← Chapters

အခန်း (၃၁၄၇+၃၁၄၈)

Vol. 210 Ch. 3147+3148

အခန်း (၃၁၄၇+၃၁၄၈)

Vol. 210 Ch. 3147+3148

အခန်း ၃၁၄၇ - ဟွန်း..

အလင်းကမ္ဘာမှာ…။

အလင်းခန်းမ၏ အပြင်ဘက်တွင် နတ်ဘုရားမျိုးနွယ်မှစစ်သည်ပေါင်းတစ်သန်းကို စုစည်းထားလေသည်။ သူတို့၏ ချပ်ဝတ်တန်ဆာများက ရွှေရောင်အလင်းများဖြင့် တောက်ပနေပြီး သူတို့၏ စစ်ပွဲလှံပုဆိန်များက အဆုံးမဲ့ထက်ရှမှုကို ဖြာထုတ်ပေးနေ၏။ သူတို့၏ စစ်အလံများကို ကြမ်းကြုတ်ခက်ထန်သောအော်ရာများနှင့်အတူ လွှင့်ထူထားလေသည်။

နတ်ဘုရားဧကရာဇ်သုံးဦးက ခန်းမထဲသို့ ဝင်ရောက်လာကြ၏။

ခန်းမထဲမှာ အလင်းကမ္ဘာအရှင်သည် ခံ့ညားထည်ဝါသော အမူအရာနှင့်အတူ အလယ်မှာထိုင်နေ၏။ သူက သူ၏ မျက်လုံးများကို ဖွင့်ပိတ်လိုက်စဉ် လူများသူ့ကို မော်မကြည့်ရဲသည့် တလက်လက်အလင်းတစ်ခုက တောက်ပလာ၏။

“လောကအရှင်… စစ်တပ်ကို စုစည်းပြီးသွားပြီ.. ကျုပ်တို့က အမှောင်အပြစ်သားစိတ်ဝိညာဉ်ကို သတ်ဖြတ်ဖို့အတွက် ထျန်ဟွမ်ကမ္ဘာကို အချိန်မရွေး ချီတက်လို့ရပြီ”

နတ်ဘုရားဧကရာဇ်တစ်ဦးက လေးနက်သောအသံဖြင့်ပြောလိုက်၏။

“အရင်ဆုံးလူစုပြန်ခွဲထားလိုက်”

အလင်းလောကအရှင်က ရုတ်တရက်ပြောလိုက်၏။

“ဟမ်…”

နတ်ဘုရားဧကရာဇ်သုံးဦးက မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး သူတို့ထဲမှတစ်ယောက်က မေးလိုက်၏။

“လောကအရှင်… ဘာလို့လဲ”

အလင်းလောကအရှင်က ကောင်းကင်ထက်ကို လက်ညှိုးထိုးပြလိုက်၏။

“ငါအခုပဲ နတ်ဘုရားဧကရာဇ်မွန်မြတ်ကောင်းကင်ဘုံဆီကနေ သတင်းစကားလက်ခံရရှိထားတယ်… နတ်ဘုရားမျိုးနွယ်ကို ဘာမှမလုပ်သေးဘဲ ကောင်းကင်ဘုံခုံရုံးက သတင်းကို စောင့်နေဖို့မှာထားတယ်”

ကောင်းကင်ဘုံခုံရုံး…

နတ်ဘုရားဧကရာဇ်သုံးဦးက ထိုးစကားကိုကြားသောအခါ ရင်တစ်ချက်ထိတ်သွားကြ၏။

နတ်ဘုရားဧကရာဇ်တစ်ဦးက အံ့အားသင့်စွာဖြင့် ပြောလိုက်၏။

“ကောင်းကင်ဘုံခုံရုံးကတောင် ဒီကိစ္စကို သတိထားမိသွားပြီလား”

“ဘယ်ဟုတ်ပါ့မလဲ”

အလင်းလောကအရှင်က ရှင်းပြလိုက်၏။

“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက ဒီအခွင့်အရေးကို အသုံးချပြီး သူတို့ရဲ့ ဩဇာတိက္ကမကို တည်ထောင်ဖို့ ဆုံးဖြတ်ထားကြတယ်… ကောင်းကင်ဘုံခုံရုံးက တစ်ယောက်ယောက်လည်း ဆင်းသက်ရောက်ရှိလာလိမ့်မယ်… အဲဒီအချိန်ကျရင် သူတို့က ထျန်ဟွမ်ကမ္ဘာလောက်ကိုပဲ ကိုင်တွယ်ကြမှာမဟုတ်ဘူး”

နှစ်တစ်ရာက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက သက်ရှိများစွာအတွက် တိုတောင်းလွန်းသော အချိန်တစ်ခုဖြစ်၏။

ကျင့်ကြံသူများစွာသည် နှစ်တစ်ထောင် သို့မဟုတ် နှစ်တစ်သောင်းအထိ မကြာခဏတံခါးပိတ်ကျင့်ကြံတတ်ကြလေသည်။

နှစ်ပေါင်းတစ်ရာက တစ်ခဏချင်းမှာကုန်ဆုံးသွားခဲ့၏။ သို့သော်လည်း ထျန်ဟွမ်ကမ္ဘာအတွက် နှစ်တစ်ရာသည် ကြီးမားသော အပြောင်းအလဲတစ်ရပ်ဖြစ်ပေါ်လာစေဖို့ လုံလောက်လေသည်။

ဆူဇီမို၏ အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာက အလယ်ဗဟိုမှာရပ်တည်ပေးနေပြီး အရပ်လေးမျက်နှာရှိ စိတ်ဝိညာည်ရင်းမြစ်လေးခုနှင့်အတူ သူတို့သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ လှည့်ပတ်နေသည့် ကောင်းကင်နှင့်မြေကြီးအမြုတေချီများကို အငမ်းမရ စုပ်ယူခဲ့လေသည်။

တကယ်ဆို ဖန်တီးခြင်းကြာပဒုမ္မာသည် ကောင်းကင်ဘုံခုံရုံးမှ ကြွယ်ဝသော အမြုတေချီများစွာကိုပင် ခိုးယူနိုင်ခဲ့လေသည်။

