အခန်း (၃၁၅၁+၃၁၅၂)
Vol. 210 Ch. 3151+3152
အခန်း ၃၁၅၁ - နက်မှောင်နေသော တိမ်စိုင်များ
“ဘာဖြစ်လို့လဲ”
ဆူဇီမိုက သူတို့သုံးယောက် တစ်ချိန်တည်းမှာ ထူးဆန်းသောအမူအရာများဖြင့် ရောက်ရှိလာသည်ကို တွေ့မြင်သောအခါ တစ်ခုခုဖြစ်နေပြီကို ခန့်မှန်းမိလိုက်၏။
အင်မော်တယ်ဘုရင်မလင်းလုံက ဧကရာဇ်မြောက်ပိုင်းခွန်၊ နဂါးဧကရီဆီးနှင်းနှင့် အခြားသူများကို တစ်ချက်ကြည့်ပြီး တွေဝေတုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။
“ဒီအချိန်အတောအတွင်းမှာ ငါက ကောင်ကင်ထက်က နိမိတ်ဖြစ်စဉ်တွေကို စောင့်ကြည့်နေခဲ့တယ်… အနက်ရောင်တိမ်စိုင်တွေက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ အုပ်မိုးလာပြီး မြေအောက်စီးကြောင်းတွေက တလိပ်လိပ်ထိုးတက်လာတယ်… ကြီးမားတဲ့ကိစ္စတစ်ခုခု ဖြစ်ပွားလာတော့မယ့်အတိုင်းပဲ”
လင်းရွှမ်ကျီက ပြောလိုက်၏။
“ငါ့ရဲ့ တွက်ချက်မှုရဲ့ ရလဒ်ကလည်း မကောင်းဘူး… ဒါပေမဲ့ ငါက ရလဒ်အတိအကျကိုတော့ မတွက်ချက်နိုင်ခဲ့ဘူး”
လူအိုကြီးရွှမ်ကလည်း ခေါင်းညိတ်ကာပြောလိုက်၏။
“ငါက ဘာကိုမှ မတွက်ချက်ခဲ့ဘူး.. ငါက ဒီရက်ထဲမှာ နည်းနည်းမအီမသာခံစားနေရရုံပဲ… ဘာ့ကြောင့်လည်းတော့ မသိဘူး”
“ငါက သူတို့နှစ်ယောက်နဲ့တွေ့ပြီး ငါတို့ သုံးယောက်စလုံးက တူညီတဲ့အခြေအနေနဲ့ ကြုံတွေ့နေတယ်ဆိုတာကို နားလည်လိုက်တယ်… အဲဒါကြောင့် မင်းကိုသတင်းပေးဖို့ ရောက်လာကြတာပဲ”
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ဧကရာဇ်မြောက်ပိုင်းခွန်နှင့် အခြားသူများက ထိုစကားကိုကြားသောအခါ သူတို့သည် တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား သူတို့၏ အမူအရာများ အနည်းငယ်ပြောင်းလဲသွားကြ၏။
နဂါးဧကရီဆီးနှင်းက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဒီအချိန်အတောအတွင်းမှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက ရတနာစေတီကို အကုန်လုံးဖွင့်ပေးလိုက်ပြီး တိုက်ပွဲရမှတ်တွေကို ပြန်ပြီးစတင်နေတယ်လို့ ငါကြားတယ်… အဲဒါက ပတ်သက်ဆက်စပ်မှုရှိနေမလား”
ဧကရာဇ်မြောက်ပိုင်းခွန်နှင့် ဧကရာဇ်တောင်ပိုင်းဖန်းက တစ်ချိန်တည်းမှာ အဲဒါကို တွေးမိသွားကြ၏။
ဒါ့အပြင် သူတို့နှစ်ယောက်က ပို၍ပင် တွေးမိနေ၏။
ထျန်ဟွမ်ကမ္ဘာအတွက် အန္တရာယ်တစ်ခုခု သို့မဟုတ် ကပ်ဘေးတစ်ခုခု ကျရောက်လာမည်ဆိုလျှင် အရင်းအမြစ်နှစ်ခုသာလျှင်ရှိလေသည်။
ပထမတစ်ခု အလင်းကမ္ဘာ။
ဒုတိယတစ်ခု မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ။
ပြီးခဲ့သည့်နှစ်တစ်ရာအတွင်း မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနှင့် အလင်းကမ္ဘာမှ မည်သည့်ပြုမူလှုပ်ရှားမှုမှ ရှိမလာခဲ့ပေ။ သူတို့က အနည်းငယ်ပင် ဒွိဟဖြစ်နေခဲ့ပြီး ထျန်ဟွမ်ကမ္ဘာသည် ဤအကျပ်အတည်းကနေ ကျော်ဖြတ်နိုင်ခဲ့ပြီဟု တွေးခဲ့ကြသည်။
ယခု မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသည် ရုတ်တရက် ဤကဲ့သို့ အချက်ပြမှုတစ်ခုကို ထုတ်ဖော်လာခဲ့ပြီး သူတို့သည် စာရင်းဟောင်းများကိုရှင်းကာ သူတို့၏ စွမ်းပကားများကို တည်ဆောက်ဖို့ ရှေ့ပြေးနိမိတ်ပြလိုက်ခြင်း ဖြစ်နိုင်လေသည်။
