← Chapters

မိုတောက်အမွှေးတိုင် လောင်ကျွမ်းခြင်း

Vol. 13 Ch. 195

မိုတောက်အမွှေးတိုင် လောင်ကျွမ်းခြင်း

Vol. 13 Ch. 195

ကျန်းရွှမ်၏စွမ်းအားသည် ပို၍အားကောင်းလာသော်လည်း အေးစက်ငရဲသံချပ်ကာသည် ပုံသဏ္ဍာန်ကို ပြောင်းလဲနိုင်သည်။ တူညီသောခွန်အား ရှိနေလျှင်ပင် ပွင့်အံ့ထွက်လာသော တိုက်ခိုက်ရေးစွမ်းအားသည် လုံးလုံးလျားလျား ကွဲပြားခြားနားပေ၏။ တိုက်ကွက်ပေါင်းများစွာ အပြန်အလှန်တိုက်ခိုက်ပြီးနောက် သူ၏ကျင့်ကြံမှုသည် အားကောင်းပြီး သူ၏ခန္ဓာကိုယ်နှင့် အရိုးများကို ပြီးပြည့်စုံစွာ သန့်စင်ပြီးဖြစ်သည့်တိုင် ကျန်းရွှမ်းသည် ပြင်းထန်သော နာကျင်မှုကို ခံစားနေရဆဲပင်။ ထိုနာကျင်မှုသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသို့ အဆက်မပြတ် တိုးဝင်နေသည်။

"ခုထိ အရေးမနိမ့်သေးဘူးလား"

ဟန်ချန်ယဲ့သည် သူ အဆင့်တက်ပြီးသည့်တိုင် လင်းပုယန်သည် ကြံ့ကြံ့ခံနိုင်ဆဲဖြစ်သည်ကို မြင်တွေ့ချိန်၌ မျက်ခုံးပင့်လိုက်ပြီး သူ၏ဓမ္မရုပ်သွင်သည် သူ၏နောက်တွင် ထွက်ပေါ်လာသည်။ သူသည် တစ်ဖက်လူမှ ကူညီပေးခဲ့သော အဆင့်တက်မှုအတွက် ကျေးဇူးတင်မိသော်လည်း သူ၏စွမ်းအားကုန် ထုတ်မသုံးဘဲ တိုက်ရိုက်အရှုံးပေးလိုက်ခြင်းသည် မရိုမသေပြုရာ ရောက်မည်ကို နားလည်ထားပေ၏။

ဓမ္မရုပ်သွင်သည် ထွက်ပေါ်လာပြီးနောက် သူ၏စွမ်းအား တဖန်ပြန်၍ မြင့်တက်လာသည်။ သူ၏ခွန်အားသည် လင်းပုယန်ကဲ့သို့ပင် မြင်းကောင်ရေအား ၉၉၉ သို့ ရောက်ရှိသွားသည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် ဓမ္မရုပ်သွင်သည် နတ်ဘုရားစိတ်ဝိညာဉ်၏ သရုပ်သကန်ထင်ဟပ်မှုတစ်ခု ဖြစ်နေသော်လည်း ထိုအရာသည် ပို၍ကျစ်လစ်သိပ်သည်းပြီး ပြိုင်ဘက်

ခန္ဓာကိုယ်ကိုပင် ဖျက်ဆီးနိုင်သည်။

ဘန်း...ဘန်း...ဘန်း... ဘန်း...

ဓမ္မရုပ်သွင်နှင့် အေးစက်ငရဲသံချပ်ကာတို့၏ အကူအညီဖြင့် ကျန်းရွှမ်၏ ရုပ်ပိုင်းဆိုင်ရာခွန်အားသည် စတင်၍ယိုင်နဲ့လာပေ၏။ နောက်ထပ် တိုက်ကွက်ဆယ်ကွက်ကျော် အပြန်အလှန်တိုက်ခိုက်ပြီးနောက် သူသည် ဆုတ်ခွာရန် အတင်းအကြပ်ဖိအားပေးခံခဲ့ရသည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်သို့ အဆင့်တက်လာခဲ့သည်မှာ မကြာသေးသဖြင့် သူ၏ကျင့်ကြံမှုသည် မခိုင်မာသေးချေ။ အမှန်အားဖြင့် ဤသည်မှာ သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားမျှသာ ဖြစ်ပေ၏။ အကယ်၍ သူသည် ကောင်းကင်ဘုံ၏သောကဓားနည်းစနစ်ကို ထုတ်ဖော်လိုက်ခြင်း သို့မဟုတ် ကမ္ဘာသစ်ကို လောင်ကျွမ်းလိုက်ခြင်းတို့ကို ပြုလုပ်သည်နှင့် သူ၏ပြိုင်ဘက်ကို လွယ်လင့်တကူ ချေမှုန်းနိုင်ပေမည်။

"ဒီစွမ်းအင်မြစ်တွေက ကောင်းကင်ကံကြမ္မာစွမ်းအင်တွေ ပိုပြီးစုပ်ယူနိုင်တာနဲ့အမျှ ငါက ကောင်းကင်ကံကြမ္မာကို ပိုပြီးနားလည်လာလေလေ မိုတောက်ကောင်းကင်ကံကြမ္မာအပေါ် ပိုပြီး အတွင်းကျကျ နားလည်လာလေလေပဲ... ငါ့ရဲ့ ထိန်းချုပ်နိုင်စွမ်းကို မြှင့်တင်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့..."

