အခန်း (၃၁၅၇+၃၁၅၈)
Vol. 210 Ch. 3157+3158
အခန်း ၃၁၅၇ တကယ့်ကို တုန်လှုပ်သွားခြင်း
ဓားကမ္ဘာမှာ။
သံသရဖူဆောင်းအဖိုးအိုနှင့် ဓားကမ္ဘာမှ အခြားသောဓားဧကရာဇ်များသည် ထိုသူကိုတွေ့မြင်သောအခါ နေရာမှာပင် မှင်တက်နေကြ၏။
သို့သော်လည်း သိပ်မကြာခင် လူတိုင်းက ထိုသူ၏ နောက်ခံကို မှတ်မိသိရှိသွားကြ၏။
မဟာအရိုင်းကမ္ဘာမှ ဧကရာဇ်အထီးကျန်သိုင်းသခင်။
တစ်ခါက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ ဧကရာဇ်ပညာရှင်တစ်ရာကျော်ကို တစ်ဦးတည်း ဖိနှိမ်ခဲ့သူဖြစ်လေသည်။
ဓားဧကရာဇ်များက စိတ်အားမာန်တက်ကြွလာပြီး မျှော်လင့်ချက်တစ်စွန်းတစ်စကို ပြန်လည်ရရှိလာကြ၏။
သံသရဖူဆောင်းအဖိုးအို၊ ပိန်ပိန်အဖိုးအိုနှင့် ဝဝအဖိုးအိုတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ စိတ်လှုပ်ရှားတက်ကြွနေခြင်းအပြင် သူတို့၏ စိတ်ခံစားချက်များက ရောထွေးနေ၏။
တကယ်တမ်းမှာ သံသရဖူဆောင်းအဖိုးအိုသည် ဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် အမြဲတမ်းတွေ့ဆုံလိုခဲ့၏။
သူသည် ခွန်ဖန်းကမ္ဘာသို့ ပေမင်ရွှယ်ကို လိုက်ပါပို့ဆောင်ပေးပြီး ခွန်ဖန်းကမ္ဘာမှ သခင်လေး၏ လက်ထပ်ပွဲကို တက်ရောက်ခဲ့စဉ်က သူသည် ခွန်ဖန်းကမ္ဘာမှာ ဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် တွေ့ဆုံခွင့်ရဖို့ တကယ်ပဲမျှော်လင့်နေခဲ့မိ၏။
ကံဆိုးစွာနှင့်ပင် သူတို့သည် ခွန်ဖန်းကမ္ဘာသို့ ရောက်ရှိသွားချိန်မှာ ဧကရာဇ်အထီးကျန်သိုင်းသခင်က ထွက်ခွာသွားပြီဖြစ်ပြီး သူတို့က ဆုံတွေ့ခွင့်မရခဲ့ပေ။
ယခု ဓားကမ္ဘာက ယနေ့ကပ်ဘေးနှင့် ရင်ဆိုင်နေရချိန်မှာ ဧကရာဇ်အထီးကျန်သိုင်းသခင်က ရုတ်တရက် ဆင်းသက်ရောက်ရှိလာခဲ့လေသည်။
ဒါ့အပြင် ဧကရာဇ်အထီးကျန်သိုင်းသခင် ဆင်းသက်ရောက်ရှိလာပြီးနောက် ကြယ်တာရာကောင်းကင်ထက်မှ အခြေအနေက သိသိသာသာ ပြောင်းလဲသွားပုံရ၏။
မည်သည့်တိုက်ခိုက်မှုမှ ပေါ်ထွက်မလာခင် နှစ်ဦးနှစ်ဖက်စလုံး၏ အော်ရာသည် လူတစ်ယောက်တည်းကြောင့် လုံးလုံးလျားလျားပြောင်းလဲသွား၏။
ဧကရာဇ်အထီးကျန်သိုင်းသခင်သည် ကြယ်တာရာကောင်းကင်ထက်မှာ တစ်ယောက်တည်းမတ်တတ်ရပ်ပြီး ဧကရာဇ်ပညာရှင်သုံးရာနီးပါးနှင့် ကောင်းကင်ဘုံခုံရုံးဦးဆောင်လာသည့် မရေမတွက်နိုင်သော စစ်သည်များကို ရင်ဆိုင်နေ၏။ သို့သော်လည်း သူက လုံးဝအရေးနိမ့်ခြင်းမရှိပေ။ ထိုမျှသာမက ဧကရာဇ်အထီးကျန်သိုင်းသခင် ပေါ်ထွက်လာပြီးနောက် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၊ ကျောက်တုံးကမ္ဘာနှင့် ကောင်းကင်ဘုံမျက်လုံးကမ္ဘာ၏ ဧကရာဇ်များဘက်မှာ ရုတ်ရုတ်သဲသဲအသံတစ်ခုပင် ထွက်ပေါ်လာ၏။
မည်သို့ပင်ဆိုစေ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသည် ဧကရာဇ်အထီးကျန်သိုင်းသခင်၏ လက်ထဲမှာ ကြီးမားစွာ ရှုံးနိမ့်ခဲ့ရဖူး၏။ မဟာအရိုင်းကမ္ဘာမှ တိုက်ပွဲမှာ ဧကရာဇ်ပညာရှင်လေးငါးဆယ်က သေဆုံးခဲ့ရပြီး သူတို့၏ အခြေခံအုတ်မြစ်က အပြင်းအထန်ပျက်စီးထိခိုက်သွားခဲ့သည်။
ကျောက်တုံးကမ္ဘာ၊ ကောင်းကင်ဘုံမျက်လုံးကမ္ဘာနှင့် ရွှေကျီးကန်းကမ္ဘာတို့ကတော့ သူတို့သည် အထီးကျန်သိုင်းသခင်၏ ကျော်ကြားလှသော နာမည်ဂုဏ်သတင်းကို ကြားဖူးထားကြပြီး သူ့ကို စိုးရွံ့ထိတ်လန့်နေကြ၏။
