← Chapters

ပိုမပေးရင်တော့ မရဘူး

Vol. 13 Ch. 183

ပိုမပေးရင်တော့ မရဘူး

Vol. 13 Ch. 183

“ခန်းမသခင်…”

ဖုန်းကျောက်ထင်၏မျက်လုံးအတွင်းမှ အကြည့်ကို မြင်ချိန်တွင် အနက်ရောင်ဝတ်စုံဝတ်ခေါင်းဆောင်၏ စိတ်နှလုံးသားအတွင်း၌ မွန်းကြပ်သွားသည်။

ဖုန်းကျောက်ထင်က ပြောဆိုသည်။

“အားကျူး... မင်း ငါ့နောက်ကိုလိုက်နေတာ အနှစ်နှစ်ဆယ်ရှိပြီ မဟုတ်လား”

အနက်ရောင်ဝတ်စုံဝတ်ခေါင်းဆောင် အားကျူးက ခေါင်းညိတ်လိုက်သည်။

“ခန်းမသခင်က ကျွန်တော့်ကို ချည်မျှင်တစ်ထောင်ကံကြမ္မာကို သင်ပေးဖို့ ရွေးချယ်ခဲ့တာ နှစ်ဆယ့်တစ်နှစ်ရှိပြီ... အဲ့ဒီတုန်းက ကျွန်တော် တစ်ဆယ့်ခုနစ်နှစ်ပဲ ရှိသေးတယ်”

ဖုန်းကျောက်ထင်က ဆက်လက်၍ ပြောဆိုလိုက်၏။

“ဒီအချိန်တလျှောက်လုံး မင်းက သစ္စာရှိပြီးတော့ ငါ့အတွက် မမောမပန်း အလုပ်လုပ်ခဲ့တယ်...ငါကလည်း မင်းကို ကျင့်ကြံနည်းစနစ်တွေနဲ့ အခွင့်အရေးတွေ ပေးခဲ့တယ်...ဒါကြောင့် မင်းရဲ့ လက်ရှိစွမ်းအားကို ရစေခဲ့တယ်....အခု မင်းငါ့ကို ပြန်ပေးဆပ်ရမယ့် အချိန်ရောက်ပြီ”

အားကျူးက သူ၏လက်နှစ်ဖက်ကို ပူးဆုပ်လိုက်သည်။

“ခန်းမသခင် ဘာကိုပဲ အမိန့်ပေးပေး...ကျွန်တော်က မဆိုင်းမတွ လုပ်ဆောင်ပါ့မယ်…”

သူ၏စကားမဆုံးမှာပင် သူ၏သိုလှောင်လက်စွပ်အတွင်းမှ အပ်သုံးချောင်း ဖြောင့်တန်းစွာ ထွက်ပေါ်လာပြီး အေးစက်စက်တောက်ပနေကာ ဖုန်းကျောက်ထင်၏နဖူး ရင်ဘတ်နှင့် နှလုံးသားတို့ထံသို့ ဦးတည်၍ တိုးဝင်သွားသည်။

တစ်ချိန်တည်းမှာပင် အားကျူးသည် နောက်သို့ချာခနဲလှည့်ပြီး ထွက်ပေါက်ထံသို့ ပြေးထွက်သွားသည်။

သူတို့နှစ်ဦးသားသည် နီးကပ်နေပြီး အပ်ချောင်းများသည် မယုံနိုင်လောက်အောင် လျင်မြန်မှု တိကျမှုတို့ဖြင့် ရွေ့လျားနေသည်။ ပုံမှန်အခြေအနေအောက်တွင် ဓမ္မရုပ်သွင်နယ်ပယ် ကျင့်ကြံသူတစ်ဦးပင်လျှင် ထိုအရာများကို တားဆီးရန် ရုန်းကန်ရပေလိမ့်မည်။ သို့ရာတွင် ဖုန်းကျောက်ထင်သည် ဤအရာကို ကြိုတင်မျှော်လင့်ထားပုံရပေ၏။ သူက ခပ်ဖျော့ဖျော့ ပြုံးပြီး လက်ဖျောက်တီးလိုက်သည်။

ဝှစ်....

