← Chapters

အခန်း (၃၁၄၃+၃၁၄၄)

Vol. 210 Ch. 3143+3144

အခန်း (၃၁၄၃+၃၁၄၄)

Vol. 210 Ch. 3143+3144

အခန်း ၃၁၄၃ - သုခဘုံ

ရတနာခုနှစ်ပါးအံ့ဖွယ်သစ်ပင်၊ အင်မော်တယ်မိုးမခ၊ အသောကသစ်သားနှင့် အင်မော်တယ်မက်မွန်ပင်တို့အားလုံးက အလွန်တရာရှားပါးသော ကောင်းကင်နှင့်မြေကြီးအမြုတေစိတ်ဝိညာဉ်များဖြစ်လေသည်။

ထို့ကြောင့်ပင် သူတို့ကို ရှင်သန်အောင်ပြုလုပ်ဖို့က အင်မတန်ခဲယဉ်းလေသည်။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာတုန်းက ဆူဇီမိုသည် အင်မော်တယ်မိုးမခနှင့် အသောကသစ်သားကို ပြန်လည်ရှင်သန်ဖို့ ကြိုးစားခဲ့လေသည်။ သူသည် နှစ်ပေါင်းများစွကြိုးစားခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုမှရှိမလာခဲ့ပေ။

ယခု သူသည် ဆိုးရွားသောပတ်ဝန်းကျင်နှင့် ဤကျတ်တီးမြေသို့ ရောက်ရှိနေပြီး ကောင်းကင်နှင့်မြေကြီးစိတ်ဝိညာဉ်အရင်းအမြစ်များကဲ့သို့ အဖိုးအနဂ္ဃထိုက်တန်သောပစ္စည်းများကို မပြောနှင့် သာမန်သစ်ပင်များပင်လျှင် ဤနေရာမှာမပေါက်ရောက်နိုင်ပေ။ ဤနေရာက တကယ့်ကို ကျတ်တီးမြေတစ်ခုဖြစ်နေ၏။

ဤစိတ်ဝိညာဉ်အရင်းအမြစ်လေးခု၏ အသက်ဓာတ်အားကို ပြန်လည်ရယူပေးဖို့က ကောင်းကင်ဘုံကို တက်လှမ်းရသည်ထက်ပင် ပိုမိုခဲယဉ်းလေသည်။ သို့သော်လည်း အဲဒါက မဖြစ်နိုင်သည်မဟုတ်ပေ။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာတုန်းက ဆူဇီမို၏ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် အဆင့်-၁၂၏ အထွတ်အထိပ်ထိ မရောက်ရှိသေးပေ။

ဒါ့အပြင် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ ကျင့်ကြံခဲ့စဉ်က အမြဲတမ်းသူ့ကိုယ်သူ ချုပ်တည်းထားခဲ့ရလေသည်။ ရုတ်ရုတ်သည်းသည်းအခြေအနေများ ဖြစ်ပေါ်လာမှာကို စိုးရိမ်ပြီး သူသည် ကောင်းကင်နှင့်မြေကြီးအမြုတေချီကို သူ၏ အစွမ်းကုန်ဖြင့် မစုပ်ယူရဲခဲ့ပေ။

ယခုအချိန်မှာ ဖန်တီးခြင်းကြာပဒုမ္မာကို ပိုင်ဆိုင်ထားသည်ဟူသောအချက်ကို ဖုံးကွယ်ထားစရာမလိုတော့ပေ။

တစ်ခုသောရှုထောင့်ကနေ ကြည့်မည်ဆိုလျှင် အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာသည် လောကရှိ အရှားပါးဆုံး စိတ်ဝိညာဉ်ရင်းမြစ်ဖြစ်ပြီး ကောင်းကင်ဘုံကမ္ဘာရှိ တည်ဆောက်သူသစ်ပင်ထက်ပင် ပိုမိုသန်မာလေသည်။

ထို့ကြောင့် ဆူဇီမိုသည် မည်သည့်ကျတ်တီးမြေသို့ သွားရောက်ရသည်ဖြစ်စေ စိုးရိမ်ပူပန်မနေပေ။

အဲဒါက သဲကန္တာရတစ်ခုဆိုလျှင်တောင် သူသည် ၎င်းကို အိုအေစစ်တစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်သည်။

ဆူဇီမိုသည် သူ၏ မျိုးဆက်သွေးကို ဖြည်းဖြည်းချင်းလှည့်ပတ်လိုက်ပြီး ဆူနာမီသံက သူ၏ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာ၏။

နောက်ခဏ၌ လူတိုင်း၏ ရှေ့မှောက်မှာ ဆူဇီမို၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီဖြစ်၏။ သူ့နေရာမှာ မြေပြင်ပေါ်မှာ အမြစ်တွယ်နေသည့် အစိမ်းရောင်ကြာပင်တစ်ပင်ပေါ်ထွက်လာပြီး ကောင်းကင်ထက်သို့ ငွားငွားစွင့်စွင့် မြင့်တက်သွား၏။

ဖန်တီးခြင်းကြာပဒုမ္မာက ယိမ်းနွဲ့ကာ တောက်ပနေ၏။

ကြာပန်းက ဖူးပွင့်လာပြီး ရောင်စုံအလင်းတစ်ခုကို ဖြာထုတ်ပေးလာခဲ့သည်။

ထိုအခိုက်အတန့်မှာ ဖန်တီးခြင်းကြာပဒုမ္မာသည် လောကနှင့် ချိတ်ဆက်မိသွားပုံရပြီး ဤနေရာကို အုပ်စိုးနေသည့် တစ်ဦးတည်းသော နတ်ဘုရားကဲ့သို့ ဖြစ်လာ၏။

“ဟာ… အဲဒါဘာပါလိမ့်”

ကျင့်ကြံသူများက ကြက်သေသေနေပြီး ဤမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေကြ၏။

