ဟန်ချန်ယဲ့
Vol. 13 Ch. 192
မှောင်ခိုဈေး၏ ကျယ်ဝန်းသော သီးသန့်အခန်းတစ်ခန်းတွင် သြဇာအာဏာကြီးဟန်ရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် မျက်လုံးစုံမှိတ်ထားပြီး တိတ်တဆိတ်ထိုင်နေသည်။
သူ၏နံဘေးတွင် အလွန်လှပသော အမျိုးသမီးတစ်ဦး ထိုင်နေလေ၏။ အကယ်၍ ကျန်းရွှမ်သာ ဤနေရာတွင် ရှိနေပါက သူမကို ချက်ချင်းမှတ်မိလိမ့်မည်။ သူမသည် တစ်ချိန်က အဖြူရောင်ကျောက်တုံးမြို့တွင် သူ ဆုံတွေ့ခဲ့ဖူးသော လေလွင့်ကျင့်ကြံသူ စွန်းချန်ယို၏သမီး စွန်းလျန်ရှန်းပင်။ သူမသည် ယခုချိန်၌ ပင်းယွမ်မင်းသားမှ ထိမ်းမြားထားသော ကြင်ယာတော်အသစ်ဖြစ်သည်။ သူမသည် သူမ၏ ဖခင်ကို ကယ်တင်ရန် ရင်းမြစ်ဒင်္ဂါးနှစ်သန်းကို ပေါ့ပေါ့ပါးပါး သုံးစွဲနိုင်စွမ်းရှိခြင်းမှတဆင့် သူမ၏ မြင့်မြတ်သောအဆင့်အတန်း သိသာထင်ရှားနေသည်။
“မင်းသားကို ဘယ်သူက စိန်ခေါ်ချင်တာလဲဆိုတာ ကျွန်မတို့ ခုထိ မသိရသေးဘူးလား”
စွန်းလျန်ရှန်းက မျက်မှောင်အနည်းငယ်ကြုတ်ပြီး မေးမြန်းလိုက်၏။
လွန်ခဲ့သောသုံးရက်က မှောင်ခိုဈေးသည် တစ်စုံတစ်ယောက်မှ ပင်းယွမ်မင်းသားကို စိန်ခေါ်နေကြောင်း ကြေညာခဲ့သည်။ သို့ရာတွင် သူတို့သည် စိန်ခေါ်သူ၏အထောက်အထားကို ထုတ်ဖော်ခြင်းမပြုခဲ့ချေ။ ဟန်ယွမ်မြို့တော်တွင် ထိုကဲ့သို့ အရာကို လုပ်ဆောင်နိုင်စွမ်းရှိသော ထိပ်သီးကျင့်ကြံသူဟူ၍ အနည်းငယ်စုသာ ရှိသောကြောင့် မည်သူဖြစ်သည်ကို ရှာဖွေတွေ့ရှိရန် ခက်ခဲမည်မဟုတ်ချေ။ သို့ရာတွင် သူတို့သည် ဂရုတစိုက်စုံစမ်းစစ်ဆေးခဲ့သော်လည်း ဤလျှို့ဝှက်ဆန်းကြယ်သော ထိပ်သီးကျင့်ကြံသူသည် လေထုအတွင်းမှ ထွက်လာသည့်အလား မည်သည့် သဲလွန်စမျှ ထွက်ပေါ်မလာခဲ့ချေ။
“ကြင်ယာတော်ကို သတင်းပို့ပါတယ်...ဘာသတင်းမှ မရှိသေးပါဘူး… ဒါတင်မကဘူး လောင်းကြေးဆတွေကိုတောင် မထုတ်ပြန်သေးဘူး”
အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လက်အောက်ငယ်သားတစ်ဦးက ဦးညွှတ်အရိုအသေပြုရင်း တုံ့ပြန်အဖြေပေးလိုက်သည်။
စွန်လျန်ရှန်းက မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။
“ဖုယင်ယင် ဘာတွေ လုပ်နေတာလဲ..သူက ဒီတိုက်ပွဲ မဖြစ်စေချင်တာလား”