ပါးလွှာသော ချည်မျှင်တစ်မျှင်ကို အားကျူး၏ခန္ဓာကိုယ်မှ ဆွဲထုတ်ခြင်း ခံလိုက်ရသည်။ ထိုချည်မျှင် တစ်ချက်လှုပ်ခတ်သွားရုံဖြင့် အားကျူး၏ခန္ဓာကိုယ်ရှိ စွမ်းအားအားလုံးသည် ပူဖောင်းပေါက်သွားသကဲ့သို့ ယိုစီးထွက်သွားသည်။ သူ၏မျက်နှာသည် သေလုမျောပါး ဖြူဖျော့သွားပေ၏။

ထောက်ပံ့မည့်စွမ်းအားမရှိသောကြောင့် အပ်ချောင်းများသည် ဖုန်းကျောက်ထင်၏ နတ်ဘုရားဝိညာဉ်ဖြင့် လွယ်လင့်တကူ တားဆီးခံလိုက်ရသည်။ သူ နောက်တစ်ချက် လက်ဖျောက်တီးလိုက်ရုံဖြင့် ထွက်ပြေးနေသော အားကျူးသည် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

သူ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများ ထင်ဟပ်နေပေ၏။

“ခင်ဗျား… ခင်ဗျားက… ကျွန်တော့်ရဲ့ခန္ဓာကိုယ်ထဲမှာ ချည်မျှင်တစ်ထောင်ကို ချန်ထားခဲ့တာလား”

ဖုန်းကျောက်ထင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“ငါ့ရဲ့ ကံကြမ္မာလမ်းစဉ်ကို ကျင့်ကြံတာ ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာရှိတာ သဘာဝပဲ... မင်းက ငါ့ကို သတ်ဖို့ ကြိုးစားရင် မင်း တန်ပြန်သက်ရောက်မှုကို ခံစားရလိမ့်မယ်...ငါ ဒီနည်းစနစ်ကို မင်းကို ပထမဆုံး သင်ပေးတုန်းက ငါ ဒါကို ပြောခဲ့တယ် မဟုတ်လား”

ထိုသို့ပြောဆိုပြီးနောက် ဖုန်းကျောက်ထင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ဆယ်နှင့်ချီသော ချည်မျှင်များစွာသည် အားကျူး၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ အားကျူးသည် ခုခံရန် ကြိုးစားသော်လည်း အချိန်ခဏအကြာတွင် သူ၏အကြည့် ဗလာဟင်းလင်းဖြစ်သွားပြီး လမ်းလျှောက်နေသော အလောင်းတစ်လောင်းကဲ့သို့ ဖြစ်သွားလေ၏။

“သခင်...”

ချည်မျှင်တစ်ထောင်ဖြင့် ထိန်းချုပ်ခံရခြင်းသည် တစ်စုံတစ်ယောက်သည် ကိုယ်ပိုင်အသိစိတ်ကို တဖြည်းဖြည်း ဆုံးရှုံးသွားခြင်းဟု ဆိုလိုခြင်းပင်။

“အင်း....”

ဖုန်းကျောက်ထင်က ခေါင်းညိတ်လိုက်ပြီးနောက် မရေမတွက်နိုင်သော ကောင်းကင်ဘုံကံကြမ္မာစွမ်းအင်စီးကြောင်းများ သူ၏ခန္ဓာကိုယ်ထဲသို့ အလိုအလျောက် ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။

ကံကြမ္မာချည်မျှင်တစ်ထောင်ဖြင့် ထိန်းချုပ်ထားသော ကျင့်ကြံသူများက သူတို့ သန်မာအားကောင်းလေလေ သူ၏စွမ်းအားတိုးတက်မှုနှုန်း ပို၍လျှင်မြန်လေလေပင်။ ဤအားကျူးသည် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်သို့ ရောက်ရှိနှင့်ပြီးဖြစ်ရာ ဖုန်းကျောက်ထင် ယခုအချိန်အထိ ထိန်းချုပ်ခဲ့ဖူးသမျှထဲတွင် အားအကောင်းဆုံးလူ ဖြစ်သည်။

သူသည် ခရမ်းရောင်ဝါးစိတ်ဝိညာဥ်ဆေးလုံးတစ်ခြမ်းကို မျိုချလိုက်ပြီး ဆေးစွမ်းအားကို ကံကြမ္မာစွမ်းအားနှင့် ပေါင်းစပ်လိုက်၏။ နာရီဝက်အကြာတွင် မရေမတွက်နိုင်သော စွမ်းအင်စီးကြောင်းများ အခန်းထဲတွင် စုဝေးလာသည်။ ဖုန်းကျောက်ထင်၏ နတ်ဘုရားစိတ်ဝိညာဉ် တုန်ခါသွားပြီး သုံးမီတာခန့်မြင့်သော ဓမ္မရုပ်သွင်တစ်ခုက သူ၏နောက်တွင် ထွက်ပေါ်လာသည်။

