← Chapters

အခန်း (၃၁၅၃+၃၁၅၄)

Vol. 210 Ch. 3153+3154

အခန်း (၃၁၅၃+၃၁၅၄)

Vol. 210 Ch. 3153+3154

အခန်း ၃၁၅၃ - ရပ်တည်ချက်

“ဒီလောကမှာ ဆူဇီမိုက ဘယ်သူတွေကို ဆန့်ကျင်ထားခဲ့တာပါလိမ့်”

အင်မော်တယ်ဘုရင်ကျိရွှမ်က ညည်းတွားရေရွတ်လိုက်၏။

သူသည် နှစ်ပေါင်းသိန်းချီ ရှင်သန်နေထိုင်လာခဲ့ပြီး ဧကရာဇ်ပညာရှင်ငါးဦးထက် ပိုမတွေ့ဖူးခဲ့ပေ။

သူသည် ယခင်က ဤကဲ့သို့သော မြင်ကွင်းတစ်ခုကို ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။ ဧကရာဇ်ပညာရှင်တစ်ရာကျော်က တစ်ခါတည်း ပေါ်ထွက်လာကြသည်။

ဒါ့အပြင် နောက်ပိုင်းမှာ ပေါ်ထွက်လာသော အယောက်ငါးဆယ်က ပို၍ပင် ကြီးမားသော နောက်ခံတစ်ခုရှိနေသည်မှာ သိသာလေသည်။

အလင်းလောကအရှင်ကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးပင်လျှင် ဤလူအုပ်စု၏ ရှေ့မှာ နာခံစွာ ဦးညွှတ်နေရ၏။

တကယ်တမ်းမှာလည်း ထိုသို့ပင်ဖြစ်၏။

အစိမ်းရောင်ဝတ်အမျိုးသားပေါ်ထွက်လာပြီး မေးခွန်းတစ်ခုထုတ်ခဲ့ပြီးနောက် ခန်းမထဲရှိလူတိုင်းက နှုတ်ဆိတ်သွားကြသည်။

ဧကရာဇ်မြောက်ပိုင်းခွန်နှင့် နဂါးဧကရီဆီးနှင်းကဲ့သို့ လောကအရှင်များ၏ အော်ရာများကပင် သိသိသာသာ ဖိနှိမ်ခံလိုက်ရ၏။

သူတို့သည် အစိမ်းရောင်ဝတ်အမျိုးသားကို ယခင်က မတွေ့မြင်ဖူးသော်လည်း ဤဧကရာဇ်အုပ်စု၏ နောက်ခံကို သူတို့က ခန့်မှန်းမိလိုက်ကြပြီဖြစ်၏။

ဧကရာဇ်မြောက်ပိုင်းခွန်နှင့် ဧကရာဇ်တောင်ပိုင်းဖန်းက အကြည့်ချင်းဖလှယ်ပြီး ခေါင်းခါယမ်းလိုက်ကြ၏။

ထျန်ဟွမ်ကမ္ဘာက သွားရှာလေပြီ။

သူတို့တွေးထင်ထားခဲ့သည့် အဆိုးရွားဆုံးဖြစ်နိုင်ခြေမှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနှင့် အလင်းကမ္ဘာက ထျန်ဟွမ်ကမ္ဘာကို ပြဿနာလာရှာခြင်းပင်။

ယခု လက်ရှိဖြစ်ပေါ်လာသော အခြေအနေက သူတို့တွေးထင်ထားသည်ထက်ပင် ပို၍ ပြင်းထန်ဆိုးရွားနေသည်။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ နောက်ကွယ်မှာ ကြီးမားသောအဖွဲ့အစည်းကပင် လူတချို့ကို အမှန်တကယ်စေလွှတ်ပေးခဲ့လေသည်။

ဒါ့အပြင် ဧကရာဇ်ငါးဆယ်ကျော်သည် သေးငယ်သော ထျန်ဟွမ်ကမ္ဘာကို ကိုင်တွယ်ဖို့အတွက် ပေါ်ထွက်လာကြလေသည်။

ထျန်ဟွမ်ကမ္ဘာကို ကယ်တင်ဖို့ ဆက်လက်၍ မဖြစ်နိုင်တော့ပေ။

ယခုအချိန်မှာ ပါဝင်ပတ်သက်ခြင်းမရှိဘဲ မထိမခိုက်လွတ်မြောက်ချင်သည့် အတွေးတစ်ခုသာ သူတို့မှာ ရှိတော့လေသည်။

အစိမ်းရောင်ဝတ်အမျိုးသားသည် ထျန်ဟွမ်ခန်းမ၏ ပင်မထိုင်ခုံမှာ ထိုင်ပြီးနောက် အလင်းလောကအရှင်နှင့် အခြားသူများက ဦးညွှတ်နေဆဲဖြစ်သည်ကို တွေ့မြင်သောအခါ သူက ပြုံးလိုက်၏။

“အားလုံးပဲ… ထိုင်ကြ ဒီလောက်ထိ မလိုပါဘူး”

“ကျေးဇူးတင်ပါတယ်အရှင်”

အလင်းလောကအရှင်နှင့် အခြားသူများက သူ့ကို ကျေးဇူးတင်ပြီးနောက် သူတို့က ဂရုတစိုက်ထိုင်လိုက်ကြ၏။ ထိုအခိုက်အတန့်မှာ ခန်းမ၏ အလယ်မှာရှိနေသော ဆူဇီမိုက တစ်မူထူးခြားစွာ သိသာထင်ရှားလာခဲ့၏။

ဧကရာဇ်မြောက်ပိုင်းခွန်၊ နဂါးဧကရီဆီးနှင်းနှင့် အခြားသူများသည် ဆူဇီမိုကို လှမ်းကြည့်ပြီးနောက် မှင်တက်သွားကြ၏။

