ဟန်ချန်ယဲ့၏ ကျင့်ကြံဆင့်ချိုးဖျက်မှု့
Vol. 13 Ch. 194
ကျောက်စိမ်းအရိုးနယ်ပယ်၏ မြင်းကောင်ရေအား ၉၉ ကန့်သတ်ချက်ကဲ့သို့ပင် ဓမ္မရုပ်သွင်နယ်ပယ်၌လည်း ခွန်အားကန့်သတ်ချက်တစ်ခုရှိသည်။ ဤသည်မှာ မြင်းကောင်ရေအား ၉၉၉ပင်။ သို့ရာတွင် ဤခွန်အားကို ဓမ္မရုပ်သွင်အား အသုံးပြုသည့်အချိန်မှသာ ထုတ်ဖော်နိုင်ပေမည်။ တစ်ဖက်လူသည် ရုပ်ခန္ဓာကိုယ်သက်သက်ဖြင့် ဤကဲ့သို့ခွန်အားမျိုးကို ထုတ်ဖော်နိုင်ခဲ့သည်။
ဤသည်မှာ အမှန်ဖြစ်သလော....
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ အမှန်မဟုတ်လျှင် တစ်ဖက်လူသည် မည်သို့ ပြုလုပ်နိုင်မည်နည်း...
ဟန်ချန်ယဲ့၏စိတ်နှလုံးသားထဲ၌ ထိတ်လန့်တုန်လှုပ်သွားသော်လည်း သူ၏လှံသည် မရပ်တန့်ဘဲ ရှေ့သို့ အရှိန်ပြင်းစွာ ဆက်လက်၍တိုးဝင်သွားသည်။ သို့ရာတွင် ပြိုင်ဘက်၏ဓားမကြီးလှုပ်ရှားမှုတိုင်းသည် တောင်ကြီးတစ်လုံးကို ထုနှက်နေသည့် တူချက်များအလားပင်။ အချက်ပေါင်းများစွာ ဆက်တိုက်ထိုးနှက်ခံရပြီးနောက် ဟန်ချန်ယဲ့၏ပါးစပ်မှ သွေးများ စတင်၍ ယိုစီးကျလာပြီး သူ တောင့်မခံနိုင်တော့ချေ။
သူသည် ရှားပါးသော ကောင်းကင်ရတနာများကို သုံးစွဲခဲ့သည့် အခွင့်အရေးများကြောင့် တိုက်ခိုက်မှုတစ်ခုလျှင် မြင်းကောင်ရေအား ၆၀၀ကို ထုတ်ဖော်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ဆိုသည့်တိုင် သူသည် ဤခွန်အားကို အချိန်ကြာမြင့်စွာ ထိန်းမထားနိုင်ချေ။ သို့ရာတွင် သူ၏ရှေ့မှလူသည် မြင်းကောင်ရေအား ၉၉၉ ကို အသုံးပြုနေသော်လည်း မည်သည့်အချိန်တွင်မျှ စွမ်းအားများ ကုန်ဆုံးသွားမည်မဟုတ်သည့်အလား ပေါ့ပေါ့ပါးပါးနှင့် မပင်မပန်းရှိနေဆဲပင်။
ဟန်ချင်ချောင် အလွန်သတိကြီးစွာထားနေသည်မှာ မထူးဆန်းတော့ချေ။ လီယွဲ့အန်းနှင့်ဖုန်းကျောက်ထင်တို့သည် မည်သည်ကြောင့် လင်းပုယန်၏ပြိုင်ဘက် မဖြစ်သည်ကိုလည်း သူ နားလည်သွားလေပြီ။ ပြိုင်ဘက်သည် သူ၏အစွမ်းအစကို ကောင်းစွာဖုံးကွယ်ထားခဲ့လေ၏။
"မင်းက ကောင်းကင်ကံကြမ္မာကို သုံးတယ်ဆိုတော့ ငါလည်း သုံးရမှာပေါ့"
ဟန်ချန်ယဲ့သည် မျက်ခုံးပင့်လိုက်ပြီး သူ၏လှံထိပ်ကို ပြင်းထန်စွာ လှုပ်ခတ်လိုက်သည်။ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ကောင်းကင်ကံကြမ္မာစွမ်းအင်များ စီးဆင်းသွားပြီး လှံ၏အရှိန်သည် အသံ၏အရှိန်နှုန်းကို ချိုးဖျက်ပြီး ရှေ့သို့ပျံ့လွင့်လာသည်။
အလင်းကောင်းကင်ကံကြမ္မာ...