လွန်ခဲ့သည့်နှစ်အနည်းငယ်က အထီးကျန်သိုင်းသခင်သည် ပေါ်ထွက်လာခဲ့ပြီး နဂါးများနှင့် ဖီးနစ်များ၏ စစ်ပွဲ၊ ခွန်များနှင့် ဖန်းများ၏ စစ်ပွဲကဲ့သို့ ထိပ်တန်းကမ္ဘာကြီးများကြား စစ်ပွဲများကိုပင် စစ်ပြေငြိမ်းစေခဲ့လေသည်။
စုန်းလောကအရှင်နှင့် အဆိပ်လောကအရှင်က တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့၏။
စုန်းကမ္ဘာက ဖျက်ဆီးခံရပြီး အဆိပ်ကမ္ဘာနှင့် သွေးကမ္ဘာက မတူညီသော အတိုင်းအတာများဖြင့် အမျိုးမျိုးထိခိုက်ခံစားခဲ့ရသည်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ အထီးကျန်သိုင်းသခင်သည် ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုဖြစ်ပြီး တဗူးတစ်ခုဖြစ်လာခဲ့လေသည်။
မကြာသေးခင်နှစ်များမှာ မဟာဧကရာဇ်တစ်ပါး ပေါ်ထွက်မလာသရွေ့ အထီးကျန်သိုင်းသခင်က အန္တိမအရှင်သခင်ဖြစ်သည်ဟူသော ဆိုရိုးစကားတစ်ခု ပေါ်ထွက်လာခဲ့သည်။
ဘယ်သူက သူနှင့် အတိုက်အခံပြုလုပ်ရဲမှာလဲ။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသာလျှင် မဟုတ်ပေ။ ကောင်းကင်ဘုံခုံရုံးမှ သခင်လေးနှစ်ဦးပင်လျှင် တုန်လှုပ်သွားပြီး ထိတ်လန့်တကြားအမူအရာများဖြင့် နောက်သို့ခြေနှစ်လှမ်းအလိုလိုဆုတ်လိုက်ကြ၏။
မဟာအရိုင်းကမ္ဘာမှတိုက်ပွဲက သူတို့ကို တကယ်ပဲကြောက်လန့်သွားစေခဲ့သည်။
မီးတောက်ကောင်းကင်ဘုံမှသခင်လေးက သူတို့မျက်စိရှေ့မှာ သေဆုံးသွားသည်ကို သူတို့က ဘာမှမတတ်နိုင်ဘဲ ကြည့်နေခဲ့ရ၏။
သူတို့၏ အဆင့်အတန်းများက မြင့်မြတ်ထည်ဝါသော်လည်း သူတို့သည်လည်း တစ်ခုသောရှုထောင့်ကနေကြည့်လျှင် ထိုပုရွက်များနှင့်မကွာခြားကြောင်း ထိုအခိုက်အတန့်မှသာ သူတို့က နားလည်သဘောပေါက်သွားခဲ့ကြ၏။
သူတို့မှာလည်း အသက်တစ်သက်သာလျှင် ရှိလေသည်။
အဲဒါထက် အထီးကျန်သိုင်းသခင်၏ မျက်လုံးထဲမှာ သူတို့ကလည်း ပုရွက်ဆိတ်များသာဖြစ်သည်။
မီးတောက်ကောင်းကင်ဘုံမှ သခင်လေး သေဆုံးသွားပြီးနောက် သူတို့သုံးယောက်ပင် ဧကရာဇ်အထီးကျန်သိုင်းသခင်၏ သတ်ဖြတ်ခံရလုမတတ်ဖြစ်ခဲ့ရသည်။
ထိုအချိန်တုန်းက မိစ္ဆာအရှင်ပေါ်ထွက်လာပြီး ဧကရာဇ်အထီးကျန်သိုင်းသခင်၏ တိုက်ခိုက်မှုကို တားဆီးပေးခဲ့သည်။ သို့သော်လည်း ဧကရာဇ်ပိုင်ယွီနှင့် အခြားနှစ်ယောက်သည် လိပ်ပြာလွင့်မတတ်ကြောက်လန့်နေခဲ့သည်။ သူတို့သည် သူတို့နောက်မှာ ဖြစ်ပျက်နေသည့်အရာကို မကြည့်နိုင်ဘဲ အသက်လုထွက်ပြေးခဲ့ကြလေသည်။
ကောင်းကင်ဘုံခုံရုံးသို့ ထွက်ပြေးလွတ်မြောက်လာပြီးနောက် လူတိုင်းသည် အကြောက်မပြေသေးဘဲ သူတို့က ကံကောင်းလှသည်ဟု တွေးနေခဲ့ကြ၏။
နှစ်တစ်ရာကျော်ကြာအောင် ပြန်လည်အားဖြည့်ပြီး သူတို့၏ ထိခိုက်ဒဏ်ရာများ သက်သာပျောက်ကင်းသွားပြီးနောက် သူတို့သည် တစ်ကျော့ပြန်လာနိုင်မည်ဟု အစက တွေးထင်ခဲ့ကြ၏။ သို့သော်လည်း သူတို့သည် ဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် နောက်တစ်ဖန်ဆုံတွေ့သည့်အခါ သူတို့သုံးယောက်သည် အသက်လုထွက်ပြေးခဲ့ရသည့် ကြောက်ရွံ့မှုကို နောက်တစ်ဖန်ပြန်လည်ခံစားလာရ၏။
ဧကရာဇ်ပိုင်ယွီနှင့် အခြားသူများနှင့် ယှဉ်လျှင် အမှုဆောင်တမန်တော်သုံးဦးနှင့် ကောင်းကင်ဘုံခုံရုံးမှ အခြားသောဧကရာဇ်များက အတော်အတန်တည်ငြိမ်နေကြ၏။