ဝေါ…

ရုတ်တရက် ကျင့်ကြံသူသန်းဆယ်ချီ၏ နားများထဲမှာ ပြင်းထန်သော လေသံက ထွက်ပေါ်လာ၏။

လူတိုင်းမတုံ့ပြန်နိုင်ခင် ပင်လယ်တစ်စင်းကဲ့သို့ ကျယ်ပြောသော ကောင်းကင်နှင့်မြေကြီးအမြုတေချီက ဘက်ပေါင်းစုံကနေ တလိပ်လိပ်တိုးဝင်ပြီး ဤကုန်းမြေမှာ စုစည်းလာခဲ့၏။

ကောင်းကင်နှင့်မြေကြီးအမြုတေချီက အဆက်မပြတ်စုစည်းပြီး အစိမ်းရောင်ကြာပန်းကို လွှမ်းခြုံကာ ကျတ်တီးမြေတစ်ခွင် ဖြန့်ကြက်သွားလေသည်။

ဤကုန်းမြေမှာရှိသော ကောင်းကင်နှင့်မြေကြီးအမြုတေချီက ပို၍သိပ်သည်းလာခဲ့၏။

ကျင့်ကြံသူများက ကြက်သေသေနေကြသည်။

သူတို့ထဲမှာအများစုသည် အမြုတေချီပါးလွှာသော ကောင်းကင်ဘုံကမ္ဘာ၏ ဘေးပတ်လည် စွန့်ပစ်ကြယ်များကနေ လာခဲ့ကြပြီး သူတို့သည် ဤမျှအထိ ပေါကြွယ်ဝသော ကောင်းကင်နှင့်မြေကြီးအမြုတေချီကို ဘယ်တုန်းကမှ အာရုံမခံမိခဲ့ဖူးပေ။

လူတိုင်းကို ကြွယ်ဝသော ကောင်းကင်နှင့်မြေကြီးအမြုတေချီက လွှမ်းခြုံသွားပြီး သူတို့က မှင်တက်နေကြ၏။

သူတို့သာလျှင် မဟုတ်ပေ။ တိုက်ပွဲနိုင်ငံ၊ ထျန်ဟွမ်ဂိုဏ်းနှင့် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ လူများကဲ့သို့ ကောင်းကင်ဘုံကမ္ဘာမှာ ကျင့်ကြံခဲ့ကြသော ကျင့်ကြံသူတချို့ပင်လျှင် တုန်လှုပ်နေကြ၏။

ဤကုန်းမြေ၏ ကျင့်ကြံရေးပတ်ဝန်းကျင်က ယခုအခါ ကောင်းကင်ဘုံကမ္ဘာမှာ သူတို့ရှိခဲ့စဉ်ကနှင့် ယှဉ်နိုင်လာပြီဖြစ်၏။

သို့သော်လည်း အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာကြောင့် ဖြစ်ပေါ်လာသော အသွင်ပြောင်းလဲမှုက ရပ်တန့်မသွားသေးပေ။

ဤကုန်းမြေမှာရှိသော ကောင်းကင်နှင့်မြေကြီး အမြုတေချီက ဆက်လက်၍ မြင့်တက်လာနေဆဲဖြစ်၏။

နှစ်နာရီမျှနှင့် ကောင်းကင်နှင့်မြေကြီးအမြုတေချီ၏ သိပ်သည်းဆကတင် ကောင်းကင်ဘုံကမ္ဘာကို စတင်ကျော်လွန်လာခဲ့ပြီဖြစ်၏။

ဤမြင်ကွင်းသည် လင်းကျန့်၊ ဖုန့်စန်းထျန်နှင့် အခြားသူများအတွက်ပင် စဉ်းစားကြည့်၍မရနိုင်အောင်ပင်။

တကယ်တမ်းမှာ ၎င်းသည် ဤအခြေအနေထိ ရောက်ရှိလာခြင်းမှာ ကြောက်စရာကောင်းသော ဖန်တီးခြင်းကြာပဒုမ္မာကြောင့်ပင်ဖြစ်သည်။

ထိုအခိုက်အတန့်မှာ ဖန်တီးခြင်းကြာပဒုမ္မာသည် မြေပြင်မှာအမြစ်တွယ်ပြီး ၎င်း၏ ကြာပန်းများက မိုးကောင်းကင်ကို ထိုးဖောက်တော့မည့်ဆဲဆဲဖြစ်၏။

ဖန်တီးခြင်းကြာပဒုမ္မာသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ ကြယ်တာရာကောင်းကင်ထဲရှိ ကောင်းကင်နှင့်မြေကြီးအမြုတေချီကို စုပ်ယူနေရုံသာမဟုတ်ဘဲ ၎င်းသည် ကောင်းကင်ဘုံခုံရုံးမှ ကောင်းကင်နှင့်မြေကြီးအမြုတေချီတချို့ကိုပါ စုပ်ယူနေသည်ကို ဆူဇီမိုက ရှင်းလင်းစွာ အာရုံခံမိနိုင်၏။

ကောင်းကင်ဘုံကိုးလွှာက သူတို့ကို ချိပ်ပိတ်ထားသော်လည်း သူတို့သည် ဖန်တီးခြင်းကြာပဒုမ္မာ၏ အတင်းအဓမ္မဆွဲယူခြင်းကို မတားဆီးနိုင်ကြပေ။

ဤကျတ်တီးမြေပေါ်မှာ ပြောင်းလဲမှုများက ဆက်လက်ဖြစ်ပွားနေ၏။

ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် ဖန်တီးခြင်းကြာပဒုမ္မာအဖြစ် အသွင်ပြောင်းလဲပြီး မရေမတွက်နိုင်သောအမြစ်များက အဆက်မပြတ် ဖြန့်ကြက်သွား၏။ သူ၏ စိတ်ဝိညာဉ်အသိစိတ်က အမြစ်များအတိုင်းလိုက်ပါပြီး ကုန်းမြေ၏ တစ်ထောင့်တစ်နေရာချင်းစီကို ပျံ့နှံ့သွားလေသည်။