ဤသည်မှာ ဟန်ယွမ်တော်ဝင်မိသားစုမှ လက်ဆင့်ကမ်းလာသော ကောင်းကင်ကံကြမ္မာပင်။ လှံ၏အလင်းသည် အရှိန်နှုန်းကို ချက်ချင်းမြင့်တက်စေပြီး အသံအတားအဆီးကို ချိုးဖျက်နိုင်ပေ၏။ ဟန်ချန်ယဲ့ထက် ပို၍သန်မာအားကောင်းသော မရေမတွက်နိုင်သည့်လူများသည် ဤသိုင်းကွက်ဖြင့် လွယ်လင့်တကူ အသတ်ခံခဲ့ရဖူးပေ၏။
ထိုသို့သောအရှိန်နှုန်းကို မြင်တွေ့သည့်တိုင် ကျန်းရွှမ်သည် အနည်းငယ်မျှ ကြောက်ရွံ့မသွားချေ။ သူ၏မျက်လုံးများပင် တောက်ပလာခဲ့သည်။ သူ ယခင်က ကြုံတွေ့ခဲ့ရသော ကောင်းကင်ကံကြမ္မာများမှာ "သစ္စာဖောက်ခြင်း" "ညှို့ဓာတ်" သို့မဟုတ် "အိပ်မက်ထဲတွင်မုဒိမ်းကျင့်ခြင်း" ... အစရှိသည့် အလွန်ထူးဆန်းသော အမျိုးအစားများသာ ဖြစ်သည်။ သို့ရာတွင် ဤလှံအလင်းကို နားလည်သွားသည့်အချိန်တွင် လှံ၏အရှိန်ကို မြှင့်တင်နိုင်ပြီး တိုက်ခိုက်ရေးစွမ်းအားကို များစွာတိုးမြှင့်ပေးနိုင်သည်။ ဤအရာကို ပုံတူးကူးယူပြီး ကျန်းယန်အား သင်ကြားပေးနိုင်ပါက သူ၏စွမ်းအားကို ကြီးမားစွာ တိုးတက်စေမည်မှာ သေချာပေ၏။
ဤသို့တွေးတောပြီးနောက် သဘာဝကောင်းကင်လမ်း၏ကူးယူနိုင်စွမ်း အသက်ဝင်လာသည်။ မျက်တောင်တစ်ခတ်စာအချိန်အတွင်းတွင် စာအုပ်ပေါင်းတစ်သိန်း လောင်ကျွမ်းသွားပြီး လှံရှည်တစ်ချောင်းနှင့်တူသော စွမ်းအင်မြစ်တစ်စင်းအဖြစ်သို့ ပြောင်းလဲသွားသည်။
"စွမ်းအင်ကုန်ဆုံးမှုက တော်တော်လေး ကြီးမားတာပဲ..."
ကျန်းရွှမ်း၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ကံကြမ္မာချပ်ပြား အချပ်နှစ်ဆယ်ကို ဝယ်ယူထားခဲ့ရာ ထိုအရာများမှကောင်းကင်ကံကြမ္မာစွမ်းအင် နှစ်သိန်းခန့်ကို ရရှိခဲ့ပေ၏။ ထိုသို့မဟုတ်ပါက သူသည် ဤကောင်းကင်ကံကြမ္မာကို ပုံတူကူးယူနိုင်ခဲ့မည် မဟုတ်ချေ။
အစောပိုင်းက ဖွဲ့စည်းလိုက်သော လှံရှည်ပုံသဏ္ဍာန် စွမ်းအင်မြစ်ကို ကြည့်ပြီးနောက် ကျန်းရွှမ်သည် ယခင် ဓားမကြီး သို့မဟုတ် ချည်မျှင်တစ်ထောင် ကောင်းကင်ကံကြမ္မာတို့ကဲ့သို့ ဖြစ်နေသည်ကို ခံစားမိလေ၏။ ထိုအရာသည် ကောင်းကင်ကံကြမ္မာစွမ်းအင် တစ်သိန်းခန့်ကို စုပ်ယူပြီးသည့်တိုင် အနည်းငယ် အားနည်းနေပြီး မည်သည့်အချိန်တွင်မဆို ပျောက်ကွယ်သွားတော့မည့်အလားပင်။
"အလင်းကောင်းကင်ကံကြမ္မာက ဓားမကြီး ကောင်းကင်ကံကြမ္မာထက် သာလွန်နေတာများလား"
ကျန်းရွှမ်က တွေးဆလိုက်သည်။ ဓားမကြီး ကောင်းကင်ကံကြမ္မာသည် ကောင်းကင်ကံကြမ္မာစွမ်းအင် ငါးသောင်းဖြင့် အစပျိုးပုံစံကို ဖွဲ့စည်းနိုင်သော်လည်း အလင်းကောင်းကင်ကံကြမ္မာကမူ စွမ်းအင်တစ်သိန်းလိုအပ်သည်။ ဤသည်မှာ အလင်းကောင်းကင်ကံကြမ္မာသည် ပို၍အားကောင်းသည်ဟု ဆိုလိုခြင်း ဖြစ်သလော။
ဤအတွေးသည် သူ၏စိတ်ထဲတွင် ဖျတ်ခနဲထွက်ပေါ်လာပြီးနောက် ထိုသို့စဉ်းစားရန် အချိန်မဟုတ်ကြောင်း သူ သဘောပေါက်သွားသည်။ ကျန်းရွှမ်သည် သူ၏ဓားမကြီးကို လှုပ်ခတ်လိုက်ကာ သူ့ထံတိုးဝင်လာသော လှံအလင်းထံသို့ ခုတ်ပိုင်းလိုက်သည်။ ဤတစ်ကြိမ်တွင် သူ၏စွမ်းအားကို ထိန်းချုပ်ထားခြင်း မရှိတော့ချေ။ သူ၏စွမ်းအားများအားလုံးသည် ဓားမကြီးနည်းစနစ် အရှိန်အဝါနှင့်အတူ မြင့်တက်လာပြီး ခံ့ညားထည်ဝါစွာ ကျဆင်းလာပေ၏။
ခရက်...ခရက်..