သူ့ထံ၌ အတွေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

သူ ကောင်းကင်ကံကြမ္မာငါးသောင်းကို အသုံးပြုခဲ့သည့်အချိန်တွင် မိုတောက်ကောင်းကင်ကံကြမ္မာအပေါ် သူ၏နားလည်မှုသည် အခြေခံမျှသာ ရှိပေ၏။ စွမ်းအင်တန်းတစ်သိန်းသို့ ရောက်ရှိသည့်အချိန်တွင် သူ ပြသနိုင်သော ဓားသိုင်းကွက်များသည် အကြီးအကဲလင်း၏သိုင်းကွက်များနှင့် နှိုင်းယှဉ်နိုင်လေပြီ။ ထိုသို့ဆိုပါက သူ ပို၍အသုံးပြုလိုက်လျှင် မည်သို့ ဖြစ်လာမည်နည်း။

ဤသို့တွေးတောရင်း သူသည် တွေဝေတုံ့ဆိုင်းမနေခဲ့ပေ။ အတွေးတစ်ချက်ဖြင့် သူ အစောပိုင်းက ဝယ်ယူခဲ့သော ကံကြမ္မာချပ်ပြားများ ကြေမွှသွားပြီး ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းတစ်သိန်း ထွက်ပေါ်လာသည်။ ထိုအရာများသည် မျောလွင့်နေကာ မိုတောက်ကောင်းကင်ကံကြမ္မာ စွမ်းအင်မြစ်ထံသို့ တိုးဝင်သွားသည်။

ဘုန်း....

မိုတောက်ကောင်းကင်ကံကြမ္မာ စွမ်းအင်မြစ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး ပို၍သိပ်သည်းလာကာ အလင်းတန်းများ တောက်ပလာသည်။ ရုတ်ချည်းဆိုသလိုပင် မိုတောက်ကောင်းကင်ကံကြမ္မာအပေါ် ကျန်းရွှမ်၏နားလည်သဘောပေါက်မှုသည် ပို၍နက်ရှိုင်းလာပေ၏။ ယခင်က ယုချင်းယု သရုပ်ပြခဲ့သော ဓားသိုင်းကွက်များသည် သူ၏စိတ်ထဲတွင် ဖျတ်ခနဲထွက်ပေါ်လာပြီး ပေါင်းစပ်သွားသည်။ ထိုမျှသာမက သူ၏စိတ်ထဲတွင် ဓားသိုင်းကွက်များ ပို၍ထုတ်ဖော်နိုင်သည်နှင့်အမျှ ပို၍နက်ရှိုင်းသော နားလည်သဘောပေါက်မှုကိုလည်း ရရှိလာသည်။

"မိုတောက်ကောင်းကင်ကံကြမ္မာဆိုတာ ဒါပဲကိုး..."

သူသည် ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး သူ၏လက်ကို ဓားပုံသဏ္ဍာန် ပြုလုပ်ကာ ဟန်ချန်ယဲ့ထံသို့ ဝှေ့ယမ်းလိုက်သည်။

တူညီသော နည်းစနစ် တူညီသော မိုတောက်ကောင်းကင်ကံကြမ္မာ ဓားကွက်များ ဖြစ်သော်လည်း စွမ်းအားသည် လုံးလုံးလျားလျား ကွဲပြားခြားနားသွားပေ၏။ ဓားချီစွမ်းအားသည် သူ၏လက်မှ ထွက်ခွာသွားသည်နှင့် မရေမတွက်နိုင်သော ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းများသည် ထိုအရာထံ၌ လာရောက်တွယ်ကပ်ကြသည်။ ဟန်ချန်ယဲ့က သူ၏ကံကြမ္မာသည် သူ၏ထိန်းချုပ်မှုမှ လွတ်ထွက်သွားသကဲ့သို့ ချက်ချင်းခံစားလိုက်ရသည်။ သူသည် မုန်တိုင်းများ ပြည့်နှက်နေသော ပင်လယ်ထဲသို့ ကျရောက်သွားပြီး ရေစီးကြောင်းအတိုင်း မျောပါသွားရုံသာ တတ်နိုင်သကဲ့သို့ ဖြစ်နေပေ၏။

ဘုန်း...

