← Chapters

အခန်း (၃၁၄၁+၃၁၄၂)

Vol. 210 Ch. 3141+3142

အခန်း (၃၁၄၁+၃၁၄၂)

Vol. 210 Ch. 3141+3142

အခန်း ၃၁၄၁ - ငါ ဂရုမစိုက်ဘူး

ရှချင်းယင်သည် ခဏမျှ စဉ်းစားပြီးနောက် တွေဝေတုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။

“တာအိုရောင်းရင်းဆူ… ရှင်ရောက်လာတာ အချိန်မှန်ပဲ… ဒီမှာ ကျွန်မတို့တွေ ဆုံးဖြတ်ချက်မချနိုင်ဘဲ ရှင့်ကို မေးစရာရှိတဲ့ကိစ္စ ကိစ္စရှိနေတယ်”

“နဂါးအသူတရာချောက်နက်ကြယ်ကနေ ထွက်ခွာမယ့်အကြောင်းမလား”

ဆူဇီမိုက ပြုံးနေပြီး ဖြစ်ပျက်နေသည့်အရာကို ခန့်မှန်းမိလိုက်ပြီဖြစ်၏။

ရှချင်းယင်က ခေါင်းညိတ်ပြလိုက်၏။

“မကြာသေးခင်တုန်းက လင်းလေနဲ့ လင်းလောလို့ခေါ်တဲ့ အဆင့်မြင့်အင်မော်တယ်နှစ်ဦးက နှင်းလေတောင်ကြောရိုးကို ရောက်လာပြီး ကျွန်တော်တို့ကို ဘယ်မှန်းမသိတဲ့ နေရာတစ်ခုဆီ ဖိတ်ခေါ်ခဲ့တယ်”

လင်းကျန့်က ထိုစကားကို ကြားသောအခါ သူက ရုတ်တရက် ဝင်မေးလိုက်၏။

“သူတို့နှစ်ယောက်က သူတို့ရဲ့ကျင့်ကြံမှုနယ်ပယ်ကို အသုံးချပြီး မင်းတို့တွေကို အနိုင်ကျင့်ခဲ့သေးလား”

“ဟင့်အင်း.. မလုပ်… မလုပ်ကြပါဘူး”

ရှချင်းယင်က အလောတကြီး လက်ကာပြလိုက်၏။

“အဲဒီအဆင့်မြင့်အင်မော်တယ်နှစ်ဦးက တော်တော်လေး ကောင်းပါတယ်… သူတို့က အောက်ဘုံလောကကနေ တက်လှမ်းလာတဲ့ ကျွန်မတို့ ကျင့်ကြံသူတွေအပေါ်မှာလည်း အတော်လေး ယဉ်ကျေးမှုရှိတယ်”

သွမ့်ထျန်လျန့်ကလည်း ဝင်ပြောလိုက်၏။

“သူတို့နှစ်ယောက်က တခြားအဆင့်မြင့်အင်မော်တယ်တွေလို မောက်မာတာ တင်စီးတာ လုံးဝမရှိဘူး… အဲဒါက အစစ်အမှန်မဟုတ်ဘူးလို့တောင် ကျုပ်ခံစားနေရတယ်”

လင်းကျန့်က ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

အင်မော်တယ်ဘုရင်မ လင်းလုံက လင်းကျန့်ကို ညင်သာစွာ ထုရိုက်ပြီး ဒေါသတကြီးပြောလိုက်၏။

“သူတို့က လေအာနဲ့ လင်းအာပဲ… ရှင် သူတို့ကို နည်းနည်းပါးပါး ယုံကြည်ထားစမ်းပါဦး”

နှင်းလေတောင်ကြောရိုးမှ လူတိုင်းသည် ထိုစကားကို ကြားသောအခါ သူတို့တွင် ထူးဆန်းသော အမူအရာများ ထွက်ပေါ်လာ၏။

ဆူဇီမိုက သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို တစ်ချက်ထုတ်ဖော်ပြီးနောက် ရှချင်းယင်နှင့် အခြားသူများ၏ ကျင့်ကြံမှုနယ်ပယ်များကို သိရှိသွား၏။

အထက်ဘုံလောကသို့ တက်လှမ်းလာနိုင်သော သက်ရှိများအားလုံးက ပါရမီအရည်အချင်း ရှိကြလေသည်။

ကောင်းကင်နှင့်မြေကြီးအမြုတေချီ ကြွယ်ဝသော အခြားသော ကျင့်ကြံရေးပတ်ဝန်းကျင်မှာဆိုလျှင် သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက သေချာပေါက် ဤကဲ့သို့ ကန့်သတ်ခံထားရလိမ့်မည် မဟုတ်ပေ။ အနည်းဆုံးတော့ သူတို့သည် ကမ္ဘာမြေအင်မော်တယ်နယ်ပယ်ကို ရောက်ရှိနေပေလိမ့်မည်။

ဆူဇီမိုက ပြောလိုက်သည်။

“မင်းတို့ကို ဒီနေရာကနေ ထွက်ခွာဖို့ ငါအကြံပေးချင်တယ်… နဂါးအသူတရာချောက်နက်ကြယ်မှာရှိတဲ့ အမြုတေချီက ပါးလွှာလွန်းတယ်…. ကောင်းကင်ဘုံကမ္ဘာရဲ့ အခြေအနေကလည်း ဝရုန်းသုန်းကား ဖြစ်နေပြီ… ဒါက ကောင်းမွန်တဲ့နေရာတစ်ခု မဟုတ်တော့ဘူး။ မင်းတို့အနေနဲ့ ဒီနေရာမှာနေမှာထက် ကမ္ဘာသစ်ဆီကို ငါတို့နဲ့လိုက်ခဲ့တာ ပိုကောင်းလိမ့်မယ်”

“တာအိုရောင်းရင်းဆူ ခင်ဗျားလည်း သွားမှာလား”

ယွဲ့ဟောက်က မေးလိုက်၏။

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်သည်။

ယွဲ့ဟောက်၊ ရှချင်းယင်နှင့် အခြားသူများက ထိုစကားကို ကြားသောအခါ သူတို့က အကြည့်ချင်းဖလှယ်ပြီးနောက် တွေဝေတုံ့ဆိုင်းမှု မရှိသလောက်နီးပါးဖြင့် ခေါင်းညိတ်လိုက်ကြ၏။