လှံအလင်းသည် လျင်မြန်သော်လည်း ကျန်းရွှမ်၏ အင်အားအပြည့်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ထိုအရာ၌ စွမ်းအားကင်းမဲ့နေပြီး ချက်ချင်းကြေမွှပျက်စီးသွားသည်။ ဟန်ချန်ယဲ့၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။ သူသည် ရှောင်တိမ်းရန် ကြိုးစားခဲ့သော်လည်း သူ၏ခန္ဓာကိုယ်သည် အထူးစွမ်းအားတစ်ရပ်ဖြင့် ချုပ်နှောင်ခံထားရပြီး မည်သို့မျှ ခုခံနိုင်စွမ်းမရှိဘဲ ဤတိုက်ခိုက်မှုကို ခံရရန် ကံကြမ္မာဖန်လာသကဲ့သို့ သူ ခံစားလိုက်ရသည်။
ကောင်းကင်ကံကြမ္မာစွမ်းအင်သည် စိတ်ဝိညာဉ်ကို ထိခိုက်စေပေ၏။
"ဒါက မကောင်းတော့ဘူး...."
ဟန်ချန်ယဲ့ အနိုင်ရမည့်လောင်းကြေးထပ်ထားသူများအားလုံး၏မျက်နှာများ ဖြူဖျော့သွားကြသည်။ ဤတိုက်ခိုက်မှု၏ စွမ်းအားကို ကြည့်ရလျှင် ထိုအရာသာ အမှန်တကယ် ထိမှန်သွားပါက ဓမ္မလှည့်လည်သွားလာခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်ရှိသူတစ်ယောက် ခုခံနိုင်မည်မဟုတ်သည့်အပြင် ဓမ္မရုပ်သွင်ထင်ဟပ်ခြင်းနယ်ပယ် အထွတ်အထိပ်ရှိသူတစ်ဦးပင်လျှင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ဝှစ်....
ဓားမကြီးသည် ဟန်ချန်ယဲ့ကို ထိမှန်သွားပြီး အလင်းတန်းတစ်တန်း လက်ခနဲဖြတ်ပြေးသွားသည်။ ထို့နောက် အပြာရောင်ဖျော့ဖျော့ သံချပ်ကာတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ဓားသွား၏အရှိန်အဝါကို တားဆီးလိုက်၏။ သာမန်သံမဏိဖြင့် ပြုလုပ်ထားသော ဓားမကြီးသည် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ကြေမွသွားပြီး မြေကြီးထဲသို့ စိုက်ဝင်သွားသည်။
"ဒါက... အေးစက်ငရဲသံချပ်ကာပဲ..."
"ပင်းယွမ်မင်းသားက အေးစက်ငရဲသံချပ်ကာကို ဝတ်ထားတာပါလား... ဒါက သေခြင်းရှင်ခြင်းတိုက်ပွဲ ဟုတ်သေးရဲ့လား... ဒါက လိမ်လည်မှုပဲ"
"သူက တိုက်ပွဲရူးလို့ ကျော်ကြားပြီးတော့ တခြားသူတွေနဲ့ အမြဲတမ်း တိုက်ခိုက်ချင်နေပေမဲ့ တကယ်တိုက်ခိုက်ရတဲ့အချိန်ကျတော့ သေမှာကြောက်ပြီး တိုက်ပွဲဝတ်သံချပ်ကာကို ဝတ်ဆင်ထားတယ်... ဒါက ဘယ်လိုလုပ်ပြီး တရားမျှတမှု ရှိနိုင်မှာလဲ"
"သံချပ်ကာကို အသက်သွင်းထားသရွေ့ သူက ဒဏ်ရာမရနိုင်သလောက်နီးပါးပဲ... သူက ရှုံးနိမ့်မှာမဟုတ်တဲ့ အနေအထားမှာ ရောက်နေပြီ..."