အထူးသဖြင့် အမှုဆောင်တမန်တော်မီးတောက်ကောင်းကင်ဘုံက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသည့်အကြည့်ဖြင့် သိုင်းတာအိုပင်မခန္ဓာကို ကြည့်ပြီး သူ၏ မျက်လုံးများက မီးဝင်းဝင်းတောက်လုမတတ်ဖြစ်နေ၏။
“မင်းက အထီးကျန်သိုင်းသခင်လား”
အမှုဆောင်တမန်တော်မီးတောက်ကောင်းကင်ဘုံက အေးစက်စွာမေးလိုက်သည်။
ကောင်းကင်ဘုံကိုးလွှာမှာ အသန်မာဆုံးတိုက်ပွဲဝင်စစ်သည်တော်များအနေဖြင့် အမှုဆောင်တမန်တော်များသည် သိုင်းတာအိုပင်မခန္ဓာကို ကြောက်ရွံ့မနေပေ။
သိုင်းတာအိုပင်မခန္ဓာက အမှုဆောင်တမန်တော် မီးတောက်ကောင်းကင်ဘုံ၏ ခါးပေါ်မှတံဆိပ်ပြားကိုကြည့်ပြီး သူ၏ သရုပ်သကန်ကို ခွဲခြားလိုက်၏။ သူက မှင်သေသေဖြင့် ပြောလိုက်သည်။
“ငါက မီးတောက်ကောင်းကင်ဘုံက သခင်လေးကို သတ်ခဲ့တယ်… မင်းလက်စားချေချင်လို့လား”
ဤသည်က ပေါ်ပေါ်ထင်ထင် ရန်စလိုက်ခြင်းဖြစ်သည်။
အမှုဆောင်တမန်တော်မီးတောက်ကောင်းကင်ဘုံ၏ အကြည့်က မီးမောင်းတစ်ခုကဲ့သို့ဖြစ်လာပြီး သူ၏ ခန္ဓာကိုယ်ကနေ မီးတောက်ပေါင်းထောင်ချီက ရုတ်တရက် ပစ်လွင့်ထွက်ပေါ်ကာ ကြယ်တာရာကောင်းကင်ထဲမှာ ဧရာမတွင်းနက်တစ်ခုအဖြစ် လောင်ကျွမ်းလာ၏။ မီးတောက်များဖြင့် လွှမ်းခြုံထားသော စစ်နတ်ဘုရားတစ်ပါးကဲ့သို့ သူ၏ အော်ရာက ဆပွားမြင့်တက်လာခဲ့၏။
မီးတောက်ကောင်းကင်ဘုံမှ ကျန်ရှိနေသော ဧကရာဇ်ငါးဆယ်က သူတို့၏ နတ်ဘုရားလက်နက်များကို သတ်ဖြတ်လိုစိတ်နှင့်အတူ တစ်ယောက်ပြီးတစ်ယောက် ဆင့်ခေါ်လိုက်ကြ၏။ သူတို့သည် အမိန့်တစ်ခုကို စောင့်ဆိုင်းနေပြီး အချိန်မရွေးတိုက်ခိုက်ဖို့ပြင်နေကြသည်။
“အထီးကျန်သိုင်းသခင်…”
အမှုဆောင်တမန်တော် ဆန်းကြယ်ကောင်းကင်ဘုံ၏ အကြည့်က သုန်မှုန်နေပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“ဒီနေ့ ငါတို့ရဲ့ ရည်ရွယ်ချက်က ဓားကမ္ဘာကို ဖျက်ဆီးဖို့ပဲ… အဲဒါမင်းနဲ့ ဘာမှမဆိုင်ဘူး… ငါမင်းကို အကြံတစ်ခုပေးလိုက်မယ်… မင်းက မဟာအရိုင်းကမ္ဘာကိုသွားပြီး အဲဒီမှာအသာတကြည်နေနေမယ်ဆိုရင် အကောင်းဆုံးပဲ… နောက်ရက်အနည်းငယ်နေရင် ငါတို့မင်းဆီကို လာခဲ့မယ်”
“ဓားကမ္ဘာက ငါနဲ့မဆိုင်ဘူးလို့ မင်းကိုဘယ်သူပြောလဲ”
သိုင်းတာအိုပင်မခန္ဓာက အမှုဆောင်တမန်တော် ဆန်းကြယ်ကောင်းကင်ဘုံကို ကြည့်ပြီး ပြန်မေးလိုက်၏။
“ငါဘယ်သူလို့မင်းထင်လို့လဲ”
ထိုစကားလုံးများသည် ကောင်းကင်ဘုံခုံရုံးမှ လူတိုင်းကို မှင်တက်သွားစေ၏။
သိုင်းတာအိုပင်မခန္ဓာ ဆိုလိုသည့်အဓိပ္ပါယ်ကို နားမလည်ဘဲ အမှုဆောင်တမန်တော်သုံးဦးက မျက်မှောင်ကြုတ်လိုက်ကြ၏။
ဓားကမ္ဘာမှ ဧကရာဇ်ပညာရှင်များပင်လျှင် အနည်းငယ်မှင်တက်နေကြသည်။
ဧကရာဇ်အထီးကျန်သိုင်းသခင်သည် ဓားကမ္ဘာနှင့် ပတ်သက်ဆက်နွယ်မှုတချို့ ရှိနေတာလား။
ဓားကျင့်ကြံသူများစွာက လောကအရှင်သုံးဦးကို အလိုလိုလှည့်ကြည့်လိုက်ကြ၏။
ဧကရာဇ်အထီးကျန်သိုင်းသခင်က ဓားကမ္ဘာနှင့် ပတ်သက်ဆက်စပ်နေမည်ဆိုလျှင် အကြောင်းရင်းကို သိရှိနိုင်မည့်သူများက သူတို့သုံးယောက်သာဖြစ်ပေလိမ့်မည်။
ထိုအခိုက်အတန့်မှာ သံသရဖူဆောင်းအဖိုးအို၊ ပိန်ပိန်အဖိုးအိုနှင့် ဝဝအဖိုးအိုက တစ်ယောက်ကိုတစ်ယောက် တွေဝေရှုပ်ထွေးစွာဖြင့် ကြည့်နေကြ၏။
. . . . .