ပင်းယွမ်မင်းသားသည် သိုင်းပညာကို အလွန်နှစ်သက်သူဖြစ်ပြီး တိုက်ပွဲအတွင်းတွင် သူ၏ ကန့်သတ်ချက်များကို ချိုးဖျက်ရန် အခွင့်အလမ်းများကို စိတ်အားထက်သန်စွာ ရှာဖွေနေခဲ့သည်။ စိန်ခေါ်သူတစ်ဦး ထွက်ပေါ်လာခြင်းသည် ရှားပါးသော အခွင့်အရေးဖြစ်ပြီး တခြားတစ်ဖက်မှ ကြောက်ရွံ့မှုကြောင့် နောက်ဆုတ်သွားပါက ဘေးဒုက္ခတစ်ခု ဖြစ်လာပေလိမ့်မည်။
“ကြည့်လိုက်အုံး....ပွဲစဉ်စာရင်းကို တင်လိုက်ပြီ”
အခန်း၏အပြင်ဘက်မှ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
“ဘယ်သူလဲဆိုတာ သွားကြည့်ကြစမ်း"
စွန်းလျန်ရှန်းက အလျင်အမြန် အမိန့်ပေးလိုက်၏။
လက်အောက်ငယ်သားတစ်ယောက် ထွက်ခွာသွားပြီးနောက် မကြာမီ ပြန်ရောက်လာကာ ထပ်မံ၍ ဦးညွှတ်အရိုအသေပြုလိုက်သည်။
“ကြင်ယာတော်... စိန်ခေါ်သူက ကံကြမ္မာခန်းမရဲ့ အကြီးအကဲ လင်းပုယန်ပါ”
စွန်းလျန်ရှန်းသည် အချိန်တခဏကြာခန့် မှင်သက်သွားပြီးနောက် ခေါင်းခါယမ်းလေသည်။
“သူ့ရဲ့စွမ်းအားက မဆိုးပါဘူး... ဒါပေမဲ့ သူက လောဘကြီးပြီး ကာမဂုဏ်လိုက်စားတယ်... ကြောက်တတ်တာကိုတော့ ပြောစရာမလိုဘူး... သူ့နဲ့ တိုက်ခိုက်တာက မင်းသားကို အဆင့်တက်စေဖို့ တကယ်ပဲ ကူညီပေးနိုင်မှာလား”
သေရေးရှင်ရေးတိုက်ပွဲတစ်ပွဲသည် အလွန်အန္တရာယ်များပေ၏။ အကယ်၍ ပြိုင်ဘက်သည် အလွန်အားကောင်းပါက မင်းသားသည် သူ၏အကန့်အသတ်များကို မချိုးဖျက်နိုင်မီ သေဆုံးခြင်းသို့ ဦးတည်သွားနိုင်သည်။ အကယ်၍ ပြိုင်ဘက်သည် အလွန်အားနည်းပါက မင်းသားကို အကန့်အသတ်သို့ တွန်းပို့နိုင်မည်မဟုတ်ချေ။ လင်းပုယန်သည် အားနည်းခြင်းမရှိသော်လည်း သူသည် မင်းသား၏ အပြည့်အဝအလားအလာကို ထုတ်ဖော်နိုင်ရန် တွန်းအားပေးနိုင်စွမ်းနှင့် ဝေးကွာပုံရသည်။
“ဒီအဆင့်မှာရှိတဲ့ ထိပ်သီးကျင့်ကြံသူတွေက အရမ်းသတိထားကြတယ်...သူတို့က လိုအပ်မှသာ လှုပ်ရှားမှုလုပ်တယ်...လင်းပုယန်က ဒီအခွင့်အရေးကို အရယူပြီး သူရဲ့ ကိုယ်ပိုင်စွမ်းအားကို မြှင့်တင်ဖို့လုပ်တာ ဖြစ်နေနိုင်တယ်”
စွန်းလျန်ရှန်းက ရင်းမြစ်ငွေလက်မှတ်တစ်ထပ်ကို ထုတ်ယူရင်း မှတ်ချက်ပြုလိုက်သည်။
