အခန်း (၃၁၄၅+၃၁၄၆)
Vol. 210 Ch. 3145+3146
အခန်း ၃၁၄၅ - အသက်ဓာတ်ကို ပြန်လည်ရရှိလာခြင်း
ဤပြဿနာကို မဖြေရှင်းနိုင်လျှင် ထျန်ဟွမ်ကမ္ဘာမှ လက်ရှိမြင်ကွင်းများသည် တံလျှပ်တစ်ခုမျှသာ ဖြစ်နေပေလိမ့်မည်။ အိပ်မက်တစ်ခုကဲ့သို့ ၎င်းက အလွယ်တကူကြေမွပျက်စီးသွားပေလိမ့်မည်။
ဆူဇီမိုအနေဖြင့် ထျန်ဟွမ်ကမ္ဘာမှာ အမြဲတမ်းရှိနေဖို့က မဖြစ်နိုင်ပေ။
မည်သို့ပင်ဆိုစေ သူက လူသားတစ်ဦးဖြစ်ပြီး အစစ်အမှန်စိတ်ဝိညာဉ်ရင်းမြစ်မဟုတ်ပေ။
ဖုန့်စန်းထျန်က ပြောလိုက်၏။
“အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာကတောင် စိတ်ဝိညာဉ်ရင်းမြစ်လေးခုကို မကယ်တင်နိုင်ဘူးဆိုရင် တခြားဘာဖြေရှင်းချက်များ ရှိနိုင်ဦးမလဲ”
“တကယ်တော့ ဖန်တီးခြင်းကြာပဒုမ္မာက လုံလောက်အောင် မသန်မာလို့မဟုတ်ဘူး”
အင်မော်တယ်ဘုရင်မလင်းလုံက ခဏမျှစဉ်းစားပြီး ပြောလိုက်၏။
“ဖန်တီးခြင်းကြာပဒုမ္မာက လုံလောက်တဲ့အသက်ဓာတ်အားကို ထောက်ပံ့ပေးနိုင်တယ်… ကြည့်လေ… ဒီကုန်းမြေမှာရှိတဲ့ ပန်းပင်တွေနဲ့ သစ်ပင်တွေက ပြန်လည်ရှင်သန်လာခဲ့ပြီ”
လင်းကျန့်က ခေါင်းခါပြလိုက်၏။
“ဒါပေမဲ့ အဲဒီပန်းပင်တွေနဲ့ သစ်ပင်တွေက ဘာပဲပြောပြော သာမန်အရာတွေပဲ.. သူတို့တွေက အရမ်းကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုကို မလိုအပ်ဘူး… ရတနာခုနှစ်ပါး အံ့ဖွယ်သစ်ပင်လို စိတ်ဝိညာဉ်ရင်းမြစ်လေးခုကတော့ သူတို့က လောကမှာရှိတဲ့ ရှားရှားပါးပါး အင်မော်တယ်မျိုးစေ့တွေပဲ.. သူတို့က ရှင်သန်ကြီးထွားဖို့အတွက် သူတို့အတွက် ပတ်ဝန်းကျင်လိုအပ်ချက်က အရမ်းကိုများပြားတယ်”
“တကယ်ပဲ…”
အင်မော်တယ်ဘုရင်မလင်းလုံက ခေါင်းညိတ်လိုက်၏။
“ငါတို့က ဒီကုန်းမြေမှာရှိတဲ့မြေဆီလွှာကို ပြောင်းလဲပစ်မှပဲ အလှည့်အပြောင်းတစ်ခုဖြစ်လာနိုင်မယ်”
“အဲလိုလုပ်ဖို့က အရမ်းကို ခက်တယ်”
ဖုန့်စန်းထျန်က သက်ပြင်းချလိုက်၏။
“ဒီကုန်းမြေကို နှစ်ပေါင်းများစွာစွန့်ပစ်ထားခဲ့ကြတာ.. အဲဒါက ခေတ်တချို့တောင် ကြာသွားလောက်ပြီ… အဲဒါကို ညတွင်းချင်း ပြောင်းလဲပစ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ”
“ငါတို့တွေက ဒီအခြေအနေထိ ရောက်လာနိုင်ခဲ့တာကတင် တကယ့်ကို ထူးခြားအံ့မခန်းတစ်ခုလို့ ဆိုနိုင်နေပြီ”
ဆူဇီမိုသည် လေထဲမှာမတ်တတ်ရပ်ပြီး အတွေးနက်စွာဖြင့် သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ထား၏။
သူကလည်း အဖြေတစ်ခုကို ရှာဖွေနေခြင်းဖြစ်၏။
အင်မော်တယ်ဘုရင်မလင်းလုံနှင့် အခြားနှစ်ယောက် ပြောဆိုနေသောစကားကိုကြားရသောအခါ သူစမ်းသပ်ကြည့်နိုင်သည့် အတွေးတစ်ခုကို ရရှိလာ၏။
သူသည် အောက်ဘုံလောကကနေ တက်လှမ်းလာစဉ်က သူ၏ ဖန်တီးခြင်းကြာပဒုမ္မာသည် လောက၏ အဆုံးစွန်ရတနာတစ်ခု ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာကို မွေးဖွားပေါ်ထွက်လာစေခဲ့သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာနှင့် ပတ်သက်ဆက်စပ်နေသည့် မျိုးဆက်မှတ်ဉာဏ်များလည်းရှိနေ၏။
ကောင်းကင်ဘုံကိုးလွှာသက်ရှိမြေဆီလွှာသည် သာမန်အဝါရောင်မြေဆီလွှာတစ်ခုနှင့်သာ တူလေသည်။ သို့သော်လည်း မျိုးဆက်မှတ်ဉာဏ်များထဲမှာ ကောင်းကင်ဘုံကိုးလွှာသက်ရှိမြေဆီလွှာသည် ကမ္ဘာမြေ၏ ဘိုးဘေးအရင်းအမြစ်ဖြစ်သည်ဟု မှတ်တမ်းတင်ထားလေသည်။ ၎င်းသည် အဆုံးမဲ့လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေပြီး ကစဉ့်ကလျားကနေမွေးဖွားလာခဲ့၏။