ထျန်ဟွမ်ကမ္ဘာမှာ။
ခန်းမထဲတွင်…
လင်းကျန့်၊ အင်မော်တယ်ဘုရင်မလင်းလုံ၊ ဖုန့်စန်းထျန်နှင့် အခြားသူများက သိုင်းတာအိုပင်မခန္ဓာဓားကမ္ဘာမှာ ပေါ်ထွက်လာသည်ကို တွေ့မြင်သောအခါ တွေဝေရှုပ်ထွေးသောအမူအရာများနှင့်အတူ ညင်သာစွာသက်ပြင်းချလိုက်ကြ၏။
အဲဒါက ဆူဇီမို၏ ရွေးချယ်မှုဖြစ်ပုံရလေသည်။
သိုင်းတာအိုပင်မခန္ဓာသည် ဓားကမ္ဘာသို့ သွားရောက်ဖို့ ရွေးချယ်ခဲ့သည်ဆိုမှတော့ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာအပါအဝင် ထျန်ဟွမ်ကမ္ဘာမှ အရာရာတိုင်းက ဤနေရာမှာ အဆုံးသတ်သွားရတော့မည်ဟု ဆိုလိုလေသည်။
သို့သော်လည်း ဆူဇီမို၏ မျက်နှာပေါ်မှာ မည်သည့်စိုးရိမ်ပူပန်မှုမှ ရှိမနေသေးပေ။ သူက လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်ပြီး စောစောက သူ့ကိုလှောင်ပြောင်သရော်နေသည့် ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် ဧကရာဇ်များကို ကြည့်လိုက်၏။ ထေ့ငေါ့နေသော အမူအရာနှင့်အတူ သူက ပြုံးစစဖြင့် မေးလိုက်၏။
“အားလုံးပဲ… မင်းတို့တွေ ဘာလို့ထပ်ပြီး မရယ်ကြတော့တာလဲ… မင်းတို့စောစောကတင် အတော်လေးဝမ်းသာအားရ ပြုံးပျော်နေကြတာမဟုတ်ဘူးလား”
ဧကရာဇ်မိုးပြာရောင်မီးတောက်သည် စောစောက ဧကရာဇ်အထီးကျန်သိုင်းသခင်ကို တွေ့မြင်သောအခါ သူက လိပ်ပြာလွင့်မတတ်ကြောက်လန့်သွား၏။ သူက ဘယ်လိုလုပ်ပြုံးနိုင်ဦးမှာလဲ။
သို့သော်လည်း ဧကရာဇ်မိုးပြာရောင်မီးတောက်သည် သူ့ရှေ့မှ အရေးမပါအရာမရောက်သော အင်မော်တယ်ဘုရင်တစ်ဦး၏ လှောင်ပြောင်သရော်ခြင်းခံရပြီးနောက် သူက ချက်ချင်းပင် ရှက်ရွံ့သွားလေသည်။ သူ၏ အကြည့်က အေးစက်လာပြီး တင်းမာခက်ထန်စွာပြောလိုက်၏။
“ပုရွက်ဆိတ်… ကြည့်ရတာ မင်းက မင်းအခြေအနေကို နားမလည်သေးဘူးထင်တယ်”
“ငါမင်းကို အတွေးတစ်ချက်နဲ့ သတ်ဖြတ်လို့ရတယ်… ငါအမိန့်တစ်ချက်ပေးလိုက်ရင် ထျန်ဟွမ်ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တယ်”
ဆူဇီမိုက သူ၏ အပြုံးကို ဖြည်းဖြည်ချင်းရုတ်သိမ်းပြီး ဧကရာဇ်မိုးပြာရောင်မီးတောက်ကို စိုက်ကြည့်ကာ ဖြည်းဖြည်းချင်းမေးလိုက်၏။
“ငါဘယ်သူလို့ မင်းထင်လို့လဲ”
ဧကရာဇ်များက မှင်တက်သွားကြ၏။
ထိုစကားသံက ရင်းနှီးမှုရှိနေ၏။
စောစောကတင် ဧကရာဇ်အထီးကျန်သိုင်းသခင်က ထိုသို့ပြောဆိုခဲ့လေသည်။
လူတိုင်းသည် ခေါင်းမော့ပြီး ရေပိတ်ကားပြင်ထက်မှ ဧကရာဇ်အထီးကျန်သိုင်းသခင်ကို ကြည့်လိုက်ကြ၏။
ထိုအခိုက်အတန့်မှာ ကမ္ဘာနှစ်ခုမှ မရေမတွက်နိုင်သောလူများ၏ အကြည့်များအောက်တွင် ဧကရာဇ်အထီးကျန်သိုင်းသခင်က သူ့ခေါင်းကိုဖြည်းဖြည်းချင်းမော့ပြီး သူ၏ မျက်နှာပေါ်မှ ငွေရောင်မျက်နှာဖုံးကို ဖယ်ရှားလိုက်၏။
လောကက ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
လေဟာနယ်က အေးခဲရပ်တန့်သွားပုံရ၏။
ကမ္ဘာနှစ်ခုမှ သက်ရှိများစွာသည် နေရာမှာပင် အမြစ်တွယ်သွားကြသည့်ပုံပင်။
ဟာ…
သူသည် ကြော့ရှင်းသန့်ပြန့်သောမျက်နှာကို တွေ့မြင်သောအခါ ဧကရာဇ်မိုးပြာရောင်မီးတောက်၏ မျက်လုံးများက တစ္ဆေသရဲတစ်ကောင်ကို တွေ့မြင်လိုက်သည့်အလား ပြူးကျယ်သွားလေသည်။
“မင်း..မင်းတို့က…”
ဧကရာဇ်မိုးပြာရောင်မီးတောက်သည် ချာခနဲလှည့်ပြီး ခန်းမထဲရှိ ဆူဇီမိုကို လက်ညှိုးထိုးကာ သူ့မျက်လုံးများက ကြောက်ရွံ့မှုဖြင့် ပြည့်နှက်၍ သူ့အသံက တုန်ယင်နေ၏။