ဤသည် ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်တွင်ရှိသော ဓမ္မရုပ်သွင်နယ်ပယ်၏ တတိယအဆင့်ပင်။

ဤကဲ့သို့ စွမ်းအားမျိုးရှိခြင်းသည် ရင်းမြစ်ရေအိုင်နယ်ပယ်၏အထွတ်အထိပ်အဆင့်တွင် အမှန်တကယ် ရပ်တည်နိုင်ခြင်းဟု ဆိုလိုခြင်းပင်။

“အောင်မြင်သွားပြီ… လင်းပုယန်... မင်း အခု ငါ့ကို ဘယ်လိုတိုက်ခိုက်နိုင်အုံးမလဲ”

ဖုန်းကျောက်ထင်၏မျက်လုံးများ တောက်ပသွားသည်။

ဤအဆင့်ငယ်တစ်ဆင့်ချိုးဖျက်မှုကို အထင်မသေးသင့်ချေ။ ဤအဆင့်သို့ ရောက်ရှိပြီးသူများနှင့် မရောက်ရှိသေးသူများကြားရှိ ကွာဟချက်သည် ကြီးမားပေ၏။

ပြင်ပသို့ထုတ်လွှတ်နိုင်သော နတ်ဘုရားစိတ်ဝိညာဉ်သည် အများဆုံးအနေဖြင့် တစ်စုံတစ်ယောက်၏စိတ်ဝိညာဉ်ကိုသာ ထိခိုက်စေနိုင်သည်။ သို့ရာတွင် ဓမ္မရုပ်သွင်သည် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်သည်။ ထိုဓမ္မရုပ်သွင်၏စွမ်းအားသည် မြင်းကောင်ရေ၅၀၀ခွန်အားထက် ကျော်လွန်သည်။

ဤကဲ့သို့ သန်မာအားကောင်းသော နတ်ဘုရားဝိညာဉ်သည် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်တစ်ခုကိုပင် အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲနိုင်ပေ၏။

ဝှစ်.....

သူ၏နတ်ဘုရားစိတ်ဝိညာဉ်ကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် ဖုန်းကျောက်ထင်၏ မျက်လုံးများ တောက်ပသွားသည်။

“လင်းပုယန်....မင်းက ငါ့ရဲ့ညီကို သတ်ခဲ့တယ်... ပြီးတော့ မင်းရဲ့တပည့်တွေကို မင်းကိုယ်တိုင်သတ်ဖြတ်ပြီး ငါ့ကို အပြစ်ပုံချခဲ့တယ်...ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့…”

သူသည် လင်းပုယန်နှင့်ဆက်ဆံရေးကို အပြည့်အဝဖြတ်တောက်လိုက်ပါက ခန်းမသခင်ဟန် ကြားဝင်စွက်ဖက်မည်ကို စိုးရိမ်ခဲ့ဖူးသည်။ သို့ရာတွင် ယခုချိန်၌ အခြေအနေ ပိုဆိုးလာသဖြင့် သူ လူကောင်းတစ်ယောက်ကဲ့သို့ ဟန်ဆောင်နေရန် မလိုအပ်တော့ချေ။

ဒီလိုဆိုမှတော့ ငါ မင်းကို သတ်မယ်...

သို့ရာတွင် သူသည် မှန်ကန်သော အခွင့်အရေးကို ရှာဖွေရပေမည်။ ထိုသို့မဟုတ်ပါက အကယ်၍ သူသည် နောက်ကွယ်မှလူဖြစ်ကြောင်း သိရှိသွားလျှင် ရှင်းပြရန် ခက်ခဲပေလိမ့်မည်။ အရေးအကြီးဆုံးအချက်မှာ လင်းပုယန်၏နောက်တွင် ဂိုဏ်းတစ်ခု ကျောထောက်နောက်ခံ ရှိနေပေ၏။ အကယ်၍ ထိုလူများအား ဒေါသထွက်အောင်လုပ်မိပါက သူ့ထံတွင် ယခုထက် စွမ်းအားဆယ်ဆရှိလျှင်ပင် တောင့်ခံနိုင်မည် မဟုတ်ချေ။

…

လှေငယ်လေးတစ်စင်းသည် ကျယ်ပြန့်သော ဂူတစ်ဂူထဲသို့ ဝင်သွားသည်။ ကျန်းရွှမ်သည် လှေပေါ်တွင် ထိုင်နေပြီး ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရှုနေလေ၏။