သက်ရှိမြေဆီလွှာ၏ တစ်စိတ်တစ်ပိုင်းသည် ကောင်းကင်ဘုံကိုးလွှာအဖြစ် အသွင်ပြောင်းလဲပြီး နောက်ထပ်တစ်စိတ်တစ်ပိုင်းက ဖန်တီးခြင်းကြာပဒုမ္မာကို ပြုစုပျိုးထောင်ပေးခဲ့၏။
အရင်တုန်းက ဆူဇီမိုသည် ထိုမျိုးဆက်မှတ်ဉာဏ်များကို အပြည့်အဝနားမလည်ခဲ့ပေ။
ယခု သူက အဲဒါနှင့်ပတ်သက်၍ ပြန်လည်စဉ်းစားကြည့်လိုက်၏။ မဟာဧကရာဇ်ကိုးဦးသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် မဟာကမ္ဘာတစ်ထောင်လောကကြားတွင် ကောင်းကင်ဘုံကိုးလွှာကို တည်ဆောက်ပြီး ကောင်းကင်ဘုံခုံရုံးကို တည်ထောင်နိုင်ခဲ့သည့် အကြောင်းအရင်းမှာ သက်ရှိမြေဆီလွှာကြောင့် ဖြစ်နိုင်လေသည်။
ကောင်းကင်ဘုံကိုးလွှာသက်ရှိမြေဆီလွှာသည် ကမ္ဘာမြေ၏ ဘိုးဘေးအရင်းအမြစ်ဖြစ်ပြီး ဖန်တီးခြင်းကြာပဒုမ္မာကိုပင် ပြုစုပျိုးထောင်ပေးနိုင်သည်ဆိုလျှင် ၎င်းသည် စိတ်ဝိညာဉ်ရင်းမြစ်လေးခုကို သူတို့၏ အသက်ဓာတ်အား ပြန်လည်ရယူပေးဖို့က မဖြစ်နိုင်သည်မဟုတ်ပေ။
သို့သော်လည်း ဆူဇီမို၏ လက်ထဲရှိ ကောင်ကင်ဘုံကိုးလွှာသက်ရှိမြေဆီလွှာက လက်တစ်ဆုပ်စာသာဖြစ်၏။ ၎င်းသည် သက်ရောက်မှုတစ်ခုခုရှိလာနိုင်ပါ့မလား မသိရပေ။
ထိုသို့အတွေးဖြင့် ဆူဇီမိုသည် ဆက်လက်၍ တုံ့ဆိုင်းမနေတော့ဘဲ ကောင်းကင်ဘုံကိုးလွှာသက်ရှိမြေဆီလွှာကို ဆင့်ခေါ်ကာ သူ၏ ခြေဖဝါးအောက် မြေပြင်ပေါ်သို့ ကြဲပက်ထုတ်လိုက်သည်။
ကောင်းကင်ဘုံကိုးလွှာသက်ရှိမြေဆီလွှာက မြေပြင်ပေါ်သို့ ဆင်းသက်ပြီး ၎င်းနှင့် လျင်မြန်စွာပေါင်းစည်းကာ သိပ်မကြာခင် ပျောက်ကွယ်သွားလေသည်။
သို့သော်လည်း ဆူဇီမိုသည် သူ၏ အောက်ဘက်မြေကြီးက ကြီးမားသော ပြောင်းလဲမှုတစ်ရပ်နှင့် တွေ့ကြုံနေသည်ကို ဆူဇီမိုက ရှင်းရှင်းလင်းလင်းအာရုံခံမိနိုင်၏။
ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာ လက်တစ်ဆုပ်စာက ဤကုန်းမြေကို ပြန်လည်ပုံသွင်းပေးဖို့ လုံလောက်နေ၏။
ကုန်းမြေပေါ်ရှိ သစ်ပင်ဝါးပင်များက တစ်စုံတစ်ရာဖြင့် နှိုးဆွခံလိုက်ရပုံရပြီး လျင်မြန်စွာကြီးထွားလာကြ၏။ တစ်ခဏချင်းမှာပင် အစိမ်းရောင်ပင်ပျိုပင်တစ်ပင်က ငွားငွားစွင့်စွင့်မြင့်မားသော သစ်ပင်ကြီးတစ်ပင်အဖြစ် ကြီးထွားသွား၏။
ရတနာခုနှစ်ပါးအံ့ဖွယ်သစ်ပင်က အရင်ဆုံး ၎င်း၏ အသက်ဓာတ်အားကို ပြန်လည်ရရှိလာ၏။
မည်သို့ပင်ဆိုစေ ဤစိတ်ဝိညာဉ်ရင်းမြစ်ကို မကြာသေးခင်ကမှ နတ်ဆေးမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကနေ နှုတ်ယူလာခဲ့ပြီး ၎င်း၏ အမြစ်များက အကောင်းတိုင်းရှိနေသေး၏။ ယခု ၎င်းသည် ကောင်းကင်ဘုံကိုးလွှာသက်ရှိမြေဆီလွှာ၏ အားဖြည့်ထောက်ပံ့မှုကို ရရှိပြီး အမြစ်ပေါင်းထောင်ချီက ဖြန့်ကြက်ကာ မြေပြင်ပေါ်မှာ နောက်တဖန်အမြစ်တွယ်လာခဲ့လေသည်။
ပင်စည်ပေါ်ရှိ ရတနာခုနှစ်ပါးက ခမ်နားထည်ဝါသော ရောင်ဝါတစ်ခုနှင့်အတူ တဖြည်းဖြည်းတောက်ပလာ၏။
ရတနာခုနှစ်ပါး အံ့ဖွယ်သစ်ပင် ပြန်လည်ရှင်သန်လာပြီးနောက် ၎င်းသည်လည်း အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ ကောင်းကင်နှင့်မြေကြီးအမြုတေချီကို စတင်၍စုပ်ယူလာခဲ့၏။
ထို့နောက်ချက်ချင်းပင် အင်မော်တယ်မက်မွန်ပင်ပျိုက စတင်၍ရှင်သန်လာ၏။
မက်မွန်ပင်ပျိုသည် အစိမ်းရောင်အစို့အညှောက်များကို ထွက်ပေါ်လာစေပြီး အချိန်တိုအတွင်းမှာ လျင်မြန်စွာပြန့်ပွားကာ ပို၍ပင် တုတ်ခိုင်ကြီးမားလာ၏။
အင်မော်တယ်မိုးခသည် တဖြည်းဖြည်း မြေကြီးထဲမှာ အမြစ်တွယ်ပြီး ဆန့်တန်းထွက်လာခဲ့၏။ နုနယ်သော အစိမ်းရောင်မိုးမခသစ်ကိုင်းတစ်ကိုင်းက ညှိုးခြောက်နေသော ပင်စည်ပေါ်မှာ ကြီးထွားလာပြီး လေအဝေ့မှာ ညင်သာစွာ ယိမ်းနွဲ့နေ၏။ ၎င်းသည် ဝမ်းသာပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုအချို့ကို ဖော်ပြနေသည့်အလားပင်။