ထိုဓားချီစွမ်းအားသည် အေးစက်ငရဲသံချပ်ကာကို ထိမှန်သွားပြီး ဟန်ချန်ယဲ့သည် သွေးတစ်လုတ်အန်ထုတ်လိုက်ရကာ နောက်သို့ချက်ချင်းလွင့်ထွက်သွားသည်။

"ဒါက အကြီးအကဲလင်းရဲ့ စွမ်းအားအမှန်လား..."

"ဒီလောက်ထိ အားကောင်းတဲ့ ဓားသိုင်းကွက်ကို ထုတ်ဖော်နိုင်မှတော့...မိုတောက်ကောင်းကင်ကံကြမ္မာအပေါ် သူရဲ့နားလည်သဘောပေါက်မှုက ဒုတိယအဆင့်ကို ရောက်သွားပြီပဲ ဖြစ်ရမယ်"

"ဒုတိယအဆင့်... ဒါက ဘာကြီးလဲ"

"မိုတောက်ကောင်းကင်ကံကြမ္မာဆိုတာ ကောင်းကင်ကံကြမ္မာ ဓားနည်းစနစ်တွေထဲက သေးငယ်တဲ့ အတက်အလက်တစ်ခုပဲ... ဒါက မြစ်ထဲက စမ်းချောင်းတစ်ခုလိုပဲ... ဒီကံကြမ္မာကို ဖန်တီးခဲ့တဲ့ မိုပိုင်ယွီတောင်မှ တတိယအဆင့်ကိုပဲ ရောက်ခဲ့တယ်... သူ့ရဲ့ တိုက်ရိုက်တပည့်တွေထဲမှာ သုံးယောက်ပဲ ဒုတိယအဆင့်ကို ရောက်ခဲ့တယ်... လင်းပုယန်က အမြဲတမ်း ပထမအဆင့် နားလည်မှုမှာ ရှိခဲ့တဲ့လူပဲ... ဒါကြောင့် သူက မိုတောက်ဂိုဏ်းမှာ အရေးမပါတဲ့လုတစ်ယောက်လို့ သတ်မှတ်ခံရတယ်... အခု သူက အဆင့်တက်သွားပြီဆိုတော့ မိုတောက်ဂိုဏ်းရဲ့အဓိကအဖွဲ့ဝင် ဖြစ်လာနိုင်ပြီ"

ဟန်ရှောင်၏မျက်နှာအမူအယာ ပို၍တည်ကြည်လေးနက်လာသည်။ ယခင်က သူသည် တစ်ဖက်လူအတွက် ဓမ္မရုပ်သွင်နယ်ပယ်ကျင့်ကြံနည်းစနစ်များကို ရှာဖွေပေးမည်ဟု ကတိပေးခဲ့သော်လည်း သူ၏စိတ်ထဲတွင် တွန့်ဆုတ်နေပေ၏။ ယခုချိန်တွင် သူသည် ဤကိစ္စကို ရှောင်ရှားဝံ့ခြင်း မရှိတော့ချေ။

မိုတောက်ကောင်းကင်ကြမ္မာ၏ ဒုတိယအဆင့်သို့ ရောက်ရှိသွားခြင်းဖြင့် လင်းပုယန်၏ ခွန်အားသည် ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်ကို ကျော်လွန်သွားပြီး ပို၍မြင့်မားသော အဆင့်သို့ ရောက်ရှိသွားမည်မှာ သေချာပေါက်ပင်။

"ချန်ယဲ့ ရှုံးတော့မယ်..."

သီးသန့်အခန်းထဲရှိ ဟန်ချန်ချောင်သည် ခေါင်းခါယမ်းလိုက်၏။ ဟန်ချန်ယဲ့သည် ဓမ္မရုပ်သွင်ထင်ဟပ်ခြင်းနယ်ပယ်သို့ အဆင့်တက်သွားပြီး အေးစက်ငရဲသံချပ်ကာမှ သူ့ကို ကာကွယ်ပေးထားသော်လည်း ဒုတိယအဆင့် နားလည်မှုရှိသော ကောင်းကင်ကံကြမ္မာ ကျင့်ကြံသူတစ်ဦးကို အနိုင်ယူရန်မှာ မဖြစ်နိုင်သေးချေ။ ထိုကဲ့သို့ပုဂ္ဂိုလ်တစ်ယောက်သည် ကြယ်နှစ်ပွင့် ကံကြမ္မာဆရာသခင်တစ်ဦးကိုပင် စိန်ခေါ်နိုင်လေပြီ။

"အရှင်မင်းကြီး..."