ဟန်ရှောင်နှင့်လမ်းခွဲပြီးနောက် ကျန်းရွှမ်က သူ သည် ပစ်မှတ်တစ်ခုဖြစ်လာကြောင်း သိရှိသွားသည်။ သူသည် ကံကြမ္မာခန်းမဆောင်တွင် ကြာရှည်မနေဘဲ စွန်းချန် ရှာဖွေတွေ့ရှိခဲ့သော နေအိမ်သို့ တိတ်တဆိတ် ပြန်သွားခဲ့သည်။ ထိုနေရာတွင် သူ၏အဖော်များကို ကျင့်ကြံမှုတွင် လမ်းညွှန်ပေးကာ စာကြည့်တိုက်တွင် ထွက်ပေါ်လာခဲ့သော မိုတောက်ကံကြမ္မာ စွမ်းအင်စီးကြောင်းများကို လေ့လာခဲ့လေ၏။

ဤစွမ်းအင်စီးကြောင်းသည် “မပြည့်စုံ” ဟန်ရှိပြီး များပြားသော ကောင်းကင်ကံကြမ္မာစွမ်းအင် ပမာဏကို လိုအပ်သည်။ ကံကြမ္မာစွမ်းအင်တန်း ရာပေါင်းများစွာကို ထည့်သွင်းပြီးနောက် မလုံလောက်သေးသည်ကို တွေ့ရှိချိန်၌ ကျန်းရွှမ်က ရပ်တန့်လိုက်သည်။

သူသည် ချမ်းသာကြွယ်ဝသူတစ်ယောက် မဟုတ်ချေ။ ထိုကြောင့် သူ အရင်းအမြစ်များ ပို၍ရရှိသည့်အချိန်အထိ စောင့်ဆိုင်းရပေမည်။

သူ ထောက်ပံ့ခဲ့သော ကောင်းကင်ကံကြမ္မာစွမ်းအင်သည် အကန့်အသတ်ရှိသော်လည်း မိုတောက်ကံကြမ္မာစီးကြောင်းဖြင့် ဓားမကြီးနည်းစနစ်များကို လေ့ကျင့်တိုင်း နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်သို့ အတားအဆီးများကို ဖြေလျော့ပေးသော ထိုးထွင်းသိမြင်မှုများကို သူ ရရှိခဲ့သည်။

ဤအရှိန်နှုန်းအတိုင်းဆိုလျှင် သူ့ထံ၌ ဓမ္မရုပ်သွင်နယ်ပယ်အတွက် ကျင့်ကြံနည်းစနစ်မရှိဘဲပင် မိုတောက်ကံကြမ္မာဖြင့် မကြာခဏ လေ့ကျင့်ပါက တိုးတက်မှုသို့ မလွဲမသွေ ဦးတည်သွားပေလိမ့်မည်။

ဤအချက်ကို သိရှိသဖြင့် ကျန်းရွှမ်သည် နောက်ဆုံးတွင် ယုချင်းယု ပြောခဲ့သကဲ့သို့ပင် သူသည် မိုတောက်ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်ခဲ့ကြောင်း နားလည်လိုက်သည်။

အချိန်တခဏကြာမျှ ကျင့်ကြံပြီးနောက် မိုတောက်ကံကြမ္မာအပေါ် သူ၏နားလည်သဘောပေါက်မှု နက်ရှိုင်းလာသည်နှင့်အမျှ သူသည် သူ့ကိုယ်ကို အားကောင်းစေရန်အတွက် လေဟာနယ်အတွင်းမှ ကောင်းကင်ကံကြမ္မာစွမ်းအင်များကို ဆွဲယူရန်လည်း ကြိုးပမ်းခဲ့သည်။ သို့ရာတွင် ထိုစွမ်းအားများ ဆင်းသက်လာချိန်၌ ရင်းမြစ်ကမ္ဘာ၏စွမ်းအားက သူ့ကို ဖိနှိပ်ခဲ့သည်။

မိုတောက်ကောင်းကင်ကံကြမ္မာသည် ကောင်းကင်စာကြည့်တိုက်မှ ဖန်တီးထားသော ပုံတူကူးမှုတစ်ခုဖြစ်သည်မှာ သိသာထင်ရှားသည်။ ဤသည်မှာ မူရင်းကံကြမ္မာနှင့် တူညီသော်လည်း သူသည် ကောင်းကင်ကံကြမ္မာစွမ်းအင်များကို စုပ်ယူနိုင်ခြင်းမရှိပေ။