ထိုသို့အတွေးဖြင့် ဧကရာဇ်မြောက်ပိုင်းခွန်နှင့် ဧကရာဇ်တောင်ပိုင်းဖန်းတို့က ချောင်မပိတ်မိစေရန် ထျန်ဟွမ်ကမ္ဘာကနေ တတ်နိုင်သမျှမြန်မြန်ဆုတ်ခွာလိုကြ၏။
တကယ်တမ်းမှာ သူတို့သည် ဤနေရာသို့ မလာရောက်လိုခဲ့ကြပေ။ သူတို့သည် သံတမန်တစ်ဦးစေလွှတ်ပေးခြင်းဖြင့် ထျန်ဟွမ်ကမ္ဘာကို လုံလောက်သည့်မျက်နှာသာပေးနိုင်သည်ဟု တွေးခဲ့ကြသည်။
သို့သော်လည်း ရှောင်းယောင်က ဂုဏ်ပြုစကားပြောဖို့အတွက် မရမကလာရောက်ချင်နေပြီး သူတို့က သူ့ကိုမတားဆီးနိုင်ခဲ့ကြပေ။ မကြာသေးခင်နှစ်များမှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ ရုန်းရင်းဆန်ခတ်အခြေအနေများနှင့် ရှည်လျားသော ခရီးစဉ်ကြောင့် သူတို့နှစ်ယောက်သည် ရှောင်းယောင်အန္တရာယ်ကျရောက်မှာကို စိုးရိမ်နေပြီး ထျန်ဟွမ်ကမ္ဘာသို့ သူ့ကို ကိုယ်တိုင်ပို့ဆောင်ပေးရလေသည်။
ခွန်ဖန်းကမ္ဘာ၏ လောကအရှင်နှစ်ဦးသည် ထျန်ဟွမ်ကမ္ဘာ၏ အပြောင်းအလဲများမှာ အံ့အားသင့်တုန်လှုပ်နေကြ၏။
သူတို့သည် စောစောက ချီးကျူစကားများပင် ပြောဆိုခဲ့ကြ၏။
သို့သော်လည်း လက်ရှိအခြေအနေက ရှုပ်ထွေးလာခဲ့လေသည်။
ဧကရာဇ်နှစ်ဦးက အကြည့်ချင်းဖလှယ်ပြီး အလိုအလျောက် နားလည်မှုဖြင့် တစ်ချိန်တည်းမှာ မတ်တတ်ထရပ်လိုက်ကြ၏။
ဧကရာဇ်မြောက်ပိုင်းခွန်က ပြောလိုက်၏။
“လောကအရှင်ဆူ… ထျန်ဟွမ်ကမ္ဘာကိုလာတဲ့ ဒီခရီးစဉ်က ငါတို့ကို တကယ်ပဲ အမြင်ကျယ်စေခဲ့တယ်.. ဒါပေမဲ့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက မကြာသေးခင်နှစ်တွေထဲမှာ ဝရုန်းသုန်းကားဖြစ်လာခဲ့ပြီ… ငါတို့က အလုံးစုံအခြေအနေကို ထိန်သိမ်းစောင့်ရှောက်ဖို့အတွက် ခွန်ဖန်းကမ္ဘာကို တတ်နိုင်သမျှမြန်မြန်ပြန်ရလိမ့်မယ်”
ဧကရာဇ်မြောက်ပိုင်းခွန်၏ အကြောင်းပြချက်က အတော်လေးကောင်းမွန်ပြီး ငြင်းဆန်ဖို့ ခဲယဉ်းလေသည်။
ဆူဇီမိုက ပြုံးပြီးခေါင်းညိတ်ပြလိုက်၏။
“ဟုတ်ပါတယ်လေ”
နဂါးဧကရီဆီးနှင်းက ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် သူမကလည်း ဖြည်းဖြည်းချင်းမတ်တတ်ထရပ်လိုက်၏။
နဂါးဘုရင်မဦးချိုမဲ့ကလည်း အလောတကြီး ထရပ်လိုက်၏။
နဂါးဧကရီဆီးနှင်းက ပြောလိုက်သည်။
“ဒီလိုဆိုရင်… ငါတို့လည်း ပြန်နှင့်ပါဦးမယ်”
နဂါးများနှင့် ဖီးနစ်များ၏ တိုက်ပွဲအပြီးမှာ နဂါးကမ္ဘာသည် ပြင်းထန်စွာ ပျက်စီးထိခိုက်ခဲ့ပြီး ဧကရာဇ်ပညာရှင်ဆယ်ဦးထက်ပိုမရှိတော့ပေ။ သူတို့သည် မည်သည့်စစ်ပွဲဒဏ်ကိုမှ ဆက်လက်၍ ခံနိုင်ရည်မရှိတော့ပေ။
နဂါးဧကရီဆီးနှင်းသည် နဂါးကမ္ဘာကို အန္တရာယ်ကျရောက်ပြီး ချေမှုန်းသုတ်သင်ခြင်းမခံရစေလိုပေ။
“ကောင်းပါပြီ”
ဆူဇီမိုက သူမ၏ စိုးရိမ်ပူပန်မှုကို နားလည်ပေးနိုင်ပြီး သူမကို နေဖို့မပြောဘဲ ချက်ချင်းပင် သဘောတူလိုက်၏။
ပန်းလောကအရှင်က ထိုသည်ကိုတွေ့မြင်သောအခါ သူမကလည်း မတ်တတ်ထရပ်ပြီး နှုတ်ဆက်လိုက်၏။ မျောက်ဝံအိုကြီးကသာ မျက်မှောင်ကြုတ်ကာ ထိုင်နေပြီး မနှစ်မျို့သော အမူအရာတစ်ခု ထွက်ပေါ်နေ၏။
ထျန်ဟွမ်ကမ္ဘာက ကပ်ဘေးတစ်ခု ကျရောက်လာနိုင်သည်ကို တွေ့မြင်ရသောအခါ ဤလူများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြ၏။
သူတို့ကိုယ်သူတို့ ဂရုစိုက်ခြင်းအတွက် သူတို့ကို အပြစ်မတင်နိုင်သော်လည်း သူက အဲဒါကို ရင်ထဲကနေ အထင်သေးစက်ဆုပ်မိလေသည်။