စွန်းလျန်ရှန်းသည် စိုးရိမ်ပူပန်တကြီး ပြောဆိုလိုက်သည်။

ဟန်ချန်ချောင်က တုံပြန်အဖြေပေးသည်။

"လင်းပုယန်ရဲ့ခွန်အားက ငါ့ထက် မနိမ့်ကျဘူး... ချန်ယဲ့ ရှုံးနိမ့်တာက မတရားတာ မဟုတ်ဘူး... ဒါကြောင့် ငါ လုပ်နိုင်တာ ဘာမှမရှိတော့ဘူး"

ကျိုးယိအင်ပါယာ မိုတောက်ဂိုဏ်း...

အဓိကခန်းမဆောင်ထဲတွင် လူဆယ်ဦးထက်မနည်း ထိုင်နေကြ၏။ သူတို့ထဲတွင် နှင်းကဲ့သို့ဖြူဖွေးသော ဆံပင်ရှိသည့် လူအိုကြီးတစ်ဦး အလယ်တွင် ထိုင်နေသည်။ သူ၏မျက်ခုံးများသည် ဓားများကဲ့သို့ဖြစ်ပြီး သူ၏အကြည့်သည် ဓားတစ်လက်ကဲ့သို့ ထက်ရှကာ မည်သူမျှ သူ့ကို စေ့စေ့မကြည့်ဝံ့သော အရှိန်အဝါကို ထုတ်လွှတ်ထားသည်။

"ဆရာ... အဲ့ဒီ ဖရိုဖရဲကံကြမ္မာကျင့်ကြံသူက ကျီးလန်တောင်ကြားထဲကို ခုန်ဆင်းသွားပါတယ်... သူက ပုန်းနေပြီးတော့ ထွက်မလာဘူးဆိုရင်... ကျွန်တော်တို့ သူ့ကို ဒီအတိုင်းပဲ ထားလိုက်သင့်လား"

သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက မျက်မှောင်ကြုတ်ပြီး မေးမြန်းသည်။

ကျီးလန်တောင်ကြားသည် ကံကြမ္မာနတ်ဘုံတွင် အဆင့် ၂၁ ချိတ်ပြီး မရေမတွက်နိုင်သော ဥပဒေသများ ရှိနေသည်။ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာအတွင်း၌ ထိုနေရာအတွင်းသို့ ဝင်ရောက်ပြီးနောက် အသက်ရှင်ကျန်ရစ်သူဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ချေ။ ဤဖရိုဖရဲကံကြမ္မာကျင့်ကြံသူထံတွင် သာလွန်ထူးကဲသော အရည်အချင်းရှိသည့်တိုင် သူသည် အချိန်ကြာမြင့်စွာ တောင့်ခံနိုင်ရန် ခက်ခဲပေလိမ့်မည်...

"ဒါက စိုးရိမ်ဖို့ မလိုဘူး... ဒီဖရိုဖရဲကံကြမ္မာကျင့်ကြံသူက တော်တော်လေး ထူးဆန်းတာမို့... ငါတို့ သတိလက်လွတ် မနေသင့်ဘူး... သူ့ကို အပြင်ကနေ စောင့်ကြည့်ထားပါ... တကယ်လို့ သူက အသက်ရှင်ရက် ပြန်ထွက်လာမယ်ဆိုရင်... သူ့ကို နေရာမှာတင် သတ်လိုက်စမ်း..."

လူအိုကြီးက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ သူသည် မိုတောက်ကောင်းကင်ကံကြမ္မာကို ဖန်တီးခဲ့သော မိုပိုင်ယွီမှလွဲ၍ တခြားလူမဟုတ်ချေ။

"နားလည်ပါပြီ"

လူလတ်ပိုင်းကြီးသည် ခေါင်းညိတ်လိုက်ပြီး နောက်ထပ်စကားပြောရန် ဟန်ပြင်လိုက်စဉ်တွင် ရုတ်တရက် သူတို့၏ရှေ့ရှိ စားပွဲပေါ်မှ ဓားမကြီးတစ်လက်သည် ပြင်းထန်စွာ တုန်ခါလာပေ၏။

ဤသည်မှာ မိုပိုင်ယွီ၏ကိုယ်ပိုင်ဓားဖြစ်ပြီး သူ မိုတောက်ကောင်းကင်ကံကြမ္မာအပေါ် နားလည်သဘောပေါက်လာခြင်း၏ မူလဇစ်မြစ်ပင်။

ထိုစဉ်အချိန်က မိုပိုင်ယွီသည် ဤဓားမကြီးကို ကိုင်စွဲခြင်းဖြင့် မိုတောက်ကောင်းကင်ကံကြမ္မာ၏ အနှစ်သာရကို နားလည်ခဲ့ပြီး ထိုအရာမှတဆင့် သူသည် ဂိုဏ်း၏ကိုယ်ပိုင်နည်းစနစ်ကို ဖန်တီးခဲ့သည်။

"ဘာဖြစ်နေတာလဲ..."