ဤအချက်သည် ထျန်ဟွမ်ကမ္ဘာကို နှစ်တစ်ရာမျှနှင့် ပြောင်းလဲလာစေခဲ့၏။

ထျန်ဟွမ်ဂိုဏ်းအပြင် ဤကုန်းမြေမှာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၊ တိုက်ပွဲနိုင်ငံနှင့် နှင်းလေတောင်ကြောရိုးကဲ့သို့ အရွယ်အစားအမျိုးမျိုး အဖွဲ့အစည်းများစွာကိုလည်း တည်ထောင်လာကြ၏။

အင်မော်တယ်ဘုရင်မလင်းလုံ၏ တိုက်တွန်းမှုမှာ ပဟေဠိနန်းတော်ကို ထျန်ဟွမ်ကမ္ဘာမှာ တည်ထောင်လိုက်လေသည်။ စစ်တုရင်အင်မော်တယ်ကျွင်းယုသည် အရင်တုန်းက ဆူဇီမိုနှင့် အခြားသူများနှင့်အတူ လိုက်ပါလာခဲ့ပြီး ပဟေဠိနန်းတော်၏ ပထမဆုံးနန်းတော်အရှင်ဖြစ်လာခဲ့၏။

ကျွင်းယုသည် အင်မော်တယ်ဘုရင်မလင်းလုံကို သူမ၏ ဆရာအဖြစ် တရားဝင်အသိအမှတ်ပြုမထားသော်လည်း သူမသည် အင်မော်တယ်ဘုရင်မလင်းလုံထံမှ ဓမ္မတာအိုအများစုကို ဆက်ခံရရှိထား၏။

အထက်ဘုံလောကမှာ ပဟေဠိနန်းတော်၏ ပထမဆုံးပုံပြောသူက လင်းရွှမ်ကျီပင်ဖြစ်လေသည်။

ပုံပြောသူ၏ တည်ရှိမှုသည် ပဟေဠိနန်းတော်မှာ အလွန်တရာထူးခြားပြီး သင်ကြားပို့ချခြင်းကို တာဝန်ယူထားရ၏။

သင်ကြားပို့ချခြင်းဆိုသည်မှာ သမိုင်းကို မှတ်တမ်းတင်ခြင်း၊ ကောင်းမှုကို ဖြန့်ဝေခြင်း၊ ယဉ်ကျေးမှုကို လက်ဆင့်ကမ်းခြင်းနှင့် တာအိုကို အမွေဆက်ခံခြင်းတို့ ပါဝင်လေသည်။

ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက လူသားမျိုးနွယ်သည် အမှောင်ထုထဲမှာ ကျရောက်နေခဲ့ပြီး ရှေးဟောင်းခေတ်ဧကရာဇ်များစွာ အတူတကွပေါ်ထွက်ခဲ့သည့် ကမ္ဘာဦးခေတ်၏ ချောက်ချားစရာကောင်းသော နေ့ရက်များကို ပဟေဠိနန်းတော်က မှတ်တမ်းတင်ထားခဲ့ပြီး ပုံပြောသူက အဲဒါကို ဖြန့်ဝေပေးခဲ့လေသည်။

ထိုအခိုက်အတန့်မှာ လင်းရွှမ်ကျီသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ လျှို့ဝှက်ဆန်းကြယ်သော အကြီးအကဲ-၁၀ ဖြစ်နေဆဲပင်။

သို့သော်လည်း လင်းရွှမ်ကျီအတွက်တော့ သူသည် ပုံပြောသူဟူသော သရုပ်သကန်ကို သဘောအကျဆုံးဖြစ်လေသည်။

သူ၏ စိတ်နေစရိုက်အရ သူသည် အေးဆေးတည်ငြိမ်စွာ လုံးဝမနေနိုင်ဘဲ လူတိုင်းနှင့် စကားပြောဆိုချင်လေသည်။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ နေရသော သူ၏ နေ့ရက်များက သူ့ကို ရူးသွပ်စေလုနီးပါးပင်။

ဤနေ့မှာ လင်းကျန့်နှင့်အခြားသူများသည် ထျန်ဟွမ်ခန်းမသို့ ရောက်ရှိလာပြီး ဆူဇီမိုကို အကြံပြုလိုက်ကြ၏။

“ဇီမို.. နှစ်တစ်ရာကုန်သွားခဲ့ပြီ… ထျန်ဟွမ်ကမ္ဘာက အခြေကျပြီး ရုပ်လုံးပေါ်လာခဲ့ပြီ… ငါတို့တွေက ဧည့်သည်တော်တွေအဖြစ် ကမ္ဘာအချို့က လောကအရှင်တွေကို ဖိတ်ခေါ်သင့်တယ်ထင်တယ်”

“တစ်ဘက်မှာတော့ အဲဒါက အဲဒီကမ္ဘာတွေနဲ့ မိတ်ဆွေဖွဲ့ပြီး ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့ပဲ”

“တစ်ဘက်မှာတော့ ဓားကမ္ဘာရဲ့အရှင်.. ခွန်ဖန်းကမ္ဘာရဲ့ လောကအရှင်နှစ်ဦး… နဂါးလောကအရှင်နဲ့ တခြားသူတွေက အရင်တုန်းက ငါတို့ကို ကူညီဖို့အတွက် ပေါ်ထွက်ပေးခဲ့ကြတယ်… ဒီဖိတ်ခေါ်မှုက သူတို့ကိုပြန်ပြီး ကျေးဇူးတင်ရာရောက်တယ်”

ဆူဇီမိုက ခဏမျှစဉ်းစားပြီးနောက် ခေါင်းညိတ်ကာပြောလိုက်၏။

“ကောင်းပြီလေ…”

အရင်တုန်းက သူသည် ကမ္ဘာသစ်ကို တည်ထောင်ပြီးနောက် လာရောက်ကြည့်ရှုရန် ယွင်ကျူးကို ဖိတ်ခေါ်မည်ဟု ကတိပေးထားခဲ့၏။ သူသည် ဤအခွင့်အရေးကိုအသုံးချကာ ယွင်ကျူးကို အလည်အပတ်ခေါ်ယူနိုင်လေသည်။

