အခန်း (၃၁၄၉+၃၁၅၀)
Vol. 210 Ch. 3149+3150
အခန်း ၃၁၄၉ - အကဲဖြတ်မှားခြင်း
ဧကရာဇ်မိုးပြာရောင်မီးတောက်သည် အဲဒါက ပျင်းစရာကောင်းသည်ဟု ခံစားရပြီး မနေနိုင်ဘဲ ဝင်ပြောလိုက်၏။
“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက အဲ့ဒီလူအုပ်စုကို ထျန်ဟွမ်ကမ္ဘာနဲ့ ဓားကမ္ဘာကို ဖျက်ဆီးဖို့အတွက် တခြားကမ္ဘာတွေနဲ့ ပူးပေါင်းခိုင်းလိုက်… ကျုပ်တို့က မဟာအရိုင်းကမ္ဘာကို သွားကြရအောင်”
“ငါတို့ မဟာအရိုင်းကမ္ဘာကို သေချာပေါက်သွားမှာပါ”
အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံက ပြောလိုက်၏။
“ဒါပေမဲ့ အခုက အချိန်မတန်သေးဘူး… ရက်အနည်းငယ်နေရင် ကျန်တဲ့ အမှုဆောင်တမန်တော်ငါးဦးက သူတို့လူတွေကို ခေါ်ပြီး ရောက်လာလိမ့်မယ်… အဲ့ဒီအချိန်ကျရင် ငါတို့က ဧကရာဇ်အထီးကျန်သိုင်းသခင်နဲ့ သွားတွေ့ရလိမ့်မယ်”
“ခင်ဗျားတို့ အမှုဆောင်တမန်တော်လေးဦးနဲ့ ဧကရာဇ် ၂၀၀ ရှိနေတာပဲ… အဲ့ဒါက အထီးကျန်သိုင်းသခင်ကို အနိုင်ယူဖို့ လုံလောက်တယ် မဟုတ်ဘူးလား”
ဧကရာဇ်မိုးပြာရောင်မီးတောက်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“အဲ့ဒီအထီးကျန်သိုင်းသခင်ကလည်း အဲ့လောက်ထိ သန်မာတာမှ မဟုတ်တာ… အရင်တုန်းက စံအိမ် ၂၈ခု ဝင်္ကပါမှာ အားနည်းချက်တစ်ခု ရှိသွားတာကြောင့် မဟုတ်ရင် သူက အနိုင်ရခဲ့မှာ မဟုတ်ဘူး”
အမှုဆောင်တမန်တော် ဆန်းကြယ်ကောင်းကင်ဘုံက ပြောလိုက်၏။
“အဲ့ဒီလူတွေက အထီးကျန်သိုင်းသခင်ကို သတ်ဖို့ သေချာပေါက် မလုံလောက်ဘူး…. ဒါပေမဲ့ ငါတို့က ကောင်းကင်ဘုံခုံရုံးရဲ့ ပျက်စီးထိခိုက်မှုကို တတ်နိုင်သမျှ လျှော့ချချင်တယ်ဆိုရင် ငါတို့က တခြားအမှုဆောင်တမန်တော်တွေ ရောက်လာတာကို စောင့်ရမယ်”
“အဲ့ဒီအချိန်ကျရင် ငါတို့တွေက ပူးပေါင်းပြီး သူ့ကို ဘာအခွင့်အရေးမှ ပေးမှာမဟုတ်ဘူး”
အစက ကောင်းကင်ဘုံခုံရုံးသည် ဤမျှအထိ မြန်မြန်ဆန်ဆန် ပေါ်ထွက်လာဖို့ စိတ်ကူးမရှိခဲ့ပေ။
သို့သော်လည်း ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသခင်လေးနှစ်ဦးသည် မချင့်မရဲဖြစ်နေကြပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ သတ်ဖြတ်ခြင်းဖြင့် လမ်းဖောက်ချင်နေသောကြောင့် အမှုဆောင်တမန်တော်လေးဦးက ဤလူများကို အရင်ခေါ်ယူလာခဲ့ရလေသည်။
နတ်ဘုရားဧကရာဇ် မွန်မြတ်ကောင်းကင်ဘုံက ညင်သာစွာ ချောင်းဟန့်လိုက်၏။
“အရှင်တို့… ကျုပ်တို့ရထားတဲ့ သတင်းအရဆိုရင် ထျန်ဟွမ်ကမ္ဘာက ထျန်ဟွမ်ဂိုဏ်းက မဟာအရိုင်းကမ္ဘာက အထီးကျန်သိုင်းသခင်နဲ့ ပတ်သတ်ဆက်စပ်နေလောက်တယ်”
“အို…”
အမှုဆောင်တမန်တော် အပြာရောင်မိုးကောင်းကင်က မျက်ခုံးအနည်းငယ်ပင့်လိုက်၏။
“ဖြစ်နိုင်ခြေက တစ်ခုပဲရှိတယ်”
နတ်ဘုရားဧကရာဇ် မွန်မြတ်ကောင်းကင်ဘုံက အလောတကြီး ရှင်းပြလိုက်၏။
“ဘာပဲပြောပြော ဧကရာဇ်အထီးကျန်သိုင်းသခင်က မဟာအရိုင်းကမ္ဘာကို သွားပြီးတဲ့နောက် ထျန်ဟွမ်ဂိုဏ်းနဲ့ ထိတွေ့ဆက်ဆံမှု သိပ်မရှိခဲ့ဘူး… သူက သူသာမန်ကာလျှံကာ တည်ထောင်ထားတဲ့ အဲ့ဒီဂိုဏ်းငယ်လေးကို ဂရုတောင် စိုက်ချင်မှစိုက်လိမ့်မယ်”
အမှုဆောင်တမန်တော် အပြာရောင်မိုးကောင်းကင်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အဲ့ဒါက ရှင်းရှင်းလေးပဲ… အချိန်တန်ရင် ငါတို့က ထျန်ဟွမ်ကမ္ဘာရဲ့ ဘေးပတ်လည်ကို ချိပ်ပိတ်ပြီး ဘယ်သတင်းကိုမှ အထွက်ခံမှာ မဟုတ်ဘူး”