မိုပိုင်ယွီသည် အချိန်တခဏမျှ ကြက်သေသေသွားပြီး လျင်မြန်စွာ လှည့်ကြည့်လိုက်သည်။

ဓားမကြီးသည် ပြင်းထန်စွာ ဆက်လက်၍ တုန်ခါနေပေ၏။ ရုတ်ချည်းဆိုသလိုပင် သူ၏ရှေ့မှ အမွှေးတိုင်သည် အလိုအလျောက် မီးလောင်ကျွမ်းလာပြီး ကောင်းကင်ကံကြမ္မာစွမ်းအင်စီးကြောင်းများသည် ဝန်းကျင်တွင် ဝေ့ဝိုက်လာကာ ဓားမကြီးတစ်လက်၏ပုံသဏ္ဍာန်အဖြစ် စုစည်းသွားသည်။

"ဒါက... တစ်ယောက်ယောက်က မိုတောက်ကောင်းကင်ကံကြမ္မာရဲ့ ဒုတိယအဆင့်ကို နားလည်သဘောပေါက်သွားတာလား... ကောင်းလိုက်တာ... ငါတို့ဂိုဏ်းက နောက်ထပ် ပါရမီရှင်တစ်ယောက်ကို မွေးထုတ်နိုင်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး"

မိုပိုင်ယွီသည် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို နားလည်သဘောပေါက်သွားပြီး သူ၏မျက်နှာသည် ဝမ်းသာမှုကြောင့် တောက်ပသွားတော့သည်။

ဤအမွှေးတိုင်လောင်ကျွမ်းခြင်းသည် တစ်စုံတစ်ယောက်မှ ကောင်းကင်ကံကြမ္မာ၏ ပို၍မြင့်မားသောအဆင့်သို့ တက်လှမ်းသွားခြင်း၏လက္ခဏာပင်။ ဤသည်မှာ ပါရမီရှင်အသစ်တစ်ဦး ပေါ်ထွက်လာပြီး မိုတောက်ကောင်းကင်ကံကြမ္မာ၏ ဒုတိယအဆင့်ကို ဆုပ်ကိုင်နိုင်ခဲ့ကာ ယခုအချိန်၌ ကြယ်နှစ်ပွင့် ကံကြမ္မာဆရာသခင်တစ်ဦးကို စိန်ခေါ်နိုင်ပြီဟု အဓိပ္ပာယ်ရသည်။

သူထံ၌ မိုတောက်ကောင်းကင်ကံကြမ္မာ၏ ဒုတိယအဆင့်သို့ ရောက်ရှိခဲ့သော တိုက်ရိုက်တပည့်သုံးဦးသာ ရှိခဲ့သည်။ နောက်ထပ်တပည့်တစ်ဦးသည် ဤအဆင့်သို့ ရောက်ရှိသွားသောကြောင့် သူ၏စွမ်းအားကို များစွာမြှင့်တင်ပေးနိုင်ပေမည်။

"ဒီအမွှေးတိုင်အငွေ့အသက်က အရှေ့တောင်ဘက်က လာနေတာ... ဒါက ဟန်ယွမ်အင်ပါယာရဲ့ တည်နေရာပဲ... ဒါက... တပည့်လင်းပုယန်လား... သူ အဆင့်တက်သွားတာလား"

သက်လတ်ပိုင်းအရွယ် အမျိုးသားက ပြောဆိုသည်။

"လင်းပုယန်... အဲ့ဒီအဖြစ်အပျက် ပြီးတဲ့နောက်မှာ... သူ့အတွက် မျှော်လင့်ချက်မရှိတော့ဘူးလို့ ငါ ထင်ခဲ့တာ... ဒါပေမဲ့ သူက အခု တခြားသူတွေထက်စောပြီး အဆင့်တက်တာကို အောင်မြင်သွားခဲ့ပြီ..."

မိုပိုင်ယွီသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး သူ အဆင့်တက်ရန် စွမ်းအင်များကို စုပ်ယူလိုသဖြင့် သူ၏လက်များကို ဖြန့်ကားလိုက်သည်။ သို့ရာတွင် မကြာမီမှာပင် သူသည် မည်သည့်အရာမျှ ဖြစ်ပျက်မလာသည်ကို သိရှိသွားသည်။ ပတ်ဝန်းကျင်ရှိလေထုသည် ထူးဆန်းစွာ ငြိမ်သက်နေပေ၏။