“ငါတို့ ဒီနေရာကို ရောက်လာပြီးမှတော့ မင်းသားကို အကြောလျှော့ပွဲတစ်ခု ကစားခိုင်းလိုက်ပါ... ငါတို့အတွက်တော့ ငါတို့ရဲ့ အချိန်ကို တန်ဖိုးရှိအောင် လုပ်တာက ပိုကောင်းလိမ့်မယ်...မင်းသား နိုင်မယ်ဆိုတာ သေချာနေမှတော့ ရင်းမြစ်ဒင်္ဂါးငါးသန်း လောင်းလိုက်တော့”
“ဟုတ်ကဲ့”
အနက်ရောင်ဝတ်စုံဝတ် လက်အောက်ငယ်သားက ခေါင်းညိတ်ပြပြီး ထွက်ခွာသွားသည်။ သို့ရာတွင် သူသည် မကြာမီမှာပင် ထူးဆန်းသော မျက်နှာအမူအယာဖြင့် ပြန်ရောက်လာခဲ့သည်။
"ကြင်ယာတော်....မင်းသားနဲ့ အကြီးအကဲလင်းကြားက ပွဲအတွက် လောင်းကြေးဆတွေကို တင်လိုက်ပါပြီ...ဒါပေမဲ့ ကွာဟချက်က… တော်တော်ကြီးမားတယ်.... ကျွန်တော်က လောင်းကြေးထပ်ဖို့ မဝံ့ရဲတာကြောင့် ကြင်ယာတော်နဲ့ တိုင်ပင်ဖို့ ပြန်လာခဲ့တာပါ”
စွန်းလျန်ရှန်းက မျက်ခုံးပင့်လိုက်သည်။
“လောင်းကြေးဆက ကွာဟချက်ကြီးတယ် ဟုတ်လား.... အဲ့ဒါက ငါ မျှော်လင့်ထားပြီးသားပါ... မင်းသားက အတွေ့အကြုံရင့် စစ်သည်တော်တစ်ယောက်ဖြစ်ပြီး ပြိုင်ဘက်ကင်းစွမ်းအားရှိတယ်...သူ့လို သူရဲဘောကြောင်တဲ့ အကြီးအကဲတစ်ယောက်က ဘယ်လိုလုပ်ပြီး ယှဉ်ပြိုင်နိုင်မှာလဲ”
လက်အောက်ငယ်သားက ရှက်ကိုးရှက်ကန်းဖြင့် တုံ့ပြန်အဖြေပေးသည်။
“ဒါက ကြင်ယာတော် ထင်သလို မဟုတ်ပါဘူး....မင်းသားရဲ့ လောင်းကြေးဆက အရမ်းမြင့်နေတယ်....သူ့ရဲ့ အောင်ပွဲအတွက် ၃.၅ ဆတစ်ဆဖြစ်ပြီးတော့ အကြီးအကဲလင်းရဲ့ လောင်းကြေးဆက ၁.၃ ဆတစ်ဆပဲ ရှိတယ်”
“ဘာ....”
စွန်းလျန်ရှန်း ကြက်သေသေသွားသည်။
ဤကဲ့သို့ မှောင်ခိုဈေးတိုက်ပွဲများတွင် မြင့်မားသော လောင်းကြေးဆသည် အောင်ပွဲအတွက် မျှော်လင့်ချက် နည်းပါးကြောင်း ညွှန်ပြပေ၏။ ၃.၅ဆသည် အလွန်အကျွံ မြင့်မားခြင်းမရှိသော်လည်း ဤသည်မှာ မင်းသား အနိုင်ရနိုင်သော အခွင့်အလမ်းများအပေါ် သံသယဝင်စေနိုင်သည်။ လင်းပုယန်သည် အမှန်တကယ်ကို ပင်းယွမ်မင်းသားအား အနိုင်ယူနိုင်စွမ်း ရှိနေသလော။ ဤသည်မှာ အဓိပ္ပာယ်မဲ့ပုံရသည်။
“ကြင်ယာတော်...ကျွန်တော်တို့တွေ လောင်းကြေးထပ်သင့်သေးလား” လက်အောက်ငယ်သားက တွေဝေတုံ့ဆိုင်းစွာဖြင့် မေးမြန်းလိုက်၏။
စွန်းလျန်ရှန်းက မျက်မှောင်ကြုတ်လိုက်သည်။
“လင်းပုယန်က မကြာသေးခင်က ဒီလောက်ထိမြင့်တဲ့ လောင်းကြေးဆကို ဖြစ်စေနိုင်လောက်တဲ့ ကိစ္စတစ်ခုကို လုပ်ခဲ့လား”