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် လူအုပ်ကြီး ဆူညံပွက်လောရိုက်သွားသည်။ ဤသည်မှာ အသက်နဲ့ရင်းရသော တိုက်ပွဲဖြစ်သောကြောင့် အသုံးပြုသည့်လက်နက်များကို မှောင်ခိုဈေးမှ ထောက်ပံ့ပေးသင့်ပြီး တိုက်ပွဲကို စိတ်ဝင်စားစရာကောင်းစေရန်အတွက် သိသာထင်ရှားသော ကွာဟချက်များ မရှိသင့်ပေ။ မည်သူက ဤသို့သော မရှုံးနိမ့်နိုင်သည့် ခုခံရေးသံချပ်ကာကို ဝတ်ဆင်နိုင်မည်နည်း။ ဤသည်မှာ မည်သည်ကြောင့် မျှတသော တိုက်ပွဲဖြစ်နိုင်မည်နည်း။
အရမ်းရှက်ဖို့ကောင်းတယ်...
ဟန်ချန်ယဲ့သည် သွေးတစ်လုတ်အန်ထုတ်လိုက်ရင်း သူ၏မျက်နှာ အနည်းငယ်နီမြန်းသွားသည်။
"သူတို့ပြောတာ မှန်တယ်... သံချပ်ကာ ဝတ်ဆင်ထားတာက တကယ့်ကို မမျှတဘူး"
ထိုသို့ပြောဆိုရင်း သူသည် အေးစက်ငရဲသံချပ်ကာကို စတင်၍ချွတ်လိုက်သည်။
"မလိုပါဘူး... မင်းရဲ့စွမ်းအားကုန် ထုတ်သုံးလိုက်စမ်း... မင်း သံချပ်ကာ ဝတ်ထားတာနဲ့ မင်းကို ငါ မနိုင်ဘူးလို့ ဘယ်သူက ပြောလဲ"
ကျန်းရွှမ်းသည် လက်ကိုဝှေ့ယမ်းလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
ယခုအချိန်အထိ ပြိုင်ဘက်သည် တိုက်ခိုက်နေသူဖြစ်ပြီး သူသည် ခုခံကာကွယ်နေရသူသာ ဖြစ်ပေ၏။ ယခုချိန်၌ သူ၏အစစ်အမှန်စွမ်းအင်များ အဆုံးစွန်ဆုံးထိ စီးဆင်းနေသည့်အချိန်တွင် သူ ဦးဆောင်တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေလေပြီ။
သူ၏အရှိန်သည်လည်း မယုံနိုင်လောက်အောင် လျင်မြန်ပြီး သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း လေနှင့်မိုးကြိုးသံများကို ထွက်ပေါ်စေသည်။ ဓားမကြီး ကောင်းကင်ကံကြမ္မာနည်းစနစ် မရှိတော့သောကြောင့် သူ၏တိုက်ခိုက်ရေးစွမ်းအားသည် သိသိသာသာ အားနည်းသွားသင့်သည်။ သို့ရာတွင် ဟန်ချန်ယဲ့သည် ခုခံရန် ပို၍ခက်ခဲသော ခံစားချက်မျိုးကို ခံစားနေရသည်။
ဘန်း...ဘန်း....ဘန်း...ဘန်း....
ရုတ်ချည်းဆိုသလိုပင် ဟန်ချန်ယဲ့၏ အေးစက်ငရဲသံချပ်ကာသည် ပြင်းထန်သော တိုက်ခိုက်မှု ပေါင်းများစွာကို ခံယူလိုက်ရသည်။ ထိုတိုက်ခိုက်မှုတိုင်းသည် တစ်နေရာတည်းပေါ်သို့ ကျရောက်ပြီး ထိုးနှက်ချက် တစ်ချက်ချင်းစီတွင် မြင်းကောင်ရေအား ၉၉၉ ပါဝင်ကာ ပိုလည်းမပို လျော့လည်းမလျော့ချေ။
"ဖူး..."
