အလျင်အမြန် ထပ်ပြောလိုက်သည်။
"ကျွန်မက ဒါကို ကျွန်မရဲ့အကြီးအကဲတွေဆီက ကြားဖူးရုံပါပဲ...အသေးစိတ်ကိုတော့ ကျွန်မ မသိပါဘူး...ဒီလိုမျိုးကို အရင်က လုပ်ဆောင်ခဲ့ဖူးတယ်လို့ ကျွန်မ ကြားဖူးရုံပဲ…"
"ဒါက မှန်တာပဲဖြစ်ဖြစ် မှားတာပဲဖြစ်ဖြစ်... စမ်းကြည့်ရကျိုးနပ်တယ်"
ကျန်းရွှမ်က ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်သည်။
ကံကြမ္မာသည် အမှန်တကယ်ကို လျှို့ဝှက်ဆန်းကြယ်ပြီး သူ ယခင်က ကျင့်ကြံခဲ့သော တာအိုဥပဒေသများထက်ပင် ကျော်လွန်သည်။ မိုးကောင်းကင်တာအိုမှ မလုပ်ဆောင်နိုင်သောအရာကို ကံကြမ္မာက လုပ်ဆောင်နိုင်ခြေရှိသည်။
"ဒါက ဖြစ်နိုင်ရင်တောင် အသုံးမဝင်နိုင်ဘူး… တစ်ချက်ကတော့ သူတို့ရဲ့အရိပ်အယောင်တွေကို ခြေရာခံဖို့အတွက် ကံကြမ္မာမြစ်ထဲကို စူးစမ်းဝင်ရောက်နိုင်လောက်အောင် အားကောင်းတဲ့ လူတစ်ယောက်ကို ရှာဖွေဖို့ဆိုတာ စိန်ခေါ်မှုတစ်ခုပဲ.....ကျွန်မတို့က အဲ့ဒီလိုလူတစ်ယောက်ကို ရှာတွေ့ခဲ့ရင်တောင် သူတို့ရဲ့အလောင်းတွေက ဒီလောက်ထိ အချိန်ကြာမြင့်သွားမှတော့ ဆွေးမြေ့နေလိမ့်မယ်"
ဖုယင်ယင်က မျက်မှောင်ကြုတ်လိုက်သည်။
"ဒါက ပြဿနာမဟုတ်ဘူး"
ကျန်းရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ ထို့နောက် သူ၏လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ခတ်လိုက်ရုံဖြင့် ယုဖေးတို့မိသားစု၏အလောင်းများ ပျောက်ကွယ်သွားပြီး သူ၏ရွှမ်ကမ္ဘာထဲသို့ ဝင်ရောက်သွားသည်။
သူ၏ရွှမ်ကမ္ဘာတွင် အတွေးတစ်ချက်တည်းဖြင့် အရာအားလုံးကို နှစ်သောင်းပေါင်းများစွာကြာအောင် မပြောင်းလဲဘဲ ထိန်းသိမ်းထားနိုင်သည်။ ကံကောင်းထောက်မစွာဖြင့် ဤလူသုံးဦးသည် ဖုန်းကျောက်ထင်၏ ရုပ်သေးများအဖြစ်သို့ ပြောင်းလဲခံခဲ့ရသည်။ ထိုသို့မဟုတ်ပါက အချိန်သုံးရက်သည် တိုတောင်းသော်လည်း ဆွေးမြေ့မှု စတင်ရန် လုံလောက်ပေမည်။ ယခုချိန်တွင်မူ သူတို့၏အရေပြားသည် သူတို့သေဆုံးသွားစဥ်အချိန်ကအတိုင်း ပျော့ပျောင်းနွေးထွေးမှုကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