ဆူဇီမိုက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ ကမ္ဘာအများစုနှင့် ပတ်သက်ဆက်ဆံမှုများစွာမရှိခဲ့ပေ။

သူသိရှိထားသော မိတ်ဆွေဟောင်းအများစုက ယခုအချိန် ထျန်ဟွမ်ကမ္ဘာမှာ ရောက်ရှိနေကြပြီဖြစ်၏။

ဆူဇီမိုသည် ခဏမျှစဉ်းစားပြီးနောက် ဖိတ်ခေါ်စာစောင်တချို့ကို ရေးသားကာ အပြင်ဘက်တွင် ပို့ဆောင်ရေးအစီအရင်တချို့ကို ခတ်နှိပ်လိုက်၏။ နောက်ဆုံးမှာတော့ သူသည် ထိုဖိတ်ခေါ်စာများကို ဓားကမ္ဘာ၊ နဂါးကမ္ဘာ၊ ပန်းကမ္ဘာ၊ ကောင်းကင်ဘုံကမ္ဘာ၊ နီညိုရောင်မျောက်ဝံကမ္ဘာနှင့် ခွန်ဖန်းကမ္ဘာတို့ရှိရာသို့ ပစ်ထုတ်လိုက်၏။

ဖိတ်ခေါ်စာစောင်များက အလင်းတန်းများအသွင်ပြောင်းလဲပြီး လေဟာနယ်ထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားကြ၏။

ထိုစဉ်မှာပင် ဆူဇီမိုသည် ထျန်ဟွမ်ကမ္ဘာ၏ အရှေ့ဘက်အရပ်မှ သိပ်သည်းပြင်းထန်သော စွမ်းအင်အတက်အကျတစ်ခုကို အာရုံခံမိလိုက်၏။

တစ်ယောက်ယောက်က ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ အဆင့်ချိုးဖျက်တက်လှမ်းနေသည်။

ထိုစွမ်းအင်အတက်အကျသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ရှိရာဘက်ကနေ ထွက်ပေါ်လာခြင်းဖြစ်၏။

ဆူဇီမိုက လူတိုင်းကို နှုတ်ဆက်ပြီး ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်အထက်သို့ ရောက်ရှိလာ၏။ သူက သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် တစ်ချက်ဝေ့ကြည့်ပြီးနောက် တောင်ထွတ်တစ်ခုပေါ်မှာ မျက်လုံးနှစ်ဖက်မှိတ်ထားသည့်မိုချင်ကို တွေ့မြင်လိုက်ရ၏။ သူမ၏ တာအိုသစ်သီးက သူမ၏ ရှေ့မှာပေါ်ထွက်လာပြီး သူမက ခွန်အားကို အဆက်မပြတ်စုစည်းကာ လေဟာနယ်ကို ထိုးဖောက်ဖို့ ပြင်ဆင်နေ၏။

သူမ၏ သေးသွယ်သော လက်ချောင်းများက လေထဲမှာ ကျောက်စိမ်းဖြူရောင်စုတ်တံများကဲ့သို့ ညင်သာစွာကခုန်နေပြီး လှပသော အမှတ်အသားများကို ကျန်ရစ်ခဲ့စေ၏။

ထိုအမှတ်အသားများကနေ ထွက်ပေါ်လာသော တာအိုနှင့်ဓမ္မပညာရပ်များက သူမ၏ တာအိုသစ်သီးနှင့် အဆက်မပြတ်ပေါင်းစည်းနေ၏။

သူမ၏ အော်ရာက အဆက်မပြတ် မြင့်တက်လာစဉ် သူမတာအိုသစ်သီး၏ စွမ်းအားကလည်း တိုးမြင့်လာ၏။

ဆူဇီမိုသည် ထွက်ခွာမသွားပေ။ ထိုအစား သူက မိုချင်ကို ကာကွယ်ပေးဖို့အတွက် ဤနေရာမှာ စောင့်ကြည့်နေ၏။

တောင်ထွတ်၏ ဘေးပတ်လည်မှာ မတ်တတ်ရပ်စောင့်ကြည့်နေသော တက္ကသိုလ်မှ ကျင့်ကြံသူများစွာလည်း ရှိနေကြ၏။

သူတို့က ဆူဇီမိုပေါ်ထွက်လာသည်ကို တွေ့မြင်သောအခါ စိတ်သက်သာစွာသက်ပြင်းချလိုက်ကြ၏။

လင်းရွှမ်ကျီက တက္ကသိုလ်မှာ တစ်နှစ်ပတ်လုံးရှိမနေဘဲ လူအိုကြီးရွှမ်ကလည်း အိုမင်းလွန်းနေပြီဖြစ်၏။

တက္ကသိုလ်မှာ မည်သူကမှ ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းရာမှာ မိုချင်ကို ကူညီမပေးနိုင်ကြပေ။

တစ်ခုခုဖြစ်လာမည်ဆိုလျှင် လူတိုင်းက ဘာမှတတ်နိုင်လိမ့်မည်မဟုတ်ပေ။

“လောကအရှင် ဒီကိုရောက်လာပြီပဲ… အားလုံးပဲ ဘာမှ စိုးရိမ်မနေနဲ့တော့”

ယန်လောရှုက ဆူဇီမိုပေါ်ထွက်လာသည်ကို တွေ့မြင်သောအခါ လက်နှစ်ဖက်ကို အနည်းငယ်ယှက်ပြီး ရယ်မောကာ ပြောလိုက်၏။

ဆူဇီမိုကလည်း အသိအမှတ်ပြုခေါင်းညိတ်ပြလိုက်၏။

ဘာ့ကြောင့်ရယ်မသိ အစက အဆင်ပြေချောမွေ့စွာ တက်လှမ်းနေသောမိုချင်သည် တစ်စုံတစ်ရာကို ကြားလိုက်ရပုံရ၏။ သူမ၏ ခန္ဓာကိုယ်ထဲရှိ အော်ရာက ရုတ်တရက် အလွန်တရာမတည်မငြိမ်ဖြစ်လာပြီး ကသောင်းကနင်းဖြစ်လာခဲ့၏။

ဤတိုင်းသာဆက်သွားလျှင် ချီသွေဖယ်ခြင်းအန္တရာယ်ပင် ကျရောက်လာနိုင်၏။

“ဟမ်…”