ဟန်ချန်ယဲ့၏မျက်နှာ နီမြန်းသွားပြီး သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။ အေးစက်ငရဲသံချပ်ကာသည် တိုက်ခိုက်မှုများကို တားဆီးနိုင်သော်လည်း သံချပ်ကာကို ဖြတ်သန်းလာသော စွမ်းအားမှ တုန်ခါမှုလှိုင်းသည် သူ့အား မခံမရပ်နိုင်အောင် နာကျင်စေဆဲပင်။
သူသည် ပြိုင်ဘက်မှ ဓားမကြီးကောင်းကင်ကံကြမ္မာကို အသုံးပြု၍သာ ခွန်အားကို မြင်းကောင်ရေအား ၉၉၉ ထိ ရောက်ရှိစေနိုင်သည်ဟု တွေးထင်ခဲ့လေ၏။ သို့ရာတွင် ပြိုင်ဘက်၏ ရုပ်ပိုင်းဆိုင်ရာခွန်အားသည်လည်း ထိုအဆင့်သို့ ရောက်ရှိနေလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားမိချေ။ ထို့ပြင် သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသည် ဤစွမ်းအားကို ထုတ်ဖော်နိုင်ပေ၏...
သူသည် ဤသို့ဖြစ်အောင် မည်သို့ ကျင့်ကြံခဲ့သနည်း....
အကြီးအကဲလင်းသည် ကာမဂုဏ်လိုက်စားသည်ဟု ကောလာဟလများ ကြားဖူးသည်။ အကယ်၍ တချို့နေရာများကလည်း ထိုသို့သော စွမ်းအားကို ထုတ်ဖော်နိုင်ပါကသူ၏အောက်မှ အမျိုးသမီးများသည် နေရာတွင်ပင် သေဆုံးသွားမည် မဟုတ်လော။
ထိုသို့သော အတွေးများ တွေးတောနေရန် အချိန်မဟုတ်သည်ကို သဘောပေါက်လိုက်သည့် ဟန်ချန်ယဲ့သည် သူ၏လှံကို ထပ်မံ၍မြှောက်လိုက်ပြီး ပြိုင်ဘက်၏တိုက်ခိုက်မှုကို တားဆီးရန် ကြိုးစားလိုက်သည်။ သို့ရာတွင် သူ၏လှံသိုင်းကွက်ကို မလုပ်ဆောင်နိုင်မီမှာပင် ကျန်းရွှမ်၏ပြင်းထန်သော စွမ်းအားသည် လှံရိုးကို ရိုက်ခတ်မိကာ လှံသည် ထိခတ်မှုကြောင့် ကြေမွှပျက်စီးသွားပေ၏။
"သူ လုပ်နိုင်ရင်... ဘာလို့ ငါ မလုပ်နိုင်ရမှာလဲ... ဘာလို့ ငါ မလုပ်နိုင်ရမှာလဲ"
ဟန်ချန်ယဲ့၏မျက်နှာ ဒေါသကြောင့် ရှုံ့မဲ့သွားသည်။ သူသည် သူ၏ခွန်အားအားလုံးကို အဆုံးစွန်ထိ တွန်းတင်လိုက်သည်။ သူသည် သူ၏ခွန်အားအတွက် အစဥ်အမြဲဂုဏ်ယူခဲ့ပြီး စစ်တပ်ထဲတွင် သူ၏ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် နာမည်ကျော်ကြားခဲ့၏။ တော်ဝင်မင်းသားများအနက် အိမ်ရှေ့စံသာလျှင် သူ့အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်ခဲ့သည်။ တခြားမည်သူမျှ သူ့ကို မယှဉ်နိုင်ခဲ့ချေ။ သို့ရာတွင် ယခုချိန်၌ သူသည် လုံးလုံးလျားလျား ဖိနှိပ်ခံထားရသဖြင့် သူ၏စိတ်ပျက်မှုသည် မတွေးဝံ့စရာပင်။