ဤရည်မှန်းချက်ပန်းတိုင်အသစ်ဖြင့် ကျန်းရွှမ်သည် စိတ်ပိုင်းဖြတ်လိုက်သည်။ သူတို့ကို ပြန်လည်၍အသက်သွင်းခြင်းသည် ဖြစ်နိုင်သည်ဖြစ်စေ မဖြစ်နိုင်သည်ဖြစ်စေ သူ ကြိုးစားရပေမည်။ ကလေးငယ်တစ်ယောက် သူ၏ရှေ့တွင် ဤကဲ့သို့ သေဆုံးသွားသည်ကို ကြည့်ရှုရခြင်းကို သူ လက်ခံနိုင်ရန် ခက်ခဲပေ၏။
သင်္ဂြိုဟ်ခြင်းကို အပြီးသတ်ပြီးနောက် သူသည် နောက်သို့လှည့်ပြီး အဝေးတစ်နေရာတွင် မတ်တတ်ရပ်နေသော လီယွဲ့အန်းကို ခေါ်လိုက်သည်။
"ဒီနေရာကို လာခဲ့စမ်း"
ကျန်းရွှမ်၏ မမျှော်လင့်ထားသောအောင်ပွဲကြောင့် ထိတ်လန့်နေသော လီယွဲ့အန်း၏ခန္ဓာကိုယ် တုန်ရီသွားသည်။ အချိန်တခဏအကြာက သူသည် မောက်မာထောင်လွှားခဲ့သော်လည်း ယခုချိန်တွင်မူ သူ့ထံတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
“အကြီးအကဲလင်း… ငါက မင်း အနိုင်ရမယ်ဆိုတာ အစကတည်းက သိခဲ့တယ်..ခုဏက ငါ ဟန်ဆောင်နေခဲ့တာပါ...အကြီးအကဲဖုန်းကို လှည့်စားဖို့နဲ့ သူတို့ ထွက်မပြေးသွားစေဖို့အတွက် ငါ ဒီလိုလုပ်ရတာပါ…”
“ငါ သိတယ်”
ကျန်းရွှမ်က ဖော်ရွေသော မျက်နှာအမူအယာဖြင့် တုံ့ပြန်လိုက်၏။
“မင်းမှာ အမဲလိုက်စာရင်းတစ်ခု ရှိတယ် မဟုတ်လား”
“ဟုတ်ကဲ့...ရှိပါတယ်”
လီယွဲ့အန်းက အလျင်အမြန် ခေါင်းညိတ်ပြီး အမဲလိုက်စာရင်းကို အလျင်စလို ထုတ်ယူကာ စိတ်လှုပ်ရှားစွာဖြင့် လက်ကမ်းပေးလေသည်။
“ကောင်းတယ်...အခု အကြီးအကဲဖုန်းကို မင်း သတ်ခဲ့တယ်လို့ ပြောပြီးတော့ ဆုကြေးငွေကို တောင်းခံလိုက်တော့”
ကျန်းရွှမ်က ညွှန်ကြားလိုက်သည်။
“နားလည်ပါပြီ"
ဤသည်မှာ ကြီးမားသောဒုက္ခကို ဆွဲဆောင်မည်အား သိသော်လည်း လီယွဲ့အန်းသည် ငြင်းပယ်ဝံ့ခြင်းမရှိချေ။ သူသည် ဖုန်းကျောက်ထင်၏နဖူးကို ဓားမြှောင်ဖြင့် လျင်မြန်စွာ ဖြတ်တောက်လိုက်ပြီး သွေးတစ်စက်ကို ထုတ်ယူကာ အမဲလိုက်စာရင်းပေါ်သို့ ဖိကပ်လိုက်သည်။
မကြာမီမှာပင် ရင်းမြစ်ဒင်္ဂါးသန်းသုံးဆယ် ဆုကြေးငွေကို ရရှိခဲ့သည်။
“အခု မင်းရဲ့ ရင်းမြစ်ဒင်္ဂါးတွေအားလုံး ငါ့ဆီ လွှဲပြောင်းပေးပါ”