တကယ်တမ်းမှာတော့ မြေအောက်ထဲတွင် မရေမတွက်နိုင်သော သစ်မြစ်များနှင့် သစ်စေ့များကို မြှုပ်နှံထားလေသည်။ သို့သော်လည်း ကောင်းကင်နှင့်မြေကြီးအမြုတေချီက တဖြည်းဖြည်း ခန်းခြောက်လာခဲ့စဉ် ဤကုန်းမြေ၏ အသက်ဓာတ်အားက ပျက်ပြယ်သွားပြီး မရေမတွက်နိုင်သော သက်ရှိများက ပျောက်ကွယ်သွားခဲ့၏။ ပန်းပင်များနှင့် သစ်ပင်များကလည်း တစ်ပင်ပြီးတစ်ပင် ညှိုးခြောက်သွားခဲ့ကြလေသည်။

ထိုအခိုက်အတန့်မှာ ဖန်တီးခြင်းကြာပဒုမ္မာ၏ အမြစ်များက အဆက်မပြတ် ဖြန့်ကြက်သွားစဉ် သူတို့သည် မြေကြီးထဲသို့ အဆုံးမဲ့အသက်ဓာတ်အားကို ပို့လွှတ်ပေးကာ ပန်းပင်များနှင့် သစ်ပင်များကို နိုးထလာစေ၏။

မရေမတွက်နိုင်သောအကြည့်များအောက်မှာ မူလကျတ်တီးမြေပေါ်တွင် အစိမ်းရောင်အလွှာတစ်လွှာ တဖြည်းဖြည်းပေါ်ထွက်လာ၏။

ဤကျတ်တီးမြေမှာ ဆူးချွန်ပင်များစွာက တဖြည်းဖြည်းပေါ်ထွက်လာလေသည်။

ပြောင်ရှင်းနေသော တောင်ကြောရိုးများက မြက်ပင်များ၊ သစ်ပင်များဖြင့် တဖြည်းဖြည်းပြည့်နှက်လာပြီး သူတို့က စိမ်းစိုလန်းဆန်း၍ အသက်ဓာတ်အားဖြင့် ပြည့်နှက်နေ၏။

ဝုန်း…

ထိုစဉ်မှာပင် မိုးခြိမ်းသံက အပေါ်ကနေ ထွက်ပေါ်လာ၏။

တစ်ခဏချင်းမှာပင် နက်မှောင်နေသော တိမ်စိုင်များက ကောင်းကင်တစ်ခွင်ဖုံးအုပ်လာခဲ့၏။

ဖုန့်စန်းထျန်၏ အကြည့်က မိုးကြိုးလျှပ်စီးကဲ့သို့ တဖျတ်ဖျတ်လက်နေ၏။ ဖျတ်ခနဲဆို သူက တိမ်စိုင်များကြားရောက်ရှိသွားပြီး သူ၏ ဘေးပတ်လည်မှာ ကျိန်းစပ်နေသော လျှပ်စီးပင်လယ်တစ်ခုကို ဖြစ်ပေါ်လာစေ၏။

နွေဦးမိုးကြိုးသံက ပဲ့တင်ထပ်ပြီး အရာရာတိုင်းက ပြန်လည်ရှင်သန်လာ၏။

ဝေါ…

တစ်ခဏချင်းမှာပင် သည်းထန်သော မိုးစက်များက ရွာသွန်းကျဆင်းလာ၏။

အောက်ဘုံလောကမှ သက်ရှိပေါင်း သန်းဆယ်ချီသည် မိုးရေစက်များကြားမှာ တစ်ကိုယ်လုံးစိုရွှဲသွားပြီး သူတို့က စိတ်လှုပ်ရှားနေကြ၏။

ဤသည်က သာမန်မိုးရေစက်များမဟုတ်ပေ။

ဤကုန်းမြေပေါ်မှာ ကောင်းကင်နှင့်မြေကြီးအမြုတေချီက သိပ်သည်းများပြားလာခဲ့၏။ သည်းထန်သော မိုးများက ရွာသွန်းကျဆင်းလာစဉ် ၎င်းသည် မိုးကြိုးလျှပ်စီးဓမ္မတာအိုနှင့်အတူ အဆုံးမဲ့ကောင်းကင်နှင့်မြေကြီးအမြုတေချီကို စုယူလာခဲ့ပြီး မိုးစက်တစ်စက်ချင်းစီက စိတ်ဝိညာဉ်ရေနှင့် တူနေလေသည်။ အစက မြေပြင်ပေါ်မှာ ရှိနေခဲ့သော တွင်းချိုင့်များနှင့် မြေကြီးများက မိုးရေစက်များဖြင့် တဖြည်းဖြည်းပြည့်နှက်လာပြီး ရေကန်များကို ဖြစ်ပေါ်လာစေ၏။

အစိမ်းရောင်တောင်တန်းများကို ရေများက လှည့်ပတ်စီးဆင်းလာ၏။

မြစ်ချောင်းများက တဖြည်းဖြည်းပေါ်ထွက်လာပြီး ရေတံခွန်များကဲ့သို့ တောင်ထွတ်များပေါ်ကနေ ကျဆင်းကာ ‌ရေလှိုင်းများနှင့် မြူခိုးများကို ပေါ်ထွက်လာစေ၏။

တောင်ကြားထဲမှာ စိမ့်စမ်းရေများက တသွင်သွင်စီးဆင်းနေပြီး ပန်းများက ဖူးပွင့်ကာ လိပ်ပြာများက ကခုန်နေ၏။

သည်းထန်သောမိုးသည် တစ်ရက်ကြာအောင် ရွာသွန်းခဲ့ပြီး ညအချိန်မှသာ တဖြည်းဖြည်းရပ်တန့်သွား၏။

ဖုန့်စန်းထျန်၏ မျက်နှာက ဖြူဖျော့နေပြီး သူက စွမ်းအင်မြောက်များစွာကို သုံးစွဲခဲ့ရသော်လည်း သူ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေ၏။

မိုးသည်းထန်စွာရွာသွန်းပြီးနောက် ကောင်းကင်ထက်ရှိ တိမ်စိုင်ပင်လယ်က ကျယ်ပြောနေဆဲဖြစ်ပြီး လွတ်လပ်စွာ လွင့်မျောနေကြ၏။ မြေပြင်ပေါ်မှာ လှပကြော့ရှင်းသော သက်တံတစ်ခုပေါ်ထွက်လာပြီး ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ထားသည့် ဖန်တီးခြင်းကြာပဒုမ္မာနှင့်အတူ တောက်ပနေ၏။