ဤကဲ့သို့သောအခြေအနေအောက်မှာ ထျန်ဟွမ်ကမ္ဘာ၏ ဤလောကအရှင်သည် အလွန်တရာတည်ငြိမ်နေ၏။

သူ၏ အမူအရာက ပုံမှန်အတိုင်းသာဖြစ်ပြီး ကြောက်ရွံ့ခြင်း သို့မဟုတ် အံ့အားသင့်ခြင်းနှင့် ထိတ်ထိတ်ပျာပျာဖြစ်ခြင်း ရှိမနေပေ။ ဘေးကနေ ရပ်ကြည့်နေသူများအနေဖြင့်ပင် သူတို့သည် ကြီးမားသော ဖိအားအောက်ကျရောက်နေပြီး မအီမသာခံစားနေရ၏။

ခန်းမ၏ အလယ်မှာရှိပြီး မုန်တိုင်း၏ အလယ်ဗဟိုဖြစ်နေသော ဆူဇီမိုပေါ် ဖိအားဘယ်လောက်များများ ကျရောက်နေသလဲ မည်သူကမှ စဉ်းစားမကြည့်နိုင်ပေ။

ဤကဲ့သို့သောအခြေအနေအောက်မှာ ဆူဇီမိုက ထိတ်လန့်တကြားဖြစ်ပြီး တုန်ယင်နေမည် သို့မဟုတ် ငိုယိုပြီး အသနားခံတောင်းပန်နေမည်ဆိုလျှင်တောင် သူတို့က အံ့အားသင့်ရလိမ့်မည် မဟုတ်ပေ။

သူတို့ထင်မှတ်မထားသည့် တစ်ခုတည်းသောအရာမှာ ဆူဇီမိုက ဤကဲ့သို့သောပုံစံဖြင့် ရှိနေခြင်းပင်။

သူက အရမ်းကို တည်ငြိမ်နေ၏။

သူက နားမလည်နိုင်လောက်အောင် တည်ငြိမ်လွန်းနေသည်။

သို့သော်လည်း အစကနေ ယခုအချိန်ထိ အစိမ်းရောင်ဝတ်အမျိုးသားက ဆူဇီမိုကို လှည့်ပင်မကြည့်ပေ။

သူ့အတွက်တော့ ထျန်ဟွမ်ကမ္ဘာ၏ လောကအရှင်ဟုခေါ်ဆိုသူ အန္တိမအင်မော်တယ်ဘုရင်တစ်ဦးက သူ၏ စိတ်အာရုံကို ရရှိဖို့ မထိုက်တန်ပေ။

ဒေါက်… ဒေါက်… ဒေါက်…

အစိမ်းရောင်ဝတ်အမျိုးသားက စားပွဲခုံကို လက်ဖြင့် ညင်သာစွာတောက်ပြီး လူတိုင်းကို ရင်တလှပ်လှပ်ဖြစ်ကာ ချက်ချင်းပင် အကြောအချင်များ တောင့်တင်းလာစေ၏။

“ငါ့ကိုယ်ငါ မိတ်ဆက်ပေးရဦးမယ်”

အစိမ်းရောင်ဝတ်အမျိုးသားက ပြောလိုက်၏။

“ငါက ကောင်းကင်ဘုံခုံရုံးက လာခဲ့တာပဲ… မင်းတို့ထဲကတချို့က ကောင်းကင်ဘုံခုံရုံးနဲ့ ပတ်သက်တဲ့ ကိစ္စတချို့ကို သိထားမယ်လို့ ငါယုံတယ်… ရှင်းရှင်းပြောရရင် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဆိုတာ ကောင်းကင်ဘုံခုံရုံးရဲ့ အမိန့်အောက်က ပြုမူလှုပ်ရှားနေတဲ့ အဖွဲ့တစ်ဖွဲ့ပဲ”

ဧကရာဇ်မြောက်ပိုင်းခွန်၊ နဂါးဧကရီဆီးနှင်းနှင့် အခြားသူများသည် ဤလူအုပ်စု၏ မူလဇာစ်မြစ်ကို ခန့်မှန်းမိထားပြီဖြစ်ပြီး အံ့အားသင့်မသွားကြပေ။

ပန်းလောကအရှင်နှင့် အင်မော်တယ်ဘုရင်ကျိရွှမ်ကဲ့သို့လူများကတော့ သူတို့သည် ဤအကြောင်းအရာကို ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သည်။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကပင် ကောင်းကင်ဘုံခုံရုံး၏ အမိန့်များကို နာခံရသည်ဟု ဆိုနေသည်။

အစိမ်းရောင်ဝတ်အမျိုးသားက ဆက်ပြောလိုက်၏။

“ငါက ကောင်းကင်ဘုံခုံရုံးရဲ့ အပြာရောင်အဖွဲ့ကပဲ… ငါက အမှုဆောင်တမန်တော်တစ်ဦးပဲ”

ခန်းမက တိတ်ဆိတ်ငြိမ်သက်သွား၏။

“အို… မင်းတို့တွေက အမှုဆောင် တမန်တော်ဆိုတဲ့ စကားလုံးကို ကြားဖူးချင်မှ ကြားဖူးကြလိမ့်မယ်”

အစိမ်းရောင်ဝတ်အမျိုးသားက ဆက်ပြောလိုက်၏။

“ရှင်းရှင်းပြောရရင်တော့ အပြာရောင်ကောင်းကင်ဘုံမှာ မဟာဧကရာဇ်အပြာရောင်ကောင်းကင်ဘုံကလွဲရင် အသန်မာဆုံးပုဂ္ဂိုလ်ကပဲ အမှုဆောင်တမန်တော်ဘွဲ့ကို ခံယူဖို့ အဆင့်မီတယ်”

မဟာဧကရာဇ်နယ်ပယ်အောက်မှာ အသန်မာဆုံးပညာရှင်…။

အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံက ပြောလိုက်၏။

“ဆိုးယုတ်မိစ္ဆာတွေက ပြဿနာမရှာခင် အကြိမ်တိုင်းမှာ ကောင်းကင်ဘုံခုံရုံးက အမှုဆောင်တမန်တော်တွေက မျက်မှောက်ခေတ်ရဲ့ လောကအရှင်တွေနဲ့ လှည့်လည်ဆွေးနွေးဖို့အတွက် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ဆင်းသက်လာကြလိမ့်မယ်”

“ဟဲဟဲ… အားလုံးပဲ… ဘာမှ မလန့်နဲ့ ကြောက်စရာလည်း မလိုဘူး”

အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံက ဧကရာဇ်မြောက်ပိုင်းခွန်၊ ဧကရာဇ်တောင်ပိုင်းဖန်းနှင့် အခြားသူများကိုကြည့်ပြီး ရယ်မောကာ ပြောလိုက်၏။

“ငါတို့ ဒီမှာ အခုလိုတွေ့တာ ကောင်းတာပဲ… ငါက မင်းတို့တွေဆီ တကူးတကလာပြီး လိုက်မေးနေစရာမလိုတော့ဘူးပေါ့”

ဧကရာဇ်မြောက်ပိုင်းခွန်နှင့် အခြားသူများက တုန်လှုပ်သွားကြ၏။

အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံသည် စကားကို ညင်သာစွာ ပြောဆိုနေပြီး နွေးထွေးသော စိတ်သဘောထားတစ်ခုပင် ရှိနေ၏။ သို့သော်လည်း ဧကရာဇ်မြောက်ပိုင်းခွန်၊ ဧကရာဇ်တောင်ပိုင်းဖန်းနှင့် အခြားသူများသည် သူတို့က မှားယွင်းစွာ အဖြေပေးမိမည်ဆိုလျှင် ဤလူက ချက်ချင်းပင်ရန်လိုပြီး သူတို့ကို သတ်ဖြတ်လိမ့်မည်ဆိုတာကို သိရှိထားကြ၏။

အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံ၏ လေသံက တဖြည်းဖြည်းတည်တံ့လာပြီး သူက ဖြည်းဖြည်းချင်းပြောလိုက်၏။

“အခု ဆိုးယုတ်မိစ္ဆာတွေက လောကမှာ ကစဉ့်ကလျားတွေကို ဖန်တီးနေကြပြီ… ခွန်ဖန်းကမ္ဘာ၊ နဂါးကမ္ဘာ၊ နီညိုရောင်မျောက်ဝံကမ္ဘာနဲ့ ပန်းကမ္ဘာတို့က ပြဿနာရှာဖို့အတွက် ဆိုးယုတ်မိစ္ဆာတွေနဲ့ ပူးပေါင်းဖို့ ရည်ရွယ်ထားတာလား… ဒါမှမဟုတ် မင်းတို့တွေက အဲဒီဆိုးယုတ်မိစ္ဆာတွေကို သတ်ဖြတ်ပြီး ကစဉ့်ကလျားတွေကို ပြေငြိမ်းစေဖို့အတွက် ကောင်းကင်ဘုံခုံရုံးရဲ့ လက်အောက်ကို ဝင်ရောက်ကြမှာလား”

ဧကရာဇ်မြောက်ပိုင်းခွန်၊ ပန်းလောကအရှင်နှင့် အခြားသူများ၏ အမူအရာများက အနည်းငယ်ပြောင်းလဲသွားကြ၏။

သူက သူတို့၏ ရပ်တည်ချက်ကို ဖော်ပြစေချင်သည်မှာ သိသာနေ၏။

ဧကရာဇ်မြောက်ပိုင်းခွန်က ပြောလိုက်၏။

“ခွန်ဖန်းကမ္ဘာက သေချာပေါက် ကောင်းကင်ဘုံခုံရုံးဘက်မှာ ရှိနေမယ်”

ပန်းလောကအရှင်ကလည်း အလောတကြီးထပ်ပြောလိုက်၏။

“ဆိုးယုတ်မိစ္ဆာတွေကို သတ်ဖြတ်ရမှာက ကျမတို့ရဲ့တာဝန်ပဲ”

“ကောင်းတယ်… မင်းတို့တွေအားလုံး တော်တော်နာခံတတ်ကြတာပဲ”

အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံက လက်ခုပ်တီးပြီးပြုံးလိုက်၏။ သူ၏ အကြည့်က ရွေ့လျားသွားပြီး မျောက်ဝံအိုကြီးနှင့် နဂါးဧကရီဆီးနှင်းပေါ် ဆင်းသက်သွားလေသည်။

မျောက်ဝံအိုကြီးက မည်သည့်စကားမှမဆိုဘဲ သူ၏ လက်သီးကို တင်းတင်းဆုပ်ထား၏။

နဂါးဧကရီဆီးနှင်းက ခဏမျှနှုတ်ဆိတ်နေပြီးနောက် ကြိုးစား၍ ပြုံးလိုက်၏။

“အရှင်အမှုဆောင်တမန်တော်… နဂါးကမ္ဘာက မကြာသေးခင်ကမှ ကပ်ဘေးတစ်ခုနဲ့ ကြုံတွေ့ထားတယ်… ကျွန်မတို့ရဲ့ ကလန်သားတွေက ကြီးမားတဲ့ ပျက်စီးထိခိုက်မှုတွေနဲ့ ကြုံတွေ့ခံစားခဲ့ရတယ်… ကျွန်မတို့တွေထဲမှာ ရှင်သန်ကျန်ရစ်သူက တစ်ဆယ်ရာခိုင်နှုန်းတောင်မရှိတော့ဘူး… ကျွန်မတို့က မိစ္ဆာသတ်ဖြတ်ခြင်းတိုက်ပွဲမှာ ပါဝင်ဆင်နွှဲဖို့ တကယ်ပဲ မတတ်နိုင်ကြတော့ဘူး”

“ကျွန်မက အိုနေပြီဆိုပေမယ့် ခွန်အားနဲနဲတော့ ရှိပါသေးတယ်… အရှင်အမှုဆောင်တမန်တော် ကျွန်မက ရှင့်အတွက် အမှုထမ်းပေးလိုပါတယ်”

တကယ်တမ်းမှာ နဂါးဧကရီဆီးနှင်းသည် နဂါးမျိုးဆက်သွေးကို ကာကွယ်ပြီး နဂါးမျိုးနွယ်ကို ဤကပ်ဘေးကနေ ပါဝင်ပတ်သက်ခြင်း မရှိစေလိုသည့်အတွက် သူမကိုယ်သူမ စတေးဖို့ ပြင်ဆင်ထားပြီဖြစ်သည်။

“အို…”

အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံက ပြုံးလိုက်၏။

နဂါးမျိုးနွယ်က ဆိုးယုတ်မိစ္ဆာတွေနဲ့ ပူးပေါင်းဖို့ရည်ရွယ်ထားတယ်လို့ ငါယူဆလိုက်မယ်”

“မဟုတ်.. မဟုတ်ပါဘူး”

နဂါးဧကရီဆီးနှင်း၏ အမူအရာက ပြောင်းလဲသွားပြီး အလောတကြီးရှင်းပြလိုက်၏။

“နဂါးမျိုးနွယ်က တိုက်ပွဲမှာ ပါဝင်ဆင်နွှဲဖို့ စွမ်းအားမဲ့နေလို့ပါ… ဒါပေမဲ့ ကျွန်မတို့က ဆိုးယုတ်မိစ္ဆာတွေကို ကူညီပေးမှာမဟုတ်…”

“သူတို့တွေက ဒီတိုက်ပွဲမှာ မပါဝင်နိုင်တော့ဘူးဆိုမှတော့ နဂါးမျိုးနွယ်ကို ဆက်ပြီးထားစရာမလိုတော့ဘူး”

နဂါးဧကရီဆီးနှင်း၏ စကားမဆုံးသေးခင် အမှုဆောင်တမန်တော်အပြာရောင်ကောင်းကင်ဘုံက သူမ၏စကားကိုဖြတ်ပြောလိုက်၏။

“မင်းတို့တွေက ကောင်းကင်ဘုံခုံရုံးရဲ့ လက်အောက်မှာ ရှိမနေဘူးဆိုရင် မင်းတို့တွေက ဆိုးယုတ်မိစ္ဆာတွေဘက်မှာပဲ… နဂါးမျိုးနွယ်က ခြံစည်းရိုးအတွင်းမှာနေပြီး တခြားအရာရာတိုင်းကို လျစ်လျူရှုထားချင်တာလား… ကိစ္စတွေက အဲလောက်ထိ လွယ်ကူရိုးရှင်းမယ်လို့ မင်းတို့ထင်လိုလား”

နဂါးဧကရီဆီးနှင်း၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွား၏။

ဆူဇီမိုက တစ်ချိန်လုံးခန်းမထဲမှာ တိတ်တဆိတ် မတ်တတ်ရပ်နေ၏။

သူက ဤလူများ၏ အစစ်အမှန်ရည်ရွယ်ချက်ကို သိရှိလိုပြီး လေ့လာအကဲခတ်ကြည့်နေ၏။

ကောင်းကင်ဘုံခုံရုံးသည် ဤလူအုပ်စုကို စုဖွဲ့လာခဲ့သည်မှာ ထျန်ဟွမ်ကမ္ဘာအတွက်သာလျှင် မဟုတ်နိုင်ပေ။

ထို့ကြောင့် သူက သိုင်းတာအိုပင်မခန္ဓာကို လှမ်းခေါ်ဖို့ အလောတကြီးရှိမနေသေးပေ။

သူက မဟာအရိုင်းကမ္ဘာကိုလည်း စောင့်ရှောက်ပေးနေရ၏။

သို့သော်လည်း ထိုစကားကိုကြားသောအခါ သူက ကိစ္စတစ်ခုကို သေချာသိရှိသွား၏။

ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကို ဆိုးယုတ်မိစ္ဆာများက စတင်ခဲ့လေသည်။ သို့သော်လည်း အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို သူတို့၏ ရပ်တည်ချက်ဖော်ပြဖို့အတွက် အတင်းအကျပ်ဖိအားပေးပြီး မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများကို ဤတိုက်ပွဲတွင် ပါဝင်ပတ်သက်စေဖို့ ဖိအားပေးနေသည့်သူက တကယ်ပင် ကောင်းကင်ဘုံခုံရုံးဖြစ်လေသည်။

မိစ္ဆာအရှင်က သူ့ကိုတစ်ခါ လာရှာခဲ့ဖူးသည်။

ဧကရီဆိုးယုတ်ကလည်း အကူအညီတောင်းဖို့အတွက် တျဲယွဲ့ကို လာရှာခဲ့ဖူးလေသည်။

တျဲယွဲ့က ငြင်းပယ်ခဲ့သည်ဆိုလျှင်တောင် ဧကရီဆိုးယုတ်က သူမကို အခက်တွေ့အောင် မလုပ်ခဲ့ပေ။

မိစ္ဆာအရှင်ဖြစ်စေ၊ ဧကရီဆိုးယုတ်ဖြစ်စေ သူတို့သည် ဘယ်တုန်းကမှ သူတို့ကို အတင်းအကျပ်ဖိအားမပေးခဲ့ပေ။ ထိုအစား သူတို့သည် သူတို့ကို သူတို့ဘာသာသူတို့ ရွေးချယ်ခွင့်ပေးထား၏။

သို့သော်လည်း ကောင်းကင်ဘုံခုံရုံး၏ ရှေ့မှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ သက်ရှိများမှာ ရွေးချယ်စရာမရှိပေ။ သူတို့က ဆိုးယုတ်မိစ္ဆာများကို ရှေ့ကနေ တိုက်ခိုက်ဖို့အတွက် ကောင်းကင်ဘုံခုံရုံး၏ လက်အောက်သို့ ဝင်ရောက်လျှင် ဝင်ရောက် မဟုတ်လျှင် သူတို့က သေရပေမည်။

“ကောင်းကင်ဘုံခုံရုံးက တကယ့်ကို အထင်ကြီးစရာပါလား”

ထိုစဉ်မှာပင် ခန်းမ၏ အလယ်ကနေ အသံတစ်သံ ထွက်ပေါ်လာပြီး အတော်လေးနားကြားပြင်းကပ်စရာကောင်းနေ၏။

အမှုဆောင်တမန်တော်အပြာရောင်ကောင်းကင်ဘုံ၏ စွမ်းပကားအောက်မှာ ဧကရာဇ်ပညာရှင်များပင်လျှင် ကြောက်ရွံ့စွာဖြင့် တုန်ယင်နေကြ၏။ ဘယ်သူက ဤကဲ့သို့သောစကားကို ပြောဆိုရဲမှာလဲ။

ဒါ့အပြင် ထိုလေသံမှာ လှောင်ပြောင်ထေ့ငေါ့မှုပါဝင်နေ၏။

ဤလူအတွက် မျှော်လင့်ချက်မရှိတော့ပေ။

လူတိုင်းက သေလူတစ်ယောက်ကို ကြည့်ရှုနေသည့်အလား ခန်းမ၏ အလယ်မှာရှိသော ဆူဇီမိုကို လှည့်ကြည့်လိုက်ကြ၏။

ဧကရာဇ်မြောက်ပိုင်းခွန်နှင့် အခြားသူများက သူတို့၏ ခေါင်းများကို ခါယမ်းလိုက်ကြ၏။

“ဟဲဟဲ...”