ကျန်းရွှမ်က ဆက်လက်၍ ပြောဆိုလိုက်၏။
လီယွဲ့အန်း၏မျက်နှာ ရှုံမဲ့သွားသည်။ သူသည် အကျိုးဆက်များကို သိသော်လည်း ငြင်းပယ်နိုင်ခြင်းမရှိပေ။ သူ၏စုဆောင်းငွေများ အပါအဝင် စုစုပေါင်းငွေပမာဏသည် ဆယ်သန်းထက်ကျော်လွန်သည်။ လွှဲပြောင်းမှုကို အပြီးသတ်ပြီးနောက် ကျန်းရွှမ်၏စာရင်းသို့ ရင်းမြစ်ဒင်္ဂါး၄၆သန်း ရောက်ရှိလာသည်။
ကျန်းရွှမ်သည် စိတ်ကျေနပ်စွာဖြင့် သူ၏လက်ကို လှုပ်ခတ်ကာ လီယွဲ့အန်း၏အသက်ရှူခြင်းကို ဖြတ်တောက်လိုက်သည်။ သူသည် တူညီသော နည်းလမ်းကို လီယွဲ့အန်းနှင့် ဆက်စပ်နေသော ဆုကြေးငွေကို လျင်မြန်စွာ တောင်းဆိုလိုက်၏။
အမဲလိုက်စာရင်းတွင် အဆင့် ၄၁၌ရှိသော လီယွဲ့အန်းအတွက် ရင်းမြစ်ဒင်္ဂါး၁၅သန်း ဆုကြေးငွေ ရှိသည်။ ဤလုပ်ဆောင်ချက်များကို ဆက်တိုက်လုပ်ဆောင်ခြင်းဖြင့် ကျန်းရွှမ်၏ လက်ကျန်ငွေသည် သန်း ၆၀ကို ကျော်လွန်သွားသည်။
ဤသည်မှာ မိသားစုကြီးများအတွက်ပင်လျှင် အချိန်တိုအတွင်း လွယ်လင့်တကူ မစုဆောင်းနိုင်သော ပမာဏပင်။ အမဲလိုက်စာရင်းဝင်များကို သတ်ဖြတ်ခြင်းသည် အမှန်တကယ်ကို သူ့အတွက် အကျိုးအမြတ်များသော လုပ်ငန်းတစ်ခုပင်။
အလောင်းများကို စွန့်ပစ်ပြီးနောက် ကျန်းရွှမ်သည် ရင်းမြစ်ဒင်္ဂါးသန်း ၄၀ ကို ဖူယင်းယင်းထံသို့ လှမ်းပေးလိုက်သည်။
“ငါ့အတွက် ကံကြမ္မာချပ်ပြားဆယ်ချပ် ယူလာပေးပါ...”
သူ၏ကောင်းကင်ကံကြမ္မာစွမ်းအင်များ လုံးလုံးလျားလျား ကုန်ဆုံးသွားခဲ့သောကြောင့် အရေးတကြီး ပြန်လည်ဖြည့်တင်းရန် လိုအပ်နေသည်။ ဤကံကြမ္မာချပ်ပြားများသည် သူ့အတွက် အရေးကြီးပေ၏။
“အကြီးအကဲလင်း...ရှင်က အခု ကျွန်မတို့ မှောင်ခိုဈေးရဲ့ တန်ဖိုးအရှိဆုံးဖောက်သည်တွေထဲက တစ်ယောက်ပဲ...ကျွန်မက ရှင့်ကို ကံကြမ္မာပြားတွေအတွက် ကုန်ကျစရိတ်ကို လျှော့ဈေးနဲ့ပေးပါ့မယ်”
ဖုယင်ယင်က အလျင်အမြန် ကမ်းလှမ်းလိုက်သည်။
“ကံကြမ္မာချပ်ပြားတစ်ချပ်ကို နှစ်သန်းပါ...သန်းလေးဆယ်ဆိုရင် ရှင် အချပ်နှစ်ဆယ် ဝယ်ယူနိုင်ပါတယ်”
“အရမ်းကောင်းတယ်...”