ပြန်လည်စဉ်းစားရင်း မျောက်ဝံအိုကြီးက လေးတွဲစွာ သက်ပြင်းချလိုက်၏။
ဤကဲ့သို့သောအချိန်မှာ သူတို့သည် တစ်ဘက်သူဒုက္ခရောက်နေချိန် မြေနိမ့်ရာလှံမစိုက်ဘဲ အခြေအနေကို အမြတ်မထုတ်ခဲ့တာကပင် ချီးကျူးစရာဖြစ်နေလေပြီ။
“စီနီယာ… ခင်ဗျားလည်း ပြန်သင့်တယ်”
ဆူဇီမိုက မျောက်ဝံအိုကြီးရှေ့သို့ ရောက်ရှိလာပြီး လက်နှစ်ဖက်ကို အနည်းငယ်ယှက်ကာ ပြောလိုက်၏။
မျောက်ဝံအိုကြီးက မှင်တက်သွားလေသည်။
‘ယွမ်ဟွမ်ရဲ့ညီကိုက တကယ့်ကို စိတ်သဘောထားကြီးမားပြီး သစ္စာရှိတဲ့လူပဲ… သူက တခြားသူတွေကို ဒုက္ခမရောက်စေချင်လို့ ငါ့ကို ထွက်ခွာဖို့တောင်မှ အရင်လာပြီး ဖျောင်းဖျလိုက်သေးတယ်။’
သိပ်မကြာခင် ဆူဇီမို ဆိုလိုသည့်အရာကို မျောက်ဝံအိုကြီးက နားလည်သွားပြီး သူ့ဘာသာသူတွေးလိုက်၏။
“တစ်ခုခုတော့ မှားနေပြီ… တစ်ခုခုဖြစ်လာတော့မှာပဲ”
အင်မော်တယ်ဘုရင်ကျိရွှမ်က တိတ်တဆိတ်တုန်လှုပ်သွားပြီး ယွင်ကျူး၏ စိတ်ဝိညာဉ်အသိစိတ်ထံ အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“ငါသိသားပဲ.. ငါတို့တွေက ထျန်ဟွမ်ကမ္ဘာကို မလာခဲ့သင့်ဘူး… ကြည့်စမ်းပါဦး အဲဒီဆရာကြီးတွေတောင်မှ ထွက်ခွာကုန်ကြပြီ”
“ထင်မှတ်ထားတဲ့အတိုင်းပဲ… ငါမမှားခဲ့ဘူး… ဆူဇီမိုက ကမ္ဘာတစ်ခုကို လုံးဝထိန်းသိမ်းစောင့်ရှောက်နိုင်မှာ မဟုတ်ဘူး”
ဧကရာဇ်မြောက်ပိုင်းခွန်က လေဟာနယ်ကို သာမန်ကာလျှံကာ ဆုတ်ဖြဲပြီး ဤနေရာကနေ ထွက်ခွာလို၏။ သို့သော်လည်း သူ၏ လက်ချောင်းထိပ်ဖျားက လေဟာနယ်ထဲမှာ အက်ကွဲကြောင်းတစ်ခု ဆုတ်ဖြဲလိုက်စဉ် သူသည် သိပ်သည်းပြင်းထန်သော ခုခံမှုတစ်ရပ်ကို ရုတ်တရက်ခံစားလိုက်ရ၏။
သူက လေဟာနယ်ထဲသို့ လုံးဝမဝင်ရောက်နိုင်ပေ။
ဟမ်…
ဧကရာဇ်မြောက်ပိုင်းခွန်က ရင်ထဲမှာ နင့်ခနဲဖြစ်သွား၏။
“ဘေးပတ်ဝန်းကျင်လေဟာနယ်က ချိပ်ပိတ်ခံထားရပြီ”
ဧကရာဇ်တောင်ပိုင်းဖန်းက အော်ပြောလိုက်၏။
သူတို့နှစ်ယောက်က ခြေတစ်လှမ်းနောက်ကျသွားဆဲဖြစ်သည်။
နဂါးဧကရီဆီးနှင်းနှင့် အခြားသူများ၏ အမူအရာများက ထိုစကားကိုကြားသောအခါ ပြောင်းလဲသွားကြ၏။
ဧကရာဇ်တစ်ဦးနှစ်ဦးကသာ လေဟာနယ်ကို ချိပ်ပိတ်မည်ဆိုလျှင် သူတို့က အထွတ်အထိပ်ဧကရာဇ်များဖြစ်သည်ဆိုလျှင်တောင် ဧကရာဇ်မြောက်ပိုင်းခွန်ကဲ့သို့ ပညာရှင်များကို ထွက်ခွာဖို့ တားဆီးနိုင်မည်မဟုတ်ပေ။
တစ်နည်းအားဖြင့်ဆိုသော လေဟာနယ်ကို ချိပ်ပိတ်ခဲ့သည့်သူများက သေချာပေါက် အထွတ်အထိပ်ဧကရာဇ်များဖြစ်ပြီး တစ်ဦးမက ရှိနေကြ၏။
ပို၍ အရေးပါသည်မှာ လေဟာနယ်ကို ချိပ်ပိတ်ခြင်းအပြုအမူ၏ နောက်ကွယ်မှ အဓိပ္ပါယ်က သိသာထင်ရှားနေသည်။
ပကတိယုံကြည်မှုရှိထားသည့်သူများသာ လေဟာနယ်ကို ကြိုတင်ချိပ်ပိတ်ကြပေလိမ့်မည်။
လေဟာနယ်ကို ချိပ်ပိတ်ခြင်းသည် ဖြစ်နိုင်ခြေတစ်ခုကိုသာ ရည်ညွှန်းဖော်ပြနေ၏။ သူတို့က မည်သူ့ကိုမှ အသက်ရှင်လျက် ထွက်ခွာခွင့်ပေးတော့မည်မဟုတ်ပေ။
ပို၍ပင် ကြောက်စရာကောင်းသည်မှာ ဘေးပတ်ဝန်းကျင်လေဟာနယ်က ချိပ်ပိတ်ခံထားရသည်ကို ခန်းမထဲရှိ ဧကရာဇ်ပညာရှင်များထဲ မည်သူကမှ သတိမထားမိခဲ့ကြပေ။
တိုက်ခိုက်သူက ဘယ်သူတွေလဲ။
“ထျန်ဟွမ်ကမ္ဘာကို မကြာသေးခင်ကမှ တည်ထောင်ထားတာ.. ဒါက တကယ့်ကို ဝမ်းသာစရာအရေးကိစ္စပဲ… မင်းတို့တွေ ဘာလို့ ထွက်ခွာဖို့ အလောတကြီးရှိနေမှာလဲ”