ရုတ်တရက် ဧကရာဇ်မိုးပြာရောင်မီးတောက်က လှောင်ရယ်လိုက်၏။

“အို… ဟုတ်သားပဲ… ငါက ထျန်ဟွမ်ကမ္ဘာရဲ့ လောကအရှင်ကို မေ့နေတာ အခုတော့ သူက မကျေမနပ်ဖြစ်လာပြီ။”

အခန်း ၃၁၅၄ - ဆက်ကြေး

ဆူဇီမိုသည် ဧကရာဇ် မိုးပြာရောင်မီးတောက်ကို လျစ်လျူရှုပြီး ပင်မထိုင်ခုံမှာ တည်ငြိမ်သော အမူအရာဖြင့် ထိုင်နေသည့် အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံကို ကြည့်လိုက်၏။

“ကောင်းကင်ဘုံခုံရုံးက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ဘာလို့ချိပ်ပိတ်ပြီး မျိုးနွယ်စုတစ်သောင်းရဲ့ တက်လှမ်းရာလမ်းကြောင်းကို ပိတ်ဆို့ထားရတာလဲ”

အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံက မျက်ခုံးအနည်းငယ်ပင့်လိုက်၏။

ဤအချက်သည် အစကတည်းက အလွန်တရာလျှို့ဝှက်ထားရသော ကိစ္စဖြစ်ပြီး အမျိုးမျိုးသော ကမ္ဘာများမှ ဧကရာဇ်ပညာရှင်များစွာပင် ထိုအကြောင်းကို မသိရှိထားပေ။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ဤကိစ္စကို ဆွေးနွေးခွင့်မပြုသလို မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိုအကြောင်းကို ဖော်ပြခွင့်မပေးပေ။

ဧကရာဇ်မြောက်ပိုင်းခွန်၊ ဧကရာဇ်တောင်ပိုင်းဖန်း၊ နဂါးဧကရီဆီးနှင်းနှင့် အခြားသူများသည် ထိုစကားကို ကြားသောအခါ သိသိသာသာ လှုပ်ရှားယိမ်းယိုင်သွားကြ၏။

ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့သော ထိပ်တန်းကမ္ဘာကြီးများ၏ လောကအရှင်များအနေဖြင့် သူတို့က လျှို့ဝှက်ချက်အမွေတချို့ ရရှိထားလေသည်။

သူတို့သည် အခြေအနေအတိအကျကို မသိရှိထားသော်လည်း အကြမ်းဖျင်းခန့်မှန်းမိထားကြ၏။

“မင်း အဲ့ဒါနဲ့ပတ်သက်ပြီး တကယ်သိလို့လား”

အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံက ပြုံး၍ပြောလိုက်၏။

ဆူဇီမိုက ဆက်ပြောလိုက်သည်။

“ကောင်းကင်ဘုံကိုးလွှာက ခုံရုံးအဖြစ် ထမ်းဆောင်ပြီး မဟာကမ္ဘာတစ်ထောင်လောကမှာ ကောင်းကင်နဲ့မြေကြီးအမြုတေချီ ပမာဏများစွာကို ကောင်းကင်ဘုံခုံရုံးကနေ ချိပ်ပိတ်ထားတယ်ဆိုတာလည်း ငါသိတယ်… အဲ့ဒါကြောင့်ပဲ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ အမြုတေချီက အတော်လေးပါးလွှာပြီး မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေက ကျင့်ကြံဖို့အတွက် အများကြီး ခက်ခဲလာခဲ့တာပဲ”

“ဟားဟားဟား”

အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံက ဟားတိုက်ရယ်မောပြီး မေးလိုက်၏။

“မင်းသိတယ်ဆိုတော့ရော ဘာဖြစ်လဲ”

ဆူဇီမိုက မဖြေဘဲ ဆက်မေးလိုက်၏။

“ကောင်းကင်ဘုံခုံရုံးရဲ့ ရည်ရွယ်ချက်က ဘာလဲ”

“မင်း ငါ့ကို မေးခွန်းထုတ်နေတာလား”

အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံက ဆူဇီမိုကို လှောင်ပြောင်သရော်လိုသော အကြည့်ဖြင့်ကြည့်ပြီး ပြုံးလိုက်လေသည်။

“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက မင်းတို့သက်ရှိတွေက ငါတို့မွေးမြူထားတဲ့ ခြံမွေးတိရစ္ဆာန်တစ်အုပ်စုပဲ”

“ခြံမွေးတိရစ္ဆာန်တွေအနေနဲ့ မင်းတို့မှာ ခြံမွေးတိရစ္ဆာန်တွေရဲ့ အသိဉာဏ်ပဲရှိရမယ်… မင်းတို့တွေက မကျေမချမ်းဖြစ်လာပြီး မင်းတို့ရဲ့လှောင်အိမ်ထဲကနေ ရုန်းထွက်ချင်တဲ့တစ်နေ့ ရောက်လာမယ်ဆိုရင် မင်းတို့အတွက် စောင့်ဆိုင်းနေမယ့် တစ်ခုတည်းသောအရာက သတ်ဖြတ်သုတ်သင်ခံရခြင်းပဲ”

သူသည် ယနေ့မှာ သူတို့အားလုံးကို သတ်ဖြတ်ဖို့ ပြင်ဆင်ထားပြီဆိုမှတော့ အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံက ထိုအချက်ကို ဖုံးကွယ်ထားဖို့ စိတ်ကူးမရှိတော့ပေ။

အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံက ဧကရာဇ်မြောက်ပိုင်းခွန်၊ အလင်းလောကအရှင်နှင့် အောက်ဘက်ရှိ အခြားသူများကို ကြည့်ပြီး ညင်သာစွာ ပြောလိုက်၏။

“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာရှိတဲ့ ကောင်းကင်နဲ့မြေကြီး အမြုတေချီကိုလည်း မင်းတို့တွေကို ကောင်းကင်ဘုံခုံရုံးက ပေးအပ်ထားတာပဲ… မင်းတို့က အဲ့ဒါနဲ့ တင်းတိမ်ရောင့်ရဲပြီး ကျေးဇူးတင်တတ်ရမယ်”

အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံသည် သူတို့ကို ခြံမွေးတိရစ္ဆာန်များဟု ခေါ်ဆိုခြင်းဖြင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ဧကရာဇ်များကို အရှက်ခွဲခဲ့လေသည်။ သို့သော်လည်း ဧကရာဇ်မြောက်ပိုင်းခွန်၊ ဧကရာဇ်တောင်ပိုင်းဖန်းနှင့် အခြားသူများသည် မှင်သေသေဖြင့် ရှိနေပြီး ခွန်းတုံ့ပြန်ရဲခြင်းမရှိပေ။ သူတို့သည် သူတို့၏ အမျက်ဒေါသကို သူတို့၏ ရင်ထဲမှာသာ ဖိနှိမ်ထားရ၏။

အလင်းလောကအရှင်က မတ်တတ်ထရပ်ပြီး မြေပြင်ပေါ်မှာ ဒူးထောက်ချကာ အော်ပြောလိုက်၏။

“လျှပ်စီး၊ မိုးရေနဲ့ နှင်းစက်တို့အားလုံးက ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးမှုတွေပဲ… အလင်းကမ္ဘာက အဲ့ဒါကို သေချာပေါက် မှတ်သားထားပါတယ်… ကောင်းကင်ဘုံခုံရုံးက အမိန့်ပေးတာနဲ့ အလင်းကမ္ဘာက နတ်ဘုရားမျိုးနွယ်သက်ရှိတွေက ကျုပ်တို့ရဲ့အသက်တွေကို စွန့်လွှတ်စတေးဖို့ တွေဝေတုံ့ဆိုင်းနေမှာ မဟုတ်ဘူး”

ထျန်ဟွမ်ကမ္ဘာမှလူတိုင်းက စက်ဆုပ်ရွံရှာမှုကို ခံစားလိုက်ရ၏။ အလင်းကမ္ဘာမှ ဧကရာဇ်တချို့ပင်လျှင် သူတို့မျက်လုံးထဲရှိ မလုံမလဲအကြည့်နှင့်အတူ သူတို့၏ ခေါင်းများကို ငုံ့လိုက်ကြ၏။

ဧကရာဇ်မြောက်ပိုင်းခွန်နှင့် အခြားသူများသည် ဖိအားအောက်မှာ ရွေးချယ်စရာ မရှိသောကြောင့် ကတိကဝတ်ပြုခဲ့ရ၏။

သို့သော်လည်း အလင်းလောကအရှင်က မျက်နှာချိုသွေးနေသော ကျေးကျွန်တစ်ဦးမျှသာဖြစ်သည်။

“အမ်း”

အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံက ကျေနပ်အားရသော အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။ သူက သူ့ရှေ့မှာ ဒူးထောက်နေသည့် အလင်းလောကအရှင်ကို လက်ညှိုးထိုးပြီး ချီးကျူးလိုက်၏။

“အားလုံးပဲ သူ့ကိုကြည့်ကြ… ဘယ်လောက်တောင် အသိအမြင်မှန်ကန်လိုက်လဲ”

“အို… ဒါနဲ့…”

အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံက ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုလိုက်၏။

“ထျန်ဟွမ်ကမ္ဘာက တကယ်ပဲ မဆိုးလှပါဘူး… အဲ့ဒါက ကောင်းကင်ဘုံခုံရုံးက အင်မော်တယ်နန်းတော်တွေထက်တောင်မှ မနိမ့်ကျလောက်ဘူး”

“ဒါပေမဲ့ မင်းတို့ပုရွက်ဆိတ်တွေက ကောင်းကင်ဘုံခုံရုံးနဲ့ဆင်တူတဲ့ ဒီလိုနေရာမျိုးမှာ ရှင်သန်နေထိုင်တယ်ဆိုတာ မတန်မရာ ရယူနေကြတာပဲ…. အဲ့ဒါကကို ကြီးလေးတဲ့ပြစ်မှုပဲ”

“မင်းတို့ ခြံမွေးတိရစ္ဆာန်တွေ… မင်းတို့တွေက ဒီလိုမျိုးပတ်ဝန်းကျင်မှာ ရှင်သန်နေထိုင်ပြီး ကျင့်ကြံဖို့ ဘယ်လိုလုပ်ထိုက်တန်မှာလဲ”

ခန်းမထဲမှာ အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံ၏ အသံကသာ ပဲ့တင်ထပ်ထွက်ပေါ်နေ၏။

မည်သူကမှ ကြားဖြတ်ပြောရဲခြင်းမရှိဘဲ လေထုက အလွန်တရာ တင်းကျပ်လေးလံနေ၏။

ယနေ့မှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခု သေချာပေါက်ဖြစ်ပေါ်လာတော့မည်ကို လူတိုင်းက သိရှိထား၏။

သို့သော်လည်း ထိုအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုက ဘယ်အချိန်မှာ ရောက်ရှိလာမည်ကို မည်သူကမှ မသိရသေးပေ။

ဧကရာဇ်မြောက်ပိုင်းခွန်နှင့် အခြားသူများ၏ ရင်ထဲမှာ အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံသည် ဤကဲ့သို့ စကားဆက်လက်ပြောဆိုနေဖို့ကိုပင် သူတို့က မျှော်လင့်နေကြ၏။ ထိုသို့ဖြင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းက နောက်ကျမှ ရောက်ကောင်းရောက်လာပေလိမ့်မည်။

“ကဲ… အချိန်ကျပြီ”