ကျန်းရွှမ်၏မျက်လုံးများ တောက်ပသွားသည်။
ကံကြမ္မာချပ်ပြားအချပ်နှစ်ဆယ်သည် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း တစ်သိန်းနှင့်ညီမျှပြီး သူ့အတွက် သိသာထင်ရှားသော အကျိုးကျေးဇူးတစ်ခုကို ဖြစ်စေနိုင်သည်။
“ကျေးဇူးပြုပြီး ဒါတွေကို ပြန်ယူဖို့အတွက် မှောင်ခိုဈေးကို ရှင်က ကျွန်မနဲ့အတူ လိုက်ပါပေးပါ...ဒါ့ပြင် လွန်ခဲ့တဲ့ သုံးရက်က ရှင့်အတွက် ကျွန်မ စီစဉ်ခဲ့တဲ့ တိုက်ပွဲက ဒီညမှာ သတ်မှတ်ထားတယ်...ရှင် ပါဝင်ချင်တုန်းပဲလား”
ဖုယင်ယင်က သတိထားပြီး မေးမြန်းလိုက်သည်။ ယခင်က သူမသည် သူ့ကို အတင်းအကြပ် ဖိအားပေးနိုင်ခဲ့သော်လည်း သူ၏စွမ်းအားကို မျက်မြင်တွေ့ရှိပြီးနောက် သူမ ဤကဲ့သို့ ထပ်မံ၍ မပြုဝံ့တော့ချေ။
“အင်း...”
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
“ငါက ဘယ်သူနဲ့ တိုက်ခိုက်ရမှာလဲ”
မှောင်ခိုဈေးတိုက်ပွဲများသည် ဆုကြေးငွေမြင့်မားရုံသာမက လောင်းကစားမှတစ်ဆင့် ဝင်ငွေရှာဖွေရန် အခွင့်အလမ်းများကိုလည်း ပေးစွမ်းနိုင်သည်။ သူ ပါဝင်ယှဥ်ပြိုင်ခြင်းမပြုပါက ရူးနေ၍သာ ဖြစ်ပေလိမ့်မည်။
“ရှင့်ရဲ့ ပြိုင်ဘက်က ဟန်ယွမ်အင်ပါယာက ပင်းယွမ်မင်းသား ဟန်ချန်ယဲ့ပါ"
ဖုယင်ယင်က တုံ့ပြန်အဖြေပေးလိုက်သည်။
“ဟန်ချန်ယဲ့ ဟုတ်လား..သူက ထိပ်တန်းအဆင့် အမဲလိုက်စာရင်းဝင် ဟန်ချန်ချောင်နဲ့ တစ်ခုခု ဆက်စပ်မှုရှိလား”
ကျန်းရွှမ်က မေးမြန်းလိုက်၏။
ဟန်ချန်ချောင်သည် အမဲလိုက်စာရင်း၏ထိပ်ဆုံးနာမည်ဖြစ်ပြီး ရင်းမြစ်ဒင်္ဂါးသန်းသုံးရာ ဆုကြေးထုတ်ခံထားရကာ ကံကြမ္မာခန်းမဆောင်သခင် ဟန်ရှောင်ထက်ပင် ကျော်လွန်သည်။
“ရှင်က ဟန်ချန်ချောင်အကြောင်း မကြားဖူးဘူးလား”
ဖုယင်ယင်က မယုံကြည်နိုင်စွာဖြင့် မေးမြန်းပြီးနောက် ရှင်းပြလိုက်သည်။
“ဟန်ချန်ချောင်က ဟန်ယွမ်အင်ပါယာရဲ့ ဧကရာဇ်ပဲ...သူက အခုခေတ်ကာလမှာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ပဲ....သူရဲ့ကျင့်ကြံမှုက ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်ကို ကျော်လွန်သွားတာ အချိန်တော်တော်ကြာနေပြီ...ခန်းမသခင် ဟန်ရှောင်တောင် သူ့ကို ဒေါသထွက်အောင် မလုပ်ရဲဘူး...ဟန်ယွမ်မြို့တော်မှာရှိတဲ့ ဝမ်ချန်းဂိုဏ်းချုပ်ယွဲ့လုံရှောင်လို ပုဂ္ဂိုလ်တွေကတောင် သူ့ကို အရမ်းရိုသေလေးစားကြတယ်”