“ဒါဆိုရင်တော့ ကျုပ်တို့လည်း လိုက်မယ်”

လင်းလေနှင့် လင်းလောကို သူတို့က မသိရှိသော်လည်း နှင်းလေတောင်ကြောရိုးမှ လူတိုင်းသည် ဆူဇီမိုကို ယုံကြည်ကြလေသည်။

ဆူဇီမိုက ပြောလိုက်၏။

“အင်း… အဲဒါဆိုရင် တတ်နိုင်သမျှမြန်မြန် ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး လူဘယ်လောက်များများ လိုက်ကြမလဲ ကြည့်ထားလိုက်… အချိန်တန်ရင် တစ်ယောက်ယောက်က မင်းတို့တွေကို အင်မော်တယ်ယာဉ်ပျံနဲ့ လာခေါ်လိမ့်မယ်…. ပြီးကျရင် အတူတူ အတူတူထွက်ခွာကြတာပေါ့”

နောက်ထပ်ညွှန်ကြားစရာတစ်ခုကို ညွှန်ကြားပြီးနောက် ဆူဇီမိုနှင့် အခြားသူများသည် နှင်းလေတောင်ကြောရိုးမှာ သိပ်မကြာကြာမနေဘဲ တခြားတစ်နေရာသို့ ဦးတည်လိုက်၏။

နှင်းလေတောင်ကြောရိုးမှ လူတိုင်းသည် ဆူဇီမိုနှင့် အခြားသူများ ထွက်ခွာသွားသည်ကို ကြည့်ရင်း အဆက်မပြတ် သက်ပြင်းချနေကြ၏။

သွမ့်ထျန်လျန့်က ညည်းတွားရေရွတ်လိုက်၏။

“အာစရိဆူက နှစ်တစ်သောင်းလောက်နဲ့ ဒီလောက်ထိတောင် အောင်မြင်လာခဲ့ပြီပဲ… သူနဲ့အတူပါလာတဲ့လူတွေရဲ့ ကျင့်ကြံမှုနယ်ပယ်တွေက မနိမ့်ကြဘူး… သူတို့တွေက ကောင်းကင်အင်မော်တယ်နယ်ပယ်မှာ ရှိလောက်တယ်”

“သူတို့တွေက ကောင်းကင်အင်မော်တယ်တွေတင် မဟုတ်လောက်ဘူး”

မည်သို့ပင်ဆိုစေ ယွဲ့ဟောက်သည် ကမ္ဘာမြေအင်မော်တယ်နယ်ပယ်သို့ ဝင်ရောက်ထားပြီး ကောင်းကင်ဘုံကမ္ဘာ၏ ပင်မကုန်းမြေတိုက်သို့ ရောက်ရှိခဲ့ဖူးလေသည်။ သူ၏ အသိအမြင်က အခြားသူများထက် ပိုမိုကျယ်ပြန့်ပြီး သူက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“သူတို့အုပ်စုထဲမှာ ပကတိအင်မော်တယ်တွေ ပါလိမ့်မယ်လို့ ငါထင်တယ်”

“ဥပမာ ထက်ရှတဲ့အကြည့်နဲ့ တစ်မူထူးခြားတဲ့ သွင်ပြင်ဟန်ပန်နဲ့ ဟိုဗလတောင့်တောင့်လူက ပကတိအင်မော်တယ်တစ်ဦး ဖြစ်လောက်တယ်”

ရုတ်တရက် ရှချင်းယင်က ပြောလိုက်၏။

“ယောက်ျား… တာအိုရောင်းရင်းဆူနှင့် တခြားသူတွေက စောစောက ရှင်ပြောခဲ့တဲ့ အနှိုင်းမဲ့ပညာရှင်တွေနဲ့ ပတ်သက်မှုရှိမယ်လို့ ရှင်ထင်လား”

“ရှိလောက်တယ်”

ယွဲ့ဟောက်၏ မျက်လုံးက ဝင်းလက်သွားပြီး ထပ်တလဲလဲ ခေါင်းညိတ်လိုက်၏။

“တာအိုရောင်းရင်းဆူရဲ့ ပုံစံအရဆိုရင် သူက လူတချို့ကို စုစည်းထားနိုင်တဲ့ပုံပဲ… သူက ဘုရင်ကောင်းကင်ဘုံအမျက်ဒေါသ၊ အင်မော်တယ်ဘုရင် ဖန်တီးခြင်း ဒါမှမဟုတ် တိုက်ပွဲဘုရင်တို့လို ပုဂ္ဂိုလ်တွေရဲ့ အမိန့်အောက်မှာ ရှိနေလောက်တယ်”

ရှန်ဖေးက ပြုံးလိုက်၏။

“ဒါဆိုရင် တာအိုရောင်းရင်းဆူနောက်ကို လိုက်မယ်ဆိုရင် ငါတို့တွေက အဲဒီဆရာကြီးတွေနဲ့ တွေ့ဆုံခွင့်ရနိုင်လောက်တယ်”

ဆူဇီမိုနှင့် အခြားသူများသည် နဂါးအသူတရာချောက်နက်ကြယ်မှာ ဆယ်ရက်ကျော် နေခဲ့ကြ၏။

မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေ၊ မိစ္ဆာမဟာနယ်မြေနှင့် သုခဘုံသန့်စင်ကုန်းမြေမှ အောက်ဘုံလောကသက်ရှိတချို့ကို စုစည်းခဲ့ခြင်းအပြင် လူတိုင်းသည် ကောင်းကင်ဘုံကမ္ဘာ၏ ဘေးပတ်ဝန်းကျင်ဒေသများသို့ ဖြန့်ကြက်သွားလာခဲ့ကြ၏။

နဂါးအသူတရာချောက်နက်ကြယ်နှင့် ဆင်တူသော ကြယ်တချို့ပေါ်ရှိ အောက်ဘုံလောက သက်ရှိတစ်စိတ်တစ်ပိုင်းကိုလည်း သူတို့က စုစည်းခဲ့ကြလေသည်။

သို့သော်လည်း သူတို့၏ ဇာတိမြေများကို ပစ်ခွာပြီး ဘာမှန်းမသိရသော နေရာဆီ လိုက်ပါလိုသော လူများက အနည်းအကျဉ်းသာ ရှိနေဆဲဖြစ်၏။