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်ပြီး ဝင်ရောက်စွက်ဖက်ဖို့ အလောတကြီးရှိမနေပေ။

ဤကဲ့သို့ ဘာ့ကြောင့်ရုတ်တရက်ဖြစ်လာရတာလဲ။

သူမက စောစောကတင် အဆင်ပြေနေသေးလေသည်။

ထိုစဉ်မှာပင် မိုချင်သည် ရုတ်တရက် သူမ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်ပြီး ဆူဇီမိုရှိရာဘက်သို့ ကြည့်လိုက်၏။

သူမ၏ လှပကြော့ရှင်းသောမျက်နှာပေါ်တွင် အလွန်တရာရှုပ်ထွေးသော အမူအရာတစ်ခုပေါ်ထွက်လာ၏။ သူမက တစ်ချိန်တည်းမှာပင် ဒေါသထွက်ခြင်း မကျေမချမ်းဖြစ်ခြင်းနှင့် ရှက်ရွံ့ခြင်းတို့ကို ခံစားနေရသည့်အလားပင်။

မိုချင်သည် ပန်းချီတာအိုမှာ ခုံမင်စွဲလမ်းပြီး သူမ၏ စိတ်အခြေအနေက အမြဲတမ်း တည်ငြိမ်နေခဲ့၏။ သူမသည် မော်တယ်လောကနှင့် ငြိစွန်းမှုမရှိသော ပန်းချီကားထဲမှ အာကာသသက်ရှိတစ်ဦးကဲ့သို့ဖြစ်ပြီး ဤကဲ့သို့သောအမူအရာတစ်ခု ဘယ်တုန်းကမှ မထုတ်ဖော်ခဲ့ဖူးပေ။

ထိုအခိုက်အတန့်မှာ သူမသည် မော်တယ်လောကသို့ ဆင်းသက်လာသော နတ်မိမယ်တစ်ပါးကဲ့သို့ဖြစ်လေသည်။ သူမ၏ မျက်လုံးများက မကျေမချမ်းမှု၊ ချစ်ခြင်းမေတ္တာတို့ဖြင့် ပြည့်နှက်နေပြီး မကြုံစဖူး စိတ်လှုပ်ရှားနေသည့်ပုံပေါ်၏။

ဆူဇီမို၏ စိတ်စွမ်းအားနှင့်ပင်လျှင် သူက အနည်းငယ်ငေးငိုင်သွားရ၏။

သို့သော်လည်း မိုချင်က မကောင်းသောအခြေအနေမှာ ကျရောက်နေသည်ကို တွေ့မြင်သောအခါ သူက စဉ်းစားနေဖို့ အချိန်များစွာမရပေ။ သူက သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို အလောတကြီးပို့လွှတ်ပြီး ဗုဒ္ဓသုတ္တန်တစ်ခုကို တိတ်တဆိတ်ရွတ်ဆိုပေးလိုက်၏။

“ဓမ္မက အရာရာတိုင်းမှာရှိတယ်… ဘဝဆိုတာ အိပ်မက်တစ်ခုလို ရေပွက်တစ်ခုပမာပဲ… မတည်မြဲတဲ့အရာတွေအားလုံးကို လွှတ်ချရမယ်”

“စီနီယာအစ်မမိုချင်… ပျံ့လွင့်နေတဲ့ စိတ်အတွေးတွေအားလုံးကို ဖယ်ထုတ်ပြီး ခင်ဗျားရဲ့ စိတ်ဝိညာဉ်စံအိမ်ကို ကာကွယ်စောင့်ရှောက်ပါ”

သုတ္တန်က တကယ်ပင် စွမ်းအားကြီးမားလေသည်။ ဒါ့အပြင် ဆူဇီမိုသည် ဗုဒ္ဓကျောင်းတော်များ၏ အသံပိုင်းလျှို့ဝှက်အတတ် နိဗ္ဗာန်ဆော်ကို အသုံးပြုကာ မိုချင်ကို ချက်ချင်းပင် သတိပြန်ကပ်စေရန် ကူညီပေးလိုက်၏။

မိုချင်က အသက်ပြင်းပြင်တစ်ချက်ရှိုက်ပြီး သူမ၏ မျက်လုံးများကို တစ်ဖန်မှိတ်လိုက်၏။ သို့သော်လည်း သူမ၏ အမူအရာက တွေဝေရှုပ်ထွေးနေဆဲဖြစ်၏။

ခဏနေပြီးနောက် သူမ၏ အော်ရာက တဖြည်းဖြည်းတည်ငြိမ်လာခဲ့လေသည်။

“အဲဒါတွေအားလုံး နင့်အမှားပဲ”

ထိုစဉ်မှာပင် ရေခဲလိပ်ပြာက ဆူဇီမိုရှိရာသို့ ပြေးလာနေပြီး ဒေါသတကြီးပြောလိုက်၏။

“နင်သာ ရောက်မလာခဲ့ရင် သူက ဘာမှဖြစ်မှာမဟုတ်ဘူး”

အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ…

ဆူဇီမိုက တွေဝေရှုပ်ထွေးသွားပြီး ပြန်ပြောတော့မည့်ဆဲဆဲမှာပင် မိုချင်၏ ဒေါသထွက်၍ ထူးဆန်းနေသော အမူအရာနှင့် မကျေမချမ်းဖြစ်နေသောအကြည့်က သူ၏ စိတ်ထဲမှာ တစ်ဖန်ပေါ်ထွက်လာ၏။

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်လေသည်။

အနားမှာ မည်သူကမှ သူ့ကိုအာရုံစိုက်မနေသည့်အခါ သူ့အား မိုချင်ပေးထားသည့် ပန်းချီကားကို ထုတ်ယူပြီး ဖြည်းဖြည်းချင်းဖြန့်ကြည့်လိုက်၏။

ဆူဇီမိုသည် ပန်းချီကားထဲမှလူကို တွေ့မြင်သောအခါ မှင်တက်သွားရ၏။

ထိုလူမှာ အနက်ရောင်ဆံပင်ရှိပြီး ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ မျက်နှာဖုံးကို ယခုတင်ခွာလိုက်သည့်အလား လက်ထဲမှာကိုင်ထား၏။ သူမသည် သိုင်းတာအိုပင်မခန္ဓာ၏ ရုပ်ပုံကို ရေးဆွဲထားသည်မှာ သိသာလေသည်။