သူတို့သည် သူတို့၏ စွမ်းပကားကို တည်ဆောက်ဖို့ လှုပ်ရှားမှုတစ်ခု ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်ဆိုမှတော့ ကောင်းကင်ဘုံခုံရုံးသည် ဓားကမ္ဘာနှင့် ထျန်ဟွမ်ကမ္ဘာကို မည်သည့်အခွင့်အရေးမှ ပေးတော့မည် မဟုတ်ပေ။
“သွားကြမယ်”
အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံက ဧကရာဇ်မိုးပြာရောင်မီးတောက်၏ ပခုံးကို လက်ဖြင့်ပုတ်ကာ ပြောလိုက်၏။
“ထျန်ဟွမ်ကမ္ဘာမှာ ယက္ခိုသ်တွေ ပုန်းကွယ်နေလောက်တယ်လို့ ငါကြားတယ်… အဲ့ဒီယက္ခိုသ်အမျိုးသမီးတွေက တကယ့်အချောအလှတွေပဲ… မင်း သူတို့တွေထဲက စိတ်ကြိုက်ရွေးပြီး ပြန်ခေါ်လာလို့ရတယ်”
ထိုစကားကို ကြားချိန်မှာ ဧကရာဇ်မိုးပြာရောင်မီးတောက်က စိတ်ပါယိမ်းယိုင်လာခဲ့ပြီး ခေါင်းညိတ်ပြလိုက်၏။
အာကာသဥမင်ထဲမှာ ဧရာမတော်ဝင်သင်္ဘောတစ်စင်းက အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ အစွန်အဖျား တိတ်ဆိတ်ခြောက်ကပ်သော နေရာများသို့ ဦးတည်လာခဲ့လေသည်။
သင်္ဘောမှာ စုစုပေါင်း အထပ်ကိုးထပ်ရှိပြီး ပေတစ်ထောင် မြင့်မားလေသည်။ အထပ်တစ်ထပ်ချင်းစီမှာ လူများစွာကို တွေ့မြင်နိုင်သည်။ အဲ့ဒီမှာ ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသည့် အင်မော်တယ်စစ်သားများနှင့် ဇာပဝါများ ခြုံထားသည့် နန်းဆောင်အမျိုးသမီးများကို တွေ့မြင်နိုင်လေသည်။
သင်္ဘောပေါ်ကနေ သာယာငြိမ့်ညောင်းသောအသံများ ထွက်ပေါ်နေပြီး တစ်မူထူးခြားသော အော်ရာနှင့်အတူ မွှေးရနံ့က လွှမ်းခြုံထားလေသည်။
သင်္ဘော၏ ဦးစွန်းမှာ ရိုးရှင်းသောဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး မတ်တတ်ရပ်နေ၏။ သူမသည် လက်ထဲမှာ ရှေးဟောင်းစာအုပ်တစ်အုပ်ကို ကိုင်ထားသော်လည်း စိတ်အာရုံပျံ့လွင့်နေပုံရပြီး စာအုပ်ကို ရံဖန်ရံခါမှသာ ကြည့်တတ်သည်။
“ယွင်ကျူး”
လေးနက်သောအသံတစ်သံက နောက်ဘက်ကနေ ထွက်ပေါ်လာ၏။
အဝါရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက နန်းဆောင်အပျိုတော်များနှင့် အစောင့်များစွာ ခြံရံကာ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။ သူ့မှာ တစ်မူထူးခြားသော သွင်ပြင်ဟန်ပန်ရှိပြီး အတော်လေး ခန့်ညားနေ၏။
ယွင်ကျူးက ထိုအသံကို ကြားသောအခါ လှည့်ကြည့်ပြီး ခေါ်လိုက်၏။
“အဖေ”
ရောက်လာသောသူက အင်မော်တယ်ဘုရင် ကျိရွှမ် ဖြစ်လေသည်။
“ကမ္ဘာတစ်ခုတည်ထောင်တဲ့ ဆူဇီမိုရဲ့ စိတ်ကူးက အရမ်းကို ရိုးအလွန်းတယ်လို့ ငါပြောခဲ့သားပဲ”
အင်မော်တယ်ဘုရင် ကျိရွှမ်က ဘေးပတ်လည်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။
“ကြည့်လေ… ငါတို့ အခုရောက်နေတဲ့နေရာကို ကြည့်လိုက်… ဘေးပတ်ဝန်းကျင် ကြယ်တာရာကောင်းကင်က တိတ်ဆိတ်ခြောက်ကပ်ပြီး ကောင်းကင်နဲ့မြေကြီးအမြုတေချီက ခန်းခြောက်သလောက် ဖြစ်နေပြီ… ဒီလိုမျိုးနေရာတစ်ခုမှာ ကမ္ဘာတစ်ခုတည်ထောင်ပြီး သူက ဘာဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်နိုင်မှာလဲ… လူဘယ်နှယောက်များကရော ဒီနေရာကို လာချင်မှာလဲ”
ယွင်ကျူးက နှုတ်ဆိတ်နေ၏။
ဘေးပတ်ဝန်းကျင်မြင်ကွင်းက တကယ်ပင် အင်မော်တယ်ဘုရင်ကျိရွှမ် ပြောသည့်အတိုင်း ဖြစ်နေ၏။ သူမမှာ ငြင်းဆန်စရာ စကားမရှိပေ။
