အခန်း (၃၁၅၅+၃၁၅၆)
Vol. 210 Ch. 3155+3156
အခန်း ၃၁၅၅ - အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲတော်
ခန်းမထဲမှာ လင်းကျန့်နှင့် ဖုန့်စန်းထျန်သည် စစချင်း ဆူဇီမိုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မနေကြပေ။ မည်သို့ပင်ဆိုစေ ဆူဇီမိုမှာ သူ့ကိုနောက်ခံပေးထားသည့် သိုင်းတာအိုပင်မခန္ဓာရှိနေသည်ကို သူတို့က သိရှိထားကြ၏။ ဘေးပတ်ဝန်းကျင်လေဟာနယ်ကို ကောင်းကင်ဘုံခုံရုံးက ချိပ်ပိတ်ထားပြီး မည်သည့်သတင်းအချက်အလက်မှ မပို့လွှတ်နိုင်သော်လည်း ဆူဇီမို၏ အစစ်အမှန်ခန္ဓာနှစ်ခုကြား ချိတ်ဆက်မှုကို မည်သည့်အရာကမှ မဖြတ်တောက်နိုင်ပေ။
အတွေးတစ်ချက်နှင့်အတူ သိုင်းတာအိုပင်မခန္ဓာက အချိန်မရွေး ဆင်းသက်ရောက်ရှိလာနိုင်သည်။
သို့သော်လည်း သူတို့က ဤမြင်ကွင်းကို တွေ့မြင်ချိန်မှာ ထျန်ဟွမ်ကမ္ဘာမှ လူတိုင်းသည် သုန်မှုန်သွားပြီး ဆူဇီမိုကို စိုးရိမ်ပူပန်စွာ ကြည့်လိုက်ကြ၏။
အထီးကျန်သိုင်းသခင်က မည်မျှပင် သန်မာသည်ဖြစ်စေ သူက သူ့ကိုယ်သူ နှစ်ကိုယ်ခွဲမထုတ်နိုင်ဘဲ အလွန်ဆုံး တစ်ဖက်ကိုသာ ကယ်တင်နိုင်မည်ဖြစ်၏။
အထီးကျန်သိုင်းသခင်က ထျန်ဟွမ်ကမ္ဘာသို့ ဆင်းသက်လာမည်ဆိုလျှင် ဓားကမ္ဘာက ဖျက်ဆီးခံရသည်ကို လူတိုင်းက ဘာမှမတတ်နိုင်ဘဲ ကြည့်နေရပေမည်။
ဧကရာဇ် ၃၀၀နီးပါး ဦးဆောင်လာသည့် ဘီလျံနှင့်ချီသော စစ်သည်များက သူတို့၏ အစွမ်းကုန်နှင့် တိုက်ခိုက်မည်ဆိုလျှင် ဓားကမ္ဘာသည် တစ်နာရီပင် တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
အထီးကျန်သိုင်းသခင်က ဓားကမ္ဘာသို့ သွားရောက်လိုသည်ဆိုလျှင် ထျန်ဟွမ်ကမ္ဘာက ချက်ချင်းပင် ဖျက်ဆီးခံရပေလိမ့်မည်။
အဲ့ဒါက ရွေးချယ်ရ အလွန်တရာ ခက်ခဲသော အနေအထားတစ်ခု ဖြစ်လာသည်။
ဆူဇီမိုက ထိုသည်ကို တွေ့မြင်သောအခါ သူက စိတ်ခံစားချက်များစွာမရှိဘဲ သူ့မျက်လုံးကိုသာ အနည်းငယ် မှေးကျဉ်းထား၏။
ကောင်းကင်ဘုံခုံရုံးက သူတို့၏ ဝှက်ဖဲများ ထုတ်ဖော်လာမည်ကို သူက စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ထို့ကြောင့်ပင် သိုင်းတာအိုပင်မခန္ဓာက တစ်ချိန်လုံးပေါ်ထွက်မလာခြင်းပင်။ ယခု ကောင်းကင်ဘုံခုံရုံးသည် ဓားကမ္ဘာသို့ ကြီးမားသော စစ်တပ်တစ်တပ်ကို ပို့လွှတ်ထားလေသည်။
သို့သော်လည်း ကောင်းကင်ဘုံကိုးခုထဲမှ ငါးခုက ယခုအချိန်ထိ ပေါ်ထွက်မလာကြသေးပေ။
ကျန်ရှိနေသော ကောင်းကင်ဘုံငါးခု၏ ပြုမူလှုပ်ရှားမှုကို ဆူဇီမိုက အတည်ပြုလိုနေ၏။
“အပြာရောင်ကောင်းကင်ဘုံ၊ မီးတောက်ကောင်းကင်ဘုံ၊ ပေါ်ထွန်းမှုကောင်းကင်ဘုံ၊ ဆန်းကြယ်ကောင်းကင်ဘုံပဲ..”