လူတိုင်းက သူတို့၏ မျက်လုံးများကိုမှိတ်ပြီး လက်နှစ်ဖက်ကိုဖြန့်ကာ သူတို့၏ ဘေးပတ်လည်ရှိအရာရာတိုင်းကို အာရုံခံကြည့်နေကြ၏။

လူတချို့က စိတ်ခံစားချက်များ မြင့်မားနေပြီး အော်ဟစ်ရယ်မောနေကြ၏။

တချို့က ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ ရေကန်များထဲသို့ ခုန်ဆင်းကာ လွတ်လပ်စွာ ကူးခတ်နေကြ၏။

လူတချို့က စိုစွတ်နေသော မြေဆီလွှာကို လက်ဖြင့်ဆုပ်ကိုင်ပြီး မြေသင်းရနံ့ကို အားရပါးရရှူရှိုက်နေကြ၏။

လူတချို့က မြေပြင်ပေါ်မှာ ဒူးထောက်ပြီး ဘေးပတ်လည်ကိုကြည့်ရှုကာ သူတို့၏ မျက်နှာများပေါ် မျက်ရည်များက တသွင်သွင်စီးကျလာ၏။

မြင်မြင်သမျှနေရာတိုင်းမှာ မြစ်ချောင်းတောတောင်များနှင့် လျှိုမြောင်များရှိနေလေသည်။ သစ်ပင်ဝါးပင်များက စိမ်းစိုလန်းဆန်းပြီး အရောင်အသွေးစုံလင်နေ၏။ အစိမ်းရောင်တောင်တန်းများကို တိမ်စိုင်များက တိုးဝေ့နေ၏။

ဤနေရာက ဘယ်လိုလုပ် ကျတ်တီးမြေတစ်ခုဖြစ်မှာလဲ။

ဤနေရာက တကယ့်ကို သုခဘုံတစ်ခုဖြစ်၏။

နဂါးအသူတရာချောက်နက်ကြယ်ကိုမပြောနှင့် ကောင်းကင်ဘုံကမ္ဘာပင်လျှင် သူတို့ရှေ့မှ ဤကုန်းမြေနှင့်ယှဉ်လျှင် များစွာနိမ့်ကျနေ၏။

နှင်းလေတောင်ကြောရိုးမှလူတိုင်းသည် သူတို့ရှေ့မှာမြင်ကွင်းကိုကြည့်ပြီး တုန်လှုပ်နေကြ၏။

လူတိုင်းအတွက် သူတို့ရှေ့မှ မြင်ကွင်းက တကယ့်ကို ထူးခြားအံ့မခန်း ဖြစ်စဉ်တစ်ခုနှင့်တူလေသည်။

သူတို့၏ သံသယများနှင့် စောဒကများက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

“ဒါ..ဒါတွေအားလုံးကို ဦးလေးဆူ လုပ်ပေးခဲ့တာလား”

ယွဲ့ယီမင်က ရှဲ့ချင်းချန်၏ လက်ကြားထဲ တိုးဝင်ပြီး သူ၏ ပြူးကျယ်နေသော မျက်လုံးများနှင့်အတူ မယုံကြည်နိုင်စွာမေးလိုက်၏။

ယွဲ့ဟောက်နှင့် ရှချင်းယင်ပင်လျှင် အဲဒါကို မယုံကြည်နိုင်စွာခံစားနေရ၏။

ဆူဇီမိုသည် သူတို့တွေးထင်ထားသည်ထက် များစွာပိုမိုသန်မာနေပုံရသည်။

ပကတိစိတ်ဝိညာဉ်တစ်ဦးက လောကကို ပြောင်းလဲစေပြီး ဤကဲ့သို့သောနည်းလမ်းများကို ပိုင်ဆိုင်ထားနိုင်ပါ့မလား။

“ငါတော့ အဲလိုထင်တာပဲ”

ရှချင်းယင်က ညင်သာစွာရေရွတ်၍ သူမလက်ထဲရှိ ကလေးငယ်ကို အလိုလိုကြည့်ပြီးနောက် ရုတ်တရက်အာမေဍိတ်သံတစ်ခု ထွက်ပေါ်လာ၏။

“ဘာဖြစ်လို့လဲ...”

ယွဲ့ဟောက်က အလောတကြီးမေးမြန်းလိုက်၏။

ရှချင်းယင်၏ စိတ်ဝိညာဉ်အသိစိတ်က ယွဲ့ယီမင်၏ ခန္ဓာကိုယ်ကို အကြိမ်ရေအနည်းငယ်စစ်ဆေးအကဲခတ်ပြီးနောက် သူမက လွှတ်ခနဲပြောလိုက်၏။

“ကလေး… နင်..နင်ဘယ်လိုလုပ်ပြီး အဆင့်ချိုးဖျက်တက်လှမ်းသွားတာလဲ”

သူသည် နဂါးအသူတရာချောက်နက်ကြယ်ကနေ ထွက်ခွာလာခဲ့စဉ်က ယွဲ့ယီမင်သည် အဆင့်-၄ မဟူရာအင်မော်တယ်တစ်ဦးသာ ဖြစ်၏။

ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီးအမြုတေချီဖြင့် အားဖြည့်ခံရပြီး စိတ်ဝိညာဉ်မိုးက ဆေးကြောသန့်စင်ပေးပြီးနောက် သူသည် နောက်တစ်ဖန်အဆင့်ချိုးဖျက်ကာ အဆင့်-၅ မဟူရာအင်မော်တယ်တစ်ဦးဖြစ်လာခဲ့လေသည်။

“သားမသိဘူးလေ.. ကျင့်ကြံရတာက ခက်ခဲလို့လား”

ကလေးငယ်က တွေဝေရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်၏။

အခန်း ၃၁၄၄ - ထျန်ဟွမ်ကမ္ဘာ

ရှချင်းယင်က ထိုစကားကိုကြားသောအခါ သူမက ယွဲ့ယီမင်ကို ဒေါသတကြီးကြည့်ပြီး သူမက သူ့ကို ရိုက်မိတော့မတတ်ဖြစ်၏။