သို့သော်လည်း ရွေးချယ်မှုတစ်ခု ပေးမည်ဆိုလျှင် သူမက ဤနေရာသို့ လာရောက်လိုလေသည်။
အင်မော်တယ်ဘုရင်ကျိရွှမ်က ပြောလိုက်၏။
“အရင်တုန်းက မင်းက ငါ့ကို ကျိရွှမ်အင်မော်တယ်နိုင်ငံကို ရွှေ့ပြောင်းဖို့တောင်မှ ဖျောင်းဖျခဲ့တယ်… ဒါပေမဲ့ ငါ မင်းရဲ့စကားကို ငြင်းပယ်ခဲ့တယ်… အခု မင်းနားလည်သွားပြီမလား”
ယွင်ကျူးက နှုတ်ဆိတ်နေ၏။
အင်မော်တယ်ဘုရင် ကျိရွှမ်က ညင်သာစွာ သက်ပြင်းချပြီး လေးနက်စွာဖြင့် ပြောလိုက်၏။
“ယွင်ကျူး… မင်းက စာအုပ်တွေအများကြီး ဖတ်ထားတယ်… အဲ့ဒီနေရာမှာဆို ငါ မင်းကို မယှဉ်နိုင်ဘူး”
“ဒါပေမဲ့ စာအုပ်တွေကနေ မင်းသင်ယူလို့မရတဲ့ တချို့အရာတွေ ရှိတယ်… လူတွေကို အကဲဖြတ်တဲ့နေရာမှာ ငါက မင်းထက် အများကြီး ပိုတော်တယ်”
ယွင်ကျူးက အင်မော်တယ်ဘုရင် ကျိရွှမ်ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်ပြီး စိတ်ထဲကနေ သူမဘာသာသူမ ပြောလိုက်၏။
“ဒီတစ်ခေါက်တော့ အဖေ့ရဲ့ အကဲဖြတ်မှုက တကယ်ပဲ မှားသွားပြီ”
“ဆူဇီမိုက မင်းကို ဖိတ်ခေါ်စာပို့လိုက်တဲ့အချိန်မှာ မင်းက ဒီနေရာကို မရမက လာရောက်ချင်ပြီး ငါ့ကိုပါ တစ်ချက်လိုက်ကြည့်စေချင်တယ်… အရင်တုန်းက ငါပြောတာမှားတယ်လို့ မင်းသက်သေပြပေးချင်နေတာမလား”
အင်မော်တယ်ဘုရင် ကျိရွှမ်က ပြုံးပြလိုက်၏။
“အခုတော့ ဘယ်လိုလဲ”
“ငါက နှစ်ပေါင်းသိန်းချီ ရှင်သန်နေထိုင်လာခဲ့တာ… ဒါက အတွေ့အကြုံတွေနဲ့ အမြော်အမြင်တွေကနေ ရလာတဲ့ အကဲဖြတ်မှုတစ်ခုပဲ… မင်းက အဲ့ဒါကို စာအုပ်ထဲကနေ မသင်ယူနိုင်ဘူး”
“သိပါပြီ”
ယွင်ကျူးက ပြုံးပြီး အင်မော်တယ်ဘုရင် ကျိရွှမ်ကို ညင်သာစွာ တွန်းဖယ်လိုက်၏။
“အဖေ… မြန်မြန်သွားပြီး အနားယူပါတော့”
“ငါ့မှာ ပြောစရာတစ်ခု ရှိသေးတယ်”
အင်မော်တယ်ဘုရင်ကျိရွှမ်က စိုးရိမ်ပူပန်စွာဖြင့် ဆက်ပြောလိုက်၏။
“မင်းက ထျန်ဟွမ်ကမ္ဘာမှာ နေလို့မရဘူး… သူ့ကို ဂုဏ်ပြုစကားပြောပြီးရင် ဒီနေ့ မင်း ငါနဲ့ပြန်လိုက်ခဲ့ရမယ်”
“ဒီလိုမျိုး တိတ်ဆိတ်ခြောက်ကပ်ပြီး ယိုယွင်းပျက်စီးနေတဲ့နေရာမှာ မင်းဒုက္ခရောက်မှာကို ငါ မထားခဲ့ရက်နိုင်ဘူး”
ထိုစဉ်မှာပင် အင်မော်တယ်ဘုရင် ကျိရွှမ်နှင့် ယွင်ကျူးသည် အာကာသဥမင်ထဲမှ သန့်စင်သော ကောင်းကင်နှင့်မြေကြီးအမြုတေချီစီးကြောင်းတစ်ခုကို ရုတ်တရက် ခံစားမိလိုက်၏။
အာကာသအဟန့်အတားအလွှာကနေတစ်ဆင့် ရှေ့တည့်တည့်မှာ ခပ်ရေးရေး ပေါ်ထွက်လာသည့် အဆုံးမဲ့အလင်းရောင်ခြည်များကို သူတို့က တွေ့မြင်နေရ၏။
“ဒါက...”
အတွေးတစ်ချက်နှင့်အတူ ယွင်ကျူးက သင်္ဘောပျံကို ထိန်းချုပ်ပြီး အာကာသဥမင်ထဲကနေ ဖောက်ထွက်လိုက်၏။
အင်မော်တယ်ဘုရင် ကျိရွှမ်က အသက်ဓာတ်အားဖြင့် ပြည့်နှက်ပြီး သုခဘုံတစ်ခုနှင့် တူနေသည့် သူ့ရှေ့မှ ကုန်းမြေတိုက်ကိုကြည့်ရင်း နေရာမှာတင် မှင်တက်နေ၏။
သူက ထင်ယောင်ထင်မှားမြင်နေသည်ဟုပင် ခံစားနေရ၏။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ တိတ်ဆိတ်ခြောက်ကပ်သော အစွန်အဖျားနေရာဒေသမှာ ဤကဲ့သို့ သုခဘုံတစ်ခု ရုတ်တရက်ပေါ်ထွက်လာသည်မှာ အရမ်းကို အိပ်မက်ဆန်လွန်းနေ၏။
သူက ထျန်ဟွမ်ကမ္ဘာသို့ အမှန်တကယ် မဝင်ရောက်ခင် အင်မော်တယ်ဘုရင် ကျိရွှမ်သည် ဤကုန်းမြေတိုက်၏ ဘေးပတ်ဝန်းကျင်မှာ ကြွယ်ဝသန့်စင်သော ကောင်းကင်နှင့်မြေကြီးအမြုတေချီကို ခံစားမိနေပြီဖြစ်၏။ ဤကဲ့သို့ ကျင့်ကြံရေးပတ်ဝန်းကျင်တစ်ခုသည် ကျိရွှမ်အင်မော်တယ်နိုင်ငံထက် များစွာသာလွန်လေသည်။