သို့သော်လည်း ပန်းချီကားထဲရှိ လူ၏ မျက်နှာက သူ့မျက်နှာနှင့် ထပ်တူထပ်မျှ တူညီနေ၏။

မိုချင်က သိရှိသွားခဲ့ပြီဖြစ်၏။

မိုချင်သည် ပန်းချီကားပေါ်မှာ သူမ၏ နာမည်ကို လက်မှတ်ရေးထိုးထားခြင်းမရှိပေ။ ထိုအစား စကားလုံးတစ်လုံးသာလျှင် ရှိနေ၏။

‘ဟွန်း…’။

အခန်း ၃၁၄၈ - အမှုဆောင်တမန်တော်

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ…

ရုတ်တရက် လျှို့ဝှက်ကုန်းမြေ၏ အထက်မှာ ဧရာမအက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာပြီး ကြောက်စရာကောင်းသော စွမ်းပကားတစ်ခု ဖြာထွက်ကာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဧကရာဇ်များကို တစ်ယောက်ပြီးတစ်ယောက် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာစေ၏။

ကောင်းကင်ဘုံခုံရုံးမှ လူများသာလျှင် ဤလျှို့ဝှက်ကုန်းမြေသို့ အလွယ်တကူ ဆင်းသက်လာနိုင်သည်။

မွန်မြတ်ကောင်းကင်ဘုံ လောကအရှင်ခြောက်ဦးက ရိုသေလေးစားသော အမူအရာများနှင့်အတူ ချက်ချင်းပင် ပေါ်ထွက်လာပြီး ကောင်းကင်ဘုံခုံရုံး၏ ဆင်းသက်လာမှုကို ဒူးထောက်ကာ ကြိုဆိုလိုက်ကြ၏။

အက်ကွဲကြောင်းထဲကနေ လူများစွာက ဖြည်းဖြည်းချင်း ပေါ်ထွက်လာပြီး သူတို့တစ်ယောက်ချင်းစီက ကြောက်စရာကောင်း၍ ထက်ရှသော အော်ရာတစ်ခုစီကို ထုတ်ဖော်ထားကြ၏။

သူတို့အားလုံးက ဧကရာဇ်ပညာရှင်များ ဖြစ်ကြသည်။

ရှေ့မှာ မတ်တတ်ရပ်နေသော လူတချို့ထဲမှာ သုံးယောက်သည် ယခင်က အရှက်တကွဲ ရှုံးနိမ့်ကာ ကောင်းကင်ဘုံခုံရုံးသို့ အသက်လုထွက်ပြေးသွားခဲ့ရသော သခင်လေးသုံးဦး… ဧကရာဇ်မိုးပြာရောင်မီးတောက်၊ ဧကရာဇ်ပိုင်ယွီနှင့် ဧကရာဇ်ရွှမ်စန်တို့ ဖြစ်လေသည်။

သိပ်မကြာခင် ကောင်းကင်ဘုံခုံရုံးပညာရှင်များသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ လုံးလုံးလျားလျား ဆင်းသက်လာကြ၏။ သူတို့က စုစုပေါင်း အယောက် ၂၀၀ ဖြစ်ပြီး အားလုံးက ဧကရာဇ်ပညာရှင်များ ဖြစ်ကြသည်။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ လူတိုင်းက တိတ်တဆိတ် ထိတ်လန့်သွားကြ၏။

ကောင်းကင်ဘုံခုံရုံး၏ အခြေခံအုတ်မြစ်က တကယ်ကို ထူးခြားအံ့မခန်းဖြစ်ပြီး စဉ်းစားကြည့်၍ပင် မရနိုင်အောင်ပင်။

ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲတိုင်းက ခေတ်တိုင်းခေတ်တိုင်းမှာ ဖြစ်ပွားတတ်တော့လည်း ပင်မစစ်မြေပြင်သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ အမြဲတမ်းဖြစ်ခဲ့လေသည်။ ကောင်းကင်ဘုံခုံရုံးသည် ထိခိုက်မှုများစွာကို မခံစားခဲ့ရပေ။

ဒါ့အပြင် ကောင်းကင်ဘုံကိုးလွှာသည် ခုံရုံးအဖြစ် ထမ်းဆောင်ပြီး သိပ်သည်းကျစ်လစ်သော ကောင်းကင်နှင့်မြေကြီးအမြုတေချီ အများစုကို ကောင်းကင်ဘုံခုံရုံးမှာ ချိပ်ပိတ်ထားပြီး သူတို့အတွက် သာလွန်ထူးခြားသော ပတ်ဝန်းကျင်တစ်ခုကို ဖြစ်ပေါ်လာစေ၏။

တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံခုံရုံးသည် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲတိုင်းမှာ အနိုင်ရရှိခဲ့ပြီး သူတို့သည် မရေမတွက်နိုင်သော ရတနာများ၊ ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်ကျမ်းများကို ပိုင်ဆိုင်လာခဲ့၏။

ဤကဲ့သို့သော အခြေအနေအောက်မှာ ကောင်းကင်ဘုံခုံရုံးတွင် ကျင့်ကြံပြီး ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းရခြင်းသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာထက် များစွာပိုမို လွယ်ကူချောမွေ့လေသည်။

ထို့ကြောင့်ပင် ကောင်းကင်ဘုံခုံရုံးမှာ ဧကရာဇ်ပညာရှင်များစွာ ရှိနေခြင်းဖြစ်၏။

ဤတစ်ခေါက် ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်ပညာရှင် ၂၀၀ကို သူတို့၏ ခါးများပေါ်မှ သရုပ်သကန် တံဆိပ်ပြားများအရ အဖွဲ့လေးဖွဲ့ ခွဲနိုင်လေသည်။

အရှေ့ဘက်၏ အပြာရောင်ကောင်းကင်ဘုံ၊ တောင်ဘက် မီးတောက်ကောင်းကင်ဘုံ၊ အနောက်ဘက် ပေါ်ထွန်းမှုကောင်းကင်ဘုံနှင့် မြောက်ဘက် ဆန်းကြယ်ကောင်းကင်ဘုံ…။