အနာဂတ်၏ မရေရာ မသေချာမှုက ကျင့်ကြံသူများစွာကို တွေဝေတုံ့ဆိုင်းစေလေသည်။

ကြယ်တာရာကောင်းကင်ထဲမှာ ခရီးသွားလာခြင်းက စဉ်းစားကြည့်၍ မရနိုင်သော အန္တရာယ်ပေါင်းများစွာနှင့် ကြုံတွေ့ရနိုင်လေသည်။ လူတိုင်းက အခြေချနေထိုင်ရန် သင့်လျော်သည့်နေရာတစ်ခုကို ရှာတွေ့နိုင်ပါ့မလား မသိရပေ။

ကမ္ဘာသစ်တစ်ခုကို တည်ထောင်ဖို့ဆိုသည်မှာ ဘယ်လောက်ခက်ခဲသလဲ ပြောစရာမလိုအောင်ပင်။

တိုက်ပွဲနိုင်ငံ၊ ထျန်ဟွမ်ဂိုဏ်းနှင့် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ ခေါ်ယူမှုနှင့်ပင်လျှင် နဂါးအသူတရာချောက်နက်ကြယ်ကနေ လူတိုင်းထွက်ခွာသည့်အချိန်မှာ အင်မော်တယ်ယာဉ်ပျံပေါ်တွင် အောက်ဘုံလောကသက်ရှိ သန်းဆယ်ချီမျှသာ ရှိလေသည်။

နဂါးအသူတရာချောက်နက်ကြယ်ကဲ့သို့ သာမန်ကြယ်တစ်စင်းတစ်ခုပေါ်မှာပင် အောက်ဘုံလောကသက်ရှိများ သန်းရာချီရှိနေ၏။

အောက်ဘုံလောကသက်ရှိများစွာ၏ စိုးရိမ်ပူပန်မှုများကို ဆူဇီမိုက နားလည်ပေးနိုင်ပြီး သူတို့ကို ဖိအားမပေးပေ။

အင်မော်တယ်ယာဉ်ပျံက ထွက်ခွာပြီး အာကာသဥမင်ထဲသို့ ဝင်ရောက်ကာ မြောက်အရပ်သို့ ဦးတည်လိုက်၏။

သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်ဘုံကမ္ဘာကနေ ထွက်ခွာသွားပြီးနောက် သူက မဟာအရိုင်းကမ္ဘာသို့ ချက်ချင်းပြန်သွားခဲ့၏။

မည်သို့ပင်ဆိုစေ တျဲယွဲ့က ထိခိုက်ဒဏ်ရာရရှိထားပြီး သူက အေးအေးဆေးဆေး မနေနိုင်ပေ။

ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှာ သူသည် မဟာဧကရာဇ်ကောင်းကင်ဘုံသင်္ချိုင်းနှင့် ကြိုတင်မတိုက်ခိုက်လိုသည်မှာ သူက တျဲယွဲ့၏ ဘေးကင်းလုံခြုံမှုကို စိုးရိမ်ပူပန်နေသောကြောင့်လည်းဖြစ်၏။

ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာအတွက် မဟာဧကရာဇ်ကောင်းကင်ဘုံသင်္ချိုင်း သို့မဟုတ် ကောင်းကင်ဘုံခုံရုံးနှင့် တိုက်ခိုက်ဖို့ကို အလောတကြီး ရှိနေစရာမလိုပေ။

အချိန်ကြာလေလေ သူ့အတွက် ပို၍အကျိုးရှိလေသည်။

သူသည် ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်ခါစသာ ဖြစ်၏။

လုံလောက်သည့်အချိန် ရရှိသည်နှင့်အမျှ သူသည် ရှေ့သို့ နောက်ထပ်ခြေလှမ်းယူပြီး အန္တိမဧကရာဇ် သို့မဟုတ် ပကတိဧကရာဇ်နယ်ပယ်အထိပင် ကျင့်ကြံနိုင်မည်ဖြစ်၏။

ထိုအချိန်မှာ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကို စတင်မည်ဆိုလျှင် သူ့အတွက် အနိုင်ရဖို့ အခွင့်အရေးပိုများပေလိမ့်မည်။

“အခြေအနေဘယ်လိုရှိခဲ့လဲ”

သိုင်းတာအိုပင်မခန္ဓာ ပြန်ရောက်လာသည်ကို တွေ့မြင်သောအခါ တျဲယွဲ့က အနားယူရာကနေ ထလာပြီး ညင်သာစွာ မေးလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာနှင့် တွေ့ဆုံပြောဆိုခဲ့သည်ကို ပြန်ပြောပြလိုက်၏။

မဟာဧကရာဇ် ကောင်းကင်ဘုံသင်္ချိုင်းက တမလွန်ဘုံ၏ အရှင်ဖြစ်သည်ကို တျဲယွဲ့ ကြားသိရသောအခါ သူမကလည်း အံ့အားသင့်သွား၏။

မဟာဧကရာဇ် ကောင်းကင်ဘုံသင်္ချိုင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များစွာက သူမကို အတော်လေး တုန်လှုပ်သွားစေသည်။

ခဏနေပြီးနောက် တျဲယွဲ့က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“နင်က အဲဒီတုန်းက မတိုက်ခိုက်ခဲ့ဘူးဆိုတာ အကြောင်းရင်း တစ်စိတ်တစ်ပိုင်းက မိစ္ဆာအရှင် ဧကရီဆိုးယုတ်နဲ့ ဗြဟ္မာတစ္ဆေမိခင်တို့ကို စိုးရိမ်ပူပန်နေတာကြောင့် ဖြစ်ရမယ်”

“အင်း”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်၏။

“သူတို့သုံးယောက်က အဆူရာတာအို၊ တောကောင်တာအိုနဲ့ ဆာလောင်တစ္ဆေတာအိုတွေရဲ့ အရှင်တွေပဲ… သူတို့တွေက တမလွန်ဘုံနဲ့ အရမ်းကို ရင်းနှီးမှုရှိနေနိုင်တယ်”