သွမ့်ထျန်လျန့်၊ ရှန်ဖေးနှင့် အခြားသောကျင့်ကြံသူများက ထိုစကားကိုကြားသောအခါ သူတို့၏ အမူအရာများက သုန်မှုန်သွားလေသည်။

“ခင်ဗျားတို့နှစ်ယောက်… ဒီကောင်စုတ်လေးကို ဆုံးမထားတာကောင်းလိမ့်မယ်”

သွမ့်ထျန်လျန့်က နှုတ်ခမ်းမဲ့ကာ ပြောလိုက်၏။

သူတို့သည် နဂါးအသူတရာချောက်နက်ကြယ်ပေါ်မှာ နှစ်တစ်သောင်းကြာအောင် ခက်ခက်ခဲခဲကျင့်ကြံခဲ့ရပြီး အဆင့်-၈နှင့် အဆင့်-၉ မဟူရာအင်မော်တယ်များသာဖြစ်လာခဲ့သည်။

သို့သော်လည်း ဤကောင်စုတ်လေးသည် အိပ်နေရင်းပင် အဆင့်သုံးဆင့်ကို ချိုးဖျက်တက်လှမ်းခဲ့လေသည်။ မိုးရေချိုးပြီးနောက် သူက နောက်တစ်ဖန် အဆင့်ချိုးဖျက်တက်လှမ်းသွားပြန်၏။

ဤလူများက အဲဒါကို ဘယ်လိုလုပ်သည်းခံနိုင်ပါ့မလဲ။

ယွဲ့ယီမင်ထံတွင် ဤကဲ့သို့သော အပြောင်းအလဲတစ်ခု ဖြစ်ပွားလာသည်မှာ သူ့အတွက် ဆူဇီမိုသည် အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်ပေးခဲ့သောကြောင့်ဖြစ်သည်။

သူ၏ ကျင့်ကြံမှုက တိုးမြင့်လာသည်နှင့် သူ၏ ကျင့်ကြံမှုအလျင်အဟုန်က တဖြည်းဖြည်းနှေးကွေးသွားပြီး ပုံမှန်အတိုင်းပြန်ဖြစ်သွားပေလိမ့်မည်။

တကယ်တမ်းမှာ ယွဲ့ယီမင်တစ်ယောက်တည်းသာလျှင် မဟုတ်ပေ။

ဥပမာအားဖြင့် အောက်ဘုံလောကမှ အခြားသောသက်ရှိများ၊ ရှချင်းယင်နှင့် သွမ့်ထျန်လျန့်တို့သည် ကောင်းကင်နှင့်မြေကြီးအမြုတေချီကြွယ်ဝသော ဤကဲ့သို့ ကျင့်ကြံရေးပတ်ဝန်းကျင်တစ်ခုသို့ ရုတ်တရက်ရောက်ရှိလာပြီး စိတ်ဝိညာဉ်မိုးဖြင့် ဆေးကြောခြင်းခံရပြီးနောက် သူတို့၏ ကျင့်ကြံမှုနယ်ပယ်များကလည်း အမျိုးမျိုးသောအတိုင်းအတာများဖြင့် တိုးတက်လာကြ၏။

တကယ်ဆို လူအုပ်ကြားထဲမှာ စတင်၍ အဆင့်ချိုးဖျက်ပြီး ကမ္ဘာမြေအမြုတေနယ်ပယ်သို့ တက်လှမ်းဖို့ပြင်နေသော လူများလည်း ရှိနေကြပြီဖြစ်၏။

ထိုစဉ်မှာပင် ယွဲ့ဟောက်၏ အကြည့်က ရွေ့လျားသွားပြီး လူအုပ်ကြားထဲမှာ အဆင့်ချိုးဖျက်တက်လှမ်းနေသည့် ရင်းနှီးနေကျလူတစ်ယောက်ကို တွေ့မြင်သွားလေသည်။

“ကြည့်စမ်း… အဲဒါ အရင်တုန်းက နဂါးအသူတရာချောက်နက်မြိုတော်ရဲ့ မြို့တော်အရှင်ရှုရှစ်မလား”

ယွဲ့ဟောက်က မလှမ်းမကမ်းမှာရှိသောလူတစ်ယောက်ကို လက်ညှိုးထိုးပြီး အသံနှိမ့်ကာမေးလိုက်၏။

ရှချင်းယင်၊ သွမ့်ထျန်လျန့်နှင့် အခြားသူများက လှည့်ကြည့်ပြီး သူတို့၏ မျက်လုံးများက တောက်ပလာကာ ခေါင်းညိတ်ပြလိုက်ကြ၏။

ရှချင်းယင်က ပြောလိုက်သည်။

“သူ့ဘေးက သူ့သား ရှုရှောင်းထျန်ဖြစ်လိမ့်မယ်”

ရှုရှစ်နှင့် ရှုရှောင်းထျန်သည် နဂါးအသူတရာချောက်နက်ကြယ်ကနေ ထွက်ခွာသွားပြီးနောက် သူတို့ထံမှ မည်သည့်သတင်းအချက်အလက်မှ ရောက်ရှိမလာတော့ပေ။ ယခု သူတို့ကို ဤနေရာမှာ ပြန်တွေ့ရလေပြီ။

“ရှုရှောင်းထျန်ရဲ့ ကျင့်ကြံမှုနယ်ပယ်က သူ့အဖေထက် ပိုမြင့်နေပြီပဲ”

ယွဲ့ဟောက်က သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အကဲခတ်ကြည့်ပြီး တီးတိုးရေရွတ်လိုက်၏။

သူသည် အဆင့်-၁ ကမ္ဘာမြေအင်မော်တယ်တစ်ဦးသာဖြစ်ပြီး ရှုရှစ်နှင့်သူ့သား၏ ကျင့်ကြံမှုနယ်ပယ်အတိအကျကို မထောက်လှမ်းနိုင်ပေ။

သူတို့နှစ်ယောက်က ကမ္ဘာမြေအင်မော်တယ်များဖြစ်ပြီး သူ့ထက်များစွာသာလွန်သည်ကိုသာ သူက ဆုံးဖြတ်နိုင်လေသည်။