“ဒါက ဘာကမ္ဘာလဲ”
အင်မော်တယ်ဘုရင် ကျိရွှမ်က တုန်လှုပ်နေ၏။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ဤကဲ့သို့သော သုခဘုံတစ်ခု တကယ်ပဲ ရှိနေတာလား။
ထိုစဉ်မှာပင် ကုန်းမြေတိုက်ကနေ လူတချို့ ပေါ်ထွက်လာ၏။ ဦးဆောင်လာသူကား ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ ပန်းချီအင်မော်တယ်မိုချင်ဖြစ်၏။
“အစ်မ… နင် နောက်ဆုံးတော့ ဒီကိုရောက်လာပြီပေါ့လေ”
မိုချင်က သူတို့ကို အပြုံးနှင့်အတူ ကြိုဆိုလိုက်၏။
ယွင်ကျူးသည် သူမ ရင်ထဲအသည်းထဲကနေ အသိအမှတ်ပြုလက်ခံထားသည့် မိတ်ဆွေအနည်းအကျဉ်းထဲမှ တစ်ဦးဖြစ်လေသည်။
အရင်တုန်းက သူတို့နှစ်ဦးသည် အဝီစိမှာ အတူတူပိတ်မိနေခဲ့ပြီး မမေ့ဖျောက်နိုင်သော အတွေ့အကြုံတစ်ခုကို ရရှိထားခဲ့ကြ၏။
“အာ… ညီမ… နင်က ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို တက်လှမ်းသွားပြီလား”
ယွင်ကျူးက မိုချင်ကို ကြည့်ပြီး သူမ၏ မျက်လုံးက ဝင်းလက်သွား၏။
မိုချင်က တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ရှက်သွေးဖြာကာ ခေါင်းညိတ်ပြလိုက်၏။
“နတ်မိမယ်မိုချင်… ဒါက ဘာကမ္ဘာလဲ”
အင်မော်တယ်ဘုရင် ကျိရွှမ်က မနေနိုင်ဘဲ ကြားဖြတ်ကာ ဝင်မေးလိုက်၏။
“ထျန်ဟွမ်ကမ္ဘာလေ”
မိုချင်က ပြောလိုက်၏။
အင်မော်တယ်ဘုရင်ကျိရွှမ်က တစ်ခုခုကို ပြောချင်နေသည့်အလား သူ၏ ပါးစပ်ကို ဖွင့်ဟလိုက်၏။ သို့သော်လည်း ယွင်ကျူး၏ နောက်ပြောင်ကျီစယ်လိုသော အကြည့်ကို တွေ့မြင်သောအခါ သူက ပြောစရာစကား ပျောက်ဆုံးသွားရလေသည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…
ဆူဇီမိုက အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာခန္ဓာကို ပိုင်ဆိုင်ထားသည်ဆိုလျှင်တောင် သူက နှစ်တစ်ရာမျှနှင့် ဤကဲ့သို့သော သုခဘုံတစ်ခုကို တည်ဆောက်နိုင်မှာလား…
ဤအချက်သည် အင်မော်တယ်ဘုရင် ကျိရွှမ်၏ နားလည်နိုင်စွမ်းကို ကျော်လွန်သွားခဲ့ပြီဖြစ်၏။
မိုချင်က ပြောလိုက်၏။
“အစ်မယွင်ကျူး… ငါ့နောက်က လိုက်ခဲ့… ဂျူနီယာမောင်ဆူနဲ့ တခြားသူတွေက ထျန်ဟွမ်ခန်းမမှာ ရှိတယ်”
“ဂျူနီယာမောင်ဆူလား”
ယွင်ကျူးက မိုချင်ကို ပြုံးစစဖြင့် ကြည့်လိုက်၏။
မိုချင်က ညင်သာစွာ ပြောလိုက်၏။
“ငါက သူ့ကို အဲ့လိုခေါ်တာ အသားကျနေပြီ… လောလောဆယ်မှာတော့ အဲ့ဒါကို မပြောင်းနိုင်သေးဘူး”
ယွင်ကျူးက ပြုံးပြီး ဆက်လက်၍ အစ်အောက်နေခြင်း မရှိပေ။ ထိုအစား သူမက ထျန်ဟွမ်ကမ္ဘာ၏ ကောင်းကင်ထက်သို့ မိုချင်နောက်ကနေ လိုက်ပါပြီး ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ကာ စိတ်ထဲကနေ ချီးကျူးနေ၏။
ထိုစဉ်မှာပင် အင်မော်တယ်ဘုရင်ကျိရွှမ်၏ အသံက သူမ၏ စိတ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာ၏။
“ယွင်ကျူး… အဟမ်း… ငါတို့တွေ အလောတကြီး ပြန်သွားစရာ မလိုသေးဘူး… ဘာပဲပြောပြော ငါတို့က အဝေးကြီးကနေ လာခဲ့ရတာပဲ… ချက်ချင်းပြန်သွားမယ်ဆိုရင် မယဉ်ကျေးရာကျနေမယ်”
အင်မော်တယ်ဘုရင် ကျိရွှမ်သည် ထျန်ဟွမ်ကမ္ဘာသို့ ရောက်ရှိလာပြီးနောက် နှစ်ပေါင်းများစွာ တစ်ဆို့နေခဲ့သော သူ့ကျင့်ကြံမှုမှ အဟန့်အတားသည် ပြေလျော့လာနေသည်ဟု သူက ခံစားနေရလေသည်။