တျဲယွဲ့က ပြောလိုက်၏။

“ငါက ဗြဟ္မာတစ္ဆေမိခင်နဲ့ အရင်က ထိတွေ့ဆက်ဆံမှု မရှိခဲ့ဘူး… ငါက မိစ္ဆာအရှင်နဲ့ အရင်က စကားတစ်ခါ ပြောဖူးရုံပဲ… အဲဒါကြောင့် သူ့ရဲ့ရည်ရွယ်ချက်ကိုလည်း ငါသေချာမပြောနိုင်ဘူး… ဒါပေမဲ့ ငါက ဧကရီဆိုးယုတ်နဲ့ အချိန်အတိုင်းအတာတစ်ခုအထိ ထိတွေ့ဆက်ဆံခဲ့ဖူးတယ်”

“သူက ကောင်းကင်ဘုံသင်္ချိုင်းနဲ့ သေချာပေါက် မတူဘူး”

တျဲယွဲ့၏ လေသံက တိကျခိုင်မာနေ၏။

“အမ်…”

သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက ပြောင်းလဲသွားပြီး မေးခွန်းထုတ်လိုသော အမူအရာ ထွက်ပေါ်လာ၏။

တျဲယွဲ့သည် ယခင်က ထိုအကြောင်းကို ပြောဆိုခဲ့သော်လည်း အကျယ်တဝင့် ရှင်းမပြခဲ့ပေ။

တျဲယွဲ့သည် သည်ဘက်မျိုးဆက်မှာ ဧကရီဆိုးယုတ် မြင့်မြင့်မားမား သတ်မှတ်ခံထားရသော လူတစ်ယောက်ဖြစ်သည်ဟု ဆိုနိုင်လေသည်။ ထို့ကြောင့်ပင် ဧကရီဆိုးယုတ်က သူမကို လာရှာခဲ့လေသည်။

တျဲယွဲ့က ငြင်းဆန်ခဲ့သည်ဆိုလျှင်တောင် ဧကရီဆိုးယုတ်က သူမကို အခက်တွေ့အောင် မလုပ်ခဲ့ပေ။

တျဲယွဲ့က ပြောလိုက်၏။

“ဧကရီဆိုးယုတ်က မကောင်းမှုကို ရွံရှာစက်ဆုပ်တယ်… သူက ကောင်းကင်ဘုံစက်ဝန်းကို ယုံကြည်လက်ခံထားတယ်… ကောင်းမှုနဲ့ မကောင်းမှုလုပ်ဆောင်ချက်တွေကို တူညီတဲ့ပုံစံနဲ့ ပြန်ခံစားစေ ပြန်ပေးဆပ်စေတယ်…. အဲဒါကြောင့်လည်း သူက အဲဒီဆိုးသွမ်းတဲ့လူတွေကို တောကောင်တာအိုထဲ ဆွဲခေါ်ပြီး ခေတ်အဆက်ဆက် ညှဉ်းပန်းနှိပ်စက်မှုကို ခံစားစေခဲ့တာပဲ”

“တကယ်တော့ သူ့ရဲ့အပြုအမူတွေက လုံးဝ မကောင်းဆိုးဝါးဆန်တယ်လို့ မဆိုနိုင်ဘူး…. ငါ့အထင်တော့ သူ့ရဲ့ အဲဒီယုံကြည်မှုက နည်းနည်းတောင်မှ ရိုးရှင်းနေတယ်”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

လောကမှာ တရားမမျှတမှု များစွာရှိလေသည်။

ကောင်းမှုနှင့် မကောင်းမှု လုပ်ဆောင်ချက်များကို တူညီတဲ့ပုံစံအတိုင်း ပြန်ခံစားစေသည့် စိတ်ကူးသည် ဒီနေ့ဒီအချိန်အထိ လူသားများ ယုံကြည်လက်ခံလိုသော သဘောတရားတစ်ခု ဖြစ်လေသည်။

ကောင်းကင်ဘုံခုံရုံး၏ အချုပ်အနှောင်များကို ချိုးဖျက်ရန်အတွက် ရှေးဟောင်းမဟာဧကရာဇ်များသည် ကောင်းကင်ဘုံခုံရုံးနှင့် ဆန့်ကျင်တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့ကြ၏။ သူတို့က သေခဲ့ရုံသာမက သူတို့သည် ခေတ်အဆက်ဆက် စွပ်စွဲပုတ်ခတ်များကိုပါ ရရှိခဲ့လေသည်။

သူတို့၏ ကောင်းမွန်သော လုပ်ဆောင်ချက်များအတွက် သူတို့က ဘယ်လိုကောင်းမွန်တဲ့ ကမ္မမျိုးကို လက်ခံရရှိခဲ့လို့လဲ။

ကောင်းကင်ဘုံခုံရုံး၏ မဟာဧကရာဇ်ကိုးဦးသည် အမြင့်မှာနေပြီး စွမ်းပကား ကြီးမားကြလေသည်။ သူတို့သည် လူသားကမ္ဘာကို အထက်စီးကနေ ကြည့်ပြီး သက်ရှိများအားလုံးကို ကျွန်ပြုကာ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ၏ တက်လှမ်းရာ လမ်းကြောင်းကို ချိပ်ပိတ်ထားလေသည်။ သူတို့သည် လောကမှာ ကပ်ဘေးပေါင်းများစွာကို ဖြစ်ပေါ်စေခဲ့ပြီး အမှန်တရားများအားလုံးကို ဖျောက်ဖျက်ထားခဲ့၏။ သူတို့သည် မျိုးနွယ်စုတစ်သောင်းကို စောင့်ကြည့်ဖို့အတွက် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို တည်ထောင်ထားလေသည်။ ထိုကြီးလေးသော ပြစ်မှုများနှင့်ပင်လျှင် သူတို့၏ မကောင်းမှုလုပ်ဆောင်ချက်များအတွက် သူတို့က ဘယ်လိုကမ္မမျိုးကို လက်ခံရရှိခဲ့သလဲ။

နောက်ဆုံးမှာတော့ မဟာဧကရာဇ်မီးတောက်ကောင်းကင်ဘုံတစ်ယောက်သာ အဝီစိတွင် မဟာဧကရာဇ်အနန္တ၏ ဖိနှိမ်ခြင်း ခံခဲ့ရ၏။

တျဲယွဲ့က ပြောလိုက်၏။

“ငါ သူ့ကို တစ်ခါမေးခဲ့ဖူးတယ်… တစ်လောကလုံးက ရှင့်ကို ဧကရီဆိုးယုတ်လို့ စွပ်စွဲပုတ်ခတ်ပြီး ဆိုးယုတ်စိတ်ဝိညာဉ်လို့တောင်မှ ခေါ်ကြတယ်… ရှင် ဘာလို့ သူတို့ကို ရှင်းမပြတာလဲလို့”