အသောကသစ်သားက နောက်ဆုံးမှသာ ၎င်း၏ အသက်ဓာတ်အားကို ပြန်လည်ရယူလာနိုင်၏။
ဗုဒ္ဓကျောင်းတော်များ၏ အထွတ်အမြတ်သစ်ပင်သုံးထဲမှ တစ်ပင်အနေဖြင့် အသောကသစ်သားသည် အဝီစိမှာ အချိန်ကြာမြင့်စွာ ပိတ်မိနေခဲ့ပြီး ၎င်း၏ အသက်ဓာတ်အားကို ဆုံးရှုံးခဲ့ရလေသည်။
ယခု ကောင်းကင်ဘုံကိုးလွှာသက်ရှိမြေဆီလွှာနှင့် ဖန်တီးခြင်းကြာပဒုမ္မာ၏ နှိုးဆွမှုအောက်မှာ ၎င်းသည် ၎င်း၏ အသက်ဓာတ်အားကို တဖြည်းဖြည်းပြန်လည်ရရှိပြီး ဤနေရာမှာ အမြစ်တွယ်လာခဲ့၏။ ၎င်းသည်လည်း ကောင်းကင်နှင့်မြေကြီးအမြုတေချီကို စုပ်ယူပေးပြီး တဖြည်းဖြည်းအကိုင်းအခတ်များ ကြီးထွားပေါ်ထွက်လာ၏။
စိတ်ဝိညာဉ်ရင်းမြစ်လေးခုကြားမှာ အသောကသစ်ပင်သည် နောက်ဆုံးမှသာရှင်သန်လာခဲ့၏။ သို့သော်လည်း ထိုသစ်ပင်၏ အသက်ဓာတ်အားက အကြွယ်ဝဆုံးဖြစ်လေသည်။
အရင်တုန်းက ဗုဒ္ဓသည် အသောကသစ်ပင်အောက်မှာ မွေးဖွားခဲ့၏။
အသောကသစ်ပင်သည် အစကတည်းက အသက်ဓာတ်တာအိုတစ်ခုကို ပြုစုပျိုးထောင်ပေးခဲ့လေသည်။
စိတ်ဝိညာဉ်ရင်းမြစ်လေးခုသည် သူတို့၏ အသက်ဓာတ်အားကို ပြန်လည်ရရှိပြီး ကောင်းကင်နှင့်မြေကြီးအမြုတေချီကို စတင်စုပ်ယူပေးလာခဲ့၏။ အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာနှင့်အတူ ထျန်ဟွမ်ကမ္ဘာရှိ ကောင်းကင်နှင့်မြေကြီးအမြုတေချီက အလွန်ကြွယ်ဝလာပြီး ကောင်းကင်ဘုံကမ္ဘာထက် များစွာကျော်လွန်သွားခဲ့ပြီဖြစ်၏။
ထိုသည်ကိုတွေ့မြင်သောအခါ လင်းကျန့်၊ ဖုန့်စန်းထျန်နှင့် အခြားသူများက နောက်ဆုံးမှာစိတ်သက်သာရာရပြီး အပြုံးများနှင့်အတူ အကြည့်ချင်းဖလှယ်လိုက်ကြ၏။
ဤအခြေအနေအရောက်မှာ ဤနေရာသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတွင် အမှန်တကယ်သီးခြားရပ်တည်လာနိုင်ပြီး ကမ္ဘာများစွာထဲမှတစ်ခု ဖြစ်လာခဲ့၏။
ကျား၊ ချင်ချင်၊ မြေခွေးလေးနှင့် ရွှေခြင်္သေ့တို့က လေထဲသို့ရောက်ရှိလာကြ၏။ သူတို့က သက်ရှိများကို ထိန်းသိမ်းထားနိုင်သည့် စိတ်ဝိညာဉ်ရတနာတစ်ခုစီကို ထုတ်ယူပြီး မရေမတွက်နိုင်သော သက်ရှိများစွာကို ပေါ်ထွက်လာစေ၏။
အဲဒီမှာ ကျားများနှင့် ကျားသစ်များကဲ့သို့ ကြမ်းကြုတ်တောကောင်များ၊ ငါးများနှင့် ရေနေသတ္တဝါများ၊ အလွန်တရာသေးငယ်ပြီး အားနည်းသော အင်းဆက်များနှင့်ပုရွက်ဆိတ်များ… စသည်ဖြင့်။
သူတို့ကြားမှာ ရှားရှားပါးပါး တောကောင်များစွာပင် ပါဝင်နေ၏။
သူတို့သည် မဟာအရိုင်းကမ္ဘာကနေ မထွက်ခွာခင် ထိုသက်ရှိများအားလုံးကို ဖမ်းဆီးလာခဲ့လေသည်။ ဆူဇီမိုက ကမ္ဘာသစ်တစ်ခုတည်ထောင်တော့မည်ကို သိရှိသောအခါ ဤနေရာမှာ သက်ရှိများပိုမိုများပြားလေ ဤနေရာမှာရှိသော အသက်ဓာတ်အားက ပိုမိုအားကောင်းလေဖြစ်ကြောင်း သူတို့က တွေးမိခဲ့ကြ၏။
အစကတော့ ဤသက်ရှိများသည် ဖမ်းဆီးခြင်းခံရ၍ တစ်နှစ်ကျော်ကြာအောင် အကျဉ်းချခံထားရသောကြောင့် မကျေနပ်ချက်များဖြင့် ပြည့်နှက်နေကြ၏။
သို့သော်လည်း ထျန်ဟွမ်ကမ္ဘာသို့ ရောက်ရှိလာပြီးနောက် ငှက်များနှင့်တောကောင်များက ချက်ချင်းပင် အလွန်တရာစိတ်လှုပ်ရှားတက်ကြွလာ၏။
မဟာအရိုင်းကမ္ဘာနှင့်ယှဉ်လျှင် ဤနေရာက တကယ့်ကိုသုခဘုံတစ်ခုဖြစ်၏။ တောကောင်များက တောင်တန်းများဆီသို့ ပြေးလွှားသွားပြီး ငှက်များက တောအုပ်များထဲသို့ ဝင်ရောက်သွားကြ၏။ မြွေနဂါးများက ပင်လယ်ထဲသို့ ခုန်ဆင်းသွားပြီး ဖီးနစ်များက သူတို့အသိုက်ပြုလုပ်ရမည့်နေရာကို လိုက်လံရှာဖွေနေကြ၏။