ဆူဇီမိုက ပြောလိုက်၏။
“ကောင်းကင်ဘုံကိုးခု ရှိတယ်ဆိုမှတော့ ဒီကိုဘာလို့ လေးခုပဲ ရောက်လာတာလဲ”
“ဟဲဟဲ”
အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံက ရယ်မောကာ ပြောလိုက်၏။
“ကောင်းကင်ဘုံတစ်ခုကတင် ဓားကမ္ဘာနဲ့ ထျန်ဟွမ်ကမ္ဘာကို ကိုင်တွယ်ဖို့ လုံလောက်နေပြီ”
ဧကရာဇ်မိုးပြာရောင်မီးတောက်က နှုတ်ခမ်းမဲ့ကာ ပြောလိုက်၏။
“ကောင်းကင်ဘုံငါးခုက မကြာခင် ရောက်လာလိမ့်မယ်… ဒါပေမဲ့ မင်းလိုမျိုး ပုရွက်ဆိတ်တစ်ကောင်က အဲ့ဒါကို မြင်တွေ့ခွင့်ရမှာ မဟုတ်တော့ဘူး”
“အို… ဟုတ်လား”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံက မတ်တတ်ထရပ်ပြီး သူ၏ လက်နှစ်ဖက်ကို ဖြန့်လိုက်၏။ သူက ဆူဇီမိုနှင့် အခြားသူများကိုကြည့်ပြီး ပြုံးလိုက်လေသည်။
“အားလုံးပဲ…. မင်းတို့တွေ ငါတို့နဲ့အတူ ဒီအစုလိုက်အပြုံလိုက်သတ်ဖြတ်ပွဲတော်ကို စောင့်ကြည့်ရမှာ တကယ်ပဲ ကံကောင်းလှတယ်”
“ဒါပေမဲ့ ငါ့ကို ကျေးဇူးတင်စရာတော့ မလိုဘူး… ဘာလို့လဲဆိုတော့ ဓားကမ္ဘာက လူတွေနဲ့ ပြန်လည်ဆုံဆည်းရအောင် ငါ မင်းတို့ကိုလည်း သိပ်မကြာခင် တမလွန်ဘုံဆီ ပို့ပေးမှာမို့လို့ပဲ”
အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံ၏ အသံက ထျန်ဟွမ်ကမ္ဘာ၏ တစ်ထောင့်တစ်နေရာမကျန် ပျံ့နှံ့သွား၏။
အလင်းကမ္ဘာ ဦးဆောင်လာသော ဧရာမစစ်တပ်သည် သူတို့၏ မျက်လုံးထဲရှိ သွေးဆာရက်စက်သော အလင်းရောင်နှင့်အတူ တစ်မူထူးခြားစွာ စိတ်လှုပ်ရှားလာကြ၏။
ထျန်ဟွမ်ကမ္ဘာမှ သက်ရှိများကတော့ သူတို့သည် သူတို့၏ ခေါင်းထက်မှ ရေပိတ်ကားပြင်ကိုကြည့်ပြီး ကပ်ဘေးတစ်ခု ကျရောက်လာတော့မည်ကို နားလည်နေကြပြီဖြစ်၏။ သူတို့က ထိတ်လန့်တကြားဖြင့် မသက်မသာ ခံစားနေရ၏။
အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံ၏ အသံက ဆက်လက်၍ ထွက်ပေါ်လာ၏။
“ဒီတိုက်ပွဲက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ပျံ့နှံ့သွားလိမ့်မယ်… ကောင်းကင်ဘုံခုံရုံးရဲ့ စွမ်းပကားက ဘာလဲဆိုတာ မင်းတို့ ခြံမွေးတိရစ္ဆာန်တွေက နားလည်သဘောပေါက်သွားလိမ့်မယ်”
“ဓားကမ္ဘာရဲ့ရလဒ်က ကောင်းကင်ဘုံရဲ့ စွမ်းပကားကို ဆန့်ကျင်တဲ့ ဘယ်သူမဆို ကြုံတွေ့ရမယ့် ရလဒ်ဖြစ်လာလိမ့်မယ်”
မဟာအရိုင်းကမ္ဘာမှာ…
လိပ်ပြာတောင်ကြားတွင်…
သိုင်းတာအိုပင်မခန္ဓာက သူ၏ တံခါးပိတ်ကျင့်ကြံရာကနေ နိုးထလာပြီး သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။
တစ်ချိန်တည်းမှာပင် တျဲယွဲ့ကလည်း အပြင်ဘက်ကနေ ပြန်လည်ရောက်ရှိလာ၏။
“မင်း အဲ့ဒါကို အာရုံခံမိတာလား”
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်သည်။
“အမ်း…”
တျဲယွဲ့က ခေါင်းညိတ်ပြပြီး မေးလိုက်၏။
“အဲ့ဒါ ကောင်းကင်ဘုံခုံရုံးမလား”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“ဓားကမ္ဘာမှာ ဧကရာဇ် ၃၀၀နီးပါး ရောက်နေတယ်… သူတို့တွေကို ကောင်းကင်ဘုံခုံရုံးရဲ့ အမှုဆောင်တမန်တော်သုံးဦး၊ သခင်လေးနှစ်ဦးနဲ့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက ဦးဆောင်လာကြတာပဲ… ထျန်ဟွမ်ကမ္ဘာမှာလည်း ဧကရာဇ် ၁၀၀ကျော် ရောက်နေတယ်… သူတို့ကို အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံနဲ့ ဧကရာဇ်မိုးပြာရောင်မီးတောက်တို့က ဦးဆောင်လာတယ်”
တျဲယွဲ့က မတ်တတ်ထရပ်ပြီး ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်၏။