“သူ ဘာပြောခဲ့လဲ”

သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။

“ငါ ဂရုမစိုက်ဘူး”

တျဲယွဲ့သည် ဧကရီဆိုးယုတ်၏ လေသံကို တုပပြီး မှင်သေသေဖြင့် ပြောလိုက်၏။

အခန်း ၃၁၄၂ - ကျတ်တီးမြေ

ထိုစကားလုံးများသည် သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲမှာ ဧကရီဆိုးယုတ်၏ ပုံရိပ်ကို ပို၍ ရှင်းလင်းသွားစေ၏။

ဧကရီဆိုးယုတ်က ဧကရီဆိုးယုတ်သာဖြစ်သည်။

သူမမှာ သူမ၏ မာန်မာန ရှိလေသည်။

သူမသည် ရှင်းပြဖို့ကိုပင် အရေးလုပ်မနေပေ။

‘လောကမှာ ရှိတဲ့လူတိုင်းက ငါ့ကိုစွပ်စွဲမယ်ဆိုရင်တောင် ငါဂရုမစိုက်ဘူး။’

‘ငါက ငါ့ရဲ့ယုံကြည်မှုကိုပဲ ငါဂရုစိုက်တယ်။’

‘ကောင်းကင်ဘုံတာအိုရဲ့စက်ဝန်းကို ငါယုံကြည်တယ်… မကောင်းမှုဒုစရိုက်သမားတွေက သူတို့ရဲ့ ထိုက်သင့်တဲ့ပြစ်ဒဏ်ကိုလက်ခံရရှိရမယ်။’

‘မကောင်းမှုဒုစရိုက်သမားတွေက ကမ္မကနေ ထွက်ပြေးလွတ်မြောက်နိုင်မယ်ဆိုရင် ငါသူတို့ကို တောကောင်တာအိုထဲ ဆွဲခေါ်ပြီး တခြားတောကောင်တွေရဲ့ ကိုက်ဖြတ်တိုက်ခိုက်တာကို ခံခိုင်းမယ်။’

ဧကရီဆိုးယုတ်သည် ဖုန့်တူနှင့် တကယ်ပင် ကွာခြားလေသည်။

သို့သော်လည်း ဖုန့်တူနှင့်ပတ်သက်ပြီး သိုင်းတာအိုပင်မခန္ဓာမခန့်မှန်းနိုင်သည့် ပို၍ပင် ကြီးမားသော လျှို့ဝှက်ချက်တစ်ခုနှင့် လျှို့ဝှက်ဆန်းကြယ်မှုက တကယ်ပင်ရှိနေ၏။

“ဖုန့်တူပေါ် နင့်ရဲ့ ပထမဆုံးထင်မြင်ချက်က ဘယ်လိုလဲ”

ရုတ်တရက်တျဲယွဲ့က မေးလိုက်သည်။

“မတူကွဲပြားနေတယ်ဆိုတဲ့ ခံစားချက်တစ်ခုပဲ”

သိုင်းတာအိုပင်မခန္ဓာက တည်တံ့စွာပြောလိုက်၏။

“ငါ မိစ္ဆာအရှင်.. ဧကရီဆိုးယုတ်နဲ့ ဗြဟ္မာတစ္ဆေမိခင်တို့ကို အရင်က မြင်ဖူးတယ်… ဒါပေမဲ့ ဖုန့်တူကို မြင်တဲ့အချိန်မှာ သူက မိစ္ဆာအရှင်တို့နဲ့ အရမ်းကို ကွဲပြားနေတယ်လို့ ခံစားနေရတယ်”

“အဲဒါ သူက အမြုတေစိတ်ဝိညာဉ်ပုံစံမှာပဲရှိတဲ့ မဟာဧကရာဇ်တစ်ပါးဖြစ်နေလို့လား”

တျဲယွဲ့က မေးလိုက်၏။

“အဲဒါက သူနဲ့ မိစ္ဆာအရှင်တို့ကြားက ကွာခြားချက်တွေထဲက တစ်ခုပဲ”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းခါပြလိုက်၏။

“ဒါပေမဲ့ အဲဒီကွာခြားချက်တစ်ခုတည်းက ငါ့ကို အဲလိုခံစားရစေဖို့ မလုံလောက်ဘူး”

တကယ်ဆို သူသည် ဂမ္ဘီရမိုးကောင်းကင်နန်းတော်ကနေ ထွက်ခွာလာသည့်ခဏမှာပင် ဖုန့်တူက ဆင်တူသော သတင်းအချက်အလက်ကို ထုတ်ဖော်ပြောဆိုခဲ့လေသည်။ သူက ငရဲအရှင်များနှင့် အခြားသူများနှင့်မတူကြောင်း ဖုန့်တူက ပြောခဲ့၏။ မဟာဧကရာဇ်အနန္တပြန်လည်မွေးဖွားလာမည်ဆိုလျှင်တောင် ထိုသူက သူ့ကို ဖိနှိမ်ပြီး သတ်ဖြတ်နိုင်လိမ့်မည်မဟုတ်ဟု ပြောခဲ့သည်။

အဲဒါက ဘာလို့လဲ…။

သူ၏ အမြုတေစိတ်ဝိညာဉ်က မဟာဧကရာဇ်အဆင့်မှာ ရှိနေသောကြောင့်သာဆိုလျှင် သူသည် ငရဲအရှင်နှင့် အခြားသူများထက် ပိုမိုသန်မာနိုင်စရာအကြောင်းမရှိပေ။

ဖုန့်တူ၏ ယုံကြည်မှုက ဘယ်နေရာကနေ ရောက်လာတာလဲ။

ဖုန့်တူအပေါ် မိစ္ဆာအရှင်၏ စိတ်သဘောထားကလည်း အနည်းငယ်ထူးဆန်းနေ၏။

သူက ထိုသူအကြောင်းကို ပြောဆိုဖို့ တမင်သက်သက်ရှောင်လွဲခဲ့သည့်အလားပင်။

ဒါတွေက ဘာ့ကြောင့်ဖြစ်လာရတာလဲ။

. . . . .