ထျန်ဟွမ်ကမ္ဘာသည် အသက်ဓာတ်အားနှင့် အသင်္ချေဖြစ်စဉ်များနှင့်အတူ ပြည့်နှက်နေ၏။ ယန်လောရှုက ထိုသည်ကိုတွေ့မြင်သောအခါ ညည်းတွားရေရွတ်လိုက်၏။
“အစကတော့ ကမ္ဘာသစ်မှာ တက္ကသိုလ်ကို ပြန်ပြီးတည်ထောင်ဖို့အတွက် သင့်လျော်တဲ့နေရာတစ်ခုရှာမတွေ့မှာကို ငါစိုးရိမ်နေခဲ့တာ”
“ကြည့်ရတာတော့…”
နတ်မိမယ်သက်တံနီကလည်း ပြုံး၍ပြောလိုက်၏။
“ကြည့်ရတာတော့ ထျန်ဟွမ်ကမ္ဘာမှာ တက္ကသိုလ်ကို တည်ထောင်လိုက်တာနဲ့ အဲဒါက ငါတို့အရင်ရောက်ရှိဖူးတဲ့ ဘယ်နေရာထက်မဆို အများကြီးပိုကောင်းနေလိမ့်မယ်”
ထျန်ဟွမ်ကမ္ဘာမှာ တောင်တန်းများက ငွားငွားစွင့်စွင့်မြင့်မားပြီး တိမ်စိုင်များက ရစ်ဝဲနေ၏။
တောင်ထွတ်တစ်ခုချင်းစီက ရှားရှားပါးပါးစိတ်ဝိညာဉ်တောင်ကုန်းများဖြစ်သည်ဟုဆိုလျှင် ချဲ့ကားရာကျလိမ့်မည် မဟုတ်ပေ။
လူအိုကြီးရွှမ်ကလည်း အားရပါးရရယ်မောလိုက်၏။
“အစကတော့ ငါက သက်တမ်းကုန်ခါနီးနေပြီ… ကြည့်ရတာတော့ ငါက နောက်ထပ်နှစ်အနည်းငယ်လောက် တောင့်ခံနိုင်ဦးမယ်နဲ့တူတယ်… ဟားဟားဟားဟား”
မလှမ်းမကမ်းလေဟာနယ်ထဲမှာ အက်ကွဲကြောင်းတစ်ခုပေါ်ထွက်လာပြီး ဧရာမအင်မော်တယ်ယာဉ်ပျံတစ်စင်း ပေါ်ထွက်လာ၏။
ယာဉ်ပျံပေါ်မှာ နတ်မိမယ်များနှင့် ဆင်တူသော လှပကြော့ရှင်းပြီး ချောမောသည့် အမျိုးသမီးလေးငါးဆယ်ရှိနေကြ၏။
ဒါ့အပြင် သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက အားမနည်းပေ။ သူတို့ထဲမှ အတော်များများက ဘုရင်နယ်ပယ်ပညာရှင်များဖြစ်ပြီး ဧကရာဇ်တစ်ပိုင်းပညာရှင်များပင် ပါဝင်နေ၏။
ဤအင်မော်တယ်ယာဉ်ပျံထဲမှာ အရင်တုန်းက ယက္ခိုသ်အပြစ်သားကုန်းမြေတွင် အကျဉ်းချခံထားခဲ့ရသော ယက္ခိုသ်ပေါင်းသန်းရာချီရှိနေကြလေသည်။
အစကတော့ ဤယက္ခိုသ်များသည် မဟာဧကရီတမလွန်ကိုးဘုံ၏ အမွေအနှစ်ကုန်းမြေမှာ ပုန်းလျှိုးနေခဲ့ကြရ၏။
ယခုသူတို့သည် သိုင်းတာအိုပင်မခန္ဓာထံမှ သတင်းစကားကကို လက်ခံရရှိပြီး ဤနေရာသို့ ရောက်ရှိလာကြလေသည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော နေရာမှာ ဘေးပတ်ဝန်းကျင် ကောင်းကင်နှင့်မြေကြီးအမြုတေချီက ပါးလွှာနေခဲ့၏။ သူတို့အနေဖြင့် ယာယီအားဖြင့် ပုန်းကွယ်နေဖို့ အဆင်ပြေသော်လည်း ကျင့်ကြံဖို့အတွက် မသင့်လျော်ခဲ့ပေ။
တကယ်တမ်းမှာ ယက္ခိုသ်အပြစ်သားကုန်းမြေတွင် အကျဉ်းချခံထားရသော ဤယက္ခိုသ်များစွာသည် အပြစ်သားကုန်းမြေ၏ နိယာမများဖြင့် ကန့်သတ်ခံထားရသောကြောင့် အဆင့်ချိုးဖျက်မတက်လှမ်းနိုင်ခဲ့ကြပေ။
ထိုနေရာကနေ ထွက်ပြေးလွတ်မြောက်လာပြီးနောက် ယက္ခိုသ်တချို့သည် အချိန်တိုအတွင်းမှာ ဧကရာဇ်တစ်ပိုင်းပညာရှင်များ ဖြစ်လာခဲ့ကြ၏။
ယခု သူတို့သည် ထျန်ဟွမ်ကမ္ဘာကဲ့သို့ သုခဘုံတစ်ခုသို့ ရောက်ရှိလာပြီး ဤယက္ခိုသ်များက ဆက်လက်၍ ကျင့်ကြံမည်ဆိုလျှင် အနာဂတ်မှာ နောက်ထပ်ဘုရင်များ၊ ဧကရာဇ်တစ်ပိုင်းများနှင့် ဧကရာဇ်ပညာရှင်များပင် ပေါ်ထွက်လာကြပေလိမ့်မည်။
ငရဲကမ္ဘာမှ သက်ရှိများသည်လည်း ဆင်တူသော အခြေအနေတစ်ရပ်နှင့် ရင်ဆိုင်နေရ၏။ ငရဲသက်ရှိများစွာသည် ငရဲကမ္ဘာမှာ ဆက်လက်၍ မရှိကြတော့ပေ။ ထိုအစား သိုင်းတာအိုပင်မခန္ဓာသည် ငရဲဂိတ်တံခါးများကို အသုံးချပြီး သူတို့ကို မဟာအရိုင်းကမ္ဘာသို့ တိတ်တဆိတ်ပို့ဆောင်ပေးထား၏။
သူတို့သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ ပြီးပြည့်စုံသောနိယာမများနှင့် ဓမ္မတာအိုများကို အသုံးချကာ သူတို့၏ အဟန့်အတာများကို ချိုးဖျက်ပြီး ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းလာနိုင်ကြ၏။