“ကျွန်တော် သိသလောက်တော့ အဲ့ဒီလိုကိစ္စမျိုး မရှိပါဘူး...ဒါပေမဲ့… သတင်းအချက်အလက်တွေကို ကောင်းကောင်းသိတဲ့ လူဝကြီးတစ်ယောက်က အဲ့ဒီကိစ္စကို ဆွေးနွေးနေခဲ့တယ်... ကျွန်တော် သူ့ကို ခေါ်လာရမလား”
“လူဝကြီးတစ်ယောက် ဟုတ်လား”
စွန်းလျန်ရှန်းသည် အချိန်တခဏကြာခန့် စဥ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။
“သူ့ကို ခေါ်လာခဲ့စမ်း.... ဖုယင်ယင်က လင်းပုယန်အပေါ် ဒီလောက်ထိ ယုံကြည်မှုရှိနေရတဲ့ အကြောင်းအရင်းကို ငါ ကြားချင်တယ်”
မကြာမီမှာပင် လူဝကြီးတစ်ယောက် ရောက်ရှိလာပြီး ဦးညွှတ်လိုက်သည်။
“နိမ့်ကျတဲ့စွန်းချန်က မင်းသားနှင့် ကြင်ယာတော်ကို နှုတ်ခွန်းဆက်သပါတယ်”
“နင့်ဆီမှာအကြီးအကဲလင်းပုယန်အကြောင်း သတင်းအချက်အလက် ရှိတယ်ဆိုတာ အမှန်ပဲလား”
စွန်းလျန်ရှန်းက ဗြောင်ကျကျ မေးမြန်းသည်။
“ဟုတ်ကဲ့”
စွန်းချန်က တုံ့ပြန်အဖြေပေးလိုက်ပြီး သူ ပြုံးလိုက်စဉ်တွင် သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပေ၏။
“ဒီသတင်းအချက်အလက်က ယုံကြည်စိတ်ချရပြီးတော့ မင်းသားနဲ့ကြင်ယာတော်တို့အတွက် အရမ်းအကျိုးရှိစေမှာပါ”
“ပြောစမ်း...တကယ်လို့ ဒီသတင်းက မှန်ကန်တယ်ဆိုရင် နင့်ကို ကောင်းကောင်း ဆုချမယ်”
စွန်းလျန်ရှန်းက သူမ၏လက်ကို ဝှေ့ယမ်းရင်း ပြောဆိုလိုက်သည်။
“ဒါက…”
စွန်းချန်က တွေဝေတုံ့ဆိုင်းပြီးနောက် အနေခက်စွာဖြင့် ထပ်မံ၍ ပြောဆိုသည်။
“ကျွန်တော့်ရဲ့သတင်းတွေက ပုံသေဈေးနှုန်းနဲ့ ရောင်းတာပါ...သတင်းတစ်ခုကို ရင်းမြစ်ဒင်္ဂါးနှစ်သောင်းပါ”
“ရင်းမြစ်ဒင်္ဂါးနှစ်သောင်း ဟုတ်လား...မင်းက ငါတို့ကို ငွေညှစ်နေတာလား..မင်းသိထားဖို့က ငါက မင်းကို အခုချက်ချင်း ဖမ်းဆီးလို့ရတယ်”
လက်အောက်ငယ်သားက ဒေါသတကြီး ဆူပူကြိမ်းမောင်းလိုက်သည်။
စွန်းချန်သည် နောက်သို့အနည်းငယ်ဆုတ်လိုက်ပြီး သူ၏စွမ်းအားအရှိန်အဝါမှ ညင်သာသော စွမ်းအားလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ယခင်က ကျင့်ကြံနေသော ပင်းယွမ်မင်းသားသည် မျက်လုံးများ ဖွင့်လိုက်ပြီး စွန်းချန်ကို တစ်ချက်ကြည့်ကာ ပြောဆိုလိုက်၏။
“သူ့ကို ပေးလိုက်...”