အခန်း ၃၁၅၀ - ကြောက်လန့်သွားခြင်း
အင်မော်တယ်ဘုရင်ကျိရွှမ်သည် အစောင့်များနှင့် နန်းတော်အပျိုစင်များစွာကို ခေါ်ဆောင်လာပြီး မိုချင်နှင့် အခြားသူများ၏ နောက်ကနေ လိုက်ပါလာသည်။
သူက ထျန်ဟွမ်ကမ္ဘာ၏ လေးပတ်လည်မှ မြင်ကွင်းများကို ကြည့်ပြီး ပို၍ပင် တုန်လှုပ်နေ၏။
အဝေးကို လှမ်းမျှော်ကြည့်လျှင် သူတို့သည် ကျယ်ပြောသော မိုးကုပ်စက်ဝိုင်း၊ လှည့်ပတ်နေသော ကြယ်စင်များနှင့် ကောင်းကင်နှင့်မြူခိုးများကို ချိတ်ဆက်ထားသည့် တိမ်စိုင်များကို တွေ့မြင်နိုင်လေသည်။
ဘေးပတ်လည်ကို ကြည့်ရှုလျှင် သူတို့သည် နိမ့်လိုက်မြင့်လိုက် အဆက်မပြတ် သွယ်တန်းနေသည့် အစိမ်းရောင်တောင်တန်းများကို တွေ့မြင်နိုင်၏။ ကြည်လင်စိမ်းလဲ့နေသောရေများက သူတို့၏ ဘေးပတ်လည်မှာ စီးဆင်းနေပြီး အပင်များက စိမ်းစိုလန်းဆန်းနေ၏။
အဲဒီမှာ ကျောက်စိမ်းအဆောက်အအုံများနှင့် ခရမ်းရောင်နန်းတော်များလည်း ရှိနေ၏။ သူတို့ကို တောင်တန်းများနှင့်မြစ်များက ခြံရံထားပြီး တောင်ထွတ်ပေါ်မှာ တိမ်စိုင်များပင်ရှိနေ၏။ သူတို့က ပြန့်ကျဲပြီး လျှို့ဝှက်ဆန်းကြယ်နေ၏။
ထျန်ဟွမ်ကမ္ဘာမှာ အင်မော်တယ်ဘုရင်ကျိရွှမ်ကို တိမ်စိုင်များကဲ့သို့ ရစ်ဝဲနေသည့် ကြွယ်ဝသော ကောင်းကင်နှင့်မြေကြီးအမြုတေချီများက ဝိုင်းပတ်ထားလေသည်။ သူတို့အုပ်စုသည် တိမ်စိုင်များနှင့် မြူခိုးများကြားမှာ မည်သည့်အပူအပင်မှမရှိဘဲ လွတ်လပ်ပေါ့ပါးစွာ လျှောက်လှမ်းသွားလာနေရသည့်အလားပင်။
သူ၏ မြင်ကွင်းထဲမှာ အသက်ဓာတ်အားဖြင့် ပြည့်နှက်နေသည့် ခံ့ညားထည်ဝါသော တောင်တစ်လုံးနှင့် မြစ်တစ်စင်းရှိနေ၏။ လောကရှိ အတော်ဆုံးပန်းချီဆရာပင်လျှင် ဤမြင်ကွင်းကို သရုပ်ဖော်နိုင်ချင်မှ ဖော်နိုင်ပေလိမ့်မည်။
ဤနေရာမှာရှိသောအရာရာတိုင်းသည် ကောင်းကင်ဘုံ၏ အကောင်းဆုံးလက်ဆောင်မွန်များဖြစ်သည့်အလား လှပဆန်းကြယ်သိမ်မွေ့နေလေသည်။
လမ်းတစ်လျှောက်မှာ ဆူဇီမိုအပေါ် အင်မော်တယ်ဘုရင်ကျိရွှမ်၏ ထင်မြင်ချက်က ကြီးမားစွာပြောင်းလဲသွား၏။ သို့သော်လည်း သူက အကဲဖြတ်မှားခဲ့သည်ဟု ဝန်မခံလိုသေးဘဲ လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ယွင်ကျူး… ဆူဇီမိုက တကယ်ကို အစွမ်းအစရှိသားပဲ… ဒါပေမဲ့ ငါတို့တွေက အဝေးကြီးက လာခဲ့ရတယ်… သူက ငါတို့ကို ကိုယ်တိုင်တောင် လာမကြိုဘူး… အဲဒါက မယဉ်ကျေးရာကျတာပဲ”
သို့သော်လည်း ယွင်ကျူးက စိတ်မကွက်ဘဲ ပြုံးပြလိုက်၏။
“သူက ကိစ္စတစ်ခုခုနဲ့ ကြန့်ကြာနေတာဖြစ်ရမယ်”
မိုချင်က ထပ်ပြောလိုက်၏။
“ဂျူနီယာမောင်ဆူက အစတုန်းကတော့ ရှင်တို့တွေကို ကိုယ်တိုင်ထွက်လာပြီး ကြိုဆိုမလို့ဘဲ... ဒါပေမဲ့ ဧည့်သည်တော်တချို့ရောက်လာပြီး သူက လောလောဆယ်မှာ ဧည့်ခံပေးနေရတယ်”
“အဲလောက်ထိ အရေးပါရအောင် အဲဒီဧည့်သည်တွေက ဘယ်သူတွေမို့လို့လဲ”
အင်မော်တယ်ဘုရင်ကျိရွှမ်က မနှစ်မျို့ဟန်ဖြင့် ရယ်မောကာ ပြောလိုက်၏။
ဝေးကွာလွန်းသော ဤအစွန်းအဖျားနေရာဒေသသို့ ယွင်ကျူးက သူ့ကိုအတင်းဆွဲခေါ်လာခြင်းကြောင့်မဟုတ်လျှင် သူက ဘာ့ကြောင့်ဤနေရာကို ရောက်လာမှာလဲ။
မိုချင်သည် ဆူဇီမိုအတွက် ဆင်ခြေတစ်ခုရှာဖွေပေးနေသည်ဟု အင်မော်တယ်ဘုရင်ကျိရွှမ်က တွေးလိုက်၏။ သူက သူ၏ ခေါင်းကို ညင်သာစွာခါယမ်းလိုက်၏။