"တစ်ခုခုတော့ မှားနေပြီ... တစ်ယောက်ယောက်က မိုတောက်ကောင်းကင်ကံကြမ္မာရဲ့ ဒုတိယအဆင့်ကို အဆင့်တက်သွားပေမဲ့... ငါက ဘာ ကောင်းကင်ကံကြမ္မာစွမ်းအင်ကိုမှ မခံစားရဘူး... သူ့ရဲ့ မိုတောက်ကောင်းကင်ကံကြမ္မာအပေါ် နားလည်မှုက ငါတို့ဂိုဏ်းက မဟုတ်တာများ ဖြစ်နေတာလား"

မိုပိုင်ယွီ၏မျက်နှာအမူအယာ သုန်မှုန်သွားသည်။

တစ်စုံတစ်ယောက်သည် ကောင်းကင်ကံကြမ္မာအဆင့်တစ်ခုသို့ အဆင့်တက်သွားပါက ဂိုဏ်းချုပ်သည်

ထိုအရာကို ခံစားနိုင်ပြီး အကျိုးကျေးဇူးများ ရရှိနိုင်သည်။ သို့ရာတွင် ယခုချိန်၌ အဆင့်တက်မှုတစ်ခု ရှိနေသော်လည်း သူသည် မည်သည့်အရာကိုမျှ မခံစားရသဖြင့် ဤသည်မှာ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရာပင်။

"မိုချင်း... ဟန်ယွမ်အင်ပါယာကို သွားပြီး အခြေအနေကို စစ်ဆေးစမ်း... လင်းပုယန်က တကယ်ကို အဆင့်တက်သွားပြီးတော့ မင်း သူ့ဆီကနေ ဘာမှ မခံစားရဘူးဆိုရင်... ဒါမှမဟုတ် မင်းရဲ့စွမ်းအားအပေါ် သူ့မှာ ဘာသက်ရောက်မှု မရှိဘူးဆိုရင်..."

မိုပိုင်ယွီ၏မျက်လုံးများအတွင်း၌ အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

အကယ်၍ သူသည် အဆင့်တက်မှုကို မခံစားနိုင်ပါက ထိုလူသည် မိုတောက်ကောင်းကင်ကံကြမ္မာအတွက် သူနှင့်ယှဉ်ပြိုင်နေသည်ဟု အဓိပ္ပာယ်ရသဖြင့် ထိုလူကို ချက်ချင်းဖယ်ရှားရပေမည်။

"နားလည်ပါပြီ"

မိုချင်းဟုခေါ်သော သက်လတ်ပိုင်းအရွယ် အမျိုးသားက သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး အရိုအသေပေးလိုက်သည်။

.......

"သူ ရှုံးတော့မယ်..."

ဟန်ချန်ယဲ့၏အနိုင်ရလဒ်အပေါ် လောင်းကြေးထပ်ထားသူများသည် စိတ်ပျက်မှုလှိုင်းလုံးတစ်ခုကို ခံစားလိုက်ရသည်။

ဤလူသည် ပင်းယွမ်မင်းသားဖြစ်ပြီး ဟန်ယွမ်မြို့တော်ရှိ လူငယ်မျိုးဆက်သစ်တို့၏ စံပြပုဂ္ဂိုလ်ဖြစ်ကာ အေးစက်ငရဲသံချပ်ကာကို ဝတ်ဆင်ထားသည့်တိုင် သူ ရှုံးနိမ့်နေသည်။

လင်းပုယန်သည် အမှန်တကယ်ကို မည်မျှထိ သန်မာအားကောင်းနေသနည်း....

လူများအားလုံးသည် သူတို့၏လောင်းကြေးလက်မှတ်များကို ဆုတ်ဖြဲရန် ဟန်ပြင်လိုက်ကြ၏။ ထိုအချိန်မှာပင် အစောပိုင်းက ဟန်ချန်ယဲ့ကို လွင့်ထွက်သွားအောင် ရိုက်ထုတ်လိုက်သော အကြီးအကဲလင်း၏မျက်နှာ ရုတ်တရက် နီမြန်းလာပြီး သွေးတစ်လုတ်အန်ထုတ်လိုက်သည်။

"မကောင်းတော့ဘူး... သူက တားမြစ်နည်းစနစ်တစ်ခုကို သုံးလိုက်တာကြောင့် တန်ပြန်ဒဏ်ခံလိုက်ရတာပဲ ဖြစ်မယ်... ဒါကြောင့် သူ့ရဲ့တိုက်ခိုက်မှုက ဒီလောက်ထိ ကြီးမားတဲ့ စွမ်းအားနဲ့ ပွင့်အံ့ထွက်လာတာပဲ..."

"တကယ်လို့ ဒီအတိုင်းသာဆိုရင်... ဘယ်သူနိုင်မလဲဆိုတာ မသေချာသေးဘူး..."