ထိုစဉ်မှာပင် အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံက ရုတ်တရက်ပြောလိုက်၏။

ထို့နောက် သူက ခန်းမ၏ အလယ်မှာ တည်ငြိမ်စွာ ရပ်နေသည့် ဆူဇီမိုကို ပြုံးစစဖြင့် ကြည့်ပြီး မေးလိုက်၏။

“ငါ ခန့်မှန်းကြည့်မယ်… မင်း ဒီလောက်ထိ တည်ငြိမ်နေပုံထောက်ရင် မင်းက ဓားကမ္ဘာက လူတွေလာပြီး မင်းကိုကယ်တင်ပေးမှာကို မျှော်လင့်နေတာဖြစ်ရမယ်… ဟုတ်တယ်မလား”

“ကံဆိုးစွာနဲ့ပဲ ဘေးပတ်ဝန်းကျင်လေဟာနယ်ကို ချိပ်ပိတ်ထားပြီးပြီ… မင်းရဲ့သတင်းစကားက အပြင်ဘက်ကို ရောက်နိုင်မှာ မဟုတ်တော့ဘူး”

“ဒါပေမဲ့ ကိစ္စတော့ မရှိပါဘူး… ဓားကမ္ဘာက အခြေအနေကို မင်းကို ငါပြပေးမယ်”

ထိုသို့ သူပြောလိုက်သည့်ခဏမှာပင် အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံက ကြည်လင်နေသော ရေလုံးတစ်လုံးကို ထုတ်ယူပြီး ခန်းမ၏ အပြင်ဘက်သို့ ပစ်ထုတ်လိုက်၏။ ၎င်းက ထျန်ဟွမ်ကမ္ဘာ၏ အထက်ကောင်းကင်သို့ ဆင်းသက်ကာ ကြေမွသွားပြီး ဧရာမ ရေပိတ်ကားပြင်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

ရေပိတ်ကားပြင်ကနေတစ်ဆင့် ဓားပုံသဏ္ဌာန်ကုန်းမြေတိုက်ကိုးခုနှင့် ကုန်းမြေတိုက်ကိုးခုဖြင့် ဝန်းရံထားသော ဧရာမနန်းတော်တစ်ခုကို လူတိုင်းက တွေ့မြင်လိုက်ရ၏။

ရေပိတ်ကားပြင်ကနေတစ်ဆင့် လူတိုင်းသည် ဓားကမ္ဘာမှ အရာရာတိုင်းကို ရှင်းလင်းစွာ တွေ့မြင်နေရ၏။ ထိုအခိုက်အတန့်မှာ ဓားကမ္ဘာ၏ ဓားတောင်ထွတ်ကိုးခု ဘေးပတ်လည်လေဟာနယ်က ချိပ်ပိတ်ခံထားရပြီဖြစ်၏။ ထျန်ဟွမ်ကမ္ဘာ၏ အပြင်ဘက်စစ်တပ်ထက် များစွာသာလွန်သော ကျင့်ကြံသူများက သိပ်သည်းများပြားစွာဖြင့် မတ်တတ်ရပ်နေကြပြီး ဓားကမ္ဘာကို တင်းတင်းကျပ်ကျပ် ဝိုင်းပတ်ထားကြ၏။

ဧကရာဇ်မြောက်ပိုင်းခွန်၊ နဂါးဧကရီဆီးနှင်းနှင့် အခြားသူများက တုန်လှုပ်သွားပြီး သူတို့က အာရုံစိုက်၍ ကြည့်ရှုလိုက်ကြ၏။

ဓားကမ္ဘာကို ဝိုင်းပတ်ထားသော အဖွဲ့အစည်းကြီးများကြားမှာ ကောင်းကင်ဘုံမျက်လုံးကမ္ဘာ၊ ကျောက်တုံးကမ္ဘာနှင့် ရွှေကျီးကန်းကမ္ဘာမှ ဧကရာဇ်ပညာရှင် ၁၀ဦးကျော် ပါဝင်နေ၏။

သွေးကမ္ဘာမှ လူများလည်း ရှိနေကြ၏။ သို့သော်လည်း သူတို့၏ အရေအတွက်က မများပေ။

သို့သော်လည်း ဤဧကရာဇ်များသည် ဧကရာဇ်မြောက်ပိုင်းခွန်၏ အမူအရာကို ပြောင်းလဲသွားစေဖို့ မလုံလောက်ပေ။

ထိပ်တန်းကမ္ဘာကြီးတချို့မှ ဧကရာဇ်များအပြင် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ပညာရှင်များကလည်း ရောက်ရှိနေကြ၏။ မွန်မြတ်ကောင်းကင်ဘုံလောကအရှင် ခြောက်ဦးအပါအဝင် ဧကရာဇ်ပညာရှင် ၁၀၀ ကျော်က မွန်မြတ်ကောင်းကင်ဘုံကမ္ဘာစစ်တပ်ကို ဦးဆောင်လာခဲ့၏။

ဧကရာဇ်ပညာရှင် ၁၀၀ ကျော်ကျော်၏ ရှေ့မှာ အဖွဲ့အစည်းသုံးခုက မတ်တတ်ရပ်နေကြ၏။ သူတို့၏ ခါးများပေါ်ရှိ တံဆိပ်ပြားများသည် ခန်းမထဲရှိ အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံ၏ တံဆိပ်ပြားနှင့် ပြုလုပ်ထားသော ပစ္စည်းအမျိုးအစား တူညီလေသည်။

သို့သော်လည်း အဖွဲ့အစည်းသုံးခု၏ တံဆိပ်ပြားများပေါ်ရှိ စာလုံးများသည် မီးတောက်၊ ပေါ်ထွန်းမှုနှင့် ဆန်းကြယ်ဟူ၍ ဖြစ်လေသည်။

ထိုအဖွဲ့အစည်းသုံးခုတွင် တစ်ဖွဲ့ချင်းစီမှာ ဧကရာဇ်ပညာရှင် ၅၀ စီ ရှိနေသည်။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနှင့် ထိပ်တန်းကမ္ဘာကြီးသုံးခုအပါအဝင် ဓားကမ္ဘာကို ဝိုင်းပတ်ထားသော ဧကရာဇ်ပညာရှင် ၃၀၀နီးပါး ရှိနေလေသည်။