နောက်ခဏ၌ ဧကရာဇ်အထီးကျန်သိုင်းသခင်သည် တစ်ချက်ဝေ့ကြည့်လိုက်ပြီး ခရမ်းရောင်မီးတောက်များနှင့်လောင်ကျွမ်းနေသော သူ၏ မျက်လုံးများက အဆုံးမဲ့လေဟာနယ်များကို ထိုးဖောက်ကာ ရေပိတ်ကားပြင်ကနေတစ်ဆင့် ထျန်ဟွမ်ကမ္ဘာမှာရှိနေသော ဧကရာဇ်မိုးပြာရောင်မီးတောက်ပေါ်သို့ ဆင်းသက်ရောက်ရှိလာလေသည်။
တစ်ချိန်တည်းမှာပင် ထျန်ဟွမ်ခန်းမထဲမှာ ဆူဇီမို၏ မျက်လုံးများသည် ခရမ်းရောင်မီးတောက်နှစ်ခုဖြင့် ချက်ချင်းပင်လောင်ကျွမ်းလာခဲ့၏။ သူက ရှေ့သို့ခြေတစ်လှမ်းတိုးပြီး မြေပြင်က လှုပ်ခါသွား၏။ တုန်လှုပ်စရာကောင်းသောအော်ရာနှင့်အတူ သူက အော်ပြောလိုက်၏။
“ငါက အထီးကျန်သိုင်းသခင်ပဲ”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် အဲဒါသည် ရေကန်ထဲသို့ ကျဆင်းသွားသော ဧရာမကျောက်တုံးတစ်တုံးကဲ့သို့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတစ်ခုလုံးကို တုန်လှုပ်သွားစေလေသည်။
အခန်း ၃၁၅၈ - ငါ့ကို မြန်မြန်လာကူကြဦး
“အာ…”
ဧကရာဇ်မိုးပြာရောင်းမီးတောက်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး အံ့အားတသင့်ရေရွတ်လိုက်၏။ သူက တုန်လှုပ်စွာဖြင့် သူ၏ ထိုင်ခုံကနေ ခုန်ထပြီး နောက်သို့ ဒယီးဒယိုင်ဆုတ်ခွာကာ အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံ၏ နောက်ဘက်မှာ ဝင်ပုန်းလိုက်၏။
ထိုင်ခုံက ကျွမ်းထိုးမှောက်ခုံလိမ့်သွားပြီး ဘေးပတ်ဝန်းကျင်မှာ ရုတ်ရုတ်သဲသဲအသံများကို ထွက်ပေါ်လာစေ၏။
ဧကရာဇ်မိုးပြာရောင်မီးတောက်က ဤမျှအထိကြောက်လန့်သွားသည်မှာ မထူးဆန်းပေ။
အစကတည်းက သူသည် ဧကရာဇ်အထီးကျန်သိုင်းသခင်၏ အစစ်အမှန်ရုပ်ရည်သွင်ပြင်ကို တွေ့မြင်ရချိန်မှာ ရင်တထိတ်ထိတ်ဖြစ်နေပြီးလေပြီ။ ထို့နောက် ခန်းမထဲမှာ ဆူဇီမို၏ မျက်လုံးများက ခရမ်းရောင်မီးတောက်များဖြင့် လောင်ကျွမ်းလာခဲ့၏။
သူက ငေးငိုင်စွာဖြင့်.. ဧကရာဇ်အထီးကျန်သိုင်းသခင်သည် ခန်းမထဲမှာရောက်ရှိလာပြီး သူ့အသက်ကို နုတ်ယူချင်နေသည်ဟု သူက တွေးမိလိုက်၏။
ဤသည်က ဧကရာဇ်မိုးပြာရောင်မီးတောက်၏ စိတ်ကူးစိတ်သန်းမျှသာမဟုတ်ပေ။
သိုင်းတာအိုပင်မခန္ဓာသည် ဓားကမ္ဘာကနေ သူ့ကိုတကယ်ပင်ကြည့်နေ၏။ သူ၏ အကြည့်က အေးစက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ အဆုံးမဲ့လေဟာနယ်ကို ဖြတ်ကျော်လာခဲ့သည်။
ထိုအခိုက်အတန့်မှာ အစစ်အမှန်ခန္ဓာနှစ်ခု၏ အော်ရာက တစ်ခုတည်းအဖြစ် ပေါင်းစည်းလုနီးပါးပင်။
ဧကရာဇ်မိုးပြာရောင်မီးတောက်ကိုမပြောနှင့် အမှုဆောင်တမန်တော်အပြာရောင်ကောင်းကင်ဘုံပင်လျှင် ထိုအခိုက်အတန့်မှာ သန်မာသော အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရ၏။
သူက ခေါင်းမွေးများထောင်ထလာပြီး အလိုလိုမတ်တတ်ထရပ်ကာ အာရုံစူးစိုက်ထားလေသည်။
ထိုအခိုက်အတန့်မှာ အမှုဆောင်တမန်တော်အပြာရောင်ကောင်းကင်ဘုံက ထင်ယောင်ထင်မှားမြင်မိလာ၏။
သူသည် အမြင့်မှာရှိနေသော်လည်း ခန်းမထဲမှာရှိနေသော ဆူဇီမိုက သူ့ကိုငုံ့ကြည့်နေသည့်အလားပင်။
အမှုဆောင်တမန်တော်အပြာရောင်ကောင်းကင်ဘုံနှင့် ဧကရာဇ်မိုးပြာရောင်မီးတောက်ပင် ထိုသို့ဆိုပါက အခြားသောဧကရာဇ်များက ပို၍ပင် တုန်လှုပ်နေကြ၏။ သူတို့၏ အမူအရာများက ပြောင်းလဲသွားပြီး သူတို့က တစ်ယောက်ပြီးတစ်ယောက်မတ်တတ်ထရပ်ကာ နောက်သို့အလိုလိုဆုတ်ခွာသွားကြ၏။