“ဓားကမ္ဘာကို သွားလိုက်… ထျန်ဟွမ်ကမ္ဘာကို ငါသွားမယ်”
ပြီးခဲ့သည့် နှစ်၁၀၀အတွင်း တျဲယွဲ့သည် ထိုခြေလှမ်းကို ယခုအချိန်ထိ မလှမ်းနိုင်သေးပေ။
တကယ်ဆို ဤအချိန်အတောအတွင်း တျဲယွဲ့သည် တံခါးပိတ်ကျင့်ကြံမှုသို့ ဝင်ရောက်ခြင်း သို့မဟုတ် သိုင်းတာအိုပင်မခန္ဓာနှင့်အတူ နေထိုင်ခြင်း မရှိခဲ့ပေ။
ထိုအစား သူမသည် နေထွက်ချိန်မှာ အလုပ်လုပ်၍ နေဝင်ချိန်မှာ အနားယူသော မော်တယ်တစ်ဦးကဲ့သို့ ပြုမူနေခဲ့သည်။
ပန်းပင်များကြားမှာ လျှောက်လှမ်းခြင်း…
စမ်းချောင်းရေဖြင့် ခြေဆေးခြင်း…
တောင်တန်းများကြားမှာ တိတ်တဆိတ် ထိုင်နေခြင်း…
လရောင်အောက်မှာ တစ်ယောက်တည်း သောက်နေခြင်း စသည်ဖြင့်…
မသိလိုက်မသိဘာသာနှင့်ပင် တျဲယွဲ့၏ ထိခိုက်ဒဏ်ရာများက သက်သာပျောက်ကင်းသွားခဲ့ပြီဖြစ်သည်။
ရံဖန်ရံခါမှာ သိုင်းတာအိုပင်မခန္ဓာက တျဲယွဲ့ကို အဝေးကနေ လှမ်းကြည့်တတ်၏။
တျဲယွဲ့၏ ကျင့်ကြံမှုနယ်ပယ်က မပြောင်းမလဲ ရှိနေသေးသည်။
သို့သော်လည်း တျဲယွဲ့က ခဏတိုင်းမှာ ပြောင်းလဲနေသည်ကို သိုင်းတာအိုပင်မခန္ဓာက အာရုံခံမိနိုင်၏။
ထိုပြောင်းလဲမှုကို ဖော်ပြ၍ မရနိုင်ဘဲ သိုင်းတာအိုပင်မခန္ဓာပင် အဲ့ဒါကို ရှင်းမပြတတ်ပေ။
တျဲယွဲ့သည် နှစ်၁၀၀မှာ ဤလောကနှင့် လုံးလုံးလျားလျား ပေါင်းစည်းပြီး သဘာဝနှင့် တစ်သားတည်းကျလာသည့်အလားပင်။
သို့သော်လည်း သူမသည် သက်ရှိများအားလုံးကို အထက်စီးကနေကြည့်ရင်း လောကအပြင်ဘက်မှာ ကျင်လည်ကျက်စား သွားလာနေသည့်အတိုင်းပင်။
တျဲယွဲ့သည် လွန်ခဲ့သည့် နှစ်၁၀၀ကထက် များစွာပိုမိုသန်မာလာသည်ကို သိုင်းတာအိုပင်မခန္ဓာက အာရုံခံမိနိုင်၏။
သို့သော်လည်း သူမ၏ တိုက်ခိုက်ရည်ခွန်အားက ဘယ်အဆင့်ထိ ရောက်ရှိလာသည်ကို သူ မပြောနိုင်ပေ။
“ထျန်ဟွမ်ကမ္ဘာမှာ အမှုဆောင်တမန်တော်တစ်ဦး၊ ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် ဧကရာဇ်ပညာရှင် ၁၀၀ကျော် ရှိနေတယ်… မင်းက…”
သိုင်းတာအိုပင်မခန္ဓာက တျဲယွဲ့ကို စိုးရိမ်ပူပန်နေဆဲဖြစ်ပြီး အနည်းငယ် တွေဝေတုံ့ဆိုင်းနေ၏။
တျဲယွဲ့က ပြုံး၍ပြောလိုက်၏။
“ငါက အမှုဆောင်တမန်တော်သုံးဦးနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ယုံကြည်မှု သိပ်မရှိဘူး… ဒါပေမဲ့ တစ်ယောက်လောက်ကတော့ ကိစ္စမရှိဘူး… နောက်ထပ် ဧကရာဇ်ပညာရှင် ၁၀၀ကျော်နဲ့ဆိုလျှင် အနိုင်ရလဒ်ကို ဖော်ဆောင်ဖို့ကတော့ မလွယ်ဘူး… ဒါပေမဲ့ အနည်းဆုံးတော့ သူတို့ ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး”
ထိုနေရာအရောက်မှာ တျဲယွဲ့သည် ခဏမျှ ရပ်တန့်ပြီး သိုင်းတာအိုပင်မခန္ဓာကို တည်တံ့စွာ ကြည့်လိုက်၏။
“ဒါပေမဲ့ ငါ နင့်ကို စိုးရိမ်တယ်”
သိုင်းတာအိုပင်မခန္ဓာက နှုတ်ဆိတ်သွား၏။
တျဲယွဲ့သည် အမှုဆောင်တမန်တော်သုံးဦးနှင့် ဧကရာဇ်ပညာရှင် ၃၀၀နီးပါးကို စိုးရွံ့နေခြင်း မဟုတ်ကြောင်း သူက ပြောနိုင်လေသည်။
ထိုအစား သိုင်းတာအိုပင်မခန္ဓာက ဓားကမ္ဘာကို ကယ်တင်မည်ဆိုလျှင် သူက သေချာပေါက် ထိန်ချန်ထားလိမ့်မည် မဟုတ်ပေ။ ထိုအချက်ကို သူမက စိုးရိမ်နေခြင်းဖြစ်၏။
သူက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို စတင်သည်နှင့် အခြားသော ကောင်းကင်ဘုံငါးခုမှ ပညာရှင်များ သို့မဟုတ် ကောင်းကင်ဘုံခုံရုံးမှ မဟာဧကရာဇ်များပင် ပေါ်ထွက်လာနိုင်သည်။
အရင်တုန်းက ဤကိစ္စနှင့် ပတ်သက်၍ သိုင်းတာအိုပင်မခန္ဓာကို မိစ္ဆာအရှင်က သတိပေးခဲ့ဖူးလေသည်။