“ဟုတ်ကဲ့”
စွန်းလျန်ရှန်းက ခေါင်းညိတ်လိုက်ပြီး သူမ၏ လက်အောက်ငယ်သားကို ငွေပေးရန် အချက်ပြလိုက်သည်။
စွန်းချန်သည် ပျော်ရွှင်စွာဖြင့် ငွေပမာဏကို ရေတွက်ပြီး စိတ်ကျေနပ်သွားကာ သူ၏ သတင်းအချက်အလက်ကို ထုတ်ဖော်ပြောဆိုသည်။
“ဒီနေ့မနက်စောစောမှာ လီယွဲ့အန်းက အကြီးအကဲ ဖုန်းကျောက်ထင်ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့ပြီးတော့ သူ့ကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့တယ်”
စွန်းလျန်ရှန်းနှင့် ပင်းယွမ်မင်းသား ဟန်ချန်ယဲ့ တို့နှစ်ဦးလုံး ထိတ်လန့်သွားကြသည်။
“အကြီးအကဲ ဖုန်းကျောက်ထင် ဟုတ်လား... သူရဲ့ နာမည်ဂုဏ်သတင်းက ကြီးမားပြီးတော့ အင်အားကြီးမားတဲ့ ဂိုဏ်းတစ်ဂိုဏ်းက သူ့ရဲ့ကျောထောက်နောက်ခံအဖြစ် ရှိနေခဲ့တယ်...အခု သူသေပြီ ဟုတ်လား”
လက်အောက်ငယ်သားက မယုံနိုင်စွာဖြင့် မေးမြန်းလိုက်သည်။
စွန်းချန်က ရှင်းပြသည်။
“ဖုန်းကျောက်ထင်ကို သတ်ဖြတ်ပြီးတဲ့နောက်မှာ လီယွဲ့အန်းက အကြီးအကဲ လင်းပုယန်ရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့တယ်.... ဒါက မှောင်ခိုဈေးက သူ့အတွက် ဒီလောက် ကောင်းမွန်တဲ့ လောင်းကြေးဆတွေကို သတ်မှတ်တာရဲ့ အကြောင်းအရင်းပဲ”
“ဖုန်းကျောက်ထင်ရဲ့စွမ်းအားက ငါ့နဲ့ ယှဉ်ပြိုင်နိုင်တယ်....သူရဲ့ ချည်မျှင်တစ်ထောင် ကောင်းကင်ကံကြမ္မာက မရေမတွက်နိုင်တဲ့ ရုပ်သေးတွေကို ထိန်းချုပ်နိုင်တာနဲ့ဆိုရင် ငါတောင် ရုန်းကန်ရလိမ့်မယ်...တကယ်လို့ လီယွဲ့အန်းက သူ့ကို သတ်ခဲ့တယ်ဆိုရင် သူက ဓမ္မရုပ်သွင်ထင်ဟပ်ခြင်းနယ်ပယ်ကို တက်လှမ်းပြီးသား ဖြစ်လိမ့်မယ်”
ဟန်ချန်ယဲ့က တည်ကြည်လေးနက်စွာ ပြောဆိုသည်။
“ပြီးတော့ တကယ်လို့ လင်းပုယန်က လီယွဲ့အန်းကို သတ်နိုင်ခဲ့တယ်ဆိုရင် သူလည်း ဓမ္မရုပ်သွင်ထင်ဟပ်ခြင်းနယ်ပယ်မှာ ရှိနေတယ်လို့ ဆိုလိုတာ မဟုတ်လား"
ဖုန်းကျောက်ထင်၏စွမ်းအားသည် သူ၏ ရုပ်သေးများဖြင့် အားဖြည့်ထားသောကြောင့် အလွန်အစွမ်းထက်သည်။ ဓမ္မရုပ်သွင်ထင်ဟပ်ခြင်းနယ်ပယ်ရှိ ထိပ်သီးကျင့်ကြံသူများပင်လျှင် သူ့ကို ရင်ဆိုင်ခြင်းအား စိန်ခေါ်မှုတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။ လီယွဲ့အန်းသည် ဖုန်းကျောက်ထင်ကို အနိုင်ယူနိုင်ခြင်းသည် သေးငယ်သောအောင်မြင်မှုတစ်ခု မဟုတ်ချေ။ လင်းပုယန်သည် လီယွဲ့အန်းကို သတ်ဖြတ်နိုင်ခြင်းက ပို၍ပင်စွမ်းအားကြီးသည်ဟု ညွှန်ပြနေသည်။