လူများအားလုံးသည် ရုတ်တရက် မျှော်လင့်ချက်များ ပြန်လည်ရရှိလာပြီး တိုက်ပွဲကို ဆက်လက်၍ကြည့်ရှုလိုက်ကြသည်။ ဟန်ချန်ယဲ့သည် အကြီးအကဲလင်း၏အခြေအနေကို မြင်တွေ့ချိန်တွင် ထိုကဲ့သို့အတွေးမျိုး ရှိနေပုံရပြီး သူ့ထံသို့ နောက်တစ်ကြိမ် အားယူ၍ တိုးဝင်တိုက်ခိုက်လိုက်သည်။

သို့ရာတွင် အကြီးအကဲလင်းသည် သွေးအန်နေသော်လည်း သူသည် ခေါင်းမာစွာဖြင့် ကြံ့ကြံ့ခံထားပြီး သူ၏ပြိုင်ဘက်ကို နောက်တစ်ကြိမ် လွင့်ထွက်သွားစေသည်။ ခုနစ်ကြိမ် ရှစ်ကြိမ်ခန့် အပြန်အလှန်တိုက်ခိုက်ပြီးနောက် သူတို့နှစ်ဦးသား မြေပြင်ပေါ်သို့ လဲကျသွားပြီး ပြန်ထနိုင်ခြင်း မရှိတော့ချေ။

"ဒါက..."

ဤတိုက်ပွဲကို ကြည့်ရှုနေသူများသည် နားမလည်နိုင်သော အကြည့်များဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ထိုအချိန်မှာပင် လူအုပ်အကြားရှိ မည်သည့်နေရာတွင်ရှိနေမှန်း မသိရသူတစ်ဦးက ပြောဆိုလိုက်သည်။

"နှစ်ယောက်လုံး လဲကျသွားပြီး မထနိုင်တော့ဘူး... ဒါကို သရေလို့ သတ်မှတ်သင့်တယ် မဟုတ်လား"

ဒိုင်လူကြီးသည် တိတ်ဆိတ်နေပေ၏။

ဤသည်မှာ ခက်ခဲသော အခြေအနေတစ်ခုပင်။ ဟန်ချန်ယဲ့နိုင်သည်ဟု ပြောရန် မဖြစ်နိုင်သကဲ့သို့ လင်းပုယန် နိုင်သည်ဟု ပြောခြင်းသည်လည်း ဟန်ချန်ယဲ့အပေါ် မတရားရာ ကျပေမည်။

အမှန်တကယ်ကို ဤသည်မှာ သရေပွဲပင်။

ဤသည်မှာ သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ပွဲ ဤကဲ့သို့ အဆုံးသတ်သည်ကို လူများအားလုံး ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်။

"သခင်မလေး..."

ဒိုင်လူကြီးသည် ဤကဲ့သို့ အခြေအနေမျိုးကို တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသဖြင့် ဆုံးဖြတ်ချက်မချဝံ့တော့ချေ။ သူသည် သီးသန့်ခန်းတစ်ခန်းဆီသို့ တွေဝေတုံ့ဆိုင်းစွာ လှမ်းကြည့်လိုက်သည်။

ဖုယင်ယင်သည် မျက်မှောင်ကြုတ်လိုက်ပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်၏။

"ကောင်းပြီလေ... ဒီတိုက်ပွဲရဲ့ရလဒ်ကို ငါ ထုတ်ပြန်ကြေညာမယ်... ပင်းယွမ်မင်းသား ဟန်ချန်ယဲ့နဲ့ အကြီးအကဲလင်းပုယန်တို့ရဲ့ ပွဲစဉ်က သရေရလဒ်နဲ့ အဆုံးသတ်တယ်"

"သရေဖြစ်သွားတာလား... ငါ ရှုံးပြီ"

"ဘယ်သူက ဒါကို ကြိုတင်ခန့်မှန်းနိုင်မှာလဲ"

"မဟုတ်သေးဘူး... ခဏလေး... တစ်ယောက်ယောက်က သရေရလဒ်ကို လောင်းကြေးထပ်ပြီးတော့ ရင်းမြစ်ဒင်္ဂါး သန်းသုံးဆယ် ထည့်ထားပုံရတယ်"

"ဘယ်လောက်တောင် ကံကောင်းလိုက်လဲ"

မြင့်မားသောလောင်းကြေးကို လောင်းကြေးထပ်သူများသည် စိတ်ဓာတ်ကျနေကြပြီး သရေရလဒ်ကို လောင်းကြေးထပ်သူအပေါ် မနာလိုအားကျမှုများဖြင့် ပြည့်နှက်နေသည်။ လောင်းကြေးတစ်ဆကို ဆယ်ဆလျော်ကြေးပြန်ရမည် ဖြစ်သဖြင့် သန်းသုံးဆယ်မှ သန်းသုံးရာ ဖြစ်သွားလေပြီ။