ထိုစဉ်မှာပင် ခန်းမအပြင်ဘက်ကနေ အသံတစ်သံ ထွက်ပေါ်လာ၏။
နောက်ခဏ၌ မနှိုင်းယှဉ်သာအောင် စွမ်းအားကြီးမားသော အော်ရာများက ထျန်ဟွမ်ကမ္ဘာ၏ ကောင်းကင်ထက်ကနေ ပစ်လွင့်ထွက်ပေါ်ပြီး ဖြည်းဖြည်းချင်း ဆင်းသက်လာ၏။
ခန်းမအပြင်ဘက်မှာ ရွှေရောင်အလင်းများက ပျံ့နှံ့ပြီး လောကကို နေ့ဘက်အလား ထိန်ထိန်လင်းသွားစေ၏။
ရုတ်တရက် မြင်းဟီသံများ ထွက်ပေါ်လာပြီး များပြားလှစွာသော ကျင့်ကြံသူများနှင့် သက်ရှိများက ထျန်ဟွမ်ကမ္ဘာသို့ ဆင်းသက်လာကြ၏။
လူတိုင်းက သူတို့၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် တစ်ချက်အကဲခတ်ကြည့်ပြီးနောက် သူတို့၏ အမူအရာများက ပြောင်းလဲသွားကြ၏။
အပြင်ဘက်မှာရှိသော ကျင့်ကြံသူများက စုပြုံထပ်နေပြီး ထျန်ဟွမ်ကမ္ဘာ၏ ကောင်းကင်ထက်ကို ဖုံးအုပ်လုနီးပါးပင်။ သူတို့သည် မတူညီသော ကမ္ဘာများကနေ ရောက်လာပြီး အနည်းဆုံး တောင်တန်းများနှင့် နယ်မြေများမှာ ဖြန့်ကြက်နေရာယူထာသည့် စစ်သည်ပေါင်း သန်းတစ်ရာရှိနေ၏။
“အဲဒါအလင်းကမ္ဘာပဲ”
နဂါးဧကရီဆီးနှင်းက အသံနှိမ့်ကာ ပြောလိုက်၏။
အပြင်ဘက်မှာ ကျင့်ကြံသူစစ်တပ်များစွာရှိနေပြီး သူတို့သည် မတူညီသော ကမ္ဘာများကနေ လာကြလေသည်။ သို့သော်လည်း လေ့လာအကဲခတ်ကြည့်ပြီးနောက် ဤကမ္ဘာများသည် အလင်းကမ္ဘာ၏ ဦးဆောင်မှုနောက်သို့ လိုက်ပါလာသည်ကို သူတို့က ပြောနိုင်ကြ၏။
သူတို့သည် အလင်းကမ္ဘာ၏ လက်အောက်ခံကမ္ဘာများ၊ အလင်းကမ္ဘာနှင့် ရစ်ပတ်ချည်နှောင်မှုရှိထားသော သို့မဟုတ် ဆက်ဆံရေးကောင်းရှိထားသော ကမ္ဘာများဖြစ်လေသည်။
ဧကရာဇ်ပညာရှင်များသက်သက်ပင် ရှစ်ဆယ်ကျော်ရှိနေ၏။
အလင်းကမ္ဘာမှ ဧကရာဇ်ပညာရှင်ဆယ့်ငါးဦးအပြင် ကျန်ရှိနေသော ဧကရာဇ်ပညာရှင်များက အခြားကမ္ဘာများကနေ ရောက်လာကြလေသည်။ အလင်းကမ္ဘာက ဦးဆောင်လာပြီး ဤဧကရာဇ်ပညာရှင်များသည် ထျန်ဟွမ်ခန်းမရှေ့သို့ တစ်ခဏချင်းမှာပင် ရောက်ရှိလာကြသည်။
စဉ်းစားကြည့်၍မရနိုင်သော အော်ရာနှင့် ဖိအားတစ်ခုက တလိပ်လိပ်တိုးဝင်လာပြီး အဲဒါက ခံ့ညား၍ မွန်းကျပ်ဖွယ်ရာကောင်းနေ၏။
အလင်းလောကအရှင်နှင့် အခြားသူများက ခန်းမထဲသို့ မဝင်ရောက်ခင် အင်မော်တယ်ဘုရင်ကျိရွှမ်က ဆက်လက်၍ မတ်တတ်မရပ်နိုင်တော့ပေ။ သူက ယွင်ကျူး၏ ဘေးမျာ ပျော့ခွေစွာ ခေါင်းငိုက်စိုက်ကျသွားပြီး စိတ်ပျက်အားငယ်စွာဖြင့် ရေရွတ်နေ၏။
“သွားပြီ… သွားပါပြီ.. ငါတို့တွေက ဆူဇီမိုကြောင့် အကုန်အသတ်ခံရတော့မယ်”
သူ့လိုမျိုး အင်မော်တယ်ဘုရင်တစ်ဦးကိုမပြောနှင့် ဧကရာဇ်မြောက်ပိုင်းခွန်နှင့် နဂါးဧကရီဆီးနှင်းကဲ့သို့ အထွတ်အထိပ်အင်မော်တယ်ဧကရာဇ်များနှင့် လောကအရှင်များပင်လျှင် ကြီးမားသောဖိအားအောက်မှာ ကျရောက်နေပေသည်။
ထိပ်တန်းကမ္ဘာကြီးများကြား စစ်ပွဲတစ်ခုကပင် ဤကဲ့သို့ ကြီးမားသည့် အစုအဖွဲ့တစ်ရပ်ကို ယှဉ်နိုင်လိမ့်မည်မဟုတ်ပေ။
သူတို့တွေက သူတို့၏ လူများကို ခေါ်ဆောင်မလာခဲ့ကြပေ။ ပဋိပက္ခတစ်ခုဖြစ်လာမည်ဆိုလျှင် သူတို့က ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ သူတို့သည် အလင်းကမ္ဘာ ဦးဆောင်လာသည့် ဧကရာဇ်ပညာရှင်ရှစ်ဆယ်ကျော်ကို ခုခံနိုင်မည်မဟုတ်ပေ။
ပို၍ စိုးရိမ်စရာဖြစ်သည်မှာ ဘေးပတ်ဝန်းကျင်လေဟာနယ်က ချိပ်ပိတ်ခံထားရပြီး အပြင်လောကနှင့် ဆက်သွယ်မှုအားလုံး ဖြတ်တောက်ခံထားရသည်နှင့်တူလေသည်။