“ငါက ဘာပဲပြောပြော တိုင်းပြည်တစ်ပြည်ရဲ့ အုပ်ချုပ်သူပဲ… ငါ့ရဲ့ ကျင့်ကြံမှုနယ်ပယ်က သူ့ထက်တောင် ပိုမြင့်သေးတယ်… ဘယ်လိုပဲဖြစ်ဖြစ် သူက ငါတို့ကို ကိုယ်တိုင်လာကြိုသင့်တာပဲ”
မိုချင်က ပြန်မဖြေဘဲ အင်မော်တယ်ဘုရင်ကျိရွှမ်ကိုသာ တစ်ချက်ကြည့်လိုက်၏။
သူမ၏ စိတ်နေစရိုက်အရ သူမက အင်မော်တယ်ဘုရင်ကျိရွှမ်ကို တစ်ခါဖြေရှင်းပြခဲ့သည်ကပင် ယွင်ကျူးကို လုံလောက်သည့် လေးစားမှုပြပြီးနေလေပြီ။
အခြားတစ်ယောက်ယောက်သာဆိုလျှင် သူမက သူတို့ကို လျစ်လျူရှုလိုက်ပေလိမ့်မည်။
သိပ်မကြာခင် လူတိုင်းသည် ထျန်ဟွမ်ခန်းမရှေ့သို့ ရောက်ရှိလာကြ၏။
မိုချင်၏ ဦးဆောင်မှုအောက်မှာ လူတိုင်းက ခန်းမထဲသို့ ဝင်ရောက်လိုက်ကြ၏။
အင်မော်တယ်ဘုရင်ကျိရွှမ်က ခန်းမထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် သူ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။
ထျန်ဟွမ်ခန်းမထဲမှာ ဧည့်သည်တချို့ တကယ်ပင်ရှိနေပြီး သူတို့အားလုံးက စိမ်းသက်သောမျက်နှာများဖြစ်၏။ သို့သော်လည်း သူတို့ထုတ်ဖော်ထားသော အော်ရာများက အင်မော်တယ်ဘုရင်ကျိရွှမ်ကို ကြောက်ရွံ့မှုဖြင့် တုန်ယင်သွားစေ၏။
ဤဧည့်သည်များက အကဲခတ်နေသော အကြည့်များနှင့်အတူ သူ့ကို အမူအရာကင်းမဲ့စွာဖြင့် လှည့်ကြည့်လာကြ၏။
ဤသည်က မမြင်ရသော ဖိအားတစ်ရပ်ဖြစ်၏။
အင်မော်တယ်ဘုရင်ကျိရွှမ်သည် သူက အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်နှင့် ရင်ဆိုင်ခဲ့ရစဉ်က ဤကဲ့သို့ တစ်ခါ ခံစားခဲ့ရဖူး၏။
သို့သော်လည်း အင်မော်တယ်ဧကရာဇ်ဂမ္ဘီရမိုးကောင်းကင်နှင့် ရင်ဆိုင်ရချိန်မှာ သူသည် ဤကဲ့သို့သော ဖိအားကို မခံစားခဲ့ရပေ။
ချက်ချင်းနီးပါးပင် အင်မော်တယ်ဘုရင်ကျိရွှမ်က ချွေးပြန်လာခဲ့၏။
ဤဧည့်သည်တော်များက ဧကရာဇ်ပညာရှင်များဖြစ်နေကြ၏။
ဧကရာဇ်ပညာရှင်များသာ ဤကဲ့သို့သော စွမ်းပကားနှင့်အော်ရာကို ထုတ်ဖော်နိုင်လေသည်။
ထိုစဉ်မှာပင် ခန်းမ၏ ပင်မထိုင်ခုံမှ လူတစ်ယောက်က မတ်တတ်ထရပ်လိုက်၏။ သူက ခန်းမထဲသို့ သူတို့ဝင်ရောက်လာသည်ကို တွေ့မြင်သောအခါ ကြိုဆိုလိုက်လေသည်။ ဆူဇီမိုက လက်နှစ်ဖက်ကို ယှက်ပြလိုက်သည်။
“ယွင်ကျူး… တာအိုရောင်းရင်းကျိရွှမ်.. ကျုပ်စောစောတုန်းက ဒီမှာ ကြန့်ကြာနေလို့ ခင်ဗျားတို့ကို ကိုယ်တိုင်လာမကြိုနိုင်ခဲ့ဘူး… ကျေးဇူးပြုပြီး ကျုပ်ရဲ့ ဧည့်ဝတ်မကျေပွန်မှုအတွက် ခွင့်လွှတ်ပေးပါ”
ယွင်ကျူးက ထိုစကားကိုကြားသောအခါ ပြုံးလိုက်၏။
“အာ… ငါတို့ကြားမှာ ဒီလိုမျိုးစကားပြောစရာလိုလို့လား”
ဆူဇီမိုကလည်း ပြုံးလိုက်၏။
သူတို့နှစ်ယောက်ကြားမှာ ဤကဲ့သို့သော ယဉ်ကျေးပျူငှာသည့်စကားများကို တကယ်ပင် ပြောစရာမလိုပေ။
ဆူဇီမို၏ စကားသည် အင်မော်တယ်ဘုရင်ကျိရွှမ်ကို အဓိကရည်ရွယ်လေသည်။
အစကတော့ အင်မော်တယ်ဘုရင်ကျိရွှမ်သည် ဆူဇီမိုကို ပြစ်တင်ဆုံးမချင်နေ၏။
သို့သော်လည်း ခန်းမထဲသို့ သူရောက်လာသည့်အချိန်မှာ သူသည် ဧည့်သည်များဖြင့် ပစ်မှတ်ထားခံရပြီး ချွေးကောင်းကောင်းပြန်လာခဲ့၏။
သူက ပြစ်တင်ဆုံးမဖို့နေနေသာ ဆူဇီမိုပြောလိုက်သောစကားကိုပင် ကောင်းကောင်းမကြားနိုင်ပေ။
သူတို့နှစ်ယောက်စလုံးက အင်မော်တယ်ဘုရင်များဖြစ်ကြသည်ဆိုလျှင်တောင် ဤဧည့်သည်များနှင့်ရင်ဆိုင်ရသည့်အခါ ဆူဇီမိုက မည်သို့မည်ပုံဣန္ဒြေရပြီး တည်ငြိမ်နေနိုင်သည်ကို အင်မော်တယ်ဘုရင်ကျိရွှမ်က နားမလည်နိုင်ပေ။