တစ်နည်းအားဖြင့်ဆိုသော် ဆူဇီမို၏ အစစ်အမှန်ခန္ဓာနှစ်ခုသည် အကန့်အသတ်မဲ့သောအလားအလာရှိသည့် ယက္ခိုသ်စစ်တပ်နှင့် ငရဲစစ်တပ်ကို ထိန်းချုပ်ထားခဲ့ပြီဖြစ်လေသည်။
အခန်း ၃၁၄၆ - တိုက်ပွဲတစ်ခု အစပျိုးခြင်း
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ။
လျှို့ဝှက်ကုန်းမြေခန်းမတွင်…။
မွန်မြတ်ကောင်းကင်ဘုံလောကအရှင်ခြောက်ဦးက အလယ်မှာ ဘေးချင်းယှဉ်ထိုင်နေကြ၏။ ခန်းမ၏ တစ်ဘက်တစ်ချက်စီမှာ ဧကရာဇ်ပညာရှင်လေးငါးဆယ်က ထိုင်နေကြသည်။
လောကအရှင်ခြောက်ဦးသည် တစ်ချိန်တည်းမှာ ပေါ်ထွက်လာပြီး ဤမျှများပြားသော ဧကရာဇ်များက ခန်းမထဲမှာ ရောက်ရှိနေကြ၏။ သူတို့က သေချာပေါက်တစ်ခုခုကို ဆွေးနွေးပြောဆိုနေခြင်းဖြစ်သည်။
“ကောင်းကင်ဘုံကမ္ဘာကနေ သတင်း နည်းနည်းပါးပါးရောက်လာတယ်”
ဧကရာဇ်တစ်ဦးက ပြောလိုက်သည်။
“ပြောလောက်စရာဖြစ်တာကတော့… ဆူဇီမိုလို့ခေါ်တဲ့ အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာခန္ဓာနဲ့ အင်မော်တယ်ဘုရင်တစ်ဦးက အောက်ဘုံလောကသက်ရှိတစ်အုပ်စုကို ဦးဆောင်ပြီး မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေမှာ ထင်တိုင်းကြဲခဲ့တယ်… သူက အင်မော်တယ်မဟာနယ်မြေတစ်ခုနဲ့ အင်မော်တယ်နိုင်ငံနှစ်နိုင်ငံကို ဖျက်ဆီးပြီး အင်မော်တယ်ဘုရင်တချို့ကိုပါ သတ်ဖြတ်ခဲ့တယ်… အဲဒါပြီးတဲ့နောက် သူက မထိမခိုက်ဆုတ်ခွာသွားခဲ့တယ်”
“အို…”
လောကအရှင်များထဲမှတစ်ဦးက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်၏။
ထိုလောကအရှင်မှာ ရွှေရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးများရှိပြီး သူက နတ်ဘုရားမျိုးနွယ်မှဖြစ်သည်မှာ သိသာလေသည်။
သို့သော်လည်း မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ရောက်ရှိလာပြီးနောက် သူသည် နတ်ဘုရားမျိုးနွယ်သက်ရှိဟူသော သူ၏ သရုပ်သကန်နှင့် သူ၏ ယခင်တာအိုဘွဲ့ကို စွန့်လွှတ်ရလေသည်။ သူ၏ နာမည်မှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ အမည်ကို ကပ်ပေးရသည်။ ထိုသို့ဖြင့် ယခုသူက နတ်ဘုရားဧကရာဇ်မွန်မြတ်ကောင်းကင်ဘုံဟူ၍ ကျော်ကြားလေသည်။
နတ်ဘုရားဧကရာဇ်မွန်မြတ်ကောင်းကင်ဘုံက မေးလိုက်၏။
“အင်မော်တယ်ဘုရင်တစ်ဦးက မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေမှာ ဒီလိုမျိုးထင်တိုင်းကြဲခဲ့တာ… ဘယ်ဧကရာဇ်ပညာရှင်မှ ပေါ်ထွက်မလာခဲ့ဘူးလား”
“မပေါ်လာခဲ့ကြဘူး”
ဧကရာဇ်ပညာရှင်က ပြောလိုက်၏။
“အဲဒီအချိန်တုန်းက ဆူဇီမိုကို တိတ်တဆိတ်ကာကွယ်ပေးနေတဲ့ ဧကရာဇ်ပညာရှင်တချို့ရှိခဲ့တယ်လို့ဆိုတယ်… အဲဒီမှာ ခွန်ဖန်းကမ္ဘာရဲ့ လောကအရှင်နှစ်ဦး၊ နဂါးလောကအရှင်အသစ်နဲ့ ဓားကမ္ဘာရဲ့ ဧကရာဇ်သံသရဖူတို့ပါဝင်ခဲ့ကြတယ်”
“ဆူဇီမိုက အောက်ဘုံလောကကနေ လာခဲ့ပေမယ့် သူက အဲဒီထိပ်တန်းကမ္ဘာကြီးတွေနဲ့ဆက်ဆံရေးတချို့ရှိထားတဲ့ပုံပဲ… မဟုတ်ရင် သူတို့တွေက သူ့ကို ကာကွယ်ပေးဖို့ ထွက်လာကြမှာမဟုတ်ဘူး”
နောက်ထပ်ဧကရာဇ်တစ်ဦးက ပြောလိုက်၏။
“တကယ်တော့ ဆူဇီမိုဆိုတာ ဓားသင်္ချိုင်းတောင်ထွတ်ရဲ့ အရင်တောင်ထွတ်သခင်ဆူကျူးပဲ… အဲဒါကြောင့် သူက ဓားကမ္ဘာနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုရှိနေတာ”
“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမှာတုန်းက အဲဒီကောင်လေးက အနှိုင်းမဲ့နတ်ဘုရားစွမ်းအားအတော်များများကို နားလည်ဆင်ခြင်ပြီး ပြိုင်ဘက်ကင်းခဲ့တယ်.. သူက တိုက်ပွဲတစ်ပွဲနဲ့ ကျော်ကြားလာခဲ့တယ်… လောကအရှင်တို့ ခင်ဗျားတို့ သူ့ကို မြင်ဖူးကြမှာပါ”
“အဲဒါသူလား..”