စွန်းလျန်ရှန်းက မျက်မှောင်ကြုတ်လိုက်သည်။
“ဖြစ်နိုင်တာတော့ လီယွဲ့အန်းက ဖုန်းကျောက်ထင်နဲ့တိုက်ပွဲမှာ ဒဏ်ရာအပြင်းအထန် ရခဲ့တာကြောင့် လင်းပုယန်က အခွင့်အရေးယူလိုက်တာများလား”
ဟန်ချန်ယဲ့က ခေါင်းခါလိုက်သည်။
“အဲ့ဒါက ဖြစ်နိုင်တယ်....ဒါပေမဲ့ မှောင်ခိုဈေးက ဘာသက်သေမှမရှိဘဲနဲ့ လောင်းကြေးဆတွေကို ချိန်ညှိမှာ မဟုတ်ဘူး...လင်းပုယန်ရဲ့ စွမ်းရည်တွေက အပြင်မှာ ထွက်ပေါ်နေသလောက် ရိုးရှင်းမှုမရှိဘူးလို့ ငါ ထင်တယ်”
“ကျွန်မတို့ တိုက်ပွဲကို ဆက်ပြီးလုပ်သင့်သေးလား”
စွန်းလျန်ရှန်းက စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းသည်။
ဟန်ချန်ယဲ့က ပြုံးလိုက်၏။
“ဒါက ပြဿနာမရှိပါဘူး....သူက သန်မာအားကောင်းရင်တောင် ငါကလည်း အားနည်းတဲ့သူတစ်ယောက် မဟုတ်ဘူး.. ဒါ့ပြင် ငါ့မှာ ကိုယ်ပိုင်လျှို့ဝှက်လက်နက်တွေ ရှိတယ်...သူ ငါ့ကို အလွယ်တကူ အနိုင်ယူနိုင်မှာ မဟုတ်ဘူး”
သူ စကားပြောနေစဉ်မှာပင် လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အခန်းထဲသို့ ဝင်ရောက်လာကြသည်။ သူတို့၏မရင်းနှီးသော မျက်နှာများကြောင့် လက်အောက်ငယ်သားက မျက်မှောင်ကြုတ်လိုက်၏။
“ဘယ်သူက မင်းသားရဲ့ သီးသန့်ခန်းထဲကို ကျူးကျော်ဝင်လာရဲတာလဲ”
“ငါပဲ....”
အမျိုးသားနှစ်ဦးအနက်မှတစ်ဦးက ပြောဆိုလိုက်ပြီး သူ၏တည်ငြိမ်သောအသံက အခန်းတစ်ခန်းလုံးကို တိတ်ဆိတ်သွားစေသည်။
ဟန်ချန်ယဲ့၏မျက်နှာအမူအယာ ပြောင်းလဲသွားပြီး သူက အလျင်အမြန် မတ်တတ်ထရပ်လိုက်သည်။
“ကျွန်တော်က အရိုအသေပြု…”
“တော်လောက်ပြီ”
ထိုလူက စကားဖြတ်၍ ပြောဆိုလိုက်ပြီး သူ၏ အဖော်ကို အချက်ပြလိုက်သည်။
"အဲ့ဒါကို သူ့ကို ပေးလိုက်တော့”
“ဟုတ်ကဲ့”
တခြားအမျိုးသားသည် အထုပ်တစ်ထုပ်ကို လက်ကမ်းပေးလိုက်ပြီးနောက် ဟန်ချန်ယဲ့က ဖွင့်ကြည့်ရာ သံချပ်ကာဝတ်စုံတစ်စုံ ထွက်ပေါ်လာသည်။
“အေးစက်ငရဲသံချပ်ကာလား....”