ဓားကမ္ဘာက သွားရှာပြီ…

ဧကရာဇ်မြောက်ပိုင်းခွန်၊ နဂါးဧကရီဆီးနှင်းနှင့် အခြားသူများ၏ စိတ်ထဲမှာ ထိုအတွေးသာလျှင် ရှိတော့လေသည်။

ဧကရာဇ်ပညာရှင် ၃၀၀သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ကမ္ဘာများအားလုံးကို သုတ်သင်ချေမှုန်းဖို့ လုံလောက်လေသည်။

ဒါ့အပြင် ဦးဆောင်လာသော ဧကရာဇ်များက ကောင်းကင်ဘုံခုံရုံးမှ ဖြစ်လေသည်။

ဓားကမ္ဘာမှ သံသရဖူဆောင်းအဘိုးအိုက ဓားကမ္ဘာမှ ကျင့်ကြံသူများနှင့်အတူ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကြ၏။

ရေပိတ်ကားပြင်ကနေတစ်ဆင့် သံသရဖူဆောင်းအဘိုးအို၏ ဖြူဖပ်ဖြူရော်မျက်နှာနှင့် ဓားကျင့်ကြံသူများစွာ၏ မျက်လုံးထဲရှိ ကြောက်ရွံ့မှုကို လူတိုင်းက ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်၏။

ဓားကျင့်ကြံသူတချို့၏ နဖူးပေါ်တွင် ချွေးစက်များ သီးနေသည်ကိုပင် လူတိုင်းက ရှင်းရှင်းလင်းလင်း တွေ့မြင်နေရသည်။

ဧကရာဇ်ပညာရှင် ၃၀၀နီးပါး ဦးဆောင်လာသော စစ်တပ်သည် အရာရာတိုင်းကို ဝါးမျိုပြီး သက်ရှိများအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် သိပ်သည်းပြင်းထန်ကြီးမားသော ရေစီးကြောင်းတစ်ခုနှင့်တူနေ၏။

တုန်လှုပ်စရာကောင်းသော ဤရေစီးကြောင်းနှင့် ရင်ဆိုင်ရချိန်မှာ ဓားကမ္ဘာသည် အလွန်တရာသေးငယ်ပြီး ကူကယ်ရာမဲ့နေသည့်ပုံပင်။

နောက်ဆုံးမှာတော့ သံသရဖူဆောင်းအဘိုးအိုက ရှေ့သို့ထွက်ရပ်လိုက်ဆဲဖြစ်ပြီး ကျယ်လောင်စွာ မေးလိုက်၏။

“အားလုံးပဲ… မင်းတို့တွေက ဓားကမ္ဘာကို ဒီလောက်လူတွေအများကြီး ဘာလို့ခေါ်လာတာလဲ”

“ဓားကမ္ဘာက ဆိုးယုတ်မိစ္ဆာတွေ၊ အပြစ်သားစိတ်ဝိညာဉ်တွေနဲ့ ပူးပေါင်းကြံစည်ခဲ့တယ်… လူတိုင်းက သနားညှာတာမှုမရှိဘဲ သတ်ဖြတ်ခံရမယ်”

အမှုဆောင်တမန်တော် ပေါ်ထွန်းမှုကောင်းကင်ဘုံက အေးစက်စွာ ပြောလိုက်၏။

သံသရဖူဆောင်းအဘိုးအိုက လေးနက်သောအသံဖြင့် မေးလိုက်သည်။

“မင်းတို့မှာ သက်သေအထောက်အထားရှိလား”

“ငါ့စကားက သက်သေပဲ”

အမှုဆောင်တမန်တော် ပေါ်ထွန်းမှုကောင်းကင်ဘုံက မှင်သေသေဖြင့် ပြောလိုက်၏။

ထျန်ဟွမ်ခန်းမထဲမှာ ဧကရာဇ်မြောက်ပိုင်းခွန်နှင့် အခြားသူများသည် ကောင်းကင်ဘုံခုံရုံး၏ ရည်ရွယ်ချက်များကို ခန့်မှန်းမိနေကြပြီဖြစ်ပြီး ညင်သာစွာ သက်ပြင်းချလိုက်၏။

ကောင်းကင်ဘုံခုံရုံးနှင့် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသည် ထိပ်တန်းကမ္ဘာကြီးများစွာနှင့် ပူးပေါင်းထားကြလေသည်။ ကြည့်ရသည်မှာ သူတို့သည် ဓားကမ္ဘာကို ထွက်ပေါက်တစ်ခုပေးဖို့ စိတ်ကူးလုံးဝမရှိကြပေ။

ဓားကမ္ဘာက မည်သို့ပင်ရှင်းပြသည်ဖြစ်စေ အသုံးဝင်တော့မည် မဟုတ်ပေ။

မိစ္ဆာသတ်ဖြတ်ခြင်းတိုက်ပွဲက ပေါ်ထွက်လာတော့မည်ဖြစ်ပြီး ကောင်းကင်ဘုံခုံရုံးသည် သူတို့၏ စွမ်းပကားကို တည်ဆောက်ဖို့ ကြိုးစားနေသည်မှာ သိသာနေ၏။

သူတို့သည် ဘက်မှားရွေးချယ်မိလျှင် ဖြစ်ပျက်လာမည့်အရာကို အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ မျိုးနွယ်စုတစ်သောင်းသက်ရှိများကို သတိပေးရန် ဓားကမ္ဘာ၏ သွေးကို အသုံးချလိုနေ၏။

အဲ့ဒါက ဓားကမ္ဘာမဟုတ်လျှင်တောင် တခြားကမ္ဘာတစ်ခုက အစားထိုးခံရပေလိမ့်မည်။

အချိန်တိုအတွင်းမှာ သူတို့၏ စွမ်းပကားကို တည်ဆောက်ဖို့အတွက် ကောင်းကင်ဘုံခုံရုံးသည် ထိပ်တန်းကမ္ဘာကြီးတစ်ခု၏ သွေးကို အသုံးချလိုနေ၏။

All Chapters