ယခင်ကလည်း ကောင်းကင်ဘုံလေးခုမှ ပညာရှင်များ ဆင်းသက်လာခဲ့ကြ၏။

သို့သော်လည်း ထိုစဉ်တုန်းက ဧကရာဇ်အရေအတွက်က ၃၀ထက် မပိုခဲ့ပေ။

ဤတစ်ခေါက်မှာ အပြာရောင်ကောင်းကင်ဘုံ၊ မီးတောက်ကောင်းကင်ဘုံ၊ ပေါ်ထွန်းမှုကောင်းကင်ဘုံနှင့် ဆန်းကြယ်ကောင်းကင်ဘုံတို့က ဧကရာဇ်ပညာရှင် ၅၀စီကို စေလွှတ်ပေးခဲ့ပြီး စုစုပေါင်း ဧကရာဇ်ပညာရှင် ၂၀၀ ရှိနေ၏။ သခင်လေးသုံးဦးအပြင် အဲ့ဒီမှာ အမှုဆောင်တမန်တော်လေးဦးပင်လျှင် ရှိနေ၏။ ထိုအချင်းအရာကနေ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ဤတစ်ခေါက်ခရီးစဉ်ကို ကောင်းကင်ဘုံခုံရုံးက ဘယ်လောက်အလေးထားသလဲ တွေ့မြင်နိုင်လေသည်။

ထိုအဖွဲ့လေးဖွဲ့၏ ရှေ့မှာ အမှုဆောင်တမန်တော်လေးဦးက ကြောက်စရာကောင်းသော အော်ရာများနှင့်အတူ မတ်တတ်ရပ်နေကြ၏။ ကောင်းကင်ဘုံခုံရုံးမှ သခင်လေးများ၏ အဆင့်အတန်းကပင် အမှုဆောင်တမန်တော်များထက် တစ်ဆင့်နိမ့်နေ၏။

မီးတောက်ကောင်းကင်ဘုံ၏ အဖွဲ့ဘက်တွင် မီးတောက်ကောင်းကင်ဘုံမှ သခင်လေးအသစ် ရှိမလာသေးပေ။

သူတို့ဘက်မှာ မီးတောက်ကောင်းကင်ဘုံ၏ အမှုဆောင်တမန်တော်တစ်ဦးသာလျှင် ရှိလေသည်။ သူက မီးတောက်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ ဆံပင်များက နီရဲနေ၏။ သူ၏ အကြည့်က လောင်ကျွမ်းနေပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တတ်ရပ်နေရုံမျှဖြင့် ဘေးပတ်ဝန်းကျင် လေဟာနယ်က တွန့်လိမ်ကာ ဝေဝါးလာခဲ့ပြီဖြစ်၏။

"အမှုဆောင်တမန်တော်တို့၊ သခင်လေးတို့၊ ကောင်းကင်ဘုံခုံရုံးက ဧကရာဇ်ပညာရှင်တို့… ကြိုဆိုပါတယ်"

မွန်မြတ်ကောင်းကင်ဘုံ လောကအရှင်ခြောက်ဦးက ကျယ်လောင်စွာ ကြိုဆိုနှုတ်ဆက်လိုက်ကြသည်။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဧကရာဇ်ပညာရှင် တစ်ရာကျော်ကျော်ကလည်း လိုက်ပါနှုတ်ဆက်လိုက်ကြ၏။

“ထကြ”

အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံက မှင်သေသေဖြင့်ပြောပြီး ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်များနှင့်အတူ ဆင်းသက်ကာ မွန်မြတ်ကောင်းကင်ဘုံခန်းမထဲသို့ ဝင်ရောက်သွားလေသည်။

ကောင်းကင်ဘုံခုံရုံးဧကရာဇ် ၂၀၀ ခန်းမထဲသို့ ဝင်ရောက်သွားမှသာ မွန်မြတ်ကောင်းကင်ဘုံ လောကအရှင်ခြောက်ဦးက မတ်တတ်ရပ်ရဲပြီး အလျင်အမြန် လိုက်ပါသွားကြ၏။

“ငါတို့… မင်းတို့ဆီက သတင်းတွေကို ရပြီးသွားပြီ”

အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံက ပြောလိုက်၏။

“ရတနာစေတီကို အကုန်ဖွင့်ပေးလိုက်… တိုက်ပွဲရမှတ်တွေကို ဖလှယ်ရယူခိုင်းလိုက်… မိစ္ဆာသတ်ဖြတ်ခြင်းတိုက်ပွဲတစ်ခုအတွက် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ပြင်ဆင်ခိုင်းလိုက်ကြတာပေါ့”

မွန်မြတ်ကောင်းကင်ဘုံ လောကအရှင်ခြောက်ဦးက အားတက်သရော ရှိလာကြ၏။

ပုံမှန်အခြေအနေမှာဆိုလျှင် ရတနာစေတီကို ငါးထပ်အထိသာ ဖွင့်ထားပေလိမ့်မည်။

လောကမှာ ကစဉ့်ကလျားအခြေအနေများ ပေါ်ထွက်လာမှသာ အဲဒါကို လုံးလုံးလျားလျား ဖွင့် လှစ်ပေလိမ့်မည်။

ရတနာစေတီ၏ ငါးထပ်မြောက်မှာ ဘုရင်များနှင့် ဧကရာဇ်ပညာရှင်များ လိုအပ်သော ရတနာများ ရှိပြီး တိုက်ပွဲရမှတ်များစွာကို လိုအပ်လေသည်။

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ပေါင်းစည်းခြင်းပကတိစိတ်ဝိညာဉ်တစ်ဦးကို သတ်ဖြတ်ခြင်းသည် တိုက်ပွဲရမှတ်တစ်မှတ်သာ ထိုက်တန်သည်။

သုခဘုံလေဟာနယ် ပကတိစိတ်ဝိညာဉ်တစ်ဦးကို သတ်ဖြတ်ခြင်းသည် တိုက်ပွဲရမှတ် ငါးမှတ်သာ ထိုက်တန်သည်။