လွှမ်းမိုးချုပ်ကိုင်နိုင်သောစွမ်းအားများသည် ရင်းမြစ်ရေအိုင်မှ တိုးထွက်လာပြီး သူ၏မရီဒါန်းများထဲတွင် ရေနွေးပူများကဲ့သို့ ပွက်ပွက်ဆူနေကာ ပွင့်အံ့ထွက်လာရန် အသင့်ဖြစ်နေပုံရသည်။ သို့ရာတွင် ထိုစွမ်းအားများသည် အရေးကြီးသော အတားအဆီးတစ်နေရာတွင် အစဥ်အမြဲပိတ်မိနေပြီး ထိုးဖောက်နိုင်ခြင်း မရှိချေ။ ဤအတားအဆီးသည် သူ့ကို နှစ်ပေါင်းများစွာကြာအောင် ပိတ်ဆို့ထားခဲ့ပြီး သူသည် ထိုအရာကို မည်သို့မျှ ချိုးဖျက်နိုင်ခဲ့ခြင်း မရှိပေ။
"ဒီနေ့လည်း ဒါကို ချိုးဖျက်ဖို့ မဖြစ်နိုင်တော့ဘူးလား"
သူ အံ့တင်းတင်းကြိတ်လိုက်သည်။ ဤကဲ့သို့အားကောင်းသော ပြိုင်ဘက်နှင့် တိုက်ခိုက်ခြင်းသည် သူ့အတွက် အကောင်းဆုံးအခွင့်အရေး ဖြစ်ပေ၏။ ဤအခွင့်အရေး ကုန်ဆုံးသွားသည်နှင့် သူသည် ဤကဲ့သို့ အခွင့်အရေးမျိုးကို မည်သို့မျှ ပြန်ရှာတွေ့နိုင်တော့မည် မဟုတ်ကြောင်း သူ သိရှိထားသည်။
ဟန်ချန်ယဲ့သည် သူ၏စိတ်ထဲမှ အော်ဟစ်ကြုံးဝါးလိုက်ရင်း ရှေ့သို့တိုးကာ ကျန်းရွှမ်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ သူတို့၏လက်သီးများ ထိတွေ့မိသွားပြီး ကြောက်မက်ဖွယ်စွမ်းအားသည် ရေထဲသို့ ပစ်ချလိုက်သော ကျောက်တုံးတစ်တုံးအလား လှိုင်းဂယက်များကို ဖြစ်ပေါ်စေသည်။
"မဟုတ်ဘူး... မဟုတ်ဘူး... ဒါက အလုပ်မဖြစ်သေးဘူး"
အကြိမ်တစ်ရာကျော် အပြန်အလှန်တိုက်ခိုက်ပြီးနောက် ဟန်ချန်ယဲ့သည် သူ၏အတွင်းအင်္ဂါများ တုန်ခါနေပြီး သွေးထွက်နေသည်ဟု ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်အတွင်းမှ အတားအဆီးသည် သူ ထိုးဖောက်နိုင်ခြင်းမရှိသော မမြင်နိုင်သည့် တံတိုင်းတစ်ခုကဲ့သို့ ဖြစ်နေဆဲဖြစ်ကြောင်း သူ နားလည်သဘောပေါက်လိုက်သည်။
သူသည် နောက်တစ်ကြိမ် ကျရှုံးတော့မည်ဟု တွေးလိုက်သည့်အချိန်တွင် တစ်ဖက်လူထံမှမှ တိုးညှင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။
"မင်း အဆင့်ချိုးဖျက်ချင်တာလား... ငါ မင်းကို ကူညီနိုင်တယ်"
ထိုအသံ အဆုံးသတ်သွားသည်နှင့် ဟန်ချန်ယဲ့သည် ပြိုင်ဘက်၏တိုက်ခိုက်မှုစွမ်းအားက အေးစက်ငရံသံချပ်ကာ၏ကာကွယ်မှုကို ထိုးဖောက်ဝင်ရောက်လာပြီး သူ၏ခန္ဓာကိုယ်ရှိ နေရာတစ်နေရာ၌ စုစည်းသွားသည်ကို ခံစားလိုက်ရသည်။ ဤသည်မှာ သူ ကျော်လွှားနိုင်ခြင်း မရှိခဲ့သော အတားအဆီးနေရာပင်။
ဘုန်း....
တိုက်ခိုက်မှုတစ်ခုတည်းဖြင့် အတားအဆီးနေရာသည် ပျက်စီးသွားပြီး သူ၏စိတ်ဝိညာဉ်သည် ချက်ချင်းတောင့်တင်းသွားကာ သူ၏နောက်တွင် နတ်ဆိုးတစ်ကောင်ကဲ့သို့ ပုံသဏ္ဍာန်တစ်ခု ထွက်ပေါ်လာပေ၏။
ဓမ္မရုပ်သွင်နယ်ပယ်၏တတိယအဆင့်...ဓမ္မရုပ်သွင်ထင်ဟပ်ခြင်းနယ်ပယ်...
သူသည် ပြိုင်ဘက်၏အကူအညီဖြင့် အဆင့်ချိုးဖျက်နိုင်ခဲ့သည်။
"ကောင်းတယ်... အရမ်းကောင်းတယ်..."