သူတို့သည် အင်အားကူပင် မတောင်းနိုင်ပေ။
အခန်း ၃၁၅၂ - ဘယ်သူထွက်သွားချင်လဲ
အလင်းလောကအရှင်က ဧကရာဇ်ရှစ်ဆယ်ကျော်ကို ထျန်ဟွမ်ခန်းမသို့ ဦးဆောင်ခေါ်လာသောအခါ မြေပြင်က တသိမ့်သိမ့် လှုပ်ခါသွား၏။
“တာအိုရောင်းရင်းထျန်ယောင်… ဒီလောက်ကြီးမားတဲ့အစုအဖွဲ့နဲ့ ခင်ဗျားတို့ ဘာလုပ်ကြမလို့လဲ”
ဧကရာဇ်မြောက်ပိုင်းခွန်က လက်နှစ်ဖက်ကို ယှက်ပြပြီး မေးလိုက်၏။
“ငါက လောကအရှင်ဆူကို ဂုဏ်ပြုမလို့လာတာပေါ့”
အလင်းလောကအရှင်က ဆူဇီမိုကို လှမ်းကြည့်ပြီးပြောလိုက်၏။
“လောကအရှင်ဆူ… အခုလို မဖိတ်ခေါ်ဘဲ လာတဲ့အတွက် မင်းငါ့ကို အပြစ်မတင်ဘူးမလား”
“သူက အလင်းလောကအရှင်ဘဲ”
ရုတ်တရက် နဂါးဧကရီဆီးနှင်း၏ အသံက ဆူဇီမို၏ စိတ်ထဲမှာ ထွက်ပေါ်လာပြီး သူမက သတိပေးလိုက်၏။
“အဲဒီလူတွေက ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့လာတာမဟုတ်ဘူး… သတိထား”
ဆူဇီမိုက တစ်ခုခုမပြောရသေးခင် မျောက်ဝံအိုကြီးက ရုတ်တရက်လှောင်ရယ်လိုက်၏။
“ဂုဏ်ပြုစကားပြောဖို့အတွက် ဒီလောက်လူတွေအများကြီး ခေါ်လာစရာလိုလို့လား”
“ဪ… လူများတော့ ပိုစည်ကားတာပေါ့”
အလင်းလောကအရှင်က ပြုံးပြလိုက်၏။
“ထျန်ဟွမ်ကမ္ဘာကို တည်ထောင်ထားတဲ့ လောကအရှင်က သတ္တိရှိပြီ ရဲဝင့်တယ်ဆိုတာ ငါက ဒီလောကအရှင်တွေကို ပြပေးချင်တာ… သူက အမှောင်အပြစ်သားစိတ်ဝိညာဉ်ကို ခေါ်ယူထားရဲရုံတင်မကဘူး… သူက ယက္ခိုသ်အပြစ်သားစိတ်ဝိညာဉ်တွေနဲ့ပါ ပတ်သက်နေသေးတယ်”
“အဲဒါကြောင့် ဒီလောကအရှင်တွေက ဒီလောက်အံ့ဩစရာကောင်းတဲ့လူကို လာပြီး ကြည့်ချင်နေကြတာ”
ထိုစကားလုံးများသည် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေပြီဖြစ်၏။
ဧကရာဇ်တစ်ဦးက အသံကိုမြှင့်ကာပြောလိုက်၏။
“ဒါက လောကအရှင်ဆူ ဖြစ်ရမယ်… ခင်ဗျားကို ဂုဏ်ပြုဖို့လာတာကို မြင်တာတောင် ခင်ဗျားက ဘာလို့ကြိုဆိုတဲ့ပုံပေါက်မနေရတာလဲ”
စကားပြောလိုက်သောသူကလောကအရှင် ယွဲ့ကျောက်ဖြစ်လေသည်။
ယခုအချိန်တွင် ခန်းမတစ်ခုလုံးမှာ တည်ငြိမ်နေနိုင်သည့် တစ်ဦးတည်းသောသူက ဆူဇီမိုပင်ဖြစ်သည်။
ထိုစကားကိုကြားသောအခါ ဆူဇီမိုက ပြုံးလိုက်၏။
“ခင်ဗျားတို့ကို ကြိုဆိုပါတယ်.. ကျုပ်ပြောတဲ့အတိုင်းပဲ ရောက်လာတဲ့လူတိုင်းက ဧည့်သည်တွေပဲ… အားလုံးပဲ ထိုင်ကြပါဦး”
“ဟားဟားဟားဟား…”
ဧကရာဇ်များက ထိုစကားကိုကြားသောအခါ ဟားတိုက်ရယ်မောလိုက်ကြ၏။
ဤကဲ့သို့သော အခြေအနေအောက်မှာ ဘယ်သူက သူတို့ကို ကြိုဆိုရဲမှာလဲ။
ဆူဇီမိုက အတော်လေးဉာဏ်ကောင်းလေသည်။
“ထိုင်ကြ”
အလင်းလောကအရှင်က ဧကရာဇ်များကို ခန်းမထဲမှာ ဝင်ထိုင်ဖို့ အချက်ပြလိုက်၏။
ထူးဆန်းသည့်အရာမှာ အလင်းလောကအရှင်အပါအဝင် ဧကရာဇ်ရှစ်ဆယ်ကျော်ကျော်သည် ထိုင်ခုံအမြင့်များမှာ ဝင်မထိုင်ကြပေ။ ထိုအစား သူတို့က အောက်ဘက်ရှိ ထိုင်ခုံများမှာ နေရာဝင်ယူလိုက်ကြ၏။
“တည်ထောင်ပြီး နှစ်တစ်ရာလောက် ကြာရုံနဲ့ ထျန်ဟွမ်ကမ္ဘာမှာ ဒီလိုမျိုးအနေအထားရောက်ရှိလာတာ တကယ့်ကို အံ့အားသင့်စရာကောင်းတယ်”
အလင်းလောကအရှင်က ဆူဇီမိုကိုကြည့်ပြီး ပြုံး၍ ချီးကျူးလိုက်၏။
“လောကအရှင်ဆူ… မင်းက တကယ်ပဲ အစွမ်းအစရှိပါပေတယ်”
“ခင်ဗျားကျုပ်ကို မြှောက်ပြောနေတာပဲ”
ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။
“နှမြောစရာကတော့…”
အလင်းလောကအရှင်က စကားလမ်းကြောင်းပြောင်းပြီး သူ၏ အပြုံးကို ရုပ်သိမ်းလိုက်၏။ သူကဖြည်းဖြည်းချင်းပြောလိုက်သည်။
“လှပတဲ့ ဒီရှုခင်းတွေက သိပ်မကြာခင် ပျောက်ကွယ်သွားတော့မှာပဲ”
ဧကရာဇ်မြောက်ပိုင်းခွန်နှင့် အခြားသူများက ထိုစကားကိုကြားသောအခါ ဆတ်ခနဲတုန်ယင်သွား၏။
ထိုစကားလုံးများသည် အလင်းလောကအရှင်နှင့်အခြားသူများ၏ ရည်ရွယ်ချက်ကို ဖော်ပြလိုက်ပြီဖြစ်သည်။
“ကျုပ်လည်း အဲဒီအကြောင်းကို ကြားထားတယ်… ဒီမှာ နားလည်မှုလွဲစရာတချို့ ရှိနေတာဖြစ်မယ်”
ဧကရာဇ်တောင်ပိုင်းဖန်းက ကိစ္စများကို အဆင်ပြေချောမွေ့စေရန် ကြိုးစားလိုက်၏။
“ဆူဇီမိုက ဘာပဲပြောပြော အောက်ဘုံလောကက လာတာဆိုတော့ သူက ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေအကြောင်း သိပ်သိမှာမဟုတ်ဘူး… သူက အမှောင်အပြစ်သားစိတ်ဝိညာဉ်နဲ့ ယက္ခိုသ်အပြစ်သားစိတ်ဝိညာဉ်တွေကို ထုတ်ပေးလိုက်တာနဲ့ ဒီကိစ္စက ပြေလည်သွားမယ်ထင်တယ်”
တကယ်တမ်းမှာ ထိုသို့ပြောခြင်းဖြင့် ဧကရာဇ်တောင်ပိုင်းဖန်းသည် ထိုသူများကို တတ်နိုင်သမျှမြန်မြန်ထုတ်ပေးရန် ဆူဇီမိုကို သတိပေးနေခြင်းလည်းဖြစ်၏။
“နှစ်တစ်ရာ…”
အလင်းလောကအရှင်က သက်ပြင်းချလိုက်၏။
“နှစ်တစ်ရာတိတိကြာအောင် သူက အမှောင်အပြစ်သားစိတ်ဝိညာဉ်ကို ထုတ်မပေးခဲ့ဘူး… သူ့အနေနဲ့ အခုချိန်မှ ထုတ်ပေးမယ်ဆိုရင်တောင် နောက်ကျလွန်းသွားပြီ”
ဧကရာဇ်မြောက်ပိုင်းခွန်နှင့် အခြားသူများက တိတ်တဆိတ်အကြည့်ချင်းဖလှယ်လိုက်ကြ၏။
ကြည့်ရသည်မှာ အလင်းလောကအရှင်သည် သေချာပေါက် ညှိနှိုင်းဆွေးနွေးတော့မည်မဟုတ်ပေ။ သူတို့က ရှေ့ထွက်ရပ်တည်ပေးမည်ဆိုလျှင်တောင် ထူးခြားလာတော့မည် မဟုတ်ပေ။
ထျန်ဟွမ်ကမ္ဘာက ဤကပ်ဘေးကနေ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
“နှစ်တစ်ရာ… ဒီကိစ္စအတွက် တကယ်ပဲ ဖြေရှင်းချက်တစ်ခု ရှိသင့်တာပေါ့”
ဆူဇီမိုက ပြောလိုက်၏။
“ဒါပေမဲ့… ဒါက ဒီလောကအရှင်တွေနဲ့ ပတ်သက်မှုမရှိဘူး… သူတို့ကို အရင်ထွက်သွားခိုင်းလိုက်”
ဧကရာဇ်မြောက်ပိုင်းခွန်၊ နဂါးဧကရီဆီးနှင်းနှင့် အခြားသူများမှာ တွေဝေရှုပ်ထွေးသောအမူအရာများရှိလာကြ၏။
ပွင့်ပွင့်လင်းလင်းပြောရလျှင် သူတို့က ဆူဇီမိုကို အတော်လေး သဘောကျမိလေသည်။
သူက သေချာပေါက် သေရတော့မည်ဆိုတာကို ဤလူငယ်က သိရှိထားမည်ဆိုလျှင်တောင် သူက သူတို့ကို ရောပါ ဒုက္ခမရောက်စေလိုပေ။
“ဒီနေ့ကိစ္စကို ဖြေရှင်းလို့ မပြီးမချင်း ဘယ်သူကမှ ထွက်သွားလို့မရဘူး”
အလင်းလောကအရှင်က ပြတ်သားသောလေသံဖြင့် လှောင်ရယ်လိုက်၏။
ဧကရာဇ်မြောက်ပိုင်းခွန်က ထိုစကားကိုကြားသောအခါ မျက်မှောင်ကြုတ်လိုက်၏။ သူ၏ အမူအရာက အေးစက်လာပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဘာလို့လဲ… တာအိုရောင်းရင်းထျန်ယောင်.. ခင်ဗျားက ကျုပ်တို့တွေကိုပါ ထိန်းသိမ်းထားချင်တာလား”
မျောက်ဝံအိုကြီးက အေးစက်စွာပြောလိုက်၏။
“ငါတို့တွေပူးပေါင်းပြီး အသေအကြေတိုက်ခိုက်မယ်ဆိုရင် ငါတို့က မနိုင်ဘူးဆိုရင်တောင် မင်းဒီကိုခေါ်လာတဲ့ ဧကရာဇ်ပညာရှင်ရှစ်ဆယ်ကျော်ထဲ ဘယ်လောက်များများကျန်ခဲ့မှာလဲ”