“မင်းက တိုင်းပြည်တစ်ပြည်ရဲ့ အုပ်ချုပ်သူဖြစ်တယ်လို့ ငါကြားတယ်… ဝါး မိုက်လိုက်တာ… ဘယ်လောက်တောင်ခမ်းနားထည်ဝါလိုက်သလဲ… ဟမ့်”
ခန်းမ၏ ဘယ်ဘက်မှာ အပြာရင့်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက ရုတ်တရက် စကားပြောလိုက်ပြီး အင်မော်တယ်ဘုရင်ကျိရွှမ်ကို သရော်တော်တော်အမူအရာဖြင့် ကြည့်နေ၏။
သူ့ဘေးမှာ ရွှေရောင်ဆံပင်နှင့် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးထိုင်နေ၏။ သူ၏ အကြည့်က လင်းယုန်တစ်ကောင်ကဲ့သို့ ထက်ရှလေသည်။ သူက ပြောလိုက်၏။
“အမှန်ပဲ… ငါတို့နှစ်ယောက်က လောကအရှင်တွေဖြစ်တာတောင် ဒီလောက်လူတွေအများကြီးခေါ်မလာခဲ့ကြဘူး”
တကယ်တမ်းမှာလည်း ကိစ္စက ထိုသို့ပင်ဖြစ်၏။
ဧည့်သည်နှစ်ဦး၏ နောက်ဘက်မှာ လူငယ်လေးတစ်ဦးသာရှိနေ၏။ သူတို့က သေးငယ်သောအစုအဖွဲ့တစ်ခုသာဖြစ်သည်။
အင်မော်တယ်ဘုရင်ကျိရွှမ်ကတော့ သူသည် နန်းတော်အစောင့်နှင့် အပျိုစင်များစွာကို ဤနေရာသို့ ခေါ်လာခဲ့၏။ သူ့ကို လူများစွာက ခြံရံထားပြီး သူက တကယ်ပင် ဟိတ်ဟန်ကြီးမားလွန်းနေသည်ဟု ဆိုနိုင်သည်။
အင်မော်တယ်ဘုရင်ကျိရွှမ်က ထိုစကားကိုကြားသောအခါ သူက တုန်လှုပ်သွားပြီး နောက်ဘက်ကို အလောတကြီးလှည့်ကာ အော်ငေါက်လိုက်၏။
“မင်းတို့တွေအားလုံး သွားကြစမ်း… ငါ့နောက်ကိုလိုက်ဖို့ မင်းတို့ကို ဘယ်သူကပြောလို့လဲ”
နန်းတော်အစောင့်နှင့် အပျိုစင်များစွာက မချင့်မရဲခံစားလိုက်ရ၏။ သို့သော်လည်း သူတို့က ငြင်းဆန်ရဲခြင်းမရှိဘဲ ခန်းမထဲကနေ ခေါင်းငုံ့ကာ ထွက်ခွာသွားကြ၏။
“ကျုပ် မိတ်ဆက်ပေးဖို့ မေ့နေတာ”
ဆူဇီမိုက စောစောက စကားပြောလိုက်သော လူနှစ်ယောက်ကို လက်ညှိုးထိုးပြီး ပြုံးပြလိုက်၏။
“သူတို့နှစ်ယောက်က ခွန်ဖန်းကမ္ဘာက လောကအရှင်နှစ်ဦး ဧကရာဇ်မြောက်ပိုင်းခွန်နဲ့ ဧကရာဇ်တောင်ပိုင်းဖန်းပဲ”
အင်မော်တယ်ဘုရင်ကျိရွှမ်က ရင်တထိတ်ထိတ်ဖြစ်သွား၏။
ခွန်ဖန်းကမ္ဘာ…
အစကတည်းက ခွန်ကမ္ဘာနှင့် ဖန်းကမ္ဘာသည် ထိပ်တန်းကမ္ဘာကြီးများဖြစ်ခဲ့ကြ၏။ ခွန်ဖန်းကမ္ဘာအဖြစ် ပေါင်းစည်းပြီးနောက် သူတို့က ပို၍ပင် သန်မာလာခဲ့သည်။
သူတို့နှစ်ယောက်သည် ခွန်ဖန်းကမ္ဘာ၏ လောကအရှင်များ ဖြစ်နေကြသည်။
အင်မော်တယ်ဧကရာဇ်ဂမ္ဘီရမိုးကောင်းကင်ပင်လျှင် ဤလူနှစ်ယောက်၏ ရှေ့မှာ ခေါင်းငုံ့ရပေလိမ့်မည်။
ဆူဇီမိုက သူ၏ ညာဘက်မှာရှိသော ငွေရောင်ဆံပင်နှင့်အမျိုးသမီးအိုကို ကြည့်ကာ ပြောလိုက်၏။
“ဒါက နဂါးကမ္ဘာရဲ့ လောကအရှင် နဂါးဧကရီဆီးနှင်းပဲ”
ဘုရားရေ…
အင်မော်တယ်ဘုရင်ကျိရွှမ်သည် ထိတ်လန့်တကြားဖြစ်သွားပြီး တံတွေးကို အလျင်စလိုမျိုချလိုက်၏။ သူက အရမ်းကို အကြောအချင်များ တောင့်တင်းနေပြီး ကြီးမားသောဖိအားအောက်မှာကျရောက်နေပြီဖြစ်သည်။
ထိုအခိုက်အတန့်မှာ အတွေ့အကြုံနှင့် အမြော်အမြင်နှင့်ပတ်သက်ပြီး သူပြောခဲ့သည့် စကားများအားလုံးက သုံးစားမရတော့ပေ။ သူ့မှာ ဤကဲ့သို့သောအတွေ့အကြုံလုံးဝမရှိခဲ့ဖူးသောကြောင့်ဖြစ်သည်။
သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သူသည် ဤကဲ့သို့ ဆရာကြီးများနှင့် အရင်က ဘယ်တုန်းကမှ မတွေ့ဆုံးခဲ့ရဖူးပေ။