ချက်ချင်းပင် ထျန်ဟွမ်ခန်းမ၏ အလယ်မှာ ကြီးမားသောနေရာလွတ်တစ်ခု ပေါ်ထွက်လာ၏။
ဆူဇီမို၏ ဘေးပတ်လည်ပေတစ်ရာအတွင်းမှာ မည်သူမှ မရှိတော့ပေ။
ဓားကမ္ဘာနှင့် ထျန်ဟွမ်ကမ္ဘာမှာ ဤမြင်ကွင်း၏ ရိုက်ခတ်မှုက အရမ်းကိုကြီးမားနေ၏။
လင်းကျန့်၊ အင်မော်တယ်ဘုရင်မလင်းလုံ၊ ပေမင်ရွှယ်နှင့် ယွင်ကျူးကဲ့သို့ ဆူဇီမို၏ အစစ်အမှန်ခန္ဓာနှစ်ခုအကြောင်း သိရှိထားသောလူတချို့က အံ့အားသင့်မသွားကြပေ။
သို့သော်လည်း တခြားသူများက ဤမြင်ကွင်းမှာ ကြက်သေသေနေပြီး သူတို့၏ စိတ်များက ဗလာကျင်းကာ အတန်ကြာသည့်အထိ မတုံ့ပြန်နိုင်ကြပေ။
“ဒါ..ဒါကဘာလဲ”
လင်းလေက တိုက်ပွဲနိုင်ငံ၏ အထက်ကောင်းကင်မှာ မတ်တတ်ရပ်ပြီး ကောင်းကင်ထက်ရေပိတ်ကားပြင်ကိုကြည့်ပြီးနောက် ထျန်ဟွမ်ခန်းမရှိရာဘက်သို့ ပြန်ကြည့်လိုက်၏။
သူက ကြက်သေသေပြီး မှင်တက်နေ၏။
အရင်တုန်းက လင်းကျန့်နှင့် အင်မော်တယ်ဘုရင်မလင်းလုံပြောခဲ့သော စကားများစွာက ဤအခိုက်အတန့်မှာ အဓိပ္ပါယ်ရှိလာပုံရလေသည်။
လင်းလောက လင်းလေ၏ ဘေးနားသို့ ရောက်ရှိလာပြီး ပြောလိုက်၏။
“အစ်ကို… ရှင်က အရင်တုန်းက ဧကရာဇ်အထီးကျန်သိုင်းသခင်ကို အထင်သေးနေခဲ့တာ ကျွန်မမှတ်မိသေးတယ်နော်”
“ငါ.. ငါ သူ့ကို အထင်မသေးပါဘူး”
လင်းလေက ဆတ်ခနဲတုန်ယင်သွားပြီး ချက်ချင်းပင် ငြင်းပယ်လိုက်၏။
“ဘုရား-ဘုရားရေ…”
အင်မော်တယ်ဘုရင်ကျိရွှမ်က ယွင်ကျူး၏ လက်ဖဝါးကို အလိုလိုဆုပ်ကိုင်ပြီး သူ၏ လက်က အေးစက်ကာ တုန်ယင်နေ၏။
သူက တံတွေးကို အလျင်စလိုမျိုချပြီး အထစ်ထစ်အငေါ့ငေါ့ရေရွတ်လိုက်၏။
“ငါ..ငါ ထပ်ပြီး အကဲဖြတ်မှားပြန်ပြီလား”
လုံလီ၏ မျက်လုံးများက ပြူးကျယ်သွားလေသည်။
မူလျန်၏ မျက်နှာပေါ်တွင်လည်း မယုံကြည်နိုင်မှုက ပေါ်ထွက်လာ၏။
မျောက်ဝံအိုကြီးကား စိတ်လှုပ်ရှားတက်ကြွနေ၏။
ဧကရာဇ်မြောက်ပိုင်းခွန်၊ ဧကရာဇ်တောင်ပိုင်းဖန်း၊ နဂါးဧကရီဆီးနှင်းနှင့် ပန်းလောကအရှင်တို့ကလည်း တွေဝေရှုပ်ထွေးနေကြ၏။
ထိုအခိုက်အတန့်မှာ သူတို့သည် နောက်ဆုံး ကိစ္စများစွာကို နာလည်သဘောပေါက်လိုက်၏။
ထျန်ဟွမ်ကမ္ဘာနှင့် ဆက်သွယ်ပြီး ဆူဇီမိုကို မိတ်ဆွေဖွဲ့ဖို့ ရှောင်းယောင်က အမြဲတမ်းသူတို့ကို ဘာ့ကြောင့်တိုက်တွန်းနေခဲ့သလဲ သူတို့ နောက်ဆုံးနားလည်သဘောပေါက်သွားကြ၏။
ဧကရာဇ်အထီးကျန်သိုင်းသခင်သည် အရင်တုန်းက နဂါးကမ္ဘာကို ဘာ့ကြောင့်ဆင်းသက်ရောက်ရှိလာသလဲ သူတို့ နောက်ဆုံးမှာ နားလည်သဘောပေါက်သွားကြသည်။
“အဲဒါက လုံရန်ကြောင့်သာလျှင် မဟုတ်ပေ။
လက်ရှိအခြေအနေနှင့် ရင်ဆိုင်ရချိန်မှာ ဆူဇီမိုက ဘာ့ကြောင့်အကြောက်အလန့်ကင်းမဲ့နေနိုင်သေးသလဲ သူတို့ နောက်ဆုံး နားလည်သဘောပေါက်သွားကြသည်။
ဆူဇီမို၏ ဘေးပတ်လည်မှာ ဖြစ်ပျက်နေသည့် ထူးဆန်းသောအရာများအားလုံးက ထိုအခိုက်အတန့်မှာ အဓိပ္ပါယ်ရှိလာခဲ့၏။
ဓားကမ္ဘာမှာ။
သိုင်းတာအိုပင်မခန္ဓာက သူ၏ မျက်နှာဖုံးကို ချွတ်လိုက်သည့်ခဏမှာပင် ဓားကျင့်ကြံသူများစွာက ကြော့ရှင်းသန့်ပြန့်သောမျက်နှာကိုကြည့်ပြီး ငေးမောမှင်တက်နေကြ၏။
တကယ်ဆို ဓားကမ္ဘာမှလူတချို့က ‘တောင်ထွတ်သခင်ဆူ’ဟူ၍ပင် အလိုလိုခေါ်လိုက်မိကြ၏။
“လခွမ်းတဲ့မှ… ဘာလဲဟ”
ယွင်ထင်က ခြေတစ်ချက်ဆောင့်ပြီး မချင့်မရဲခံစားနေရ၏။ သူသည် သူ့ခန္ဓာကိုယ်ထဲရှိ မိုးကြိုးလျှပ်စီးဓမ္မတာအိုကို မထိန်းချုပ်နိုင်ဘဲ လျှပ်စီးများက သူ၏ ခန္ဓာကိုယ်ကိုလှည့်ပတ်ကာ တဖျောက်ဖျောက်မြည်နေ၏။