ထိုကဲ့သို့ ချမ်းသာကြွယ်ဝမှုသည် ထိုလူ့ကို ဟန်ယွမ်မြို့တော်တွင် ထိပ်ဆုံးသို့ ရောက်ရှိသွားစေမည်မှာ သေချာပေါက်ပင်။

"ခုဏက စကားပြောခဲ့တဲ့သူကို သွားပြီးစစ်ဆေးလိုက်စမ်း"

ဖုယင်ယင်က အမိန့်ပေးလိုက်သည်။

အချိန်တခဏအကြာတွင် အစေခံတစ်ဦး ပြန်ရောက်လာသည်။

"သခင်မလေး... ခုဏက စကားပြောတဲ့သူက သရေရလဒ်ကို လောင်းကြေးထပ်ခဲ့တဲ့လူပါပဲ... အဲ့ဒီ လူဝကြီးပဲ"

"သူက ကြိုတင်သတင်းရထားတာ ဖြစ်နိုင်တယ်... သူက သတင်းတွေကို ရောင်းပြီးတော့... သူ့ရဲ့လောင်းကြေးတွေအကုန်လုံးကို သရေရလဒ်ပေါ် ပုံအောလိုက်တာပဲ..."

ဖုယင်ယင်က မျက်မှောင်ကြုတ်လိုက်ပြီး တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိသည်။ သို့ရာတွင် ဤသည်မှာ အတိအကျ မည်သည့်အရာဖြစ်သည်ကို သူမ မခန့်မှန်းနိုင်ချေ။

ဟန်ချန်ယဲ့နှင့်လင်းပုယန်တို့၏ အဆင့်တက်မှုများသည် ပွဲစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ သူတို့ကိုယ်တိုင်ပင် ကြိုတင်ခန့်မှန်းနိုင်ခဲ့ခြင်း မရှိပေ။ သို့ရာတွင် ဤလူဝကြီးသည် ကြိုတင်သိရှိထားပုံရသည်။ ဤအကြောင်းအရာနှင့် ပတ်သက်၍ သူမသည် တစ်စုံတစ်ခု မှားယွင်းနေသကဲ့သို့ ခံစားမိပေ၏။

"ဒီလူက မသင်္ကာစရာပဲ... သူ့ရဲ့လောင်းကြေးကို ထုတ်ပေးသင့်လား"

အိမ်တော်ထိန်းချန်သည်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသဖြင့် သတိကြီးစွာထားပြီး မေးမြန်းလိုက်သည်။

"ဒါက ထုတ်ပေးရလိမ့်မယ်... မဟုတ်ရင် ဘယ်သူက ဒီနေရာမှာ ဆက်ပြီးလောင်းကြေးထပ်တော့မှာလဲ"

ဖုယင်ယင်က ခေါင်းခါလိုက်သည်။

"ဒါက သန်းသုံးရာ..."

အိမ်တော်ထိန်းချန်၏မျက်နှာ ရှုံ့မဲ့သွားသည်။

ယနေ့ည၏ စုစုပေါင်းလောင်းကြေးသည် သန်းသုံးရာအောက်တွင်သာ ရှိသဖြင့် သူတို့သာ သူ့ကို လျော်ကြေးငွေပေးချေလိုက်ပါက သူတို့၏မှောင်ခိုဈေးတစ်ခုလုံး ကြီးမားသော ဆုံးရှုံးမှုနှင့် ကြုံတွေ့ရပေလိမ့်မည်။

"သူ့ကို လျော်ကြေးပေးတဲ့ သတင်းကို ဖြန့်လိုက်... ပြီးတော့ သူ့နောက်ကို လိုက်ဖို့ လူလွှတ်လိုက်စမ်း... သူ ဘယ်သူလဲဆိုတာ ငါ သိဖို့လိုတယ်..."

ဖုယင်ယင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဟုတ်ကဲ့"

အိမ်တော်ထိန်းချန်သည် ခေါင်းညိတ်လိုက်၏။

ချမ်းသာကြွယ်ဝမှုသည် လူများအားလုံး၏စိတ်နှလုံးသားကို လှုပ်ရှားစေပြီး မည်သူမျှ တည်ငြိမ်နိုင်ခြင်းမရှိတော့ချေ။ ထိုကြောင့် ရုတ်တရက် ထွက်ပေါ်လာသော နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် အထွတ်အထိပ်အဆင့်တွင်ရှိသော လူတစ်ယောက်အတွက် ဤငွေများနှင့်အတူ အသက်ရှင်လျက် ပြန်သွားနိုင်ရန်မှာ တွေးထင်ထားသလောက် မလွယ်ကူချေ။

Thank For Reading.

All Chapters