မျောက်ဝံအိုကြီး၏ စကားလုံးများက အလွန်တရာစွမ်းအားကြီးမားလေသည်။
အလင်းလောကအရှင်သည် သူတို့ကို တိုက်ခိုက်လိုသည်ဆိုလျှင် သူက ကြီးမားသည့် တန်ဖိုးတစ်ခုကို သေချာပေါက် ပေးဆပ်ရပေလိမ့်မည်။
ဧကရာဇ်ရှစ်ဆယ်ကျော်ကျော်ထဲ အများစုသည် အလင်းကမ္ဘာမှ မဟုတ်ကြပေ။ ဤဧကရာဇ်များက သေချာပေါက် စည်းလုံးမှုရှိနေမည်မဟုတ်ပေ။
မျောက်ဝံအိုကြီးသည် ဤဧကရာဇ်ပညာရှင်များကို စိုးရိမ်ပူပန်ပြီး မဆင်မခြင်မတိုက်ခိုက်ရဲအောင် ဖြစ်စေချင်၏။
သို့သော်လည်း သူက ထိုစကားကိုပြောပြီးနောက် ဤဧကရာဇ်ပညာရှင်တစ်အုပ်စုသည် စိုးရိမ်ပူပန်ခြင်း သိုမဟုတ် အရေးလုပ်ခြင်းမရှိသည့်အလား သရော်တော်တော်အမူအရာများဖြင့် ရယ်မောလိုက်ကြ၏။
နဂါးဧကရီဆီးနှင်းက အတွေးနက်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
အလင်းလောကအရှင်နှင့် ဧကရာဇ်ပညာရှင်ရှစ်ဆယ်ကျော်ကျော်သည် စွမ်းအားကြီးမားသော အင်အားတစ်ရပ်ဖြစ်သည်ဟု ဆိုနိုင်လေသည်။
သို့သော်လည်း ဤလူများသက်သက်က ထျန်ဟွမ်ကမ္ဘာ၏ အပြင်ဘက်လေဟာနယ်ကို တိတ်တဆိတ်ချိပ်ပိတ်ဖို့အတွက် မလုံလောက်ပေ။
တစ်နည်းအားဖြင့်ဆိုသော် လေဟာနယ်ကို ချိပ်ပိတ်ခဲ့သည့် အခြားသောပညာရှင်များ ရှိနေဦးမည်ဖြစ်သည်။
နဂါးဧကရီဆီးနှင်းက လစ်လပ်နေသော ပင်မထိုင်ခုံနှင့် ထိုင်ခုံအမြင့်များစွာကို လှမ်းကြည့်လိုက်၏။
တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား သူမက ရင်ထဲမှာ နင့်ခနဲဖြစ်သွား၏။
အဲဒါက ဖြစ်နိုင်မလား…။
ထိုစဉ်မှာပင် မနှိုင်းယှဉ်သာအောင် စီးပိုးခြယ်လှယ်နိုင်သောအော်ရာတစ်ခုက အပြင်ဘက်ကနေ ရုတ်တရက် တလိပ်လိပ်တိုးဝင်လာပြီး ခန်းမထဲရှိ ဧကရာဇ်ပညာရှင်များစွာကို ဖိနှိမ်လိုက်လေသည်။
တစ်ခဏချင်းမှာပင် လူလေးငါးဆယ်က ထျန်ဟွမ်ခန်းမ၏ ဝင်ပေါက်ဝမှာ ပေါ်ထွက်လာကြ၏။
ဦးဆောင်လာသူက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခန်းမထဲသို့ အမူအရာကင်းမဲ့စွာဖြင့် အရင်ဆုံးလျှောက်လှမ်းဝင်ရောက်လာ၏။
အစိမ်းရောင်ဝတ်အမျိုးသားက ခန်းမထဲသို့ ဝင်ရောက်လာသောအခါ ချောက်ချားစရာကောင်းသော အော်ရာတစ်ခုက ပျံ့နှံ့သွားပြီး ခန်းမထဲရှိ လူတိုင်းကို လွှမ်းခြုံသွားလေသည်။
ခန်းမထဲရှိ ဧကရာဇ်များစွာသည် သူတို့၏ မျိုးဆက်သွေးအနက်ပိုင်းထဲကနေလာသည့် အကြောက်တရားကို ခံစာမိလာကြ၏။
ဤသည်က မျိုးဆက်သွေးဆိုင်ရာ ဖိနှိမ်မှုတစ်ရပ်ဖြစ်သည်။
ခွန်မျိုးနွယ်၊ ဖန်းမျိုးနွယ်နှင့် နဂါးမျိုးနွယ်တို့၏ စွမ်းအားကြီးမားသော မျိုးဆက်သွေးများနှင့်ပင်လျှင် ဧကရာဇ်မြောက်ပိုင်းခွန်၊ ဧကရာဇ်တောင်ပိုင်းဖန်းနှင့် နဂါးဧကရီဆီးနှင်းတို့သည် အဲဒါကို မရှောင်လွှဲနိုင်ပေ။
ခန်းမက ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွား၏။
“ဘယ်သူထွက်သွားချင်လဲ”
အစိမ်းရောင်ဝတ်အမျိုးသားက ဘေးပတ်လည်ကို ကြည့်ရှုပြီး သူ၏ အကြည့်က ဧကရာဇ်မြောက်ပိုင်းခွန်နှင့် အခြားသူများအပေါ် ဆင်းသက်ရောက်ရှိသွား၏။
သူက မှင်သေသေဖြင့် ပြောလိုက်၏။
“အဲဒီသူကို ငါအရင်ဆုံး ဘဝကူးပြောင်းပေးလိုက်မယ်”
ဟာ…
ထိုစကားတစ်ခွန်းက ဧကရာဇ်မြောက်ပိုင်းခွန်နှင့် အခြားသူများကို ကျောရိုးတစ်လျှောက် ချမ်းစိမ့်ပြီး ခေါင်းနားပန်းကြီးသွားစေ၏။