တစ်ယောက်ယောက်အကဲခတ်နေသည်ကို အာရုံခံမိသွားသည့်အလား ရှုရှစ်က လှည့်ကြည့်လာပြီး သူက ယွဲ့ဟောက်၊ ရှချင်းယင်နှင့် အခြားသူများကို တွေ့မြင်သောအခါ အနည်းငယ်မှင်တက်သွား၏။

ထို့နောက် သူက အံ့အားသင့်စွာဖြင့် လျှောက်လှမ်းလာလေသည်။

“တာအိုရောင်းရင်းယွဲ့… တာအိုရောင်းရင်းရှ… မတွေ့ရတာတောင် ကြာပြီနော်”

ရှုရှစ်က အဝေးကနေ လက်နှစ်ဖက်ကိုယှက်ပြပြီး နှုတ်ဆက်လိုက်၏။

နှင်းလေတောင်ကြောရိုးမှာလူတိုင်းကလည်း သူ့ကို အလောတကြီးကြိုဆိုလိုက်ကြ၏။

သူတို့ကို နဂါးအသူတရာချောက်နက်ကြယ်၏ မိတ်ဆွေးဟောင်းများဟု ဆိုနိုင်လေသည်။ ဤခရီးစဉ်ကြောင့်မဟုတ်လျှင် သူတို့အနေဖြင့် ကျယ်ပြောလှသော အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ပြန်လည်းတွေ့ဆုံနိုင်ဖို့ ခဲယဉ်းလေသည်။

ယခု ဤနေရာမှာ သူတို့က ပြန်လည်ဆုံစည်းမိပြီး လူတိုင်းသည် စိတ်ခံစားချက်များအနည်းငယ်မြင့်တက်နေကာ အလ္လာပသလ္လာပပြောဆိုလိုက်ကြ၏။

“တာအိုရောင်းရင်းရှု… နဂါးအသူတရာချောက်နက်ကြယ်ကနေ ထွက်ခွာပြီးတဲ့နောက် ခင်ဗျားဘယ်ကိုရောက်သွားတာလဲ”

ယွဲ့ဟောက်က မေးလိုက်၏။

“အဲဒါ ပြောရရင်တော့ အရှည်ကြီးပဲ”

ရှုရှစ်က သက်ပြင်းချပြီး သူနှင့် ရှုရှောင်းထျန်၊ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေသို့ ရောက်ရှိလာပြီးနောက် ဖြစ်ပျက်ခဲ့သည့်အရာများကို အတိုချုံးပြန်ပြောပြလိုက်၏။

အရင်တုန်းက ဆူဇီမို၏ မျက်နှာကို ထောက်ထားပြီး ရှဲ့ချင်းချန်က သူတို့နှစ်ယောက်ကို ခေါ်ထားခဲ့လေသည်။

သို့သော်လည်း နောက်ပိုင်းမှာ ရှဲ့ချင်းချန်သည် ကြမ္မာဆိုးတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး သူတို့နှစ်ယောက်ကလည်း သေလုမတတ်ဖြစ်ခဲ့ရ၏။

နောက်ပိုင်းမှာ သူတို့သည် သေဘေးကနေ ထွက်ပြေးလွတ်မြောက်ပြီး နောက်ဆုံး ရှဲ့ချင်းချန်၏ ဘေးကို ပြန်လည်ရောက်ရှိလာကြ၏။

ယခု သူတို့က ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ဝင်ရောက်ထားပြီဖြစ်၏။

“မင်းတို့တွေ ဘယ်သူနဲ့လာခဲ့တာလဲ”

ရှုရှစ်က မေးလိုက်၏။

ယွဲ့ဟောက်က ပြောလိုက်သည်။

“တာအိုရောင်းရင်းဆူက ကျုပ်တို့ကိုလာရှာပြီးတဲ့နောက် ကျုပ်တို့က နဂါးအသူတရာချောက်နက်ကြယ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာပဲ”

ရှုရှစ်က ပြုံးပြလိုက်၏။

“မင်းတို့လိုမျိုး မိတ်ဆွေဟောင်းတွေကပဲ လောကအရှင်ကို ကိုယ်တိုင်ပေါ်ထွက်လာစေနိုင်လိမ့်မယ်”

“ဟမ်”

“လောကအရှင်လား”

ယွဲ့ဟောက်၊ ရှချင်းယင်နှင့် အခြားသူများက ခဏမျှမှင်တက်သွားပြီး နားမလည်နိုင်ကြပေ။

သွမ့်ထျန်လျန့်နှင့် အခြားသူများသည် သူတို့က နားကြားမှားသွားသည်ဟုတွေးပြီး အဲဒါကို သိပ်ပြီးအလေးအနက်မထားပေ။

ရှချင်းယင်က မျက်တောင်တဖျတ်ဖျတ်ခတ်ပြီး မနေနိုင်ဘဲမေးလိုက်၏။

“တာအိုရောင်းရင်းရှု… စောစောက လောကအရှင်လို့ ရှင်ပြောလိုက်တာလား”

“ဟုတ်တယ်လေ”

ရှုရှစ်က ခေါင်းညိတ်ပြလိုက်၏။

“အာ… ကျုပ်နားလည်ပြီ”

ယွဲ့ဟောက်က နားလည်သဘောပေါက်သွား၏။

“ဟိုနေ့က တာအိုရောင်းရင်းဆူ ခေါ်လာတဲ့သူတွေထဲမှာ တစ်ယောက်က ဒီကမ္ဘာရဲ့ လောကအရှင်ဖြစ်ရမယ်… အဲဒီသူက သူ့ရဲ့မျက်လုံးထဲမှာ မိုးကြိုးလျှပ်စီးတွေ တဖျတ်ဖျတ်လက်နေတဲ့ ပညာရှင်မလား.. စောစောက သူလှုပ်ရှားလိုက်တာကိုတောင်မှ ကျုပ်တွေ့လိုက်သေးတယ်”

ရှုရှစ်က ထိုစကားကိုကြားသောအခါ သူက ရယ်မောလိုက်၏။

“လောကအရှင်က မင်းတို့ပြောနေကြတဲ့ တာအိုရောင်းရင်းဆူဆိုတာပဲ”