သီးသန့်ခန်းအတွင်းရှိ ဟန်ချန်ချောင်၏ မျက်လုံးများ တောက်ပသွားသည်။ သူ့ညီ၏ အဆင့်တက်မှုသည် ဟန်ယွမ်အင်ပါယာ၏ အလုံးစုံခွန်အားကို သိသာထင်ရှားသောစွာ မြှင့်တင်ပေးနိုင်လေပြီ။
ဓမ္မရုပ်သွင်နယ်ပယ်တွင် ရှိနေသည့်တိုင် ဓမ္မရုပ်သွင်ကို ဆင့်ခေါ်နိုင်မှု ရှိခြင်းနှင့်မရှိခြင်းကြား ကွာဟချက်သည် အလွန်ကြီးမားပေ၏။
“ဒါက အောင်မြင်မှုရတဲ့ အခိုက်အတန့်ပဲ…”
စွန်းလျန်ရှန်းသည်လည်း သက်ပြင်းချလိုက်သည်။
သို့ရာတွင် သူတို့၏စိတ်လှုပ်ရှားမှုနှင့် မတူဘဲ ခန်းမသခင်နှစ်ဦးဖြစ်သော ဟန်ရှောင်နှင့်ချိုင်ယွင်ရှန်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏မျက်နှာများပေါ်တွင် နက်ရှိုင်းသော ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
“ဓားမကြီး ကောင်းကင်ကံကြမ္မာကို ဒီလောက်ထိ ချောချောမွေ့မွေ့ သုံးနိုင်တာကိုကြည့်ရင် သူက လင်ပုယန်ဆိုတာ သေချာတယ်... ဒါပေမဲ့ သူ့ရဲ့ ကြီးမားတဲ့ ခွန်အားက ရုပ်ခန္ဓာကိုယ်ကောင်းကင်ကံကြမ္မာကို လေ့ကျင့်ထားတဲ့ တစ်ယောက်ယောက်နဲ့လည်း ဆင်တူသလို ခံစားရတယ်...”
ဟန်ရှောင်သည် ကံကြမ္မာခန်းမမှ မှတ်တမ်းများကို ပြန်လည်၍ တွေးတောလိုက်သည်။
ရုပ်ခန္ဓာကိုယ်ကောင်းကင်ကံကြမ္မာကို ကျင့်ကြံသူများသည် အရက်သေစာမသောက်စားဘဲ သွေးမထွက်စေဘဲ ဒဏ်ရာမရစေဘဲ အပျိုလူပျိုဘဝကို မဖျက်ဆီးဘဲ သူတို့၏ရုပ်ခန္ဓာကိုယ်ကို လေ့ကျင့်ကြသည်။ သူတို့သည် ဆယ်စုနှစ်ပေါင်းများစွာ ကြာသည်အထိဤကိစ္စကို မမောမပန်း ကြိုးစားလုပ်ဆောင်ကြသည်။ သူတို့၏ကြွက်သားများမှ စွမ်းအားကို ပြီးပြည့်စုံခြင်းအဆင့်အထိ အပြည့်အဝအသုံးပြုနိုင်ကာ သူတို့၏လှုပ်ရှားမှုတိုင်းကို အမြင့်ဆုံးအလားအလာသို့ ရောက်ရှိစေသည်။
လင်းပုယန်သည် ဓားမကြီးကို လေ့ကျင့်သူအဖြစ် ကျော်ကြားသော်လည်း သူသည် ကာမဂုဏ်လိုက်စားသူဟု ကောလာဟလများစွာ ထွက်ပေါ်နေသည်။ သူသည် ဤကဲ့သို့ အစွမ်းအစကို မည်သို့ ရရှိနိုင်ခဲ့သနည်း။
“ဒါက မဟုတ်သေးဘူး... သူက ကာမဂုဏ်လိုက်စားမှုနဲ့ ကျော်ကြားပေမဲ့ သူက အမျိုးသမီးတွေကို ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမရှိဘဲနဲ့ ကြည့်ရှုလေ့လာရုံပဲ ရှိခဲ့ပုံရတယ်... ဒါကို ငါက လူတော်တော်များများဆီက ကြားဖူးခဲ့တယ်... ဒါက ကောလာဟလတစ်ခုလို့ပဲ ငါ ထင်ခဲ့တာ... ဒါပေမဲ့ ဒါက... တကယ်များ ဖြစ်နေတာလား”
အတွေးတစ်ခုက ဟန်ရှောင်၏စိတ်ထဲတွင် ထင်ဟပ်လာသည်။