ကျန်းရွှမ်၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားပေ၏။ သူ၏စွမ်းအားသည် ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်၏ အထွတ်အထိပ်သို့ မြင့်တက်သွားသော်လည်း ဟန်ရှောင်ကို ကျော်လွန်ရန်မှာ လက်လှမ်းမမီပုံရသည်။ ဟန်ချန်ချောင်သည် ဤမျှထိ ရိုသေလေးစားမှုကို ရရှိထားသဖြင့် သူ၏စွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းမည်မှာ သေချာပေါက်ပင်။
“ဟန်ချန်ယဲ့ကရော...သူက ခန်းမကြီးလေးခုထဲက တစ်ခုဖြစ်တဲ့ ဟန်ယဲ့ထန်ခန်းမနဲ့ ဆက်စပ်မှုရှိနေတာလား”
ကျန်းရွှမ်က ဆက်လက်၍ မေးမြန်းလိုက်၏။
“ဟုတ်တယ်... ဟန်ချန်ယဲ့က ဟန်ယဲ့ထန်ခန်းမကို ဦးဆောင်တယ်....ကံကြမ္မာဆရာသခင်တွေက နောက်လိုက်တွေ ဒါမှမဟုတ် ဆက်ခံသူတွေကို ပြုစုပျိုးထောင်ကြတယ်...ဟန်ယွမ်တော်ဝင်မိသားစုတောင် ဒီကိစ္စကို ကြားဝင်စွက်ဖက်တာမျိုး မလုပ်ဘူး”
ဖုယင်ယင်က ရှင်းပြသည်။
ဤအရာကို ကြားချိန်၌ ကျန်းရွှမ်က မေးမြန်းလိုက်၏။
“သူ့ရဲ့စွမ်းအားက ဘယ်အဆင့်မှာရှိလဲ”
“လွန်ခဲ့တဲ့လေးနှစ်အကြာက သူက ဓမ္မလှည့်လည်သွားလာနယ်ပယ်ကို ရောက်ရှိခဲ့ပြီးတော့ အဲ့ဒီနောက်မှာ တိုးတက်မလာသေးဘူး...သူက မှောင်ခိုဈေးကို နှစ်ကြိမ် ရောက်လာခဲ့ပေမဲ့ သူ့နဲ့ တိုက်ခိုက်ချင်တဲ့ စိန်ခေါ်သူတွေကို ရှာမတွေ့နိုင်ခဲ့ဘူး”
ဖုယင်ယင်က ပြောဆိုလိုက်သည်။
ထိုသို့သော နာမည်ဂုဏ်သတင်းနှင့်စွမ်းအားမျိုး ရှိနေခြင်းကြောင့် လူနည်းစုကသာ ရင်းမြစ်ဒင်္ဂါးများအတွက် အသက်ဖြင့်ရင်း၍ စွန့်စားလိုကြသည်။
“သတိထားပါ အကြီးအကဲလင်း... ပင်းယွမ်မင်းသားက ဓမ္မရုပ်သွင်နယ်ပယ် ဒုတိယအဆင့်မှာ ရှိနေတယ်...သူက လီယွဲ့အန်းနဲ့ဖုန်းကျောက်ထင်ထက် နည်းနည်းအားနည်းတယ်ဆိုပေမဲ့ သူက မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့တွေကို ဦးဆောင်ခဲ့ပြီးတော့ တိုက်ခိုက်ခဲ့တယ်...သူ့မှာ မရေမတွက်နိုင်တဲ့ ရင်းမြစ်သားရဲတွေကို အမဲလိုက်ခဲ့တဲ့ ကြီးမားတဲ့ တိုက်ခိုက်ရေးအတွေ့အကြုံ ရှိတယ်...သူရဲ့စွမ်းအားကို အထင်မသေးသင့်ဘူး”