လောကအရှင်တစ်ဦးက မျက်ခုံးအနည်းငယ်ပင့်လိုက်၏။
ဤလောကအရှင်သည် ကျောက်တုံးမျိုးနွယ်မှလာခဲ့လေသည်။ သို့သော်လည်း မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ဝင်ရောက်ပြီးနောက် သူသည် သူ၏ ယခင်တာအိုဘွဲ့ကို စွန့်လွှတ်ရပြီး ယခု သူက ကျောက်တုံးဧကရာဇ်မွန်မြတ်ကောင်းကင်ဘုံဟူ၍ ကျော်ကြားလေသည်။
ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာတုန်းက ဆူဇီမိုသည် အန္တိမပကတိစိတ်ဝိညာဉ်နှစ်ဆယ်ကျော်ကို တစ်ဦးတည်း သတ်ဖြတ်ပြီး ပြိုင်ဘက်ကင်းခဲ့ကာ သူတို့၏ စိတ်အာရုံကို ရရှိခဲ့၏။ ပို၍ပြောစရာဖြစ်သည်မှာ ဆူဇီမိုထုတ်ဖော်ခဲ့သော ကောင်းကင်ဘုံသင်္ချိုင်းသုတ္တန်၏ ဓမ္မတာအိုကြောင့် သူတို့တစ်ခါ ထိတ်လန့်ခဲ့ရ၏။
“အဲဒါ နှစ်ဘယ်လောက်ကြာသေးလို့လဲ… သူက ကောင်းကင်လိုဏ်ဂူနယ်ပယ်ကိုရောက်သွားပြီလား”
“ဒီကောင်လေးရဲ့ ကျင့်ကြံမှုအလျင်အဟုန်က တော်တော်ကိုမြန်တာပဲ”
နောက်ထပ် လောကအရှင်တစ်ဦးက ရေရွတ်ပြောဆိုလိုက်၏။
“အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာကလည်း အဲဒီကိစ္စမှာဝင်မပါဘူးလား”
နတ်ဘုရားဧကရာဇ်မွန်မြတ်ကောင်းကင်ဘုံက မေးလိုက်၏။
“သူက တစ်ချိန်လုံးပေါ်ထွက်မလာခဲ့ဘူး”
နောက်ထပ်ဧကရာဇ်တစ်ဦးက ပြန်ဖြေပေးလိုက်သည်။
မွန်မြတ်ကောင်းကင်ဘုံလောကအရှင်ခြောက်ဦးက အလေးအနက်စဉ်းစားတွေးတောသွား၏။
ကျောက်တုံးဧကရာဇ်မွန်မြတ်ကောင်းကင်ဘုံက မျက်မှောင်ကြုတ်ကာပြောလိုက်၏။
“ဒါဆိုရင် ဒီကောင်လေးက မဟာဧကရာဇ်ကောင်းကင်ဘုံသင်္ချိုင်းနဲ့တကယ်ပဲ ပတ်သက်နေနိုင်မလား”
“အဲဒီမှာ နောက်ထပ်အချက်တစ်ချက်ရှိတယ်”
နောက်ထပ်ဧကရာဇ်တစ်ဦးက လေးနက်သောအသံဖြင့်ပြောလိုက်၏။
“ယက္ခိုသ်အပြစ်သားစိတ်ဝိညာဉ်ဆယ်ဦးကျော်က ဆူဇီမိုဘေးမှာ ပေါ်ထွက်လာခဲ့ကြတယ်… သူတို့ရဲ့ကျင့်ကြံမှုတွေက အားမနည်းဘူး… ဘုရင်တွေအပြင် ဧကရာဇ်တစ်ပိုင်းတွေလည်းပါတယ်”
“ဟမ်…”
မွန်မြတ်ကောင်းကင်ဘုံလောကအရှင်ခြောက်ဦး၏ မျက်လုံးများက ဝင်းလက်သွား၏။
ယက္ခိုသ်အပြစ်သားကုန်းမြေဖျက်ဆီးခံရပြီးနောက် သန်းပေါင်းရာချီသော ယက္ခိုသ်အပြစ်သားစိတ်ဝိညာဉ်များသည် လေထဲမှာ အငွေ့ပျံသွားသည့်အလား တစ်စွန်းတစ်စမကျန်ပျောက်ကွယ်သွားခဲ့ကြ၏။
နှစ်ပေါင်းများစွာကြာအောင် သူတို့ထံမှ မည်သည့်သတင်း သို့မဟုတ် သူတို့၏ မည်သည့်အရိပ်အယောင်မှ ရှိမလာခဲ့ပေ။
ယခု ယက္ခိုသ်တစ္ဆေဘုရင်ဆယ်ဦးကျော်နှင့် ယက္ခိုသ်ဧကရာဇ်တစ်ပိုင်းတချို့က ရုတ်တရက်ပေါ်ထွက်လာခဲ့လေသည်။
“စိတ်ဝင်စားစရာပဲ”
ကျောက်တုံးဧကရာဇ်မွန်မြတ်ကောင်းကင်ဘုံ၏ နှုတ်ခမ်းထောင့်က ကွေးညွှတ်သွားပြီး ပြောလိုက်၏။
“ငါတို့က ဆူဇီမိုကို မျက်စိဒေါက်ထောက်ကြည့်ပြီး သူ့ရဲ့လှုပ်ရှားမှုတွေနောက်ကိုလိုက်တာနဲ့ ငါတို့က ကျန်တဲ့ ယက္ခိုသ်အပြစ်သားစိတ်ဝိညာဉ်တွေကို သေချာပေါက်ရှာနိုင်လိမ့်မယ်”
ဧကရာဇ်တစ်ဦးက ပြောလိုက်၏။
“ဆူဇီမိုက အောက်ဘုံလောကက သက်ရှိတစ်အုပ်စုကို အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့အစွန်အဖျား စွန့်ပစ်နယ်မြေတစ်ခုဆီ ဦးဆောင်ခေါ်သွားပြီး ထျန်ဟွမ်ကမ္ဘာလို့ခေါ်တဲ့ ကမ္ဘာတစ်ခုကို ဖန်တီးလိုက်တယ်”
“တကယ်ဆို ယက္ခိုသ်အပြစ်သားစိတ်ဝိညာဉ်တွေက အဲဒီထျန်ဟွမ်ကမ္ဘာမှာ ပုန်းလျှိုးနေမယ်လို့ ကျုပ်ထင်မိတယ်”
နောက်ထပ်ဧကရာဇ်တစ်ဦးက အေးစက်စွာပြောလိုက်၏။
“ထျန်ဟွမ်ကမ္ဘာမှာ ကျင့်ကြံမှုနယ်ပယ်အမြင့်ဆုံးက ဧကရာဇ်တစ်ပိုင်းတွေပဲ… ငါတို့ အခုချိန်မှာတိုက်ခိုက်ကြရင် ကောင်းမလား”