သူတို့က စကားတစ်ခွန်းပြောဆိုရဲသည်နှင့် အစိမ်းရောင်ဝတ်အမျိုးသားက သူတို့ကို တိုက်ခိုက်ပြီး တမလွန်ဘုံသို့ ပို့ပေးတော့မည့်အလားပင်။
အရိုင်းဆန်သော မျောက်ဝံအိုကြီးပင် တုန်လှုပ်သွား၏။
သူက ထိုသူကို တွေ့မြင်သောအခါ သူ၏ မျက်လုံးများက စိတ်လှုပ်ရှားခံစားနေရသော အမူအရာနှင့်အတူ နီရဲလာခဲ့လေသည်။ သူက လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ထားပြီး သူ့ကိုယ်သူချုပ်တည်းထားဖို့ အတတ်နိုင်ဆုံးကြိုးစားနေ၏။
သူက အစိမ်းရောင်ဝတ်အမျိုးသားကို မှတ်မိလေသည်။
အရင်တုန်းက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို ဦးဆောင်ပြီး နီညိုရောင်မျောက်ဝံကမ္ဘာထက်ဝက်ကို သတ်ဖြတ်ခဲ့သည့်လူက ဤလူပင်ဖြစ်လေသည်။
ဤလူကတော့ သူသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက မဟုတ်ဘဲ ကောင်းကင်ဘုံခုံရုံးမှဖြစ်သည်။
ဒါ့အပြင် အစိမ်းရောင်ဝတ်အမျိုးသားသည် အရင်တုန်းကထက်ပင် ပိုမိုသန်မာလာသည်ကို မျောက်ဝံအိုကြီးက ရှင်းရှင်းလင်းလင်းအာရုံခံမိနေသည်။
ဆူဇီမိုက တစ်ချက်ဝေ့ကြည့်ပြီး သူ၏ အကြည့်က ဧကရာဇ်ပညာရှင်များ၏ ခါးပေါ်ရှိ တံဆိပ်ပြားများပေါ်ရောက်ရှိသွား၏။ သူတို့မှာ ‘အပြာရောင်’ ဟူသော စာလုံးပါရှိလေသည်။
အပြာရောင်ကောင်းကင်ဘုံ… ကောင်းကင်ဘုံကိုးလွှာထဲမှတစ်ခု။
အစိမ်းရောင်ဝတ်အမျိုးသား၏ နောက်ဘက်မှာ ဆူဇီမိုသည် ရင်းနှီးနေကျလူတစ်ယောက်ကို တွေ့မြင်လိုက်ရ၏။
ဧကရာဇ်မိုးပြာရောင်မီးတောက်…
သို့သော်လည်း ဧကရာဇ်မိုးပြာရောင်မီးတောက်က သူ့ကို မမှတ်မိပေ။
အစိမ်းရောင်ဝတ်အမျိုးသားနှင့် ကောင်းကင်ဘုံခုံရုံးမှ အခြားသော ဧကရာဇ်ငါးဆယ်သည် ခန်းမထဲသို့ ဝင်ရောက်ပြီး ရှေ့သို့လျှောက်လှမ်းလာကြသည်။
အလင်းလောကအရှင်နှင့် အခြားသူများက တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်ပြီး ရိုသေလေးစားစွာဖြင့် ဦးညွှတ်လိုက်ကြ၏။
ဧကရာဇ်မြောက်ပိုင်းခွန်နှင့် အခြားသူများသည် ဖိအားဒဏ်ကို ခံနိုင်ရည်မရှိဘဲ တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်လိုက်ကြရ၏။
အစိမ်ရောင်ဝတ်အမျိုးသား၏ အကြည့်က ရွေ့လျားသွားပြီး မျောက်ဝံအိုကြီးကို ကြည့်လိုက်လေသည်။
မျောက်ဝံအိုကြီးသည် တစ်ချိန်လုံ ခုံပေါ်မှာ ထိုင်နေ၏။ ထိုအခိုက်အတန့်မှာ သူက ဖြည်းဖြည်းချင်းမတ်တတ်ထရပ်ပြီး အံကိုကြိတ်ကာ ဦးညွှတ်ခြင်းမရှိဘဲ ခေါင်းမော့ထား၏။
“မင်းက အရင်အတိုင်းပါပဲလား”
အစိမ်းရောင်ဝတ်အမျိုးသားက မှင်သေသေဖြင့် ရှိနေ၏။ သူက မျောက်ဝံအိုကြီး၏ ဘေးကနေ လျှောက်လှမ်းသွားပြီး သာမန်ကာလျှံကာဖြင့် ပြောလိုက်၏။
“အရင်တုန်းက မင်းတို့မျောက်တွေအားလုံးကို ငါသတ်ခဲ့သင့်တာ”
မျောက်ဝံအိုကြီးက မည်သည့်စကားမှမဆိုဘဲ သူ၏ ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်နေ၏။
လူတိုင်း၏ အကြည့်အောက်မှာ အစိမ်းရောင်ဝတ်အမျိုးသားသည် ခန်းမ၏ ပင်မထိုင်ခုံမှာ ဝင်ထိုင်လိုက်လေသည်။ သူက ဤနေရာ၏ အရှင်သခင်ဖြစ်သည့်အလားပင်။
ကောင်းကင်ဘုံခုံရုံးမှ အခြားသောဧကရာဇ်များကလည်း ထိုင်လိုက်ကြ၏။
ထိုအခိုက်အတန့်မှသာ လစ်လပ်နေသော ထိုင်ခုံများကို ဤလူအုပ်စုအတွက် ချန်ပေးထားခြင်းဖြစ်သည်ကို ဧကရာဇ်မြောက်ပိုင်းခွန်နှင့် အခြားသူများက နားလည်သဘောပေါက်လိုက်ကြသည်။