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။ အားကောင်းသော ပြိုင်ဘက်သည် တိုက်ပွဲကို ပို၍တန်ဖိုးရှိစေပေ၏။
“မှောင်ခိုဈေးမှာ လောင်းကစားတွေက ဘယ်လိုလုပ်တာလဲ”
သူက စိတ်ဝင်တစား မေးမြန်းလိုက်သည်။
“မှောင်ခိုဈေးတိုက်ပွဲတွေက ရက်စက်ကြမ်းတမ်းပြီးတော့ သွေးထွက်သံယိုများတယ်.... ဒီတိုက်ပွဲတွေက ပြင်းထန်တဲ့ ဒဏ်ရာရတာတွေ ဒါမှမဟုတ် သေဆုံးတာတွေနဲ့ အဆုံးသတ်တာများတယ်...ဒါက လောင်းကစားသမားတွေအများကြီးကို ဆွဲဆောင်တယ်… လောင်းကြေးဆတွေကို ပြိုင်ပွဲဝင်တွေရဲ့ စွမ်းအားပေါ် မူတည်ပြီး တွက်ချက်တယ်”
ဖုယင်ယင်က ရှင်းပြသည်။
“ဒီပွဲအတွက် လောင်းကြေးဆတွေက ဘယ်လိုရှိလဲ”
“အရင်က ရှင်ရဲ့ လောင်းကြေးဆက ငါးဆတစ်ဆဖြစ်ပြီးတော့ ပင်းယွမ်မင်းသားရဲ့ လောင်းကြေးနှုန်းက ၁.၄ဆတစ်ဆပါ... မကြာသေးခင်က ရှင် အောင်ပွဲတွေရပြီးတဲ့နောက်မှာ ရှင်ရဲ့လောင်းကြေးဆက လျော့ကျသွားလိမ့်မယ်”
သူမက တုံ့ပြန်အဖြေပေးသည်။
“ငါးဆတစ်ဆ ဟုတ်လား...ဒါဆို အဲ့ဒါကို မပြောင်းပါနဲ့”
ကျန်းရွှမ်က အော်ဟစ်လိုက်သည်။
သူ ဆယ်သန်းလောင်းပါက ငါးဆတစ်ဆ လောင်းကြေးဖြင့် သန်းငါးဆယ် ပြန်ရပေမည်။ ထိုကဲ့သို့ အကျိုးအမြတ်များသော အခွင့်အရေးကို သူ လက်လွတ်မခံနိုင်ချေ။
“အဲ့ဒါက မဖြစ်နိုင်ဘူး”
ဖုယင်ယင်က ခေါင်းခါလိုက်သည်။
“အခု ရှင်ရဲ့ အစစ်အမှန်စွမ်းအားကို ကျွန်မ သိထားမှတော့ လောင်းကြေးဆတွေကို ပြန်ပြီးတွက်ချက်ရမယ်”
သူမ၏ခေါင်းမာမှုကို မြင်ချိန်၌ ကျန်းရွှမ်က သက်ပြင်းချလိုက်သည်။ ထို့နောက် သူသည် အနက်ရောင်မြင်းတစ်ကောင်ကို ဆင့်ခေါ်ပြီး စကားအနည်းငယ် တီးတိုးပြောဆိုလိုက်၏။ ထို့နောက် မြင်းသည် အရှိန်ကုန်သုံး၍ ပျံသန်းသွားပြီး မိုးကုတ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားသည်ကို သူ စောင့်ကြည့်နေခဲ့သည်။