ကောင်းကင်ဘုံခုံရုံးမှ မဟာဧကရာဇ်များသည် ယခင်မဟာအရိုင်းကမ္ဘာတိုက်ပွဲမှာ တစ်ချိန်လုံးပေါ်ထွက်မလာခဲ့ကြပေ။
ဤတစ်ခေါက်မှာ ကောင်းကင်ဘုံခုံရုံးနှင့် နောက်ထပ်ပဋိပက္ခတစ်ခု ရှိလာမည်ဆိုလျှင် မဟာဧကရာဇ်များက ဝင်ရောက်စွက်ဖက်လာနိုင်သည်။
သိုင်းတာအိုပင်မခန္ဓာအနေဖြင့် ဒီဘက်မျိုးဆက်မှာ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကို ဆင်နွှဲဖို့ အလောတကြီးလုပ်နေစရာ မလိုအပ်ပေ။
ယခုအချိန်မှာ သူက ဧကရာဇ်အသေးနယ်ပယ်မှာသာ ရှိနေ၏။ သူ့မှာ လုံလောက်သည့်အချိန်ရရှိပြီး ဧကရာဇ်အကြီးနယ်ပယ် သို့မဟုတ် ပကတိဧကရာဇ်နယ်ပယ်အထိ ကျင့်ကြံနိုင်မည်ဆိုလျှင် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ သူတို့အနိုင်ရရှိမည့် အခွင့်အရေးက ပိုမိုမြင့်မားလာပေလိမ့်မည်။
သို့သော်လည်း ကောင်းကင်ဘုံခုံရုံးမှ မဟာဧကရာဇ်များက ယနေ့တိုက်ပွဲမှာ ဝင်ရောက်တိုက်ခိုက်လာမည်ဆိုလျှင် လက်ရှိသိုင်းတာအိုပင်မခန္ဓာအပေါ် ကြီးမားသည့်အန္တရာယ်တစ်ခု ကျရောက်လာနိုင်၏။
ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲက စောလျင်စွာပင် ဖြစ်ပွားလာနိုင်လေသည်။
ပို၍အရေးပါသည်မှာ သည်ဘက်ခေတ် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတွင် မဟာဧကရာဇ်တစ်ပါး ယခုအချိန်ထိ ပေါ်ထွက်မလာသေးပေ။
ကောင်းကင်ဘုံခုံရုံးမှ မဟာဧကရာဇ်များ တိုက်ခိုက်လာမည်ဆိုလျှင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သိုင်းတာအိုပင်မခန္ဓာကို ကူညီပေးနိုင်သည့်သူ တစ်ဦးတစ်ယောက်မှ မရှိပေ။
တျဲယွဲ့သည် ယခုအချိန်ထိ မဟာဧကရာဇ်တစ်ပါး ဖြစ်မလာသေးဘဲ ကူညီမပေးနိုင်ပေ။
ဤတစ်ခေါက် သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်မှုသည် အတိုင်းအတာ အလွန်တရာကျယ်ပြန့်ပြီး အခြေအနေက နောက်ဆုံးမှာ ဘယ်လောက်ထိ အရှိန်အဟုန် မြင့်တက်သွားမည်ကို မည်သူကမှ မခန့်မှန်းနိုင်ပေ။
“ကောင်းကင်ဘုံခုံရုံးက မဟာဧကရာဇ်တွေ ဝင်ပါလာမယ်ဆိုရင်တောင် ငါတိုက်ခိုက်နိုင်သေးတယ်”
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က နက်ရှိုင်းနေပြီး သူ၏ အမူအရာက အကြောက်အလန့်ကင်းမဲ့နေ၏။
သို့သော်လည်း သူ့အနေဖြင့် ဓားကမ္ဘာနှင့် ထျန်ဟွမ်ကမ္ဘာကို အလုံးစုံကယ်တင်ဖို့ကတော့ မဖြစ်နိုင်တော့ပေ။
ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲက စောလျင်စွာ ဖြစ်ပွားလာမည်ဆိုလျှင်တောင် အဲ့ဒါက ကိစ္စကြီးတစ်ခု မဟုတ်ပေ။
မည်သို့ပင်ဆိုစေ သူ့မှာ နောက်ဆုံးဝှက်ဖဲတစ်ခု ရှိနေသေး၏။
“ငါ မင်းကို ထျန်ဟွမ်ကမ္ဘာကို အရင်ပို့ပေးမယ်”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက မဟာဧကရာဇ်တစ်ပါး မဟုတ်သော်လည်း သူသည် ငရဲဂိတ်တံခါးဆယ်ချပ်ကို အသုံးချကာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတွင် ကြိုက်သည့်နေရာကို ဆင်းသက်နိုင်လေသည်။ အဲ့ဒါသည် အခြားသော ဧကရာဇ်ပညာရှင်များ မပြုလုပ်နိုင်သော တစ်စုံတစ်ရာ ဖြစ်၏။
“ဟမ့်… နင် ငါ့ကို ဘယ်လိုတောင် အထင်သေးရဲတာလဲ… ငါ့ကို နင်လိုက်ပို့ပေးစရာလိုမယ်လို့ နင်ဘာလို့တွေးတာလဲ”
တျဲယွဲ့က သိုင်းတာအိုပင်မခန္ဓာကို မျက်လုံးစွေကြည့်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးများက ဝင်းလက်သွားလေသည်။
ပြီးခဲ့သည့် နှစ်၁၀၀မှာ တျဲယွဲ့၏ တိုးတက်မှုက သူတွေးထင်ထားသည်ထက် ကျော်လွန်နေပြီဖြစ်ပုံရ၏။