သို့သော်ယခုအချိန်မှာ ခြေတစ်ချက်ဆောင့်ရုံဖြင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို တုန်ခါသွားစေနိုင်သော အရေးပါအရာရောက်သည့် ဤပုဂ္ဂိုလ်များသည် ခန်းမထဲမှာ ထိုင်နေကြပြီး သူ့ကိုရန်လိုနေသောအကြည့်များဖြင့် စိုက်ကြည့်နေကြ၏။
“ဒါက ပန်းလောကအရှင်ပဲ”
“ဒါက နီညိုရောင်မျောက်ဝံလောကအရှင်”
အင်မော်တယ်ဘုရင်ကျိရွှမ်က ပြောစရာစကားများလုံးဝပျောက်ဆုံးနေ၏။
ရုတ်တရက် မျောက်ဝံအိုကြီးက အင်မော်တယ်ဘုရင်ကျိရွှမ်ကို ပြုံးပြလိုက်၏။ သူ၏ မျက်လုံးထဲရှိ အေးစက်စက်အလင်းတစ်ချက်နှင့်အတူ သူက မေးလိုက်လေသည်။
“ငါတို့တွေက လုံလောက်အောင် အရေးပါရဲ့လားမသိဘူး”
ရှူး…
အင်မော်တယ်ဘုရင်ကျိရွှမ်က ပင့်သက်ကို ရှူရှိုက်လိုက်၏။
သူတို့သည် စောစောက သူပြောခဲ့သည့်စကားများကို ကြားခဲ့လေသည်။
နီညိုရောင်မျောက်ဝံလောကအရှင်၏ လေသံက သတ်ဖြတ်လိုစိတ်ကို သိသိသာသာ ထုတ်ဖော်ထား၏။
ဧကရာဇ်များကို ထိပါးစော်ကား၍ မရနိုင်ပေ။
သူသည် ဤဧကရာဇ်ပညာရှင်များကို စောင်းမြောင်းပြောဆိုခဲ့ပြီး သူတို့အားလုံးက လောကအရှင်များဖြစ်နေ၏။ သူက တကယ့်ကို မီးပုံထဲ ဝင်တိုးမိခဲ့ခြင်ဖြစ်သည်။
အင်မော်တယ်ဘုရင်ကျိရွှမ်က အဲဒါကို တွေးမိချိန်မှာ သူ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး သူ၏ ခြေထောက်များက ပျော့ခွေလာခဲ့၏။
အင်မော်တယ်ဘုရင်ကျိရွှမ်က ဒူးထောက်ကျပြီး အရှက်မကွဲစေရန် ယွင်ကျူးက သူ့ကို အလောတကြီး ဖေးမပေးလိုက်ရ၏။
ဆူဇီမိုက နှစ်သိမ့်ပေးလိုက်သည်။
“တာအိုရောင်းရင်းကျိရွှမ်… နီညိုရောင်မျောက်ဝံလောကအရှင်က စနောက်နေတာပါ… သူ့စကားကို အတည်မမှတ်နဲ့”
မျောက်ဝံအိုကြီးက ထိုစကားကိုကြားသောအခါ အင်မော်တယ်ဘုရင်ကျိရွှမ်ကို ဆက်လက်၍ ခြောက်လှန့်မနေတော့ဘဲ သွားဖြီးကာ လှည့်သွား၏။
အခြားသော လောကအရှင်များကလည်း အင်မော်တယ်ဘုရင်ကျိရွှမ်ကို အခက်တွေ့အောင်မလုပ်ကြတော့ဘဲ သူတို့၏ အကြည့်များကို ရုတ်သိမ်းလိုက်ကြ၏။
သူတို့သည် အင်မော်တယ်ဘုရင်ကျိရွှမ်၏ မောက်မာမှုကို ချိုးနှိမ်ပေးချင်ရုံသာဖြစ်၏။ သူတို့၏ အဆင့်အတန်းများအရ စကားလုံးတချို့ကြောင့် သူတို့သည် အင်မော်တယ်ဘုရင်တစ်ပါးကို ပစ်မှတ်ထားနေကြလိမ့်မည်မဟုတ်ပေ။
“ရောက်လာတဲ့လူတိုင်းက ဧည့်သည်ပဲ… တာအိုရောင်းရင်းကျိရွှမ်… ထိုင်ပါဦး”
ဆူဇီမိုက ညင်သာစွာ ပြုံးပြလိုက်၏။
“ကျုပ်… မထိုင်ရဲပါဘူး… မထိုင်ရဲပါဘူး”
အင်မော်တယ်ဘုရင်ကျိရွှမ်က ခန်းမထဲမှာထိုင်နေသည့် လူတချို့ကို ကြည့်ကာ အလောတကြီးလက်ကာပြလိုက်၏။
သူက ဘယ်သူမို့လို့လဲ။
သူက ဤပုဂ္ဂိုလ်များနှင့်ထိုင်ဖို့ ဘယ်လိုလုပ်အဆင့်မီနိုင်မှာလဲ။
ယွင်ကျူးက အဲဒါကို ဂရုစိုက်မနေဘဲ မိုချင်နှင့် အခြားသူများနောက်ကနေ ခန်းမထဲသို့ ဝင်လိုက်လာ၏။ သူမက လစ်လပ်နေသော ထိုင်ခုံတစ်လုံးကို ရှာထိုင်ကာ ဆူဇီမိုကို ပြုံးပြလိုက်၏။
အင်မော်တယ်ဘုရင်ကျိရွှမ်က ထိုအခါမှသာ သူ့ကိုယ်သူ အရဲစွန့်ပြီး လိုက်ပါလာခဲ့၏။ သူက ထိုင်သည်ဖြစ်စေ၊ မတ်တတ်ရပ်သည်ဖြစ်စေ အနေရခက်နေမည်ဖြစ်ပြီး သူက သူ၏ စိုးရိမ်ထိတ်လန့်မှုနှင့် ရှက်ရွံ့မှုကို ဖုံးကွယ်ဖို့အတွက် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုနေ၏။
ထိုစဉ်မှာပင် အင်မော်တယ်ဘုရင်မလင်းလုံ၊ လူအိုကြီးရွှမ်နှင့် လင်းရွှမ်ကျီတို့က သုန်မှုန်နေသောအမူအရာများနှင့်အတူ ခန်းမထဲသို့ အလောတကြီး ဝင်ရောက်လာကြ၏။