အာကာသဥမင်ထဲမှာ… ကြီးမားသောအင်မော်တယ်ယာဉ်ပျံတစ်စင်းက အတန်အသင့်အမြန်နှုန်းဖြင့် မောင်းနှင်နေလေသည်။

ကျင့်ကြံသူများစွာက အင်မော်တယ်ယာဉ်ပျံ၏ ဦးစွန်းမှာ မတ်တတ်ရပ်နေပြီး အာကာသကမင်ကနေတစ်ဆင့် ဘေးပတ်ဝန်းကျင်ကို အကဲခတ်နေကြ၏။

နဂါးအသူတရာချောက်နက်ကြယ်ကနေ ထွက်ခွာလာပြီးနောက် ဆူဇီမိုနှင့် အခြားသူများသည် အင်မော်တယ်ယာဉ်ပျံကို မောင်းနှင်ပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ ကျယ်ပြောသော ကြယ်တာရာကောင်းကင်ထဲမှာ မျောလွင့်နေကြသည်။

တစ်နှစ်တာ ကုန်ဆုံးသွားခဲ့လေသည်။

သူတို့သည် သင့်တော်သော နေရာဒေသတစ်ခုကို ယခုအချိန်ထိ ရှာမတွေ့သေးပေ။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများအတွက် သင့်လျော်သောနေရာဒေသများအားလုံးနီးပါးကို ကမ္ဘာကြီးများက သိမ်းပိုက်ထားခဲ့ပြီဖြစ်သည်။

လူတိုင်းသည် အင်မော်တယ်ယာဉ်ပျံကို မြောက်အရပ်သို့ မောင်းနှင်ပြီး ဝေးသည်ထက်ဝေးဝေး လွင့်လာခဲ့ကြ၏။ ဤနေရာကို သူတို့ရောက်ရှိလာသည့်အချိန်မှာ သူတို့၏ ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်ခြောက်ကပ်နေပြီဖြစ်သည်။

ကြယ်အရေအတွက်များစွာက လွင့်မျောနေဆဲဖြစ်သော်လည်း ဤနေရာမှာရှိသော ကောင်းကင်နှင့်မြေကြီးအမြုတေချီက ခန်းခြောက်သလောက်နီးပါးဖြစ်ပြီး နဂါးအသူတရာချောက်နက်ကြယ်ထက်ပင် များစွာနိမ့်ကျနေသောကြောင့် ဤကြယ်များပေါ်မှာ မည်သည့်သက်ရှိမှ မရှိသလောက်နီးပါးပင်။ သို့သော်လည်း ဤကြယ်များကို ကြည့်ရှုခြင်းဖြင့် ရှေးဟောင်းခေတ်များမှာ ဤနေရာတွင် သက်ရှိများနေထိုင်ခဲ့ဖူးကြောင်း သူတို့က ခပ်ရေးရေးခန့်မှန်းမိနိုင်၏။

ဆူဇီမိုက ထိုသည်ကိုတွေ့မြင်သောအခါ အလေးအနက်စဉ်းစားတွေးတောသွား၏၊

လွန်ခဲ့သည့် ခေတ်အတော်များများက ကောင်းကင်ဘုံကိုးလွှာ၏ ချိပ်ပိတ်ထားမှုမရှိဘဲ အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ ကောင်းကင်နှင့်မြေကြီးအမြတေချီက ပေါကြွယ်ဝခဲ့လေသည်။ ဤနေရာကိုလည်း ကောင်းကင်နှင့်မြေကြီးအမြုတေချီက သေချာပေါက် ဖုံးလွှမ်းထားခဲ့ပေလိမ့်မည်။

သို့သော်လည်း ကောင်းကင်ဘုံခုံရုံး၏ ပေါ်ထွက်လာမှုသည် ကောင်းကင်နှင့်မြေကြီးအမြုတေချီပမာဏများစွာကို ဖြတ်တောက်လိုက်ပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို အမြုတေချီပြတ်လပ်လာစေ၏။

ကမ္ဘာကြီးများသည် ကောင်းကင်နှင့်မြေကြီးအမြုတေချီကို အတင်းအဓမ္မဆွဲယူဖို့အတွက် အမျိုးမျိုးသော ကောင်းကင်နှင့်မြေကြီးစိတ်ဝိညာဉ်ရင်းမြစ်များကို အသုံးချခဲ့ကြကာ ဤကဲ့သို့သော နေရာဒေသများကို တဖြည်းဖြည်းတိတ်ဆိတ်ခြောက်ကပ်လာစေခဲ့၏။

“ငါတို့တွေက ငါတို့ရဲ့ဇာတိမြေကနေ ထွက်ခွာပြီး ဒီလိုမျိုး စိတ်ပျက်စရာကောင်းတဲ့နေရာတစ်ခုစီ ဒီလူတွေနဲ့ လိုက်ပါလာခဲ့ရတယ်… ဘယ်လောက်ကံဆိုးလိုက်သလဲ”

“အမှန်ပဲ… ကြည့်ရတာတော့ ဒီနေရာက ငါတို့ရဲ့ ညကောင်းကင်ကြယ်ထက်တောင်မှ နိမ့်ကျနေသေးတယ်… ဒီတိုင်းသာဆက်သွားရင် အဲဒါက ဘယ်အချိန်မှာ အဆုံးသတ်မှာလဲ”

သင်္ဘောခန်းတချို့ထဲမှာ ကျင့်ကြံသူတချို့က စောဒကတက်‌ ပြောဆိုနေကြ၏။ ဆူဇီမိုက တစ်ချက်အာရုံစိုက်လိုက်ရုံဖြင့် သူတို့ပြောနေသည်ကို ရှင်းရှင်းလင်းလင်းကြားရနိုင်၏။

ဤကျင့်ကြံသူများ၏ မကျေနပ်မှုကို သူက နားလည်ပေးနိုင်သည်။

သို့သော်လည်း အစကတည်းက သူ၏ အစီအစဉ်သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကနေ တတ်နိုင်သမျှဝေးဝေးထွက်ခွာလာဖို့ဖြစ်သည်။