“အာ…”

နှင်းလေတောင်ကြောရိုးမှလူတိုင်းက ထိုစကားကိုကြားသောအခါ တုန်လှုပ်သွားကြ၏။

ပြီးခဲ့သည့်နှစ်မှာ သူတို့သည် သင်္ဘောခန်းထဲမှာသာနေခဲ့ကြပြီး ပတ်ဝန်းကျင်မှာရှိသော ကျင့်ကြံသူများနှင့် ထိတွေ့ဆက်ဆံခြင်း သို့မဟုတ် စကားပြောဆိုခြင်းမရှိခဲ့ကြပေ။

ရှုရှောင်းထျန်ကလည်း ပြုံးပြလိုက်၏။

“မျက်လုံးထဲမှာ မိုးကြိုးလျှပ်စီးရှိနေတဲ့ ပညာရှင်က ထျန်ဟွမ်ဂိုဏ်းရဲ့ ဘုရင်ကောင်းကင်ဘုံအမျက်ဒေါသပဲ”

ရှချင်းယင်နှင့် အခြားသူများက ရင်တစ်ချက်ထိတ်သွားကြ၏။ လက်စသတ်တော့ ဆူဇီမိုနှင့်အတူ နှင်းလေတောင်ကြောရိုးသို့ ရောက်လာခဲ့သောထိုသူက ဘုရင်ကောင်းကင်ဘုံအမျက်ဒေါသဖြစ်နေသည်။

“ငါ သူ့အကြောင်းအရင်က ကြားဖူးတယ်”

ယွဲ့ဟောက်က အလောတကြီးခေါင်းညိတ်ပြလိုက်၏။

“ဘုရင်ကောင်းကင်ဘုံအမျက်ဒေါသရဲ့ တိုက်ခိုက်ရည်ခွန်အားက အရမ်းကိုသန်မာတယ်လို့ ကြားတယ်.. သူက ဘုရင်ကျင်းကိုသတ်ဖြတ်ပြီး မဟာကျင်းအင်မော်တယ်နိုင်ငံတစ်ခုလုံးကိုတောင်မှ ဖျက်ဆီးခဲ့သေးတယ်တဲ့”

“အဲလိုပါပဲ”

ရှုရှစ်က ခေါင်းညိတ်ပြလိုက်၏။

“ဒါပေမဲ့ ဒီကိစ္စကို လောကအရှင်က အဓိက အကောင်အထည်ဖော်ခဲ့တာ”

ထိုစကားကိုကြားသောအခါ လူတိုင်းက တုန်လှုပ်သွားကြ၏။

ဆူဇီမိုသည် မဟာကျင်းအင်မော်တယ်နိုင်ငံ ဖျက်ဆီးခံရမှုမှာ ဦးဆောင်ခဲ့သောသူလား။

ယွဲ့ဟောက်က တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားပုံရပြီး တံတွေးကို အလျင်စလို မျိုချလိုက်၏။ သူက မနေနိုင်ဘဲ မေးလိုက်၏။

“တာအိုရောင်း… အဲ..လောကအရှင်ရဲ့ ကျင့်ကြံမှုက ဘယ်အဆင့်မှာလဲ”

“ကောင်းကင်လိုဏ်ဂူနယ်ပယ်”

ရှုရှစ်က ပြောလိုက်၏။

ကောင်းကင်လိုဏ်ဂူနယ်ပယ်…။

ထိုနယ်ပယ်သည် နှင်းလေတောင်ကြောရိုးမှလူတိုင်းနှင့် အရမ်းကို ဝေးကွာလွန်းလေသည်။ သို့သော်လည် ကောင်းကင်လိုဏ်ဂူနယ်ပယ်ပညာရှင်များက ဘုရင်များဖြစ်သည်ကို သူတို့သိရှိထားကြ၏။

“ဘုရားရေ…”

သွမ့်ထျန်လျန့်က မှင်တက်သွားပြီး တီးတိုးရေရွတ်လိုက်၏။

“ပြီးခဲ့တဲ့နှစ်တစ်သောင်းမှာ အာစရိဆူက ဘာတွေနဲ့ ကြုံတွေ့ခဲ့ရတာပါလိမ့်”

ရှုရှစ်က ဆက်ပြောလိုက်၏။

“သူတို့နှစ်ယောက်စလုံးက ကောင်းကင်လိုဏ်ဂူနယ်ပယ်မှာ ရှိကြပေမယ့် ဘုရင်ကောင်းကင်ဘုံအမျက်ဒေါသက လောကအရှင်ကို ယှဉ်နိုင်မှာမဟုတ်ဘူး”

ရှုရှစ်နှင့် ရှုရှောင်းထျန်သည် မည်သို့ပင်ဆိုစေ ရှဲ့ချင်းချန်၏ ဘေးမှာ ရှိနေခဲ့ကြပြီး ဆူဇီမို၏ အရေးကိစ္စများနှင့်ပတ်သက်၍ အတော်အတန်သိရှိထားလေသည်။ ဆူဇီမိုက ဧကရာဇ်တစ်ပိုင်းအဆင့် ဘုရင်ယွင်ယိုကို ဖိနှိမ်ခဲ့သည့်ကိစ္စကိုလည်း သူတို့သိရှိထားလေသည်။

“ဒီလိုဆိုရင်.. လောကအရှင်ဆူက လက်ရှိလူတိုင်းကြားမှာ ကျင့်ကြံမှုနယ်ပယ်အမြင့်ဆုံးလား”

ရှချင်းယင်က မေးလိုက်၏။

“သူက တိုက်ပွဲဘုရင်နဲ့ အင်မော်တယ်ဘုရင်ဖန်တီးခြင်းတို့ထက် ပိုပြီးမြင့်တာလား”

“မင်မော်တယ်ဘုရင်ဖန်တီးခြင်းလား”

ရှုရှစ်က ခဏမျှမှင်တက်သွားပြီးနောက် ပြုံးလိုက်၏။

“အင်မော်တယ်ဘုရင်ဖန်တီးခြင်းဆိုတဲ့နာမည်ကို ဘာမှမသိတဲ့လူတချို့ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်လောက်တယ်… လောကအရှင်က ဖန်တီးခြင်းကြာပဒုမ္မာခန္ဓာကို ပိုင်ဆိုင်ထားလို့ သူတို့က အဲဒီဘွဲ့ပေးလိုက်တာဖြစ်မယ်”