ဟန်ချန်ယဲ့ အံ့အားသင့်သွားသည်။
ဤဧည့်သည်များသည် ဟန်ယွမ်အင်ပါယာ၏ ဧကရာဇ်ဟန်ချန်ချောင်နှင့် မိန်းမစိုးလီမှလွဲ၍ တခြားလူများ မဟုတ်ချေ။
“တိုက်ပွဲကျရင် ဒါကို ဝတ်ထားပါ”
ဟန်ချန်ချောင်က ညွှန်ကြားလိုက်သည်။
“အစ်ကိုကြီးက ကျွန်တော် မသိတဲ့ ကိစ္စတစ်ခုကို သိနေတာလား”
ဟန်ချန်ယဲ့က နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်၏။ အေးစက်ငရဲသံချပ်ကာသည် ဟန်ယွမ်အင်ပါယာရှိ အဖိုးတန်ဆုံး သံချပ်ကာဝတ်စုံများအနက်မှတစ်ခုပင်။ သူ၏အစ်ကိုမှ သူ့ကို ထိုအရာ ငှားယမ်းခြင်းသည် ဤတိုက်ပွဲကို အလွန် အလေးအနက်ထားသည်ဟု ညွှန်ပြနေပေ၏။
“အစ်ကိုကြီး...ဟုတ်လား”
အခန်းထဲရှိ လူတိုင်း ဤကဲ့သို့ ခေါ်ဝေါ်မှုကြောင့် ကြက်သေသေသွားကြသည်။ ပင်းယွမ်မင်းသားမှ ထိုသို့ခေါ်ဝေါ်ခြင်းကို ခံရနိုင်သူဟူ၍ တစ်ဦးတည်းသာရှိသည်။
“ဟုတ်တယ်”
ဟန်ချန်ချောင်က စွန်းချန်ကို တစ်ချက်ကြည့်ပြီးနောက် သူ့ကို ထွက်ခွာသွားရန် အချက်ပြလိုက်သည်။ ဤဆွေးနွေးမှု၏ အရေးကြီးသောသဘာဝကို နားလည်သောကြောင့် စွန်းချန်က ဦးညွှတ်အရိုအသေပြုပြီး ထွက်ခွာသွားလေ၏။
အခန်းအတွင်း၌ လူများရှင်းလင်းသွားသည်နှင့် ဟန်ချန်ချောင်က ပြောဆိုလိုက်သည်။
“ဖုန်းကျောက်ထင်နဲ့လီယွဲ့အန်းတို့က လင်းပုယန်ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့ပေမဲ့ သူရဲ့ လက်ချက်နဲ့ နှစ်ယောက်လုံး အလွယ်တကူ အသတ်ခံခဲ့ရတယ်... သူက ဖုန်းကျောက်ထင်ရဲ့ ရုပ်သေး ၃၄ ခုကိုလည်း ဖျက်ဆီးခဲ့တယ်.. အဲ့ဒီထဲမှာ နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်မှာ ရှိတဲ့ ရုပ်သေး၁၁ ခု ပါဝင်တယ်”
ဤထုတ်ဖော်ပြောဆိုမှုသည် ဟန်ချန်ယဲ့၏ မျက်လုံးများကို ထိတ်လန့်တုန်လှုပ်မှုဖြင့် ပြူးကျယ်သွားစေသည်။ ဖုန်းကျောက်ထင်တစ်ယောက်တည်းကို ကိုင်တွယ်ရန် ခက်ခဲသဖြင့် လီယွဲ့အန်းနှင့် တွဲဖက်လိုက်ပါက ပို၍ဆိုးရွားသွားပေမည်။ သို့ရာတွင် လင်းပုယန်က သူတို့နှစ်ဦးလုံးကို လွယ်လင့်တကူ သတ်ဖြတ်ခဲ့သည်။ လင်းပုယန်၏စွမ်းအားသည် သူ မျှော်လင့်ထားသည်ထက် များစွာပို၍ ကျော်လွန်နေပေ၏။
“ဒီသံချပ်ကာကို ဝတ်ထားပြီးတော့ လင်းပုယန်ကို စမ်းသပ်ကြည့်ပါ....သူက ထူးခြားတဲ့ မိုတောက်နည်းစနစ် တစ်ခုခုကို အသုံးပြုလားဆိုတာ မင်း သေချာကြည့်ခဲ့... သူက အစားထိုးခံထားရတယ်လို့ ငါ သံသယဝင်တယ်”