ဘုရင်အဆင့် ရတနာတစ်ခုကို ဖလှယ်ရယူဖို့အတွက် တိုက်ပွဲရမှတ် သောင်းချီကို လိုအပ်လေသည်။

လောကမှာ ကစဉ့်ကလျားအခြေအနေများ ပေါ်ထွက်လာတော့မည့်အချိန်တိုင်း မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသည် ရတနာစေတီကို လုံးလုံးလျားလျား ဖွင့်လှစ်ပြီး တိုက်ပွဲရမှတ်များကို လွတ်လပ်စွာ ဖလှယ်ရယူခွင့် ပေးပေလိမ့်မည်။

ကောင်းကင်လိုဏ်ဂူအသေး ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များကို သတ်ဖြတ်ခြင်းသည် တိုက်ပွဲရမှတ် ၁၀၀ ထိုက်တန်သည်။

ကောင်းကင်လှိုင်ဂူအကြီး ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များကို သတ်ဖြတ်ခြင်းသည် တိုက်ပွဲရမှတ် ၂၅၀ ထိုက်တန်လေသည်။

ပကတိကောင်းကင်လိုဏ်ဂူ ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များကို သတ်ဖြတ်ခြင်းသည် တိုက်ပွဲရမှတ် ၅၀၀ ထိုက်တန်သည်။

သာမန်ဧကရာဇ် ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များကို သတ်ဖြတ်ခြင်းသည် တိုက်ပွဲရမှတ် ၁၀၀၀ ထိုက်တန်သည်။

ကြီးမားသော အကျိုးအမြတ်များဖြင့် မက်လုံးအောက်မှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနှင့် ကောင်းကင်ဘုံခုံရုံး၏ တိုက်တွန်းနှိုးဆော်မှု မရှိလျှင်တောင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ပညာရှင်များစွာသည် ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များကို စိတ်ပါလက်ပါ လာရောက် သတ်ဖြတ်ကြပေလိမ့်မည်။

ထိုအချက်သည် ရတနာစံအိမ်နှင့် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေ တည်ရှိနေခြင်း၏ အနက်ရှိုင်းဆုံး အဓိပ္ပာယ်ဖြစ်၏။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသည် ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များကို သတ်ဖြတ်ပြီး ရတနာများ ဖလှယ်ရယူရန် တိုက်ပွဲရမှတ်များ စုဆောင်းဖို့အတွက် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို နှစ်တစ်သောင်းတိုင်းမှာ တစ်ကြိမ်ဖွင့်လှစ်ပေးလေသည်။

ထိုအချက်သည် လူတိုင်း၏ စိတ်ထဲမှာ နက်ရှိုင်းစွာ စွဲထင်လာခဲ့ပြီဖြစ်သော မသိမသာ လွှမ်းမိုးမှုတစ်ခု ဖြစ်လာ၏။ တကယ်တော့ အဲဒါသည် မိစ္ဆာသတ်ဖြတ်သုတ်သင်ခြင်း တိုက်ပွဲ၏ ပထမဆုံးခြေလှမ်းသာ ဖြစ်လေသည်။

အကျိုးအမြတ်များ၏ မက်လုံးသက်သက်က အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ပညာရှင်အများစုကို ကောင်းကင်ဘုံခုံရုံးက အသုံးချလာနိုင်စေဖို့ လုံလောက်ချင်မှ လုံလောက်ပေလိမ့်မည်။

ကောင်းကင်ဘုံခုံရုံးသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ နက်ရှိုင်းသော ကြောက်တရားကို သွတ်သွင်းပေးချင်သည်ဆိုလျှင် ပကတိစွမ်းအားနှင့် သွေးလွှမ်းမှုများကိုလည်း လိုအပ်လေသည်။ ထိုသို့ဖြင့် သူတို့သည် ကောင်းကင်ဘုံခုံရုံး၏ ထိန်းချုပ်ခြင်းခံရပြီး ဆိုးယုတ်မိစ္ဆာများကို ဆန့်ကျင်တိုက်ခိုက်ကြပေလိမ့်မည်။

သူတို့သည် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများထံ အကြောက်တရားကို သွတ်သွင်းပေးလိုသည်ဆိုလျှင် သူတို့သည် သူတို့၏ စွမ်းပကားကို တည်ဆောက်ရပေမည်။

သွေးဖြင့် နှိုးဆွခြင်းကသာ ချက်ချင်းလက်ငင်း အကျိုးသက်ရောက်မှုတစ်ခုကို ဖြစ်ပေါ်လာစေနိုင်မည်ဖြစ်၏။

“အမှုဆောင်တမန်တော်တို့… ခင်ဗျားတို့တွေက ဘယ်လိုတွေ စီစဉ်ထားသလဲ ကျုပ်သိလို့ရမလား”

နတ်ဘုရားဧကရာဇ် မွန်မြတ်ကောင်းကင်ဘုံက မေးလိုက်၏။

အမှုဆောင်တမန်တော် ပေါ်ထွန်းမှုကောင်းကင်ဘုံက ပြောလိုက်၏။

ထျန်ဟွမ်ကမ္ဘာက ဆူဇီမိုက ဓားကမ္ဘာနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခု ရှိတယ်ဆိုမှတော့ ငါတို့ အုပ်စုနှစ်စု ခွဲလိုက်မယ်… ပေါ်ထွန်းမှုကောင်းကင်ဘုံ၊ ဆန်းကြယ်ကောင်းကင်ဘုံနဲ့ မီးတောက်ကောင်းကင်ဘုံက ဧကရာဇ်တွေက ဓားကမ္ဘာဆီ ငါနဲ့လိုက်ခဲ့ကြ”

“အပြာရောင်ကောင်းကင်ဘုံက ထျန်ဟွမ်ကမ္ဘာဆီ မင်းတို့လူတွေကို ခေါ်သွား”

ထျန်ဟွမ်ကမ္ဘာမှာ လောကအရှင်တစ်ဦးသာလျှင် ရှိပြီး ဧကရာဇ်ပညာရှင်တစ်ဦးပင် မရှိပေ။ အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံ၊ ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသောဧကရာဇ် ၄၉ဦး ပေါ်ထွက်ပေးခြင်းသည် ထျန်ဟွမ်ကမ္ဘာကို လုံလောက်သည့် လေးစားမှု ပြပြီးသွားလေပြီ။