ကောင်းကင်ကံကြမ္မာတစ်ခုကို နားလည်သဘောပေါက်သော်လည်း ထိုအရာမှ စွမ်းအင်များ ပို၍မရရှိနိုင်ခြင်းကြောင့် ကျန်းရွှမ်သည် ဤကိစ္စကို စိတ်မဝင်စားတော့ချေ။ ကံကောင်းစွာဖြင့် ဖုယင်ယင်နှင့် သုံးရက်တာ ချိန်းဆိုထားချိန်သို့ ရောက်ရှိလာခဲ့သည်။ သူသည် လင်းပုယန်အဖြစ် နောက်တစ်ကြိမ် ဟန်ဆောင်ကာ မှောင်ခိုဈေးအတွင်းသို့ ဝင်ရောက်ခဲ့သည်။

ဤတစ်ကြိမ်တွင် လက်ဖက်ရည်ဆိုင်ရှင်သည် သူ၏အထောက်အထားကို သိရှိပြီးဖြစ်သောကြောင့် သူ့ကို မျက်နှာဖုံးစွပ်မပေးတော့ချေ။

အနက်ရောင်ကျောက်နံရံများသည် ကြမ်းတမ်းပြီး ထူးဆန်းသော ကျောက်တုံးများသည် ကျောက်တောင်များအထက် ဆိုင်းငံ့နေသဖြင့် အလွန်အန္တရာယ်များသည်။ ကျောက်တောင်ကွေ့တစ်ခုကို ဖြတ်သန်းပြီးနောက် နယ်မြေသည် ကျယ်ပြန့်သွားပြီး ပတ်ဝန်းကျင်ကို ထွန်းလင်းစေသည့် တောက်ပသော မီးရောင်များကို မြင်တွေ့နိုင်သည်။ မှောင်ခိုဈေးသည် ကျန်းရွှမ်၏မြင်ကွင်းထဲသို့ ရောက်လာပေ၏။

စင်္ကြန်တလျှောက် အချိန်တခဏကြာ လျှောက်လှမ်းပြီးနောက် ကျန်းရွှမ်သည် ဖုယင်ယင်၏အိမ်သို့ ရောက်ရှိလာသည်။

“အကြီးအကဲလင်း... ရှင်က အရေးယူဆောင်ရွက်တဲ့နေရာမှာ ပြတ်သားခဲ့တယ်... တကယ့်ကို အထင်ကြီးလေးစားစရာပဲ…”

ကျန်းရွှမ် ရောက်ရှိလာသည်ကို မြင်ချိန်၌ ဖုယင်ယင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

သူမသည် သူ၏အကြောင်းကို ပထမဆုံးကြားသိရချန်၌ သူမ ထိတ်လန့်သွားခဲ့သည်။ ဤမျှထိမြင့်မားသော ဆုကြေးကြောင့် သူ လျင်မြန်စွာ အသတ်ခံရမည်ဟု သူမ တွေးထင်ခဲ့သည်။ သို့ရာတွင် သုံးရက် ကုန်လွန်သွားသော်လည်း လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။ ထိုမျှသာမက သူသည် လူမြင်ကွင်းတွင် ပြောင်ပြောင်တင်းတင်း ထွက်ပေါ်လာဝံ့သည်။ မည်မျှထိ အတင့်ရဲသောလူ ဖြစ်သနည်း။

“ငါ တောင်းဆိုခဲ့တဲ့ စာအုပ်တွေ အဆင်သင့်ဖြစ်ပြီလား”

ကျန်းရွှမ်က သူမ၏ ချီးကျူးမှုကို မတုံ့ပြန်ဘဲ မေးမြန်းလိုက်၏။

“ပြင်ဆင်ပြီးပါပြီ…”

ဖုယင်ယင်က လက်ဟန်ပြလိုက်ရာ အစေခံတချို့က စာအုပ်များကို ယူဆောင်လာပြီး စားပွဲပေါ်သို့ တင်လိုက်ကြသည်။

“စုစုပေါင်း စာအုပ်သုံးရာကျော် ရှိတယ်... ဒါက ကျွန်မ စုဆောင်းနိုင်သလောက် အကုန်လုံးပဲ…”

ကျန်းရွှမ်က ခေါင်းညိတ်လိုက်ပြီး ရှေ့သို့တိုးကာ စာအုပ်များပေါ်တွင် သူ၏လက်ချောင်းများကို ခပ်ဖွဖွ ပွတ်သပ်လိုက်သည်။

ကောင်းကင်ဘုံစာကြည့်တိုက်အတွင်းတွင် စာအုပ်များသည် ချက်ချင်းကူးယူခြင်းခံလိုက်ရသည်။

ဤစာအုပ်သုံးရာနှင့် သူ ယခင်က စုဆောင်းခဲ့သည့်အရာများကို ပေါင်းစပ်လိုက်လျှင် သူ့အတွက် လုံလောက်လုနီးပါး ဖြစ်နေလေပြီ။