“တောင်ကြောရိုးအရှင်… ခင်ဗျားက နှင်းလောတောင်ကြောရိုးက ကျုပ်တို့လူတွေအများကြီးကို ခေါ်လာခဲ့တယ်… နောက်ဆုံးတော့ ကျုပ်တို့တွေက ဘာမှန်းမသိရတဲ့အနာဂတ်နဲ့ ဒီလောက်အကြာကြီးအပြင်ဘက်မှာ လွင့်မျောနေရတယ်.. ခင်ဗျားရဲ့ဆုံးဖြတ်ချက်က နည်းနည်းတော့ မဆင်မခြင်လုပ်ခဲ့ရာမကျခဲ့ဘူးလား”

အခြားသော သင်္ဘောခန်းထဲကနေ အသံတစ်သံထွက်ပေါ်လာ၏။

“အားလုံးပဲ စိတ်လျှော့ထားကြ… တာအိုရောင်းရင်းဆူကို ငါယုံတယ်”

ရှချင်းယင်၏ အသံက ထွက်ပေါ်လာ၏။

“တစ်နှစ်တာ ကုန်သွားပြီ… ငါတို့တွေက နေဖို့အတွက် သင့်လျော်တဲ့နေရာကို အခုချိန်ထိ ရှာမတွေ့သေးဘူး”

နောက်ထပ်လူတစ်ဦးက စောဒကတက်ပြောဆိုလိုက်၏။

“နောက်ပြီး ငါတို့က သင့်လျော်တဲ့နေရာကို ဒီနေရာမှာရှာတွေ့မယ်ဆိုရင်တောင် ဘေးပတ်ဝန်းကျင် ကောင်းကင်နှင့်မြေကြီးအမြုတေချီက ခန်းခြောက်သလောက်နီးပါးဖြစ်နေပြီ… အဲဒါက ငါတို့ရဲ့ နဂါးအသူတရာချောက်နက်ကြယ်ထက် နိမ့်ကျနေတယ်… ငါတို့ ဒီကိုလိုက်လာတာ ဘာအဓိပ္ပါယ်ရှိလို့လဲ”

“အားလုံးပဲ…”

ယွဲ့ဟောက်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ဒီတစ်ခေါက် အင်မော်တယ်ယာဉ်ပျံပေါ်မှာပညာရှင်တွေ အများကြီးပါလာတယ်… တာအိုရောင်းရင်းဆူဇီမိုနဲ့ တခြားသူတွေအားလုံးက ကောင်းကင်အင်မော်တယ်တွေနဲ့ ပကတိစိတ်ဝိညာဉ်တွေပဲ… သူတို့တွေလည်း ကျင့်ကြံဖို့လိုအပ်တာပဲ… သူတို့က အခြေချနေထိုင်ဖို့အတွက် ကောင်းကင်နှင့်မြေကြီးအမြုတေချီမရှိတဲ့နေရာတစ်ခုကို ရှာဖွေစရာအကြောင်းမရှိဘူး”

ဝုန်း…

ထိုစဉ်မှာပင် အင်မော်တယ်ယာဉ်ပျံက ရုတ်တရက်တုန်ခါသွားပြီး အာကာသဥမင်ထဲကနေ ချိုးဖျက်ထွက်လိုက်၏။ ၎င်းသည် ကျယ်ပြောသော ကြယ်တာရာကောင်းကင်ထဲသို့ ရောက်ရှိလာပြီး တဖြည်းဖြည်းရပ်တန့်သွား၏။

အင်မော်တယ်ယာဉ်ပျံ၏ ရှေ့တည့်တည့်မှာ ဧရာမကုန်းမြေတစ်ခု လွင့်မျောနေ၏။

ကောင်းကင်ဘုံကမ္ဘာနှင့်ယှဉ်လျှင် ဤကုန်းမြေက အတော်လေးနိမ့်ကျပြီး ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေနှင့်သာ ယှဉ်နိုင်လေသည်။

၎င်းသည် သက်ရှိပေါင်း သန်းဆယ်ချီကို မပြောနှင့် ဘီလီယံနှင့်ချီသော သက်ရှိများကိုပင် ဝင်ဆံ့စေနိုင်လေသည်။

သို့သော်လည်း တစ်ချက်ကြည့်ရုံနှင့် ကုန်းမြေတိုက်က ဖုန်မှုန့်များ၊ ကျောက်ခဲများနှင့် ပြည့်နှက်နေ၏။ ဤနေရာမှာ သက်ရှိများကိုမပြောနှင့် သစ်ပင်တစ်ပင်တောင်မရှိပေ။

ကျင့်ကြံသူများစွာသည် သင်္ဘောခန်းထဲကနေ တစ်ယောက်ပြီးတစ်ယောက် လျှောက်လှမ်းထွက်လာကြ၏။

သန်းဆယ်ချီကျင့်ကြံသူများနှင့် သက်ရှိများက အင်မော်တယ်ယာဉ်ပျံပေါ်မှာ စုပြုံရပ်နေပြီး လှမ်းမျှော်ကြည့်ရှုလိုက်ကြ၏။ သူတို့သည် ရှေ့တည့်တည့်မှာရှိသော ကုန်းမြေတိုက်ကို တွေ့မြင်သောအခါ သူတို့က သူတို့၏ စိတ်ပျက်မှုကို ဖုံးကွယ်မထားနိုင်ပေ။

“အခုကစပြီး ငါတို့ ဒီနေရာမှာ နေရတော့မှာလား”

“ဒါက တကယ့်ကို စိတ်ပျက်စရာကောင်းတဲ့ ကျတ်တီးမြေတစ်ခုပဲ”

“ငါတို့တွေ အိမ်ကိုပြန်ရင် မကောင်းဘူးလား”

“ဒီလိုမျိုး အင်မော်တယ်ယာဉ်ပျံတစ်စင်းနဲ့လိုက်ပါမပို့ဆောင်ဘဲ ငါတို့ရဲ့ ကျင့်ကြံမှုနဲ့ ဘယ်လိုလုပ် ပြန်နိုင်မှာလဲ”

ယွဲ့ဟောက်၊ ရှချင်းယင်နှင့် အခြားသူများသည် ယခုတင် နှင်းလေတောင်ကြောရိုးမှလူတိုင်းကို နှစ်သိမ့်ပေးထားခဲ့၏။ သိုသော်လည်း လက်ရှိမြင်ကွင်းမှာ သူတို့သည်ပင် နှုတ်ဆိတ်သွားပြီး မည်သို့မည်ပုံရှင်းပြရမည် မသိတော့ပေ။