“ကျုပ်က နေ့တစ်ဝက်တည်းနဲ့ ထျန်ဟွမ်ကမ္ဘာကို ဖျက်ဆီးဖို့ လူတချို့ကိုခေါ်သွားလိုက်မယ်… ယက္ခိုသ်အပြစ်သားစိတ်ဝိညာဉ်တွေက အဲဒီနေရာမှာ ပုန်းကွယ်နေမယ်ဆိုရင် ကျုပ်တို့ သူတို့အားလုံးကို တစ်ခါတည်းသတ်ပစ်လိုက်မယ်”
“အလောတကြီးမလုပ်နဲ့”
နတ်ဘုရားဧကရာဇ်မွန်မြတ်ကောင်းကင်ဘုံက သူ၏ မျက်လုံးကို မှေးကျဉ်းကာ ပြောလိုက်၏။
“ငါတို့တွေ… ထျန်ဟွမ်ကမ္ဘာကို တိုက်ခိုက်မယ်ဆိုရင် အခြားကမ္ဘာတွေက ပေါ်ထွက်လာရဲမှာမဟုတ်ဘူး… ဒါပေမဲ့ ဓားကမ္ဘာကတော့ ဝင်ရောက်စွက်ဖက်ဖို့ ဖြစ်နိုင်တယ်”
“သူတို့မလုပ်ရဲပါဘူး”
ကျောက်တုံးဧကရာဇ်မွန်မြတ်ကောင်းကင်ဘုံက စားပွဲကိုရိုက်ပြီး ကျယ်လောင်စွာပြောလိုက်၏။
“ဓားကမ္ဘာက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ အရေးကိစ္စတွေမှာ ဝင်ရှုပ်ရဲမယ်ဆိုရင် သူတို့က ကောင်းကင်ဘုံခုံရုံးကို ဆန့်ကျင်လိုက်တာနဲ့အတူတူပဲ… ဓားကမ္ဘာကို အရင်ဆုံးဖျက်ဆီးပစ်ဖို့ ငါဝန်လေးနေမှာမဟုတ်ဘူး”
ကျောက်တုံးကမ္ဘာနှင့် ဓားကမ္ဘာကြားမှာ အစကတည်းက ခေတ်အဆက်ဆက် ရန်ငြိုးရန်စများရှိနေခဲ့ကြ၏။
ဓားကမ္ဘာကို ဖျက်ဆီးဖို့အတွက် အကြောင်းပြချက်တစ်ခုရှိလာမည်ဆိုလျှင် ကျောက်တုံးဧကရာဇ်မွန်မြတ်ကောင်းကင်ဘုံက ထိုသို့ပြုလုပ်ဖို့ ဝန်လေးနေမည်မဟုတ်ပေ။
မဟာအရိုင်းကမ္ဘာတိုက်ပွဲမှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသည် ဧကရာဇ်လေးငါးဆယ်ကို ဆုံးရှုံးခဲ့ရ၏။ သို့သော်လည်း သူတို့ဘက်မှာ ဧကရာဇ်ပညာရှင်တစ်ရာကျော် ကျန်ရှိနေဆဲဖြစ်သည်။
ယခုအချိန်ထိ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူတို့ကို ယှဉ်ပြိုင်နိုင်သည့် မည်သည့်ကမ္ဘာမှ ရှိမနေသေးပေ။
နတ်ဘုရားဧကရာဇ်မွန်မြတ်ကောင်းကင်ဘုံက ပြောလိုက်၏။
“အဲဒါက ဓားကမ္ဘာတင်မဟုတ်ဘူး… ယက္ခိုသ်အပြစ်သားစိတ်ဝိညာဉ်တွေက ဆူဇီမိုရဲ့ဘေးမှာ တကယ်ပဲရှိနေမယ်ဆိုရင် ယက္ခိုသ်အပြစ်သားကုန်းမြေကို ဖျက်ဆီးနိုင်တဲ့ပညာရှင်တစ်ဦးက ထျန်ဟွမ်ကမ္ဘာကို နောက်ခံပေးထားတယ်ဆိုတဲ့သဘောပဲ”
“ကြည့်ရတာတော့ အဲဒါ ကောင်းကင်ဘုံကမ္ဘာက ဟိုသုံးယောက်ထဲကတစ်ယောက်ဖြစ်လောက်တယ်”
အခြားသောလောကအရှင်တစ်ဦးက ထိုစကားကိုကြားသောအခါ သူက မျက်မှောင်ကြုတ်ကာပြောလိုက်၏။
“အဲဒါက ကောင်းကင်ဘုံသင်္ချိုင်းနဲ့ ပတ်သက်နေမယ်ဆိုရင် ဒီကိစ္စက နည်းနည်းရှုပ်ထွေးနေပြီ… ငါတို့တွေ ကောင်းကင်ဘုံခုံရုံးကို အကူအညီတောင်းသင့်တယ်ထင်တယ်”
“ဟုတ်တယ်”
နတ်ဘုရားဧကရာဇ်မွန်မြတ်ကောင်းကင်ဘုံက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ငါတို့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက မဟာအရိုင်းကမ္ဘာကတိုက်ပွဲမှာ အရှက်တကွဲရှုံးနိမ့်ခဲ့ရတယ်… ဧကရာဇ်ပညာရှင်လေးငါးဆယ်လည်း သေဆုံးခဲ့ရတယ်”
“ငါတို့ နောက်တစ်ခါတိုက်ခိုက်လို့ အမှားအယွင်းထပ်ဖြစ်ရင် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ ဩဇာတိက္ကမက သွားပြီ”
“ငါတို့ နောက်တစ်ခါ တိုက်ခိုက်ရင် ငါတို့ ကောင်းကောင်းပြင်ဆင်ထားရမယ်… အမှားအယွင်းအဖြစ်ခံလို့မရဘူး… အကောင်းဆုံးနည်းလမ်းကတော့ ကောင်းကင်ဘုံခုံရုံးကို အကူအညီတောင်းတာပဲ… အမှုဆောင်တမန်တော်တစ်ဦး ကိုယ်တိုင်ပေါ်ထွက်လာမယ်ဆိုရင် အကောင်းဆုံးဖြစ်လိမ့်မယ်”
ကောင်းကင်ဘုံကိုးလွှာမှာ အမှုဆောင်တမန်တော်ကိုးဦးသာလျှင်ရှိလေသည်။