“စုစုပေါင်းက ရင်းမြစ်ဒင်္ဂါး၃.၁၄ သန်းကျတယ်... ကျွန်မကို ၃ သန်းပဲ ပေးပါ…”

ကျန်းရွှမ်သည် စာအုပ်များကို ပေါ့ပေါ့ပါးပါး ပွတ်သပ်ရုံသာဖြစ်သည်ကို မြင်ချိန်၌ ဖုယင်ယင်သည် သိလိုစိတ်ပြင်းပြသော်လည်း ဖွင့်ဟမမေးမြန်းခဲ့ချေ။

ကျန်းရွှမ်က ငွေပေးချေပြီးနောက် သူမကို တဖန်ပြန်၍ ကြည့်လိုက်သည်။

“မင်းမှာ ကျင့်ကြံမှုကို မြှင့်တင်နိုင်တဲ့ ဆေးလုံးတွေ ဒါမှမဟုတ် ဆေးပင်တွေ ရှိလား...ငါက အဲ့ဒီအရာတွေကို ဝယ်ချင်တယ်”

“ကျွန်မတို့မှာ အများကြီးရှိပါတယ်...ဒါက ရှင်ရှာဖွေနေတဲ့ အဆင့်ပေါ် မူတည်တယ်...အဆင့်မြင့်လေလေ ဈေးမြင့်လေလေပဲ”

ဖုယင်ယင်က ပြောဆိုသည်။

တစ်နာရီအကြာတွင် ကျန်းရွှမ်သည် နောက်ဆုံး၌ စိတ်သက်သာရာရသွားပြီး ဆေးပင်ပုံကြီးတစ်ပုံကို ကိုင်ထားလေ၏။

ဤအရာများဖြင့် ကျောက်ယာနှင့်တခြားလူများသည် သူတို့၏ကျင့်ကြံဆင့်တွင် နောက်တစ်ဆင့် တက်လှမ်းနိုင်ပေမည်။

သူသည် သူတို့အား လက်ဆင့်ကမ်းပေးခဲ့သော ကျင့်ကြံနည်းစနစ်များသည် တိုးတက်မှုမြန်ဆန်စေသော်လည်း ရင်းမြစ်စွမ်းအားကို စုပ်ယူရုံသက်သက်ဖြင့် ကျင့်ကြံပါက နှေးကွေးပေမည်။ ဤဆေးပင်များသည် သူတို့ကို ကျောက်စိမ်းအရိုးနယ်ပယ် သို့မဟုတ် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်သို့ အချိန်တိုအတွင်း ရောက်ရှိစေရန် ကူညီနိုင်ပေလိမ့်မည်။

သူသည် အချိန်တခဏကြာ တုံ့ဆိုင်းနေပြီးနောက် သောက်လီ တိုးတက်လာစေရန် အစာများကိုလည်း ဝယ်ယူခဲ့သည်။ နောက်ဆုံးတွင် သူ ရပ်တန့်လိုက်၏။

ထိုအရာများအားလုံးကို တွက်ချက်ကြည့်ပြီးနောက် သူသည် နောက်ထပ် ရင်းမြစ်ဒင်္ဂါးဆယ်သန်းကျော် သုံးစွဲခဲ့ကြောင်း သိရှိခဲ့သည်။

ဖုန်းယိကျိုးကို သတ်ဖြတ်မှုအတွက် ဆုကြေးငွေနှင့် ဟန်ရှောင်ထံမှ သူ လိမ်လည်ရယူခဲ့သော ငွေများအားလုံးနီးပါး ကုန်ဆုံးသွားခဲ့လေပြီ။

“အကြီးအကဲလင်း....ကျွန်မတို့ မှောင်ခိုဈေးမှာ လီယွဲ့အန်းအကြောင်း သတင်းအချက်အလက်တွေ ရှာဖွေတွေ့ရှိခဲ့တယ်...ရှင်က ကျွန်မတို့နဲ့အတူ သူ့ကို အမဲလိုက်ဖို့ စိတ်ဝင်စားလား...တကယ်လို့ ကျွန်မတို့ အောင်မြင်ခဲ့ရင်… ဆုကြေးငွေကို တစ်ဝက်စီ ခွဲဝေယူကြမယ်”

“လီယွဲ့အန်း ဟုတ်လား...ခင်ဗျားက အမဲလိုက်စာရင်းရဲ့ အဆင့် ၄၁ ရှိတဲ့ သစ္စာဖောက်ကံကြမ္မာကို နားလည်သဘောပေါက်ခဲ့တဲ့ ကံကြမ္မာဆရာသခင်ကို ဆိုလိုတာလား”