သူတို့နှစ်ယောက်က လမ်းခွဲလိုက်ပြီး မဟာအရိုင်းကမ္ဘာကနေ ဖျတ်ခနဲ ပျောက်ကွယ်သွားကြသည်။
တစ်ချိန်တည်းမှာပင်…
ကောင်းကင်ဘုံကမ္ဘာမှာ…
မဟာဧကရာဇ်ကောင်းကင်ဘုံကိုးလွှာ၊ ကောင်းကင်ဘုံအရှင် ဆဗြဟ္မနှင့် မိစ္ဆာအရှင် ကမ္ဘာဖျက်ကပ်ဘေးတို့က တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး တစ်ချိန်တည်းမှာ နိုးထလာကြ၏။ သူတို့က ဓားကမ္ဘာနှင့် ထျန်ဟွမ်ကမ္ဘာ ရှိရာဘက်သို့ကြည့်ပြီး စိတ်လှုပ်ရှားမှုနှင့် ထူးဆန်းသော အပြုံးများကို ထုတ်ဖော်လိုက်ကြ၏။
“သတ်ကြ…”
“မင်းတို့ သတ်နိုင်လေ ပိုကောင်းလေပဲ”
အလောင်းသုံးဖော်သည် သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များကို လှည့်ပတ်ပြီး တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံသင်္ချိုင်းသုတ္တန်ကို အသက်သွင်းလိုက်၏။
ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးသည် အသက်ဓာတ်ကင်းမဲ့နေသော ဧရာမ ဂူသင်္ချိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပုံရ၏။
တည်ဆောက်သူသစ်ပင်ကပင် ထိုအခိုက်အတန့်မှာ တစ်စုံတစ်ရာကို အာရုံခံမိသွား၏။ ၎င်း၏ ပင်စည်ပေါ်ရှိ အလင်းရောင်က မှေးမှိန်သွားပြီး ၎င်း၏ အသက်ဓာတ်အားက ခန်းခြောက်လာခဲ့၏။ ၎င်း၏ အရွက်တချို့ကပင် ညှိုးခြောက်ကာ အဝါရောင်သန်းလာလေသည်။
အခန်း ၃၁၅၆ - ဓားကမ္ဘာက အဆုံးသတ်သွားမှာမဟုတ်ဘူး
ဓားကမ္ဘာမှာ။
သံသရဖူဆောင်းအဖိုးအို၊ ပိန်ပိန်အဖိုးအို၊ ဝဝအဖိုးအိုနှင့် ဓားကမ္ဘာမှ နောက်ထပ် ဓားဧကရာဇ်ဆယ်ဦးကျော်ကျော်က စိတ်ပျက်အားငယ်သည့်ပုံပေါက်နေ၏။
ဤကဲ့သို့သော အစုအဖွဲ့တစ်ခုနှင့် ရင်ဆိုင်ရချိန်မှာ မည်သည့်ကမ္ဘာကမှ အဲဒါကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
ဓားကမ္ဘာတစ်ခုကိုမပြောနှင့် ဓားကမ္ဘာဆယ်ခုပင်လျှင် ဤကပ်ဘေးကနေ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ဓားဧကရာဇ်များသည် သနားညှာတာပေးဖို့ တောင်းပန်ခြင်း သို့မဟုတ် ရှင်းပြနေခြင်း မရှိပေ။
ကောင်းကင်ဘုံခုံရုံး၊ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနှင့် ထိပ်တန်းကမ္ဘာကြီးများသည် ယနေ့မှာ ဓားကမ္ဘာကို သေချာပေါက် ဖျက်ဆီးတော့မည်ဆိုတာ သူတို့ပြောနိုင်ကြသည်။
သူတို့က မည်သို့မည်ပုံရှင်းပြသည်ဖြစ်စေ၊ သနားညှာတာပေးဖို့အတွက် မည်မျှတောင်းပန်သည်ဖြစ်စေ အကျိုးထူးလာလိမ့်မည် မဟုတ်ပေ။
သူတို့က မည်သို့ပင်ဆိုစေ သေရတော့မည်ဆိုမှတော့ သူတို့သည် နောက်ဆုံးအကြိမ်ထိတိုက်ခိုက်ပြီး သူတို့စိတ်ကျေနပ်အားရသည်အထိ သတ်ဖြတ်ကြရပေလိမ့်မည်။
ဤသည်က ဓားကျင့်ကြံသူများ၏ တာအိုလည်းဖြစ်သည်။
သူတို့သည် ကွေးညွှတ်ပေးဖို့တွက် အချိုးခံလိုပြီး ရှေ့သို့သာတက်လှမ်းမည်ဖြစ်သည်။
သို့သော်လည်း သူတို့က ဘယ်လောက်ကြာကြာ ခုခံနိုင်မည်ကို ဓားဧကရာဇ်များပင်လျှင် မသိကြပေ။
အဲဒါက အသက်လေးငါးဆယ်ရှိုက်စာလား သို့မဟုတ် နာရီဝက်လား။
ထို့နောက် ဓားကမ္ဘာသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတွင် သမိုင်းမှာသာ ကျန်ရစ်ခဲ့ပေလိမ့်မည်။ အမှောင်ကမ္ဘာကဲ့သို့ပင် ၎င်းသည် အချိန်ကြာလာသည်နှင့်အမျှ လူတိုင်း၏ မှတ်ဉာဏ်များထဲကနေ တဖြည်းဖြည်းပျောက်ကွယ်သွားပေလိမ့်မည်။
“သံသရဖူ… မင်းတို့ဓားကျင့်ကြံသူတွေက ဓားကိုကိုင်ဆွဲပြီး မမျှတမှုအတွက် တိုက်ခိုက်ရတာ သဘောကျတယ်ဆို… မင်းတို့အတွက် ဒီလိုနေ့ရက်မျိုး ရောက်လာခဲ့လိမ့်မယ်လို့ တွေးမိခဲ့ဖူးရဲ့လား”