သူသည် သူတို့နှစ်ယောက်ကြားကွာဟချက်က ပို၍ ကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာစဉ်မှာတောင် သူက ဆူဇီမိုကို သူ၏ အသန်မာဆုံပြိုင်ဘက်အဖြစ် အမြဲတမ်းသတ်မှတ်ထားခဲ့လေသည်။
ယွင်ထင်သည် ဘယ်တုန်းကမှ လက်မလျှော့ခဲ့ပေ။
တစ်နေ့မှာ သူက ဆူဇီမိုကို လိုက်မီနိုင်မည်ဟု ယုံကြည်ထား၏။
သို့သော်လည်း ဤကဲ့သို့သောရလဒ်တစ်ခုကို သူက လုံးဝထင်မှတ်မထားခဲ့ပေ။
ဒါက ဘာသဘောလဲ။
သူသည် ဆူဇီမိုနှင့် အရင်တုန်းက ပေမင်ရွှယ်ထံမှာ ရှုံးနိမ့်ခဲ့ရလျှင်တောင် သူက စိတ်ပျက်အားငယ်မသွားခဲ့ပေ။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက သူ၏ မျက်နှာဖုံးကို ချွတ်လိုက်ပြီးနောက် သူလက်ခံရရှိလိုက်သော ထိုးနှက်ချက်က သူ့ကို လုံးဝစိတ်ဓာတ်ကျသွားစေလေသည်။
ယွင်ထင်က အဲဒါကို စဉ်းစားကြည့်လေ သူက ပို၍ပင် မချင့်မရဲဖြစ်လာလေပင်။
သူက မကျေမနပ်ရေရွတ်လိုက်၏။
‘မင်း တိုက်ခိုက်ချင်တယ်ဆိုရင်လည်း တိုက်ခိုက်လိုက်လေ… ဘာလို့ မင်းမျက်နှာဖုံးကို ချွတ်ရတာလဲ။’
ဓားကမ္ဘာမှ ဧကရာဇ်များက သိုင်းတာအိုပင်မခန္ဓာ၏ အစစ်အမှန်ရုပ်ရည်သွင်ပြင်ကို တွေ့မြင်သောအခါ သူတို့က တုန်လှုပ်ပြီး ကျေနပ်သဘောကျနေ၏။
သံသရဖူဆောင်းအဖိုးအိုသည် သိပ်မသေချာသေးဘဲ အတည်ပြုလိုသောအမူအရာဖြင့် ပေမင်ရွှယ်ကို လှည့်ကြည့်လိုက်၏။
ပေမင်ရွှယ်၏ အမူအရာက အေးစက်နေပြီး သူမ၏ ခေါင်းကို အနည်းငယ်မော့ကာ မှင်သေသေဖြင့် ပြောလိုက်၏။
“စောစောက ကျွန်မပြောခဲ့ပြီးပြီပဲ… ဆရာက ကျွန်မတို့ကို သေချာပေါက်ကယ်တင်မှာ”
“ကောင်းလိုက်တာ… ကောင်းလိုက်တာကွာ…”
သံသရဖူဆောင်းအဖိုးအိုက စိတ်ခံစားချက်များမြင့်တက်လာပြီး ထိုစကားကို ထပ်တလဲလဲရေရွတ်နေ၏။
ပိန်ပိန်အဖိုးအိုနှင့် ဝဝအဖိုးအိုကလည်း အဆက်မပြတ် ညည်းတွားရေရွတ်နေကြ၏။
အရင်တုန်းက သံသရဖူဆောင်းအဖိုးအိုသည် ဆူဇီမို၏ ပါရမီအလားအလာကို မြင့်မြင့်မားမားသတ်မှတ်ထားပြီး သူနှင့်ကောင်းမွန်သော ကမ္မတစ်ခုတည်ဆောက်ခဲ့ချင်ရုံသာဖြစ်သည်။
ယနေ့မှာ ဤကဲ့သို့ ကြီးမားသော အံ့အားသင့်စရာတစ်ခုကို သူတို့က လက်ခံရရှိလိမ့်မည်ဟု ဘယ်သူက တွေးခဲ့မိမှာလဲ။
ဧကရာဇ်အထီးကျန်သိုင်းသခင်သည် တစ်ခါက ဓားကမ္ဘာရှိ နဝမမြောက်တောင်ထွတ်၏ တောင်ထွတ်သခင်ဖြစ်ခဲ့ဖူးလေသည်။
ဤအချက်တစ်ချက်တည်းကပင် ဓားကမ္ဘာအနေဖြင့် ခေတ်တစ်ခေတ်လုံးစာ ကြွားလုံးထုတ်နိုင်ဖို့ လုံလောက်လေသည်။
တကယ်တော့ မဖြစ်မနေလိုအပ်ချက်မှာ ဓားကမ္ဘာက ဤကပ်ဘေးကနေ ရှင်သန်နိုင်ရမည်ဖြစ်သည်။
ဧကရာဇ်အထီးကျန်သိုင်းသခင်ရောက်ရှိလာလျှင်ပင် ဓားကမ္ဘာက ရှင်သန်နိုင်ပါ့မလား မသိရသေးပေ။
ဓားကမ္ဘာအပါအဝင်ပင်လျှင် သူတို့ဘက်မှာ ဧကရာဇ်ဆယ်ဦးကျော်ကျော်သာလျှင်ရှိနေ၏။
တစ်ဘက်မှာတော့ ကောင်းကင်ဘုံခုံရုံး၊ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနှင့် ထိပ်တန်းကမ္ဘာကြီးတချို့က ဦးဆောင်လာပြီး သူတို့မှာ ဧကရာဇ်သုံးရာနီးပါးရှိနေ၏။
ဧကရာဇ်အထီးကျန်သိုင်းသခင်က မည်သို့ပင်ဆိုစေ လူတစ်ဦးတစ်ယောက်သာဖြစ်၏။
သူ့အနေဖြင့် ဤအဆင့်တိုက်ပွဲမှာ လူတိုင်းကို ဂရုစိုက်ပေးဖို့ မဖြစ်နိုင်ပေ။
သေချာသည့်အရာမှာ ယနေ့တိုက်ပွဲရလဒ်က မည်သို့ပင်ဆိုစေ အဲဒါက မနှိုင်းယှဉ်သာအောင် ချောက်ချားစရာကောင်းနေပေလိမ့်မည်။
“ဧကရာဇ်အထီးကျန်သိုင်းသခင်လား… အဲတော့ ဘာဖြစ်လဲ”