ကျန်းရွှမ်က မေးမြန်းလိုက်သည်။

“အမှန်ပဲ"

ဖုယင်ယင်က ခေါင်းညိတ်ပြလေ၏။

ကျန်းရွှမ် နားမလည်ဖြစ်သွားသည်။

"သူက နှစ်တွေအများကြီးကြာအောင် ပုန်းအောင်းနေခဲ့တာ...မင်းတို့က သူ့ကို ဘယ်လိုရှာတွေ့ခဲ့တာလဲ”

သူသည် ထိုလူ၏ကိုယ်ရေးရာဇဝင်ကို ဖတ်ခဲ့ဖူးသည်။ ကျေးဇူးရှင်များ မိတ်ဆွေများနှင့် ဆရာများကို သစ္စာဖောက်ခဲ့သော လီယွဲ့အန်းသည် လူများအားလုံး၏မုန်းတီးခြင်းကို ခံခဲ့ရသည်။ ပန်းသူခိုးဟု နာမည်ဆိုးဖြင့် ကျော်ကြားသော လူယုတ်မာကဲ့သို့ပင် သူသည်လည်း ခြေရာတစ်စမျှမကျန် ပျောက်ကွယ်သွားခဲ့သည်။ သူတို့သည် သူ့ကို မည်သို့ ရှာဖွေတွေ့ရှိခဲ့သနည်း။

ဖုယင်ယင်က ပြုံးလိုက်သည်။

“ဒါက ကံကောင်းသွားလို့ပါ... သူက ပုန်းအောင်းနေခဲ့တာ မှန်ပါတယ်.... ဒါပေမဲ့ သူက အလုပ်ရှုပ်တာကြောင့် တပည့်တစ်ယောက်ကို ခေါ်ယူခဲ့တယ်... အဲ့ဒီတပည့်က သူ့ကို သစ္စာဖောက်ပြီးတော့ သူ့ရဲ့ဆရာကို ဖယ်ရှားဖို့အတွက် မှောင်ခိုဈေးကို တိတ်တဆိတ် ဆက်သွယ်ခဲ့တယ်…”

“ဒါက…”

ကျန်းရွှမ်က မျက်ခွံပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။

မုဆိုးက အမဲလိုက်ခံရသူ ဖြစ်လာကာ....

သစ္စာဖောက်ကံကြမ္မာရှိသူသည် တခြားလူ၏သစ္စာဖောက်ခြင်းကို ခံရသည်။

ဤသည်မှာ ကံကြမ္မာတာအိုပင်။

“ရိုးရိုးသားသားဝန်ခံရရင် ဒါက အံ့အားသင့်စရာမရှိဘူး... သူ့ရဲ့တပည့်က သူ့ကို မသစ္စာဖောက်ခဲ့ရင်တောင် လီယွဲ့အန်းက သူ့ကို အနှေးနဲ့အမြန် သစ္စာဖောက်မှာပဲ....သူတို့တွေ သစ္စာဖောက်ကံကြမ္မာကို ကျင့်ကြံတာက ဒီကိစ္စကိုကို မလွှဲမရှောင်သာ ဖြစ်စေတယ်...ဘယ်သူက အရင်ဆုံး လှုပ်ရှားမလဲဆိုတာပေါ်ပဲ မူတည်တယ်”

ဖုယင်ယင်က ကျန်းရွှမ် စဉ်းစားတွေးတောနေသည်ဟု တွေးထင်သဖြင့် ရှင်းပြသည်။

“ကောင်းပြီလေ...ငါ သဘောတူတယ်... ငါတို့ အတူပူးပေါင်းပြီး လုပ်ဆောင်ကြမယ်”

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ပစ်မှတ်သည် ယုတ်မာသူတစ်ဦးပင်။ ထိုလူကို သတ်ဖြတ်ပြီး သူ့အတွက် ငွေတချို့ ရရှိနိုင်ခြင်းသည် နှစ်ဦးနှစ်ဖက် အကျိုးရှိပေ၏။

သူ၏သဘောတူညီချက်ကို ကြားချိန်၌ ဖုယင်ယင်က စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။