ကောင်းကင်ဘုံမျက်လုံးလောကအရှင်က လှောင်ရယ်လိုက်၏။
ကောင်းကင်ဘုံမျက်လုံးလောကအရှင်သည် အဲဒါကို ရှင်းရှင်းလင်းလင်းမပြောဆိုသော်လည်း သံသရဖူဆောင်းအဖိုးအိုသည် ဖြစ်ပျက်နေသည့်အရာကို အကြမ်းဖျင်းခန့်မှန်းမိနိုင်၏။
အရင်တုန်းက ကောင်းကင်ဘုံမျက်လုံးကမ္ဘာသည် ခုနှစ်စင်ကြယ်ဓားကမ္ဘာကို ဖျက်ဆီးပြီး ဘီလီယံနှင့်ချီသော သက်ရှိများကို သတ်ဖြတ်သုတ်သင်ခဲ့စဉ်က ဓားကမ္ဘာမှ တောင်ထွတ်သခင်တချို့သည် သူတို့နှင့် ကြုံကြိုက်ပြီး ခုနှစ်စင်ကြယ်ဓားကမ္ဘာမှ အသက်ရှင်ကျန်ရစ်ခဲ့သော ဓားကျင့်ကြံသူတချို့ကို သူတို့က ကယ်တင်ပေးခဲ့လေသည်။ ရလဒ်အနေဖြင့် သူတို့သည် ကောင်းကင်ဘုံမျက်လုံးကမ္ဘာနှင့် ရန်သူများဖြစ်လာခဲ့ကြသည်။
နောက်ပိုင်းမှာ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေတွင် လင်းရွှင်ကျန်းနှင့်အခြားသူများသည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ လက်တုံ့ပြန်ခြင်းခံရပြီး သေလုမတတ်ဖြစ်ခဲ့ရ၏။ ဆူဇီမိုက နောက်ပိုင်းမှာ ဓားကမ္ဘာအတွက် လက်စားချေပေးခဲ့သည်။
နောက်ပိုင်းမှာ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို နောက်တစ်ဖန်ဖွင့်လှစ်ချိန်မှာ ဆူဇီမိုသည် ထိုစဉ်တုန်းက နံပါတ်တစ်ပကတိစိတ်ဝိညာဉ်ဟု ကျော်ကြားသော ရှယင်အပါအဝင် အန္တိမပကတိစိတ်ဝိညာဉ်နှစ်ဆယ်ကျော်ဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခြင်းပင်ခံခဲ့ရ၏။ သို့သော်လည်း ထိုအန္တိမပကတိစိတ်ဝိညာဉ်များအားလုံးက ဆူဇီမို၏ ဖိနှီမ်ခြင်းကို ခံခဲ့ရ၏။
ထိုသို့အတွေးဖြင့် သံသရဖူဆောင်းအဖိုးအိုက စိတ်သက်သာရာရသွားသည်။
ကံကောင်းထောက်မစွာဖြင့် ဆူဇီမိုသည် စောလျင်စွာထွက်ခွာသွားပြီး ဤကပ်ဘေးနှင့် မကြုံတွေ့ရတော့ပေ။
ဆူဇီမိုသည် အနာဂတ်မှာ မဟာဧကရာဇ်တစ်ပါးဖြစ်လာနိုင်သည့် အခွင့်အရေးရှိလေသည်။ အထွတ်အထိပ်ကောင်းကင်ဘုံဓားကျင့်စဉ်ကို သူက တတ်မြောက်ထားသည်ဆိုမှတော့ သူသည် ဓားကမ္ဘာ၏ အမွေအနှစ်ကို ဆက်လက်၍ လက်ဆင့်ကမ်းကောင်းကမ်းပေးနိုင်ပေလိမ့်မည်။
“ဆူဇီမိုက ဒီကပ်ဘေးကနေ ရှောင်လွှဲနိုင်ခဲ့တာ ကံကောင်းတယ်လို့ မင်းတွေးနေတာမလား”
ကောင်းကင်ဘုံမျက်လုံးလောကအရှင်၏ နှာရောင်ပေါ်ရှိ ကောင်းကင်ဘုံမျက်လုံးက အနည်းငယ်ပွင့်ဟသွားပြီး ၎င်းသည် သံသရဖူဆောင်းအဖိုးအို၏ စိတ်ထဲကို ထွင်းဖောက်မြင်နိုင်သည့်အလားပင်။ ရုတ်တရက် သူက ပြုံးစစဖြင့် မေးလိုက်၏။ သံသရဖူဆောင်းအဖိုးအိုက ရင်ထဲမှာ နင့်ခနဲဖြစ်သွားပြီး သူ၏ မျက်လုံးက ဓားအလင်းရောင်ဖြင့် တဖျပ်ဖျပ်ဖြစ်လာ၏။
“မင်း..ဘာကိုပြောချင်တာလဲ”
“ဟားဟားဟားဟား…”
ကောင်းကင်ဘုံမျက်လုံးကမ္ဘာ၊ ရွှေကျီးကန်းကမ္ဘာ၊ ကျောက်တုံးကမ္ဘာနှင့် အခြားသောကမ္ဘာများမှ လောကအရှင်များက သူတို့၏ မျက်နှာများပေါ်ရှိ အူမြူးအားရမှုကို ဖုံးကွယ်မထားဘဲ ကျယ်လောင်စွာ ရယ်မောလိုက်ကြ၏။
“ဒီနေ့ မင်းကို အဲဒီအတွေး စွန့်လွှတ်ခိုင်းပြီး အေးအေးချမ်းချမ်းသေခွင့်ပေးမယ်”
ကောင်းကင်ဘုံမျက်လုံးလောကအရှင်က ပြောလိုက်၏။
“အခုဆို… ထျန်ဟွမ်ကမ္ဘာကလည်း တူညီတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပြီ… ဆူဇီမိုအပါအဝင် အားလုံး လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
“မင်းတို့တွေ…”
သံသရဖူဆောင်းအဖိုးအိုက ဒေါသတကြီးစိုက်ကြည့်ပြီး သူ၏ ခန္ဓာကိုယ်ထဲကနေ ထက်ရှသော ဓားတေးသံက ပစ်လွင့်ထွက်ပေါ်လာ၏။