ရုတ်တရက် ကျောက်တုံးဧကရာဇ် မွန်မြတ်ကောင်းကင်ဘုံက ပြောလိုက်၏။

“ကျုပ်တို့တွေက ဓားကမ္ဘာကိုသွားပြီး ဟိုအဘိုးကြီးသုံးယောက်က ရုတ်တရက် ကောင်းကင်ဘုံခုံရုံးထံ အညံ့ခံလာခဲ့မယ်ဆိုရင် ကျုပ်တို့တွေက တိုက်ခိုက်ရဦးမှာလား”

အမှုဆောင်တမန်တော် ပေါ်ထွန်းမှုကောင်းကင်ဘုံက ထိုစကားကို ကြားသောအခါ ပြုံးလိုက်၏။

“ငါတို့တွေက ဒီတစ်ခေါက် ဓားကမ္ဘာကို အညံ့ခံခိုင်းဖို့ သွားမှာ မဟုတ်ဘူး… ငါတို့က သတ်ဖြတ်ပြီးတော့ ငါတို့ရဲ့ စွမ်းပကားကို တည်ဆောက်ဖို့ပဲ”

“ဓားကမ္ဘာက အညံ့ခံခံ မခံခံ… သူတို့ကို ဆက်ပြီးတော့ ထားစရာ မလိုတော့ဘူး”

“နားလည်ပါပြီ”

ကျောက်တုံးဧကရာဇ် မွန်မြတ်ကောင်းကင်ဘုံက ဝမ်းသာအားရဖြင့် ပြောလိုက်၏။

“ကျုပ်တို့တွေက ကောင်းကင်ဘုံမျက်လုံးကမ္ဘာ၊ ကျောက်တုံးကမ္ဘာ၊ သွေးကမ္ဘာနဲ့ ရွှေကျီးကန်းကမ္ဘာတို့ကို အရင်ဆုံး သွားသင့်တယ်လို့ ထင်တယ်… အဲဒီကမ္ဘာတွေက ဒီနှစ်တွေထဲမှာ ဓားကမ္ဘာနဲ့ ဆက်ဆံရေးမကောင်းကြဘူး”

“ကျုပ်တို့တွေက ဒီအခွင့်အရေးကို အသုံးချပြီး အဲဒီကမ္ဘာတွေကို သူတို့ရဲ့ ရပ်တည်ချက်ကို ပြခိုင်းလို့ရတယ်”

“အရှင်တို့… အဲဒီအချိန်ကျရင် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၊ ဒါမှမဟုတ် ခင်ဗျားတို့တွေက တိုက်ခိုက်စရာတောင် လိုချင်မှ လိုလိမ့်မယ်… အဲဒီကမ္ဘာတွေရဲ့ မဟာမိတ်အဖွဲ့တွေကတင် ဓားကမ္ဘာကို ဖျက်ဆီးပစ်ဖို့ လုံလောက်နေပြီ”

“အင်း… အဲဒါ စိတ်ကူးကောင်းပဲ”

အမှုဆောင်တမန်တော် ပေါ်ထွန်းမှုကောင်းကင်ဘုံက ခေါင်းညိတ်ပြလိုက်၏။

နတ်ဘုရားဧကရာဇ် မွန်မြတ်ကောင်းကင်ဘုံကလည်း အလောတကြီး အကြံပြုလိုက်၏။

“အရှင်တို့… မကြာသေးခင်တုန်းက ဆူဇီမိုက ဓားကမ္ဘာ၊ နဂါးကမ္ဘာနဲ့ ထိပ်တန်းကမ္ဘာကြီးတချို့ကို ဧည့်သည်တော်တွေအဖြစ် ထျန်ဟွမ်ဂိုဏ်းကို ဖိတ်ခေါ်ထားတယ်လို့ ကျုပ်ကြားထားတယ်”

“နတ်ဘုရားမျိုးနွယ်က ထျန်ဟွမ်ကမ္ဘာကိုသွားပြီး အမှောင်အပြစ်သားစိတ်ဝိညာဉ်ကို သတ်ဖြတ်ချင်ခဲ့တာ ကြာခဲ့ပြီ… အဲဒီအချိန်ကျရင် ကျုပ်တို့တွေက ခင်ဗျားတို့နဲ့အတူ နတ်ဘုရားမျိုးနွယ်စစ်တပ်ကို စေလွှတ်ခိုင်းပြီး ထျန်ဟွမ်ကမ္ဘာကို အံ့အားသင့်သွားအောင် လုပ်လို့ရတယ်”

ထိုနေရာအရောက်မှာ နတ်ဘုရားဧကရာဇ် မွန်မြတ်ကောင်းကင်ဘုံ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေ၏။

အလင်းကမ္ဘာသည် လွန်ခဲ့သည့် နှစ်တစ်ရာက လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုခဲ့၏။ သို့သော်လည်း သူက ထိုအချိန်တုန်းက ဤနေ့အတွက် သူတို့ကို တားဆီးထားခဲ့လေသည်။

“အဲဒါလည်း ရတယ်လေ”

အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံက ခေါင်းညိတ်ပြလိုက်၏။

ဧကရာဇ်မိုးပြာရောင်မီးတောက်က လုံးဝ စိတ်ဝင်စားခြင်းမရှိဘဲ ရယ်ရုံသာရယ်နေ၏။

သူသည် အင်မော်တယ်ဘုရင်တစ်ဦး တည်ဆောက်ထားသည့် ထျန်ဟွမ်ကမ္ဘာကို လုံးဝ အတည်အတံ့ မှတ်ယူမထားပေ။

ဤတစ်ခေါက် သူ၏ အမျက်ဒေါသများကို ဖွင့်ထုတ်ဖို့အတွက် လူတချို့ကိုတော့ သတ်ဖြတ်ချင်လေသည်။ သို့သော်လည်း သူ၏ ရင်ထဲမှ အစစ်အမှန် အငြိုးအတေးက မဟာအရိုင်းကမ္ဘာမှာ ရှိနေဆဲဖြစ်သည်။

All Chapters