“လောကအရှင်ရဲ့ ကျင့်ကြံမှုနယ်ပယ်က အမြင့်ဆုံးတော့မဟုတ်လောက်ဘူး… အခုချိန်မှာ တိုက်ပွဲဘုရင်က ဧကရာဇ်တစ်ပိုင်းအဆင့်ကို ရောက်နေပြီ… ဒါပေမဲ့ လူတိုင်းကတော့ တာအိုရောင်းရင်းဆူကို လောကအရှင်ဆိုပြီး အသိအမှတ်ပြုလက်ခံထားကြတယ်”

တကယ်တော့ လောကအရှင်နေရာနှင့်ပတ်သက်၍ မည်သူကမှ မည်သည့်ကန့်ကွက်မှုမှ မရှိကြပေ။

တစ်ဘက်မှာတော့ ဆူဇီမိုသည် အောက်ဘုံလောကမှ သက်ရှိများ အခြေချနေထိုင်ဖို့အတွက်သာ ဤကမ္ဘာကို ဖန်တီးလိုက်ခြင်းဖြစ်လေသည်။

လောကအရှင်ဟူသော ဘွဲ့သည် လစ်လပ်နေသော ဘွဲ့တစ်ခုနှင့် တူနေ၏။

တစ်ဘက်မှာတော့ လင်းကျန့်၊ ဖုန့်စန်းထျန်နှင့် အခြားလူတိုင်းသည် ဆူဇီမို၏ အစစ်အမှန်ခွန်အားကို သိရှိထားကြ၏။ သူက ဧကရာဇ်အထီးကျန်သိုင်းသခင်ပင်ဖြစ်လေသည်။

သူတို့သည် ကျင့်ကြံမှုနယ်ပယ်ပေါ် အခြေခံပြီး စီစဉ်မည်ဆိုလျှင်တောင် ဆူဇီမိုကသာ လောကအရှင်ဖြစ်ဖို့ အသင့်လျော်ဆုံးသူဖြစ်လေသည်။

“ဒီကမ္ဘာမှာ နာမည်တစ်ခုရှိလား”

ယွဲ့ဟောက်က မေးလိုက်၏။

“ထျန်ဟွမ်ကမ္ဘာတဲ့..”

ရှုရှစ်က ပြောလိုက်၏။

“လောကအရှင်ရယ်… ဘုရင်ကောင်းကင်ဘုံအမျက်ဒေါသရယ်… တိုက်ပွဲဘုရင်ရယ်… အင်မော်တယ်ဘုရင်မလင်းလုံရယ် သူတို့တွေအားလုံးက ထျန်ဟွမ်ကုန်းမြေတိုက်က လာခဲ့ကြတာပဲ... ဒီကမ္ဘာကို ဖန်တီးရတဲ့ လောကအရှင်ရဲ့ မူလရည်ရွယ်ချက်က ထျန်ဟွမ်ကုန်းမြေတိုက်က သူ့ရဲ့မိတ်ဆွေဟောင်းတွေကို ကာကွယ်ပေးဖို့ပဲ”

လေထဲမှာ။

လင်းကျန့်၊ အင်မော်တယ်ဘုရင်မလင်းလုံ၊ ဖုန့်စန်းထျန်နှင့် အခြားသူများက လေထဲမှာ မတ်တတ်ရပ်ပြီး ထျန်ဟွမ်ကမ္ဘာ၏ အပြောင်းအလဲများကို အာရုံခံကြည့်နေကြ၏။

လူတိုင်းက ကျေနပ်အားရနေစဉ် သူတို့က အနည်းငယ်နှမြောမိနေကြ၏။

လင်းကျန့်က သူ၏ ခေါင်းကို ညင်သာစွာခါပြီး သက်ပြင်းချလိုက်၏။

“အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာရဲ့စွမ်းအားကတောင် စိတ်ဝိညာဉ်ရင်းမြစ်လေးခုကို ပြန်လည်ရှင်သန်လာ‌အောင် မပြုလုပ်နိုင်ဘူးဘဲ”

ဖန်တီးခြင်းကြာပဒုမ္မာ၏ လွှမ်းမိုးမှုအောက်မှာ ထျန်ဟွမ်ကမ္ဘာရှိ ကောင်းကင်နှင့်မြေကြီးအမြုတေချီက အလွန်တရာသိပ်သည်းလာခဲ့ပြီကို လူတိုင်းက အာရုံခံမိနိုင်ကြ၏။

စိတ်ဝိညာဉ်ရင်းမြစ်လေးခုပေါ်မှာလည်း အစိမ်းရောင်အဖူးလေးများ ပေါ်ထွက်လာလေသည်။

သို့သော်လည်း တကယ်တမ်းမှာတော့ ၎င်းသည် ဖန်တီးခြင်းကြာပဒုမ္မာ၏ သိပ်သည်းပြင်းထန်သော အသက်ဓာတ်အား၏ သက်ရောက်မှုတစ်ခုမျှသာဖြစ်လေသည်။

စိတ်ဝိညာဉ်ရင်းမြစ်လေးခုအောက်မှာ အမြစ်အသစ်များ ထပ်မံပေါ်ထွက်လာခြင်း မရှိပေ။

ဖန်တီးခြင်းကြာပဒုမ္မာက ထွက်ခွာသွားပြီး ထျန်ဟွမ်ကမ္ဘာမှာ သူ့ကိုယ်ပိုင်စိတ်ဝိညာဉ်ရင်းမြစ်ရှိမနေသေးဘူးဆိုလျှင် ဤနေရာမှာရှိသော ကောင်းကင်နှင့်မြေကြီးအမြုတေချီက တဖြည်းဖြည်းလွင့်ပြယ်ပြီး နောက်ဆုံးမျာ ခန်းခြောက်သွားလိမ့်မည်ဟု အဓိပ္ပါယ်ရနေလေသည်။

All Chapters