ဝဝအဖိုးအိုနှင့် ပိန်ပိန်အဖိုးအိုက ထိုစကားကိုကြားသောအခါ သူတို့၏ မျက်လုံးများကို မှိတ်ပြီး သက်ပြင်းချလိုက်ကြ၏။
ဤသည်က တကယ့်ကို ချေမှုန်းသုတ်သင်ခံရခြင်းဖြစ်၏။
ကျောက်တုံးလောကအရှင်က ကျယ်လောင်စွာ ရယ်မောလိုက်၏။
“သံသရဖူ… ဓားကမ္ဘာက ငါတို့ကို ကျေးဇူးတင်သင့်တယ်… ဒီတိုက်ပွဲပြီးရင် မင်းတို့နဲ့ ထျန်ဟွမ်ကမ္ဘာက တမလွန်ဘုံမှာ ပြန်လည်ဆုံတွေ့နိုင်ကြပြီ”
“အဲဒီမှာ မင်းတို့တွေက မင်းတို့ရဲ့ဓားတာအိုကို ပိုပြီးအဆင့်မြှင့်တင်နိုင်ဖို့အတွက် နောက်ထပ်ထျန်ဟွမ်ကမ္ဘာနဲ့ ဓားကမ္ဘာကို အဲဒီမှာ တည်ထောင်ကြပေါ့ ဟဟားဟား”
ကောင်းကင်ဘုံခုံရုံးဘက်ကနေ ရယ်မောသံများထွက်ပေါ်လာ၏။
ထိုစဉ်မှာပင် တည်ငြိမ်၍ အေးစက်နေသောအသံတစ်သံက ဓားကမ္ဘာဘက်ရှိ လူအုပ်ကြားထဲကနေ ထွက်ပေါ်လာ၏။
“စီနီယာတို့… ဓားကမ္ဘာက တာအိုရောင်းရင်းတို့… ဘာမှမစိုးရိမ်နဲ့ ဓားကမ္ဘာက ဒီလိုမျိုးအဆုံးသတ်သွားမှာ မဟုတ်ဘူး”
ထိုအသံက ဘေးပတ်ဝန်းကျင်ရယ်မောသံများကြားမှာ အလွန်တရာကွဲလွဲဆန့်ကျင်နေ၏။ သို့သော်လည်း ထိုအသံက စွမ်းအားကြီးမားပြီး တစ်မူထူးခြားစွာတည်ကြည်ခိုင်မာနေသည်။
ဓားကမ္ဘာမှလူများသာလျှင် မဟုတ်ပေ။ ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်များပင်လျှင် ထိုအသံထွက်ပေါ်လာရာဘက်ကို လှည့်ကြည့်လိုက်ကြ၏။
စကားပြောလိုက်သောသူသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ပင် မဝင်ရောက်သေးဘဲ တောင်ထွတ်သခင်ရှစ်ဦးနှင့် ရင်ဘောင်တန်းရပ်နေ၏။ ထိုသူက သူမ၏ ကျောထက်မှာ ဓားတစ်လက်လွယ်ထားသော အမျိုးသမီးတစ်ဦးဖြစ်လေသည်။
“သူက ပေမင်ရွှယ်ပဲ… အခုချိန်မှာ ဓားကမ္ဘာရဲ့ နဝမမြောက်တောင်ထွတ်ရဲ့ တောင်ထွတ်သခင်”
လူအုပ်ကြားထဲမှတစ်ယောက်က ထိုအမျိုးသမီးကို မှတ်မိသွားပြီးပြောလိုက်၏။
ထို့နောက်ချက်ချင်းပင် ရယ်မောသံများက ဆက်တိုက်ထွက်ပေါ်လာ၏။
ဤကဲ့သို့သော အခြေအနေတစ်ခုမှာ ဓားကမ္ဘာ၏ လောကအရှင်သုံးဦးပင်လျှင် ကောင်းကင်ဘုံခုံရုံး၏ ပကတိခွန်အားအောက်မှာ ပုရွက်ဆိတ်များကဲ့သို့ ဖြစ်နေကြ၏။
လူတိုင်းအတွက်တော့ ပေမင်ရွှယ်ထံမှ ရုတ်တရက်ထွက်ပေါ်လာသောစကားက ဟာသတစ်ခုသာဖြစ်နေ၏။
သံသရဖူဆောင်းအဖိုးအိုနှင့် အခြားသူများက ပေမင်ရွှယ်ကို ကြည့်လိုက်ကြ၏။ သူတို့မှာမျှော်လင့်ချက်များစွာမရှိသော်လည်း သူတို့က မေးလိုက်မိလေသည်။
“ပေမင်… စောစောက မင်းပြောတဲ့စကားက…”
ပေမင်ရွှယ်က တည်ကြည်ခိုင်မာစွာပြောလိုက်၏။
“ဓားကမ္ဘာဖျက်ဆီးခံရမှာကို ဆရာက သေချာပေါက်စောင့်ကြည့်နေမှာမဟုတ်ဘူး… သူက ကျွန်မတို့ကို သေချာပေါက်လာကယ်လိမ့်မယ်”
ဓားဧကရာဇ်များက ထိုစကားကိုကြားသောအခါ သူတို့၏ အမူအရာများက သုန်မှုန်သွားပြီး သူတို့၏ ခေါင်းများကို ခါယမ်းလိုက်ကြ၏။
သံသရဖူဆောင်းအဖိုးအိုမှာ ခါးသက်သောအမူအရာတစ်ခုရှိလာပြီး သက်ပြင်းချလိုက်၏။
“ဇီမို… အာ…”
ဆူဇီမိုသည် သူ့ကိုယ်သူပင် မကာကွယ်နိုင်ဘဲ ဤနေရာကို ဘယ်လိုလုပ်လာနိုင်မှာလဲ။
ဒါ့အပြင် ဆူဇီမိုရောက်ရှိလာမည်ဆိုလျှင်တောင် ဘာများထူးခြားနိုင်မှာလဲ။
ပေမင်ရွှယ်၏ စကားသည် ဧကရာဇ်ပညာရှင်များထံမှ နောက်ထပ်ရယ်မောသံများကို ပိုမိုကျယ်လောင်စွာ ထွက်ပေါ်လာစေ၏။
ကောင်းကင်ဘုံခုံရုံးမှ အမှုဆောင်တမန်တော်သုံးဦးပင်လျှင် အေးစက်စက်မျက်နှာထားနှင့် ဤအမျိုးသမီးကို လှောင်ပြောင်သရော်လိုသောအမူအရာဖြင့်ကြည့်ကာ ရယ်မောလိုက်ကြ၏။
. . . . .