“ကောင်းပြီလေ...ဒါဆိုရင် ကျွန်မ ရှင်ကို ကြိုတင်သတိပေးပါရစေ....အမဲလိုက်စာရင်းမှတ်တမ်းတွေအရ သူ့ရဲ့စွမ်းအားက ဓမ္မထွက်ခွာခြင်းနယ်ပယ်မှာ ရှိနေတယ်လို့ ဆိုကြတယ်...ဒါပေမဲ့ အဲ့ဒီသတင်းအချက်အလက်က လွန်ခဲ့တဲ့ ခုနစ်နှစ်အကြာကပါ..သူ အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ ဒါမှမဟုတ် ဘယ်လောက်ထိ အားကောင်းလာပြီလဲဆိုတာ ကျွန်မတို့ မသိဘူး...ဒီတာဝန်က အန္တရာယ်နည်းနည်းတော့များတယ်"

“နားလည်ပါပြီ”

ကျန်းရွှမ်က တည်ငြိမ်စွာဖြင့် ခေါင်းညိတ်လိုက်၏။

လွန်ခဲ့သောခုနစ်နှစ်အကြာက လီယွဲ့အန်းသည် ဓမ္မထွက်ခွာခြင်းနယ်ပယ်သို့ ရောက်ရှိနေခဲ့သည်။ ယခုအချိန်တွင် သူသည် ဓမ္မရုပ်သွင်လှည့်လည်သွားလာခြင်းနယ်ပယ် သို့မဟုတ် ဓမ္မရုပ်သွင်ထင်ဟပ်ခြင်းနယ်ပယ်တွင် ရှိနေနိုင်သည်။

အမှန်အားဖြင့် သစ္စာဖောက်ကံကြမ္မာကို ကျင့်ကြံခြင်းသည် သစ္စာဖောက်ရန် လူအလုံအလောက် လိုအပ်သည်။ လုံလောက်သော ပစ်မှတ်များမရှိပါက သူ၏ တိုးတက်မှုသည် အလွန်အကျွံ ဖြစ်မည်မဟုတ်ချေ။

ဖုယင်ယင်က အပြုံးနှင့် ပြောဆိုသည်။

“ရှင် သဘောတူပြီးမှတော့ အခုချက်ချင်း ထွက်ခွာကြရအောင်”

ကျန်းရွှမ်က မျက်ခုံးပင့်လိုက်သည်။

“မင်းလည်း လိုက်လာမှာလား...ငါ မမှားဘူးဆိုရင် မင်းရဲ့စွမ်းအားက နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်မှာပဲ ရှိသေးတယ်..လွန်ခဲ့တဲ့ခုနစ်နှစ်အကြာက ဓမ္မရုပ်သွင်ထွက်ခွာခြင်းနယ်ပယ်ကို ရောက်နေခဲ့တဲ့ လူတစ်ယောက်ကို ရင်ဆိုင်တိုက်ခိုက်တာက အန္တရာယ်များနိုင်တယ် မဟုတ်လား”

ဖုယင်ယင်က ကျီစယ်သည့်အပြုံးဖြင့် သူမ၏ ဆံပင်ကို နောက်သို့ သပ်တင်လိုက်ရာ သူမ၏ လှပသောမျက်နှာလေးပေါ်လွင်သွားသည်။

“အိုး အကြီးအကဲလင်း...ရှင်က ကျွန်မအတွက် စိတ်ပူနေတာလား..ရှင် ကျွန်မကို ကြိုက်တယ်ဆိုရင် ပြောလိုက်လေ...ကျွန်မက သန်မာအားကောင်းတဲ့ ယောက်ျားတွေကို အမြဲတမ်း သဘောကျတယ်.... ရှင့်ကိုကြည့်ရတာ မဆိုးပါဘူး…”

“မင်း အတွေးလွန်နေပြီ”

ကျန်းရွှမ်က တည်ငြိမ်သောလေသံဖြင့် တုံ့ပြန်အဖြေပေးလိုက်သည်။

“ငါ ဆိုလိုတာက မင်း အန္တရာယ်ကျရောက်ရင် ငါ ကယ်တင်ပေးဖို့ မမျှော်လင့်ပါနဲ့”

အချိန်တခဏကြာခန့် ရပ်တန့်ပြီးနောက် သူက ထပ်မံ၍ ပြောဆိုလိုက်၏။

“ပိုမပေးရင်တော့ မရဘူး…”

သူမ၏ ကျီစယ်လိုသောအမူအယာသည် သိလိုစိတ်ပြင်းပြသော အမူအယာအဖြစ်သို့ ပြောင်းလဲသွားသည်။

“ပိုမပေးရင်ဆိုတာက ဘာလဲ”

ကျန်းရွှမ်က တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

“မင်း ပိုမပေးရင် မရဘူးလို့ ပြောချင်တာပဲ”

“…”

All Chapters