မဟာဧကရာဇ်ကိုးဦးကလွဲလျှင် အသန်မာဆုံးတိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားသည့် ဧကရာဇ်ပညာရှင်များသာ အမှုဆောင်တမန်တော်ဘွဲ့ကို ခံယူဖို့ အဆင့်မီလေသည်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ကြီးကြီးမားမားကိစ္စတစ်ခုဖြစ်ပွားလာမည်ဆိုလျှင် အမှုဆောင်တမန်တော်များသည် ဤနေရာသို့ ဆင်းသက်ပြီး ကောင်းကင်ဘုံခုံရုံး၏ မဟာဧကရာဇ်ကိုးဦးကိုယ်စား မျိုးနွယ်စုတစ်သောင်းကို ကိုင်တွယ်နိုင်မည်ဖြစ်လေသည်။
သူတို့သည် သတ်ဖြတ်ခြင်းနှင့် ဖမ်းဆီးခြင်းအတွက် အန္တိမဩဇာတိက္ကမကို ပိုင်ဆိုင်ထားကြသည်။
“အမှုဆောင်တမန်တော်တစ်ဦး ဆင်းသက်လာမယ်ဆိုရင် ကောင်းကင်ဘုံခုံရုံးက ဆိုးယုတ်မိစ္ဆာတွေကို ဖိနှိမ်ဖို့ ပြင်ဆင်ထားပြီဆိုတဲ့သဘောပဲ”
“အဲဒါက အချိန်ကျတော့မယ်… မဟာဧကရာဇ်တစ်ဦးက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ပေါ်ထွက်မလာသေးပေမဲ့ မဟာအရိုင်းကမ္ဘာမှာ ပုံမှန်မဟုတ်တဲ့ တည်ရှိမှုတစ်ခု ပေါ်ထွက်လာခဲ့တယ်… ငါတို့က အဲဒါကို ကြိုတင်သတ်ဖြတ်ထားနိုင်မယ်ဆိုရင် အကောင်းဆုံးဖြစ်လိမ့်မယ်”
ဧကရာဇ်တစ်ဦးက မေးလိုက်၏။
“ကျုပ်တို့ ဘယ်လောက်ကြာကြာစောင့်ရမှာလဲ”
နတ်ဘုရားဧကရာဇ်မွန်မြတ်ကောင်းကင်ဘုံက လေးနက်သောအသံဖြင့်ပြောလိုက်၏။
“သိပ်မကြာပါဘူး… အရင်တုန်းက ကောင်းကင်ဘုံခုံရုံးက သခင်လေးသုံးဦးက ရှုံးနိမ့်ပြီး ထွက်ပြေးသွားခဲ့ရတယ်… သူတို့တွေက မချင့်မရဲဖြစ်နေကြမှာပဲ… သူတို့က တစ်ကျော့ပြန်လာဖို့ကို သေချာပေါက် စိတ်အားထက်သန်နေကြလိမ့်မယ်… သူတို့က ဒီအခွင့်အရေးကို သေချာပေါက် လက်လွှတ်ခံမှာမဟုတ်ဘူး”
“ကောင်းကင်ဘုံခုံရုံးရဲ့ အရင်းအမြစ်တွေနဲ့ဆို သူတို့တွေက နှစ်တစ်ရာလောက်ဆို သူတို့ရဲ့ ပျက်စီးထိခိုက်မှုကို မွမ်းမံပြင်ဆင်နိုင်တယ်… အဲဒီအချိန်ကျရင် သူတို့တွေက တုံ့ပြန်လာလိမ့်မယ်”
ကျောက်တုံးဧကရာဇ်မွန်မြတ်ကောင်းကင်ဘုံက အောက်ဘက်မှာရှိသောဧကရာဇ်များကို ကြည့်ကာပြောလိုက်၏။
“ဒီအချိန်အတောအတွင်းမှာ ဓားကမ္ဘာနဲ့ ထျန်ဟွမ်ကမ္ဘာရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ထားကြ… ဒါပေမဲ့ သူတို့သတိမထားမိအောင် မဆင်မခြင်မလုပ်ကြနဲ့”
“နားလည်ပါပြီ”
ဧကရာဇ်များက မတ်တတ်ထရပ်လိုက်ကြ၏။
ကျောက်တုံးဧကရာဇ်မွန်မြတ်ကောင်းကင်ဘုံ၏ အကြည့်က အေးစက်နေပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“ငါတို့ နောက်တစ်ခါ တိုက်ခိုက်တဲ့အချိန်က ငါတို့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့စွမ်းပကားကို တည်ထောင်မယ့် တိုက်ပွဲတစ်ခုဖြစ်ရမယ်”
ယခင်က မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသည် အရှက်တကွဲရှုံးနိမ့်ခဲ့ရ၏။ မည်သည့်ကမ္ဘာကမှ သူတို့၏ အဆင့်အတန်းကို စိန်မခေါ်ရဲကြသော်လည်း မမြင်ကွယ်ရာမှာ လှောင်ပြောင်ထေ့ငေါ့မှုများက သေချာပေါက်ရှိနေပေလိမ့်မည်။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူတို့၏ အန္တိမဩဇာတိက္ကမကို ပြန်လည်တည်ထောင်ရန် အားရကျေနပ်စရာကောင်းသော နိုင်ပွဲတစ်ခုကို လိုအပ်နေ၏။
“အဲဒါအမှန်ပဲ”
နတ်ဘုရားဧကရာဇ်မွန်မြတ်ကောင်းကင်ဘုံက အေးစက်စွာဖြင့် ကြယ်တာရာကောင်းကင်ကိုကြည့်ပြီး မှင်သေသေဖြင့်ပြောလိုက်၏။
“ကစဉ့်ကလျားအခြေအနေတွေက ပေါ်ထွက်လာတော့မယ်… မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေကို ဘယ်ဘက်မှာ ရပ်တည်သင့်သလဲဆိုတာကို ပြပေးရမယ့်အချိန်ပဲ။”