ထျန်ဟွမ်ခန်းမမှာလည်း ထိုကဲ့သို့သောရယ်သံများ ထွက်ပေါ်လာ၏။
“ဟေး… လောကအရှင် မင်းရဲ့ အဲဒီတပည့်မက သူ့ကိုလာကယ်ဖို့ မင်းကိုမျှော်လင့်နေတာ… မြန်မြန်သွားလေ”
“သူသွားချင်နေမယ်လို့ ငါထင်တယ်… သူက အဲဒီကို ရောက်ဖို့ဆိုရင် တစ်နှစ်လောက်ကြာလိမ့်မယ်… အဲဒီအချိန်ကြာမှာ ဓားကမ္ဘာက အလောင်းတွေက အေးစက်နေလောက်ပြီ”
“သူ့ဆရာက ဒီနေရာမှာကြောက်လန့်ပြီး လှုပ်တောင်မလှုပ်ရဲတော့ဘူးဆိုတာ အဲဒီတပည့်မက မသိလောက်ဘူးထင်တယ်.. ဟားဟားဟား…”
ဆူဇီမိုက သူ၏ ပတ်ပတ်လည်မှ ရယ်သံများကိုကြားသောအခါ သူကလည်း ရယ်မောလိုက်၏။ သို့သော်လည်း သူက ဘာကိုရယ်နေသည်ကို လူများစွာက မသိရှိကြပေ။
သူက ခေါင်းမော့ပြီး ခန်းမ၏ အမိုးဖုံးကနေတစ်ဆင့် ဧရာမရေပိတ်ကားပြင်ကိုကြည့်ကာ ပြုံးနေ၏။
လူတိုင်း၏ အကြည့်များကလည်း ရေပိတ်ကားပြင်ပေါ်မှာ ရောက်ရှိနေ၏။
အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲတော်တစ်ခုက စတင်တော့မည်ကို လူတိုင်းက သိရှိထားကြသည်။
သို့သော်လည်း လူတိုင်း၏ ရှေ့မှောက်မှာ ရေပိတ်ကားပင်၏ အခြားတစ်ဘက်တွင် ဓားကမ္ဘာ၏ လေဟာနယ်က ရုတ်တရက်ပွင့်ထွက်သွားပြီး လူတစ်ယောက်လျှောက်လှမ်းထွက်လာ၏။
မမြင်ရသောလက်တစ်စုံက လူတိုင်း၏ လည်ပင်းများကို ရုတ်တရက်ဖမ်းဆုပ်လိုက်သည့်အလားပင်။
ချက်ချင်းပင် ဓားကမ္ဘာနှင့် ထျန်ဟွမ်ကမ္ဘာမှ ရယ်မောသံများက ရပ်တန့်သွား၏။
ထိုပုဂ္ဂိုလ်၏ ရှေ့မှာ ပြုံးနေနိုင်သောသူ များစွာမရှိသောကြောင့်ဖြစ်သည်။
ခရမ်းရောင်ဝတ်ရုံ၊ အနက်ရောင်ဆံပင်နှင့် ငွေရောင်မျက်နှာဖုံး…။
ဧကရာဇ်အထီးကျန်သိုင်းသခင်။
“အဲဒါသူပဲ… အထီးကျန်သိုင်းသခင်”
ဧကရာဇ်မိုးပြာရောင်မီးတောက်က ရေပိတ်ကားပြင်ကနေတစ်ဆင့် ထိုလူကို တွေ့မြင်သောအခါ သူ၏ အမူအရာက သိသိသာသာပြောင်းလဲသွား၏။ သူထံမှကြောက်စရာကောင်းသောမှတ်ဉာဏ်တစ်ခု နိုးထလာသည့်အလားပင်။ သူက အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံ၏ လက်ကို အလိုလိုဖမ်းဆွဲပြီး အံ့အားတသင့်ရေရွတ်လိုက်၏။
အမှုဆောင်တမန်တော်အပြာရောင်ကောင်းကင်ဘုံ၏ အမူအရာကလည်း အလွန်တရာသုန်မှုန်နေ၏။ ရေပိတ်ကားပြင်ကနေတစ်ဆင့် သူက ဓားကမ္ဘာထက်မှလူကိုကြည့်ပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
အထီးကျန်သိုင်းသခင်က တကယ့်ကို သန်မာလွန်းလေသည်။
သူက တကယ့်ကို ထူးခြားအံ့မခန်းဖြစ်၏။
သူတို့သည် ကီလိုမီတာပေါင်း ဘီလီယံချီ ကွာဝေးနေလျှင်တောင် ရေပိတ်ကားပြင်ကနေတစ်ဆင့် ဧကရာဇ်အထီးကျန်သိုင်းသခင်၏ စွမ်းအားကြီးမားသောအော်ရာမှာ သိပ်သည်းပြင်းထန်သောဖိအားကို အမှုဆောင်တမန်တော်အပြာရောင်ကောင်းကင်ဘုံက ခံစားမိနိုင်ဆဲဖြစ်၏။
ဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် ထိပ်တိုက်ရင်ဆိုင်နေရသော ဓားကမ္ဘာမှလူအုပ်စုက ထိုဖိအားကို ပို၍ ပြင်းထန်ကြမ်းတမ်းစွာ အာရုံခံမိနေမည်ကို စဉ်းစားကြည့်ဖို့ မခက်ခဲပေ။
သို့သော်လည်း အမှုဆောင်တမန်တော်အပြာရောင်ကောင်းကင်ဘုံက ဒွိဟဖြစ်နေ၏။
သူတို့သည် အဖွဲ့နှစ်ဖွဲ့ခွဲပြီး သူတို့၏ အော်ရာများကို တမင်သက်သက်ဖုံးကွယ်ထားခဲ့၏။ သူတို့သည် ဧကရာဇ်အထီးကျန်သိုင်းသခင်၏ စိတ်အာရုံကို ဆွဲဆောင်မိပြီး မထင်မှတ်ထားသောဖြစ်ရပ်များပေါ်ထွက်လာမည်ကို ဆိုးသောကြောင့် ပေါ်ပေါ်ထင်ထင်မလှုပ်ရှားခဲ့ကြပေ။
တိုက်ပွဲက ယခုအချိန်ထိ မစတင်ရသေးဘဲ စွမ်းအားအတက်အကျများစွာ ရှိမလာသေးပေ။
ပုံမှန်အခြေအနေမှာဆိုလျှင် ဧကရာဇ်အထီးကျန်သိုင်းသခင်က အဲဒါကို အာရုံမခံမိသင့်ပေ။
မည်သို့ပင်ဆိုစေ ဧကရာဇ်အထီးကျန်သိုင်သခင်၏ စိတ်ဝိညာဉ်အသိစိတ်က အတွေးတစ်ချက်နှင့်အတူ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတစ်ခုလုံးကို ဖုံးလွှမ်းနိုင်လောက်အောင် သန်မာမည်ဆိုလျှင်တောင် သူ့အနေဖြင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို မျက်စိဒေါက်ထောက်စောင့်ကြည့်နေဖို့က မဖြစ်နိုင်ပေ။
နှစ်ဦးနှစ်ဖက်က တိုက်ခိုက်၍ ကြီးမားသောတိုက်ပွဲတစ်ခုဖြစ်ပွားလာသည့်အချိန်မှာ ပကတိခွန်အား၏ ဖိနှိမ်မှုအောက်တွင် ရလဒ်ကို အချိန်တိုအတွင်းမှာ သေချာပေါက် ဆုံဖြတ်နိုင်ပေလိမ့်မည်။
ဧကရာဇ်အထီးကျန်သိုင်းသခင်က အဲဒါကို အာရုံခံမိချိန်မှာ နောက်ကျသွားပေလိမ့်မည်။
သို့သော်လည်း ယခု ဤလူသည် နှစ်ဦးနှစ်ဖက် မတိုက်ခိုက်ရသေးခင် ပေါ်ထွက်လာခဲ့လေသည်။