ဤကိစ္စသာ အမှန်ဖြစ်ပါက လင်းပုယန်သည် ရုပ်ခန္ဓာကိုယ်ကောင်းကင်ကံကြမ္မာကို မကျင့်ကြံခဲ့လျှင်ပင် သူထံ၌ အလားတူနည်းစနစ်တစ်ခု ရှိနေရပေမည်။ ရုပ်ခန္ဓာကိုယ်ကျင့်ကြံရာ၌ အကျော်ကြားဆုံးနည်းလမ်းသည် ဗုဒ္ဓဂိုဏ်း၏ ရွှေခန္ဓာကိုယ်နည်းစနစ်ပင်။
ချီစွမ်းအင်ကို ပျိုးထောင်ခြင်း စိတ်ဝိညာဉ်ကို ကျင့်ကြံခြင်းနှင့် ဆယ်စုနှစ်များစွာကြာအောင် စွမ်းအင်များကို ထိန်းသိမ်းခြင်းတို့ဖြင့် တစ်စုံတစ်ယောက်သည် နောက်ဆုံးတွင် ရွှေခန္ဓာကိုယ်ကို ရရှိပြီး ကြီးမားသောခွန်အားကို ပိုင်ဆိုင်နိုင်ပေ၏။ သူတို့၏ ရုပ်ပိုင်းဆိုင်ရာစွမ်းအားတစ်ခုတည်းဖြင့် ကံကြမ္မာကို ဖြတ်တောက်နိုင်ပြီး အောင်မြင်မှုများ ရရှိနိုင်သည်။
“ဒီလိုမျိုး စွမ်းအားနဲ့ကျင့်ကြံမှုရှိနေမှတော့ သူက ချိုင်ယွင်ရှန်းနဲ့ ယှဉ်ပြိုင်ဖို့ အရည်အချင်း ပြည့်မီနေပြီ...”
ဟန်ရှောင်သည် တီးတိုးရေရွတ်လိုက်ပြီးနောက် သူ၏နံဘေးမှ ချိုင်ယွင်ရှန်းကို လှည့်ကြည့်ကာ သက်ပြင်းချလိုက်သည်။
"ငါတို့ ပြန်ရောက်တဲ့အချိန်တွင် လင်းပုယန်ကို တရားဝင် ခန့်အပ်လွှာတစ်စောင် ပို့လိုက်မယ်... ဒီနေ့ကစပြီး သူက ကံကြမ္မာခန်းမရဲ့လက်ထောက်ခန်းမသခင် ဖြစ်လာလိမ့်မယ်... ငါ ကျိုးယီအင်ပါယာကို ပြန်သွားတာနဲ့ ခန်းမသခင် နေရာအတွက် မင်းနဲ့သူ ယှဉ်ပြိုင်ရမယ်... ယွင်ရှန့်... ကြိုးစားထားပါ... မင်း သိပါတယ်... မင်းက ငါ ဒီရာထူးကို အပ်နှံချင်ခဲ့တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ပဲ... ကျေးဇူးပြုပြီး... ငါ့ကို စိတ်မပျက်စေနဲ့"
ချိုင်ယွင်ရှန်းသည် အံ့အားသင့်သွားပြီး သူ၏အကြည့်သည် ချက်ချင်းတည်ကြည်လေးနက်သွားပေ၏။
“ခန်းမသခင်... စိတ်ချပါ...ငါက မင်းကို ဘယ်တော့မှ စိတ်မပျက်စေရဘူး... ပြီးတော့ မင်းရဲ့ ယုံကြည်မှုနဲ့ မျှော်လင့်ချက်အတိုင်း နေထိုင်သွားပါ့မယ်”
စင်မြင့်ပေါ်တွင် ဟန်ချန်ယဲ့သည် ဓမ္မရုပ်သွင်ထင်ဟပ်ခြင်းနယ်ပယ်သို့ အဆင့်တက်သွားခဲ့ပြီး သူ၏ခွန်အားသည် မြင်းကောင်ရေအား၈၀၀သို့ ရောက်ရှိသွားသည်။ အေးစက်ငရဲသံချပ်ကာနှင့် ပေါင်းစပ်လိုက်သည့်အချိန်တွင် သူ၏တိုက်ခိုက်ရေးစွမ်းအားသည် မြင့်တက်သွားပေ၏။ သူသည် အစောပိုင်းတွင် အရေးနိမ့်နေခဲ့သော်လည်း ယခုချိန်၌ သူ တဖန်ပြန်၍ အသာစီးရနေလေပြီ။
“ကာကွယ်ရေး ရတနာတွေက တကယ့်ကို အားကောင်းတယ်... ကောင်းကင်ဘုံရဲ့သောကဓားနည်းစနစ်ကို မသုံးရင် သူ့ကိုအနိုင်ရဖို့ ခက်ခဲလိမ့်မယ်…”
ကျန်းရွှမ်သည် ဆက်တိုက်ဆုတ်ခွာနေရင်း တွေးတောလိုက်၏။