လူအုပ်ကြားထဲမှာ အုန်းအုန်းကျက်ကျက်အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ပို၍ပင် ဆူညံပွက်လောရိုက်လာခဲ့၏။ လင်းကျန့်၊ အင်မော်တယ်ဘုရင်မလင်းလုံ၊ ဖုန့်စန်းထျန်နှင့် အခြားသူများက စိုးရိမ်ပူပန်မနေပေ။

မည်သို့ပင်ဆိုစေ ဆူဇီမိုသည် နတ်ဆေးမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကနေ ရတနာခုနှစ်ပါးအံ့ဖွယ်သစ်ပင်ကို လုယူလာခဲ့၏။ ဤကောင်းကင်နှင့်မြေကြီးစိတ်ဝိညာဉ်အရင်းအမြစ်နှင့်အတူ ဤနေရာမှာရှိသော ကျင့်ကြံရေးပတ်ဝန်းကျင်က ကောင်းကင်ဘုံကမ္ဘာကို မယှဉ်နိုင်ဘူးဆိုလျှင်တောင် တိုးတက်လာနိုင်သည်။

လူတိုင်းစိုးရိမ်ပူပန်နေသည်မှာ ရတနာခုနှစ်ပါးအံ့ဖွယ်သစ်ပင်က ဤကဲ့သို့သော ညံ့ဖျင်းသည့်ပတ်ဝန်းကျင်မှာ ရှင်သန်နိုင်ပါ့မလားဆိုသည်ကိုပင်။

ဆူဇီမိုနှင့် အခြားသူများက အင်မော်တယ်ယာဉ်ပျံပေါ်ကနေ ဆင်းသက်ပြီး လေထဲမှာပျံသန်းကာ ကုန်းမြေတိုက်၏ အထက်သို့ ရောက်ရှိလာကြ၏။

ဆူဇီမိုသည် သူ၏ သိုလှောင်အိတ်ထဲကနေ ရတနာခုနှစ်ပါးအံ့ဖွယ်သစ်ပင်ကို ထုတ်ယူပြီး ကုန်းမြေတိုက်၏ အရှေ့ဘက်အရပ်သို့ သာမန်ကာလျှံကာ ပစ်ထုတ်လိုက်၏။

လင်းကျန့်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

ဤကုန်းမြေတိုက်၏ ကြမ်းတမ်းသောပတ်ဝန်းကျင်အရ ရတနာခုနှစ်ပါး အံ့ဖွယ်သစ်ပင်က ရှင်သန်မည်ဆိုလျှင်တောင် ဘေးပတ်ဝန်းကျင်ကောင်းကင်နှင့်မြေကြီးအမြုတေချီက ကုန်းမြေတိုက်တစ်ခုလုံးကို ဖုံးလွှမ်းပေးနိုင်မည် မဟုတ်ပေ။

အဲဒါကို အရှေ့ဘက်မှာ စိုက်ပျိုးမည်ဆိုလျှင် ၎င်းသည် အနောက်၊ တောင်၊ မြောက်နှင့် အလယ်မှာရှိသော ပိုင်နက်နယ်မြေများကို အားဖြည့်ထောက်ပံ့ပေးနိုင်လိမ့်မည် မဟုတ်ပေ။

လင်းကျန့်က မေးမြန်းတော့မည့်ဆဲဆဲမှာပင် အင်မော်တယ်ဘုရင်မလင်းလုံက သူ့လက်ကိုညင်သာစွာဆိတ်ပြီး ခေါင်းခါပြလိုက်၏။ သူ့ကို စိုးရိမ်ပူပန်မနေဖို့ သူမက အမူအရာဖြင့် ပြလိုက်သေလည်။ သူတို့အားလုံးလုပ်စရာရှိသည်မှာ ဆက်လက်၍ စောင့်ကြည့်နေဖို့ပင်။

အင်မော်တယ်ဘုရင်မလင်းလုံသည် ဆူဇီမိုက ရတနာခုနှစ်ပါးအံ့ဖွယ်သစ်ပင်ကို အရှေ့ဘက်အရပ်သို့ သာမန်ကာလျှံကာပစ်ထုတ်လိုက်လိမ့်မဟုတ်ဟု ယုံကြည်လေသည်။ သူ၏ လုပ်ရပ်မှာ အဓိပ္ပါယ်တစ်ခု ရှိနေရပေမည်။

တကယ်ပင်။

သိပ်မကြာခင် ဆူဇီမိုက သူ၏ သိုလှောင်အိတ်ထဲကနေ ညှိုးခြောက်နေသော မိုးမခသစ်ကိုင်းတစ်ကိုင်းကို သာမန်ကာလျှံကာဆွဲထုတ်ပြီး တောင်ဘက်အရပ်သို့ ပစ်ထုတ်လိုက်၏။

“အဲဒါက အင်မော်တယ်မိုမခလား”

လင်းကျန့်နှင့် အင်မော်တယ်ဘုရင်မလင်းလုံ၏ မျက်လုံးများက လင်းလက်သွား၏။

အင်မော်တယ်မိုးမခသည် ကောင်းကင်နှင့်မြေကြီးစိတ်ဝိညာဉ်ရင်းမြစ်တစ်ခု ဖြစ်လေသည်။ သို့သော်လည်း ထိုသစ်ကိုင်းက သိသိသာသာ ညှိုးခြောက်နေ၏။

ရတနာခုနှစ်ပါးအံ့ဖွယ်သစ်ပင်ကို မကြာသေးခင်ကမှ နှုတ်ယူလာပြီး ၎င်း၏ ပင်စည်မှာ အသက်ဓာတ်အားပမာဏများစွာ ကျန်ရှိနေဆဲဖြစ်သည်။

သို့သော်လည်း အင်မော်တယ်မိုးမခသစ်ကိုင်းမှာတော့ အသက်ဓာတ်လုံးဝမရှိပေ။

ဆူဇီမိုသည် သူ၏ သိုလှောင်အိတ်ထဲကနေ အသောကသစ်သားကို ထုတ်ယူပြီး အနောက်ဘက်အရပ်သို့ ပစ်ထုတ်လိုက်၏။

နောက်ဆုံးမှာတော့ သူသည် အင်မော်တယ်မက်မွန်ပင်ပျိုကို မြောက်ဘက်အရပ်သို့ ပစ်ထုတ်လိုက်လေသည်။

All Chapters