အမှုဆောင်တမန်တော် မီးတောက်ကောင်းကင်ဘုံ၏ အကြည့်က တောက်လောင်နေသော်လည်း သူ၏ လေသံက တစ်မူထူးခြားစွာ အေးစက်နေ၏။
“မင်းက ဒီနေ့ အချိန်မှန်ရောက်လာခဲ့တာပဲ… အထီးကျန်သိုင်းသခင် ငါတို့တွေ မင်းကို သတ်ဖြတ်ဖို့အတွက် တကူးတကလိုက်ရှာနေစရာမလိုတော့ဘူးပေါ့”
သူ့စကားမဆုံးသေးခင် အမှုဆောင်တမန်တော်မီးတောက်ကောင်းကင်ဘုံက သူ၏ သွေးချီကို လှည့်ပတ်ပြီး ချက်ချင်းပင် သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်၏။
အဲဒါသည် သူ၏ ခန္ဓာကိုယ်မှ ဆူပွက်နေသောချော်ရည်များစွာ စီးကျနေသည့် မီးတောက်နီရောင် ဟင်္သပဒါးငှက်တစ်ကောင်ဖြစ်လေသည်။
“ဂီး…”
ရုတ်တရက် အမှုတောင်တမန်တော်မီးတောက်ကောင်းကင်ဘုံက ခပ်စူးစူးအော်ဟစ်ပြီး သူ၏ ခန္ဓာကိုယ်က တုန်ခါကာ သူ့ခန္ဓာကိုယ်ကနေ အတောင်ပေါင်းထောင်ချီကျွတ်ကျလာခဲ့လေသည်။
ငှက်မွေးတစ်တောင်ချင်းစီက အလျှံညီးညီးမီးတောက်များဖြင့် လောင်ကျွမ်းနေသော မြားများကဲ့သို့ သူ၏ ဘေးပတ်လည်မှာ လှည့်ပတ်ကာ သူက သိုင်းတာအိုပင်မခန္ဓာရှိရာသို့ ပစ်ဝင်သွားလေသည်။
အမှုဆောင်တမန်တော်မီးတောက်ကောင်းကင်ဘုံက ပြေးဝင်လာသည့်ခဏမှာပင် သိုင်းတာအိုပင်မခန္ဓာက ချက်ချင်းပင် တိုက်ခိုက်လိုက်၏။
အဲဒီမှာ သဘောကျစရာကောင်းသော လက်ဟန်ချိပ်စည်းများ၊ ဂါထာများ၊ မန္တန်များ သို့မဟုတ် လက်နက်များ မပါရှိပေ။ သူက ထိုးချက်တစ်ချက်ကို ထုတ်ဖော်လိုက်ရုံသာဖြစ်၏။
ဝုန်း…
၎င်းသည် ရိုးရှင်းမှု၏ စံနမူနာဖြစ်လေသည်။ ရိုးရှင်းစွာထုတ်ဖော်လိုက်သော ထိုထိုးချက်မှာ သိုင်းတာအို၏ ဓမ္မတာအိုနှင့်စိတ်စွမ်းအားပါဝင်နေ၏။
ထိုထိုးချက် ထွက်ပေါ်လာသည့်ခဏမှာပင် ကြယ်တာရာကောင်းကင်က ချက်ချင်းပင် လဲပြိုကျပြီး ဧရာမ တွင်းနက်တစ်ခုက ပေါ်ထွက်လာ၏။
သူ၏ လက်သီးကိုဗဟိုပြုပြီး စွမ်းအားကြီးမားသော စုပ်ယူအားတစ်ခု ပစ်လွင့်ထွက်ပေါ်ကာ အမှုဆောင်တမန်တော်မီးတောက်ကောင်းကင်ဘုံ၏ ဘေးပတ်လည်ရှိငှက်မွေးတစ်သိန်းရှစ်ထောင်ကို ဆွဲယူသွင်းလိုက်လေသည်။
ဤသည်မှာ သိုင်းတာအိုပင်မခန္ဓာ၏ ဓမ္မတာအိုကနေ ဖြစ်ပေါ်လာသော ဓမ္မတာအိုဝဲကတော့တစ်ခုဖြစ်၏။
အမှုဆောင်တမန်တော်မီးတောက်ကောင်းကင်ဘုံက သူ၏ ဟန်ချက်ကိုပင် ထိန်းမထားနိုင်တော့ပေ။
သူသည် ဤကဲ့သို့ ကြောက်စရာကောင်းသည့်ထိုးချက်တစ်ချက်ကို ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။ မည်သည့်နတ်ဘုရားလက်နက်ကမှ ဤလက်သီးထိုးချက်တစ်ချက်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ငှက်မွေးတစ်သိန်းရှစ်ထောင်က သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးနှင့် မထိတွေ့ခင် သူတို့ပေါ်ရှိမီးတောက်များက ငြိမ်းသေသွားခဲ့ပြီဖြစ်၏။ ထိုထိုးချက်ကနေ ထုတ်ဖော်လိုက်သောစွမ်းအားက အရမ်းကိုတုန်လှုပ်စရာကောင်းလေသည်။
အမှုဆောင်တမန်တော်မီးတောက်ကောင်းကင်ဘုံက နောက်သို့ဆုတ်ခွာပြီး အဲဒါကို ရှောင်တိမ်းချင်၏။
သိုသော်လည်း သူသည် ချုပ်နှောင်မိသွားပြီး ထိုထိုးချက်၏ ဓမ္မတာအိုဝဲကတော့ကနေ ရုန်းမထွက်နိုင်တော့ဘူးဆိုတာကို နားလည်သိရှိသွား၏။
အမှုဆောင်တမန်တော်မီးတောက်ကောင်းကင်ဘုံက ယခုတင် အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်မည်ဟု ပေါ်ပေါ်ထင်ထင်ခြိမ်းခြောက်ထားလေသည်။ သို့သော်လည်း လူတိုင်းမတုံ့ပြန်နိုင်ခင်မှာပင် သူက အော်ဟစ်လိုက်ပြီဖြစ်၏။
“ငါ့ကို မြန်မြန်လာကူကြပါဦး။”