ဟန်ချန်ချောင်က စဉ်းစားနေသောအမူအယာဖြင့် ပြောဆိုသည်။
“အစားထိုးခံထားရတယ်... ဟုတ်လား”
ဟန်ချန်ယဲ့၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
လင်းပုယန်၏မကြာသေးမီက လှုပ်ရှားမှုများကို စုံစမ်းစစ်ဆေးပြီးနောက် ဟန်ချန်ချောင်သည် သံသယဖြစ်ဖွယ် ကွဲလွဲမှုများကို ဖော်ထုတ်နိုင်ခဲ့သည်။ အဖြူရောင်ကျောက်တုံးမြို့တွင် ကျန်းရွှမ်၏ မမျှော်လင့်ထားသော ထွက်ပေါ်လာမှု သူ၏ ရုတ်တရက် ပျောက်ကွယ်သွားမှုနှင့် လင်းပုယန် ပြန်လာချိန်တွင် ရုတ်ခြည်း ပြောင်းလဲသွားသော အမူအယာ… ထိုလက္ခဏာအားလုံးသည် ပုံမှန်မဟုတ်သော တစ်ခုခုကို ညွှန်ပြနေပေ၏။
“နားလည်ပါပြီ”
ဟန်ချန်ယဲ့က တုံ့ပြန်အဖြေပေးလိုက်သည်။
သူတို့၏စကားဝိုင်း အဆုံးသတ်သွားသည်နှင့် အခန်းအတွင်း၌ တိတ်ဆိတ်သွားသည်။ လက်အောက်ငယ်သားက တွေဝေတုံ့ဆိုင်းနေပြီးနောက် စွန်းလျန်ရှန်းကို မေးမြန်းလိုက်သည်။
“ကြင်ယာတော်... ကျွန်တော်တို့ လောင်းကြေးထပ်သင့်သေးလား”
သူမ မတုံ့ပြန်နိုင်မီမှာပင် ဟန်ချန်ချောင်က ကြားဖြတ်ပြောလိုက်သည်။
“လုပ်ရမှာပေါ့...ဒီအရှင်က ချန်ယဲ့ အနိုင်မယ့်ဘက်ကနေ သန်းငါးဆယ် လောင်းကြေးထပ်မယ်”
ဟန်ချန်ယဲ့ အံ့အားသင့်သွားသည်။
“အစ်ကို....ကျွန်တော် အနိုင်ရမယ်လို့ အစ်ကို တကယ်ကြီး ယုံကြည်တာလား”
ဟန်ချန်ချောင်က ပြုံးလိုက်သည်။
“အေးစက်ငရဲသံချပ်ကာက မင်းကို ကာကွယ်ပေးထားမှတော့ ငါတောင် မင်းရဲ့ ကာကွယ်မှုတွေကို ချိုးဖျက်ဖို့ ရုန်းကန်ရလိမ့်မယ်....မင်းကိုယ်မင်း အကန့်အသတ်ထိ တွန်းပို့ပြီးတော့ အဆင့်တက်နိုင်ဖို့ကိုပဲ အာရုံစိုက်ပါ...အောင်ပွဲက သူ့အလိုလို လိုက်ပါလာလိမ့်မယ်”
စိတ်သက်သာရာရသွားသော ဟန်ချန်ယဲ့က ခေါင်းညိတ်လိုက်သည်။
“နားလည်ပါပြီ”
စွန်းလျန်ရှန်းသည် စိတ်အားထက်သန်သွားပြီး အလျင်အမြန် ပြောဆိုလိုက်၏။
“မင်းသားအနိုင်ရမယ့်ဘက်ကနေ ငါးသန်း လောင်းလိုက်စမ်း”
လက်အောက်ငယ်သား ထွက်ခွာသွားသည်နှင့် ဟန်ချန်ယဲ့၏အကြည့် တည်ကြည်လေးနက်သွားသည်။
“တကယ်လို့ ဒီလင်းပုယန်က ကျန်းရွှမ် ဖြစ်နေတယ်ဆိုရင် ဒီတိုက်ပွဲက စိတ်ဝင်စားစရာ ကောင်းလာတော့မယ်”
မှောင်ခိုဈေးသို့ မဝင်ရောက်မီ သူ ရရှိခဲ့သော သတင်းအချက်အလက်ကို စဉ်းစားရင်း ဟန်ချန်ယဲ့၏မျက်လုံးများ တောက်ပသွားကာ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။